Chapter 62
မော့ကျောက်ချိုက်
───────
သူတို့သည် ရှင်းကျိုးမြို့မှ ထွက်ခွာပြီးသည်နှင့် ချန့်လန်မြစ်တစ်လျှောက် ရှီးလျန့်တောင်များဆီသို့ အဆက်မပြတ် ခရီးနှင်ခဲ့ကြသည်။ သို့သော် ယင်း၏ ပထဝီတည်နေရာကောင်းမွန်မှုကြောင့် ခွန်းလွန်ကဲ့သို့ လူသူမနေထိုင်သောနေရာ မဟုတ်ပေ။ ထိုအစား ရှီးလျန့်တောင်များနှင့် ပိုနီးလာလေလေ၊ ပိုအသက်ဝင်ပြီး စည်ကားလာလေလေပင်။ အမျိုးမျိုးသောဈေးဆိုင်များနှင့် ခရီးသွားများက နေရာတိုင်းတွင် ရှိနေသည်။ လူများအပြားရှိသည့်နေရာများတွင် ပစ္စည်းများကို ပိုမိုများပြားစွာ ရောင်းချလေသည်။ လင်းရုဖေးသည် အမတပစ္စည်းများရောင်းချသည့် ဈေးဆိုင်များစွာကိုတွေ့ခဲ့ရပြီး ထိုအရာများထဲရှိအများစုက ထူးခြားပြီး စိတ်ဝိညာဉ်ကျောက်တုံးများနှင့်သာ ရောင်းဝယ်ဖောက်ကားကြ၏။
လင်းရုဖေးသည် အနည်းငယ်တွေးတောပြီးနောက် ကြည့်ရှုရန် ဝင်သွားလိုက်သည်။ ဆံပင်တွင် ထိုးလိုက်သည့်အခါ အရောင်ပြောင်းသွားသည့် ဆံထိုးနှင့် သူတို့မှန်ကြည့်သည့်အခါ သူတို့၏အသွင်အပြင်ကို မှတ်ထားပေးတတ်သည့် မှန်ချပ်လေးများကဲ့သို့ စိတ်ဝင်စားစရာကောင်းသော တန်ဆာပလာအသေးစားတချို့ကို ဝယ်ယူလိုက်သည်။ သူသည် အသုံးဝင်သည့်ပစ္စည်းများကို အစုလိုက်အပုံလိုက်ဝယ်ခဲ့ပြီး သူ့အတွက် အသုံးမဝင်သည့်ပစ္စည်းများကိုမူ ငယ်ရွယ်သောအစေခံလေးနှစ်ယောက် ကစားရန် လက်ဆောင်အဖြစ်ပေးလိုက်မည်ပင်။ သို့သော် အစေခံလေးနှစ်ယောက်က ထိုအရာများကို မကြိုက်ပေ။
ယွီရွေ့သည် ရင်ဘတ်ထဲမှလေကို မှုတ်ထုတ်လိုက်ပြီး "သခင်လေး သခင်လေးက အရမ်းကလေးဆန်လွန်းတယ် ကျွန်မ ဒီနှစ်မှာ အသက်ဆယ့်လေးနှစ်ပြည့်ပြီးပြီ ဒီအရာတွေနဲ့ ကျွန်မ ဘယ်လိုလုပ် ကစားလို့ရမှာလဲ"
လင်းရုဖေး၏မျက်လုံးများက ရိုးသားမှုများနှင့် ပြည့်နေ၏။
“ဒါက သိပ်ပြီး စိတ်ဝင်စားစရာမကောင်းလို့လား"
ယွီရွေ့က ဖြေလိုက်သည်။
“ဘယ်လိုလုပ် စိတ်ဝင်စားဖို့ကောင်းမှာလဲ ဒီအရာတွေက ကလေးတွေကို ရယ်မောစေဖို့ သုံးတဲ့ဟာတွေလေ"
လင်းရုဖေးသည် သူ့လက်ထဲရှိ အရာများကို ဘာမှမပြောဘဲ အကြာကြီး ရပ်ကြည့်နေမိသည်။ နောက်ဆုံးတွင် သူသည် ထိုအရာအားလုံးကို သူ၏သိုလှောင်လက်စွပ်ထဲသို့သာ တိတ်တဆိတ် ထည့်လိုက်ပြီး ထောင့်လေးတွင် စိတ်အားငယ်သော အကြည့်ဖြင့် ထိုင်နေလိုက်သည်။
