အပိုင်း ၆၄
Viewers 14k

Chapter 64
တောင်ပေါ်ကအရာများ


သူက အလွန်ငယ်သေး​သော်လည်း ထိုကဲ့သို့​သောအရည်အ​သွေးမျိုးရှိပြီး ရင့်ကျက်နေလေပြီ။ ကြည့်ရတာ ထိုကလေးသည် ဒုက္ခအတော်များများခံစားခဲ့ရသည့်ပုံပင်။

​မော့​ကျောက်ချိုက်သည် အတန်ကြာအောင် စကားပြောခဲ့ပြီးနောက် လင်းရု​ဖေးက သစ်သားဒိုင်းကာအ​ကြောင်း မ​ပြောဆိုလာသည်ကို တွေ့ပြီးနောက် စိတ်သက်သာရာရသွားသည်။ လင်းရု​ဖေးက ဇီးသီးလက်ဖက်ရည်တစ်ခွက်ကို လောင်းထည့်လိုက်ပြီး သူ့ဆီ ​ကမ်း​ပေးလိုက်သည်။ သူ့ပါးစပ်ကို စိုစွတ်စေသင့်ကြောင်းအချက်ပြလိုက်သည့်သဘောပင်။

​မော့​ကျောက်ချိုက်က ၎င်းကိုလက်ခံပြီး တစ်ကျိုက်သောက်ပြီးနောက် ချီးကျူးလိုက်သည်။

"ဒီဟာက တကယ်ကိုကောင်းတယ် ကျွန်​တော် တစ်ခါမှ ဒီလောက်ကောင်းတဲ့ လက်ဖက်ရည်မျိုး မသောက်ဖူးဘူး"

လင်းရု​ဖေးက ​​မေးလိုက်သည်။ "မင်းက ​မော့မိသားစုဝင်လား"

​မော့​ကျောက်ချိုက်က သူ့ခေါင်းကို ကုတ်လိုက်ပြီး “ကျွန်တော်က ​မော့မိသားစုဝင်မဟုတ်ဘူး ထုတ်ပယ်ခံရတဲ့ အ​စေခံတစ်ယောက်ပါ ဒီမျိုးရိုးအမည်ကို သခင်က ပေးထားခဲ့တာ ​နောက်ပြီး ဒီအတိုင်း ပြန်မပြောင်းချင်တာကြောင့် အဲဒါကိုပဲ ဆက်သုံး​နေခဲ့တာ"

လင်းရု​ဖေးက နားလည်​ကြောင်း ခေါင်းညိတ်လိုက်သည်။

သူသည် ​မော့မိသားစု၏အမည်ကို ကြားဖူးပြီး ယခင်နှစ်များက ဓားသိုင်းပြိုင်ပွဲများတွင် ​မော့တပည့်များကိုလည်း မြင်ဖူးပေသည်။ သို့သော် ကံမကောင်းစွာဖြင့် နောက်ပိုင်း၌ မော့မိသားစုတွင် အဖြစ်အပျက်တချို့ဖြစ်ပျက်ခဲ့ပြီး တဖြည်းဖြည်း ပျက်စီးယိုယွင်းသွားခဲ့သည်။ ယခု ရှင်းကျိုးတွင် မုန့်မိသားစုက လွှမ်းမိုးနေသော်လည်း ​မော့မိသားစုကမူ တဖြည်းဖြည်း နိမ့်ကျလာသည်။

ကင်းခြေများ​ကောင်သည် သေသော်လည်း ဘယ်သောအခါမှ လဲကျခြင်းမရှိ​ပေ[9] မ​သေမျိုး ကျင့်ကြံသူမရှိသည့် ​အချို့​သေမျိုးမိသားစုများနှင့် နှိုင်းယှဉ်လျှင် သူတို့က ဩဇာကြီးမားသည်ဟု ယူဆ၍ရဆဲပင်။

{ [9] - အင်အားကြီးသောမိသားစုသည် ပျက်စီးယိုယွင်းသွား​သော်လည်း လုံးဝ ​ပျောက်ကွယ်သွားခြင်းမဟုတ်ဆိုသည့် ​ဆိုရိုးစကားတစ်ခုပင်ဖြစ်သည် }

