Chapter 63
လင်းရုဖေးနှင့် ဆယ်ကျော်သက်ကောင်လေးတို့ စကားပြောပြီးနောက် သူတို့နှစ်ယောက် အခြားသူများမရှိသည့် သီးသန့်နေရာသို့ လျှောက်သွားသည်အထိ ကုရွှမ်းတုက မည်သည်ကိုမျှ မပြောခဲ့ပေ။
လင်းရုဖေးက သူ့ကိုကြည့်ရန် ခေါင်းလှည့်လိုက်ပြီး ပြုံးကာ မေးလိုက်၏။
"ဘာလို့ ဘာမှ မပြောတာလဲ"
ကုရွှမ်းတုက အပြစ်ကင်းဟန်ဆောင်လိုက်ပြီး "ဘာပြောရမှာလဲ"
"ဒီဆယ်ကျော်သက်လေးက လူလိမ်လေးဆိုတာ သိသာတယ်လေ မင်း ဘာလို့ ဘာမှမပြောတာလဲ"
လင်းရုဖေးက ရယ်မောလိုက်သည်။ သူ့စကားသည် အပြစ်တင်ခြင်းမရှိသလို သိချင်ရုံမျှသာဖြစ်သည်။ ကုရွှမ်းတုက သူနှင့်မတူပေ၊ ဤမျှသေးငယ်သောလှည့်ကွက်လေးကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သေချာပေါက်မြင်ပေလိမ့်မည်။
ကုရွှမ်းတု : "မင်းက ပျော်စရာရှာနေတာလေ ဒါကြောင့် မင်းရဲ့ အပျော်တွေကို ကိုယ်က ဘာလို့ ဖျက်ဆီးပစ်ရမှာလဲ"
ထို့အပြင် ထိုအချိန်က လင်းရုဖေး၏အမူအရာသည် တစ်စုံတစ်ခုကို သိသိသာသာ သတိပြုမိပြီးဖြစ်ကြောင်း ဖော်ပြနေခဲ့သည်။
"ဒီဆယ်ကျော်သက်ကောင်လေးက တော်တော်စိတ်ဝင်စားဖို့ကောင်းပေမယ့် သူ့လှည့်ကွက်က နည်းနည်းတော့ ခေတ်နောက်ကျနေတာက သနားစရာပဲ"
လင်းရုဖေးက လမ်းလျှောက်ရင်း ပြောလိုက်သည်။
“အဲဒါက စာအုပ်တွေထဲက အကြောင်းအရာတွေနဲ့ အတူတူပဲ”
သူ ခဏမျှစဉ်းစားပြီးနောက် လေးလေးနက်နက် ပြောလိုက်သည်။
“ကျွန်တော်က သူ့ထက် ပိုကောင်းအောင် လုပ်ပြနိုင်မယ်ထင်တယ်"
ကုရွှမ်းတုက ရယ်လိုက်ပြီး "ဒါဆို မင်းအချိန်ရရင် ကြိုးစားကြည့်မလား"
လင်းရုဖေးက ကြိုးစားကြည့်ရန် စိတ်အားထက်သန်နေပုံရသည်။
ဤလင်းမိသားစု၏သခင်ငယ်လေးသည် ခွန်းလွန်တောင်ပေါ်တွင် အနှစ်နှစ်ဆယ်ကြာ ချုပ်နှောင်ခံထားရပြီး နောက်ဆုံးတွင် တောင်ပေါ်ကို စွန့်ခွာနိုင်ခဲ့ပြီးနောက် အရာအားလုံးကို သဘာဝကျကျ စူးစမ်းကြည့်ချင်နေခဲ့သည်။ ဆယ်ကျော်သက်ကောင်လေးက သူ့ဖျော်ဖြေရေးတွင် အလွန်အားစိုက်ထုတ်ခဲ့သောကြောင့် ၎င်းအတွက် ဆုလာဘ်တစ်ခုအဖြစ် သူ့ကို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးပေးခဲ့၏။