ဖူဟွားသည် ထိုအခြေအနေကို မြင်သောအခါ ယွီရွေ့၏ခေါင်းကို ခေါက်လိုက်ပြီး "နင် သခင်လေးကို ဘယ်လိုလုပ် ဒီလိုမျိုး ပြောရတာလဲ သခင်လေး သခင်လေး ကျွန်မ ဒါတွေအားလုံးကိုကြိုက်တယ် သခင်လေး ကျွန်မကို ပေးလို့ရတယ်"
လင်းရုဖေးက သက်ပြင်းချလိုက်ပြီး “မေ့လိုက်တော့ မင်းရဲ့အသံက ကလေးတစ်ယောက်ကို ချော့နေတာနဲ့တူလွန်းတယ် ကိုယ့်ဘာသာပဲ သိမ်းထားလိုက်တော့မယ်"
ထိုစကားကိုပြောပြီးနောက် သူက သူ့ဘာသာသူ နှစ်ကြိမ်တိုင်တိုင် ရေရွတ်လိုက်၏။
“ငါ မင်းတို့ကို မပေးချင်ဘူး"
အနားတွင်ရှိသော ကုရွှမ်းတုသည် သူတစ်ပါး၏ကံမကောင်းခြင်းအပေါ်ကို ရွှင်မြူးစွာ ရယ်မောနေလေသည်။
တည်းခိုခန်းသို့ရောက်ရှိပြီးနောက်၊ သူတို့အုပ်စုသည် စာရင်းပေးလိုက်ပြီး ရှီးလျန့်တောင်များ၏သတင်းနှင့်ပတ်သက်၍ တည်းခိုခန်းပိုင်ရှင်အား မေးမြန်းလိုက်သည်။
သူတို့ ရှီးလျန့်တောင်များဆီ သွားမည့်အကြောင်းကို တည်းခိုခန်းပိုင်ရှင် ကြားပြီးနောက် မျက်မှောင်ကြုတ်ကာ "သခင်လေးက ရှီးလျန့်တောင်တွေကိုဖြတ်ပြီး အလယ်ပိုင်းလွင်ပြင်ကို သွားချင်နေတာလား"
လင်းရုဖေးက ခေါင်းညိတ်လိုက်သည်။
တည်းခိုခန်းပိုင်ရှင်ကဆိုသည်။
“ဒါဆို မင်း ပိုပြီး ဂရုစိုက်ရမယ် သဲကန္တာရကိုဖြတ်သွားတဲ့ ကုန်သည်ကြီးတွေနဲ့အတူ သွားတာက အကောင်းဆုံးပဲ ကုန်သည်တွေမရှိဘူးဆိုရင် အနည်းဆုံး ယုံကြည်စိတ်ချရတဲ့ ကိုယ်ရံတော်အနည်းငယ်တော့ရှိသင့်တယ် အဲဒီမှာ ရှီးလျန့်တောင်တွေကို သိမ်းပိုက်အုပ်စိုးထားတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ သားရဲတွေတင် ရှိတာမဟုတ်ဘူး စွမ်းအားကြီးတဲ့ ဓားပြတွေလည်း ရှိသေးတယ် မင်းသာ သူတို့နဲ့တွေ့ရင် သေချာပေါက် သေလိမ့်မယ်”
လင်းရူဖေး၏ဖြူဖျော့ဖျော့မျက်နှာနှင့် နုနယ်သော ခန္ဓာကိုယ်ကို စိတ်ပူစွာ ကြည့်လိုက်ပြီးနောက် အပြည့်အဝအရွယ်မရောက်သေးသော မိန်းကလေးနှစ်ယောက်ကို ကြည့်လိုက်သည်။
သူက အဘိုးအိုကြီးတစ်ယောက်လို သက်ပြင်းချလိုက်ပြီး "တကယ်သွားချင်တယ်ဆိုရင် မင်းသတိထားမှရလိမ့်မယ် အဲဒီလူယုတ်မာတွေက မိန်းကလေးတွေကို ကြင်ကြင်နာနာဆက်ဆံဖို့ စိတ်ကူးမရှိကြဘူး"
