အပိုင်း(၄၇)
"မင်း အန္တာရာယ်တောထဲကို ကျရောက်နေခဲ့ရင်တော့ မင်းက အသက်ရှင်ဖို့ တိုက်ခိုက်ရလိမ့်မယ်" ဆိုတဲ့ပြောစကားရှိသည်. လင်ရှန်း သူမကိုယ်တိုင်လဲ ဒီလိုအခြေအနေမျိုးထဲမှာ ရောက်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ တွေးမထားမိခဲ့ပေ။
လိန်ဖန်ပြောတာတွေက အမှန်တွေကြီးပါပဲ. သူမဘဝကို လွတ်လပ်စွာနေထိုင်နိုင်ဖို့ အကောင်းဆုံးအဖြေကတော့ အားလုံးအတွက်နဲ့ စုန့်လောင်ကို ဦးဆုံး ရှင်းထုတ်ပစ်မှဘဲ ရလိမ့်မှာပဲ. ဒါပေမယ့် မေးရမယ့်မေးခွန်းကတော့- စုန့်လောင်သေသွားတယ်လို့ အခြားလူတွေ ထင်သွားနိုင်အောင် ဘယ်လိုပရိယာယ်ဆိုရင်ဖြစ်နိုင်လိမ့်မလဲ။
သူတို့နှစ်ယောက်လုံးရဲ့ ဖြတ်ထိုးဉာဏ်ဖြင့်စဉ်းစားရလာတဲ့ အဆုံးသတ်အဖြေကတော့ လင်ရှန်း လူတစ်ယောက်ကို တွေးလိုက်မိတယ်။
တကယ်လို့ သူတို့ကို ကူညီပေးနိုင်မယ့် လူတစ်ယောက်ရှိမယ်ဆိုရင်တော့ အဲဒီလူက စုန့်လောင်ရဲ့အကိုကြီးဖြစ်တဲ့ လင်းဖန်ပဲ ဖြစ်နိုင်လိမ့်မည်။
စုန့်လင်းဖန်ရဲ့နောက်ခံပုံရိပ်က စုန့်မိသားစုအိမ်တော်ရဲ့အကြီးဆုံးသားတစ်ယောက်တင် မဟုတ်ပါဘူး. သူက ယခုနန်းဆက်ရဲ့အတော်ဆုံးစစ်သူကြီးတစ်ယောက်ဖြစ်တဲ့ ယန်ဆွေ့ရဲ့ သမက်တစ်ယောက်လဲ ဖြစ်လေသည်။
ယန်ဆွေ့ရဲ့တစ်ခုတည်းသော အကြီးမားဆုံးနောင်တရစရာက သူ့မှာ သားတစ်ယောက်မှ မရှိခဲ့တာပဲ ဖြစ်တယ်. ကံကောင်းစွာဘဲ သူ့သမီးဖြစ်သူ ယန်ဘိုင်ယွမ်က ယောက်ျားကောင်းတစ်ယောက်ကို ရှာတွေ့ခဲ့သည်။
စုန့်လင်းဖန်က ဖြောင့်မတ်မှန်ကန်ပြီး အဘက်ဘက်ကပြီးပြည့်စုံသူတစ်ယောက်ပင်. ယန်ဆွေ့က သူ့သမက်နှင့်ပတ်သတ်ပြီး အလွန်ပင်ကျေနပ်အားရလျက်ရှိနေပြီး လင်းဖန်ကို သူ့သားအရင်းတစ်ယောက်လိုမျိုး သဘောထားဆက်ဆံခဲ့သည်. သူက လင်းဖန်ရဲ့လက်အောက်တွင် စစ်သည်တော်တစ်သောင်းတောင်မှ ထားရှိစေကာ အုပ်ချုပ်စေခဲ့သည်။
လင်းဖန်က ကူညီပေးဖို့ ဆန္ဒရှိနေသရွေ့ကတော့ စုန့်လောင်ကို ပျောက်ကွယ်သွားအောင်လုပ်လိုက်ဖို့က ပိုပြီးတော့လွယ်ကူတဲ့အရာတစ်ခု ဖြစ်နိုင်မှာပင်။