တည်းခိုခန်းသို့အပြန်လမ်းတွင် ကုရွှမ်းတုနှင့် လင်းရုဖေးတို့သည် ဓားသိုင်းပညာနှင့်ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။ ကုရွှမ်းတုသည် ကုယွီက လင်းရုဖေး၏အသက်ရှုခြင်းဖြင့် ကောင်းစွာနားလည်သိကျွမ်းပြီးကတည်းက သူ့ခန္ဓာကိုယ်အတွင်းရှိ ဓားကိုဆွဲထုတ်နိုင်ရန် ရိုးရှင်းသောအလေ့အကျင့်အချို့ကို သင်ကြားပေးမည်ဟု ပြောလိုက်သည်။
အသက်အရွယ်ကြီးရင့်သည့်အချိန်မှ သူ့တို့၏ဓါးသိုင်းကို စိတ်အားထက်သန်စွာ လေ့ကျင့်နေသည့် အချို့လူများအတွက် ယင်းကခက်ခဲနိုင်သော်လည်း လင်းရုဖေးကမူ ဓားဝိဥာဉ်ဖြင့် မွေးဖွားလာသူဖြစ်သဖြင့် လူသတ်ရန်သာမန်လှုပ်ရှားမှုများကို အသုံးပြုရန် အချန်ခဏလောက်ပေးကာသင်ယူရုံကလုံလောက်ပေ၏။
လင်းရုဖေးသည် ဓားဖြင့်လေ့ကျင့်နိုင်မည့်အကြောင်း ကြားသိရသည်နှင့် စိတ်လှုပ်ရှားနေမိသည်။ ချီယန်ရှန့်နှင့် မုန့်အိမ်တော်တွင် မြှားပစ်သကဲ့သို့ပင် နောက်ပိုင်း၌ တခြားအရာများကို ဓားနှင့်ချိန်ရွယ်တိုက်ခိုက်နိုင်ရန် သင်ကြားပေးမည်ဟု ကုရွှမ်းတုက ပြောခဲ့သည်။
လင်းရုဖေးအတွက် အချက်အလက်အားလုံးမှာ အနည်းငယ် အကြမ်းထည်ဆန်နေသောကြောင့် ကုရွှမ်းတုသည် တည်းခိုခန်းသို့ ရောက်ပြီး နှစ်ယောက်သား အခန်းထဲသို့ ၀င်သွားသည်အထိ ဆက်မပြောတော့ပေ။ သူက လင်းရုဖေးကို စတင်၍လေ့ကျင့်သင်ကြားပေးသည်။
"ဓားရဲ့ ဦးတည်ချက်ရှိနေတဲ့နေရာကို မင်း ပထမဆုံး ခံစားရမယ်" ကုရွှမ်းတုကဆက်၍ဆိုသည်။
“ဒါက မင်းအတွက် ပိုခက်နိုင်တယ် ငယ်ငယ်ကတည်းက ရေထဲမှာ နေထိုင်လာတဲ့သူဖြစ်ပေမဲ့ ရေကိုခံစားတတ်ဖို့ လိုအပ်နေတဲ့လူလိုမျိုးပဲ"
လင်းရုဖေးက ကုရွှမ်းတု၏ပို့ချချက်ကို ဂရုတစိုက်နားထောင်ပြီး ဖြည်းဖြည်းချင်း ကြိုးစားကြည့်သည်။
ကုရွှမ်းတုက ဥပမာတစ်ခုပေးလိုက်၏။
“ဓားဆိုတာက သတ်ဖြတ်ဖို့ပဲသုံးတဲ့လက်နက်တစ်ခုမဟုတ်ဘူး သူ့ကို ကာကွယ်တဲ့နေရာမှာလည်း သုံးနိုင်တယ် ဥပမာ မင်းဓါးရဲ့ဆန္ဒကို မင်းဝယ်ထားတဲ့ သစ်သားဒိုင်းကာလိုမျိုး ကာကွယ်တဲ့နေရာမှာအသုံးချနိုင်ရင် သာမန် ဓားဆန္ဒက မင်းကာကွယ်ထားတာကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး"
လင်းရုဖေးက လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
နှစ်ယောက်သား အချိန်အကြာကြီး လေ့ကျင့်ခဲ့ကြပြီး ဖူဟွားနှင့် ယွီရွေ့တို့၏ခြေသံကို ကြားလိုက်ရမှသာ နှစ်ယောက်သား ရပ်တန့်သွားသည်။
ဖူဟွားက အခန်းအပြင်ဘက်မှ လှမ်းခေါ်လိုက်သည်။
