Chapter 58
မုန့်အိမ်တော်အတွင်း
ချီယန်ရှန့်သည် ကျောက်ပွင့်ဟင်းချိုကို တစ်ငုံသောက်လိုက်ပြီးနောက် တည်ငြိမ်စွာပြောလာသည်။
"လင်းကုန်းဇီ ကျန်းဟူမှာရှိတဲ့လူတိုင်းမှာ တခြားသူတွေ မသိနိုင်တဲ့ လျှို့ဝှက်ချက်တွေ ရှိနေတတ်တယ်ဆိုတာ မင်းလည်းသိပါတယ်"
လင်းရုဖေးက အေးစက်စွာဖြင့် “လူတိုင်းမှာ လျှို့ဝှက်ချက်တွေရှိတယ် ဒါပေမယ့် အဲဒါက တခြားသူတွေကို ထိခိုက်အောင်ဖို့ အကြောင်းပြချက်တော့ မဟုတ်ဘူး မုန့်မိသားစုက မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်လေ မင်းကဘာလို့ ဒီလောက် ဝမ်းနည်းစရာကောင်းတာတွေကို လုပ်နေရတာလဲ"
"ဟုတ်တယ် မုန့်မိသားစုက ကျွန်တော်ကို ကောင်းကောင်းဆက်ဆံတယ်"
ချီယန်ရှန့်သည် သက်ပြင်းရှည်ကို ချလိုက်ပြီးနောက် သူ့လေသံက အနည်းငယ် ပြောင်းလဲသွား၏။ "ကျွန်တော်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးတဲ့ သူတို့မိသားစုကြောင့်သာ မဟုတ်ဆိုရင် ကျွန်တော်က ဘာလို့ ဒီ ရှင်းကျိုးမြို့မှာ ဆယ်နှစ်ပြည့်တဲ့အထိ နေ,နေမှာလဲ"
ဆယ်နှစ်...။
ချီယန်ရှန့်သည် မုန့်မိသားစု၏ ဂုဏ်သရေရှိဧည့်သည်အဖြစ် ဆယ်နှစ်ကျော်ကြာအောင် နေနေခဲ့သည်။ လင်းရုဖေးက မျက်မှောင်ကြုတ်လိုက်မိပြီး အရာအားလုံးက ပိုရှုပ်ထွေးလာသကဲ့သို့ ခံစားလိုက်ရသည်။
ချီယန်ရှန့်ကဆိုသည်။
“လင်းကုန်းဇီ ကျွန်တော် မင်းကို ပြောနိုင်တော့ရှိတယ် မုန့်လန်ရောကို ထိခိုက်အောင်လုပ်ဖို့ ကျွန်တော် ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး သူက ကျွန်တော် စောင့်ကြည့်လာခဲ့တဲ့ကလေးတစ်ယောက်ပဲ ပြီးတော့ သူ့ကို ထိန်းကျောင်းလာခဲ့တာ ဒါကြောင့် သူ့ကို ဆန့်ကျင်ပြီး ကျွန်တော် ဘာများလုပ်နိုင်မှာလဲ"
လင်းရုဖေးက မေးမြန်းလိုက်သည်။
“ဒါဆို မီးပုံးကိစ္စကို ဘယ်လိုရှင်းပြမလဲ"
ချီယန်ရှန့်က ဝမ်းနည်းစွာ ကြည့်လာသည်။ သူ့ကိုယ်သူ အတန်ကြာ နှုတ်ဆိတ်နေပြီးမှ ၎င်းကို မည်ကဲ့သို့ရှင်းပြရမည်ကို စဉ်းစားနေပုံပင်။ လင်းရုဖေးကလည်း အလျင်မလိုဘဲ သူ့ဘေးတွင် ငြိမ်သက်စွာ ထိုင်စောင့်နေလိုက်သည်။
"တောင်းပန်ပါတယ် လင်းကုန်းဇီ ကျွန်တော် မင်းကို အဖြေမပေးနိုင်မှာ ကြောက်တယ်"
ချီယန်ရှန့်သည် နောက်ဆုံးတွင် သူ့ပါးစပ်ကို ဖွင့်လာသည်။
ချီယန်ရှန့်ထံမှ အဖြေရရန် နည်းလမ်းမရှိကြောင်း လင်းရုဖေး သိလိုက်သည်။ သူထပြီး ထွက်သွားတော့မည်ဖြစ်သော်လည်း တံခါးဆီသို့ လျှောက်သွားပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိသွားသည်။