လင်ရှန်းအတွက်တော့ သူတို့နှစ်ယောက် လျင်မြန်စွာနဲ့ပင် စစ်စခန်းကို လှည့်ပြန်လိုက်နိုင်သရွေ့ကတော့ သူမရဲ့မိန်းခလေးသရုပ်အမှန်ကို ပြန်လည်ရရှိဖို့က မကြာခင်မှာပဲ ဖြစ်လာနိုင်ဖို့ရှိသည်လို့ ယူဆရမှာပဲဖြစ်ပေသည်. လင်ရှန်းက အစီစဉ်ချလိုက်ရုံဖြင့် လင်းဖန်ကိုရှာရန် ညသန်းခေါင်ကြီးထဲတွင် လိန်ဖန်က နန်းမြို့တော်သို့ ပြန်ခြေဦးလှည့်လိုက်လေတယ်။
°°°°°°°°°
လက်ရှိလောလောဆယ်တွင်တော့ စုန့်လင်းဖန်က သူ့ညီမဖြစ်သူ ပျောက်ဆုံးသွားမှုကြောင့် စိုးရိမ်ပူပန်နေရရှာသည်။
ပြန်တွေးကြည့်မယ်ဆိုရင် အင်ပါရာဘုရင်ကြီးက မင်းသမီးနှင့်
လင်ရှန်းကို လက်ထပ်ဖို့ အမိန့်တော်ချမှတ်သည့်အချိန်တုန်းက လူတိုင်းက ထိတ်ထိတ်ပျာပျာဖြစ်သွားခဲ့ကြသည်. ထိုအချိန်တုန်းက သူက ကုန်သည်စီးပွားရေးကိစ္စခရီးစဉ်တစ်ခုဖြင့် အဝေးကိုရောက်နေခဲ့ပြီး အရေးပေါ်ဖြေရှင်းနိုင်ဖို့ရန်ကို ပြန်လာဖို့မတတ်နိုင်ခဲ့ပေ။
ကံကောင်းထောက်မစွာဘဲ သူ့ညီမငယ်က ထက်ထက်မြက်မြက်နဲ့ တော်တော်လေးကံကောင်းနေခဲ့ကာ သူမက နန်းတော်ထဲတွင် လတော်တော်ကြာသည်အထိ သူမကိုယ်သူမ ဖော်ထုတ်မခံရဘဲ အသက်ရှင်နေထိုင်ရန် ကိုင်တွယ်ထားနိုင်ခဲ့တာဖြစ်သည်။
သို့သော်လည်း နောက်ဆုံးတွင်တော့ မီးကို စက္ကူနဲ့ထုတ်ထားလို့မရနိုင်တော့ပေ. နောက်ဆုံးတော့လဲ လင်ရှန်းက ထုတ်ဖော်ခံရလိုက်တာပါပဲ. ထို့ကြောင့် လင်းဖန်က လင်ရှန်းကို နန်းတော်ထဲမှခေါ်ထုတ်သွားနိုင်ရန် တိတ်တဆိတ် စီစဉ်ထားခဲ့သည်. ဒါပေမယ့် သူ လုံးဝမထင်ထားခဲ့တာက လင်ရှန်းက ဒီလိုမျိုးအတိမ်းအစောင်းမခံတဲ့အခိုက်မှာမှ ပြန်ပေးဆွဲခံလိုက်ရတာပဲ။
အခုတော့ သူမလုံခြုံရေးကို သူစိုးရိမ်ပူပန်နေရရုံသာမကဘူး သူ့မှာ လျို့ဝှက်ချက်ဖော်ထုတ်ခံရမှာကို ပိုပြီးတော့တောင် ရတတ်မအေးနိုင်ဖြစ်နေရရှာသည်။