"​​မော့မိသားစုက နည်းနည်းသနားဖို့​ကောင်းတယ် မော့ချန်းရှန်သာမသေရင် ဒီနေ့ ဒီပုံစံဖြစ်လာမှာ မဟုတ်ဘူး”

ဤမိန်းကလေးယွီ​ရွေ့သည် အတွင်းလူများသာသိသော ထိုမိသားစုလျှို့ဝှက်ချက်ကြီးများနှင့် ပတ်သက်သည့်အ​ကြောင်းအရာများကို လင်းရု​​ဖေးထက် ပို၍ရှင်းရှင်းလင်းလင်း သိပေသည်။

သူမက သက်ပြင်းအသာချလိုက်ပြီး “အဲဒီနှစ်တွေတုန်းက သူက တစ်ချက်တည်းနဲ့ လဲကျသွားတယ်လေ ကောင်းကင်နဲ့ ​မြေကြီးက အရောင်ပြောင်းသွားပြီး ​ရေ​သေ​တွေကလည်း လှိုင်းထန်ကုန်တယ်လေကွဲ ဘယ်လို​တောင် ထင်ရှားတဲ့အသွင်အပြင်ပါလိမ့် သနားစရာပဲ...”

သူက ငယ်ငယ်ရွယ်ရွယ်နှင့် ကြေကွဲစရာကောင်းလောက်သည့်နည်းဖြင့် သေဆုံးသွားခဲ့ပေသည်။

​မော့​ကျောက်ချိုက်က ရယ်မောရင်း "ဒီလို စိတ်မချမ်းသာစရာ​ကောင်းတဲ့အကြောင်း​တွေ မပြောကြရ​အောင် ကျွန်​တော်တို့တွေ ပျော်ရွှင်စရာအကြောင်းကိုပဲ ပြောသင့်တယ်"

သူသည် ​မော့မိသားစုအ​ကြောင်း ​ပြောဆိုရန် ဝန်လေးနေပုံရသောကြောင့် ရှီးလျန့်တောင်များနှင့် ရှင်းကျိုးမြို့တွင် ဖြစ်ပျက်နေသည့် ထူးဆန်းသောဇာတ်လမ်းများအကြောင်းကို စတင်ပြောဆိုတော့၏။

သူသည် လူအများနှင့် အချိန်အတော်ကြာ ရောနှောနေခဲ့သောကြောင့် သူသိခဲ့သော ဇာတ်လမ်းများသည် သဘာဝကျကျနှင့် အထင်ကြီး​လောက်စရာ​ကောင်း​လောက်အောင် ကောင်းသောကြောင့် လင်းရု​ဖေးသည် စိတ်ဝင်တစား နားထောင်ခဲ့သည်။ ​မော့​ကျောက်ချိုက်သည်လည်း အဆုံးမရှိသော စွမ်းအင်ရှိနေပုံရပြီး တနေ့ခင်းလုံး မရပ်မနားဘဲ စကားပြောနေခဲ့သည်။ အဆုံးတွင် ပထမဆုံး အိပ်ငိုက်သွားသူမှာ လင်းရုဖေးဖြစ်သည်။ သူ သမ်းဝေလာသည်နှင့်တပြိုင်နက် လင်းရုဖေးကို အရင်ဆုံး အနားယူခွင့်ပေးရန် ​မော့​ကျောက်ချိုက်က စကား​ပြော​နေခြင်းကို ရပ်တန့်လိုက်သည်။

လင်းရု​ဖေးက ခေါင်းညိတ်ပြလိုက်ပြီး "မင်းလည်း ခဏလောက် အနားယူသင့်တယ်"

"ကောင်းပါပြီ သခင်​လေး ကျွန်​တော့်ကို စိတ်ပူစရာမလိုဘူး ကျွန်​တော်က အူတိုင်ထိ ပုပ်နေပြီးသားပါ" ​မော့​ကျောက်ချိုက်က အနည်းငယ်ပြုံး၍ဆိုလိုက်သည်။

လင်းရု​ဖေးက နူးညံ့​သောထိုင်ခုံရှည်ပေါ်တွင် လှဲလျောင်းပြီး မအိပ်မီ ကုရွှမ်းတုကို တိုးတိုးလေး မေးလိုက်သည်။

