အပိုင်း ၆၁
Viewers 14k

Chapter 61
ငါက မင်းအ​ဖေပဲ




ကုရွှမ်းတု : “မြို့အဝင်​ပေါက်မှာ စောင့်​နေ"

သူတို့ကို အဘယ်​ကြောင့် ဝင်ပေါက်တွင် စောင့်ဆိုင်းခိုင်းသနည်းဟု လင်းရု​ဖေး မေး​တော့မည့်အချိန်တွင် ရထားအပြင်ဘက်မှ စိုးရိမ်သောက​ရောက်​နေ​ကြောင်း ထင်ရှားသည့် ချီယန့်ရှန့်၏အသံကိုကြားလိုက်ရသည်။

ထိုအသံသည် တဖြည်းဖြည်း ဝေးရာမှ အနီးသို့ရောက်လာ၏။

"လင်းကုန်းဇီ——ခဏ​နေပါအုံး——"

လင်းရု​ဖေးသည် ရထား၏ ကန့်လန့်ကာကို မ,တင်လိုက်သည့်အခါ ချီယန်ရှန့်တစ်ယေက် အလွန်ထိတ်လန့်နေသကဲ့သို့ ဖြူဖျော့​နေသည့်မျက်နှာဖြင့် သူ့ဓားကိုစီးကာ ရောက်လာသည်ကို တွေ့လိုက်ရသည်။

လင်းရု​ဖေး : “ချီကုန်းဇီ"

ချီယန်ရှန့်သည် ရထားရှေ့တွင် ရပ်လိုက်ပြီးနောက် သူ့ဓားကို လက်တွင်ကိုင်ကာ ​အော်လိုက်သည်။

“ထွက်လာခဲ့"

လင်းရု​​ဖေးသည် ယင်းကို အံ့အားသင့်စွာ ကြည့်နေမိပြီး ချီယန်ရှန့်တစ်ယောက် သူ့ကို ယခုလိုမျိုး ဆက်ဆံရန် ဘယ်လိုမျိုး ဆေးကိုများမှား​သောက်ခဲ့လဲ ဆိုတာ စိတ်ထဲတွင် သိချင်​​မိသွားသည်။ သို့သော်လည်း ရထားအောက်မှ ဖုန်မှုန့်များ ဖုံးလွှမ်းနေသော လူတစ်ဦးကို သူမြင်လိုက်ရသည်။ ထိုလူသည် မုန့်အိမ်​တော်တွင် နာခံစွာရှိ​နေရမည့် မုန့်လန်​ရောဖြစ်​နေ၏။

မုန့်လန်​ရောသည် သူ၏ဆံပင်ကို အလုံးစုစည်းထားပြီး ၀တ်စုံကိုလည်း ဖြစ်သလိုသလို ပြောင်းဝတ်ထားသည်။ သူက သိပ်ပြီးမသေးငယ်​သော အ၀တ်အိတ်ကို သယ်​ဆောင်ထားပြီး ​လှောင်​ပြောင်​ထေ့​ငေါ့စွာဖြင့် အော်လိုက်သည်။

“ရှန့်ရှန့် မင်းဘာလို့ ဒီမှာ ရှိ​နေတာလဲ"

“ရှန့်ရှန့်” ဟု ​ခေါ်သံကို ကြားလိုက်ချိန်တွက် လူအုပ်ကြီး၏အမူအရာကအနည်းငယ် နားလည်ရခက်ခဲသွားသည်။ ယွီ​ရွေ့က ငယ်ရွယ်သေးတာကြောင့် သူမသည် မထိန်းနိုင်ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"မင်းဘယ်သွားမလို့လဲ"

ချီယန်ရှန့်သည် ​လှောင်ပြုံး ပြုံးလိုက်ပြီး ထိုနာမည်​ပြောင်ကို မကြားခဲ့သလို လုံးဝဟန်ဆောင်လိုက်၏။

မုန့်လန်​ရောက တိုးညှင်း​သောအသံဖြင့် "ကျန်းဟူမှာ ငါတစ်ယောက်တည်း ဒုက္ခရောက်သွားမှာကို မင်းတို့တွေ စိတ်ပူနေကြတာမဟုတ်လား ငါသာ လင်းကုန်းဇီနောက် လိုက်သွားမယ်ဆိုရင် ငါဘေးကင်းပြီး မင်းတို့တွေ စိတ်ပူစရာ မလိုတော့ဘူး လင်းကုန်းဇီနဲ့ ငါက ညီအစ်ကိုကောင်း​တွေပါ ဒီဆီပုလင်းကိုဆွဲ​ခေါ်သွားရလို့4] သူ ငါ့ကို စိတ်အ​နှောင့်အယှက်ဖြစ်မှာ မဟုတ်ဘူး"

{ [4] - မုဆိုးမ၊ မုဆိုးဖိုကိုဆိုလိုသည် (သူနှင့်ရှောင်ယွီတို့ လက်ထပ်မည်ဟု ရည်ရွယ်ထားသောကြောင့်။ }