နန်းတော်ထဲက လျို့ဝှက်အထောက်တော်တွေက သတင်းဖော်ထုတ်ရာတွင် အလွန်ပင်စွမ်းဆောင်နိုင်ကြသည်. တကယ်လို့ သူတို့က သူမတည်ရှိတဲ့နေရာကို ဆက်စပ်မိပြီး တစ်ခုခုကိုရှာတွေ့လို့သွားခဲ့ရင်တော့ ဖြစ်လာနိုင်မယ့်အကျိုးဆက်တွေက မှန်းထားလို့မရနိုင်အောင်ဖြစ်နေမှာပဲ. ဒီလိုမျိုးတွေဖြစ်ပျက်သွားဖို့အခွင့်ရေး အနည်းဆုံးဖြစ်အောင်လို့ လင်းဖန်က စစ်သည်တော်အချို့ကို အသုံးပြုပြီးတော့ စုန့်လောင်ရဲ့တည်နေရာကိုရှာဖို့ တာဝန်ချထားခဲ့ရသည်. တကယ့်အဖြစ်မှန်မှာတော့ လျို့ဝှက်အထောက်တော်တွေထက်အရင် လင်ရှန်းကို ရှာတွေ့ဖို့ပဲ သူ မျှော်လင့်နေရတော့သည်ပဲ။
အခုဆိုရင် တစ်လနီးပါးလောက်တောင်ရှိသွားခဲ့ပြန်ပြီ သူ့ရဲ့လူတွေက နန်းမြို့တော်တစ်ခုလုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားအောင်ကို လှန်လှောမွှေနှောက်ရှာပြီးသွားခဲ့ပြီးပြီ. စုန့်လောင်နဲ့ပတ်သတ်တဲ့ဘာသတင်းတစ်ခုကို မရရှိသေးပေ. သူ့မိဘနှစ်ပါးခမျှာမှာလဲ အလွန်အမင်း စိုးရိမ်ပူပမ်ရလွန်းလို့ပင် နေထိုင်မကောင်းဖြစ်နေကြလေပြီ။ နန်းတော်ထဲကနေလည်း ဘာတိကျတဲ့ရလဒ်မှ ရမလာသေးပေ. ရှေ့ဖြစ်ဟောဆရာတစ်ယောက်ဆီကို သွားမေးလုနီးပါး အခြေအနေရောက်တော့မယ့်အထိကိုပင် လင်းဖန် အလွန်ပင်မျှော်လင့်ချက်မဲ့နေခဲ့ရသည်။
ရှေ့ဖြစ်ဟောဆရာတစ်ယောက်ကို သူသတင်းသွားမေးကြည့်ရန် ထင်မှတ်လိုက်ရပြီးသည့်အခါတွင်တော့ သူ့ရဲ့ကယ်တင်ရှင်ဖြစ်တဲ့သူက ရောက်ရှိလို့လာခဲ့သည်. လိန်ဖန်ကိုင်ထားတဲ့ သူ၏လက်ထဲက ဓားမြောင်ကြောင့် လင်းဖန်တစ်ယောက် ချက်ချင်းပင်သဘောပေါက်လိုက်သည်. ဓားမြောင်တိုက လင်ရှန်း ထိခိုက်ဒဏ်ရာရတဲ့ညကဘဲ သူ့ညီမဖြစ်သူခိုးသွားတဲ့ပစ္စည်းပင်ဖြစ်ပေသည်။
ကြည့်ရတာကတော့ ဒီကလေကချေမလေးတော့ ဝံပုလွေတွေအစားမခံရသေးတဲ့ပုံပဲ. သက်သာရာရတဲ့ သက်ပြင်းရှည်တစ်ချက် သူ ချလိုက်ခဲ့သည်. သို့ပေသော်လည်း သူ သတိတော့ထားရပေဦးမည်။
"အရာရှိလိန်က ဘာကိုပြောဖို့ကြိုးစားနေတာလဲ။ ကျုပ်တော့ တော်တော်လေး ရှုပ်ထွေးနေရပြီ" လင်းဖန်က ရှုးချင်ယောင်ဆောင်လိုက်တယ်။