သူက နောက်လှည့်ပြီး လှမ်းခေါ်လိုက်သည်။
“ချီယန်ရှန့်"
ချီယန်ရှန့်က ခပ်တိုးတိုးအသံဖြင့် ပြန်ထူးလိုက်သည်။
"ချီယန်ရှန့်က တကယ်ပဲ မင်းနာမည်လား"
လင်းရုဖေးကဆက်၍ဆိုသည်။
“ရွံ့ရှာဖွယ် အောင်နိုင်ခြင်း၏စွမ်းအား[1]ကို ကျွန်တော်ကြားဖူးတယ် ပြီးတော့ မင်းနာမည်ကို စကြားတုန်းကတော့ ရှားတယ်လို့ ထင်ခဲ့မိတယ် လောကမှာ ဒီလိုကံဆိုးစေတဲ့နာမည်နဲ့လူတစ်ယောက် တကယ်ကြီး ရှိတယ်လား"
{ [1] - ရှေးခေတ်အောက်လမ်းမှော်ပညာ၏ပုံစံဖြစ်သည်။ လူ သို့မဟုတ် အရာဝတ္တုကို ကျိန်စာဖြင့် အနိုင်ယူနိုင်သည်ဟုဆိုသည်။ }
(t/n- ပြန်လည်ဆန်းသစ်လိုသူများအတွက်၊ ယန်ရှန့်သည် ရွံရှာခြင်း/မုန်းတီးခြင်း အောင်ပွဲဟု အဓိပ္ပါယ်ရသည်။ ရှင်းရှင်းလင်းလင်းသိစေရန်၊ ဇာတ်ကောင်နှင့် စွမ်းရည်ကို ကွဲပြားမှုရှိစေရန် ရွံရှာခြင်းအောင်ပွဲဟု ရေးပါမည်။)
“ယင်းသည် အောက်လမ်းမှော်ဆရာ၏ကာလကြာရှည်သော လေ့ကျင့်မှုတစ်ခု” ဖြစ်ပြီး တရားရုံးရှိလူများနှင့် ပြည်သူများကို ဒုက္ခပေးလေ့ရှိသည်။
ချီယန်ရှန့်၏မျက်နှာပေါ်ရှိ အပြုံးမျက်နှာသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး လင်းရုဖေးကို တိတ်ဆိတ်စွာ ကြည့်နေလေသည်။
အိပ်မက်ဆိုးမြို့တော်၏စွမ်းအား[2]ဟု လူသိများသော ရွံ့ရှာဖွယ်အောင်နိုင်ခြင်း၏စွမ်းအားသည် အခြားသူများကို ကျိန်စာတိုက်ရန် အသုံးပြုသည့်ကြားခံအမျိုးမျိုးကို ရည်ညွှန်းသည်။ ဤမန္တာန်သည် အလွန်အန္တရာယ်ရှိပြီး ကျိန်စာတိုက်ခြင်းခံခဲ့ရသူများအတွက်၊ ပေါ့ပါးလျှင် သူတို့မိသားစု ပြိုကွဲလိမ့်မည်၊ ပြင်းထန်လျှင် ထိုလူသေပေလိမ့်မည်။
{ [2] - အခြားသူများ ကောင်းချီးပေးရန် ဆုတောင်းနေချိန်တွင် ဒုက္ခရောက်ကံဆိုးစေသောအရာတစ်ခုခုကို ပြုလုပ်ခြင်း }
နာမည်က လူတစ်ဦး၏ အရေးကြီးဆုံး သင်္ကေတဖြစ်သည်။ လင်းရုဖေးသည် ခွန်းလွန်မှဖြစ်ပြီး ၎င်းမှ'ကျောက်စိမ်း-ရုဖေး'သည် လှပစွာဖြင့်မြင့်မြတ်သည်ဟုကျော်ကြားသောကြောင့် သူကို ရုဖေးဟု အမည်ပေးခဲ့သည်။
သို့ပေမယ့် ချီယန်ရှန့်၊ နောက်မျိုးဆက်လူငယ်များကို ထိုကဲ့သို့မကောင်းဆိုးဝါး နာမည်ပေးသည့် လူကြီးမိဘများလည်း တကယ်ရှိသေးသည်လား။
အကယ်၍ ထိုအရာများသာ မုန့်မိသားစုတွင်မဖြစ်ခဲ့ပါလျှင် ချီယန်ရှန့်၏ လူကြီးမိဘများသည် အမှန်တကယ် တာဝန်မဲ့လွန်းသည်ဟု လင်းရုဖေး ခံစားရပေလိမ့်မည်။ သို့သော် ယခုအချိန်တွင် ဖုံးကွယ်ထားသည့်ကိစ္စတစ်ခုရှိနေသည်ဟု သူခံစားရသည်။
