Chapter 59
လင်းရုဖေးက နားလည်နိုင်ရန် အနည်းငယ် ခက်ခဲနေသည်။
ချီယန်ရှန့် : "ကျွန်တော်မှာ လွတ်လွတ်လပ်လပ် ပြောပိုင်ခွင့်မရှိတဲ့ အရာတွေရှိတယ် တစ်ချို့အရာတွေကို မင်းကိုယ်တိုင် ခန့်မှန်းသင့်တယ်"
သူက ပခုံးကိုတွန့်ကာ ရယ်မောလိုက်ပြီး "ဒီအရာတွေကို မင်း မသိတာ ပိုကောင်းတယ်လို့ ထင်ရပေမယ့် နောက်ဆုံးမှာတော့ မုန့်လန်ရောက မင်းကို သူငယ်ချင်းအဖြစ် ဆက်ဆံပေးခဲ့တယ် မင်းက သူငယ်ချင်းတစ်ယောက်ဖြစ်တာကြောင့် မင်းလည်း သူ့ကို အဲဒီအတိုင်း ထပ်တူ ဆက်ဆံပေးသင့်တယ်"
လင်းရုဖေးသည် ချီယန်ရှန့်မှပေးသော အချက်အလက်ကို အနည်ထိုင်နိုင်စေရန် နောက်တစ်ခွက်ထပ်သောက်လိုက်သည်။
လွန်ခဲ့သော ဆယ်နှစ်ကျော်က မုန့်အိမ်တော်၏ မုန့်လန်ရောသည် ရုတ်တရက် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ပုံမှန်မဟုတ်စွာ သေဆုံးခဲ့သည်။ ယင်းကြောင့် မုန့်မိသားစုသည် ဝူယွီမှ ချီယန်ရှန့်ကို ဖိတ်ကြားခဲ့သည်။ ရွံရှာဖွယ်အောင်နိုင်ခြင်း၏စွမ်းရည်ဖြင့် သူက မုန့်မိသားစုရဲ့ သားငယ်လေး၏ ဝိညာဉ်သုံးပါးနှင့် စိတ်ဝိညာဉ်ခုနစ်ပါးကို ထိန်းသိမ်းထားပေးခဲ့ပြီး မုန့်လန်ရော၏အသက်ကို ထိန်းသိမ်းထားရန်အတွက် အခြားခန္ဓာကိုယ်တစ်ခုတွင် ချိတ်ပိတ်ပေးထားခဲ့သည်။
"အဲဒီခန္ဓာကိုယ်က... ..." လင်းရုဖေးက တစ်ချက်တွေးတောပြီးနောက် မေးလိုက်သည်။
ချီယန်ရှန့်က ရယ်လိုက်ပြီး "လင်းကုန်းဇီ ဒီကိစ္စအတွက် စိတ်ပူစရာ မလိုပါဘူး ဒီခန္ဓာကိုယ်က လူ့ခန္ဓာကိုယ် မဟုတ်ဘူး မြက်နဲ့သစ်သား ပေါင်းစပ်ပြုလုပ်ထားတဲ့အပြင် အမြင်အာရုံကိုလှည့်စားဖို့အတွက် မန္တာန်ကိုထည့်သွင်းပေးထားတယ် ဒါပေမဲ့ မန္တာန်က အရမ်းအစွမ်းထက်လွန်းတာမို့လို့ အဆင့်ရှစ် ဒါမှမဟုတ် အဲ့ထက်မြင့်တဲ့ ကျင့်ကြံသူတွေပဲ မြင်နိုင်တယ်”
သူက တစ်ဖန် အကူအညီမဲ့နေဟန်ဖြင့် "ဒါပေမယ့် ဒီခန္ဓာကိုယ်က တကယ်ကို ပျက်စီးဖို့လွယ်ပြီး ချီလင်မြက်နဲ့ပဲ ထိန်းသိမ်းထားနိုင်တာမို့လို့ မုန့်အိမ်တော်တစ်ခုလုံးမှာ... ...မဟုတ်ဘူး ရှင်းကျိုးမြို့တစ်ခုလုံး နေရာတိုင်းမှာ ချီလင်မြက်တွေ ထားရှိထားတာ"
