Chapter 60
ငါက မင်းအဖေပဲ
လင်းရုဖေးသည် အချိန်အတော်ကြာအောင် ရယ်မောနေမိပြီး ချီယန်ရှန့်၏ စိတ်အနှောက်အယှက်ဖြစ်နေသည့်မျက်နှာကို မြင်လိုက်ရချိန်တွင် နှုတ်ခမ်းပေါ်ရှိ အပြုံးကို အတင်းရုပ်သိမ်း၍ ဟန်လုပ်ချောင်းဆိုးကာ ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်ရ၏။
"ဒီလိုမျိုး လုပ်ဖို့ကို မင်း ဘယ်လိုထင်လဲ"
ချီယန်ရှန့်က လေမှုတ်ထုတ်ကာ ပြန်ဖြေလိုက်သည်။
"အဲဒါက ဒီကလေးမုန့်လန်ရောကြောင့်ပဲ ဒါပေမယ့် သူက ရွံရှာဖွယ်အောင်နိုင်မှု၏စွမ်းရည်ကို မသိသေးတဲ့အတွက် လင်းကုန်းဇီက ဒါကို လျှို့ဝှက်ထားပေးမယ်လို့ မျှော်လင့်ပါတယ်"
လင်းရုဖေးက ခေါင်းညိတ်ပြီး “သေချာတာပေါ့"
သူတို့နှစ်ယောက်သည် တစ်ညလုံး စကားပြောဖြစ်ခဲ့ကြပြီး သတိမထားမိလိုက်သည့်အချိန်တွင် မနက်ခင်းအလင်းရောင်က ပြတင်းပေါက် အပြင်ဘက်မှ ပေါ်ထွက်လာသည်။ လင်းရုဖေးသည် သေရည်သောက်ပြီးနောက် အနည်းငယ် အိပ်ငိုက်ကာထွေနေသဖြင့် ချီယန်ရှန့်ကို နှုတ်ဆက်ပြီး အနားယူရန် အခန်းသို့ ပြန်သွားလိုက်သည်။
သူသည် မနက်ခင်းအိပ်ခြင်းအမှုကို အမှီပြုလုပ်ရန် ပြန်သွားလိုက်ပြီး ဖူဟွား သူ့ကို နေ့လည်စာစားရန် ခေါ်သည့် မွန်းတည့်ချိန်အထိ အိပ်နေမိသည်။
လင်းရုဖေးသည် အရက်နာကျနေတာကြောင့် ကိုက်နေသည့် သူ့ခေါင်းကို ပွတ်သပ်ကာ “မုန့်လန်ရော အခု ဘယ်လိုနေလဲ"
ဖူဟွားက ပြန်ဖြေသည်။
"အခုလေးတင်ပဲ ကျွန်မ မုန့်အိမ်တော်ရဲ့အစေခံတွေကို မေးကြည့်သေးတယ် မုန့်ကုန်းဇီက အခန်းထဲမှာ ရှိနေတုန်းပဲ အပြင်ကို မထွက်ဘူးလို့ ပြောတယ် ဒါပေမဲ့ သူအစား စားချင်စိတ်ရှိပြီး မနေ့ညကတောင် အိပ်ပျော်သွားသေးတယ်"
သူ အစားစားရန်နှင့် အိပ်ချင်စိတ်သာ ရှိနေပါလျှင် သူသေချာပေါက် အဆင်ပြေလိမ့်မည်ပင်။ လင်းရုဖေးက အနည်းငယ် သက်တောင့်သက်သာရှိသွားသလို ခံစားလိုက်ရသည်။ သူထမင်းစားပြီးသည်နှင့် မုန့်လန်ရော အနားယူနေသော အခန်းဆီ သွားလိုက်ချိန်တွင် ကုတင်ပေါ်၌ လဲလျောင်းနေသော မုန့်မိသားစု၏အငယ်ဆုံးသားလေးကို တွေ့လိုက်ရသည်။ သူက ခြေကားယားလက်ကားယားဖြင့် လဲလျောင်းနေပြီး သူ့မျက်နှာမှာမူ လောကကြီးကိုအရှုံးပေးလိုက်သည့် အမူအရာဖြစ်နေသည်။ သို့သော် သူ့ဘေးနားရှိ သကြားရည်စိမ်ဇီးသီးများက ယင်းလေထုကို လျော့ချပေးနေသည်၊ အထူးသဖြင့် တစ်လုံးပြီးတစ်လုံးယူပြီး ဒေါသတကြီးနှင့် သူ့ပါးစပ်ထဲသို့ ထည့်ကာ လောဘတကြီး စားနေသောအခါတွင်ပင်။
လင်းရုဖေး ဝင်လာသည်ကိုမြင်ပြီး မုန့်လန်ရောသည် ထိန့်လန့်တကြားအော်လိုက်ပြီးနောက် သူ့ခန္ဓါကိုယ်ကို ပိုးကောင်တစ်ကောင်ကဲ့သို့ ခွေလိမ်သွားသည်။
သူ့အသံလေးကတိုးဖျော့စွာ ထွက်လာ၏။
" လင်း... ...ကုန်း... ...ဇီ... ...”