ချီယန်ရှန့်သည် သူထင်သလောက် မရိုးရှင်းသည့်အပြင် သူ့နာမည်သည်လည်း အလားတူပင်။
သို့သော် ချီယန်ရှန့်က ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ့ရယ်သံက တုနှိုင်းမရလောက်အောင်ကျယ်လောင်နေပြီး လှိုက်လှိုက်လှဲလှဲရယ်မောနေခြင်းကြောင့် သူ ခါးကိုတောင် ကွေးထားရသည်။
သူက စားပွဲကိုရိုက်လိုက်ပြီးနောက် ကျယ်လောင်စွာပြောလာ၏။
“ကောင်းလိုက်တဲ့မေးခွန်း မေးခွန်းကောင်းပဲ လင်းကုန်းဇီ မင်းရဲ့မေးခွန်းက တကယ်ကို အံ့သြစရာကောင်းတယ်"
သူ့အသံသည် ကျယ်လောင်နေရာမှ တဖြည်းဖြည်းတိုးလျသွားသည်။
“ဘယ်သူမှ ကျွန်တော်ကို ဒီအကြောင်း ထပ်မမေးတော့ရင် ကျွန်တော်ဖြင့် မေ့လုနီးပါးတောင်ဖြစ်တော့မယ်ရယ်"
လင်းရုဖေးက မေးလိုက်သည်။
"ဘာကို မေ့နေတာလဲ"
ချီယန်ရှန့် ပြန်ဖြေသည်။
“ကျွန်တော်နာမည်လေ"
လင်းရုဖေးက နားလည်သည့်အကြည့်ကို ဖော်ပြလိုက်သည်။ အမှန်တကယ်ပင် ၎င်းသည် ချီယန်ရှန့်၏အမည်ရင်း မဟုတ်ပေ။
ချီယန်ရှန့်က သက်ပြင်းချလိုက်ပြီး "လင်းကုန်းဇီ မင်း ဘာလို့ အလျင်စလို ထွက်သွားချင်နေတာလဲ ညက စောပါသေးတယ် ကျွန်တော်တို့ စကားပြောဖို့ အချိန်ရပါသေးတယ်"
ထို့နောက် လင်းရုဖေးက ပြန်လှည့်ပြီး ချီယန်ရှန့်၏ရှေ့တွင် ပြန်၀င်ထိုင်လိုက်သည်။ တခဏမျှ တုံ့ဆိုင်းသွားခြင်းနောက်တွင် လေထုသည် အနည်းငယ် တင်းမာလာကြောင်း သူ(LRF) ခံစားမိသည်။ သူက သေရည်ကောင်းကောင်းတစ်အိုးကို သိုလှောင်လက်စွပ်ထဲမှ ထုတ်ကာ စားပွဲပေါ်တင်လိုက်သည်။
ချီယန်ရှန့်က သေရည်ကိုမြင်သည့်အခါ ပြုံးပြီး ခွက်ထဲသို့ ရုတ်တရက် လောင်းထည့်လိုက်ပြီးနောက် တစ်ခါတည်းမော့ချပစ်လိုက်သည်။
“ကောင်းလိုက်တဲ့သေရည်"
လင်းရုဖေး : “ဒီသေရည်က သဘာဝအရသာအတိုင်းရှိတဲ့ သေရည်ကောင်းလေ"
ချီယန်ရှန့်က ဆက်ပြောလာသည်။
“သေရည်ကောင်းတစ်ခုကို ဇာတ်လမ်းကောင်းတစ်ခုနဲ့အတူ ဖြည့်စွက်ပေးသင့်တာပေါ့”
သူက ထိုင်ခုံနောက်ကျောသို့မှီချကာ ပျင်းရိငြီးငွေ့နေသော ကိုယ်ဟန်အနေအထားဖြင့်နေလိုက်ချိန်တွင် သူ့မျက်ခုံးကြားရှိ မောက်မာမှုများက ပျောက်ကွယ်သွားပြီး အဘိုးအိုတစ်ယောက်လို တည်ငြိမ်နက်နဲလာ၏။
"ယွင်ရှန်းရဲ့တောင်ဘက်မှာ ဝူယွီ[3] လို့ခေါ်တဲ့နေရာတစ်ခုရှိတာကို လင်းကုန်းဇီ သိလား"
{ [3] - ဝူက "စုန်း" လို့ အဓိပ္ပါယ်ရပြီး ယွီက "အကြွင်း၊ ကျန်ရှိနေသောလူးများ" လို့ အဓိပ္ပါယ်ရသည်။ }