စုန့်လင်းဖန်ရဲ့တုံ့ပြန်မှုကို မြင်လိုက်ရပြီး လိန်ဖန်က မစိုးရိမ်တော့ဘဲ- "အစ်ကိုစုန့်ရဲ့သံသယကို ကျွန်တော်နားလည်ပါတယ်၊ ကျွန်တော် ခင်ဗျားကို ပစ္စည်းတစ်ခုကို ပြပေးပါ့ဦးမယ်" ပြီးနောက် လိန်ဖန်က စာတစ်စောင်ကိုပါ ထုတ်ယူလိုက်သည်။
စုန့်လင်းဖန် စာကိုမြင်လိုက်ရုံနဲ့ပင် သူ့မျက်နှာက တောင့်တောင့်ကြီးဖြစ်သွားတော့သည်. စာထဲမှာတော့ ကဏန်းတစ်ကောင်ကိုလိုမျိုးဘေးတိုက် ရေးသားထားကို သူတွေ့လိုက်ရပြီး စာလုံးအကုန်လုံးကလည်း စောင်းပြီးတော့ကွေးကောက်လို့နေသည်. "ကိုကြီး၊ တကယ်လို့ ညီမလေးသေတာကို ကိုကြီး မြင်ချင်ရင်တော့ အစ်ကိုကြီးက ယောင်းမအတွက်ဆိုပြီး ကျန်းနန်ကနေ ယူလာပေးတဲ့ မျက်နှာချေက တကယ်တော့ ညီမလေး ရှောင်လုကို လမ်းထောင့်တစ်ခုကနေ ဝယ်လာခိုင်းတဲ့ မျက်နှာချေဆိုတာကို ညီမလေး ယောင်းမကို သွားပြောပြရလိမ့်မှာပဲ!" စာအပြင်ကို အလွန်ကိုရုပ်ဆိုးလွန်းလှတဲ့ လိပ်တစ်ကောင်ပုံကိုပါ ဆွဲထားလိုက်ပါသေးတယ်။
"ခင်ဗျား ဘယ်လိုထင်လဲ။ ဒါ က သူမရဲ့ကိုယ်ပိုင်စာရေးနည်းပဲ မဟုတ်လား" လိန်ဖန်က မေးလိုက်သည်။
စုန့်လင်းဖန်ရဲ့ပါးစပ်က တွန့်ကွေးလို့သွားကာ- "......အမ်း..နောက်တစ်ခါ...သူ့ကို အရုပ်ကို ပိုကောင်းကောင်းဆွဲဖို့ ပြောလိုက်"
"တကယ်တော့ ဒီပုံက သူမရဲ့ တတိယမြောက်လက်ရာပဲ......"
အမျိုးသားနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး သက်ပြင်း ပြိုင်တူပင် ချမိလိုက်ကြတော့သည်။
°°°°°°°°°
လိန်ဖန်နှင့် လင်းဖန်တို့က အစီစဉ်တစ်ခုလုပ်ဆောင်နေကြစဉ်တွင်တော့ စစ်စခန်းထဲတွင်တော့ လင်ရှန်းတစ်ယောက် အလွန်တရာပင် စိတ်သောကရောက်ရှာလို့နေရသည်။
အကူအညီတောင်းခံဖို့အတွက် သူမအကို ကိုသွားရှာဖို့ လိန်ဖန်သွားလိုက်တယ်ဆိုတာ သူမသိပါတယ်. ဒါပေမယ့် နှစ်ရက်တောင်ရှိသွားပြီ. သူမမှာ ဘာသတင်းမှလဲ ပြန်မကြားရပေ။ 'သူ အခက်အခဲတစ်ခုခုများ တွေ့နေလို့များလား? ဒါမှမဟုတ်ရင် တစ်ခုခု မကောင်းတာများ ဖြစ်နေလို့များလား?'