လင်းရုဖေး : "ဘာလဲ"
မုန့်လန်ရောက နှုတ်ခမ်းကို ဟကာ “ဇီးသီးစားပါအုံး... ..."
လင်းရုဖေးက ရယ်လိုက်ပြီး “မင်း စားပြီးသွားပြီလား ဇီးသီးများများစားရင် ဗိုက်နာတတ်တာလည်း ဂရုစိုက်အုံး"
မုန့်လန်ရောက ကြားရရုံမျှသာရှိသည့်အသံဖြင့်ပြောလာသည်။
“ကျွန်တော် အစောပိုင်းတုန်းက စားပြီးပြီ ကျွန်တော်သာ မစားရင် အစ်မက အတင်းကျွေးမယ်ဆိုပြီး ကျွန်တော်ကို ခြိမ်းခြောက်ထားတယ် သူမက တကယ်လုပ်လိမ့်မယ်"
လင်းရုဖေးက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်မိသည်။
မုန့်လန်ရောက ဖြည်းညှင်းစွာထထိုင်လိုက်ပြီး "လင်းကုန်းဇီ မင်းထွက်သွားတော့မှာလား"
လင်းရုဖေးက ခေါင်းညိတ်သည်။ သူ ထွက်သွားရန် စီစဉ်ထားသည်မှာ အချိန်အတော်အတန် ကြာမြင့်နေပြီဖြစ်ပြီး မုန့်လန်ရော၏ရုတ်တရက်မတော်တဆမှုကြောင့်သာမဟုတ်လျှင်၊ အခုချက်ချင်း မုန့်အိမ်တော်မှ ထွက်သွားပေလိမ့်မည်။ ချီယန်ရှန့်သည် မုန့်လန်ရောအပေါ် ရန်ငြိုးမရှိသည်ကို သူသိလိုက်ရသောကြောင့် သူဒီမှာနေရန် မည်သည့်အကြောင်းမှ မရှိတော့ပေ။ ထို့အပြင် ယင်းကိစ္စက မုန့်မိသားစု၏ လျှို့ဝှက်ကိစ္စဖြစ်သည်။ သူကအပြင်လူတစ်ဦးသာဖြစ်ပြီး အလွန်အကျွံပါဝင်ပတ်သက်နေလျှင် သိပ်ကောင်းမွန်လိမ့်မည်မဟုတ်ပေ။
မုန့်လန်ရောက အင်အားမရှိစွာဖြင့် "အင်း ကျွန်တော် ခင်ဗျားကို ထွက်မသွားစေချင်ဘူး ရှောင်ယွီလည်း သေပြီ ခင်ဗျားကလည်း ထွက်သွားတော့မယ် ကျွန်တော် ကျွန်တော် ဘဝဟောင်းကို တစ်ဖန်ပြန်သွားရတော့မယ်... ..."
လင်းရုဖေးက မေးလိုက်၏။
“ဘဝဟောင်းလား"
မုန့်လန်ရောက "ဟုတ်တယ်" ဟုဖြေလာသည်။
ရှောင်ယွီ မရောက်လာခင် သူ့ဘဝသည် မစီးဆင်းနိုင်သောရေသေအိုင်ကြီးကဲ့သို့ ပျင်းရိငြီးငွေ့ဖွယ်ကောင်းပြီး သူ့မိသားစုမသိအောင် ရှင်းကျိုးမြို့မှ ခိုးထွက်ရခြင်းက သူ၏အကြီးမားဆုံးပျော်ရွှင်မှုဖြစ်တယ် ဟု ပြောလာသည်။ သို့သော် ကံမကောင်းစွာနှင့် သူမည်သည့်အခါကမျှ မအောင်မြင်ခဲ့ပေ။ နောက်ပိုင်းတွင်၊ သူ၏နှလုံးထဲတွင် အထုံးတစ်ခု[1] ဖြစ်သွားပြီး ၎င်းကြောင့် အလွန်ဖျားနာခဲ့သည်။ သူလုံးဝပြန်လည်ကောင်းမွန်မလာခင်တွင် ရှင်းကျိုးရှိ အပျော်မယ်ဂေဟာသို့ စရောက်လာသည့် ရှောင်ယွီနှင့်တွေ့ဆုံခဲ့ကြပြီး ထိုအချိန်မှစပြီး ပထမအကြည့်နှင့် ဒုတိယအကြည့်မှာတင် သူမကို ချစ်မိသွားခဲ့သည်[2]။
{ [1] - စိတ်ထဲရှိ လေးနက်တဲ့ ကိစ္စတစ်ခု
[2]一见钟情: မြင်မြင်ချင်း ချစ်ခြင်း;二见倾心 : ဒုတိယအကြည့်မှာ ငါ့နှလုံးသားက မင်းအပိုင်ပဲ။ }