လင်းရုဖေး: “သိတယ်"
ထိုနေရာသည် ၎င်း၏ စုန်းအတတ်ပညာကြောင့် ကျော်ကြားပြီး တစ်ချိန်က ရှေးခေတ်စုန်းမကြီးနှစ်ယောက်ကို မွေးထုတ်ပေးခဲ့ဖူးသည်။ ယခုအခါ အရင်ကလောက် ဂုဏ်သတင်းမကြီးတော့သော်လည်း ယခုအချိန်ထိ ရှုပ်ထွေးမှုများနှင့်ပြည့်နှပ်နေသေးသည့် နေရာတစ်ခုဖြစ်နေတုန်းပင်။ လမ်းဘေး၌ရုတ်တရက်တွေ့ရှိသည့် လူဆယ်ဦးတွင် ကိုးဦးသည် စုန်းအတတ်ပညာကို ကျွမ်းကျင်ကြပြီး ၎င်းတို့ထဲမှတစ်ဦးက ရူးနေသောကလေးလေးတစ်ယောက်ပင်ဖြစ်နိုင်နေသေးသည်ဟု ဆိုကြ၏။
"အဲဒါက ကျွန်တော်မွေးရပ်မြေပဲ"
ချီယန်ရှန့်ကဆက်၍ဆိုသည်။
"ဝူယွီအတွင်းမှာ တုနှိုင်းမရအောင် စုန်းအတတ်ကိုကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်တဲ့ မိသားစုတစ်ခုရှိတယ် နောက်ပြီး သူ့ကလေးတွေအားလုံးကလည်း စုန်းပညာကို ကျွမ်းကျင်ကြတယ် သူတို့အားလုံးက စွမ်းအားကြီးတဲ့သူတွေပဲ လင်းကုန်းဇီ သူတို့မိသားစုရဲ့မျိုးရိုးနာမည်က ဘာလဲ ခန့်မှန့်ကြည့်ပါလား"
ခန့်မှန်းဖို့ လိုသေးလို့လား။ ထုံးစံအတိုင်း သူတို့မျိုးရိုးနာမည်က ချီပဲပေါ့ ဟု လင်းရုဖေး တွေးလိုက်သည်။
ချီယန်ရှန့်သည်လည်း လင်းရုဖေးအဖြေကို စောင့်ဆိုင်းမနေပေ။
“ဒါပေမယ့် ချီမိသားစုမှာ စည်းကမ်းရှိတယ် သူတို့ ဝူယွီက ထွက်သွားတာနဲ့ သူတို့ရဲ့ အမည်ရင်းကို သုံးခွင့်မရှိဘူး စုန်းတစ်ယောက်အတွက် သူတို့ရဲ့နာမည်ရင်းက အရမ်းအရေးကြီးတယ် အဲဒါကို အပြင်လူတွေ သိသွားရင် သေချာပေါက် ဒုက္ခရောက်လိမ့်မယ်"
ချီယန်ရှန့် မည်သည်ကိုဆိုလိုကြောင်း လင်းရုဖေး နားလည်ထားပြီးဖြစ်သည်။ သူက ဝူယွီမှ စုန်းတစ်ယောက်ဖြစ်ပြီး သူ့နာမည်ကို ယန်ရှန့်ဟု ပြောင်းလဲခဲ့သည်။
၎င်းက အရမ်းကိုပြောင်ပြောင်တင်းတင်းနိုင်လွန်းပြီး မုန့်မိသားစုသည် ချီယန်ရှန့်၏ဝိသေသလက္ခဏာကို သိပြီးသားဖြစ်ကောင်းဖြစ်နိုင်၏။
မျှော်လင့်ထားသလိုပင် ချီယန်ရှန့်က ဆက်ပြောလာသည်။
"ဟုတ်တယ် မုန့်မိသားစုက ကျွန်တောဘယ်ကလာလဲဆိုတာ သိတယ် တကယ်တော့ ကျွန်တော်က သူတို့ဖိတ်ကြားတာခံထားရတဲ့လူလေ"
လင်းရုဖေးကမေးမြန်းလိုက်သည်။
"ဖိတ်ကြားခံထားရတာလား"
ချီယန်ရှန့်က မထူးဆန်းဟန်ဖြင့် ဆက်ပြောလာသည်။
“မဟုတ်ရင် ကျွန်တော်က သူတို့မိသားစုရဲ့ ဂုဏ်သရေရှိဧည့်သည်လို့ မုန့်လန်ရောက ဘာလို့ အမြဲပြောနေမှာလဲ"