သူမ လာတဲ့ခေါတ်ကို ထည့်မတွက်ထားခဲ့ရင်တောင်မှ 'တကယ်လို့ ကိုယ်က လူတစ်ယောက်ကို စောင့်ဆိုင်းနေရမယ်ဆိုရင်တော့ အမြဲတမ်းကြာရှည်နေသလို ခံစားရစေမှာပဲဖြစ်သည်.' ဒါ့အပြင့် သူမခြေကျင်းဝတ်ကလည်း ဒဏ်ရာလည်း ရနေခဲ့သေးတယ်. အဲဒါက သူမရဲ့ရွက်ဖျင်တဲကနေထွက်ဖို့က သူမအတွက် အဆင်မပြေနိုင်စေဘူး. ဒါ့ကြောင့်ပဲ စောင့်ပဲစောင့်နေရတာက ပိုပိုပြီးတော့တောင် သည်းမခံနိုင်စရာဖြစ်လာခဲ့သည်။
ထို့ကြောင့် လင်ရှန်းက စာရွက်တစ်ထပ်ကြီးကိုယူလိုက်ပြီး မနက်မိုးလင်းတဲ့အချိန်ကနေပြီးတော့ ညဘက် မိုးစုန်းစုန်းချုပ်တဲ့ အချိန်ရောက်တဲ့အထိကို သူမလက်ရာဖြစ်တဲ့ လိပ်ပုံတွေကြီးပဲ.....ဆွဲရင်းပဲ ဆွဲနေလိုက်တော့သည်. လက်ထောက်ပူပူနွေးနွေးဖြစ်လာသော စစ်သူကြီးယန်ရှီတစ်ယောက်ပင် တုန်လှုပ်ခြောက်ချားသွားရပြီး ကြောက်ရွံ့လို့နေခဲ့သည်။
'အီယား! အရာရှိလိန်ရဲ့ချစ်သူက မှော်စုန်းမတစ်ယောက်များလား။ ဘာလို့ သူမဆွဲတဲ့ပုံတွေက ဒီလောက်တောင်များတဲ့ လက်ဖွဲ့အဆောင်သင်္ကေတတွေကို ဆွဲနေရတာလဲ? တပ်စခန်းများ တစ္စေခြောက်ခံရတော့မှာ မို့လို့များလား? ယန်ရှီက သရဲနှင့် မကောင်းဆိုးဝါးဆိုလျှင် သေမတတ်ကြောက်လန့်တတ်သူပင်. ဒါ့ကြောင့် သူက စစ်သားတွေကို စခန်းပတ်ပတ်လည်တွင် များစွာသော မီးတုတ်တွေကို ထွန်းညှိလိုက်ရန်အမိန့်ပေးခဲ့သည်. မှောင်မဲနေသော စခန်းချရာနေရာက အခုတော့ နေ့ခင်းကြောင်တောင်လို့မျိုး လင်းထိန်သွားတော့သည်။
လိပ်ပုံတွေဆွဲနေခြင်းက အမှန်တကယ်ပင် လင်ရှန်းကို စိတ်ရှင်းစေဖို့ ကူညီပေးခဲ့သည်. သူမက စုတ်တံကို ကိုင်ဆွဲကာ အိပ်ရာပေါ်သို့တက်ခဲ့လိုက်တော့သည်။
'ငါ အိပ်ရာနိုးလာပြီးလို့ မနက်ရောက်ရင်တော့ သူ ပြန်လာတော့မှာပါ.' လင်ရှန်းက တွေးရင်းတွေးရင်း မူးနောက်လာတော့သည်. သူမ နက်နက်ရှိုင်းရှိုင်းပင် အိပ်မောကျသွားလို့ သူမမှာ အိပ်မက်တစ်ခုတောင်မက်နေပါပြီ။
