CHAPTER 5
- ငါ့ကို လာမရှုပ်နဲ့
ကျန်းကျန့်က အိမ်ထဲတွင် အနားယူနေသော်လည်း အပြင်ဘက်မှ ကျန်ရှိနေသော ကျန်းမိသားစုဝင်များမှာ သူတို့၏ ချွေးမအသစ်စက်စက်လေးကို တွေ့ဆုံနေကြသည်။
ယန့်ကျီမြစ်၏ တောင်ဘက်တွင် စာရေးစာဖတ် လုပ်နိုင်သူ များစွာ မရှိပေ။ ထို့ကြောင့် သူတို့အတွက် စာသင်သား စာမေးပွဲကို အောင်နိုင်ရန် ခက်ခဲကြသည်။ ကျန်းချောင်ရှန့်၏ ဇနီးအသစ်လေး ကျူးရှုဖန်က စာသင်သားတစ်ယောက်၏ သမီးဖြစ်ပြီး သူမ၏ ဖခင် ကျူးရှို့ချိုက်မှာ စာမေးပွဲတွင် ရွေးချယ်ခံရရန်အတွက် မျှော်လင့်ထားကြသည်။ ထိုအကြောင်းကြောင့် ကျန်းမိသားစုက မင်္ဂလာပွဲကို လွန်စွာ အလေးအနက် ထားကြပြီး သူမကို လက်ထပ်ရန်အတွက် ငွေအမြောက်အများ သုံးစွဲထားကြရုံသာမက သူမကို တလေးတစား ရှိကြသည်။
သို့သော်လည်း ထိုသို့ ဖြစ်နေလျှင်တောင် ကျူးရှုဖန်က မပျော်မရွှင် ဖြစ်နေဆဲပင်။
မနေ့ညက သူမ၏ မင်္ဂလာဦးညတွင် သူမခင်ပွန်းနှင့် စကားပြောရန် ကြိုးပမ်းခဲ့သည်။ အပြင်ဘက်က အလွန်ဆူညံလှသည်။ သူမ၏ ယောက္ခမက ခဲအို ဖြစ်သူကို အပေါက်ဆိုးစွာ ဆဲရေးနေခဲ့သည်။
သူမ၏ ခဲအို စိတ်လွတ်နေပြီး စကားလည်း မပြောနိုင် အလုပ်လည်း မလုပ်နိုင်လျှင်တောင် သူမ၏ ယောက္ခမက ထိုသို့ ပြုမူသည့်အတွက် အရှက်ရသင့်သည်။
ကျူးရှုဖန်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး အမျိုးသမီးကျန်းကို ပထမဆုံးအကြိမ် အထင်အမြင်သေးသွားသော်လည်း သူမ၏ မျက်နှာပေါ်တွင် ဖော်ပြမထားပေ။ သူမက နူးညံ့ပြီး ပျူငှာသည့် ပုံစံလေး ပေါ်လွင်နေဆဲ ဖြစ်သည်။
"ရှုဖန်... အမေ သမီးအတွက် သကြားရည်ကြက်ဥ လုပ်ပေးထားတယ်... စားလိုက်နော်"
အဘွားကြီးကျန်းက ကျူးရှုဖန်၏ ရှေ့တွင် ပန်ကန်လုံးတစ်လုံး ထားပေးလိုက်သည်။ ထိုအထဲတွင် ကြက်ဥပြုတ်နှစ်လုံးနှင့် သကြားညိုရည်တို့ ရှိနေသည်။
ကျန်းချောင်ဖန်၏ ဇနီး ဟွမ်မင် ကျန်းမိသားစုအတွင်း လက်ထပ်ပြီး ဝင်လာသည့် ပထမဆုံးရက်၌ သူမက မနက်စောစောထပြီး အဘွားကြီးကျန်း ချက်ပြုတ်သည်ကို ကူညီခဲ့ရသော်လည်း သူမ စားရန်အတွက် သကြားရည်ကြက်ဥ မရခဲ့ပေ။ ယခုတွင် သူမ၏ လင်ညီအစ်မကို ဆက်ဆံနေပုံအား တွေ့လိုက်ရသည့်အခါ အနည်းငယ် ဒေါသထွက်သလို ခံစားလိုက်ရသည်။ သို့သော်လည်း အဘွားကြီးကျန်းက သူမအပေါ် အာရုံမရှိဘဲ ကျုးရှုဖန်ကိုသာ အသားစားရန် ပြောနေသည်။ သူမက ကျောက်ကျန့်အကြောင်းကိုလည်း တတွတ်တွတ် ပြောဆိုနေသေးသည်။