လင်းရုဖေးသည် တည်းခိုခန်းပိုင်ရှင်၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များကို လက်ခံပြီး ၎င်းကို စဉ်းစားကြည့်မည်ဟု ပြောလိုက်သည်။
ရှီးလျန့်တောင်တွေသည် သံကြိုးတစ်ခုကဲ့သို့ ဆက်စပ်နေကြသည်။ လမ်းမကြီးတစ်ခုမှလွဲ၍ အားလုံးနီးပါးသည် လူမရှိသလောက်မြင်ရခဲသော တောထူထပ်သည့် သစ်တောများသာဖြစ်သည်။ ဓားပျံဖြင့်ခရီးသွားလျှင်ပင် တောင်ပေါ်မှ ထွက်ခွာရန် ဆယ်ရက်မှ လဝက်ခန့် ကြာနိုင်သည်။ မြင်းနှင့်သွားလျှင် ပို၍ပင်ကြာလိမ့်မည်ပင်။ ကံကောင်းစွာဖြင့်၊ ရှင်းကျိုးမြို့၏စီးပွားရေးလုပ်ငန်းသည် အောင်မြင်နေပြီး နေရာများစွာတွင် ကန္တာရခရီးသွားကုန်သည်ကြီးများ ရှိသည်။ သာမန်ခရီးသွားများသည် ငွေပိုပေးဆောင်ရန်သာ လိုအပ်ပြီး သူတို့နောက်သို့ လိုက်သွားနိုင်သည်။ မှန်ပေ၏၊
သာမန်ခရီးသွားအားလုံးသည် ထိုခရီးသွားရထားထဲသို့ ဝင်ခွင့်မရပေ၊ ခရီးသွားကုန်သည်များသည်လည်း သေသေချာချာ ရွေးချယ်ကြပေလိမ့်မည်။ အဆုံးတွင် မကောင်းသောရည်ရွယ်ချက်ရှိသည့်သူကို ဖိတ်ခေါ်မိလျှင် လူတစ်စုလုံး ဒုက္ခရောက်ပေလိမ့်မည်။
ဖူဟွားသည် တောင်များကိုဖြတ်သန်းသွားမည့် ကုန်သည်များရှိလားဟု မေးမြန်းပြီး မရှိလျှင် လမ်းသိသည့် သက်တော်စောင့်နှစ်ယောက်ကို ငှားရန် ရည်ရွယ်လိုက်သည်။ သူမနှင့် ယွီရွေ့တို့သည် သိမ်မွေ့နုနယ်ပုံပေါ်သော်လည်း သူမတို့သည် ကျင့်ကြံဆင့်ပဉ္စမအဆင့်ရှိသော မသေမျိုးကျင့်ကြံသူများ ဖြစ်နေဆဲပင်။ သူမတို့အရှေ့၌ သာမန်ဓားပြများသည် ထမင်းတစ်နပ်[1]အဖြစ်တောင် ယူဆ၍မရပေ။
{ [1] - တကယ့်ထမင်းတစ်နပ်ကိုပြောသည်မဟုတ်ပေ၊ သူတို့အချိန်ဖြုန်းဖို့တောင်မတန်ဘူးလို့ ပြောခြင်းဖြစ်သည်။ }
ဖူဟွားက လူရှာရန် ထွက်သွားခဲ့ပြီး လင်းရုဖေးသည် တစ်ယောက်တည်း ပျင်းနေသည့်အတွက် တည်းခိုခန်းအနီးတစ်ဝိုက်တွင် လမ်းလျှောက်ထွက်ရန် ဆုံးဖြတ်လိုက်သည်။
တည်းခိုခန်းတစ်ဝိုက်နေရာသည် အလွန်သက်ဝင်လှုပ်ရှားနေပြီး နေရာတိုင်းတွင် အော်ဟစ်ရောင်းချနေသော ဈေးသည်များရှိသည်။ လင်းရုဖေးသည် နီညိုရောင်ဆီးသကြားတုတ်ထိုးတစ်ချောင်းကို သွားဝယ်ပြီး အသက်မွေးမှုလုပ်ငန်းများကိုကြည့်ရင်း စားနေလိုက်သည်။ သူသည် ခွန်းလွန်ကဲ့သို့ အားကောင်းသော ကျန်းဟူအငွေ့အသက်ရှိသည့် နေရာများကို အမြဲနှစ်သက်သည်။ သို့သော် သူ၏ထူးခြားသော အဆင့်အတန်းကြောင့် သူသွားလေရာနေရာတိုင်း၌ လူများသည် သူ့ကို ကွဲပြားစွာ ကြည့်ရှုလာကြသောကြောင့် တောင်ပေါ်တွင် နေထိုင်ရသည်ကိုသာ သူပိုနှစ်သက်လေ၏။