သူမ အိပ်မက်ထဲမှာတော့ သူမက ရေပူစမ်းထဲကမတော်တဆဖြစ်ရပ်ကို ပြန်ဆွဲခေါ်လို့သွားတော့သည်. ရေနွေးငွေ့တွေက ပူပြီးရင်းပိုပြီးတော့ပူလာတဲ့အချိန်တွင်မှ ရုတ်တရက်ကြီး လိန်ဖန်မျက်နှာက တစ်မျိုးပြောင်းသွားတော့သည်. သူက သူမကို ကောက်ယူပွေ့ချီလိုက်ပြီး သူမကို စမ်းချောင်းထဲသို့ ပစ်ပေါက်ချလိုက်သည်။
ရေထဲသို့ အရာဝတ္ထုတစ်ခုပြုတ်ကျတဲ့အသံကို ကြားရပြီးတော့ လင်ရှန်းတစ်ယောက် ချောင်းဆိုးပြီးရင်း ချောင်းဆိုးလာတော့သည်. သူမက ရေပတ်လည်ဝိုင်းရံခံနေပြီး ရေတွေကလည်း အလွန်ပူပြင်းလွန်းတဲ့ ရေပူတွေဖြစ်နေသည်. သူမကိုယ်တိုင်ပင် လောင်ကျွမ်းပျော်ဝင်သွားတော့မလိုပင်.....
နောက်ဆုံးတွင် သူမ နောက်ထပ် မတတ်နိုင်ရှာတော့ဘဲ ကျယ်လောင်စွာအော်ဟစ်လိုက်မိတော့သည်. "အား!"
လင်ရှန်းက အိပ်ရာပေါ်မှ ထထိုင်လိုက်ပြီးတော့ သူမ မျက်စိကိုဖွင့်ကြည့်လိုက်တော့ ကောင်းကင်ယံထိ တက်နေသော မီးတောက်မီးလျှံတွေကို မြင်လိုက်ရသည်. သူမနားထဲကို ဆူညံသံမျိုးစုံကလည်း ဝင်ရောက်လို့လာကာ လူတစ်ယောက်က သူ့အဆုတ်ပေါက်လုမတတ်ပင် အော်ဟစ်နေသည်.- "အိုး မဟုတ်ဘူး! အားလုံး မီးလောင်နေပြီဟေ့!"
သနားစရာယန်ရှီတစ်ယောက်ပင်ဖြစ်တော့သည်. သူ့ရဲ့ရဲစွမ်းသတ္တိကို ပိုအားတက်စေမယ်လို့ တွေးမိလိုက်တာကြောင့်သာ သူက မီးတိုင်တွေအများကြီးထွန်းခိုင်းလိုက်တာပဲ. တောင်ပေါ်လေတွေက ဒီလောက်ထိတောင် လေပြင်းထန်လိုက်မယ်လို့ သူသဘောမပေါက်ခဲ့ပေ. မီးမွှားစက ရွက်ဖျင်တဲတစ်ခုကိုစဆွဲပြီးတော့ လျင်မြန်စွာဖြင့်ပင် တစ်ခြားရွက်ဖျင်တဲတွေကို ကူးစက်သွားတော့သည်. အမွေးတိုင်တစ်တိုင်စာထက်ပင် ပိုနည်းပါးသောအချိန်တစ်ခုမျှသာ ကြာလိုက်ရသည်. ရွက်ဖျင်တဲအားလုံး မီးလောင်မြိုက်သွားတော့သည်။
