Chapter 57
လင်းရုဖေးသည် သူ့ခါးထက်တွင်ရှိသော ဓားကိုကိုင်ထားပြီး ကုရွှမ်းတုမှ သူ ဘာတွေတွေးနေတာလဲဟု မေးလာသည့်အချိန်အထိ အကြာကြီး ငြိမ်နေမိသည်။
သူက အေးစက်စွာနှင့်ပင် ပြောလိုက်သည်။
“အဲဒီ ချီယန်ရှန့်ကို တစ်ချက်တည်းနဲ့ သတ်လိုက်ရင် နောက်ဆက်တွဲ ပြဿနာတွေဖြစ်လာမလားလို့ တွေးနေတာ"
ကုရွှမ်းတုက ထိုစကားများကိုကြားလိုက်ချိန်တွင် မရယ်မိစေရန် ထိန်းထားသော်လည်း အသက်ရှူကျပ်သည်အထိ ရယ်မောလိုက်မိ၏။
"ရှောင်ကျို့ ဒေါသထွက်နေပြီ အာ..."
တစ်စုံတစ်ယောက်ကို သတ်ချင်သည်ဟု ပြောသည့်အချိန်တုန်းက လင်းရုဖေး၏ပုံစံက လုံး၀တည်ကြည်အေးစက်နေသည်ဆိုပေမယ့် မည်သို့ပင်ဆိုစေကာမူ သူ့အတွက်မူ ထိုသူလေးက အမြဲတမ်း ချစ်ဖို့ကောင်းနေဆဲပင်။
ထို့နောက်တွင်တော့ သူက လင်းရူဖေးဘက်သို့ လှည့်ကာ ချစ်ခင်မြတ်နိုးသောအကြည့်ဖြင့်ကြည့်၍ နူးညံ့စွာ ပြောလိုက်၏။
“မင်း သတ်ချင်တယ်ဆိုရင် သတ်လိုက်လို့ရတယ်...ရှောင်ကျို့ကို မပျော်ရွှင်အောင် လုပ်တဲ့သူတိုင်းက သေဖို့ ထိုက်တန်တယ်"
လင်းရုဖေးက ကုရွှမ်းတုတစ်ယောက်သူ့ကို လှည့်စားနေပြန်သည်ဟုသာ တွေးလိုက်ပြီး တစ်ချက်စိုက်ကြည့်လိုက်ပြီးနောက် စကားတစ်ခွန်းမဆိုဘဲ ထွက်သွားတော့သည်။
ရှောင်ယွီ၏သေဆုံးမှုသည် မုန့်လန်ရော၏နှလုံးသားကို အမှန်တကယ် ကွဲကြေသွားစေသည်။ မုန့်လန်ရောသည် သုံးရက်လုံးလုံး မစားမသောက်၊ မအိပ်ဘဲနေခြင်းကြောင့် သခင်မမုန့်သည် သူ့ကို သတိလစ်မေ့မြောအောင် လုပ်ရုံမှလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။ ထို့နောက် ဆေးရည်ဟင်းချိုကို အတင်းတိုက်ကျွေးလိုက်တော့သည်။
လင်းရုဖေးလည်း သတိလစ်နေသော မုန့်လန်ရောကို ကြည့်နေမိသည်။ ရက်အနည်းငယ်အတွင်းမှာပင် ထိုသခင်ငယ်လေး၏ ကိုယ်အလေးချိန်က အများကြီးကျသွားခဲ့သည်။ သူ၏ နဂို လုံးဝန်းသောပါးပြင်လေးများအစား ယခုတွင် မေးစေ့ပါးပါးလေးသာကျန်တော့သည်။ သူ့မျက်လုံးများက မှိတ်ထားသော်လည်း မနိုးထနိုင်သော အဆုံးမရှိသည့် အိမ်မက်ဆိုးထဲတွင် ပိတ်မိနေသကဲ့သို့ မျက်မှောင်ကြုတ်ထားဆဲပင်။
မင်းချစ်ရတဲ့လူ မင်းအရှေ့တွင်သေဆုံးသွားခြင်းက မည်သည့်အိပ်မက်ဆိုးများထက်မဆို ကြောက်စရာပိုကောင်းပေ၏။
