Chapter 62
ဖိုင်နယ်တွင် သူတို့သည် နိုင်ငံ့လေ့ကျင့်ရေးအသင်းခြောက်ဆယ်ကိုသာ အနိုင်ယူခဲ့လေ၏။
လေ့ကျင့်ရေးနေရာများသည် ပြိုင်ဆိုင်သည့် ပြည်နယ်များတွင် နှစ်တိုင်း ကျင်းပသော်လည်း တုန်းဟိုင်ပြည့်နယ်စုကိုမူ အစွန်အဖျားဖြင့်ပင် မထိခဲ့သည်မှာ ရှက်စရာကောင်းပေသည်။
အစတွင် သူတို့သည် ဖိုင်နယ်ပွဲသို့ ရောက်နိုင်မည်ဟု မမျှောင့်လင့်ထားကြသော်လည်း မထင်မှတ်ထားစွာပင် ကျင်းစစ်သည် မြင်းနက်တစ်ကောင်ကဲ့သို့ ရုတ်တရက် ထွက်ပေါ်လာလေသည်။
ဆရာများက ဘာမျှမပြောသော်လည်း သူတို့ တိတ်ဆိတ်စွာဖြင့် မျှော်လင့်နေကြသည်။ ကျင်းစစ်သာ လေ့ကျင့်ရေးအသင်းကို ဝင်နိုင်ခဲ့လျှင် ၎င်းသည် တုန်းဟိုင်ပြည်နယ်စု တစ်ခုလုံး၏ ပညာရေး အသိုင်းအဝိုင်းအတွက် ကောင်းမွန်သော ဖြစ်ရပ် ဖြစ်ပေလိမ့်မည်။
ထိုအကြောင်းပြချက်ကြောင့် ကျောင်းအုပ်ကြီးသည် ဆရာလျိုအား ကျင်းစစ်ကို မည်သည့်ကိစ္စနှင့်မျှ စိတ်အနှောက်အယှက် မဖြစ်စေရန် အထူးမှာကြားခဲ့လေသည်။ သူ့အတွက် ကျောင်းက သီးသန့် တောင်းဆိုမှုများမရှိဘဲ သူ့စိတ်ကြိုက်လုပ်ခွင့်ပေးထားလေသည်။
တကယ်လို့ သူနတ်ပြည်ကို သွားချင်ရင်တောင် သူ့အား မြင့်မြတ်သောမျောက်မင်းဆီသို့ တိုက်ရိုက်ပို့ပေးပေမည်ပင်။
(Eng T/n : သူတို့ပြောတဲ့ မြင့်မြတ်သောမျောက်မင်းက ဝူခုန်းကို ပြောတာလားမသိဘူး lol)
သူတို့ကကျင်းစစ်ကို အိုလံပစ်ပြိုင်ပွဲအတွက် ပိုကြိုးစားသည်ကိုသာ လိုချင်လေ၏။
ကျင်းစစ်ကို ဂရုတစိုက် ကြည့်လိုက်သောအခါ သူက စိတ်ကြီးဝင်နေသည်လည်းမရှိ စိတ်မြန်လက်မြန် လုပ်သည်မျိုးကိုလည်း မတွေ့ရဘဲ သူ၏ စိတ်အခြေအနေက တည်ငြိမ်နေသည်ကို တွေ့လိုက်ရလေသည်။ သူသည် သူ၏ ကိုယ်ပိုင်ခြေလှမ်းများဖြင့် အေးဆေးတည်ငြိမ်နေပြီး အပြင်ကမ္ဘာသည်လည်း သူ့အပေါ် မသက်ရောက်သလိုပင်။
ပြင်းပြင်းထန်ထန်လေ့ကျင့်ပြီး အတန်းမှထွက်ကာ အတန်းတွင်းလှုပ်ရှားမှုများတွင်လည်း ပါဝင်နေကာ သူသည် ဖိအားများအောက်မှ လူမဟုတ်သကဲ့သို့ပင်။
"အစ်ကိုစစ်"
မနက်ပိုင်း တတိယအချိန် အတန်းပြီးသွားသောအခါ လီကျိုး ရောက်လာပြီး သူ့ညာဘက်လက်ကို ကျင်းစစ်ပခုံးပေါ်တင်လိုက်ကာ မေးလိုက်သည်။
" အစ်ကို နောက်အတန်းကျရင် ဘောလုံးကစားမှာလား"