လင်ရှန်းက မူလကတော့ သူမ အိမ်မက် မက်နေတယ်လို့ပဲ ထင်နေခဲ့သည်. အခုတော့ ရေပူစမ်းထဲကလာတဲ့ ပူပြင်းမှုတွေ မဟုတ်မှန်း သူမ သဘောပေါက်သွားတော့သည်. ဒါပေမယ့် တကယ်ကြီး မီးလောင်နေတာပဲ! အရင်တုန်းကတည်းက ဒီလိုမျိုးတစ်စုံတစ်ရာနှင့် ဘယ်တုန်းကမှ မတွေ့ကြုံဖူးဘူးတော့ သူမ စိတ်ရှုတ်ထွေးသွားပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ပေ။
လင်ရှန်းက ခြေကျင်းဝတ်အဆစ်ကြောင့် ထော့နဲ့ထော့နဲ့ဖြင့် ရွက်ဖျင်တဲအပြင်ကိုထွက်ဖို့ ကြိုးပမ်းလိုက်ပေမယ့် သူမ အဝတ်စကို မလိုက်တဲ့အခါမှာတော့ မီးတွေက တလိပ်လိပ်တက်လောင်မြိုက်လာတော့သည်. ရွက်ဖျင်တဲက မီးတောက်ကို မထောက်ပံ့နိုင်တော့ဘဲ သူမပေါ်သို့ ပြိုကျလာတော့သည်။
သူမ အတင်းတိုးထွက်သွားလိုက်ပေမယ့်လဲ သူမခြေကျင်းဝတ်အဆစ်လွဲနေခဲ့တာကြောင့် သူမ လဲကျသွားတော့သည်။
သူမ ပြေးထွက်သွားလိုက်ရုံနဲ့တင် သူမဘေးနားက ရွက်ဖျင်တဲက သူမကိုယ်ပေါ်သို့ပြိုကျလာတော့သည်. သူမအား မီးညွှန့်မီးတောက်တွေက ပတ်လည်ဝိုင်းရံထားတော့သည်. သူမ တစ်လက်မမျှပင်လှုပ်ရှားလို့ မရတော့ချေ. လေတွေက တဖြည်းဖြည်းနဲ့တိုးဝင်လာပြီးတော့ မီးခိုးငွေ့တွေကလည်း သူမလည်ချောင်းထဲသို့ ဝင်ရောက်ခါ အဆက်မပြတ်ချောင်းဆိုးနေတော့သည်။
အခုလောလောဆယ်တွင်တော့ မီးတောက်မီးညွှန့်တွေက သူမပတ်လည်တွင် ကပြဖျော်ဖြေနေကြပြီး သေခြင်းတရားရဲ့အသံတွေက သူမနှင့် တစ်စတစ်စနီးကပ်လာနေသည်. တစ်ဖြည်းဖြည်းဖြင့် လင်ရှန်းအသိစိတ်တွေလဲ ဝေ့ဝါးလာတော့သည်။
"လိန်ဖန်.....ရှင် ဘယ်မှာလဲ? လိန်ဖန်......." သူမက အဆက်မပြတ်ပင် သူ့နာမည်ကိုအော်ခေါ်ကာ ငိုကြွေးနေသည်. သူမက နောက်ထပ်ကြာကြာ မအော်ခေါ်နိုင်တော့ပါဘူး။
လင်ရှန်းမျက်လုံးမမှိတ်မှီလေးတွင် မီးညွှန့်များထဲမှ ပုံရိပ်တစ်ခုထွက်ပေါ်လာနေသည်ကို မြင်လိုက်ရသည်. 'အဲဒါက လိန်ဖန်လား။ သူ ငါ့ကို ကယ်ဖို့ ဒီကိုရောက်လာတာလား?'
ပြီးနောက် နောက်ဆုံးတွင် လင်ရှန်းတစ်ယောက် အသိစိတ်လွတ်ကာ လုံးလုံးသတိလစ်မေ့မြောသွားတော့သည်။
*********
End....