လင်းရုဖေးတစ်ယောက် နားထောင်လေလေ သူ့အမူအရာက ထူးဆန်းလာလေလေပင်။ ကံကောင်းစွာဖြင့် မုန့်လန်ရောသည် သူ့ဇာတ်လမ်းထဲတွင်သာ အာရုံစူးစိုက်နေပြီး လင်းရုဖေး၏ ထူးဆန်းသောအမူအရာကို သတိမပြုမိချေ။
"ရှောင်ယွီလို ကောင်းမွန်တဲ့ မိန်းကလေးမျိုးကို ကျွန်တော် တစ်ခါမှ မတွေ့ဖူးဘူး"
မုန့်လန်ရောက သူ၏ချိုမြိန်လှပသည့် အမှတ်တရများကို ပြန်ပြောပြလာသည်။
"နူးညံ့သိမ်မွေ့တဲ့ စရိုက်ရှိတယ် သူမက ကျွန်တော်ရဲ့အသေးအမွှားစကားလေးတွေကအစ နားထောင်ပေးပြီး တစ်ခါမှ စိတ်မရှည်လည်း မဖြစ်ဖူးဘူး သူမက လှတယ်... ...အရင်က တွေ့ဖူးတဲ့ ကောင်မလေးတွေအားလုံးက လိုအပ်တာထက် မြှောက်ပင့်တာကလွဲရင် ဘာမှမဟုတ်ဘူး ရှောင်ယွီကတော့ မတူဘူး"
လင်းရုဖေး တွေးလိုက်မိသည်။
' ဒါပေါ့ သူမက မတူဘူး အခြားလူတစ်ယောက်က မင်းကို သားတစ်ယောက်လို လုယူချင်နေတာလေ သူက ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ '
မုန့်လန်ရော ပြောပြီးသွားချိန်တွင် နောက်ထပ်တစ်ဖန် ဝမ်းနည်းမှုကို နှိုးဆွလိုက်သလိုဖြစ်သွားလိမ့်မည်ဟု မည်သူကထင်မည်နည်း။
သူက မျက်ရည်များကို ပွတ်သပ်သုတ်ကာ ဝမ်းနည်းမှုအပြည့်ဖြင့် ထပ်မံအော်ဟစ်ငိုယိုပြန်၏။
“ဒါပေမယ့် သူမက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ...ဘယ်လိုလုပ်ပြီးတော့... ...သူမက ကျွန်တော်နဲ့ရှိနေရတာထက် ဒီအတိုင်း သေသွားတာက ပိုကောင်းတယ်တဲ့လား"
ဤကိစ္စသည် အလွန်ကြေကွဲဖွယ်ကောင်းသင့်သော်လည်း အမှန်တရားကိုသိနေသော လင်းရုဖေးသည် မုန့်လန်ရော၏ခံစားချက်ကို မျှဝေခံစားရန် အတော်လေးခက်ခဲနေမိသည်။ နားထောင်ပြီးနောက် သူ တစ်ခွန်းတည်းသာ ပြောနိုင်သည်။
“သူမမှာ တခြားအခက်အခဲတွေရှိတာလည်း ဖြစ်နိုင်တယ်မလား"
"ဘာအခက်အခဲတွေရှိလို့လဲ"
မုန့်လန်ရော၏ မျက်လုံးများသည် မျက်ရည်များဝဲနေ၏။
လင်းရုဖေး : “ဒီလိုပေါ့……”
သူသည် ခက်ခက်ခဲခဲဖြင့် ထိုစာကြောင်းတစ်ကြောင်းကို မပြောခင် နေ့တစ်ဝက်လောက်ကြာအောင်အထိ စကားလုံးများကို သေချာစဉ်းစားစီစဥ်လိုက်ရသည်။
“ဒီလိုပေါ့ သူမက ရိုးရိုးရှင်းရှင်း အသက်ဆက်မရှင်ချင်တော့တာမျိုးပေါ့"
မုန့်လန်ရောက အော်ဟစ်ငိုယိုပြန်သည်။
သူ ငိုနေသောကြောင့် လင်းရုဖေးက ပြောစရာစကားများ ပျောက်ဆုံးသွားပြီး ထိုကောင်လေးကို နှစ်သိမ့်ရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်ရသည်။ မုန့်လန်ရောသည် အချိန်အတော်ကြာအောင် ငိုကြွေးနေခဲ့ပြီး နောက်ဆုံးတွင် အငိုရပ်သော်လည်း ရှိုက်နေဆဲပင်။ အနိုင်ကျင့်ခံရလိုက်သော သနားစရာကလေးတစ်ယောက်ကဲ့သို့ပင် နာကြင်ကြေကွဲနေသည်။