စီနီယာတန်း နှစ်တန်း၏ ကာယအတန်းများသည် တစ်ပတ်တွင် နှစ်ကြိမ်ဖြစ်ကာ တန်းခွဲ 7 သည် ကံကောင်းကာ သူတို့၏ ကာယအတန်းချိန်က မနက်ခင်းအချိန် လေးချိန်ထဲတွင် ဖြစ်သည်။
ထိုနည်းလမ်းဖြင့် သူ ကန်တင်းသို့သွားကာ အလျင်စလိုပြေးလွှား တန်းဆီကာ စောင့်ဆိုင်းရန် မလိုဘဲ ကြိုတင် စားသောက်နိုင်လေသည်။
ကျင်းစစ်သည် ပြိုင်ပွဲ မေးခွန်းဟောင်းတစ်စုံကို ဖြေဆိုပြီးချိန် ဖြစ်သောကြောင့် ခဏတာ အနားယူတော့မည်ဖြစ်သည်။ ၎င်းကိုကြားလိုက်ရသောအခါ သူသည် ကစားရန် စိတ်အားထက်သန်လာကာ ပြောလိုက်သည်။
" သွားမယ်"
လီကျိုးသည် ကိုယ်ကို ကိုင်းလိုက်ပြီး ကျင်းစစ်အနားသို့ကပ်ကာ စကားဆိုလိုက်သည်။
" ကျွန်တော်တို့ အတန်းဘေးက အတန်းကလည်း ဒီနေ့ ကာယအတန်း ရှိတယ် အရင် ကွင်းပြင်ကို သွားကြည့်ရအောင် မဟုတ်ရင် ..."
"တဆိတ်လောက်"
ယင်းကျောင်း ရုတ်တရက် မတ်တတ်ရပ်လိုက်ကာ လီကျိုး၏ ညာဘက်လက်ကို ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
" ငါ အပြင်ထွက်ချင်တယ်"
လီကျိုး၏ ကျောပြင် အေးစိမ့်သွားပြီး သူ့လက်များကို ကျင်းစစ် ပခုံးပေါ်မှ အမြန် ပြန်ရုတ်လိုက်ကာ ဘေးသို့ ခပ်မြန်မြန် ရွေ့ပေးလိုက်လေသည်။
ထို့နောက် ယင်းကျောင်းက သူ့ ဘေးဘက်မှ နှေးကွေးစွာ ထွက်သွားသည်ကို တွေ့လိုက်ရလေ၏။
လီကျိုး : "..."
လီကျိုးက ရုတ်တရက် နားလည်သွားသည်။ ယင်းကျောင်းနှင့် ကျင်းစစ်၏ အတန်းများက အလယ်တွင် ဖြစ်ကာ နှစ်ဘက်လုံးတွင် လျှောက်လမ်းများ ရှိကာ ယင်းကျောင်းသာ အပြင်ထွက်ချင်လျှင် သူ့အားဖယ်ခိုင်းရန် မလိုဘဲ အနားမှ လျှောက်ထွက်သွားနိုင်လေသည်။
လီကျိုးသည်လည်း ငတုံးမဟုတ်ပေ။ သူ ကျင်းစစ်နှင့် ရင်းနှီးသောကြောင့် ယင်းကျောင်း၏ ကျင်းစစ်အပေါ် အပြုအမူများမှာ အနည်းငယ် လွဲမှားနေမှန်းသိလေသည်။
ထိုအခိုက်အတန့်တွင် သူ ထိုအကြောင်းကို တွေးနေလိုက်ပြီး ၎င်းသည် ယင်းကျောင်းမှ သူ့အား မကျေနပ်သောကြောင့်ဖြစ်ကြောင်း ချက်ချင်း နားလည်လိုက်သည်။
လီကျိုးက လျှောက်လမ်းတွင် ဖရိုဖရဲ မတ်တတ်ရပ်လိုက်ပြီး သူ၏ နှလုံးသားထဲတွင် မျက်ရည်များ စီးကျလာလေသည်။
အခုခေတ်မှာ ယောင်္ကျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်က တစ်ယောက်လက်ကိုတစ်ယောက်ကိုင်တာက သင့်တော်ခြင်း ရှိမရှိ အရေးမကြီးတော့ပေမဲ့ ယောင်္ကျားချင်းကတော့ အဲ့ဒီစည်းမျဥ်းကို လိုက်နာသင့်တယ်မလား...