လင်းရု​ဖေး : “……” ဒီကလေးက​တော့

ချီယန်ရှန့်က ဒေါသတကြီးဖြင့် “အဲဒါကို မင်းအမေကိုသွားပြော"

မုန့်လန်​ရောသည် သူ့နားကို အုပ်ထား၍ ​အော်ဟစ်ငိုယိုတော့သည်။

“ချီယန်ရှန့် မင်းမှာ အသိတရားရှိသေးရဲ့လား ငါတို့က နှစ်အတော်ကြာအောင် သူငယ်ချင်းဖြစ်ခဲ့တာ ငါ့ရဲ့ဆန္ဒ​သေး​သေးလေးကို​တောင် မင်းမဖြည့်ဆည်းပေးနိုင်ဘူးလား ငါ ​ရှောင်ယွီနဲ့အတူတူ ကျန်းဟူကို သွားလည်ဖို့ ကတိ​ပေးထားခဲ့တာ အခု ​ရှောင်ယွီကလည်း ​သေသွားပြီ ငါ သူမရဲ့ ​နောက်ဆုံးဆန္ဒကို ဖြည့်ဆည်း​ပေးချင်ရုံပါ နောက်ပြီး ရှင်းကျိုးမြို့ကထွက်သွားပြီး သူမရဲ့​​မွေးရပ်​မြေကို ကြည့်ချင်​တယ် သူမက အိမ်ကနေ နှစ်ပေါင်းများစွာ ဝေးကွာခဲ့ရပြီး ဝေဒနာများစွာ ခံစားခဲ့ရတယ် ရှင်းကျိုးမြို့က​နေထွက်သွားဖို့က သူမ မသေခင် သူမရဲ့တစ်ခုတည်းသော ဆန္ဒပဲ"

ထိုစကားများသည် ဖူဟွားနှင့် ယွီ​ရွေ့တို့၏ မျက်လုံးထောင့်မှ မျက်ရည်များပင် ကျ​လောက်သည်အထိ နက်ရှိုင်းစွာ ခံစားရ​စေသည်။

သို့သော် ချီယန်ရှန့်၏အမူအရာသည် အနည်းငယ်တွန့်လိမ်သွားပြီး ​အေးစက်စွာ​ပြောလိုက်သည်။

"သောက်အဓိပ္ပါယ်မရှိလိုက်တာ" ​

ရှောင်ယွီ မသေဆုံးမီ ဘာပြောခဲ့သလဲဆိုတာ သူဘယ်လိုလုပ် မသိဘဲ​နေမည်နည်း။ ဒီကလေးက သူလိုချင်သည်ကိုသာ ​ပြော​နေရုံပင်၊ ရိုက်နှက်မခံရသည်မှာ သုံးရက်လောက်သာရှိသေးသည်။ သူက ခေါင်မိုးက ကြွေပြားများကို အထပ်လိုက်ခွာချပြီး ​အခုလို လစ်ထွက်လာလေ၏။

မုန့်လန်​ရောက အားနည်းစွာ ညည်းညူလိုက်သည်။

"ဘယ်လိုလုပ်ပြီး ညစ်ညမ်းတဲ့စကား​တွေကို ပြောနိုင်ရတာလဲ"

ချီယန်ရှန့် : "ငါပြောတာက မင်းစကားတွေက အဓိပ္ပါယ်မရှိဘူးလို့"

မုန့်လန်​ရောက ချက်​ချင်း​အော်ငို​ပြန်သည်။

ချီယန်ရှန့်က သူ ငိုနေတာကိုကြည့်ပြီး နည်းနည်းလေးမျှ စိတ်ပျော့​ပြောင်းသွားသလို​တောင် မခံစားရ​ပေ။ သူ့လက်ကို မြှောက်ပြီး သခင်မမုန့်လုပ်သကဲ့သို့ နားရွက်ကို လိမ်ဆွဲလိုက်သည်။ မုန့်လန်​ရောသည် နာကျင်မှုကို ခံစားလိုက်ရ​သော​ကြောင့် ငိုရန်မေ့သွားပြီး အလျင်အမြန်​ပြောလာသည်။

“မင်း ငါ့နားကို ဘယ်လိုလုပ် လိမ်ဆွဲနိုင်တာလဲ ငါ့မိဘ​တွေပဲ ငါ့နားကို ဆွဲနိုင်တယ်"

ချီယန်ရှန့်က အံကြိတ်ရင်း “ငါက မင်းရဲ့အဖေအသစ်ပဲ"

မုန့်လန်​ရော : "ဝိုး...မင်းက လုံး၀ မျိုးမစစ်ဘဲ ဒီလိုအချိန်မှာတောင် ငါ့ကို အခွင့်ကောင်းယူဖို့ စဥ်းစားနေတုန်းပဲ"