လင်းရုဖေးသည် အချို့အရာများကို ယောင်ဝါးဝါး မှန်းဆထားမိပြီးပြီဖြစ်သော်လည်း မှန်းဆချက်မှာ အလွန်ထူးဆန်းပြီး ကျိုးကြောင်းမဆီလျှော်ဖြစ်နေသောကြောင့် ၎င်းသည် သူ့ကိုယ်တိုင်ကပဲ ထင်ယောင်ထင်မှားဖြစ်နေခြင်းလားဟု မတွေးမိဘဲမနေနိုင်အောင်ပင်။
"မုန့်မိသားစုက ကျွန်တော်ကို တစ်ခုတောင်းဆိုခဲ့တယ်"
ချီယန်ရှန့်ကဆိုသည်။
"ဒါကြောင့် ကျွန်တော် ဒီမှာ ဆယ်နှစ်နေခဲ့တယ် နောက်ပြီး ကျွန်တော်နာမည်အရင်းကို ဖယ်ရှားပြီး ယန်ရှန့်ဆိုတဲ့ နာမည်ကို ယူလိုက်တယ်"
သူက နောက်တစ်ခွက်သောက်ပြီးနောက် ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
"မုန့်မိသားစုက မဆိုးပါဘူး ကျွန်တော်ကို အရမ်းကြီးမပျင်းရအောင်လုပ်ပေးတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့သူတွေလည်း အမြဲရှိတယ်"
လင်းရုဖေးက တုန့်ဆိုင်းသွားပြီး "မုန့်မိသားစုရဲ့ တောင်းဆိုချက်က သခင်ငယ်လေးနဲ့ သက်ဆိုင်မှုရှိနေတာလား"
ချီယန်ရှန့်က သူ့မျက်လုံးများကို ပင့်ကာ လင်းရုဖေးကို တည့်တည့်စိုက်ကြည့်လိုက်သည်။
“လင်းကုန်းဇီ မုန့်လန်ရောက သူငယ်ချင်းလို့ ခေါ်နိုင်တဲ့သူ များများစားစား မရှိဘူးဆိုတာ မင်းသိထားသင့်တယ် မင်းက သူ့ရဲ့တစ်ဦးတည်းသော သူငယ်ချင်းပဲ"
လင်းရုဖေးက အေးစက်စွာပြောလိုက်၏။
"ကျွန်တော်သာ သူ့သူငယ်ချင်းမဟုတ်ရင် ဘာလို့ဒီမှာထိုင်ပြီး မင်းနဲ့အတူ အဓိပ္ပါယ်မရှိတာတွေကို အချိန်အကြာကြီး ပြောနေရမှာလဲ"
ထိုစကားကိုကြားပြီးနောက် ချီယန်ရှန့်သည် သူ့ပြောသည့်အထဲတွင် စစ်မှန်မှုတချို့ရှိသည်ဟု အမှန်တစ်ကယ် ခံစားလိုက်ရသည့်အတွက် သူက ခေါင်းညိတ်လိုက်သည်၊ စစ်မှန်မှု 'အမှန်တကယ်ပင်' ရှိနေပေ၏။
သူ့လက်ကို မြှောက်ကာ နောက်တစ်ခွက်ကို သောက်လိုက်ပြီး “မင်း ခန့်မှန်းတာ မှန်တယ် ကျွန်တော် မုန့်အိမ်တော်ကို လာရတဲ့အကြောင်းအရင်းက မုန့်မိသားစုရဲ့ သခင်ငယ်လေးနဲ့ သေချာပေါက် ဆက်စပ်နေတယ် အဲဒီအချိန်တုန်းက သူက ကျွန်တော်ခါးကိုတောင် မမှီသေးတဲ့ ကလေးလေးပဲ... ...အခုကထက်စာရင် သူက ပိုပြီးချစ်စရာကောင်းတယ်”
သူ့အပြုံးသည် ကြင်နာတတ်သော အဖိုးအိုတစ်ယောက်ကဲ့သို့ဖြစ်နေပြီး လင်းရုဖေးက ထူးဆန်းသလို ခံစားနေရ၏။
"မင်း မုန့်လန်ရောကို သားတစ်ယောက်လိုမျိုး လုယူချင်နေတာလား" လင်းရုဖေးက မေးလိုက်သည်။
ချီယန်ရှန့်က ပြန်တွေးတောလိုက်ပြီးနောက် “သားတစ်ယောက်လိုတော့ မဟုတ်ဘူး ဒါပေမယ့် သူက လုယူခံရဖို့တော့ ထိုက်တန်ပါတယ် နောက်ဆုံးတော့ သူကြီးပြင်းလာတာကို ကျွန်တော်စောင့်ကြည့်နေခဲ့ရတာလေ... ..."