လင်းရုဖေးသည်လည်း ကူကယ်ရာမဲ့နေပြီး သူ့ကို လက်ကိုင်ပုဝါတစ်ထည်သာ ကမ်းပေးနိုင်သည်။ သူ့စိတ်ထဲတွင် ရှောင်ယွီ၏အမည်ကို မုန့်လန်ရောရှေ့တွင် ထပ်ပြီး ဘယ်သောအခါမှ မပြောသင့်ဟု သူ့ကိုယ်သူ ပြောလိုက်သည်။
မုန့်လန်ရောသည် ဝမ်းနည်းနေသော်လည်း အဆုံးတွင် သူက ပြီးခဲ့သည် ရက်အနည်းငယ်ကနှင့် ယှဉ်လျှင် အခြေအနေပိုကောင်းလာပြီဖြစ်၏။ ရှောင်ယွီသေဆုံးမှုကြောင့် သူ၏ဝမ်းနည်းပူဆွေးမှုမှနေ ရက်အနည်းငယ်အတွင်း သူ လွတ်မြောက်လာနိုင်သည်ဟု လင်းရုဖေး ခန့်မှန်းလိုက်သည်။
အကြောင်းကိစ္စတွေလည်း ပြီးခါနီးပြီဖြစ်သောကြောင့် လင်းရုဖေးသည် မုန့်အိမ်တော်ကို နှုတ်ဆက်ရန် စီစဉ်လိုက်သည်။
မုန့်အိမ်တော်သည် သူ့အတွက် ကြီးကျယ်ခမ်းနားသည့် နှုတ်ဆက်ညစာစားပွဲကို ကျင်းပပေးပြီး အန္တရာယ်ကင်းသည့်ခရီးတစ်ခုဖြစ်စေရန် ဆုမွန်ကောင်း တောင်းပေးသည်။
ယနေ့ညသည် မုန့်အိမ်တော်တွင် ကုန်ဆုံးမည့် နောက်ဆုံးညဖြစ်သည်၊ လင်းရုဖေးသည် အိပ်ယာပေါ်တွင် လဲလျောင်းနေမိပြီး မည်မျှပင် လူးလှိမ့်နေစေကာမူ အိပ်မပျော်နိုင်ပေ။
ကုရွှမ်းတုက သူ့အဖြစ်အပျက်ကို မြင်သည့်အခါ မေးလာ၏။
"ဘာလို့လဲ အိပ်မပျော်ဘူးလား"
လင်းရုဖေးက သူ့မျက်နှာတစ်ဝက်ကို ထုတ်ဖော်လိုက်ပြီး ကုရွှမ်းတုကို တောက်ပသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ကုရွှမ်းတုသည် သူ အမှန်တကယ် တိတိကျကျ ဘာကိုဆိုလိုချင်လည်းဆိုတာ ချက်ချင်းနားလည်လိုက်သည်။
"အခုချိန်မှာ ချီယန်ရှန့်က မုန့်လန်ရောနဲ့ အတူရှိနေတယ် သူ့အခန်းထဲမှာ မရှိဘူး"
လင်းရုဖေးက မေးလိုက်သည်။
"ဒါက မသင့်တော်ဘူးမလား"
ကုရွှမ်းတုက တည်ငြိမ်စွာ ပြောလာသည်။
"မင်းကို ဖမ်းမိသွားရင် မသင့်တော်ဘူး ဒါပေမယ့် မင်းကို မမြင်ဘူးဆိုရင်တော့ သင့်တော်တယ်"
လင်းရုဖေးက ကုတင်ပေါ်မှ ချက်ချင်းထထိုင်လိုက်သည်။ သူသည် အပြင်ဝတ်တစ်ထည်တည်းသာ ဝတ်ဆင်ထားပြီး ဖိနပ်ကို အလျင်အမြန်စီးပြီးနောက် အပြင်ကို ပြေးထွက်သွားသည်။ ကုရွှမ်းတုက ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် အမှန်တကယ် ရယ်စရာကောင်းတယ်ဟု သူထင်မိသည်။ သူက လင်းရုဖေး၏ အပြင်ဝတ်ကိုယူပြီးနောက် သူ့အနောက်မှလိုက်ကာ သူ့ပခုံးပေါ်တွင် လွှမ်းခြုံပေးလိုက်သည်။
သူက ချီယန်ရှန့်၏နေအိမ်သို့ရောက်သောအခါ၊ ကုရွှမ်းတုသည် လင်းရုဖေး သော့ဖွင့် ၀င်နိုင်ရန် အလွယ်တကူကူညီပေးလိုက်သည်။ လင်းရုဖေးက ဖြတ်လျှောက်သွားပြီးနောက် အိပ်ခန်းထဲသို့ တန်းဝင်သွားသည်။