နေ့တစ်ဝက်လောက် အိပ်ပျော်သွားပြီးနောက် နောက်ဆုံးတွင် မုန့်လန်ရောက မိန်းမောတွေဝေစွာဖြင့် နိုးလာသည်။ သူ့ မျက်လုံးများဖွင့်ဥကြည့်လိုက်သည့်အခါ မုန့်မိသားစုအပြင် ကုတင်ဘေးတွင် ထိုင်စောင့်နေသော လင်းရုဖေးကို သတိထားမိလိုက်သည်။
သူ အားလုံးကို အပြင်သို့ ပြန်လွှတ်တော့မည့်အချိန်တွင် အနည်းငယ် ပေါ့ပါးသော်လည်း ခါတိုင်းကဲ့သို့ နူးညံ့သိမ်မွေ့နေသော လင်းရုဖေး၏အသံကို ကြားလိုက်ရသည်။
“ကျွန်တော် မင်းနဲ့အတူတူ စကားပြောလို့ရမလား"
မုန့်လန်ရောက ခဏတုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် သဘောတူလိုက်သည်။
မုန့်မိသားစုင်များသည် ပြန်ထွက်ခွာသွားကြပြီး အခန်းထဲတွင် လူနှစ်ယောက်သာ ကျန်ရစ်နေသည်။
လင်းရုဖေးက သူ့ကို အပေါ်မှအောက်သို့ အစုန်အဆန် ကြည့်ရှုလိုက်သည်။
သူက အသံတိုးတိုးလေးဖြင့် မပြောမီ တစ်ခဏမျှ တုံ့ဆိုင်းသွားမိပြီး : “မင်း ငိုချင်ရင် ငိုချလိုက်လို့ရတယ် မင်းက ကလေးပဲရှိသေးတယ် ရှက်စရာမဟုတ်ဘူး"
ထို့နောက် မကြာခင်မှာပင် မုန့်လန်ရောတစ်ယောက် မျက်ရည်များဝဲတက်လာကာ အော်ဟစ်ငိုယိုတော့သည်။ သူ့ငိုသံက ကျယ်လောင်လွန်းသဖြင့် အမှန်တကယ် ကြီးမားသော ဘေးဥပါဒ်ကိုဖြစ်စေနိုင်လုနီးပါးပင်။ ငိုနေရင်းမှ ရှောင်ယွီ၏ နာမည်ကို ဝမ်းနည်းမှုအပြည့်ဖြင့် အော်ခေါ်နေသည်။ ယင်းပုံစံကို လင်းရုဖေး မြင်လိုက်ရသည်နှင့် သူ့ရင်ထဲတွင် နာကျည်းမှုများနှင့် ပြည့်လျှံသွားသည်။ ချော့မော့သိမ်းသွင်းရန် မကြိုးပမ်းဘဲ ငြိမ်ငြိမ်လေးသာထိုင်နေလိုက်သည်။ သူက မုန့်လန်ရောတစ်ယောက် ငိုကြွေးမှုကြောင့် မောပန်းနွမ်းနယ်လာချိန်တွင် သောက်ရန် လက်ဖက်ရည်ပူပူလေးတစ်ခွက် ကမ်းပေးလိုက်သည်။
မုန့်လန်ရောက လက်ဖက်ရည်သောက်ပြီးနောက် သူ့စိတ်ခံစားမှုများသည် အနည်းငယ် တည်ငြိမ်သွားသည်။
သူက လင်းရုဖေးကို အသက်၀င်မှုတို့ကင်းမဲ့နေသည့် မှိုင်းမှုန်သောအကြည့်ဖြင့်ကြည့်ကာဆိုလိုက်၏။ "ရှောင်ယွီ သေသွားပြီ"
သူ့မျက်လုံးထောင့်မှ မျက်ရည်များ စီးကျလာပြန်သည်။
"ကျန်းဟူမှာ သူမနဲ့ကျွန်တော် ဘယ်တော့မှ တိုက်ခိုက်လို့ရနိုင်တော့မှာမဟုတ်ဘူး"