လင်းရုဖေးကမေးသည်။
"အဲဒီ မီးပုံးနဲ့ ရွံရှာဖွယ်အောင်နိုင်ခြင်းရဲ့ စွမ်းရည်ကြားက ဆက်နွယ်မှုက ဘာလဲ"
ချီယန်ရှန့်သည် သူ့ခေါင်းကို ခါယမ်းလိုက်ပြီးနောက် ၎င်းသည် သာမန်မီးပုံးတစ်ခုပဲဟုသာ ပြောလာသည်။ ဝမ်းနည်းပူဆွေးမှုအနေနှင့်သာ လွှတ်တင်ခဲ့ခြင်းပင်။ ယင်းမှလွဲပြီး တခြားအသုံး၀င်ခြင်းမရှိပေ။
ထိုအရာက အမှန်တကယ်ကို ယုတ္တိမတန်ပေ၊ မုန့်လန်ရော အသက်ရှင်နေသေးသည်မှာ သိသာသည်။ သို့သော် ချီယန်ရှန့်က မီးပုံးကို ဝမ်းနည်းပူဆွေးမှုအတွက် အသုံးပြုခဲ့သည်။ လင်းရုဖေး၏လက်ချောင်းများက စားပွဲပေါ်ကို ညင်သာစွာ ပုတ်လိုက်ပြီးနောက် အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်။
မုန့်အိမ်တော်သည် အမှန်တကယ် ဧည့်သည်အသစ်များကို မကြိုဆိုသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း ချီယန်ရှန့်က အကြောင်းအရာဆက်စပ်မှုမရှိသည့် စကားကိုဆက်ပြောလာသည်။ သခင်မကြီးနှင့် သခင်ကြီးတို့သည် သတိကြီးစွာထားတတ်သည့်သူများဖြစ်ပြီး ဤနေရာသည် သာမန်လူများ ဝင်ရောက်နိုင်သည့်နေရာမျိုးမဟုတ်ပေ။ ထို့အပြင် ထင်ရှားသောသခင်လေးတစ်ယောက်ကဲ့သို့သော လင်းရူဖေးသာလျှင် မုန့်လန်ရောနှင့် နီးကပ်စွာ နေနိုင်ပေသည်။ သို့သော် ကမ္ဘာပေါ်တွင် ထင်ရှားသော သခင်ငယ်လေးများ အများကြီးရှိသော်လည်း နီးနီးကပ်ကပ်နေနိုင်သူ အများကြီးမရှိပေ... ...။
လင်းရုဖေး : "နီးကပ်တာလား"
ချီယန်ရှန့်ကမေးသည်။
"မင်းမှာ ချီဓားရဲ့ အမှတ်အသားမရှိဘူးမလား"
လင်းရုဖေးကဖြေသည်။ "အင်း"
ချီယန်ရှန့်က အသံနက်နက်ဖြင့် "ဒါကြောင့်ပဲ မင်းက မုန့်လန်ရောရဲ့ သူငယ်ချင်း ဖြစ်နိုင်တာ"
လင်းရုဖေး သူ့နှုတ်ခမ်းကို တစ်ချက်ကိုက်လိုက်မိပြီးမှ “မုန့်လန်ရော... ... သူ... ...”