လင်းရုဖေးက သတိပြုမိသွားပြီး “ဒါကြောင့်ကိုး”
"ဒါပေမယ့် ဒီကလေးက အရမ်းကို ပြောစကားနောင်မထောင်ဘူး၊သူက ရှင်းကျိုးမြို့မှာ နာနာခံခံနဲ့ မနေချင်ဘူး"
ချီယန်ရှန့်သည် မုန့်လန်ရောအကြောင်း စပြောသောအချိန်တွင် သူ့လေသံထဲတွင် ကူကယ်ရာမဲ့မှုများ ပါဝင်နေပြီး "သူ ထွက်ပြေးဖို့ အကြိမ်ကြိမ် ကြိုးစားတယ် သူ ဖမ်းမိပြီး ပြန်ခေါ်လာခံရတာ ကံကောင်းတယ် မဟုတ်ရင် သူ အမှားကြီးကြီးမားမားတစ်ခုကို လုပ်မိသွားလိမ့်မယ်”
ကောင်းကင်ယံ၌ ဓားဖြင့် တိုက်ခိုက်ရန်ဟူသည့် မုန့်လန်ရော၏အိပ်မက်ကို လင်းရုဖေး သတိရသွားသည်။ ထိုအိပ်မက်သည် မည်သည့်အခါမျှ အကောင်အထည်ဖော်နိုင်တော့မည် မဟုတ်ပေ။ သို့သော် ချီယန်ရှန့်သည် မုန့်လန်ရောကို ဆန့်ကျင်၍ မည်သည်ကိုမျှမပြုလုပ်ထားကြောင်း သိလိုက်ရသဖြင့် လင်းရုဖေး စိတ်သက်သာရာ ရသွားသည်၊ မဟုတ်ပါလျှင် ကုယွီကို အမှန်တကယ် ဆွဲထုတ်ပြီး ဤချီယန်ရှန့်ကို ရိုက်နှက်မိပေလိမ့်မည်။
လူအချို့သည် ဖြူစင်ပြီး အပြစ်ကင်းသော နှလုံးသားဖြင့် မွေးဖွားလာကြသည်။ သူတို့၏ အမူအရာနှင့် အပြောအဆိုတို့သည် အလွန်နှစ်သက်ဖွယ်ရှိပြီး မုန့်လန်ရောသည် ထိုကဲ့သို့သောလူမျိုးဖြစ်၏။
လင်းရုဖေးသည် သူနှင့် အကြာကြီး မနေခဲ့ရသော်လည်း သူ(LYF)သည် သူ့(MLY)ကို သူငယ်ချင်းအဖြစ် အမှန်တကယ် သတ်မှတ်ထားပေသည်။ မဟုတ်ပါလျှင် သူက မုန့်အိမ်တော်တွင် ဖြစ်ပျက်လာမည့်အရာအားလုံးကို လျစ်လျူရှုပြီး ထွက်ခွာသွားလို့ရပေသည်။
"ရှောင်ယွီအကြောင်းကရော သူ့အခြေအနေက ဘယ်လိုလဲ"
လင်းရုဖေး ၎င်းကို တွေးမိပြီး ဆက်မေးလိုက်သည်။
“ရှောင်ယွီရဲ့ သေဆုံးမှုက မင်းနဲ့ တစ်ခုခုတော့ သက်ဆိုင်မှုရှိတယ် ဟုတ်တယ်မလား"
ချီယန်ရှန့်သည် ရှောင်ယွီဆိုသည့် နာမည်ကို ကြားလိုက်ရချိန်တွင် သူ့မျက်နှာက အနည်းငယ် မသက်မသာ ဖြစ်လာလိမ့်မည်ဟု မည်သူကထင်ထားလမ့်မည်နည်း။
“သူမက... ...ဒါ... ..."