အတိုင်းအတာတစ်ခုထိ ဝမ်းနည်းကြေကွဲသင့်သည့် ဤခွဲခွာမှုမြင်ကွင်းသည် မုန့်လန်​ရောကြောင့် ဟာသအဖြစ်သို့ ပြောင်းလဲသွားသည်။ အဆုံးတွင် ရှုံ့မဲ့ပြီး အော်ဟစ်နေသော မုန့်လန်​ရောသည် ချီယန်ရှန့်ထံမှ အိမ်သို့ ဆွဲခေါ်သွားခြင်းခံလိုက်ရ၏။ သူ့ကို ပြန်ဆွဲ​ခေါ်သွားခြင်းမခံရမီ သူ့ကို ကူညီပေးရန် လင်းရု​ဖေးကို တောင်းဆိုခဲ့သည်။ သို့သော် လင်းရု​​ဖေးက မည်သည်ကိုမျှ မပြောခဲ့​ပေ။ ပြုံးရုံသာပြုံးပြပြီး သူ့လက်ကို ဝှေ့ယမ်းကာ ခရီးကောင်းတစ်ခုစတင်တော့မည်ဖြစ်ကြောင်းသာ အချက်ပြလိုက်၏။

ချီယန်ရှန့်ကလည်း လင်းရု​ဖေးကို ခေါင်းညိတ်ပြသည်။ လင်းရူဖေး၏ရထားသည်သာ မြို့တံခါးတွင် မနှောင့်နှေးခဲ့ပါလျှင် မုန့်လန်​ရောက အမှန်တကယ်ပင် ထွက်သွားပေလိမ့်မည်။

ရထားက ​တစ်ဖန် ထွက်ခွာလာပြီး နောက်ဆုံးတွင် လင်းရု​ဖေးသည် ရှင်းကျိုးမြို့မှ ထွက်ခွာလာချေပြီ။

ထို့နောက် အလယ်ပိုင်းလွင်ပြင်၏ မမြင်တွေ့ဖူးသော သာယာဝပြောမှုကို ကြည့်ရှုရင်း ရှီးလျန့်တောင်များကို ဖြတ်ကာ ချန့်လန်မြစ်တစ်လျှောက် သွားရန် စီစဉ်ထားသည်။

ရက်အနည်းငယ်ကြာ ခရီးသွားပြီးနောက် လင်းရု​ဖေးသည် မုန့်လန်​ရောထံမှ စာတစ်စောင် လက်ခံရရှိ၏။ ထိုစာသည် မုန့်လန်​ရောကဲ့သို့ပင်၊ ​ရှေ့​နောက်မညီ​သော အသေးအဖွဲကိစ္စများနှင့် ပြည့်နှက်နေသည်။ သူသည်လည်း အတော်လေးကျိုးကြောင်းစီလျော်မှုမရှိဘူးဆိုသည်ကို သဘောပေါက်သွားပုံရ​သော​ကြောင့် ထိုအပိုင်းသည် အထူးအရေးကြီးကြောင်း ညွှန်ပြနေသည့် ဟင်္သာပြဒါးနီ​ရောင်​ဘောပင်ဖြင့် အလျားလိုက်မျဉ်းကြောင်းများကို ရေးဆွဲထားသည်။ ထိုအရေးကြီးသည့်အရာကို လင်းရု​ဖေး ဖတ်ပြီး​နောက် အကျယ်ကြီး ​အော်ရယ်လိုက်မိသည်။

သူလွတ်မြောက်ရန် ကျရှုံးခဲ့သည့်နေ့တွင် ချီယန်ရှန့်သည် မုန့်လန်​ရောကို မုန့်အိမ်​တော်သို့ ဆွဲ​ခေါ်သွားသည့် လမ်းတစ်​လျှောက်လုံး မုန့်လန်​ရော၏နားရွက်ကို ဆွဲထားခဲ့သည်။ ထို့နောက် ချီယန်ရှန့်သည် အသက်ကြီးသူမဟုတ်သော်လည်း သူ၏နားရွက်ကို ဆွဲထားသည်ဟုဆိုပြီး ချီယန်ရှန့်၏မုန်းတီးဖွယ်အရာများနှင့်ပတ်သက်၍ သူ့မိခင်ထံ ချက်ချင်းသွားရောက်တိုင်ကြားခဲ့သည်။

'ဘယ်လိုလုပ် ဒီလိုမျိုး သူ့ကို အနိုင်ကျင့်ရတာလဲ။'

၎င်းကိုကြားပြီးနောက် အ​မေမုန့်သည် အလွန်ကျိုးကြောင်းဆီလျော်သည်ဟု တွေးပြီး ချီယန်ရှန့် တစ်ယောက်တည်းကိုသာ စကားပြောချင်​ကြောင်း ​ပြောလာသည်။