"မနေ့က စားပွဲက အလှန်ခံလိုက်ရပြီး ဟင်းကောင်းတွေအားလုံး မြေပေါ်ကျသွားတာ... အမေ့မှာ ဟင်းတုံးတွေကို ဆေးကြောပြီး ပြန်ချက်ထားရတာလေ"
ကျုးရှုဖန်က ကြက်သားဟင်းကို နှိုက်ရန်အတွက် တူများကို ဆန့်ထုတ်လိုက်သော်လည်း ၎င်းကို ကြားသောအခါ လက်ပြန်ရုတ်လိုက်သည်။ မနေ့ညက သူမ၏ ယောက္ခမ အချိန်အကြာကြီး ဆူပူကြိမ်းမောင်းနေခဲ့သဖြင့် အကြောင်းအရာကို နားလည်နေခဲ့သည်။ စားပွဲပေါ်မှ အရာများမှာ မြေကြီးပေါ်မှ ပြန်ကောက်ထားခြင်း ဖြစ်ကြောင်း တွေးမိသွားသောအခါ စားချင်စိတ် ပျောက်သွားရလေသည်။
ကျူးရှုဖန်က စားပွဲပေါ်မှ ဟင်းများကို ထပ်မစားချင်တော့။ သူမက တူကို သုံး၍ ပန်းကန်ထဲမှ ကြက်ဥကို စားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမက ထပ်ပြီး အထွန့်တက်ချင်သလို ခံစားလိုက်ရသည်။ သကြားရည်မှာ သကြားနည်းလွန်းပြီး လုံလုံလောက်လောက် မချိုမြ။ ဥများအတွက်ကား...
ကျူးရှုဖန်က တစ်ကိုက်ကိုက်လိုက်ပြီးနောက် မကျက်သေးသော ကြက်ဥအနှစ်များက လျှံထွက်လာပြီး သူမ၏ မျက်နှာ ပြောင်းလဲသွားခဲ့လေသည်။
"ကြက်ဥက ဘာလို့ မကျက်တာလဲ... အရင်က ကျွန်မ ပြောခဲ့ဖူးတယ်လေ... အနှစ်ကျက်တဲ့ ကြက်ဥကိုပဲ ကြိုက်ပါတယ်ဆို"
ကျူးရှုဖန်က ကျန်းချောင်ရှန့်ကို လက်မထပ်ခင်ကပင် သိကျွမ်းခဲ့သည်။ ကျန်းချောင်ရှန့်က အချိန်နှင့်အမျှ သူမအတွက် တစ်ခုခု ပို့ပေးလေ့ ရှိသည်။ ထိုအချိန်က သူက သူမအတွက် ကြက်ဥပြုတ်များ ပို့ပေးဖူးပြီး ကျန်းချောင်ရှန့်၏ ကြက်ဥများက နှံ့နှံ့စပ်စပ် မကျက်ပေ။ သူမက ကျန်းချောင်ရှန့်ကို ကြက်ဥစိမ်းများနှင့် မကျက်သေးသော ကြက်ဥပြုတ်များ စားရသည်ကို မကြိုက်ကြောင်း ပြောပြထားခဲ့သည်။
ထိုအချင်းအရာပြီးနောက် ကျန်းချောင်ရှန့် ပို့ပေးလာသော ကြက်ဥများမှာ ကောင်းကောင်းကျက်သော ကြက်ဥများသာ ဖြစ်ပါသော်လည်း... ဒီနေ့ကျမှ သူမကို ဒီလိုကြက်ဥတွေ ကျွေးစရာလား...