လင်းရုဖေးသည် အရသာရှိသော နီညိုရောင်ဆီးသကြားတုတ်ထိုးကို စားနေစဉ် လမ်းထောင့်မှ အော်ဟစ်သံကို ကြားလိုက်ရသည်။ သူ သွားကြည့်သောအခါ ခပ်ပိန်ပိန်ဆယ်ကျော်သက်လေးတစ်ယောက်က ဒိုင်းကာများရောင်းနေသည်ကို တွေ့လိုက်ရသည်။
“ကျွန်တော်ရောင်းတဲ့ဒိုင်းကာတွေက သာမန်ဒိုင်းကာတွေနဲ့မတူဘူး ကမ္ဘာ့အချွန်ဆုံးဓားတောင်မှ ဖောက်ဖြတ်လို့မရဘူး”
လူငယ်လေးက ချောမောလှပသောရုပ်ရည်ဖြင့် မွေးဖွားလာသူဖြစ်သည်။ သူ့မျက်ခုံးများက သေသပ်စွာထင်းနေကာ ချောမောသော်လည်း သူနှင့်မတော်သည့် အင်္ကျီတိုတိုကို ဝတ်ထားပြီး အတော်လေး သနားစရာကောင်းနေသည်။ သူသည် လမ်းဘေးတွင် ရပ်နေပြီး မီးခိုးရောင် သစ်သားဒိုင်းကာကို လက်ထဲတွင် ကိုင်ထားပြီး ကျယ်လောင်စွာ အော်ဟစ်နေသည်။
“ကျွန်တော့်ကို မယုံရင် လာစမ်းကြည့်လို့ရတယ်နော် ဒါပေမယ့် ဓားကျိုးသွားရင်တော့ ပြန်လျော်မပေးနိုင်ဘူး"
လမ်းသွားလမ်းလာတစ်ယောက်သည် ၎င်းအရာကို ကြားပြီးနောက် လူအုပ်ထဲမှ ချက်ချင်းထွက်လာသည်။ ထိုသူသည် လူငယ်ရှေ့လျှောက်လာပြီး သူ့ခါးရှိ ဓားရှည်ကို ဆွဲထုတ်လိုက်သည်။
သူက ရယ်မောလိုက်ပြီး “ဒါက သစ်သားဒိုင်းကာသေးသေးလေးပဲ ဘယ်လောက်တောင် အစွမ်းထက်နိုင်မှာမလို့လဲ အခုခေတ် လူငယ်လေးတွေက သူတို့ရဲ့နွားသားရေကို မှုတ်ထုတ်ခံရမှာ မကြောက်ဘဲ ချဲ့ကားပြောဆိုရတာကို အတော်သဘောကျကြတာပဲ[2]”
{ [2] - ပုံကြီးချဲ့ ကြွားလုံးထုတ်ခြင်း။ (တရုတ်လို ချဲ့ကားတာကို "နွားမှုတ်ခြင်း" လို့ တိုက်ရိုက်ပြန်ဆိုနိုင်တာမို့ နွားသားရေကို ကိုက်ဖြတ်ခြင်းဆိုတဲ့ အယူအဆက ဖုံးကွယ်ရာကို ပေါ်သွားအောင် ပြင်းပြင်းထန်ထန် မှုတ်ထုတ်တယ်လို့ ဆိုလိုတာပါ။) အခြေခံအားဖြင့် သူက ချဲ့ကားရတာကို မကြောက်ဘူး၊ ကြွားဝါဖို့ဆို အရှက်မရှိဘူးလို့ ပြောတာပါ။ }
လူအုပ်ကြီးက ထိုသူ့စကားကြောင့် ကျယ်လောင်စွာ ရယ်မောကြတော့သည်။
လူပယ်လေးက စိတ်ဆိုးသွားခြင်းမရှိပေ။
သူက သစ်သားဒိုင်းကို ကိုင်ထားသောလက်ကို မြှောက်လိုက်ပြီး
“ခင်ဗျား စမ်းကြည့်ချင်လား ပထမဆုံးအနေနဲ့ ဓားကျိုးသွားရင်... ..."