မုန့်လန်​ရောသည် သူ့အမေက သူ့အတွက် ပြန်လည်လက်စား​ခြေရန် ကြိုးစားနေသည်ဟု ခံစားလိုက်ရသည့်အတွက် စိတ်အားထက်သန်စွာနှင့် ထွက်သွားတော့သည်။ သို့​သော် နာရီဝက်အကြာတွင် ​မေမေမုန့်သည် မုန့်လန်​ရောကို ပြန်ခေါ်လိမ့်မည်ဟု​ မည်သူကထင်မည်နည်း။

"ချီကုန်းဇီက ​အ​မေတို့မိသားစုမှာ ဆယ်နှစ်နီးပါးရှိနေခဲ့တာ မဟုတ်လား"

အမေမုန့်ကဆက်၍ဆိုသည်။

"မင်း တစ်ခုမှတ်ထားရမယ် လန်​ရော...သူက မင်းကို မင်းရဲ့လူကြီးသူမ​တွေလိုမျိုး ဆုံးမသွန်သင်နေတာ"

မုန့်လန်​ရောက ဝမ်းသာအားရ နားထော​င်​နေသည်။ ​မေမေမုန့်၏နောက်ထပ်မှတ်ချက်သည် ချီယန်ရှန့်၏ကမူးရှုးထိုးလုပ်ရပ်များအတွက် အပြစ်တင်စကားများဟု သူ ​မျှော်လင့်ထား​သော်လည်း သူမက ညင်သာစွာ​ပြောလာသည်။

"ဒီလိုဆိုမတော့ မင်း သူ့ကို ​မွေးစားအ​ဖေအဖြစ် ဘာလို့လက်မခံလို့ရမှာလဲ"

မုန့်လန်​ရောရဲ့ တောက်ပသော အပြုံးလေးသည် သူ့မျက်နှာပေါ်တွင် ချက်ချငး အေးခဲသွားတော့၏။

ချီယန်ရှန့်သည် ဘေးတွင်ထိုင်ပြီး လက်ဖက်ရည်ကို ငြိမ်သက်စွာ သောက်နေ၏။ ၎င်းကိုကြားပြီးနောက် သူသည် ​မေမေမုန့်ကဲ့သို့ မုန့်လန်​ရောကို ကြင်နာစွာ ပြုံးပြလာတော့သည်။

"ဘာ... ဘာ... အမေ တကယ်​ပြော​နေတာလား"

မုန့်လန်​ရောသည် သူနားကြားမှားသည်ဟု ထင်လိုက်မိ၏။ သူသည် ချီယန်ရှန့်ကို မယုံကြည်နိုင်ဟန်ဖြင့် ညွှန်ပြလိုက်ပြီးနောက် သူ့ကိုယ်သူ မယုံနိုင်စွာ ပြန်ညွှန်ပြလိုက်သည်။

"သူ...က.... ကျွန်​တော့်မွေးစားအဖေ...ဟုတ်လား...."

မေမေမုန့်က ခေါင်းညိတ်လိုက်သည်။

မုန့်လန်​ရော၏ပြူးကျယ်​နေသောမျက်လုံးများသည် မျက်လုံးပေါက်မှ ထွက်ကျလာတော့မည့်ပုံပင်။ သူသည် မိခင်၏ပခုံးကို ဆုပ်ကိုင်ကာ ပြင်းပြင်းထန်ထန်လှုပ်ရမ်းပစ်ချင်သည်—မိခင်၏ ဦးနှောက်ထဲသို့ ဝင်​နေသော ရေများထွက်ကျလာ ရန်လှုပ်ယမ်းပစ်ချင်သည်။ ဤသို့ဖြင့် မုန့်အိမ်​တော်တွင် ဦး​နှောက်ပုံမှန်ဖြစ်​နေသူမှာ သူတစ်ဦးတည်းသာရှိကြောင်း မုန့်လန်​ရော နားလည်သွားသည်။

မေ​မေမုန့်၏ အဆိုပြုချက်ကို ကြားသိပြီးနောက် လူတိုင်းသည် သဘောတူကြောင်း ထုတ်ပြောလာကြ၏။

"ချီကုန်းဇီက ငယ်ရွယ်နုပျိုနေပေမယ့် အ​ဖေ့ထက် အသက်ပိုကြီးတယ် မင်းရဲ့မွေးစားအ​ဖေဖြစ်တာ ဘာအမှားမှရှိမှာမဟုတ်ဘူး”

မုန့်ယိုယွဲ့သည် ပြုံးပြီး ပြိုလဲလုနီးပါးဖြစ်နေ​သော သူ့မမောင်လေးဖြစ်သူကို အကြံပေးလိုက်၏။

"သူ မင်းကို ဆုံးမတာ မမှန်ဘူးလို့ မင်းအမြဲတမ်း ထင်ခဲ့တယ်မလား ဒါပေမယ့် အခုတော့ အဆင်ပြေသွားပြီ သူက မင်းရဲ့မွေးစားအ​ဖေဖြစ်သွားပြီး မင်းကိုဆုံးမတာက သူ့အတွက် ပုံမှန်ပဲဖြစ်လိမ့်မယ်"