“ကြက်ဥ မကျက်တကျက်က ပိုစားလို့ ကောင်းတယ်"
အဘွားကြီးကျန်းက ဆိုသည်။ တတိယလေးက သူမကို သူ့ဇနီးက ကောင်းကောင်းကျက်ထားသော ကြက်ဥပြုတ်များကို စားချင်နေသည်ဟု ပြောခဲ့သော်လည်း ကြက်ဥအကြက်များက အပြည့်အဝ ကျက်ရန်အတွက် ထင်းပို၍ လိုအပ်သဖြင့် သူမက ကျက်ခါနီးအချိန်မှာပင် ဆယ်ယူလိုက်ပြီး ပန်းကန်လုံးတစ်လုံးအတွင်းသို့ ထည့်လိုက်သည်။
ထပ်ပြီးတော့ ကြက်ဥများမှာ သိသိသာသာပင် ပို၍ အရသာရှိပုံပေါ်နေခဲ့သည်။ ကျန်းရှောင်မိန်က မကျက်တကျက် ကြက်ဥများ စားရသည်ကို ပိုကြိုက်သည်။ ရံဖန်ရံခါ ကြက်ဥတစ်လုံးတစ်လေ စားနိုင်ပါက သူမက ဟင်းပွဲများ ပြင်ဆင်ပြီးသည်အထိ စောင့်ပြီးမှ ၎င်းကို ပြုတ်အိုးထဲသို့ ထည့်ပြုတ်ရသည်။ သူမက ၎င်းကို မီးအကျန် ခပ်မျှင်းမျှင်းဖြင့် မကျက်တကျက်သာ ပြုတ်ခဲ့ရလေသည်။
ကျူးရှုဖန်က သူမလက်ထဲမှ ပန်းကန်လုံးကို ကျန်းချောင်ရှန့်ဆီသို့ တွန်းပို့ကာ သကြားရည်ကြက်ဥကို စားရန် ငြင်းဆန်လိုက်သည်။
အဘွားကြီးကျန်းက ထိုမြင်ကွင်းကို မနှစ်မြို့မှုနှင့် မကျေနပ်မှုအချို့ဖြင့် ကြည့်နေခဲ့သော်လည်း ပြေပြေလည်လည် ပြောနေရဆဲ ဖြစ်သည်။
"ရှုဖန်... ဒီလိုစားရတာ မကြိုက်ရင် အမေနောက်မှ ကြက်ဥပြုတ်တစ်လုံး ပြုတ်ပေးမယ်နော်"
“ကြက်ဥ... ကြက်ဥ" ကျန်းမိသားစု၏ တစ်ဦးတည်းသော မြေးဖြစ်သည့် ကျန်းယွမ်ဝမ်က သူ့ပန်းကန်လေးကို ဇွန်းလေးဖြင့် ခေါက်ကာ အဘွားကြီးကျန်းကို အစားအသောက်များ တောင်းလိုက်သည်။
"အဘွားတို့အိမ်မှာ အမြဲတမ်း ကြက်ဥတွေ ရှိတယ်နော်... ယွမ်ဝမ်လေး... စိတ်မပူနဲ့" အဘွားကြီးကျန်းက အမြဲတမ်း သူ့မြေးကိုသာ အချစ်ဆုံးဖြစ်သည်။
မပျော်ရွှင်မှု အနည်းငယ် ရှိနေသော်လည်း ကျန်းမိသားစုရှိ လူတိုင်းက ချွေးမအသစ်လေးကို တွေ့ဆုံနိုင်ကြဆဲ ဖြစ်သည်။
ကျူးရှုဖန်က တစ်ခုခု စားပြီးနောက် ကျန်းချောင်ရှန့်နှင့်အတူ သူမ၏ အခန်းထဲသို့ ပြန်သွားခဲ့သည်။ အဘွားကြီးကျန်းက ကျန်းရှောင်မိန်ကို အတူတကွ ရှင်းလင်းကြရန် ပြောပြီးနောက် မေးလိုက်သည်။
"မြစ်ထဲခုန်ချသွားတဲ့ တစ်ယောက်က အခုထိ ထွက်မလာသေးဘူးလား"
အဘွားကြီးကျန်း ဆူပူသည့်သူမှာ မည်သူ ဖြစ်နေပါစေ သူကသာ ထိုသို့ ခေါ်ခံရသူ ဖြစ်သည်။
"သူ ထွက်လာတာ မမြင်မိဘူး" ကျန်းရှောင်မိန်က ပြောလိုက်သည်။ မနေ့ညက အဖြစ်အပျက်များကို စဥ်းစားမိသောအခါ သူမ ကူကယ်ရာမဲ့စွာ ကြောက်လန့်မိသွားသည်။