ဘယ်မှာလဲ တို့တွေအတွက် တရားမျှတမှု !
"လီကျိုး" ကျင်းစစ်က သူ့ကို သံသယရှိစွာ ကြည့်လိုက်လေသည်။
" မင်းဘာဖြစ်လို့လဲ"
"အဆင်ပြေပါတယ်"
လီကျိုး သူ့မျက်နှာကို ပွတ်သုတ်လိုက်ကာ ကျင်းစစ် အနားမှ ခြေတစ်လှမ်းစာ ခွာလိုက်ပြီး ပြောလိုက်၏။
"သွားရအောင်"
အတန်း စပြီးသည်မှာ ဆယ်မိနစ်ကြာသွားပြီး လူအနည်းငယ်သာ ဘတ်စကတ် ဘောကွင်းထဲတွင် ဘတ်စကတ်ဘော ကစားနေကြလေသည်။
ထို့အပြင် ကျင်းစစ်နှင့် လီကျိုး ဖြတ်သွားသောအခါ ဘတ်စကတ်ဘောကွင်းထဲမှ တိုင်လေးတိုင်တွင် ကစားမည့်သူ မရှိပေ။
လီကျိုးသည် ကျင်းစစ်ဘက်သို့လှည့်ကာ မေးလိုက်သည်။
" ဘယ်ဘက်က ကွင်းထဲမှာ ကစားကြမလား"
ကျင်းစစ်သည် ငြင်းရန် မလိုသောကြာင့် ဘတ်စကတ်ဘောကို ပုတ်လိုက်ပြီး ပြောလိုက်သည်။
" အိုကေ"
လူနှစ်ယောက် ဘတ်စကတ်ဘောကွင်းထဲတွင် ရပ်နေလိုက်ကာ ကျန်နေသော အတန်းဖော်များ ရောက်လာမည်ကို စောင့်ရင်း ဘတ်စကတ်ဘောကစားနေကြသည်။
သို့သော် အခြားအတန်းဖော်များ ရောက်မလာဘဲ ထိုအစား အသင်းတစ်သင်းသာ ကစားရန် ရောက်လာကြသည်ကို တွေ့လိုက်ရလေသည်။
၎င်းအဖွဲ့ထဲမှ တစ်ဦးချင်းစီသည် ရှည်လျားတောင့်တင်းကာ ခြေတံလက်တံများ ကျစ်လစ်နေပြီး ခြိမ်းခြောက်နေသည့်ဟန် ဖြစ်နေ၏။
လီကျိုးက ဘတ်စကတ်ဘောကို ခြင်းထဲသို့ ပစ်ထည့်လိုက်ပြီး ကျင်းစစ်ကို တိုးတိုးလေး ပြောလိုက်သည်။
" သူတို့ကအထက်တန်းကျောင်းက အားကစားသမားတွေ ဖြစ်မယ် ပြောကြတာတော့ ဒီနှစ် ကျွန်တော်တို့ကျောင်းက ရေကူးနဲ့ ဓါးရေးပြ အထူးပြုထားတဲ့ လူသစ်တွေကို ခေါ်ယူထားတယ်တဲ့"
ကျင်းစစ်သည် ခေါင်းငြိမ့်ပြလိုက်ပြီး စိတ်မဝင်စားဘဲ လီကျိုးနှင့်သာ တစ်ဦးချင်း ယှဥ်ပြိုင်ကာ ကစားနေလိုက်သည်။
သို့သော်လည်း သူတို့က ပြသနာကို မရှာပေမဲ့ ပြသနာက သူတို့ကို လာရှာလေသည်။
ဘတ်စကတ်ဘောကွင်းတိုင်က လေးတိုင်သာ ရှိပြီး အသင်းနှစ်သင်းသည်သာ လူအပြည့်ဖြင့် ကစားနိုင်လေသည်။ အထူးပါရမီရှင်များက သေချာစီစဥ်ခဲ့တာဖြစ်လောက်သည်။ သူတိုက လူစုခွဲသွားပြီး အဖွဲ့နှစ်ဖွဲ့သည် ကွင်းပြင်ကို ရှာတွေ့သွားကြ၏။ သို့သော် သူတို့သည် အခြားသူတို့ ကွင်းပြင်သို့ အရင်ရောက်နေမည်ကို မမျှော်လင့်ထားကြပေ။
ခေါင်းဆောင်က အနီးအနားတစ်ဝိုက်ကို ကြည့်လိုက်ပြီး ထိုကွင်းပြင်တွင် လူနှစ်ယောက်သာ ရှိပြီး လီကျိုးနှင့် ကျင်းစစ်တို့ နှစ်ယောက်လုံးသည် ပိန်ပါးကာ စာဂျပိုး ရုပ်များဖြစ်ပြီး ကြောက်စရာမကောင်းပေ။ သူသည် ထိုနေရာသို့ တိုက်ရိုက် လျှောက်သွားလိုက်ပြီး ဘတ်စကတ်ဘောကွင်းတိုင်ကို မှီလိုက်ကာ ပြောလိုက်သည်။