“အဲဒီ​မော့​ကျောက်ချိုက်က စိတ်ဝင်စားစရာ​ကောင်းလား”

ကုရွှမ်းတုက စိတ်ဝင်စားစရာ​ကောင်းသည်ဟု ချီးကျူးခံရသည့် လူများသည် အမြဲတမ်း သူ့အား အနည်းငယ် ဒုက္ခရောက်​စေတတ်၏။

ကုရွှမ်းတုက ပြန်​ဖြေလိုက်သည်။

“သူက စကားအများကြီးပြောနေတာကြောင့် နားထောင်ရုံနဲ့တင် ကိုယ့်ကိုအတော်လေးခေါင်းကိုက်စေတယ်"

လင်းရု​​ဖေးက ပြုံးလိုက်မိသည်။

"ဒါပေမယ့် အဲဒါက သူ့အပြစ်မဟုတ်ဘူး"

လင်းရု​​ဖေးက ဆက်၍ဆိုသည်။

“အဲဒီလိုလူ​တွေအတွက် စကားအများကြီးပြောတာက ပုံမှန်ပါပဲ"

လင်းရု​ဖေးသည် သဘောတူ​ကြောင်း မပီမသပြောလိုက်သည့် ကုရွှမ်းတုကို ကြည့်ကာ အနည်းငယ်မျက်မှောင်ကြုတ်၍မေးလိုက်သည်။

"ခင်ဗျား စိတ်အ​ခြေအ​နေကောင်းတဲ့ပုံမပေါ်ဘူး တစ်နေရာရာ နေမကောင်းဖြစ်လို့လား"

ယမန်​နေ့ကတည်းက ကုရွှမ်းတုသည် ​နေမ​ကောင်းဖြစ်​ပြီး အနည်းငယ် ပင်ပန်းနေပုံ​ပေါ်သည်။ သူ၏ယခုပုံစံမျိုးသည် အလွန်မြင်ခဲလှ၏။

သို့​သော် ကုရွှမ်းတုက ခေါင်းခါလိုက်ပြီး သူအဆင်ပြေသည်ဟု ပြောလာသည်။

လင်းရု​ဖေးက ထပ်မေးချင်​သော်လည်း သူသည် လင်းရု​ဖေး၏ပခုံးကို ညင်သာစွာ ဖိလိုက်ပြီး နွေးထွေး​သော အသံနှင့် ​ပြောလာသည်။

“ကိုယ့်ကို စိတ်မပူနဲ့ တစ်ခုခုဖြစ်ရင် ကိုယ် မင်းကို သေချာ​ပေါက်ပြောမယ်"

လင်းရု​ဖေး : "တကယ်လား"

ကုရွှမ်းတု : "တကယ်"

လင်းရု​ဖေးက သက်ပြင်းချလိုက်ပြီး ဒီအစ်ကိုကြီးကတော့ ညာ​နေပြန်ပြီ ဟု စိတ်ထဲမှာ တွေးလိုက်သော်လည်း နောက်ဆုံးတွင် မည်သည်ကိုမျှ မ​ဆိုတော့ဘဲ ညင်သာစွာ ခေါင်းသာညိတ်လိုက်တော့၏။


ရှီးလျန်တောင်တက်လမ်းကအန္တရာယ်အရမ်းများပေမယ့် ရထားလုံးတွေကောလှည်းတွေပါသွားလို့ရသည့်အဓိကလမ်းမကြီးရှိလေသည်။ ထိုလမ်းအတိုင်းဆက်သွားပြီး တောင်တန်းများကိုဖြတ်သန်းသွားမည်ဆိုပါကအလယ်ပိုင်းလွင်ပြင်ဒေသကိုရောက်မည်ဖြစ်၏။