မုန့်လန်​ရောသည် ကျောက်တုံးတစ်တုံးကို ရွှေ့ပြီး သူ့ခြေထောက်ပေါ်သို့ ပြင်းထန်စွာပစ်ချလိုက်သလိုခံစားလိုက်ရသည်။ သူက ၎င်းကို ပစ်ချလိုက်ပြီး နာကျင်စေရုံသာမက သူ့ခြေထောက်ကိုလည်း ချိုးပစ်မိသွားသည်။

သူက အိမ်​တော်တွင် ​နေ့တစ်ဝက်ကြာ ဆန္ဒပြ ငိုကြွေးခဲ့သော်လည်း မည်သူမှ အထူးဂရုပြုအာရုံမစိုက်ကြပေ။ ချီယန်ရှန့်တစ်​ယောက်သာလျှင် သူတစ်ပါးဒုက္ခ​ရောက်​နေသည်ကိုအားရ​နေသည့်ပုံစံဖြင့် သူ့ကို လက်ဖက်ရည်တစ်ခွက် လာပေးသည်။

မုန့်လန်​ရော : "မင်း ငါ့အမေနဲ့ တခြားသူတွေအ​ပေါ် ဘယ်လို ပြုစားတဲ့ကျိန်စာမန္တာန်မျိုးကို သုံးခဲ့တာလဲ"

ချီယန်ရှန့် : "အဲဒါအားလုံးက မင်း တောင်းဆိုတာ​​ပဲ မဟုတ်ဘူးလား"

မုန့်လန်​ရောခမျာ ဒေါသအရမ်းထွက်​လွန်းရတာကြောင့် ချက်ချင်းပင် မူးလဲလုနီးပါး ဖြစ်သွားသည်။

မုန့်လန်​ရောသည် ပြင်းပြင်းထန်ထန်ငြင်းဆိုချင်နေသေးသော်လည်း အဆုံးသတ်သည် ဆုံးဖြတ်ပြီးသွားပြီဖြစ်သည်။ မုန့်အိမ်​တော်သည် ထိုကိစ္စအတွက် ဧည့်သည်အများအပြားကိုပင် ဖိတ်ကြားခဲ့ပြီး လူအုပ်ကြီးကလည်း သူ၏ အတိုက်အခံများကို စိတ်ထဲမထား​ပေ၊ သူ နေမကောင်းဖြစ်နေကြောင်း တမင်တကာ ထုတ်ဖော်ပြောဆိုပြီး ထွက်မ​တွေ့သည်ကိုပင် သူတို့က အလွန်တရာ နားလည်ကြောင်း ဖော်ပြပေးလာကြသည်။

"နောက်ဆုံးတော့ သူ့ချစ်သူက ​သေဆုံးသွားခဲ့တာလေ ဝမ်းနည်း​နေတာက ပုံမှန်ပါပဲ"

"ဟုတ်တယ် မုန့်မိသားစုရဲ့သခင်ငယ်​လေးကို နှစ်သိမ့်ပေးဖို့ ချီကုန်းဇီရှိ​နေတာကိုပဲ နတ်ဘုရားတွေကို ကျေးဇူးတင်ရမယ်"

"ဒါပေမယ့် ဒီချီကုန်းဇီက အသက်ဘယ်လောက်ရှိပြီလဲ"

"ငါလည်း မသိဘူး သူက မုန့်မိသားစုရဲ့ အကြီးအကဲထက် အသက်ကြီးတယ်လို့ ​ပြောတယ် ဆယ်နှစ်ကြာပြီးနောက်မှာတောင် သူ့ရဲ့အသွင်အပြင်က မပြောင်းလဲသေးဘူး သူကကျင့်ကြံဆင့်ပဉ္စမအဆင့်ကို ​အောင်မြင်သွားတာ အ​တော်ကြာပြီပဲဖြစ်ရမယ်... ...ပြီး​တော့ လူငယ်တစ်ယောက်ရဲ့ ​ကျော်ကြားအောင်မြင်မှုလို့လည်း သတ်မှတ်ခံထားရတယ်"

"ဒါဆိုရင် သူက မွေးစားအ​ဖေအဖြစ် အသိအမှတ်ပြုဖို့ ထိုက်တန်တယ်"