လင်းရုဖေး မေးလိုက်သည်။ "ဘာလဲ"
မုန့်လန်ရောက လူသေတစ်ယောက်ဖြစ်ကြောင်း လျှို့ဝှက်ချက်ကို ဖော်ထုတ်ခံသည့်အချိန်ထက်ပင်၊ ထိုချီယန်ရှန့်သည် ရှောင်ယွီအကြောင်းကို စပြောလာချိန်တွင် စကားတခွန်းမှ မပြောဘဲ အတန်ကြာအောင် အထစ်ထစ်အငေါ့ငေါ့ဖြစ်နေခဲ့သည်။
လင်းရုဖေးသည် စိတ်မရှည်တော့သဖြင့် ရိုးရိုးရှင်းရှင်းသာ မှန်းဆလိုက်သည်။
"မုန့်လန်ရောက ရှောင်ယွီကို ချစ်မိသွားပြီး ရှင်းကျိုးမြို့ကနေ သူမကို ခေါ်ထုတ်သွားချင်တယ်လို့ ပြောခဲ့တာကြောင့်မလား အဝေးတစ်နေရာမှာ ဓားရေးယှဥ်ပြိုင်ချင်တာကြောင့်မလား"
ချီယန်ရှန့်က ခေါင်းညိတ်လိုက်သည်။
"ပြီးတော့ ဒါကြောင့်ပဲ မင်း ရှောင်ယွီကို သတ်လိုက်တာလား"
လင်းရုဖေးက မျက်မှောင်ကြုတ်လိုက်ပြီး "သူမက မုန့်လန်ရောချစ်တဲ့ မိန်းကလေးဖြစ်နေတာကို မပြောနဲ့ဦး သူမက သူချစ်တဲ့မိန်းမ မဟုတ်ဘူးဆိုရင်တောင် ဒါက လူ့အသက်တစ်ချောင်းပဲ မင်းက အကြောင်းပြချက်ကောင်းကောင်းမရှိဘဲ လူ့အသက်ကို နှုတ်ယူခဲ့တာပဲ"
ချီယန်ရှန့်က ပြန်ဖြေလိုက်သည်။
"ကျွန်တော် ဘာမှမတတ်နိုင်ခဲ့ဘူး မုန့်မိသားစုရဲ့ သခင်ငယ်လေးက ရှောင်ယွီကိုသွားရှာတဲ့အခါ သူ့မှာ ပိုက်ဆံတွေ ပြင်ဆင်ထားပြီးသားဆိုတာ မင်းမသိပါဘူး သူ့မှာ တစ်နေရာရာကနေ ခိုးယူထားတဲ့ နေရာကူးပြောင်းနိုင်တဲ့မှော်ကျောက်တုံးလည်း ရှိတယ် အဲဒီမှော်ကျောက်တုံးသာ အသက်ဝင်သွားရင် သူတို့ကို ချက်ချင်း အဝေးကို ပို့ပေးလိမ့်မယ် သူသာ တကယ်အောင်မြင်သွားပြီး ကျပန်းနေရာတစ်ခုခုကို အကူးပြောင်းခံလိုက်ရရင် ဘယ်သူမှ သူ့ကို ကယ်တင်နိုင်တော့မှာမဟုတ်ဘူး"
လင်းရုဖေး : “ဒီလိုမှော်ကျောက်တုံးမျိုး ဘယ်လိုလုပ်ရှိနေနိုင်တာလဲ"
"တကယ်ရှိတယ်"
ချီယန်ရှန့်သည် ခါးသီးစွာဖြင့်ဆို၏။
"မဟုတ်ရင် ကျွန်တော် ဒီမှာ ရှိနေမှာမဟုတ်ဘူး"
ယင်းကြောင့် ရှောင်ယွီ၏အသက်ကို သတ်ရန် ရူးသွပ်သောနည်းလမ်းတစ်ခုသာကျန်ရှိပြီး ယခုလက်ရှိတွင် ဝမ်းနည်းပူဆွေးနေသော မုန့်လန်ရောကို မည်ကဲ့သို့နှစ်သိမ့်ရမည်ကို သူ မသိတော့ပေ။ သို့သော် ဤရူးသွပ်သောနည်းလမ်းကိုသာ အသုံးမပြုပါလျှင် မုန့်လန်ရော၏ ဝိညာဉ်သုံးပါးနှင့် စိတ်ဝိညာဉ်ခုနစ်ပါးတို့သည် ပြန့်ကျဲပြီး ပျောက်ကွယ်သွားမည်ကို သူစိုးရိမ်မိသည်။
"အင်း...အဲဒီမိန်းကလေးရှောင်ယွီအတွက်တော့ သနားစရာပဲ...သူမက ကံမကောင်းတဲ့မိန်းကလေးပဲ"