သူစကားမဆုံးမီ ထိုလူက စိတ်မရှည်စွာပြောဆိုလာသည်
“သိပါတယ် သိပါတယ် အခုခေတ် ကလေးတွေက ကောင်းကင်ကြီး ဘယ်လောက်မြင့်လဲဆိုတာ မသိကြဘူးဘဲ စိတ်ဝိညာဉ်စွမ်းအားနည်းနည်းလေးမှမပါတဲ့ ဒီသစ်သားဒိုင်းကာက ဘယ်လောက်တောင် အစွမ်းထက်သလဲဆိုတာ ငါ ဒီနေ့မြင်ချင်တယ်”
ထိုသို့ဆိုပြီးနောက် ထိုသူသည် သူ့လက်ထဲရှိဓားကို မြှောက်လိုက်ပြီး သစ်သားဒိုင်းကာထံ အင်အားအပြည့်ဖြင့် ခုတ်ချလိုက်သည်။
ဓါးနှင့် သစ်သားဒိုင်းသည် ထိခတ်သွားပြီး "ကလက်" ဟူသောအသံထွက်ပေါ်လာသည်။ လူအုပ်ကြီး မတုံ့ပြန်နိုင်ခင်မှာပင် မြေပြင်ပေါ်တွင် ကြေမွနေသော ချွန်ထက်သည့်ဓားသွားကို တွေ့လိုက်ရပြီး သစ်သားဒိုင်းကာတွင် အခြစ်ရာလေးတစ်ခုပင် ရှိမနေချေ။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ထိုလူသည် အံ့ဩလွန်း၍ စကားမပြောနိုင်ဖြစ်နေသည်။
“ဒီ... ...ဒီ... ...”
သူ၏နောက်ထပ်လှုပ်ရှားမှုသည် ဆယ်ကျော်သက်လူငယ်လေး၏အင်္ကျီကော်လံကို ဆွဲယူပြီး ရှေ့သို့ဆက်တိုးရန်ဖြစ်လိုသော်လည်း ဆယ်ကျော်သက်လူငယ်လေးက ထိုသို့ပြုလုပ်မည်ကို မျှော်လင့်ထားသကဲ့သို့ပင် ရှောင်တိမ်းကာ ရယ်မောလိုက်သည်။
“ဟေး ဒီကအစ်ကိုကြီး စောစောကတည်းက ခင်ဗျားကို သတိပေးထားပြီးသားလေ ဒီကိစ္စအတွက် ခင်ဗျား ကျွန်တော်ကို အပြစ်တင်လို့ မရဘူး၊ အာ——"
“မင်း...မင်း... ဒါ ငါ့ဘိုးစဥ်ဘောင်ဆက် အမွေပေးထားခဲ့တဲ့ဓါးကွ... မင်း အဲဒါကို ဘယ်လိုလုပ် ချိုးပစ်ရဲတာလဲ"
ထိုလူက အရမ်းဒေါသထွက်နေသည်။
“ဒါကြောင့် မင်း ငါ့ကို လျော်ကြေးပြန်ပေးရမယ်”
လူငယ်လေးက အပြစ်ကင်းဟန်ဖြင့် ပြန်ဖြေလိုက်သည်။
“ဒါပေမယ့် ခင်ဗျားကိုယ်တိုင်ပဲရောက်လာပြီး ခင်ဗျားကိုယ်တိုင်ကပဲ ဓားကို ချိုးပစ်ခဲ့တာ အသိသာကြီးလေ ခင်ဗျားက ဘယ်လိုလုပ် ကျွန်တော်ကို လာအပြစ်တင်နေတာလဲ”
လူအုပ်ကြီးထဲတွင် တရားမျှတမှုအတွက် တိုက်ပွဲဝင်နေသောလူများစွာလည်းရှိပြီး ထိုလူက အရမ်းလွန်လွန်းသည်ဟု ပြောဆိုလာကြသည်။ ဆယ်ကျော်သက်ကောင်လေးသည် အစကတည်းက သတိပေးထားပြီးသားဖြစ်ပြီး ထိုသူက ဂရုမစိုက်ဘဲ ရှေ့ဆက်တိုးခဲ့ခြင်းသာဖြစ်၏။ ဖြစ်ပျက်ခဲ့သည်ကို ကြည့်လိုက်လျှင် သူ့ဓားက ကျိုးသွားခဲ့ပြီဖြစ်ပြီး ယင်းက ထိုသူနှင့် အလွန်ထိုက်တန်သောရလဒ်ဖြစ်သည်။