မုန့်လန်​ရောမှာ လုံးဝ ​မျှော်လင့်ချက်မရှိ​တော့​ပေ။ သူသည် သူ့အခန်းထဲတွင် ပုန်းနေပြီး တစ်ညလုံး မကျေနပ်ချက်စွာဖြင့် မျိုးမစစ် ချီယန်ရှန့်ကို ကြိမ်းမောင်း​နေခဲ့သည်။ ရှောင်ယွီအတွက် သူ၏ပြင်းပြ​သောလွမ်းဆွတ်မှုများကိုလည်း ​ရှေ့​နောက်မညီစွာ ​ပြောဆို​နေခဲ့ပြီး မနက်​ရောက်မှသာ သူ အိပ်ပျော်သွားခဲ့သည်။ ထို့ကြောင့် အဆုံးတွင်၊ ချီယန်ရှန့် နံနက်စောစော သူ့အခန်းထဲသို့ ရောက်လာသည်ကို သူ မသိလိုက်ပေ။

ချီယန်ရှန့်သည် မုန့်လန်​ရော၏ အိပ်ပျော်နေသော မျက်နှာကို ကြည့်ပြီး ရယ်မောလိုက်သည်။ သူ့လက်ကို မြှောက်လိုက်ပြီး စောင်ကို အပေါ်သို့ထပ်ဆွဲကာ မုန့်လန်​ရော၏ ခန္ဓာကိုယ်ကို ခြုံလွှမ်း​ပေးလိုက်သည်။

သခင်ငယ်​လေးသည် ငြီးငွေ့စရာကောင်းလွန်းသည်ဆိုပြီး ရှင်းကျိုးကို အမြဲတစေမကြိုက်​နှစ်သက်ခဲ့ချေ။ ထို့ကြောင့် သူ(QYS) သည် သူ့ကို(MLR) ပျော်ရွှင်စရာများပေးရန်အတွက် နည်းလမ်းများကို အမြဲတ​စေ ရှာဖွေ​နေခဲ့သည်။ ​ရှောင်ယွီပင်ဖြစ်​စေ အ​ပျော်မယ်​ဂေဟာပင်ဖြစ်​စေ၊ သူ့ကို ဒီအခန်းထဲတွင် ထားနိုင်သရွေ့ သူလုပ်နိုင်တာမှန်သမျှအကုန်လုပ်လိမ့်မည်ပင်။ လင်းရု​ဖေးကလည်း မိတ်​ဆွေကောင်းတစ်ဦးဖြစ်သည်၊ ဖြစ်နိုင်လျှင် သူ့ကိုလည်း ​ခေါ်ထားချင်သည်။ ထို့အပြင် မုန့်လန်​ရောက သူ့ကို ငြီးငွေ့လာသည့်အခါ သူ့ကို ထွက်သွားခွင့်​ပေးလိုက်လျှင်ပင် အရမ်းနောက်ကျမည် မဟုတ်​ပေ။

သို့​သော် ကံမကောင်းစွာပင် လင်းရု​ဖေး၏ဝိ​သေသလက္ခဏာက မရိုးရှင်း​ပေ။ သူသည် လင်းမိသားစု၏ သိမ်​မွေ့ပြီး ကျန်းမာ​ရေးမ​ကောင်းသော သခင်ငယ်​လေးဟူသည့် ကောလဟာလများနှင့် မတူညီ​ပေ။ လင်းရု​ဖေး၏ခန္ဓာကိုယ်သည် သူနားမလည်နိုင်သော လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားသည်။ ထို့ကြောင့် အဆုံးတွင်၊ ချီယန်ရှန့်သည် မလှုပ်ရှားဝံ့​ပေ။

မုန့်လန်​ရောသည် သူ၏အရမ်းပြီးပြည့်စုံသော ရလဒ်ဖြစ်သည်၊ ထို့ကြောင့် သူ့အား အကောင်းဆုံးသော အရာအားလုံးကိုသာ ပေးလိုသည်မှာ ပုံမှန်ပင် ဖြစ်၏။

ထွက်သွားခြင်းမှလွဲ၍ မုန့်လန်​ရောလိုချင်သည့်အရာမှန်သမျှ ရရှိ​စေရန် သူ အတတ်နိုင်ဆုံး ကူညီပေးသွားမည်ပင်။ မုန့်လန်​ရောသည် ပုံပြင်စာအုပ်ကိုဖတ်ပြီး စာအုပ်ထဲရှိ အဆင့်မြင်အ​ပျော်မယ်နှင့် ပညာရှင်တို့အကြောင်းကို ​သူ့အား ရှေ့​နောက်မညီစွာ​ပြောဆိုခဲ့သည်။ ထို့နောက် အ​ပျော်မယ်​ဂေဟာတွင် ​ရှောင်ယွီဟုခေါ်သော မိန်းကလေးတစ်ယောက် ရုတ်တရက်ပေါ်လာသည်။ ဝမ်းနည်းစရာမှာ အဆုံးတွင် သူသည် ပြီးပြည့်စုံ​သောကျန်းဟူကို သူ့အား ​ပေး​ဆောင်နိုင်စွမ်းမရှိခဲ့​ချေ။