" ငါတို့ ညှိနှိုင်းလို့ ရမလား ငါတို့ လူတွေအတွက် ဖယ်ပေးနိုင်မလား"
ကျင်းစစ် ဘတ်စကတ်ဘောကို လက်ထဲတွင် ကိုင်ထားလိုက်ကာ အေးအေးဆေးဆေး ပြောလိုက်သည်။
" တဆိတ်လောက်ပါ ငါတို့လည်း ကစားချင်တယ်လေ"
အသင်းခေါင်းဆောင်သည် ကျင်းစစ်ကို အပေါ်အောက် ငုံ့ကြည့်လိုက်ကာ သရော်လိုက်၏။
" မင်းရဲ့ အရပ်နဲ့ ... မေ့လိုက်စမ်းပါ ငါမင်းတို့ကို ထွက်သွားလို့ ပြောပြီးပြီနော်"
"ငါတို့ အရင်လာခဲ့တာ မလား"
လီကျိုးသည် စိတ်တိုတတ်သောကြောင့် ဘတ်စကတ်ဘောကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ကာ ဒေါသတကြီးပြောလိုက်သည်။
" ဘတ်စကတ်ဘောကွင်းတိုင်က မင်းတို့ ကစားဖို့ သုံးခုတောင် ကျန်သေးတယ်မလား"
"မင်း ဘယ်လိုတောင် ပြောလိုက်တာလဲ"
အသင်းခေါင်းဆောင်သည် လီကျိုးကို တွန်းလိုက်ကာ ဘဝင်ခိုက်စွာ ပြောလိုက်လေသည်။
" မင်းတို့ ထွက်သွားလိုက်တော့ ဘာဖြစ်မှာမို့လို့လဲ မကျေနပ်ဖူးလား"
ကျင်းစစ်သည် လီကျိုးကို သူ့နောက်ဘက်သို့ ဆွဲခေါ်လိုက်ကာ ဂရုမစိုက်သလိုပင် အေးစက်စွာ ပြောလိုက်သည်။
" ငါတို့က ဘာလို့ ထွက်သွားရမှာလဲ?"
"ဘာလို့လဲ တဲ့လား"
သူ၏ နောက်ဘက်မှ ရယ်သံ ထွက်ပေါ်လာပြီး ကျင်းစစ်လှည့်ကြည့်လိုက်သောအခါ အထူး အားကစားသမား တစ်ဦးသည် ဘတ်စကတ်ဘောကို လက်ထဲတွင် နှစ်ကြိမ်တိုင်လှည့်နေကာ ကျင်းစစ် ထံသို့ ပစ်ပေါက်လိုက်လေသည်။
ကျင်းစစ် သူ့ခေါင်းကို လျှင်မြန်စွာ ယိမ်းကာ ရှောင်လိုက်သော်လည်း သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးသည် နီးကပ်လွန်း၏။ အဆုံးတွင် ဘတ်စကတ်ဘောလုံးသည် လေထဲမှ ပျံသန်းလာကာ သူ့ဦးခေါင်းကို ထိမှန်သွားကာ သူ့ကိုပူစပ်စပ်နာကျင်မှုကို ခံစားရစေသည်။
ကျင်းစစ် သူ့ခေါင်းကို ထိလိုက်ပြီး ရုတ်တရက် သူ့ခေါင်းကို မော့ကာ အားကစားသမား ကျောင်းသားကို မော့ကြည့်လိုက်လေသည်။
" မင်းငါ့ခေါင်းကို ရိုက်လိုက်တယ်"
အထူး အားကစားသမား ကျောင်းသားက သူ့အကြည့်ကြောင့် ရန်စခံလိုက်ရသလို ဖြစ်သွားကာ ရှေ့သို့ ခြေနှစ်လှမ်း တိုးကာ ပြောလိုက်လေသည်။
" ဟေး နေစမ်းပါဦး မင်းကဘယ်သူ့ကို လာစိုက်ကြည့်နေတာလဲ မင်းခေါင်းကို ရိုက်တော့ ဘာဖြစ်လဲ"
ကျင်းစစ် သူ့ကို အေးတိအေးစက် ကြည့်နေလိုက်ပြီး ခြေနှစ်လှမ်း နောက်ဆုတ်ကာ ဘတ်စကတ်ဘောကို ကောက်လိုက်ပြီး အားကစားသမားကျောင်းသား ဆီသို့ လျှောက်သွားလိုက်သည်။
အားကစားသမား ကျောင်းသားသည် ၎င်းကို မြင်လိုက်ရသောအခါ ပြုံးလိုက်ပြီး အထင်သေးသလို ပြောလိုက်သည်။
"ဘာလို့လဲ မင်းက ငါနဲ့ တိုက်ခိုက်ချင်လို့လား..."