“သခင်ငယ်လေး ကျွန်မတို့ပြန်ရောက်ပါပြီ"
လင်းရုဖေးက ပြန်ဖြေလိုက်သည်။ "ဝင်ခဲ့"
နှစ်ယောက်သား တစ်ယောက်ပြီး တစ်ယောက် ဝင်လာပြီး ယနေ့ အပြင်သွားတုန်းက အဖြစ်အပျက်ကို ပြောပြသည်။ ဖူဟွားသည် သူတို့ကို ခေါ်ဆောင်သွားလိုသော ခရီးသွားကုန်သည်တစ်စုကို ရှာဖွေနိုင်ခဲ့သော်လည်း ထိုကုန်သည်တစ်စု၏ အမြင့်ဆုံး ကျင့်ကြံဆင့်သည် စတုတ္ထအဆင့်တွင်သာ ရှိသေးသည်။ ထို့အပြင် ကုန်သည်အုပ်စုသည် အရေအတွက်များပြားပြီး ကုန်သေတ္တာကြီးများကိုလည်း သယ်ဆောင်လာသောကြောင့် ခရီးသွားနှုန်းမှာ အလွန်နှေးကွေးပေလိမ့်မည်။
“အဲဒီမှာ လူအများကြီးပါတယ် အစောင့်အကြပ်တွေလည်း အများကြီးရှိပေမယ့် ကြီမားတဲ့အမြီးကတော့ သေးသွားမှာမဟုတ်ဘူး[5] ကျွန်မသာ တောင်ပေါ်ဓါးပြဆိုရင် သေချာပေါက် သူတို့ကို အရင်ဆုံး အာရုံစိုက်မိမှာပဲ" ဖူဟွားကဆက်၍ဆိုသည်။
“ဒါကို တွေးမိပြီး နောက်နည်းလမ်းတစ်ခုကို စဉ်းစားမိတယ် ရှီးလျန့်တောင်တွေကို အတူတူ ဖြတ်ပြီး ကျွန်မတို့ကို ခေါ်ဆောင်သွားခိုင်းဖို့ လမ်းသိတဲ့ ဒေသခံတစ်ယောက်ကို ရှာဖို့ စီစဥ်ထားတယ် အဲဒါက မြန်လည်းမြန်တယ် ဘေးလည်းကင်းပြီး အလွယ်တကူ သတိထားမိမှာလည်းမဟုတ်ဘူး သခင်ငယ်လေးရော ဘယ်လိုထင်လဲ"
{ [5] - ကြီးမားသော အရာဝတ္ထုများက လုပ်ဆောင်ချက်များကို အနှောင့်အယှက်ပေးသည်။ }
လင်းရုဖေးက ခေါင်းညိတ်ပြီး ဖူဟွား၏ အဆိုပြုချက်ကို သဘောတူလိုက်၏။
"လူကို ရှာတွေ့ပြီလား"
"ရှာတွေ့ပါပြီ အဲဒီသူက ဒေသခံလူငယ်လေးတစ်ယောက်ပဲ သူငယ်ငယ်ကတည်းက ရှီးလျန့်တောင်ပေါ်မှာ ကြီးပြင်းလာတယ်လို့ ပြောပါတယ်"
ဖူဟွား ပြန်ဖြေလိုက်သည်။
“သူက အတော်လေးကို ထက်မြက်ပြီး ဓားသိုင်းကို မသိတဲ့အတွက် ဘယ်လှည့်စားမှုတွေကိုမှ မလုပ်နိုင်ပါဘူး"
လင်းရုဖေးက ခေါင်းညိတ်လိုက်ပြီး “ကောင်းပြီ"
သူတို့က တောင်များသို့ မထွက်ခွာမီ တခြားပြင်ဆင်မှုများကို ပြုလုပ်ခဲ့ကြသည်။ တာရှည်ခံအစားအစာအများအပြားနှင့် အဝတ်အထည်များကို ဝယ်ခဲ့ကြ၏။ မှန်ပေသည်၊ အများစုကို အစေခံများက ကိုင်တွယ်ဖြေရှင်းခဲ့ကြခြင်းပင်။ ဤရက်များတွင် လင်းရုဖေးသည် သူ့ကိုယ်တွင်းရှိ ဓားဆန္ဒကို မည်ကဲ့သို့ ထိန်းချုပ်ကိုင်တွယ်ရမည်ကို သင်ယူရန် ကုရွှမ်းတုနှင့် တစ်နေ့လုံး