သို့ပေမယ့်တောင်၏ရူပ်ထွေးနေတဲ့အခြေအနေများကြောင့်တစ်ခါတစ်ရံလမ်းမှာမမျှော်လင့်ထားတတ်သည့်မတော်တဆမှုများတွေ့ရတတ်သည်။ အထူးသဖြင့် မိုးရာသီတွင် မိုးရေနှင့်တောင်ကျချောင်းရေများကြောင့် ကျလာတဲ့ကျောက်တုံးများကလမ်းမထက်တွင်ပိတ်ဆို့နေတတ်သည်။ ထိုသို့သောအခြေအနေမျိုးနှင့်ကြုံတွေ့ရလျှင်တော်တော်လေးကိုဒုက္ခများသည်။

ကံကောင်းစွာဖြင့် ယခုအချိန်ကနွေဦးကာလဖြစ်နေတာကြောင့်မိုးသိပ်မများသေးချေ။ ရထားလုံးကတောင်လမ်းအတိုင်းမောင်းနှင်လာပြီးနောက် ရှီးလျန်တောင်တန်းထဲသို့တဖြည်းဖြည်း၀င်ရောက်လာလေသည်။ ဘေးပတ်၀န်းကျင်တွင်တဖြည်းဖြည်းနှင့်လူသွားလူလာခြောက်ကပ်လာပြီး နောက်ဆုံးတွင် ထူထပ်‌‌နေသည့်သစ်တောများကိုသာတွေ့ရတော့၏။

မော့ကျောက်ချိုင်ကြောင့်ခရီးတစ်လျှောက်မပျင်းရပေ။ သူနေ့တိုင်းပြောပြတဲ့ထူးခြားဆန်းပြားသည့်အကြောင်းအရာများကိုနားထောင်ရင်း ခရီးဆက်ရသည့် ယခုခရီးစဥ်ကစိတ်၀င်စားဖွယ်အတော်လေးကောင်းသည်ဟု ဆိုရပေမည်။

သို့ပေမယ့် လင်းရုဖေးစိုးရိမ်နေမိသည်က သူတို့ရှီးလျန်တောင်တန်းထဲနက်နက်ရှိုင်းရှိုင်း၀င်ရောက်လာလေလေ ကုရွှမ်းတု၏အခြေအနေက ပိုပြီးဆိုးရွားလာလေလေဖြစ်နေသောကြောင့်ပင်။ ယခုဆိုသူပေါ်လာသည့်အရေအတွက်ကနည်းလာပြီး တစ်ခါတစ်ရံမှသာစကားပြောတော့သည်။ အစကလင်းရုဖေးသည် သူစကားသိပ်မပြောချင်၍ဟုသာထင်ခဲ့မိသည်။ သို့သော် တရက်မှာ လင်းရုဖေးအရှေ့ သူရုတ်တရက်ကြီးပေါ်လာချိန်တွင် ကုရွှမ်းတု၏ခန္တာကိုယ်က တော်တော်လေးမှိန်ဖျော့နေတာတွေ့ရလိုက်ရ၏။ သူ့ရဲ့ခန္တာကိုယ်နောက်ကမြင်ကွင်းကိုဖောက်ထွင်းမြင်ရလုနီးနီးအထိဖြစ်နေပြီဖြစ်ပြီး သူရဲ့ပုံစံက တဖြည်းဖြည်းပျောက်ကွယ်တော့မည့်ပုံပေါ်နေသည်။

လင်းရုဖေးက မေးခွန်းမေးရန်အခွင့်အရေးရတုန်းလေးအလျှင်အမြန် မေးလိုက်သည်။

"အကြီးအကဲ အဆင်ပြေရဲ့လား"

"အရေးမကြီးပါဘူး"

လင်းရုဖေးတစ်ယောက် သက်ပြင်းမချနိုင်သေးခင်မှာပင် သူကဆက်၍ဆိုသည်။

"ဒီလိုပါပဲ ကိုယ်ကသေခါနီးဖြစ်နေရုံလေး"

လင်းရုဖေး : "......"