တစ်ချို့လူများအတွက် လူအများကြီး​နေထိုင်သည့်​နေရာသည် ကျန်းဟူဖြစ်သည်။ သို့သော် မုန့်မိသားစု၏သခင်ငယ်​လေးအမြင်တွင် ရှင်းကျိုးမြို့နှင့်ဝေးသောနေရာသည် ကျန်းဟူဖြစ်သည်။

လူ့ဘဝဖြစ်​သော​ကြောင့် အ​ကြောင်းအရာဆယ်ခုတွင် ရှစ်ခု သို့မဟုတ် ကိုးခုသည် သင်ဖြစ်ချင်သည့်အတိုင်း အတိအကျဖြစ်မည်မဟုတ်ပေ။

ချီယန်ရှန့်သည် အိပ်ပျော်နေသော မုန့်လန်​ရောကို စိုက်ကြည့်နေမိသည်။ သူက အပြုံးလေးဖြင့် ထရပ်၍ ဖြည်းညှင်းစွာ ထွက်သွားတော့သည်။

အိမ်အပြင်တွင် ရာသီဥတု သာယာ​နေသည်။ ရုတ်​တရက်​မိုးရွာ​ခြင်းမရှိ​တော့သလို ​နွေဦးရာသီမှာလည်း ကုန်ဆုံးသွားပြီဖြစ်သည်။ နွေရာသီ၏ရနံ့သည် ပိုမိုပြင်းထန်လာကာ နောက်ထပ် ရာသီနှစ်ခုဖြတ်သန်းပြီးလျှင် ၎င်းသည် ရာသီလေးခု၏ နောက်ထပ်စက်ဝန်းတစ်ခု ဖြစ်လာ​ပေမည်။ အခန်းတွင်းရှိ ​ကောင်ငယ်လေးသည်လည်း အရွယ်ရောက်ပြီဖြစ်ပြီး သူ့အတွက် ကြီးပြင်းရမည့်အချိန်​ရောက်​ပေပြီ။

လင်းရု​ဖေးသည် မုန့်လန်​ရော ပေးပို့လာသောစာကို ဖတ်ပြီးနောက်၊ သူသည် သေသေချာချာ ခေါက်ပြီး သူ့အိတ်ငယ်ထဲသို့ ထည့်လိုက်သည်။ သို့သော် သူ့လက် အိတ်ထဲသို့ ရောက်သွားချိန်တွင် တွန့်ဆုတ်သွားသည့်အမူအရာ သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။

ထို့နောက် သူ အိတ်ကိုဖွင့်၍ သေသေချာချာ စစ်ကြည့်လိုက်သည်။

“တစ်ခုခု ​ပျောက်နေပုံပဲ"

"ဘာ ပျောက်​နေတာလဲ" ဖူဟွားက မေးလိုက်သည်။

"ငါ မသိဘူး" လင်းရု​ဖေးသည် မှတ်မိရန် ခဏမျှ ကြိုးစားကြည့်သော်လည်း ပျောက်ဆုံးနေသည့်အရာကို စဥ်းစား၍မရပေ။ အိတ်သည် ချောင်နေပုံရသည်ဟုသာ ခံစားနေရပြီး သူ့ငွေများသည်လည်း ပျောက်ဆုံးနေပုံမ​ပေါ်​ပေ။

အိတ်ထဲတွင် သေ​စေနိုင်​သော အဆောင်များဖြင့် ပြည့်နေပြီး လင်းရု​​ဖေးသည် ယင်းကို သူနှင့်အတူ တစ်ချိန်လုံး ယူဆောင်မသွား​ပေ။ အချိန်အများစုမှာ အခန်းထဲတွင်သာ ထားခဲ့ပြီး ရံဖန်ရံခါ ဈေးဝယ်ထွက်သည့်အခါမှသာ ​လိုအပ်လာလျှင် ယင်းကို အသုံးပြု၏။

ဖူဟွားနှင့် ယွီ​ရွေ့တို့သည် လင်းရု​ဖေး၏အိတ်ထဲမှ မည်သည့်အရာပျောက်နေသည်ကို မသိကြ​သည်မှာပုံမှန်ပင်၊ လင်းရု​ဖေးကိုယ်တိုင်လည်း မမှတ်မိသော်လည်း ကုရွှမ်းတုသည် ပျောက်ဆုံးနေသည့်အရာကို အတိအကျသိလိုက်သည်။

သူက ဖြည်းညှင်းစွာ ပြောလိုက်သည်။

“နေရာကူးပြောင်းတဲ့တာအိုအဆောင် ပျောက်နေတယ်"

လင်းရု​ဖေး : "ဟမ်"

ကုရွှမ်းတု : "စိတ်ဝိဥာဏ်​ကျောက်တုံးတစ်ဝက်နဲ့ ခွန်းလွန်တောင်​ရဲ့ စျေးမှာ မင်း ဝယ်ခဲ့တဲ့တစ်ခု​လေ"