လေ့ကျင့်နေခဲ့သည်။ ကုရွှမ်းတုသည် သူ့အရည်အချင်းသည် တော်သော်လည်း သူ့ခန္ဓာကိုယ်က အားနည်းလွန်းပြီး သန်မာလွန်းသည့် စွမ်းအားကို မခံနိုင်ဘူးဖြစ်နေသည်ဟု ဆိုသည်။ သူက ဖြည်းဖြည်းချင်းသာ စတင်နိုင်သည်။ ယခုလက်ရှိအချိန်တွင် သူ၏အဓိကတာဝန်သည် ဓားဆန္ဒကို ခန္ဓာကိုယ်မှ ပြင်ပအရာဝတ္ထုများဆီ ဦးတည် ဆွဲထုတ်ရန်ဖြစ်၏။
__
သူဝယ်လာသည့် သစ်သားဒိုင်းကာသည် တကယ့် အထူးမာကျောသစ်သားနှင့် ပြုလုပ်ထားခြင်းမဟုတ်သော်လည်း ခိုင်ခံ့နေသေးသောကြောင့် လင်းရုဖေးသည် သူ့ဓားဦးတည်ချက်အတွက် ပစ်မှတ်အဖြစ် သတ်မှတ်လိုက်သည်။ နေ့တိုင်း သူက သေသေချာချာဂရုတစိုက်ဖြင့် ကြိုးစားကြည့်သည်။
ဤသာမန်သစ်သားဒိုင်းကာကို သခင်ငယ်လေးက အလွန်သဘောကျနေသည်ကို တွေ့သောကြောင့် အစေခံများသည် အံ့အားသင့်သွားကြပြီး ဘယ်အချိန်တုန်းက ဝယ်ခဲ့တာလဲဟု မေးမြန်းကြတော့၏။
လင်းရုဖေးက ပြုံးပြီး ထိုနေ့ကအကြောင်းကို နှစ်ယောက်လုံးအား ပြောပြလိုက်ပြီး သူ့အတွက် အကျိုးကျေးဇူးများ အများအပြားရခဲ့ကြောင်းလည်း ပြောပြလိုက်သည်။
နှစ်ယောက်သားကြားပြီးနောက် မသေချာမရေရာသောအကြည့်များဖြင့် အချင်းချင်းကြည့်လိုက်မိကြသည်။ ယွီရွေ့က တစ်ခုခုပြောချင်နေပုံရသော်လည်း ဖူဟွားသည် သူမလက်မောင်းကို ပြင်းပြင်းထန်ထန် ဖိလိုက်ခြင်းကြောင့် နာကျင်စွာ မျက်ရည်များ ချက်ချင်း စီးကျလာသည်။
ဘေးနားရှိဖူဟွားက ပြုံးကာ လင်းရုဖေးအား ပြောလိုက်သည်။
“ဒီသစ်သားဒိုင်းကာက ထူးခြားမဲ့ပုံပဲ သခင်ငယ်လေးမှာ အရမ်းကောင်းမွန်တဲ့အမြင်ရှိတာပဲ"
"ဟုတ်တယ် ဟုတ်တယ် ငါလည်း ကောင်းမွန်တဲ့အမြင်ရှိတယ်လို့ ခံစားရတယ်"
လင်းရုဖေးက ရယ်မောလိုက်ပြီး “နောက်တစ်ကြိမ်တွေ့ရင် နောက်ထပ်တစ်ခုလောက် ဝယ်ဖို့ သတိပေးပါဦး"
ဖူဟွားသည် ဒေါသထွက်နေသော်လည်း တိတ်တဆိတ် အံကြိတ်ကာ လင်းရုဖေးကို ချော့မော့ပြီး သဘောတူလိုက်သေးသည်။ သို့သော် သူမ၏ စိတ်ထဲတွင်မူ သူမ သခင်လေးထံ ထိုသစ်သားဒိုင်းကာကို ရောင်းလိုက်သော အရိုင်းအစိုင်းကောင်လေးကို ရှာတွေ့ပါလျှင် ရိုက်နှက်ပစ်မည်ဟု သူမကိုယ်သူမ ပြန်ပြောလိုက်သည်။
ရာသီဥတုက ပိုပူလာပြီး နောက်ဆုံးတွင် လင်းရုဖေးသည် ရှည်လျားသောအပြင်ဝတ်အင်္ကျီ မဝတ်ထားရတော့သောကြောင့် အတော်လေးကို လန်းဆန်းနေ၏။