ကုရွှမ်းတု : "နောက်တာ"

လင်းရုဖေးက ဤစကားကိုဟာသတစ်ခုလို့သာ အမှန်တကယ်ယုံကြည်ချင်မိပေသည်။

ကုရွှမ်းတုက လင်းရုဖေး၏ စိုးရိမ်ပူပန်နေတဲ့မျက်နှာကိုတွေ့သည့်အခါဆက်ပြီးမစနောက်နိုင်တော့ပေ။

"ရှီးလျန်တောင်တန်းမှာရှိနေတဲ့အရာတခုက ကိုယ့်ကိုဖိနှိပ်‌ထားတယ် အဲ့ဒီအရာနဲ့နီးလေလေ ကိုယ့်ရဲ့အင်အားဆုတ်ယုတ်လာလေလေပဲ"

လင်းရုဖေးက ထိုစကားကိုကြားလိုက်ရသည့်အခါ သူတို့တောင်‌ပေါ်ကဆင်းမလာခင်အချိန်က ကုရွှမ်းတုပြောခဲ့သည့် စကားကိုအမှတ်ရသွားသည်။

သူကခဏလောက်တုံ့ဆိုင်းသွားပြီးမှမေးလိုက်၏။

"အဲ့ဒီအရာကို အကြီးအကဲလိုချင်လား"

ကုရွှမ်းတုက သူ့အားကြည့်သာကြည့်နေပြီး အချိန်တစ်ခုကြာသည်အထိစကားမပြောပေ။

လင်းရုဖေးက သူပြန်ဖြေမှာမဟုတ်လောက်ဘူးလို့ တွေးနေတသည့်ခဏမှာပဲ သူကဆိုလာသည်။

"အချိန်မတန်သေးဘူး မင်းရဲ့ခန္တာကိုယ်ကထိန်းနိုင်မှာမဟုတ်ဘူး"

ဤသည်ကအလွန်ကိုရှင်းလင်းသည့်စကားပင်၊ သူက ရှီးလျန်တောင်မှာဝှက်ထားသည့်အရာအား တကယ့်ကိုအလိုရှိ‌ပေမယ့်လည်း လင်းရုဖေး၏ယခုပုံစံနှင့်ဆိုလျှင်လက်လှမ်းမမှီနိုင်သေးချေ။

"ဒါပြီးရင် ကိုယ် ကိုယ်ထင်‌တောင်မပြနိုင်တော့တဲ့အထိတဖြည်းဖြည်းအားနည်းလာလိမ့်မယ် ဒါပေမယ့်လည်းကိစ္စတော့မရှိပါဘူး မင်းအစေခံရဲ့အဆင့်၅ကျင့်ကြံရေးစွမ်းအားကလုံလောက်တယ် သာမာန်လူတွေကမင်းကိုမထိခိုက်စေနိုင်ဘူး"

ကုရွှမ်းတုကပျင်းရိပျင်းတွဲအသံဖြင့်ဆက်၍ပြော၏။

"တောင်ကနေထွက်ပြီးရင် အားလုံးအဆင်ပြေသွားလိမ့်မယ်"

လင်းရုဖေးက တစ်ခုခုပြောချင်သေးပေမယ့်လည်း ကုရွှမ်းတု၏ခန္တာကိုယ်က ချက်ချင်းပျောက်သွားလေသည်။ ကြည့်ရတာသူဆက်ထိန်းမထားနိုင်တော့သည့်ပုံပင်။

လင်းရုဖေးက စိတ်နည်းနည်းပူနေမိပေမယ့် ကုရွှမ်းတု၏ကိစ္စကိုသူ ကူညီနိုင်စွမ်းမရှိချေ။ သူတွေးနေတုန်းမှာပဲ အနောက်ကခြေသံကိုကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်သည့်အခါ အံ့သြ‌နေသောပုံနှင့်မော့ကျောက်ချိုင်ကမေးလေသည်။

"လင်းကုန်းဇိ ဘယ်သူနဲ့စကားပြောနေတာလဲ"

လင်းရုဖေး : "ဘယ်သူမှမဟုတ်ဘူး ဘာလဲတစ်ခုခုဖြစ်လို့လား"

"မမဖူဟွားက ဟင်းတွေပူပူနွေးနွေးလေးချက်ပြီးသွားပြီတဲ့ အဲ့ဒါသခင်လေးကိုစားဖို့လာခေါ်ခိုင်းလို့"

မော့ကျောက်ချိုင်ကပြောလေသည်။

"ကျွန်တော်တိုပြန်ကြတော့မလား"

လင်းရုဖေးခေါင်းငြိမ့်ကာ"ကောင်းပြီလေ"