အဘွားကြီးကျန်းကလည်း မနေ့ညက ဖြစ်ပျက်ခဲ့သည်များကြောင့် ကြောက်လန့်သွားခဲ့ရသည်။ သူမက တစ်ညလုံး ကောင်းကောင်း အိပ်မပျော်န်ုင်ခဲ့ပေ။ ယခုတွင် သူမက သိုလှောင်ခန်းရှိရာ အရပ်သို့ မဲမှောင်သော မျက်နှာဖြင့် ကြည့်လိုက်သည်။
"သူ ဘယ်တော့မှ ထွက်လာနိုင်မှာ မဟုတ်တော့ဘူး... အစာငတ်ပြီး သေသွားရင် အကောင်းဆုံးပဲ"
ယခင်က အကြီးဆုံးကျန်းသာ နေမကောင်းဖြစ်ခြင်း သို့မဟုတ် လယ်ယာအလုပ် သိပ်မများပါက အိမ်ထဲမှာသာ တစ်နေ့လုံး မစားမသောက်ဘဲ မလှုပ်မယှက် လဲနေလေ့ ရှိသည်။ ကျန်းကျန့်က မနေ့ညပြီးနောက် ထွက်မလာခဲ့သဖြင့် အဘွားကြီးကျန်းမှာ အတိတ်က ကိစ္စများကို တွေးမိသွားပြီး သူ့ကို သိပ်မလန့်တော့ပေ။
သူမက သူ့အမေပဲလေ... ခေါင်းမရှိတဲ့ကောင်က သူမကို သတ်ရဲမှာတဲ့လား...
အဘွားကြီးကျန်းက ထိုအတွေးနှင့်ပင် ထိုနေရာသို့ သွားပြီး တံခါးဆွဲဖွင့်ချင်ခဲ့သည်။
"အမေ" အဘွားကြီးကျန်းက သူမ၏ အကြီးဆုံးသားကို သင်ခန်းစာ ပေးတော့မည်အပြုတွင် အသစ်စက်စက် အိမ်ထောင်သည်လေး ကျန်းချောင်ရှန့်က မီးခိုချောင်ထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။
"တတိယသားက ဒီနေရာကို ဘာလို့ ရောက်နေတာလဲ... သားတို့လို ယောကျ်ားလေးတွေ လာရမဲ့နေရာမဟုတ်ဘူးလေ"
အဘွားကြီးကျန်းက ပြောလိုက်သော်လည်း ပန်းကန်များ ဆေးခြင်း အိုးတိုက်ခြင်း ဟူသော မီးဖိုချောင် အလုပ်အားလုံးကို အကြီးဆုံးကျန်းက လယ်ထဲမှ ပြန်လာသည့်အချိန်၌ လုပ်ဆောင်ခဲ့ရပေသည်။
အကြီးဆုံးသားကို မချက်ပြုတ်စေသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ အဘွားကြီးကျန်းက သူ အစားအသောက်များ ခိုးယူမည်ကို စိုးရိမ်နေ၍သာ ဖြစ်သည်။
"အမေ... သားပြောစရာ ရှိတယ်" ကျန်းချောင်ရှန့်က ပြောလိုက်သည်။
"နောက်ဆို... ရှုဖန်အတွက် ကြက်ဥပြုတ်ပေးရင် ကျက်အောင် ပြုတ်ပေးမှရမယ်... သူက မကျက်တကျက် ကြက်ဥပြုတ်တွေကို မစားဘူး... ကြက်ဥမွှေကြော်ဆိုရင် အကြိုက်ဆုံးပဲ"“
"အစားချေးများလိုက်တာ... ငါက သူ့ရဲ့ ကြက်ဥမွှေကြော်အတွက် ဘယ်ကနေ ဆီရမှာ မို့လို့လဲ"
အဘွားကြီးကျန်းက မကျေမနပ် ရေရွတ်လိုက်သည်။ စားဖို့ ကြက်ဥအလုံအလောက် ရှိနေရင်တောင် တော်လှပြီ... ကြက်ဥမွေကြော်အတွက် ဆီဘယ်လောက်တောင် လိုမလဲ... ကြက်ဥတွေကကို အရသာအရှိဆုံး အစားအစာ ဖြစ်ပြီးသားပဲကို...