လင်းရုဖေးက သူ့လက်ကို မြှောက်ကာ ခေါင်းကိုပုတ်ပြီး နှစ်သိမ့်ပေးလိုက်သည်။
မုန့်လန်ရောသည် နောက်ထပ်တဖန် အော်ဟစ်ငိုကြွေးပြန်၏။
သူသည် ငိုကြွေးမှုကြောင့် မောပန်းနွမ်းနယ်ကာ အိပ်ပျော်သွားသည်အထိ တစ်ညလုံးနီးပါး ငိုကြွေးနေခဲ့သည်။
လင်းရုဖေး အခန်းထဲမှ ထွက်လာချိန်တွင် မုန့်သားစုသည် သူ့ကို ဝိုင်းရံလာကြသဖြင့် မုန့်လန်ရော၏အခြေအနေကို အတိုချုံး ပြောပြလိုက်သည်။
မုန့်မိသားစုသည် မုန့်လန်ရော ငိုကြွေးခဲ့ကြောင်းကို ကြားလိုက်ရချိန်တွင် အနည်းငယ်စိတ်သက်သာရာရသွားပြီး ကျန်သည့်ညတစ်ဝက်ကို သူတို့ စောင့်ကြပ်မည့်အကြောင်း၊ ထို့ကြောင့် လင်းရုဖေး ပြန်၍ ဦးစွာအနားယူနိုင်ကြောင်း ပြောလာသည်။
လင်းရုဖေးကလည်း မငြင်းပယ်တော့ဘဲ ခဏလောက်ပြန်အိပ်ရန် ရည်ရွယ်လိုက်သည်။
သူ မုန့်အိမ်တော်ကို ဖြည်းညှင်းစွာ ဖြတ်လျှောက်သွားပြီး သူ့အခန်းဆီသို့ ဦးတည်သွားလိုက်သည်။ ပြတင်းပေါက်မှနေ၍ အခန်းတွင်းရှိ အလင်းရောင်ကို မြင်လိုက်ရ၏။
အခန်းထဲဝင်လာပြီးနောက် ဖယောင်းတိုင်မီးရောင်အောက်တွင် ထိုင်နေသော ပင်ပန်းနွမ်းနယ်နေပုံပေါ်သည့် ကုရွှမ်းတုကို လင်းရုဖေး တွေ့လိုက်ရသည်။
လင်းရုဖေး၏ခြေသံကို ကြားသည့်အခါ သူက ခေါင်းပင်မော့မကြည့်ဘဲမေးလာ၏။ “ပြန်လာပြီလား"
"ခင်ဗျား ဘယ်တွေသွားနေခဲ့တာလဲ" လင်းရုဖေး မေးလိုက်သည်။
ကုရွှမ်းတု : "ကိုယ် ပစ္စည်းတွေ ယူဖို့ သွားခဲ့တာ"
သူက ထိုသို့ပြောပြီးနောက် စားပွဲအောက်မှ မီးပုံးနှစ်ခုကို အပေါ်သို့ ဆွဲယူလိုက်သည်။
မီးပုံးများ၏ပုံသဏ္ဍာန်သည် အလွန်ရင်းနှီးနေပြီး၊ ၎င်းတို့သည် ဘိုးဘေးများကို ပူဇော်ရန် အသုံးပြုသည့် မြစ်ကမ်းစပ်၌ လင်းရုဖေး မြင်ခဲ့ရသော မီးပုံးများနှင့် တူနေပေသည်။ လင်းရုဖေးက ကုရွှမ်းတု ထိုအရာများကို ကမ်းပေးလာသည်ကို မြင်သည့်အခါ ကုရွှမ်းတုသည် ၎င်းတို့နှင့် မည်သည့်လုပ်စရာများရှိနေသလဲဆိုတာ သိချင်သွား၏။
လင်းရုဖေးက ၎င်းတို့ကိုယူရန် လက်လှမ်းလိုက်ပြီးနောက် မီးပုံးအတွင်းသို့ ကြည့်လိုက်ချိန်တွင် သူ့အမူအရာက လုံး၀ အေးခဲသွားသည်။