မှောင်နေပြီဖြစ်၍ ဖူဟွားတစ်ယောက်မီးမွှေးကာ သူမရဲ့မီးဖိုချောင်ပစ္စည်းများကိုထုတ်ပြီး ပူပူနွေးနွေးအစားအသောက်များချက်ပေးလေသည်။ မော့ကျောက်ချိုင်ကစားကောင်း၍အားရပါးရစားနေပေမယ့် လင်းရုဖေးကမူ စိတ်ထဲမတင်မကျဖြစ်နေသဖြင့် အနည်းငယ်လောက်သာစားဖြစ်၏။

"တ​ဖြည်းဖြည်း မှောင်လာပြီမို့လို့ သတိထားနေကြဦး"

မောက်ကျောက်ချိုင်က ပါးစပ်ထဲအစားအသောက်ပလုပ်ပလောင်းသွပ်လျက်ဖြင့်ဝိုးတိုးဝါးတားပြောလေသည်။

"သားရဲ‌‌ကောင်တွေနဲ့ဓားပြတွေကညရောက်မှထွက်တာ အဲ့ဒါကြောင့်တစ်ယောက်ကတော့ကင်းစောင့်သင့်တယ် မီးပုံမငြိမ်းသွားအောင်လေ"

လင်းရုဖေးကကိုယ်လက်သန့်စင်ပြီးသည်နှင့် ရထားလုံးပေါ်တက်လိုက်သည့်အခါ အစေခံတွေကအိပ်ဖို့ခင်းကျင့်ထားပြီးပြီဖြစ်သည်။

သူက အိပ်မပျော်သဖြင့် ရထားလုံးပေါ်တွင် ပေါ့ပေါ့ပါးပါးဖြစ်လောက်မည့်စာအုပ်တစ်အုပ်ကိုဖယောင်းတိုင်ဖြင့်ဖတ်၍နေလေသည်။ ညဖက်တိုက်သည့်လေကပြင်း‌တာကြောင့်တောင်ပေါ် ရှိသစ်ပင်များသာမက တောအုပ်တစ်ခုလုံးပါလှုခါယမ်းနေ၏။

လေတိုက်သည့်အသံက တ‌စ္ဆေတစ်‌ကောင် အော်ဟစ်ငိုကြွေးသံနှင့်ပင်တူလှသည်။ မော့ကျောက်ချိုင်ကမူ ထောင့်တွင်‌ကွေးကွေးလေးလေးဖြင့် အိပ်မောကျ‌နေပြီးဟောက်သံပင်ထွက်‌နေသေးသည်။ သူအိပ်သည့်ပုံစံကမမှန်ပေမယ့် လင်းရုဖေးက ယခုလိုပုံစံမျိုးနှင့်လည်းအိပ်‌မောကျနေသည့်လူမျိုးကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်သည်။ ယခုလိုပုံစံမျိုးနှင့်ပင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်သည်ဆိုတာက လူကိုအတော်လေး မနာလိုဖြစ်စေသည်။

လင်းရုဖေးကအိပ်လို့မ‌ပျော်ပေ၊ သူ ညတစ်၀က်‌ကျိုးတဲ့အထိ တစ်ရေးမှမအိပ်ရသေးချေ။ သူ့မျက်လုံးတွေက ခဏလောက်မှိတ်သွားသည့်အချိန်မှာပဲ ရထားလုံးအပြင်ဘက်မှ ထူးဆန်းတဲ့အသံတချို့ကိုကြားလိုက်ရသည်။ သူတပ်အပ်ပြောနိုင်သည်မှာ ယင်းကဆွဲဆွဲငင်ငင်ဖြင့်အော်ဟစ်သံဖြစ်ပြီး လူတစ်ဦးထက်ပိုပေသည်။ပြတ်တောင်း ပြတ်တောင်းနှင့်အော်ဟစ်သံတွေက ကြားရသူအားလုံးကိုကျောချမ်းစေ၏။

လင်းရုဖေးကအသံကြောင့် ရထားလုံးလိုက်ကာကိုလက်ဖြင့်မြှောက်လိုက်‌ချိန်တွင် ဖူဟွားနှင့်ယွီရွှေ့တို့ကမူရန်သူအကြီးစားနှင့်ကြုံတွေ့ရတော့မည်ကဲ့သို့ဖြစ်‌နေသည်။