"မိသားစုထဲမှာ သူ့ကို နည်းနည်း အလိုလိုက်ပေးတာ မကောင်းဘူးလား"
ကျန်းချောင်ရှန့်က ပြုံးကာ ပြောလိုက်သည်။
"အစ်ကိုကြီးရောပဲ... အမေ သူ့ကို အချိန်တိုင်း လိုက်ဖမ်းပြီး ဆူမနေနဲ့တော့... အရမ်း အရုပ်ဆိုးလွန်းတယ်... မနေ့ကဆို ကျွန်တော်တို့ အိပ်ရာထဲကနေတောင် အမေ့ရဲ့ ဆူပူသံတွေ ကြားနေရတာ... ရှုဖန်က ဘာမှ မပြောပေမဲ့ ကျွန်တော် အရမ်းရှက်တယ်... သူ့မိဘတွေက ရန်ဖြစ်ရန်တောင် စကားတစ်ခွန်း နှစ်ခွန်းပဲ ပြောကြတာ"
"အဲ့ဒါဘာလဲ" အဘွားကြီးကျန်းက မျက်မှောင်ကြုံ့လိုက်သည်။ "သူက ငါ့ကို သဘောမကျဘူးတဲ့လား"
အဘွားကြီးကျန်းက သူမသားထံမှ အပြောခံလိုက်ရသဖြင့် သူမ၏ နှလုံးသားက မီးတောက်နေကာ ကျူးရှုဖန်အပေါ် မပျော်မရွှင် ဖြစ်နေလေသည်။ သို့သော်လည်း သူမက ဆရာကြီးရှို့ချိုက်၏ သမီးဖြစ်ကြောင်း စဥ်းစားမိသွားသဖြင့် သူမကို မျက်နှာသာပေးရန် လိုအပ်ပေသည်။
ထိုအချင်းအရာပြီးနောက် သူမက အကြီးဆုံးသားကို ပြဿနာ သွားရှာချင်ပါသော်လည်း သူမ၏ ချွေးမအကြောင်း တွေးမိသွားသောအခါ အဆုံးတွင် ထိုသို့ မလုပ်ခဲ့တော့။ သူမက ယွမ်ဝမ်အတွက် ချန်ထားပေးရန် ရည်ရွယ်ထားခဲ့သော ကြက်တောင်ပံ နှစ်ခုကိုသာ မရပ်မနား မြည်တွန်တောက်တီးနေခဲ့သည်။
သို့သော်လည်း ယွမ်ဝမ် ကြက်တောင်ပံ မစားလိုက်ရသည်ကို တွေးမိသွားသောအခါ ရက်ရောခဲလှသော အဘွားကြီးကျန်းမှာ ချက်ပြုတ်နေရင်းပင် ကြက်ဥခြောက်လုံးကို တစ်ခါတည်း ထည့်ပြုတ်လိုက်သည်။
အစားအသောက်များ အဆင်သင့် ဖြစ်သောအခါ အဘွားကြီးကျန်းက တစ်လုံးကို သူမဘာသာ စားလိုက်သည်။ စားပွဲကို ရောက်သောအခါ သူမက ကျန်းယွမ်ဝမ်ကို နှစ်လုံး၊ ကျူးရှုဖန်ကို နှစ်လုံးနှင့် ကျန်တစ်လုံးကို ကျန်းရှောင်မိန်ထံ ပေးလိုက်သည်။
လူအိုကြီးကျန်းက ခြောက်ခြောက်ကပ်ကပ် ကြက်ဥများကို မကြိုက်လှသဖြင့် စားပွဲတွင်သာ ထိုင်ကာ အဆီများသော အသားကို လှမ်းယူနေသည်။ ဟွမ်မင်က သူမ၏ ယောင်းမနှင့် လင်ညီအစ်မကို မနာလိုစွာဖြင့် ကြည့်လိုက်သည်။ သူမ၏ ယောက္ခမက သူမကို စိုက်ကြည့်နေသဖြင့် သူမသား စားနေသော ကြက်ဥများကိုလည်း တစ်ကိုက်မျှ ကိုက်စားရန်လည်း မဖြစ်နိုင်ပေ။