ချီယန်ရှန့်သည် အိမ်တွင် တကယ်မရှိပေ။ ထို့အပြင် ဗီရိုသည် မနေ့ကကဲ့သို့ပင် ဆူညံသံအနည်းငယ် ထွက်နေသေးသည်။ အသက်ရှိနေသောတစ်စုံတစ်ခုက အထဲတွင်ရှိနေပုံပင်။
လင်းရုဖေးက ဗီရိုဆီသို့သွားလိုက်သည်။ ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် တွန်းဖွင့်ရန် သူ့လက်ကို မြှောက်လိုက်သည်။ ဗီရိုတံခါးသည် အသံတစ်ခုနှင့်အတူ ပွင့်သွားပြီး တကယ်တမ်းတွင် သော့ခတ်ထားခြင်းမရှိသည့် အနက်ရောင်သစ်သားတံခါးတစ်ခု ထွက်ပေါ်လာသည်။ လင်းရုဖေးသည် လက်ဆန့်ပြီး တံခါးကို လှမ်းဆွဲဖွင့်လိုက်ခါနီးတွင် ကုရွှမ်းတု၏တားဆီးခြင်းကို ခံလိုက်ရ၏။
"ကိုယ်လုပ်မယ် တံခါးကို ရွံရှာဖွယ်အောင်မြင်ခြင်း၏စွမ်းရည်နဲ့ ချိတ်ပိတ်ထားတာ သာမန်လူတွေ အဲဒါကို ထိဖို့ မကောင်းဘူး”
ကုရွှမ်းတုက ပြောပြီးသည်နှင့် လက်ကိုင်ကို ကိုင်လိုက်သည်။ သူ့လက်ကို လက်ကိုင်ပေါ်တင်လိုက်ချိန်တွင် လက်ကိုင်မှ အနက်ရောင် မီးခိုးငွေ့များ ထွက်လာပြီး လေထုထဲသို့ လျင်မြန်စွာ ပြန့်ကျဲသွားသည်။
သစ်သားတံခါးအနောက်တွင် မှောင်မည်းနေသော လမ်းကျဥ်းတစ်ခုရှိနေသည်။ လင်းရုဖေးက ထိုအခြေအနေများကို သေချာကြည့်နေပြီးနောက် ယင်းထဲသို့ ခြေလှမ်း လှမ်းကြည့်လိုက်သည်။
လမ်းကြောင်းက အလွန်ရှည်လျားပြီး ကွေ့ကောက်နေကာ လမ်းအဆုံးတွင် အလင်းတန်းမှိန်မှိန်များ ထွက်ပေါ်နေသည်။ လင်းရုဖေးသည် အရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာရင်း လမးတစ်လျှောက် ကုရွှမ်းတုထံမှ လမ်းကြောင်းထဲတွင် ဒုက္ခရောက်နိုင်သောထောင်ချောက်များစွာ မြှုပ်နှံထားကြောင်း အကြိမ်ပေါင်းများစွာ သတိပေးခံခဲ့ရသည်။ ၎င်းထောင်ချောက်များသည် လူများကို မသတ်နိုင်သော်လည်း အနည်းဆုံးတော့ သတိမေ့သွားအောင်လုပ်နိုင်၏။
နောက်ဆုံးတွင် လင်းရုဖေးသည် လမ်းကျဥ်းလေး၏အဆုံးသို့ ရောက်ရှိသွားသည်။ မှိန်ဖျော့ဖျော့ဖျော့အလင်းကို အသုံးပြုပြီး ဥမင်လိုဏ်ခေါင်း၏အဆုံးရှိ အခင်းအကျင်းကို ကြည့်လိုက်သည်။ မြင့်မားသော ဗီဒိုများအပြင် ထူးဆန်းသည့်အရာအချို့ပါရှိသည့် ကျယ်ပြန့်သော ကျောက်အိမ်ကြီးတစ်ခုဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့်တင် ဤနေရာသည် ချီယန်ရှန့် ရွံ့ရှာဖွယ်အောင်နိုင်ခြင်း၏စွမ်းရည်ကို ပြုလုပ်သည့်နေရာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းသိနိုင်သည်။ မကြာမီတွင် ထောင့်ရှိ သပ်ရပ်စွာ တန်းစီချထားသော အရုပ်များက လင်းရူဖေး၏အာရုံကို ဆွဲဆောင်သွားနိုင်သည်။ အရုပ်များအားလုံးကို သစ်သားဖြင့် ထွင်းထုထားပြီး အသေးမှ အကြီးအထိ သေသပ်စွာ စီစဥ်ထားသည်။