လူအုပ်ကြီး၏စကားကို ကြားလိုက်ချိန်တွင် ထိုလူက အလွန်အမင်းဒေါသထွက်သွားပြီး “ဘယ်သူလဲ ဘယ်သူ သောက်စကားပြောနေတာလဲ ထွက်ခဲ့စမ်း...မင်းတို့အားလုံးက သူနဲ့ အတူတူပဲလို့ ငါ ထင်တယ်...မင်းတို့အားလုံးပေါင်းပြီး ငါ့ကို လုပ်ကြံနေကြတာ”
လူအုပ်ကြီးသည် သူ့ကို မကြောက်သောကြောင့် ရယ်မောလိုက်ကြသည်။ လှောင်ပြောင်သရော်မှုမျိုးစုံသည် အဆက်မပြတ်ထွက်ပေါ်နေပြီး အခြေအနေက သူ့ကိုမျက်နှာသာမပေးကြောင်း ထိုလူ သတိပြုမိသောအခါ နောက်ဆုံးတွင် သူသည် အံကြိတ်ကာ ဒေါသတကြီးဖြင့် လှည့်ထွက်သွားတော့သည်။ သို့သော် သူထွက်သွားသောအချိန်တွင် ဆယ်ကျော်သက်ကောင်းလေးကို စူးစူးစိုက်စိုက်ကြည့်သွားရန်လည်း မမေ့ပေ။ နောင်တစ်ချိန် ထိုဆယ်ကျော်သက်ကောင်လေးကို နောက်တစ်ကြိမ်ထပ်တွေ့လျှင် ရိုက်နှက်ဆုံးမပစ်မည်ဟု ကျိန်ဆိုလိုက်သည်။
ပွဲကြည့်ပရိသတ်များက ထိုသူ၏စိတ်ဓါတ်ကျဆင်းနေသော နောက်ကျောကို လှောင်ပြောင်ရယ်မောမှုများနှင့်အတူ နှုတ်ဆက်လိုက်ကြ၏။
ထိုလူ ထွက်သွားပြီးနောက် ဆယ်ကျော်သက်ကောင်လေးသည် သူ့သစ်သားဒိုင်းကာကို ဆက်လက်ရောင်းချသည်။ ယခုတစ်ကြိမ်တွင် လူများစွာ ပိုမိုစိတ်ဝင်စားလာကြသည်။ သစ်သားဒိုင်းကာကို အထူးမာကျောသောသစ်သား[3] ဖြင့် ပြုလုပ်ထားကြောင်း ဆယ်ကျော်သက်ကောင်လေးက ပြောပြသည်။ သူက သစ်သားအပိုင်းသေးသေးလေးကိုသာ ရရှိခဲ့သောကြောင့် ယခုကဲ့သို့ ဒိုင်းကာသေးသေးလေးကိုသာ ပြုလုပ်နိုင်ခဲ့ခြင်းပင်။ ထိုအရာသည် စိတ်ဝိညာဉ်အငွေ့အသက်မရှိသော်လည်း၊ ထူးခြားအစွမ်းရှိသည့်သောဓားနှင့်တွေ့လျှင်ပင် ၎င်းသည် ကျိုးပျက်သွားရန်အခွင့်အရေးမရှိနိုင်ဟုလည်း သူက ပြောလာသည်။ မှန်ပေ၏၊ အရေးကြီးဆုံးအချက်သည် ဈေးမကြီးခြင်းပင်။ အလယ်အလတ်တန်းစား စိတ်ဝိညာဉ်ကျောက်တုံးတစ်ခုဖြင့်ပင် ထိုဒိုင်းကာကို ဝယ်ယူရန် လုံလောက်ပေသည်။
{ [3] - Hop-hornbeam/Ironwood အပင်အမျိုးအစားဖြစ်ပါသည်။ ပုံလည်းထည့်ပေးထားပါသည်။ }
