အပိုင်း၁၀
Viewers 21k

Chapter 10


CHAPTER 10

- လအနည်းငယ်ကြာ




ကျေးလက်​​ဒေသတွင် တစ်​ဦးတည်း ​နေထိုင်ခြင်းက ခက်ခဲ​​လေ့ရှိပြီး အနိုင်ကျင့်ခံရရန်အတွက်လည်း အားနည်းချက် တစ်ခု ဖြစ်သွားရ​စေသည်။


ထိုအ​ကြောင်း​ကြောင့် သူတို့၏ ​ယောက္ခမများ အိမ်တွင် သွား​ရောက် ​နေထိုင်ကြမည့် အမျိုးသမီးများနှင့် ​ကောများက ညီအစ်ကိုများစွာ ရှိသည့် အိမ်များကိုသာ ရှာ​လေ့ရှိကြသည်။ အကြီးဆုံးကျန်းကသာ သူ့မိသားစုမှ ခွဲထွက်လာပြီး လက်လည်းမထပ်ရ​သေးပါက လယ်​တောမှ အလုပ်လုပ်ပြီး ပြန်လာချိန်တွင် ပူပူ​နွေး​နွေး အ​စားအ​သောက်များကို စား​သောက်နိုင်မည် မဟုတ်သဖြင့် အမှန်တကယ်လည်း အကူအညီအချို့ လိုအပ်​နေမည်ပင်။​


ပြီး​တော့ သူသာ ကျန်းမိသားစုရဲ့ တဲအိမ်အိုမှာ ​နေဖို့ ဆုံးဖြတ်လိုက်ရင် ​ကျောက်မိသားစုနဲ့ အနီးဆုံး ဖြစ်မသွားဘူးလား...


​ကျောက်ကျင်း​ကောက ကျန်းကျန့်၏ အ​ကြောင်းပြချက်ကို လက်ခံလိုက်သည်။ သူက ဆန်ပြုတ်ကို ​သောက်​နေစဥ်တွင် စိတ်​အေးလက်​အေး ဖြစ်သွား​လေသည်။ သို့​​သော်လည်း ကျန်းကျန့်က သူ့ကို အဆက်မပြတ် စိုက်ကြည့်​နေခဲ့သည်။ သူက ခပ်​နှေး​​နှေး လှုပ်ရှား​နေပြီး သူ့ကို ထပ်စားရန် ​လော​ဆော်​နေသဖြင့် အဆုံးတွင် သူ့ကို အနည်းငယ် မသက်မသာ ဖြစ်သွား​စေခဲ့သည်။


"​နောက်ဆို မင်းမှာ ပြဿနာ တစ်ခုခု ကြုံလာခဲ့ရင် ငါ မင်းဆီ ​ရောက်လာ​ပေးမယ်"


ကျန်းကျန့်က ​ကျောက်ကျင်း​ကောကို ကြက်​​ပေါင် နောက်တစ်​ချောင်းကိုလည်း ပေးလိုက်သည်။


"ဒီမှာ... ယူလိုက်"


"ကျွန်​တော့်ကို ကြက်​​ပေါင် ပေးစရာ မလိုပါဘူး"


​ကျောက်ကျင်း​ကောက ခပ်မြန်မြန်ပင် ငြင်းဆန်လိုက်သည်။ ကြက်သားဆန်ပြုတ် စားရသည်ကပင် သူ့အတွက် အ​တော်​လေး ​ကောင်း​နေပြီးပြီ။ သူက ဆာဆာ​လောင်​လောင်ဖြင့် အလုပ်လုပ်ရ​တော့မည်ဟုသာ ​တွေး​နေခဲ့ခြင်း ဖြစ်သည်။


"ငါက ကြက်သားတစ်ဝက်ကို စားထားပြီးပြီ... ငါ့အတွက် ကြက်​ပေါင်တစ်​ချောင်းက ဘာမှုစရာ ရှိမှာလဲ... ငါ့မှာ တစ်ခု ရှိပြီးသားပဲမလား... မြန်မြန် စားလိုက်"


ကျန်းကျန့်က ကြက်​​ပေါင်ကို ​ကျောက်ကျင်း​ကော၏ ပါးစပ်ထဲသို့ ထည့်​​ပေးလိုက်ပြီး​နောက် ​ကျောက်ကျင်း​ကော၏ ခန္ဓါကိုယ်က ထပ်ပြီး ​အေးခဲသွားပြန်သည်ကို ​တွေ့လိုက်ရသည်။


​ကျောက်ကျင်း​ကောက အဆုံးတွင် ကြက်​ပေါင်ကို စားလိုက်​ပြီး​နောက်တွင် ကျန်းကျန့်က ကြက်​တောင်ပံတွင် အသားမပါသဖြင့် ၎င်းကို စားရတာ မကြိုက်​ကြောင်း ​ပြော၍ သူ့ကို ကြက်​တောင်ပံ တစ်​ချောင်း ​ပေးလာပြန်​လေသည်။


​ကျောက်ကျင်း​ကောက ကျန်းကျန့်ကို တည့်တည့်ပင် မငြင်းဆန်လိုက်နိုင်။ သူက ကြက်​တောင်ပံကို သူ့ပါးစပ်ထဲသို့သာ ထည့်လိုက်ရ​တော့သည်။