"စားနေကြတာလား" လူတိုင်းက စားကြတော့မည်အပြုတွင် ခပ်အက်အက် အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာလေသည်။
ကျန်းမိသားစု လှည့်ကြည့်လိုက်သောအခါ အရပ်ရှည်ရှည်၊ အသားမည်းမည်းနှင့် ပိန်ပါးလှကာ ဒေါသထွက်ဟန်ရှိသော လူတစ်ယောက်က ဓါးချွန်တစ်ချောင်းကို ခါးကြားထိုးထားပြီး ဓါးအကြီးကြီးတစ်ချောင်းကို လက်ထဲတွင် ကိုင်ထား၍ သူတို့ကို ချိန်းခြောက်နေသည့်ဟန် ကြည့်ကာ သူတို့ဆီသို့ လျှောက်လှမ်းလာနေသည်ကို တွေ့လိုက်ရသည်။
အဘွားကြီးကျန်းက အမှုမဲ့အမှတ်မဲ့ဖြင့် ဆဲရေးလိုက်ချင်ပါသော်လည်း ကျန်းကျန့်၏ လက်ထဲမှ ဓါးကို တွေ့သောအခါ လည်ချောင်းထဲမှ အသံတစ်သံပင် မထွက်နိုင်တော့။ လူအိုကြီးကျန်းသည်လည်း အနည်းငယ် မိန်းမောသွားပြီး အခြားသူများမှာ ကျန်းကျန့်ကို နှုတ်ဆက်ရန်ပင် ပို၍ ထိတ်လန့်နေခဲ့ကြသည်။
တကယ်ကြီး အကြီးဆုံးကျန်းလား... ဘာလို့ မျက်စိတစ်မှိတ်အတွင်း ဒီလိုမျိုး ဖြစ်လာရတာလဲ...
အချိန်တစ်ခဏမျှ အခန်းထဲတွင် အသံတစ်ခုမှ မထွက်တော့။
ကျန်းကျန့်က ထိုမြင်ကွင်းကို စိတ်ကျေနပ်နေခဲ့သည်။ သူက အမတရှစ်ပါး စားပွဲ၏ ဘေးမှ ထိုင်ခုံ ရှစ်ခုံမှာ ကျန်းမိသားစုဝင် ရှစ်ယောက်ဖြင့် ပြည့်နေသည်ကို တွေ့လိုက်ရသောအခါ ကျန်းချောင်ဝမ်ကို လှောင်ရယ်လိုက်သည်။
"ဒုတိယသား... ဖယ်ပေးစမ်း"
ကျန်းချောင်ဝမ်မှာ မနေ့ညက ကျန်းကျန့်ဝေကို တွေ့လိုက်ရသည်။ သူက ကျန်းကျန့်၏ အေးစက်စက် စကားလုံးများကို ကြားလိုက်ရသောအခါ မသိစိတ်မှ အလိုအလျောက်ပင် ဖယ်ပေးလိုက်ပြီး သူ့ဘေးတွင် ထိုင်နေသည့် ဟွမ်မင်ကိုလည်း ဆွဲခေါ်သွားခဲ့လေသည်။
ကျန်းကျန့်က ဝင်ထိုင်ကာ စားပွဲပေါ်တွင် ဓါးကို တင်ထားလိုက်သည်။