အလယ်အလတ်တန်းစား စိတ်ဝိညာဉ်ကျောက်တုံးသည် အလွန်စျေးကြီးသည်ဟုဆိုကာ လူအုပ်ထဲမှ တချို့သည် လူငယ်လေးကို စတင်ဈေးဆစ်ကြတော့သည်။ ထိုဒိုင်းကာသည် မည်မျှပင် ကောင်းမွန်နေပါစေ၊ ၎င်းတွင် စိတ်ဝိညာဉ်စွမ်းအင် မရှိပေ။ အကယ်၍ လူငယ်လေးသာအဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံးငါးဆယ်နှင့် လက်ခံလိုလျှင် သူတို့သည် ဒိုင်းကာကို ဝယ်ကြပေလိမ့်မည်။ လူငယ်လေးသည် ဈေးလျော့ဖို့ရန် ငြင်းဆန်နေပြီး လူအုပ်ထဲသို့ လှမ်းကြည့်လိုက်ချိန်တွင် အကြောင်းတစ်ခုခုကြောင့် လင်းရုဖေးထံတွင် အကြည့်များရပ်တန့်သွားသည်။
ခြေလှမ်းအနည်းငယ်ဖြင့် သူသည် လင်းရုဖေး၏ရှေ့သို့ ရောက်လာပြီး “ဒီကသခင်လေးက ဒီသစ်သားဒိုင်းကာကို စိတ်ဝင်စားလို့လား"
"ငါလား"
လင်းရုဖေးက သူ့ကိုယ်သူ လက်ညှိုးထိုးပြလိုက်ပြီး “ဒီသစ်သားဒိုင်းကာကို ငါစိတ်ဝင်စားတယ်လို့ မင်းဘယ်လိုလုပ် ပြောနိုင်တာလဲ"
လူငယ်လေးက ပြန်ဖြေလိုက်သည်။
“ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော် ဒီကို အခုမှရောက်ဖူးတာ ကန္တာရခရီးသွားကုန်သည်ကိုရှာ ပြီးရင် ပိုက်ဆံနည်းနည်းပေးပြီး ရှီးလျန့်တောင်တွေကို ဖြတ်ဖို့ စီစဉ်ထားတယ် ကံမကောင်းစွာနဲ့ဘဲ ကျွန်တော့်မှာငွေနည်းနည်းပဲရှိလို့ ရှာဖို့ရန် ဝန်ပိနေတယ်လေ ဒါကြောင့် ကျွန်တော့်ရဲ့အဖိုးတန်ရတနာကို ရောင်းဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး ဒီက အစ်ကို့ရဲ့ဝတ်စားဆင်ယင်ပုံကိုကြည့်ရတာ ပိုက်ဆံမရှိတဲ့သူတစ်ယောက်နဲ့မတူဘူး သူရဲကောင်းတစ်ယောက်နဲ့လိုက်ဖက်တဲ့ မြင်းကောင်းတစ်ကောင်လိုမျိုး...ဒီ အဖိုးတန်ဒိုင်းကာကလည်း အစ်ကို့လို အဖိုးတန်လူမျိုးတွေနဲ့ သဘာဝကျကျ လိုက်ဖက်တယ်လို့ ကျွန်တော်ထင်တယ်"
၎င်းသည် ရောင်းချရန် နည်းလမ်းကောင်းတစ်ခုဖြစ်၏။
လင်းရုဖေးက ရယ်မောလိုက်ပြီး "မင်းမှာ တော်တော်ချိုတဲ့ ပါးစပ်ရှိတာပဲ[4]"
{ [4] - မြှောက်ပင့်၍ပြောဆိုတတ်သူ၊ စကားပြောကောင်းသူ }
“ဟုတ်ပါတယ်...ဟုတ်ပါတယ်”
လူငယ်လေးကဆက်၍ဆိုသည်။
“တကယ်လို့ ဈေးကြီးတယ်ထင်ရင် နည်းနည်းလျှော့ပေးလို့ရတယ် ဒါပေမယ့် အရမ်းကြီးတော့လျှော့ပေးလို့မရဘူး အနည်းဆုံး အဆင့်နိမ့် စိတ်ဝိဥာဏ်ကျောက်တုံးဆယ်လုံးလောက်တော့ လျှော့ပေးလို့ရတယ်”