မီးပုံးများပေါ်တွင် နာမည်နှစ်ခုရေးထားသည်၊ တစ်ခုက ရှောင်ယွီဖြစ်ပြီး နောက်တစ်ခုက... ...မုန့်လန်ရောဖြစ်နေ၏။
───────
သူ့လက်ထဲရှိ မီးပုံးနှစ်လုံးကို ကြည့်ပြီး လင်းရုဖေး၏အမူအရာမှာ အေးခဲသွားသည်။ သူ ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီးနောက် အသံနက်နက်ဖြင့် မေးလိုက်သည်။
“ဘယ်သူက ဒီမီးပုံးတွေကို လွှတ်လိုက်တာလဲ”
ကုရွှမ်းတုက ပြန်ဖြေလိုက်သည်။
“ချီယန်ရှန့် တစ်ခုကို အဲဒီနေ့က လွှတ်လိုက်တာ နောက်တစ်ခုကို မနေ့ကမှ လွှတ်လိုက်တာ”
သူက ပျင်းရိစွာဖြင့် ဆက်၍ဆို၏။
"မနေ့က လွှတ်လိုက်တဲ့မီးပုံးက ရှောင်ယွီ အဲဒီနေ့က လွှတ်လိုက်တဲ့တစ်ခုက မုန့်လန်ရော"
နောက်ဆုံးတွင် မရေမတွက်နိုင်သော အတွေးများသည် မယုံနိုင်စရာမှန်းဆချက်အဖြစ်သို့ ကူးပြောင်းမသွားမီ လင်းရုဖေး၏စိတ်မှာ ကြီးစွာ တုန်လှုပ်နေမိသည်။ နောက်ဆုံးတွင် လင်းရုဖေးက ထိုတုန်လှုပ်မှုကိုထိန်း၍ မေးလိုက်သည်။
“မုန့်လန်ရောက သေသွားပြီလား”
ကုရွှမ်းတုက ပြန်မဖြေခဲ့သလို ငြင်းလည်း မငြင်းခဲ့ပေ။
“တကယ်ကို ဘာတွေဖြစ်နေတာလဲ မုန့်လန်ရော မုန့်မိသားစု ရှောင်ယွီနဲ့ ချီယန်ရှန့်"
ထိုအခိုက်အတန့်တွင် အစကတည်းက တည်ရှိခဲ့သော ပြန့်ကျဲနေသည့်ခံစားချက်များမှာ ပိုမိုအားကောင်းလာပြီး မရေမတွက်နိုင်သောမေးခွန်းများသည် လင်းရုဖေး၏စိတ်ကိုလွှမ်းမိုးလာသဖြင့်ထုတ်၍မေးလိုက်သည်။
"ချီယန်ရှန့်က မုန့်လန်ရောကို သတ်လိုက်တာဖြစ်နိုင်လား"
ကုရွှမ်းတု : "စိတ်သောကရောက်မနေနဲ့ တချို့အရာတွေကို ဖြည်းဖြည်းချင်း ရှင်းပြပေးမယ်"
လင်းရုဖေး၏ မျက်နှာက အလွန်းအမင်းတည်တံ့နေသော်လည်း ကုရွှမ်းတု၏သူ့မျက်လုံးများထဲတွင်မှု အပြုံးတစ်ခုသည် ထင်ရှားသိသာစွာပွင့်လန်းနေ၏။
"ဒါက ကျန်းဟူရဲ့ ဆွဲဆောင်မှုပဲ ကျန်းဟူမှာ မင်းမျှော်လင့်ထားတာထက် ကျော်လွန်တဲ့အရာတွေ အမြဲရှိနေတတ်တယ်"
သူက အမှန်တရားကို သိသော်လည်း ရှင်းမပြချင်ပေ။ အချို့သောအဖြေများသည် မင်းကိုယ်တိုင်ရှာဖွေသည့်အခါမှသာ ၎င်းက ပို၍စိတ်ဝင်စားဖွယ်ကောင်းလာပေမည်။ ဤသည်မှာ ကျန်းဟူတွင် ခရီးသွားရခြင်း၏ ရည်ရွယ်ချက်ဖြစ်သည်။