သူ၏ စကားမဆုံးခင် ပြင်းထန်သော အားတစ်ခုသည် အနောက်ဘက်မှ ရိုက်ခတ်လာကာ ယိမ်းယိုင်သွားပြီး မြေပြင်ပေါ်သို့ ဒူးထောက်ရက်သား ပြုတ်ကျသွားသည်။
ယင်းကျောင်း၏ မျက်လုံးများသည် အေးစက်ကြောက်ရွံ့ဖွယ် ကောင်းနေကာ သူ့မျက်နှာပေါ်တွင် ရက်စက်သောအမူအရာနှင့် လျှောက်လာသည်။
သူသည် အားကစားသမား ကျောင်းသားကို ဆံပင်မှ ကိုင်ကာ မြေပြင်ပေါ်တွင် တရွတ်တိုက် ဆွဲသွားလေသည်။ ကျောင်းသား၏ မျက်နှာသည် ယင်းကျောင်းကြောင့် နာကျင် မဲ့ရွဲ့သွားပြီး သူ့မျက်လုံးများသည် မထိန်နိုင်စွာ ကျဥ်းမြောင်းသွားကာ သူ့ကို ရိုက်သည့် သူအား မမြင်နိုင်ခင် သူ၏ ဝမ်းဗိုက်ဆီသို့ လက်သီးတစ်ချက်ဖြင့် အထိုးခံလိုက်ရ၏။
"အိုး..."
အားကစားသမား ကျောင်းသား၏ ခန္ဓာကိုယ်သည် ပြင်းပြင်းထန်ထန် ငုံ့ကိုင်းကျသွားပြီး သူ့ဗိုက်ထဲမှ အက်စစ်ရည်များသည် ချက်ချင်း ပြောင်းဆန်သွားလေသည်။
ယင်းကျောင်းကသူ့ကို လွှတ်ချလိုက်ပြီး ထိုလူအား မြေပြင်ပေါ်တွင် ထပ်ကာထပ်ကာ ခြေထောက်ဖြင့် ကန်နေကာ သူ့မျက်နှာပေါ်သို့ ခြေဖဝါးဖြင့် ရိုက်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
" မင်း သူ့ကို ထပ်ပြီး နေရာဖယ်ပေးရအောင် လုပ်ရဲသေးလား"
-----------------------
ကျင်းစစ် ဘတ်စကတ်ဘော သွားကစားတော့မည်ကို ကြားသောအခါ ယင်းကျောင်းသည် ဟယ့်ကျိုးနှင့် လူတစ်ချို့ကို ခေါ်ကာ ရေသန့်ဘူးများ သွားဝယ်လေသည်။
ထိုဆိုင်ငယ်လေးက ဘတ်စကတ်ဘောကွင်းနှင့် အနည်းငယ် ဝေးပြီး အတန်းပြီးချိန် ဖြစ်နေသောကြောင့် ရောက်ရှိနေသူ အများအပြားပင်။ ယင်းကျောင်း ကစားကွင်းသို့ သွားရန် အချိန်အတော်ယူလိုက်ရ၏။
သူသောက်ထားသော ကုတ်ဘူးကို ဘယ်လက်ထဲတွင် ကိုင်ထားပြီး ကျင်းစစ်အတွက် သောက်စရာဘူးကို ညာလက်တွင် ကိုင်ထားလေသည်။ ထို့နောက် ဘတ်စကတ်ဘောကွင်းထဲသို့ ကော့တက်နေသော နှုတ်ခမ်းများဖြင့် ဝင်သွားလိုက်သည်။
ကျင်းစစ်ကို မည်သို့စနောက်ရမည်ကို တွေးနေခြင်းဖြစ်ပြီး သူမော့ကြည့်လိုက်ချိန်တွင် လူတစ်ယောက်သည် ကျင်းစစ်၏ ခေါင်းကို ဘောလုံးဖြင့် ပစ်ပေါက်နေလေသည်။
ယင်းကျောင်းသည် ရေဘူးကို ပစ်ချလိုက်ပြီး ဒေါသကြီးစွာဖြင့် အလျင်အမြန် ပြေးသွားလိုက်သည်။