အဆင့်နိမ့် စိတ်ဝိဥာဏ်ကျောက်တုံးတစ်ရာသည် အလယ်အလတ်အဆင့် စိတ်ဝိဥာဏ်ကျောက်တုံးတစ်လုံးနှင့် ညီမျှသည်။
လင်းရုဖေးသည် ငွေကြေးအကြောင်းကို နားမလည်သည့်အပြင် အလယ်အလတ်တန်းစား စိတ်ဝိညာဉ်ကျောက်တုံးသည် မည်မျှတန်ဖိုးရှိသည်ကို သူမသိပေ။ သူ တောင်ပေါ်မှထွက်လာချိန်တွင် သူ့အစ်မနှင့် အစ်ကိုများသည် အလယ်အလတ်တန်းစား စိတ်ဝိညာဉ်ကျောက်တုံးများအကြောင်း ပြောဆိုမလာသည့်အပြင် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးများစွာကို သူ့အား ပေးခဲ့ကြသည်။ ယခင်က ဝယ်ခဲ့သည့်ပစ္စည်းများအတွက် အလယ်အလတ်တန်းစား စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာကျော်ကို သူ အသုံးပြုခဲ့သည်။ ထို့ကြောင့် အလယ်အလတ်တန်းစား စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံး၏စျေးနှုန်းကို ပြောနေသည့် ဆယ်ကျော်သက်ကောင်လေးနှင့် ရင်ဆိုင်လိုက်ရချိန်တွင် ကျန်းဟူ၏ရုပ်ပြစာအုပ်ထဲတွင် ပါဝင်သူတစ်ဦးသကဲ့သို့ သူ ခံစားလိုက်ရသည်။
အတော်လေး စိတ်ဝင်စားဖို့ကောင်းပေ၏။
လူငယ်လေးသည်တောက်လျှောက်စကားပြောနေခဲ့ပြီး လင်းရုဖေးကလည်း နားထောင်ပြီးနောက် အလွန်ကျေနပ်သွားသည်။ အဆုံးတွင် သူသည် သူ၏အိတ်ငယ်ထဲမှ စိတ်ဝိဥာဏ်ကျောက်တုံးတစ်တုံးကို ထုတ်ကာ လူငယ်လေးအား ပေးလိုက်သည်။
သူက သစ်သားဒိုင်းကာကို ယူပြီး ပြုံးကာပြောလိုက်သည်။
“ဝယ်ပြီးပစ္စည်း ပြန်လဲမပေးဘူးနော်"
လူငယ်လေးသည် စိတ်ဝိညာဉ်ကျောက်တုံးကို ဂရုတစိုက်ဘေးဖယ်ထားလိုက်ပြီးနောက် သစ်သားဒိုင်းကာကို ပေးရန် တွန့်ဆုတ်နေသည့် အရိပ်အယောင်ကို ပြသလာသည်။
တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူက အသံတိုးတိုးလေးဖြင့် “သခင်လေး ဒီသစ်သားဒိုင်းကာက ကျွန်တော့်အတွက် ကျွန်တော့်သခင်ဟောင်းက ပေးထားခဲ့တာ အနာဂတ်မှာ ကျွန်တော်တို့ပြန်ဆုံပြီး ကျွန်တော့်ဆီမှာ ပိုက်ဆံရှိရင် သခင်လေးဆီကနေ ပြန်ဝယ်လို့ရမလား"
“ရတာပေါ့”
သစ်သားဒိုင်းကာသည် လင်းရုဖေးအတွက် အပျော်ရှာမှုတစ်ခုသာဖြစ်တာကြောင့် သူက ရိုးရိုးရှင်းရှင်းပင် သဘောတူလိုက်သည်။
လူငယ်လေးက သက်ပြင်းချကာဖြည်းညှင်းစွာ လှည့်ထွက်သွားသည်။