ကုရွှမ်းတုသည် လင်းရုဖေးကို ကမ္ဘာကြီးအကြောင်း အမြဲတစေမသိဘဲ မနေစေချင်ပေ၊ ထို့အပြင် လင်းရုဖေး တဖြည်းဖြည်းချင်း ကြီးပြင်းလာသည်ကိုလည်း သူ စောင့်ကြည့်ချင်သေး၏။
ဤကိစ္စသည် မုန့်မိသားစု၏ကိစ္စသာဖြစ်သည်။ ကုရွှမ်းတုက ထိုအကြောင်းကို တိုက်ရိုက်ပြောပြနိုင်သော်လည်း သူက မပြောပြရန်ကိုသာ ရွေးချယ်လိုက်သည်။
လင်းရုဖေးသည် ကုရွှမ်းတု၏ဆိုလိုရင်းကို နားလည်သည်။ ထို့နောက် သူ၏ စိတ်ခံစားမှုများက တဖြည်းဖြည်း ပြန်၍တည်ငြိမ်သွားသည်။ သူက မီးပုံးကိုကိုင်ကာ ထိုင်လိုက်ပြီး မီးပုံးပေါ်ရှိ နာမည်ကို အကြာကြီး တိတ်တဆိတ် စိုက်ကြည့်နေလိုက်မိသည်။
"ကျွန်တော် ချီယန်ရှန့်ကို သွားရှာမယ်"
လင်းရုဖေးက ဆက်၍ဆိုသည်။
"သူကတော့ အမှန်တရားကို သိကိုသိလိမ့်မယ်"
ကုရွှမ်းတု ပြုံးပြီး "မင်းသိလား မင်းဘာပဲလုပ်လုပ် ကိုယ်မင်းကိုထောက်ခံပေးမယ်"
လင်းရုဖေးက မီးပုံးကိုချကာ အခန်းမှ လှည့်ထွက်လာလိုက်သည်။
ထိုအချိန်တွင် ကောင်းကင်တစ်ခွင်သည် မှောင်မည်းနေပြီး မုန့်အိမ်တော်၏ မီးရောင်များသည် နေ့ဘက်ကဲ့သို့ပင် လင်းထိန်နေပြီး စိမ်းလန်းစိုပြေသော ပန်းပွင့်များက အနည်းငယ် ထူးခြားဖွယ်ကောင်းနေစေသည်။ လင်းရုဖေးသည် အကျွမ်းတဝင်ရှိသော ရှုခင်းများကို ဖြတ်လျှောက်သွားနေမိသော်လည်း ရှင်းလင်းစွာပင် ဖော်ပြလို့ငှာမစွမ်းသာသည့် ထူးဆန်းသည့်အရာတစ်ခုကို ခံစားလိုက်ရ၏။
တစ်ခုတည်းသောအရာမှာ ချီလင်မြက်ပင်၏ ကြွယ်ဝသော မွှေးရနံ့ပင်ဖြစ်သည်။
သို့သော် မုန့်အိမ်တော်တွင် ရက်ပေါင်းများစွာ ကုန်ဆုံးပြီးနောက်၊ လင်းရုဖေး၏နှာခေါင်းသည် ဤရနံ့ကို အသားကျလုနီးပါးဖြစ်နေပြီပြီး အချိန်အတော်ကြာ သူသည် ထိုမွှေးရနံ့ကို မရမိတော့ပေ။
ချီယန်ရှန့်၏အခန်းသည် မုန့်အိမ်တော်၏ တောင်ဘက်တွင်ရှိပြီး မုန့်လန်ရော နေထိုင်သည့်နေရာနှင့်လည်း နီးသည်။ တိုက်ဆိုင်မှုဟုတ်မဟုတ် သူမသိသော်လည်း ချီယန်ရှန့်ကိုရှာဖွေရာလမ်းတစ်လျှောက်တွင် မည်သည့်လူတစ်ဦးတစ်ယောက်ကိုမျှ လင်းရုဖေး မမြင်မိပေ။ မုန့်အိမ်တော်တစ်၀န်းတွင် ဖြတ်သန်းသွားလာနေတတ်သော အစေခံများသည် ယခုအချိန်တွင် အားလုံး မရှိကြတော့ပေ။