ထို့အပြင် အံ့သြစရာအကောင်းဆုံးအရာမှာ ထိုရုပ်တွေသည် မုန့်လန်ရောနှင့် အလွန်ဆင်တူပြီး ပုံစံခွက်တစ်ခုတည်းမှ ထွင်းထုထားသကဲ့သို့ပင်။
ထို့အပြင် အပြင်မှ ကြားလိုက်ရသော အသံသည် ပို၍ ပို၍ ရှင်းလင်းလာသည်။ ထိုအသံသည် ဘေးနားရှိ ဗီရိုဆီမှ ထွက်လာခြင်းဖြစ်သည်။ သူ ဗီရိုနားသို့ နီးကပ်လာချိန်တွင် အသံများကလည်း ပို၍ကျယ်လောင်လာသည်။ ထိုအသံသည် ဗုံတစ်လုံးကဲ့သို့ တ ဒုတ် ဒုတ် ဖြစ်နေသော်လည်း အလွန်နူးညံ့သိမ်မွေ့ကာစည်းချက်ညီလှသည်။ ထိုဗီရိုသည် အလွန်ကြီးမားပြီး အပြင်ဘက်ကို ဟင်္သာပြဒါးအနီရောင် ယွန်းဖြင့် ခြယ်သထားသည်။ ကုရွှမ်းတုသည် လင်းရုဖေးထံ အကြည့်တစ်ချက်ပစ်လွှတ်လိုက်ပြီး လင်းရုဖေးက သူ့ကို ခေါင်းညိတ်ပြသည်။
"ကိုယ်ဖွင့်လိုက်မယ်" ကုရွှမ်းတုက သူ့လက်ကို မြှောက်လိုက်ပြီး တံခါးကို ဆွဲလိုက်သည်။
ဗီရိုတံခါးကို ဆွဲဖွင့်လိုက်ပြီးနောက် လင်းရုဖေးသည် အတွင်းပိုင်းတွင်ရှိနေသောအရာကို မြင်ပြီး တုန်လှုပ်သွားသည့် အမူအရာတစ်ခုကိုသာ ဖော်ပြလိုက်နိုင်သည်။ အမှန်တကယ်တွင် ယင်းက မုန့်လန်ရောနှင့် ဆင်တူသော အရုပ်တစ်ရုပ်သာဖြစ်သော်လည်း အသွင်အပြင်က မုန့်လန်ရောထက် အများကြီး ပိုရင့်ကျက်သည်။ ပါးပြင်များသည် ဆယ်ကျော်သက်အရွယ်၏နုပျိုမှုနှင့်ကလေးအဆီလေးကို လုံးလုံးလျားလျား ဆုံးရှုံးသွားပြီဖြစ်ပြီး သူ၏ကိုယ်နေဟန်ထားကလည်း ပို၍ရှင်းလင်းပြတ်သားနေသည်။
၎င်း၏အရေပြားသည် လူသားတစ်ယောက်နှင့် ထိတွေ့နေရသကဲ့သိုပင် ဖြစ်နေသောကြောင့် ဤလူကို သစ်သားဖြင့် ထွင်းထုထားခြင်းမဟုတ်နိုင်ပေ။ ထို့အပြင် အထူးခြားဆုံးအရာက သေချာပေါက် သူ့ရင်ဘတ်ပင်ဖြစ်သည်။
အရုပ်၏ရင်ဘတ်သည် ပွင့်နေပြီး အဆုတ်နေရာသည် လွတ်နေကာ သွေးနီရောင်နီရဲနေသည့် ခုန်နေသောနှလုံးသားတစ်ခုကို အလယ်ဗဟိုတွင် ထားရှိထားသည်။ ပထမတွင် ယင်းက မနှစ်မြို့စရာကောင်းလှအောင် သွေးကြောများနှင့်ရုန်းကြွနေသည့် သွေးစွန်းနေသော နှလုံးသားတစ်ခုဟုသာထင်ရသည်။ သို့သော်လည်း အနီးကပ်စစ်ဆေးကြည့်သောအခါ ၎င်းက အမှန်တကယ်ပင် ကျောက်တုံးတစ်တုံးဖြစ်နေကြောင်း သိလိုက်ရသည်။
လူများက တဖြည်းဖြည်း ကြီးပြင်းလာသော်လည်း သစ်သားကမူ ယင်းသို့ မလုပ်နိုင်ပေ။ သေဆုံးသွားသော မုန့်လန်ရောသည် ငယ်ရွယ်နုပျိုသော လမ်းလျှောက်တတ်စအရွယ်မှ ဆယ်ကျော်သက်အရွယ်အထိ ကြီးထွားနိုင်ခဲ့ပြီးဖြစ်သော်လည်း နှစ်များစွာကို ကျော်ဖြတ်လာသည်နှင့်အမျှ ပိုမိုရင့်ကျက်သော ခန္ဓာကိုယ်ကိုလည်း လိုအပ်လာပြီဖြစ်၏။