သူတို့ထွက်ခွာသည့်နေ့ကလည်း သက်တောင့်သက်သာရှိသည့် နေသာသောနေ့ဖြစ်သည်။ ရထားကန့်လန့်ကာများပေါ်တွင် တိုက်ခတ်လာသော နူးညံ့သည့်လေပြည်လေညှင်းလေးက အေးမြမှုကို သယ်ဆောင်လာပေးသည်။
လင်ရုဖေးသည် ရထားပေါ်တွင် ထိုင်ကာ သူ့အတွက် ယွီရွေ့ ပြင်ဆင်ပေးထားသော ဇီးသီးလက်ဖက်ရည်ကို သောက်နေသည်။ ရထားကို မောင်းနှင်နေသော ဖူဟွား ပြောလိုက်သည်ကို သူကြားလိုက်ရသည်။
“ယူလာသင့်တဲ့အရာတွေအားလုံး အကုန်ပါပြီလား ပါပြီဆိုရင် အပေါ်တက်တော့ အထဲမှာ ငါ့သခင်လေးရှိတယ် ပိုပြီးရိုရိုသေသေဆက်ဆံဖို့ သတိရပါ"
အပြင်မှလူသည် ဟုတ်ကဲ့ဟု ဖြေလိုက်ပြီး ရထားပေါ်သို့ တက်လာသည်။ သူတို့ ကန့်လန့်ကာကို ဂရုတစိုက် မလိုက်ချိန်တွင် လက်ဖက်ရည်ပန်းကန်လုံးဖြင့် လက်ဖက်ရည်သောက်နေသော ရထားပေါ်၌ထိုင်နေသည့် လင်းရုဖေးကို တွေ့လိုက်ရ၏။
နှစ်ယောက်သား မျက်နှာချင်းဆိုင်တွေ့လိုက်သည်နှင့် လေထုက အေးခဲသွားသည်။
လင်းရုဖေးက ကြင်နာစွာ ပြုံးပြပြီး နှုတ်ဆက်လိုက်သည်။
"အိုး ဘယ်လိုတောင် တိုက်ဆိုင်လိုက်သလဲ"
“ဟုတ်တယ်... ...ဒါက အရမ်းတိုက်ဆိုင်လွန်းတယ်”
စကားပြောသူမှာ လွန်ခဲ့သည့် ရက်အနည်းငယ်က လင်းရုဖေးအား သစ်သားဒိုင်းကာကို ရောင်းခဲ့သည့် ဆယ်ကျော်သက်လေးနှင့် တစ်ယောက်တည်းပင်။ ဤတစ်ကြိမ်တွင် သူ့မျက်နှာတွင် သဘောကျသည့်အပြုံးနှင့်အတူ အိတ်ကြီးတစ်လုံးကို သယ်ဆောင်ထားသည်။ လင်းရုဖေးကိုမြင်ပြီးနောက် ထိုအပြုံးက အေးခဲသွားပြီး အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်တော့ပေ။ နောက်ဆုံးတွင် သူ့ကို ပထမဆုံး နှုတ်ဆက်ခဲ့သူမှာ လင်းရုဖေးပင်ဖြစ်သည်။
"အာ...သခင်လေးတို့က အချင်းချင်းသိကြလို့လား"
ဖူဟွားက စိတ်ဝင်တစား မေးလာ၏။
လင်းရုဖေးက ပြုံးလိုက်ပြီး “သစ်သားဒိုင်းကာကို ဘယ်သူရောင်းတာလဲလို့ မေးဖူးတယ်မလား ဒီကောင်လေးပဲလေ"
ဖူဟွားက မျက်နှာပျက်သွားသည်။ သူမက တစ်စုံတစ်ခုကို သတိရသွားပုံပေါ်ပြီး အပြုံးတုတစ်ခုကို အတင်းလုပ်ယူကာ : "အိုး... အဲဒါ မင်းပေါ့လေ"
လူငယ်လေးက သခင်ငယ်လေးကို ရှက်ကိုးရှက်ကန်းဖြင့် ပြုံးပြလာသည်။
လင်းရုဖေးကမေးလိုက်၏။
"မင်းနာမည်ဘယ်လိုခေါ်လဲ ငါမမေးဖူးသေးဘူးမလား"
လူငယ်လေး၏အသံက တိုးဖျော့စွာဖြင့်ထွက်လာသည်။
“ကျွန်တော့်နာမည်က မော့... ..."