သူ ချီယန်ရှန့်၏အခန်းဆီသို့ ရောက်ချိန်တွင် အပြင်ဘက်ပြတင်းပေါက်မှနေ ခပ်မှိန်မှိန်မီးရောင်လေးကို မြင်လိုက်ရပြီး ချီယန်ရှန့်သည်လည်း အခန်းထဲတွင်းထဲ ရှိနေပုံရ၏။
သို့သော် လင်းရုဖေးကချီယနရှန့်ကိုခေါ်လိုက်သည့်အခါ မည်သူမျှပြန်မဖြေသဖြင့် တံခါးခေါက်ရန် လက်ကိုမြှောက်လိုက်သည့်အချိန်တွင် တံခါးကတစ်၀က်ခန့်ပွင့်နေသည်ကိုတွေ့လိုက်ရသည်။ သူ ခဏမျှ တုံ့ဆိုင်းသွားမိပြီး ချီယန်ရှန့်၏နာမည်ကို နောက်ထပ် အကြိမ်အနည်းငယ် ခေါ်ခဲ့သော်လည်း တုံ့ပြန်မှုမရှိပေ။
ခဏလောက်စဉ်းစားပြီးနောက် လင်းရုဖေးသည် "ခွင့်ပြုပါ" ဟုပြောပြီး သူ့လက်ကိုမြှောက်၍ တံခါးကို တွန်းဖွင့်လိုက်သည်။ သို့သော်လည်း အခန်းက လွတ်နေပြီး ဆီမီးအနည်းငယ် ထွန်းထားသော်လည်း ချီယန်ရှန့်၏ အရိပ်အယောင်ကိုမူ မတွေ့ရချေ။
ချီယန်ရှန့်၏နေအိမ်သည် အလွန်ရိုးရှင်းသည်။ ဧည့်ခန်းထဲတွင် သစ်သားစားပွဲနှင့် ကုလားထိုင်အနည်းငယ်သာရှိသည်။ သစ်သားစားပွဲပေါ်တွင် ရေခွက်တစ်ခွက် သို့မဟုတ် လက်ဖက်ရည်ခွက်တစ်ခွက်တောင် ရှိမနေပေ။ ဧည့်ခန်း၏ထောင့်တွင် ကြီးမားသောခေါက်ကန့်လန့်ကာတစ်ခုရှိပြီး ထိုကန့်လန့်ကာ၏အနောက်ဘက်က ချီယန်ရှန့်၏အိပ်ခန်း ဖြစ်နိုင်၏။
သူ၏ရုတ်တရတ် ဝင်ရောက်လာခြင်းသည် မလျော်ကန်သည့်အပြုအမူဖြစ်ကြောင်း လင်းရုဖေး ခံစားရသည်။ ချီယန်ရှန့် အမှန်တကယ် မရှိသည်ကိုမြင်ပြီး သူထွက်သွားရန် ကြံရွယ်လိုက်သည်။ သို့သော် သူထွက်သွားရန် လှည့်လိုက်စဥ်တွင် အိပ်ခန်းထဲမှ အသံလေးတစ်ခုထွက်လာမည်ဟု မည်သူသိမည်နည်း။ လင်းရုဖေးက မျက်မှောင်ကြုတ်ပြီး အော်ခေါ်လိုက်သည်။
"ချီယန်ရှန့်လား"
မည်သူမျှ ပြန်မဖြေပေ။
လင်းရုဖေး ခဏမျှ တုံ့ဆိုင်းသွားမိသော်လည်း အိပ်ခန်းဆီသို့ ခြေလှမ်း လှမ်းလိုက်မိသည်။ ကန့်လန့်ကာကို လှည့်ပတ်လျှောက်လိုက်သည့်အခါ အိပ်ခန်းကို မြင်လိုက်ရသည်။ သို့သော် သူ့ကိုရှုပ်ထွေးသွားစေသည့်အရာမှာ အိပ်ခန်းသည် လွတ်နေသော်လည်း အသံသည် အနီးအနားမှ ဖြစ်နေပုံရသည်။ ထိုချီယန်ရှန့်၏ အိပ်ခန်းသည် ဧည့်ခန်းကဲ့သို့ပင် ရိုးရှင်းသည်။ ကုတင်နှင့် စားပွဲမှလွဲ၍ ဗီရိုငယ်တစ်ခုသာရှိသောကြောင့် ထိုအသံသည် ဗီရိုအတွင်းမှ ထွက်လာသည့်ပုံရ၏။