ဖူဟွားကအသံတိုးတိုးဖြင့်မေးသည်။

"သခင်လေးမအိပ်သေးဘူးလား"

"ငါအိပ်ပျော်သွားပြီး ပြန်နိုးလာတာ"

သူ ရထားလုံးအပြင်ဘက်ကိုထွက်လာချိန်တွင် နာနာကျင်ကျင်အော်ဟစ်သံတွေကိုရှင်းရှင်းလင်းလင်းကြားလာရသည်။ အော်ဟစ်သံတွေက တောင်ပေါ်မှလေတိုက်သံနှင့်အတူရောနှော်ပျံ့လွင့်နေတာဖြစ်၍ အတော်လေးကြောက်စရာကောင်းလှသည်။

လင်းရုဖေးကမေးလိုက်သည်။

"အသံကဘယ်ကလာတာလဲ"

"အနီးအနားကပဲ"

ဖူဟွားကပြန်ဖြေသည်။

"သွားပြီးကြည့်ချင်လား"

လင်းရုဖေးက ခဏကြာစဉ်းစားလိုက်ပြီး သူပြန်မဖြေခင်ရသေးခင်မှာပဲ အစကအိပ်မောကျနေသည့် မော့ကျောက်ချိုင်က ရုတ်တရတ်ပြေးထွက်လာပြီး မျက်နှာထက်ထိတ်လန့်မှုအပြည့်ဖြင့်ဆိုလာ၏။

"သွားလို့မရဘူး...သွားလို့မရဘူး သွားပြီးရင်ပြန်လာနိုင်တော့မှာမဟုတ်ဘူး"

ဖူဟွားက သူကိုမျက်မှောင်ကြုတ် ကြည့်လိုက်ပြီး "ဒါဖြင့် နင်ကဘာဖြစ်နေတာလဲဆိုတာ သိလို့လား"

"အဲ့ဒါက ဓားပြဖြစ်ရင်ဖြစ်...မဟုတ်ရင်သားရဲဘဲဖြစ်လိမ့်မယ် လူတွေအများကြီးအော်သံကိုကြားရတာဆိုတော့ ကုန်သည်အဖွဲ့ပဲဖြစ်ရမယ် သူတို့တောင်မခုခံနိုင်ဘူးဆိုရင်ကြီးကြီးမားမားတစ်ခုခုဖြစ်လို့ပဲ"

မော့ကျောက်ချိုင်ကိုကြည့်ရသည်မှာ အနည်းငယ်အေးနေသည့်ပုံပင် သူက သူ့ရင်ဘတ်ကိုပွေ့ထားပြီးတုန်ယင်စွာဖြင့် "နောက်ပြီး ရှီးလျန်တောင်မှာတစ်ခုခုရှိနေတယ်"

လင်းရုဖေးကမေးလိုက်သည်။ "အဲ့ဒါ ဘာလဲ"

"ကျွန်တော်လည်းမသိဘူး" မော့ကျောက်ချိုင်ကဆက်၍ပြောသည်။

"အဲဒါကိုမြင်ဖူးတဲ့သူတွေက သေရင်သေ...မသေရင်ရူးသွားကြတယ် ကျွန်တော် အဲ့ဒီအရူးတစ်ယောက်ကိုတွေ့ဖူးတယ် လုံး၀ကိုပုံမှန်မဟုတ်တော့တာ"

ဖူဟွားက လင်းရုဖေးကို သူ့ရဲ့အမိန့်ကိုသာ နာခံမည်ပုံနှင့်ကြည့်လာသည်။

"သွားပြီးတော့ကြည့်လိုက်"

လင်းရုဖေးခဏလောက်ရပ်သွားပြီး "တကယ်လို့ရိုးရိုးဓားပြသာဆိုငါတို့ကူညီပေးလို့ရတယ် ဘာပဲဖြစ်ဖြစ်အန္တရာယ်ကင်းဖို့ကအဓိကပဲ တကယ်လို့မင်းကိုင်တွယ်နိုင်မယ့်ဟာမဟုတ်ဘူးဆိုရင်မြွေကိုမခြောက်လှန့်မိစေနဲ့ချက်ချင်းပြန်လာခဲ့"