ထိုအချိန်တွင် အရာအားလုံးကို လင်းရုဖေးက စတင်၍ရှင်းလင်းနားလည်စပြုလာသည်။ မုန့်လန်ရော၏ ရင်ဘတ်အပေါက်ရှိ နှလုံးသားအဖြစ် ပြောင်းလဲသွားသော ကျောက်တုံးတွင် "ယွီ" ဟု ရှင်းလင်းစွာ ထွင်းထုထားသည်ကို သူ သတိပြုမိသည်။
ချီယန်ရှန့်... ...ရှောင်ယွီ... ...ချီယွီ
နာမည်ကောင်းပဲ၊ လင်းရုဖေး ပြုံးလိုက်မိသည်။
သူ့နှလုံးသားထဲတွင် ကပ်တွယ်နေသော သံသယများကို နောက်ဆုံးတွင် အဖြေပေးနိုင်သွားပြီဖြစ်သည်။
လင်းရုဖေးသည် ဗီရိုတံခါးကိုပိတ်ကာ လှည့်ထွက်သွားပြီး “အဲဒီချီယန်ရှန့်က တကယ် စိတ်ဝင်စားဖို့ကောင်းတယ်"
ကုရွှမ်းတုက အံ့အားသင့်စွာဖြင့် “စိတ်ဝင်စားဖို့ကောင်းတယ်လား"
လင်းရုဖေး "လျှို့ဝှက်ချက်တွေ အများကြီးရှိပြီး ဗဟုသုတအများကြီးရှိတဲ့လူတွေက အမြဲတမ်း စိတ်ဝင်စားဖို့ကောင်းပါတယ်"
ကုရွှမ်းတုက မေးလိုက်သည်။ "မင်းဒါကိုသိတယ်လား"
လင်းရုဖေး ခေါင်းကိုလှည့်ကာ သူ့ကိုကြည့်ပြီး ရယ်လိုက်မိသည်။
"ဒါဆို ကျွန်တော်သာ ဒါကိုမသိရင် ငါးစာတောင်မရှိတဲ့ ငါးမျှားချိတ်ကို ကျွန်တော်က ဘာကြောင့်ကိုက်ရမှာလဲ"
ကုရွှမ်းတုက ကျယ်လောင်စွာ ရယ်မောလိုက်မိသည်။
သို့သော် ချီယန်ရှန့်ကို ပြောခဲ့ဖူးသည့်အတိုင်း သူယုံကြည်ထားသည့် အချက်တစ်ခုရှိသည်။ လူတိုင်းတွင် လျှို့ဝှက်ချက်အချို့ရှိကြပြီး၊ အခြားသူများကို မထိခိုက်စေသရွေ့ ဤလျှို့ဝှက်ချက်များကို သိမ်းဆည်းထားပေးမည်ဖြစ်သည်။ တစ်ဖန်၊ ယင်းက လျှို့ဝှက်ချက်ကို ကိုင်ဆောင်ထားသူအား ပို၍ စိတ်ဝင်စားဖွယ်ကောင်းစရာများအား ကြုံတွေစေ၏။
စိတ်ဝင်စားစရာကောင်းသည့်လူကို မည်သူမျှ မကြိုက်ဘဲမနေပေ ၊ လင်းရုဖေးလည်း ထိုအတိုင်းပင်။
မုန့်လန်ရောနှင့် စကားစမြည်ပြောနေသော ချီယန်ရှန့်သည် သူ့စိတ်ထဲတွင် တစ်စုံတစ်ရာကို ခံစားလိုက်ရပြီးနောက် လင်းမိသားစု၏သခင်ငယ်လေးသည် အဆုံးစွန်ထိမသိရပါလျှင် အနားယူရန် အမှန်တကယ် ငြင်းဆန်နေမည့်အကြောင်း သူ့ကိုယ်သူ တွေးလိုက်မိသည်။
အံ့သြစရာတော့မရှိပေ။ သူပြောသမျှအရာအားလုံးသည် သူ့ဘက်ခြမ်းမှမြင်ရသည့်ဇာတ်လမ်းသာဖြစ်ပြီး လင်းရုဖေးအတွက် စိတ်မသက်မသာဖြစ်ရသည်မှာ သာမန်ပေ။
“မြန်မြန်...မြန်မြန်...မြန်မြန်... မင်းအလှည့်...မင်းအလှည့်ပဲ"
မုန့်လန်ရောက အလျင်အမြန် တိုက်တွန်းလိုက်ပြီး "မင်းဘာတွေစဉ်းစားနေတာလဲ"
ချီယန့်ရှန့်သည် သူ၏ကျားစေ့များကို ချလိုက်ပြီးနောက် မပျော်ရွှင်ဖြစ်စွာ ပြောလိုက်သည်။