အသံကြားရာနောက်သို့လိုက်ပြီး လင်းရုဖေးက ဗီရိုဆီသို့ လျှောက်သွားလိုက်သည်။ သူ လက်ကိုင်ကို ကိုင်ပြီး ဆွဲဖွင့်တော့မည့်အချိန်တွင် ချီယန်ရှန့်၏အံ့သြနေသည့်အသံက သူ့နောက်မှနေ ရုတ်တရက် ထွက်ပေါ်လာသည်။
"လင်းကုန်းဇီ မင်းဘာလုပ်နေတာလဲ"
လင်းရုဖေး၏လက်သည် အနည်းငယ်တုန်ခါသွားသည်။ သူ ခေါင်းကိုလှည့်ပြီး မကြာခင်မှာပင် သူ့နောက်တွင် ပေါ်လာသည့် ချီယန်ရှန့်ကို ကြည့်လိုက်သည်။ အခန်းပိုင်ရှင်၏ ဖမ်းဆီးခြင်းကိုခံလိုက်ရသောကြောင့် လင်းရုဖေးက ရုတ်တရက် အလွန်ကို့ရို့ကားယားနိုင်သွားမိသည်။ ကံကောင်းထောက်မစွာပင် ချီယန်ရှန့်က စိတ်ထဲမထားဘဲ ပြုံးရုံသာ ပြုံးပြလာပြီး ကိစ္စတစ်ခုခုကို ဂရုစိုက်ပေးရန်အတွက် ထွက်သွားခဲ့ကြောင်း ပြောလာကာ လင်းရုဖေးကို ဘာကိစ္စရှိလဲဟု မေးလာသည်။
လင်းရုဖေး : “ဗီရိုထဲက ဆူညံသံတချို့ ကြားလိုက်မိလို့ပါ"
ချီယန်ရှန့်က အံ့ဩသွားပြီး "ဆူညံသံလား"
သူက ဗီရိုကို ကြည့်ပြီးနောက် မထူးဆန်းစွာ ပြောလာသည်။
“ကြွက် ဖြစ်နိုင်တယ် မုန့်မိသားစုမှာ အပင်တွေနဲ့ ပန်းတွေ အများကြီးရှိတာကြောင့် ကြွက်ရှိနေတာကတော့ ပုံမှန်ပါပဲ"
လင်းရုဖေးက လုံး၀မယုံကြည်သဖြင့် ချီယန်ရှန့်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
"ချီကုန်းဇီ မင်းက မုန့်အိမ်တော်ရဲ့ ဂုဏ်သရေရှိဧည့်သည်ပါ မင်း မုန့်ကုန်းဇီကို နာကျင်အောင် ဘာမှလုပ်မှာမဟုတ်ဘူးလို့ ယူဆလို့ရတယ်မလား"
ချီယန်ရှန့်၏အပြုံးက မှိန်ဖျော့သွားပြီး : "လင်းကုန်းဇီက ဘာကို ဆိုလိုချင်တာလဲ"
လင်းရုဖေး : "အဲဒီညမှာ ကျွန်တော်လည်း ရှိနေခဲ့တယ်"
ချီယန်ရှန့်က သူ့နှုတ်ခမ်းကို တင်းတင်းစေ့ပိတ်ထားသည်။
လင်းရုဖေး : "မင်းနဲ့ ရှောင်ယွီ မြစ်ကမ်းဘေးနားမှာ မီးပုံးတွေ လွှတ်နေတာကို ကျွန်တော်မြင်ခဲ့တယ်"
ချီယန်ရှန့်က ထိုစကားကိုကြားလိုက်ချိန်တွင် အလွန်တည်ငြိမ်နေပုံရပြီး "မီးဖိုချောင်ထဲမှာ လတ်လတ်ဆတ်ဆတ်ပြုတ်ထားတဲ့ ကျောက်ပွင့်ကြာစေ့ဟင်းချို အချို့ ရှိတယ် လင်းကုန်းဇီ မင်း ကျွန်တော်နဲ့ အတူတူစားပြီး စကားစမြည်ပြောလို့ရမလား"
လင်းရုဖေးက သူ့ကိုကြည့်လိုက်ပြီး "ကောင်းပြီ"