သိပ်မတည့်သော လူနှစ်ယောက် ဖြစ်နေလျှင်တောင် ကျင်းစစ်သည် ခေါင်းကို ဘတ်စကတ်ဘောဖြင့် ရိုက်ခြင်းအားမပြောလေနှင့်။ သူ၏ခေါင်းကိုပင် ထိခွင့်မပေးပေ။
ယင်းကျောင်းက တစ်ဖက်ကျောင်းသား၏ ခေါင်းကို ပြင်းထန်ရက်စက်စွာ ကန်လိုက်ပြီး သူ၏ ခေါင်းကို လက်တစ်ဖက်ထဲဖြင့် ဆွဲမြှောက်လိုက်ကာ သူ၏ ခန္ဓာကိုယ်ကို လက်သီးများဖြင့် တစ်ချက်ပြီးတစ်ချက် ထိုးကျိတ်တော့သည်။
" မင်းက စောက်ရမ်းသေချင်နေတာပဲ"
အရပ်ရှည်သော အားကစားသမားသည် ယင်းကျောင်း၏ လက်ထဲတွင် သဲအိတ် သကဲ့သို့ ဖြစ်နေကာ သူသည် ပြန်လည်၍ပင် မခုခံနိုင်အောင် အရိုက်ခံနေရသည်။ သူ၏ ခေါင်းကို ကိုင်ထားကာ သနားညှာတာပေးရန် ညည်းညူတောင်းပန်နေရသည်။
" တော်ပါတော့ ရပ်ပါတော့"
ယင်းကျောင်းက နားမကြားသည့်လူ ကဲ့သို့ပင်။
သူ၏ မျက်နှာသည် အေးစက်နေကာ သူ၏ အပြုအမူများသည် ညှာတာမှုမရှိသော စိတ်တိုနေသည့် သားရဲကောင်ကြီး ကဲ့သို့ ဖြစ်နေ၏။
အားကစားကျောင်းသားများသည် အစပိုင်းတွင် မတုံ့ပြန်နိုင်သော်လည်း သူတို့၏ သူငယ်ချင်းအရိုက်ခံနေရသည်ကို သိသွားသောအခါ သူတို့ အင်္ကျီလက်များကို လိပ်တင်လိုက်လေသည်။
သူတို့ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် သူတို့သည် လူအချို့၏ ပိတ်ပင် တားဆီးခြင်းကို ခံလိုက်ရသည်။
"ဟုတ်လား" ဟယ့်ကျိုးက လှောင်ရယ်လိုက်သည်။
" ငါတို့ တန်းခွဲ 7 ကလူကို အနိုင်ကျင့်ရဲတယ်ပေါ့လေ"
ထိုအချိန်တွင် တန်းခွဲ 7 မှ ကျောင်းသားများ ရောက်လာကြပြီး ကျင်းစစ်၏ ခေါင်းကို အရိုက်ခံလိုက်ရကြောင်း လီကျိုးမှ ပြောပြလိုက်သောအခါ သူတို့ချက်ချင်း စိတ်တိုသွားကြသည်။
လူအနည်းငယ်က သူတို့ကို ထပ်ခေါ်ရန် မလိုဘဲ သူတို့သည် သတိရှိစွာဖြင့် ဝိုင်းဖွဲ့လိုက်လေ၏။
လူ 30 ထက်မနည်းသော လူများက တစ်ဒါဇင်ထက်ပိုသော အားကစားသမားကျောင်းသားများကို တားဆီးထားပြီး သူတို့၏ စိတ်တိုနေသော မျက်လုံးများသည် ၎င်းကျောင်းသားများပေါ်သို့ ကျရောက်နေပြီး ၎င်းအကြည့်များသည် သေစေနိုင်လောက်သည်။
သူတို့ စာမဖတ်နိုင်ပေမဲ့ တိုက်ခိုက်ရာတွင်တော့ သူတို့သည် ကြောက်ရွံ့မနေပေ။
သေစမ်း! ကျင်းစစ်ကြောင့် တန်းခွဲ 7 က တိုးတက်လာတာကို ကျင်းစစ်ကို သူတို့မျက်စိအောက်မှာတင် လာပြီး အနိုင်ကျင့်ရဲတယ် သူတို့က ဘယ်သူကို လာပြီး အထင်သေးနေတာလဲ...