လင်းရုဖေးက ထပ်၍မေးလိုက်သည်။
"ဒါဆို မင်းကိုဘယ်လိုခေါ်တာ..."
လူငယ်လေး : “ကျွန်တော့်ကို မော့ကျောက်ချိုက်[6]လို့ခေါ်ပါတယ်"
{ [6] - ကျောက်ချိုက်ဆိုသည်မှာ “လာဘ်လာဘခေါ်ခြင်း” ဖြစ်သော်လည်း မျိုးရိုးအမည် မော့ သည် “မရှိ” ဟု အဓိပ္ပာယ်ရသောကြောင့် သူ၏အမည်ကို “လာဘ်လာဘမဖိတ်ခေါ်ခြင်း” ဟု အကြမ်းဖျင်း နားလည်နိုင်သည်။ }
ထိုနာမည်...၎င်းကိုကြားလိုက်ချိန်တွင် အကုန်လုံးကက အသံတိတ်ရယ်မောလိုက်မိကြသည်။ ဖူဟွားပင်လျှင် သူမ၏ မျက်လုံးများထဲတွင် ရယ်မောမှုအချို့ ရှိနေသည်။
လင်းရုဖေးကလည်း ရယ်ပြီး မေးလိုက်သည်။
“မင်း ဒီလိုနာမည်မျိုး ဘယ်လို ရလာတာလဲ”
သူ့နာမည်သည် ကျောက်ချိုက်သာဆိုလျှင် အဆင်ပြေပေလိမ့်မည်။ သို့သော် သူ့မျိုးရိုးနာမည်သည် မော့ဖြစ်နေ၏။
မော့ကျောက်ချိုက်က ရယ်မောလိုက်ပြီး “ကျွန်တော် ငယ်ငယ်လေးကတည်းက မိဘတွေ မရှိတော့ဘူးလေ မိသားစုတစ်ခုမှာ အစေခံတစ်ယောက်အနေနဲ့ တဖြည်းဖြည်းကြီးပြင်းလာခဲ့တာ ဒါကြောင့် အဲဒီမိသားစုကပဲ ကျွန်တော့်ကို နာမည်ပေးခဲ့ပေမယ့် မိသားစုမျိုးရိုးနာမည်နဲ့ သိပ်မကိုက်ညီဘူးဖြစ်နေတယ်"
သူက ပြတ်သားစွာ ပြန်ဖြေသည်။ သူ့နာမည်ကြောင့် ရှက်ရွံ့နေသည့်ပုံစံမျိုး မပြဘဲ ပိုလို့တောင်ဂုဏ်ယူနေသေးပုံရသည်။
မော့ကျောက်ချိုက်သည် လူများ ရယ်မောခြင်းပြီးသည်အထိ စောင့်ဆိုင်းပြီးနောက် လင်းရုဖေးကို သတိကြီးစွာထားပြီး ကြည့်လိုက်သည်။
"သခင်ငယ်လေး ကျွန်တော့်ကို လမ်းပြလုပ်ခိုင်းစေချင်သေးလား"
လင်းရုဖေးက မျက်တောင်ခတ်လိုက်ပြီး “ဘာလို့ ငါက မလုပ်ခိုင်းရမှာလဲ"
မော့ကျောက်ချိုက်က တုံ့ဆိုင်းသွားပြီး “ကျွန်တော်ဆိုလိုတာက လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က... ..."