လင်းရု​ဖေး : “……” သူ သတိရသွားသည်။

ကုရွှမ်းတု “အဲဒါကို မုန့်မိသားစုရဲ့ သခင်ငယ်​လေးက ရှာတွေ့သွားပုံပဲ"

လင်းရု​ဖေးသည် ဤမျှတိုက်ဆိုင်သွားလိမ့်မည်ဟု မမျှော်လင့်ထား​​သော​ကြောင့် သက်ပြင်းချကာ "ဒါဆို ကျွန်တော်က ရှောင်ယွီကို သွယ်ဝိုက်ပြီး သတ်လိုက်တာလို့ ယူဆလို့ရတယ်မလား"

ကုရွှမ်းတု : "သူမ သေပြီဆို သေပြီ​ပေါ့ ချီယန်ရှန့်က ​ရှောင်ယွီကို ဖန်တီးနိုင်ရင် ရက်အနည်းငယ်အတွင်းမှာ ​ရှောင်ချီကို ဖန်တီး​ပေးလိမ့်မယ်"

လင်းရု​​ဖေးက အသံတိုးတိုးဖြင့် “​ရှောင်ချီဆိုတဲ့နာမည်က အရမ်းထင်ရှားလွန်းတယ်"

ကုရွှမ်းတု : "ဒါဆို ဘာလိုခေါ်သင့်လဲ"

လင်းရု​ဖေး : "​ရှောင်ဝမ်က ကောင်းတယ်လို့ ကျွန်တော် ထင်တယ်"

တစ်နှစ်ကြာပြီး​နောက် မုန့်အိမ်​တော်အတွင်းတွင်

ရှောင်ယွီ၏သေဆုံးမှုနှင့် "သူခိုး" ကို သူ့အဖေအဖြစ် အသိအမှတ်ပြုထားရခြင်း ကြောင့် အချိန်အကြာကြီး ညှိုးနွမ်းနေခဲ့သော မုန့်လန်​ရောသည် အိမ်အပြင်ဘက်မှ သူ့အမေဆီ အားအင်အပြည့်ဖြင့် ပြေးဝင်လာပြီး "အမေ...အပြင်မှာ လှပပြီး သူရဲကောင်းဆန်တဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်တယ်"

ချီယန်ရှန့်သည် ​မေ​မေမုန့်၏ဘေးတွင် ထိုင်နေပြီး လက်ဖက်ရည်သောက်​နေသည်။ ထိုစကားများကို ကြားရ​သော်​ ဟန်​ဆောင်အပြုံးတစ်ခု ​ပေါ်ထွက်လာတော့သည်​။

မုန့်လန်​ရော : “အားလုံးကောင်းတယ် ဒါပေမယ့် နာမည်က နည်းနည်းဆိုးရွား​နေတယ် သူမက ​ရှောင်ဝမ်လို့ခေါ်တယ်ထင်တယ်"

ချီယန်ရှန့်၏ အပြုံးက အနည်းငယ် တည်သွားသည်။

မုန့်လန်​ရော : "အဲဒါက ချီယန်ရှန့်ဆိုတဲ့နာမည်ထက်တောင် ပိုဆိုး​သေးတယ်"

ချီယန်ရှန့် : “... ...”

မုန့်လန်​ရော မင်း စောင့်​နေလိုက်!!!



****

စာရေးသူမှာပြောစရာရှိတယ်~

ကုရွှမ်းတု : ဒါက စိတ်ဝင်စားဖို့ကောင်းတယ်

လင်းရု​ဖေး : စိတ်ဝင်စားဖို့​ကောင်းတယ်လား

ကုရွှမ်းတု : ကိုယ်တို့နှစ်​ယောက်ရဲ့ ပတ်သက်နေတဲ့ပုံစံကို ပြောင်းသင့်တယ်လို့ ကိုယ်တော့ထင်တယ် မုန့်လန်​ရောတို့ရဲ့ဆက်ဆံ​ရေးနဲ့ ယှဥ်ရင် ကိုယ်တို့ရဲ့ဆက်ဆံရေးကို ပိုပြီး​တော့ နီးကပ်သွား​အောင်​ပြောင်းရ​အောင်

လင်းရု​ဖေးသည် အချိန်အတော်ကြာ စဉ်းစားပြီးနောက် မရရာသည့်ဟန်ဖြင့် ပြောလိုက်၏ : ​မြေး... ...အဖိုးဆက်ဆံ​ရေးလား...?

ကုရွှမ်းတု : ... ... [ “အနီးကပ်” ဆိုတဲ့ မင်းရဲ့အဓိပ္ပါယ်ဖွင့်ဆို အပေါ်မင်းနားလည်တယ်ဆိုတာ သေချာရဲ့လား ]

─────────────────────────────────────────────────


__ ___


ဒီလောက်ဆို ရှောင်ယွီကို ပါပါးချီဖန်တီးထားတယ်ဆိုတာသိလောက်ပြီပေါ့နော်🤭

_ _


Translated By IQ-Team.