ယောင်ဆိုသော အားကစားသမားကျောင်းသားသည် တိုက်ခိုက်ရာတွင် ပါတတ်သောကျောင်းသားဖြစ်ပြီး ထိုကဲ့သို့သော တိုက်ခိုက်ခြင်းမျိုးကိုမူ မတွေ့ဖူးပေ။
မင်းလည်းငါ့ကိုကြည့်နေ ငါလည်းမင်းကို ကြည့်နေမယ် ဒါပေမဲ့ စပြီး လှုပ်ရှားရဲရင် လှုပ်ရှားကြည့်လိုက်...
ခေါင်းဆောင်သည် ခြောက်ကပ်နေသော အပြုံးဖြင့် ပြောလာသည်။
" သူငယ်ချင်း မင်းနာမည်ကို မေးလို့ ရမလား"
နာမည်ကို မေးတယ်...ဟုတ်စ...
ဟယ့်ကျိုးသည် နှာမှုတ်လိုက်ကာ လျစ်လျူရှုလိုက်လေသည်။ ထို စီနီယာတန်းများသည် သူတို့အတူကစားနေကြသည်ဟု ထင်နေလေသည်။
မင်းနာမည်ကို ပြောရင် မင်းတော့သွားပြီ..
ဖန်ချန်းချန်းသည် ရှေ့တိုး တစ်လှမ်းတိုးလိုက်ပြီး သူ၏ မျက်လုံးများသည် ထိုလူ၏ ခြေထောက်များပေါ် ကြည့်လိုက်ကာ ဘယ်ဘက်ကို အရင်ချိုးပစ်ရမလား ညာဘက်ကို အရင်ချိုးပစ်ရမလား တွေးနေလေသည်။
ကျန့်ချွယ် ထိုလူကို ကြည့်လိုက်ပြီး အရိုက်ခံနေရသော လူကို ကြည့်လိုက်ကာ လှောင်ရယ်လိုက်သည်။
" မင်းကဘာဖြစ်ချင်တာလဲ အစ်ကိုကျောင်းကို ဖယ်ပေးစေချင်လို့လား"
"အကိုကျောင်း"
ဟူသော နာမည်ကို တန်းခွဲ 7 မှ ကျန့်ချွယ်ပြောသည်အား ကြားလိုက်ရသောအခါ ထိုအားကစားသမား ကျောင်းသား၏ မျက်စံအိမ်များသည် ရုတ်တရက် ကြုံ့သွားလေသည်။
သူတို့သည် ကျန့်ချွယ်ခေါ်သော အစ်ကိုကျောင်း ကိုမသိပေမဲ့ ယင်းကျောင်းဆိုသော နာမည်ကိုတော့ သိလေသည်။
တစ်ဒါဇင်ထက်များသော ကျောင်းသားများသည် ရုတ်တရက် ရှေ့သို့ကြည့်လိုက်မိချိန် ယင်းကျောင်းသည် ခေါင်းမော့လိုက်ချိန်နှင့် ဆုံသောအခါ ချက်ချင်း မှတ်မိနိုင်ဖွယ် ရှိသော မျက်နှာကို အားကစားသမား ကျောင်းသားများ ရှေ့တွင် ချက်ချင်း ထုတ်ဖော်ပြသခံလိုက်ရလေ၏။
တိုင်ခိုက်ရန် အသင့်ဖြစ်နေသော အားကစားသမား ကျောင်းသားများ ချက်ချင်း ကြက်သေသေသွားပြီး ကြောက်ရွံ့စွာ တံတွေးမျိုချလိုက်ကာ နောက်ဆုတ်လိုက်ကြသည်။