လင်းရုဖေးက ပုံမှန်အတိုင်း မေးမြန်းလိုက်၏။
"သစ်သားဒိုင်းကာလား"
ထို့နောက် သူက အလေးအနက်ပြန်ပြောလိုက်သည်။
“အဲဒီသစ်သားဒိုင်းကာကို ငါ အရမ်းကြိုက်တယ် ပြီးတော့ ငါ့ အစေခံတွေအားလုံးက ငါ့မှာ ကောင်းမွန်တဲ့အမြင်ရှိတယ်ဆိုပြီး ချီးကျူးကြသေးတယ်"
မော့ကျောက်ချိုက်သည် ထိုစကားကိုကြားသောအခါ ထိတ်လန့်သွားသည်။ သူ့မျက်လုံးထောင့်ကနေ သူ့ဘေးတွင်ရှိသော ခံစားချက်မဲ့နေသည့် ဖူဟွားကို ကြည့်လိုက်သည်။ ဖူဟွားက သူ့ကို ကြည့်လိုက်သောကြောင့် ချက်ချင်း လျင်မြန်စွာ သတိကပ်သွားသည်။ သူက ပြန်မဖြေဝံ့ဘဲ မရပ်မနား ခေါင်းညိတ်ပြလိုက်သည်။
လင်းရုဖေးသည် မော့ကျောက်ချိုက်ကို စနောက်ပြီးသောအခါ သူက ထိုသူ့အား အထဲဝင်ရန် လက်ဟန်ပြလိုက်ပြီး ရှီးလျန့်တောင်များအကြောင်း မေးရန် အကြောင်းအရာကို ပြောင်းလဲလိုက်သည်။
အကျွမ်းတဝင်ရှိလှသည့်နေရာအကြောင်းကို ပြောဆိုလိုက်သည်နှင့် မော့ကျောက်ချိုက်သည် သူ၏မယှဉ်နိုင်သည့် အစွမ်းထက်လှသောအာဝဇ္ဇန်းအစွမ်းကို ချက်ချင်းပြသတော့သည်။ တောင်မြေခွေးဝိညာဉ်က ပညာရှင်လေးကို ဖြားယောင်းသွေးဆောင်သည့်အကြောင်းနှင့် နတ်ဆိုးသစ်ပင်၏ မကောင်းဆိုးဝါးများသည် လူတို့၏မျက်လုံးများကို စားသောက်ရသည်ကို ကြိုက်ကြသည့်အကြောင်းအစရှိသဖြင့် ရှီးလျန့်တောင်များ၏ ပုံပြင်များကို စတင်ပြောပြသည်။ သူ့စကားများသည် သူ့ကိုယ်ပိုင်မျက်လုံးများနှင့် မြင်လိုက်ရသကဲ့သို့ ကွက်ကွက်ကွင်းကွင်းနှင့် အသေးစိတ်ကျလွန်းလှ၏။
လင်းရုဖေးက စိတ်ဝင်တစား နားထောင်နေပြီး ရှီးလျန့်တောင်များပေါ် ဘယ်နှစ်ခေါက်ရောက်ဖူးပြီလဲဟု မေးလိုက်သည်။
မော့ကျောက်ချိုက်က ပြုံးပြီး ပြန်ဖြေသည်။
"ကျွန်တော့်မျက်လုံးထဲမှာ ဒီရှီးလျန့်တောင်တွေက တစ်... နှစ်...သုံး...လေး...ငါး...ကျွန်တော့်လက်ချောင်းတွေလိုပဲ ကျွန်တော် ကောင်းကောင်းသိတယ် အပိုင်းကြီးကြီးပဲဖြစ်ဖြစ် အပိုင်းသေးသေးလေးပဲဖြစ်ဖြစ် ကျွန်တော့်နောက်လိုက်နေသမျှ ဘယ်တော့မှ လမ်းပျောက်မှာမဟုတ်ဘူး"
လင်းရုဖေးက အထင်ကြီးဟန်ဖြင့်ဆိုလိုက်သည်။
“အဲဒါက အံ့သြစရာကောင်းလိုက်တာ"