ဖူဟွားကထိုစကားကြားသည်နှင့်"ဟုတ်ကဲ့"ဟုဖြေပြီးနောက် အသံရှိရာဘက်သို့သူမရဲ့ဓားပျံကိုစီးလျက်ထွက်သွားတော့သည်။

မော့ကျောက်ချိုင်၏မျက်နှာကဖြူဖတ်နေပြီး သူ့ဘာသာထိန့်လန့်စွာစကားပြောနေသည်။ သူကိုကြည့်ရသည်မှာ တွင်းတူးပြီးသူ့ကိုယ့်သူသင်္ဂြိုဟ်ချင်နေသည်ပုံပင်။

ယွီရွေ့ကအောက်နှုတ်ခမ်းကိုဖိကိုက်ရင်းစိုးရိမ်နေပုံရသည်။နောက်ဆုံး သူတို့ထဲတွင်အတည်ငြိမ်ဆုံးလူမှာလင်းရုဖေးသာဖြစ်ပြီး သူကမီးပုံဆီသွားပြီးထင်းအချို့ထပ်ထည့်လိုက်သည်။ စိုစွတ်နေသည့်ထင်းကြောင့်အက်ကွဲသံတချို့ကိုကြားလိုက်ရပြီးနောက် မီးတောက်ကပို၍ကြီးလာသည်။

ဖူဟွားက အမြန်သွားပြီးအမြန်ပင်ပြန်ရောက်လာလေသည်။ သူမပြန်လာချိန်တွင်သူမ၏မျက်နှာအမူအရာကအတော်ပင်ဆိုးရွားနေသည်။

သူမရဲ့နှာခမ်းကသွေးမရှိသည့်ပုံဖြင့်ဖြူဖျော့နေပြီး လင်းရုဖေးကိုမြင်လိုက်ချိန်တွင် "ကုန်းဇီ" ဟု တုန်ယင်နေသည့်အသံဖြင်ခေါ်၏။

အမြဲတည်တမ်းငြိမ်နေတတ်သည့် ဖူဟွားကိုယခုလိုပုံစံဖြင့်မြင်ရ ခဲပြီးလင်းရုဖေးက အခြေအနေမှာ ပုံမှန်မဟုတ်မှန်းချက်ချင်းသဘောပေါက်သွားသည်။

"မလောနဲ့ ဖြည်းဖြည်းပြော"

"သေနေတဲ့လူတွေအများကြီးပဲ"

ဖူဟွားကအသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး "သတ်ခံရတာကုန်သည်အုပ်စုကြီးပဲ...ဒါပေမယ့်..."

သူမပါးစပ်ထဲက တံတွေးကိုမျိုချလိုက်ပြီးနောက် တုန်ယင်နေသည့်အသံဖြင်ဆက်ပြောလေသည်။

"ကျွန်မရောက်တော့အားလုံးနီးပါးသေနေကြပြီ ဒါပေမယ့်ဓားပြကောသားရဲကောကိုမတွေ့ဘူး"


****

စာရေးသူမှာ ပြောစရာရှိတယ်~

လင်းရု​ဖေး : အဆင်မပြေ မဖြစ်ဘူးဆိုတာ သေချာလား...

ကုရွှမ်းတု : အဆင်မပြေတဲ့နေရာကို မင်း ကူညီပေးမှာလား...

လင်းရု​ဖေး : ကောင်းပြီ——​နေအုံး...ခဏ​နေအုံး...ခင်ဗျားခါး၀တ်ကြိုးကို နောက်တစ်ကြိမ်ထပ်ဖြည်ရင် ခင်ဗျားကို ဓားနဲ့ထိုးတော့မှာနော်...!

မတရားဆက်ဆံခံလိုက်ရ​သလို ခံစားလိုက်ရသော ကုရွှမ်းတု : ဒါပေမယ့် သဘောတူခဲ့တဲ့သူက မင်းပဲ​လေ...

လင်းရု​ဖေး : ... ...



_ _ ___


Translated By IQ-Team.