ဗီရိုထဲမှနေ အသံထွက်နေသေးဆဲဖြစ်သော်လည်း သူတို့နှစ်ဦးကအချင်းချင်း နားလည်မှုရှိနေဟန်ဖြင့် ယင်းအကြောင်းကို တိတ်တဆိတ်မသိချင်ယောင်ဆောင်ထားလိုက်ကြ၏။ ဧည့်ခန်းဆီသို့ လျှောက်လာပြီးနောက် ချီယန်ရှန့်သည် ကျောက်ပွင့်ဟင်းချိုပန်းကန်နှစ်လုံးကို ချပေးလာသည်။ ပန်းကန်လုံးတစ်လုံးကို လင်းရုဖေးထံ ပေးလိုက်ပြီး သူ့အရှေ့ရှိအခြားတစ်ပန်းကန်ကို ယူသောက်လိုက်သည်။
“အရမ်းနောက်ကျနေပြီ လင်းကုန်းဇီ ကျွန်တော်ဆီလာလည်တာ အကြောင်းပြချက်ရှိရမယ်"
သူက စကားမပြောခင် ဟင်းရည်ကို မျိုချလိုက်သည်။
လင်းရုဖေးက အလျင်မလိုပေ။ သူက စကားမပြောခင် ခေတ္တစောင့်ဆိုင်းလိုက်ပြီးမှ “မင်းလွှတ်လိုက်တဲ့ မီးပုံးနှစ်လုံးကို ကျွန်တော်ပြန်ယူထားတယ်”
ချီယန်ရှန့်၏လက်များက ခဏမျှရပ်တန့်သွားသည်။
"ရှောင်ယွီရဲ့ နာမည်က ရှင်းပြလို့ရတယ်"
လင်းရုဖေးကဆက်၍ဆို၏။
“ဒါပေမယ့် တခြားမီးပုံးပေါ်က နာမည်က ဘာကြောင့် မုန့်လန်ရောဖြစ်နေလဲဆိုတာ ပြောပြပေးနိုင်မလား"
ရှောင်ယွီအတွက် မီးပုံးတစ်ခုတည်းသာဆိုလျှင် ချီယန်ရှန့်က သေဆုံးသွားသည့်ရှောင်ယွီကို လေးစားသမှုဖြင့် လွှတ်ပေးသည်ဟု ပြောလို့ရသည်။ သို့သော် မုန့်လန်ရောက အသက်ရှင်နေသေးဆဲဖြစ်ပြီး သေသူအတွက်သာသုံးသော မီးပုံးပေါ်တွင် သက်ရှိလူသား၏အမည်ကို မည်သူကရေးမည်နည်း။ အိမ်တော်အတွင်းရှိ ထူးဆန်းသောအဖြစ်အပျက်များက ချီယန်ရှန့်နှင့် ပတ်သက်မှုရှိနေမည်မှာသေချာပေါက်ပင်။
ဖော်ထုတ်ခံလိုက်ရသော ချီယန်ရှန့်က ဒေါသမထွက်ပေ။ ထို့အစား သူက ပြုံးပြီး တိုးတိုးလေးပြောလာသည်။
“လင်းကုန်းဇီက ကြင်နာတတ်တယ်"
လင်းရုဖေးက ချီယန်ရှန့်ကို ခံစားချက်မဲ့စွာ ကြည့်လိုက်သည်။
****
စာရေးသူမှာ ပြောစရာရှိတယ်~
လင်းရုဖေး : သွားလို့မရသေးဘူး...ရှုပ်ထွေးနေတုန်းပဲ။
ကုရွှမ်းတု : ဒါဆို ကိုယ်တို့ ဘာလုပ်သင့်လဲ
လင်းရုဖေး : အားလုံးကို အဆုံးသတ်ဖို့ ဓားကိုသုံးရအောင် !
ကုရွှမ်းတု : ခုတ်! ခုတ်! ခုတ်! ကိုယ်တို့ရဲ့ ရှောင်ကျို့ကို မပျော်ရွှင်စေတဲ့အရာမှန်သမျှကို ခုတ်ပိုင်းပစ်သင့်တယ်!
────────────────────────────
Translated By IQ-Team.
─────────────────────