မုန့်လန်ရော သူ့ကို ပြောခဲ့ဖူးသည်ကို လင်းရုဖေး သတိရမိသည်။ ဖြစ်နိုင်သည်မှာ ရှောင်ယွီ ဤနေရာကို မရောက်မီတွင် သူမက အခက်အခဲများစွာကို ခံစားခဲ့ရပုံပင်။ မူလ၌ သူမနှင့်မုန့်လန်ရောတို့သည် တစ်ယောက်နှင့်တစ်ယောက် ချစ်ကြိုးသွယ်မိခဲ့ကြပြီး လာမည့်နေ့ရက်များမှာ ပိုမိုကောင်းမွန်လာသင့်သော်လည်း ထိုသို့သော မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပေသည်။
ချီယန်ရှန့်သည် လင်းရုဖေး၏သနား၀မ်းနည်းနေသောမျက်နှာကိုကြည့်ပြီး အကြိမ်ပေါင်းများစွာ တစ်ခုခုပြောချင်နေသော်လည်း အဆုံးတွင်သူ့ကိုယ်သူ ရပ်တန့်ပစ်လိုက်သည်။
လင်းရုဖေးသည် သူ့အမူအရာကို ရှက်ကြောက်နေခြင်းသာဖြစ်မည်ဟု တွေးလိုက်ကား သိပ်ပြီး ထွေထူးမစဉ်းစားနေတော့ပေ။ မိန်းကလေးရှောင်ယွီအတွက် ကောင်းမွန်သောသင်္ချိုင်းတစ်ခုကိုရှာပြီး သဘောထားကြီးစွာ မြေမြှုပ်သင်္ဂြိုဟ်ပေးရန်ကိုသာ ချီယန်ရှန့်ကို သတိပေးလိုက်၏။
ချီယန်ရှန့်ကယင်းကိုကြားလိုက်ရချိန်တွင် သူ့အမူအရာက အနည်းငယ်ရှုပ်ထွေးသွားလိမ့်မည်ဟု မည်သူကထင်မည်နည်း။ လင်းရုဖေး မေးလိုက်သည့်အခါ အနှီလူသည် အတော်လေးကို စိတ်ရှုပ်ဖို့ကောင်းကြောင်း သိလိုက်ရသည်။ သူက မိန်းကလေးရှောင်ယွီ၏အလောင်းကို ဆယ်ယူပြီးနောက် မီးရှို့ပစ်ခဲ့ပေသည်။
"မင်း အရမ်းလွန်သွားပြီ ရှောင်ယွီက အပျော်မယ်ဂေဟာက အမျိုးသမီးတစ်ယောက်ဖြစ်ပေမဲ့ သူမက မုန့်လန်ရောအပေါ် ဘာအမှားမှ မလုပ်ခဲ့ဘူး မင်းမှာ လူတစ်ယောက်ရဲ့အသက်ကို သတ်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိခဲ့ဘူး ဟုတ်ပြီ ငါနားလည်ပေးနိုင်တယ် ဒါပေမယ့် မင်း...အလောင်းကို ဒီတိုင်းလေးတောင် ဘယ်လိုလုပ် မထားထားရတာလဲ"
လင်းရုဖေးက မျက်မှောင်ကြုတ်လိုက်သည်။ သူက ချီယန်ရှန့်ကိုကြည့်ရင်း အခုလေးတင် သူ့အပေါ် ကောင်းသည့်ထင်မြင်ချက်များအားလုံးသည် လေနှင့်အတူ ပျောက်ကွယ်သွားသလို ခံစားလိုက်ရ၏။
လင်းရုဖေး၏ အပြစ်တင်ခြင်းကို ခံနေရသည့် ချီယန်ရှန့်သည် သူ့တွင် ပြောစရာမရှိဘူးဟူသည့် အမူအရာတစ်ခုသာ ဖော်ပြထားသည်။ သူက သေရည်ကိုသာဆက်သောက်နေပြီး အလွန်အကျွံသောက်မိ၍လား မသိ၊ မာနကြီးပြီးချောမောသော သူ့မျက်နှာက မကြာခင်မှာပင် နီရဲတွတ်လာသည်။
လင်းရုဖေး ပြစ်တင်ရှုံ့ချချင်နေသေးသည်ကို တွေ့လိုက်ရသောကြောင့် ချီယန်ရှန့်က စာနာစိတ်ထားပေးရန် အလျင်စလို တောင်းပန်လာ၏။
"လင်းကုန်းဇီ လင်းကုန်းဇီ ကျေးဇူးပြုပြီး သနားပါ ကျေးဇူးပြုပြီး သနားပါဦး ကျွန်တော်မှားမှန်း သိပါတယ် သူမကို မီးရှို့သင်္ဂြိုဟ်ပြီးတော့ သူမအတွက် သင်္ချိုင်းကျောက်တိုင်ကိုလည်း ကျွန်တော်ရွေးပေးထားပြီးပါပြီ"
လင်းရုဖေးက သူ့ကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။