ဝက်ခြေထောက်ရိုးများကို အလွယ်တကူ ဖြတ်နိုင်သော ဓါးမှာ အလွန်လေးလှသည်။ ၎င်းကို စားပွဲပေါ်တွင် တင်လိုက်သောအခါ စားပွဲတစ်ခုလုံး တုန်ခါသွားလေသည်။ ကျန်းကျန့်က ဘယ်လက်ဖြင့် ၎င်းကို ဖိထားကာ ယူခွင့် မပြုဘဲ ညာလက်ဖြင့် ကျန်းချောင်ဝမ်၏ တူကို ကိုင်၍ ဟင်းသီးဟင်းရွက် ဟင်းခွက်အချို့ကို စားရန် ကောက်ယူလိုက်သည်။ ထို့နောက် သူက ကျန်းချောင်ဝမ်၏ ထမင်းပန်းကန်ကို ဆက်ပြီး စားလိုက်လေသည်။
"အကြီးဆုံးကျန်း... စားချင်ရင် ဘာလို့ ကိုယ့်ဘာသာ ခူးမစားတာလဲ"
အဘိုးကြီးကျန်းက ဝက်များကို သတ်ခဲ့ပြီး ကမ္ဘာကြီးကို မြင်တွေ့ဖူးသည့် စစ်သားတစ်ယောက်လည်း ဖြစ်ခဲ့သေးသည်။ ထိုအချိန်၌ သူက အသိပြန်ဝင်လာခဲ့ပြီး ကျန်းချောင်ဝမ်ကို မောင်းထုတ်လိုက်သည့် ကျန်းကျန့်ကို ကြည့်နေလေသည်။
ကျန်းကျန့်က စားသောက်နေရင်း ခေါင်းကို ထမင်းပန်းကန်ထဲသာ နစ်မြုပ်နေပြီး လူအိုကြီးကျန်း၏ စကားများကို ပြန်မတုံ့ပြန်လိုက်ပေ။ သူ့အပြုအမူများက လူအိုကြီးကျန်းကို မနေ့ညက အကြောက်တရားများအား မေ့လျော့သွားစေသည်။
"မျိုးမစစ်ကောင်... မင်းကို စကားပြောနေတယ်လေ" လူအိုကြီးကျန်းက သူ့လက်များကို စားပွဲပေါ်သို့ ရိုက်ချလိုက်သဖြင့် စားပွဲပေါ်မှ ဟင်းခွက်များမှာ တုန်ခါ၍သွားသည်။
"နင် ခွေးမသား... မနေ့ညက ပြဿနာတွေ လာပေးပြီးတာတောင် ဒီနေ့ စားပွဲပေါ်မှာ ထိုင်စားချင်နေသေးတာလား... ငါနင့်ကို သေတဲ့အထိ ရိုက်ပစ်မယ်" အဘွားကြီးကျန်းက တံမြက်စည်းကို ထပ်ပြီး သွားရှာလိုက်သည်။
"အကြီးဆုံးကျန်း... မင်းဘာဖြစ်နေတာလဲ... ရှုဖန်က အခုမှ လက်ထပ်ပြီး အိမ်ထဲကို ဝင်လာတာ... ပြဿနာရှာတာ ရပ်ပေးလို့ ရမလား"
ကျန်းချောင်ရှန့်က မနေ့ညက ကျန်းကျန့် ဓါးကိုင်ထားသည်ကို မတွေ့လိုက်ရ။ သူက ကျန်းကျန့်ကို လုံးဝ ကြောက်မနေပေ။ "မင်း ထင်ရာစိုင်းလွန်းနေပြီကွ"
ကျန်းကျန့်က အလွန်မြန်ဆန်စွာ စားသောက်နေပြီး ပါးစပ်ထဲသို့ ထမင်း နှစ်ပန်းကန် သုံးပန်းကန် သွပ်လိုက်သည်။ စားသောက်ပြီးနောက် သူ ထရပ်လိုက်လေသည်။
ဘာလို့ ဒီလူတွေက ဝိုင်ကောင်းကောင်းလေး သောက်ရမဲ့အစား ပေါင်မုန့်ကင်ရတာကို သဘောကျနေကြတာလဲ...