"ဟုတ်တာပေါ့ ဒါပေမဲ့ အဲဒီမကောင်းဆိုးဝါးတွေအကြောင်း ဇာတ်လမ်းတွေက နားထောင်ရုံလောက်ကတော့ ကောင်းပါတယ် တောင်တွေပေါ်မှာရှိတဲ့ ကြောက်စရာအကောင်းဆုံးအရာကတော့ တောင်ပေါ်ဓားပြတွေ ဖြစ်နေတုန်းပဲ အထူးသဖြင့် ရှောင်ရှို့[7] လို့ခေါ်တဲ့ အဖွဲ့ပဲ သူတို့က ငွေလုယက်ရုံတင်မကဘူး လူတွေကိုပါ သတ်ပစ်ကြတယ် နောက်ပြီး သူတို့ သဘောကျတဲ့ လူကို တွေ့ရင် အဲ့ဒီလူတွေကို တောင်ခံတပ်ဆီခေါ်သွားကြလိမ့်မယ် လိင်အမျိုးအစားမခွဲခြားဘဲ သူတို့ကစားပစ်လိမ့်မယ်[8]”
မော့ကျောက်ချိုက်ကဆက်၍ဆို၏။ "ဒါပေမယ့် ကျွန်တော်တို့က သာမန် ခရီးသွားတွေပဲလေ သူတို့ရဲ့ ပန်းတိုင်က ခရီးသွားကုန်သည်ကြီးတွေဆိုတော့ လုံခြုံပါတယ် အရမ်းကြီးစိတ်မပူပါနဲ့"
{ [7] - ရှောင်ရှို့ (枭首) သည် ရှေးခေတ် တရုတ်လူမျိုးတို့၏ ပြစ်ဒဏ်ပေးခြင်းဖြစ်သည်။ သူတို့သည် ခေါင်းကိုဖြတ်လိုက်ပြီး လူထုကိုပြသရန်အတွက် မြို့တော်တွင် ချိတ်ဆွဲထားကြသည်။ ရှောင်သည် ဒဏ္ဍာရီအရ ဇီးကွက်နှင့် အလွန်ဆင်တူသော တိရိစ္ဆာန်ဖြစ်ပြီး ထိုတိရိစ္ဆာန်ရှောင်၏ကလေးမွေးဖွားလာသောအခါတွင် မိဘများကို ဦးခေါင်းတစ်ခုတည်းသာချန်ထားပြီး စားသောက်တတ်ကြသည်။
[8] - လိင်ကိစ္စနှင့်ပတ်သက်လာလျှင် ကျားမ မခွဲခြားပေ။ }
သူက ပြောပြီးသွားသည်နှင့် ရှက်ရွံ့စွာ ပြုံးလိုက်ပြီး “ဒါပြီးတော့ ဒီလိုမျိုး ကျင့်ကြံဆင့်မြင့်တဲ့ ချောမောလှပတဲ့ မမနှစ်ယောက်လည်း ရှိတယ်ဆိုတော့ သူတို့က လှုပ်ရဲမှာမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်"
လင်းရုဖေးက ခေါင်းညိတ်လိုက်သည်။
မော့ကျောက်ချိုက်က တက်ကြွသောဆယ်ကျော်သက်တစ်ယောက်ဖြစ်သည်၊ မုန့်လန်ရော၏တက်ကြွသောပုံစံနှင့်မတူရုံပေ။ သူက အခြေအနေများကို အဆုံးအဖြတ်ပေးနိုင်စွမ်းရှိပြီး ဖောက်သည်များ သဘောကျသည့်အကြောင်းအရများနှင့် သဘောမကျသည့် အကြောင်းအရာများကို အလွန်ရှင်းလင်းစွာ သိနိုင်သည်။ လင်းရုဖေးက စိတ်မဝင်စားသည့် အရိပ်အယောင်ကို ဖော်ပြလာပါက ထက်မြက်စွာပင် အခြေအနေကို နားလည်နိုင်ပြီး အကြောင်းအရာကို အမြန်ပြောင်းပစ်လိမ့်မည်ပင်။