“ဒါက ကျွန်တော် မှန်မှန်ကန်ကန် မလုပ်ခဲ့တာကြောင့်ပါ ဒါ ကျွန်တော်အပြစ်ပဲ ကျွန်တော်ကို စိတ်ရှုပ်စရာကောင်းတဲ့ လူလို့ပဲ တွေးထားလိုက်ပါ"
ချီယန်ရှန့်သည် သူ့ခွက်ကို မြှောက်ကာ နောက်ဆုံး သေရည်အနည်းငယ်ကို ပါးစပ်ထဲသို့ လောင်းချပြီးနောက် ခါးသက်စွာ ရယ်မောလိုက်ပြီး “လူတွေက အပြစ်ကင်းစင်တဲ့ ပညာရှိတွေ မဟုတ်ဘူး"
စကားများက ထိုနေရာအထိ ရောက်သွားပြီဖြစ်သောကြောင့် လင်းရုဖေးလည်း တခြားဘာမှ မပြောနိုင်တော့ပေ။ ဆွေမျိုးမရှိ သူငယ်ချင်းမရှိသော ရှောင်ယွီသည် တိုင်းတစ်ပါး၌ ဤကဲ့သို့ သေဆုံးခဲ့ရခြင်းကိုသာ သနားမိသည်... ...သူ ထိုကိစ္စကို တွေးတောနေစဥ်တွင် သူ့ဘေးနားမှ အသံတိုးတိုးကို လင်းရုဖေး ကြားလိုက်ရသည်။ သူ ခေါင်းလှည့်ကြည့်လိုက်သည့်အခါ ပါးစပ်ကို အုပ်ကာ ရယ်မောနေဟန်ဖြင့် ကုတင်အစွန်းတွင် လှဲနေသော ကုရွှမ်းတုကို တွေ့လိုက်ရသည်။
လင်းရုဖေးသည် သူ့ဆီသို့ စိတ်ရှုပ်စရာကောင်းလိုက်တာ ဆိုသည့်အကြည့်မျိုး တစ်ချက်ပို့ပေးလိုက်၏။
ကုရွှမ်းတုက အသာရယ်မောလိုက်ပြီး "ရှောင်ကျို့က ဘာလို့ ရုတ်တရက် တုံးအသွားရတာလဲ"
လင်းရုဖေး : "ဟမ်"
ကုရွှမ်းတု : "သူ မုန့်လန်ရောကို ဖန်တီးနိုင်ရင် အဆင့်မြင့်အပျော်မယ်ကိုရော ဖန်တီးနိုင်မလားဆိုတာ မင်း ဘာလို့ မှန်းဆမကြည့်တာလဲ"
လင်းရုဖေး : "... ..."
"ဒီအဆင့်မြင့်အပျော်မယ်မှာ သူမရဲ့ ဝိညာဉ်သုံးပါးနဲ့ စိတ်ဝိညာဉ်ခုနစ်ပါး မရှိတာ သနားစရာကောင်းတာပဲ"
ကုရွှမ်းတုသည် နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး "ဒီချီကုန်းဇီရဲ့ သူရဲကောင်းဆန်တဲ့ ဓားအကကို ကိုယ် တကယ်မြင်ချင်မိတယ်"
ထို့နောက် အရက်သောက်နေသော ချီယန်ရှန့်သည် သူနှင့်မျက်နှာချင်းဆိုင်တွင်ရှိနေသော လင်းရုဖေးက သူ့ခေါင်းကို ဖြည်းညှင်းစွာ ညှိမ့်နေသည်ကို တွေ့လိုက်ရသည်။
သူ့အမူအရာက လွန်စွာမှ ထူးဆန်းနေ၏။ မည်သူပင် ကြည့်ကြည့် သူက ရယ်ချင်နေသည်ကို ထိန်းချုပ်ထားရပုံပင်... ...။
ချီယန်ရှန့် : “... ...” သူနားလည်သွားပြီ။
****
စာရေးသူမှာ ပြောစရာရှိတယ်~
လင်းရုဖေး : ရှောင်ယွီရဲ့ဓားအကက အလွန်လှပနေတာ အံ့သြစရာမရှိပါဘူး
ကုရွှမ်းတု : လှတယ်လား
လင်းရုဖေး : ဟုတ်တယ် ကျွန်တော် မြင်ဖူးသမျှထဲမှာ အလှဆုံးပဲ။
ကုရွှမ်းတုသည် အမူအရာမဲ့စွာဖြင့် သူ့ဓါးကို ဓါးအိမ်မှ ဆွဲထုတ်လိုက်သည်။
လင်းရုဖေး : ဘာလုပ်နေတာလဲ။
ကုရွှမ်းတု : ပထမဆုံး ရှောင်ယွီကို သေအောင် အရင်ခုတ်သတ်မယ် ပြီးရင် မင်းအတွက် ဓား အက ကပေးမယ်။
လင်းရုဖေး : ………………….
.....
Translated By IQ-Team