"Gomoku[3]ကစားရတာကို ငါဘယ်လိုလုပ်စိတ်ဝင်တစားဖြစ်ရမှာလဲ"
{ [3] - Gomoku; အခြေခံအားဖြင့် 5 တန်း တန်းအောင်ကစားရသည့်ဂိမ်းတစ်ခုဖြစ်သည်။ ကျားစေ့များဖြင့် ကျားကစားသည့်ခုံပေါ်တွင် ကစားသော်လည်း ကျားကစားနည်းမဟုတ်ပါ။ }
မုန့်လန်ရောက စားပွဲကို ရိုက်လိုက်ပြီး "ငါ ကျားကစားနည်းကို ဘယ်လိုကစားရမှန်းမသိဘူး"
ချီယန့်ရှန့် "ငါ မင်းကို သင်ပေးနိုင်တယ်"
မုန့်လန်ရောသည် လှောင်ပြုံးပြုံးကာ "ငါ Gomoku မှာတောင် အနိုင်မယူနိုင်တာ ကျားကစားနည်းကို သင်ပေးတော့ရော ဘာအသုံးဝင်မှာလဲ မင်း ငါ့ကို အရှက်ခွဲဖို့ ကျားကစားနည်းကို သုံးချင်နေတာ ငါမသိဘူး မထင်နဲ့"
ချီယန်ရှန့်သည် သူ့မျက်နှာကို အုပ်ကာ ရှည်လျားလေးလံသော သက်ပြင်းကို ချလိုက်မိ၏။ မုန့်မိသားစု၏ သခင်ငယ်လေးသည် သိသာစွာပင် သူ၏ ဝိညာဉ်သုံးပါးနှင့် စိတ်ဝိညာဉ်ခုနစ်ပါးလုံးရှိနေကြောင်း သူ့စိတ်ထဲတွင် တွေးတောနေခဲ့သော်လည်း သူက အဘယ်ကြောင့် အသိဥာဏ်မရှိသည့်ပုံပေါ်နေရသနည်း။
သုံးရက်မြောက်နေ့တွင် လင်းရုဖေးက ရထားပေါ်တက်ကာ ထွက်ခွာရန် ရည်ရွယ်လိုက်သည်။
သို့သော် သူ့အတွက် ထူးဆန်းသည်မှာ မုန့်လန်ရော၏အရိပ်အယောင်ကို မုန့်အိမ်တော်မှ ထွက်ခွာသွားသည့်တိုင် မမြင်တွေ့ခဲ့ရခြင်းပင်။ သူထွက်သွားသောကြောင့် မုန့်လန်ရော နောက်ထပ် ငိုနေလိမ့်မည်ဟု သူထင်ထားခဲ့မိသည်။ သို့သော်လည်း မုန့်လန်ရောတစ်ယောက် လင်းရုဖေးနှင့်တွေ့သည့်အခါ နောက်ထပ် ထပ်ပြီး ငိုမည်စိုးသည့်အတွက် သူ့ကိုထွက်မတွေ့ရန် ကျူးယင်း ခက်ခက်ခဲခဲပြောခဲ့ရသည်ကို မည်သူကသိမည်နည်း။ လင်းရုဖေးတစ်ယောက် သူ့ကိုယ်သူ ကျန်းအာရေး ဂရုစိုက်စေချင်ပြီး သူ့မှာ အချိန်ရလျှင် သူ့ကို စာတွေပို့စေချင်သည်။
လင်းရုဖေးက ထူးဆန်းသည်ဟု ခံစားလိုက်ရသော်လည်း သူ့ကို တွေ့လျှင် မုန့်လန်ရောသည် အချိန်အတော်ကြာ ဝမ်းနည်းနေပြီး အိပ်ရေးပျက်မှာကြောင့်ဟု ရိုးရိုးရှင်းရှင်းပင် တွေးလိုက်မိသည်။ ထို့ကြောင့် သိပ်ပြီးမစဉ်းစားဘဲ လှည့်ကာ ရထားပေါ်သို့ တက်လိုက်သည်။
ဖူဟွားသည် ကြာပွတ်ဖြင့် မြင်းကိုရိုက်လိုက်ပြီးနောက် ရထားကို မုန့်အိမ်တော်မှ မောင်းနှင်ပြီး ရှင်းကျိုးမြို့အစွန်ဘက်သို့ ဦးတည်သွားလိုက်သည်။
သို့သော် မြို့မှထွက်ခွာခါနီးတွင် ပျောက်ဆုံးနေသော ကုရွှမ်းတုသည် မည်သည့်နေရာမှမှန်းမသိ ရုတ်တရက် ထွက်ပေါ်လာပြီး ပြောလာသည်
"ရထားကို အလျင်စလို မမောင်းနဲ့အုံး"
လင်းရုဖေး : "ဟမ်"
__ _____
Translated By IQ-Team.