စကားလုံးများသည် သူ့နှုတ်ခမ်း၀သို့ရောက်လာသော်လည်း ပြောနိုင်စွမ်းမရှိပေ။ သူက အံတင်းတင်းကြိတ်ပြီး သူ့အရှေ့တွင်ရှိသောသေရည်ခွက်ကို မော့ချလိုက်သည်။ သေရည်က အရမ်းပြင်းလွန်းပြီး သိပ်မကြာခင်မှာပင် အနီရောင်အလွှာပါးတစ်ခုက သူ့မျက်နှာကို ဖုံးလွှမ်းသွားသည်။
သူ့အသံက အနည်းငယ်ခက်ထန်နေပြီး နောက်ဆုံးတွင် ထိုစကားများကို ထုတ်ပြောလိုက်သည်။
"မုန့်လန်ရော သေသွားပြီလား"
ချီယန်ရှန့်သည် သတိထားမိရုံလောက်သာ ခေါင်းညိတ်မပြခင်အထိ နှုတ်ဆိတ်နေခဲ့၏။
လင်းရုဖေးက အားနည်းသွားသည့်အခိုက်အတန့်ကို ခံစားလိုက်ရသည်။ ချီယန်ရှန့်၏စကားများသည် မုန့်အိမ်တော်ရှိ အဖြစ်အပျက်များကို သွယ်ဝိုက်ပြောနေသော်လည်း လင်းရုဖေးက သူ၏လျှို့ဝှက်ထားသောအဓိပ္ပါယ်ကို မှန်းဆနိုင်နေပင်။ အမှန်တရားသည် အလွန်ရယ်စရာကောင်းသော်လည်း၊ ချီယန်ရှန့်သာ မလိမ်ခဲ့ပါလျှင် အဖြေတစ်ခုသာ ကျန်ရှိတော့သည်။
မုန့်လန်ရောသည် သေဆုံးသွားခဲ့ပြီးဖြစ်၏။ သူသေဆုံးသွားသောကြောင့် မုန့်မိသားစုသည် ချီယန်ရှန့်ကို ရှာဖွေရန် ဝူယွီသို့သွားခဲ့ပြီး မုန့်မိသားစုထံ ဖိတ်ကြားခဲ့သည်။
လင်းရုဖေးသည် သေဆုံးခြင်းမှ ပြန်လည်ရှင်သန်ထမြောက်လာသောပုံပြင်များစွာကို ကြားသိခဲ့ရဖူးပြီး သေဆုံးခြင်းကို ထိန်းသိမ်းထားရန် နည်းလမ်းတချို့ရှိသည်ကို သိသော်လည်း အဆိုပါနည်းလမ်းများအားလုံးအတွက် ပေးဆပ်စွန့်လွှတ်ရမည့်ပမာဏမှာလည်း ကြီးပေသည်။
ဆယ်ကျော်သက်လေး မုန့်လန်ရောသည် ကွယ်လွန်သွားခဲ့ပြီးဖြစ်သောကြောင့် ယခု မုန့်အိမ်တော်တွင် အလိုလိုက်ခံထားရသော သခင်ငယ်လေးသည်ကား မည်သူနည်း။
"သူကလည်း မုန့်လန်ရောပဲ"
ချီယန်ရှန့်သည် လင်းရုဖေး၏ ရှုပ်ထွေးမှုကို အဖြေထုတ်ပေးလိုက်သည်။
"သူ့မှာ မုန့်လန်ရောရဲ့ ဝိညာဉ်သုံးပါးနဲ့ စိတ်ဝိညာဉ်ခုနစ်ပါး[4] ရှိနေသေးသရွေ့ သူ့ခန္ဓာကိုယ်က ဘယ်လိုပဲဖြစ်နေဖြစ်နေ သူက မုန့်လန်ရော ဖြစ်နေတုန်းပဲ"
သူက မုန့်မိသားစု၏သခင်ငယ်လေး ဖြစ်နေဆဲပင်။
{ [4] - တာအိုလောကတွင် ထာဝရအသက်ရှင်နိုင်သော ဝိညာဉ်သုံးမျိုးနှင့် ထာဝရအသက်မရှင်နိုင်သော စိတ်ဝိဥာဏ်ခုနစ်မျိုး၊ လူတစ်ယောက်၏ ရုပ်နှင့်နာမ် ခွဲခြားခြင်းဟူ၍ရှိ၏။ }