ကျန်းကျန့်က ထရပ်ကာ ရုတ်တရက်ပင် သူ့ဓါးကို ကောက်ယူလိုက်ပြီး စားပွဲကို ခုတ်ပိုင်းလိုက်သည်။ သူက စားပွဲ၏ တစ်ဖက်ကိုသာ ခုတ်လိုက်ခြင်း ဖြစ်သည်။
"မနေ့ညက ကျုပ်ပြောတာကို မေ့သွားကြတာလား... ကျုပ်ကို ထပ်ပြီး ကျိန်ဆဲရင် သေတဲ့အထိ ခုတ်ပစ်လိုက်မယ်"
ဤတစ်ကြိမ်၌ စားပွဲပေါ်မှ ဟင်းပွဲများမှာ တုန်ခါသွားရုံသာမက တိုက်ရိုက်ပင် မှောက်သွားကြလေသည်။ လူအိုကြီးကျန်း၏ ထမင်းပန်းကန်လုံးက မြေပေါ်သို့ ကျသွားပြီး နှစ်ခြမ်းကွဲသွားလေသည်။
လူအိုကြီးကျန်းက ဒေါသထွက်လွန်းသဖြင့် သူ့ကို စိုက်ကြည့်နေလေသည်။ သူ့ဘေးတွင် ချွေးမအသစ်စက်စက်လေး ရှိနေသည်။ သူက အားနည်းကြောင်း မပြသချင်သဖြင့် ထရပ်ကာ ပြောလိုက်သည်။
"မင်းကိုယ်မင်း ဘယ်သူ ထင်နေတာလဲ... မင်းအဖေကို ဒီလိုမျိုး ပြောရဲနေတာလား"
ကျန်းကျန့်က သူ့ကို အေးတိအေးစက် စိုက်ကြည့်ကာ စားပွဲပေါ်မှ ဓါးကို ယူလိုက်ပြီး ဘေးသို့ ရွှေ့သွားရင်းဖြင့် အဘွားကြီးကျန်းကိုင်ထားသော တံမြက်စည်း၏ ရိုးတံကို ဖြတ်ပိုင်းလိုက်သည်။
ဓါးက သူမ၏ ကိုယ်ပိုင်လက်ကို ဖြတ်လုနီးပါး ဖြစ်သွားသဖြင့် အဘွားကြီးကျန်းမှာ ထိန်းမနိုင်သိမ်းမရ အော်ဟစ်လေတော့သည်။ ကျန်းကျန့်က သူမကို အေးတိအေးစက်စိုက်ကြည့်လိုက်ပြီးနောက် ရုတ်တရက် လက်လှမ်းကာ ကျန်းရှောင်မိန်၏ ဘေးတွင် ထိုင်နေသော ကျန်းယွမ်ဝမ်အတွက် ကြက်ဥနှစ်လုံးကို ဆတ်ခနဲ ကောက်ယူလိုက်ပြီး လက်မောင်းထဲတွင် ထည့်ထားလိုက်သည်။ သူက ကျူးရှုဖန်းအတွက် ကြက်ဥနှစ်လုံးကိုလည်း လုယူလိုက်သည်။ အဆုံးတွင် သူက ကျန်းရှောင်မိန်ကို ကြည့်လိုက်သည်။ ကျန်းရှောင်မိန်၏ လက်ထဲမှ ကြက်ဥကိုလည်း မချန်ထားခဲ့ပေ။
သူက ကြက်ဥငါးလုံးကို ရင်ခွင်ထဲတွင် ပိုက်ထားလိုက်သည်။ ကျန်းကျန့်က ခြေထောက်ကိုမကာ စားပွဲကို ထပ်ကန်လိုက်လေသည်။
"နောက်ဆိုရင် ကျုပ်ကို လာမရှုပ်တာ ကောင်းမယ်"
သူက ကျန်းမိသားစုအပေါ် မည်သည့်အရာကိုမှ လုပ်ရန် စီစဥ်မထားခဲ့။ သူက ထိုလူများသာ ကောင်းပါက ကျန်းမိသားစုတွင် အနည်းငယ် အနားယူ၍ ပြည်လည်အားဖြည့်အစားအစာများ စားသောက်ပြီးနောက် သူနေကောင်းသည်နှင့် ကျန်းမိသာစုမှ ထွက်သွားမည်ဟုပင် တွေးခဲ့သေးသည်။ ဒါပေမယ့် ရလဒ်ကတော့ ဘာတဲ့လဲ...
စားပွဲပေါ်မှာ ထမင်းလေး တစ်နပ်လောက် ဝင်စားတာတောင် သောက်စကားတွေ များလွန်းတယ်...
သူ့ကို ကောင်းကောင်း မစားခိုင်းမှတော့ သူတို့ကိုလည်း ကောင်းကောင်း စားခွင့်မပြုနိုင်ဘူး...
🔪🔪🔪🔪🔪