ကျန်းကျန့်က ကောင်းကောင်းမွန်မွန် စား​သောက်​နေ​သော ​ကျောက်ကျင်း​ကောကို ကြည့်​နေခဲ့သည်။ သူက ကြက်​တောင်ပံထဲမှ အရိုး​သေး​သေး​လေးများကိုပင် ကိုက်ဝါး​နေခဲ့​လေသည်။ သူက ​အခြားကြက်​ပေါင်ကို စိတ်​ကောင်းဝင်လျက်သားဖြင့် စား​နေလိုက်သည်။


လူနှစ်​ယောက်သားက ကြက်သားဆန်ပြုတ်တစ်အိုးကို အ​ပြောင်ရှင်းသည်အထိ စား​သောက်ခဲ့ကြသည်။ ​ကျောက်ကျင်း​ကောက ဆန်ပြုတ်ထဲမှ ကြက်သားဖတ်များကို မစားမိရန် ကြိုးပမ်းပါ​သော်လည်း ကြက်​ပေါင်တစ်ခုနှင့် ​​​တောင်ပံအရင်းထိ တွယ်ကပ်​နေ​သော ကြက်​တောင်ပံ တစ်ခုကို စားလိုက်ရပြီး သူ့အစာအိမ်ထဲတွင်လည်း ဆီ​ဝေ့​နေ​​သော ​ရေများ ရှိ​နေပေပြီ။


ကျန်းကျန့်က ​ကျောက်ကျင်း​ကောကို ထိုမျှ​လောက်ထိ များများ ​​​ကျွေး​မွေးလိုက်ရသည့်အတွက် လွန်စွာ စိတ်​ကျေနပ်​နေခဲ့သည်။ သူက အိုးများကို ​ပြောင်ရှင်းသွားသည်အထိ ​ဆေး​​ကြောပြီး​နောက် ​မေးလိုက်သည်။


"မင်း ဘာလုပ်မလို့လဲ"


"ကျွန်​တော် ထင်း​ခွေရမယ်​" ​ကျောက်ကျင်း​ကောက ​ပြောလိုက်သည်။


"မင်းကို အ​ဖော်လိုက်​ပေးမယ်" ကျန်းကျန့်က ဆိုသည်။


"မလုပ်ပါနဲ့..." ​ကျောက်ကျင်း​ကောက သတိလက်လွတ် ငြင်းဆန်လိုက်​လေသည်။


ကျန်းကျန့်က ဘာလိုက်လုပ်မလို့လဲ... သူက​ရော ဘာလို့ ငြင်းလိုက်မိတာလဲ...


ကျန်းကျန့်က သူ၏ ချွန်ထက်လွန်း​​သော အရိုးခုတ်ဓါးနှင့် ထင်းခုတ်ရန် တွန့်ဆုတ်​နေသဖြင့် ဓါးကို မသုံးခဲ့​​ပေ။ ထိုအစား သူက ပရုတ်ပင်​ပေါ်ကို တက်ကာ အကိုင်းအလက်များကို သူ့ခြေ​ထောက်ဖြင့် ​ခြွေချလိုက်သည်။


ဤအပိုင်းရှိ သစ်ပင်များ၏ တစ်ဝက်​လောက်က ပရုတ်ပင်များ ဖြစ်ကြသည်။ ထိုအပင်အမျိုးအစားများ၏ အကိုင်းတို့က အလွန် ကြွပ်ဆတ်လှသည်။ ကျန်းကျန့်က ဤအပိုင်းမှ အကိုင်းများကို အလွယ်တကူ ​ခြွေချနိုင်ခဲ့သည်။ များစွာ​သော အကိုင်းတို့ကို ​အောက်သို့ ချရန်အတွက် အချိန်သိပ်မယူလိုက်ရ။


ကျောက်ကျင်း​ကောက ​ခေါင်းကို ငုံ့၍ ကျန်းကျန့် ခုတ်ချ​ပေးထား​သော အကိုင်းတို့ကို ခုတ်ထစ်​နေခဲ့သည်။ ပရုတ်ပင်၏ အရွက်​ခြောက်များက အရွက်သစ်များဖြင့် အစားထိုးကာ တစ်ရွက်ပြီးတစ်ရွက် ​ကြွေကျလာ​နေခဲ့ပြီး အများစုက သူ့အ​ပေါ်သို့ ​ကြွေကျလာ​နေသည်။


ကျန်းကျန့်က သူ့ကိုငုံ့ကြည့်လိုက်သည့်အခါ

အဝတ်အစားများကို တင်းတင်းကျပ်ကျပ် ဝတ်ထားသည်​ကြောင့် ကိုယ်ကို ကုန်းလိုက်သည့်အခါ ထွက်​ပေါ်လာသည့် ခန္ဓါကိုယ်အချိုးအစားကို ​တွေ့လိုက်ရသည်။ ရုတ်တရက်ပင် အာ​ခေါင်​ခြောက်လာသလို ခံစားလိုက်ရပြီး လှုပ်ရှားမှုများ ရပ်တန့်သွား​လေသည်။


​ကျောက်ကျင်း​ကောက မည်သည့် လှုပ်ရှားမှုကိုမှ မကြားရ​တော့သဖြင့် ​မော့ကြည့်လိုက်ရာ ကျန်းကျန့်က သူ့အား စိုက်ကြည့်​နေသည်ကို ​​တွေ့လိုက်ရသည်။ သူက မျက်နှာ​ထက်တွင် အဖျားတက်လာသကဲ့သို့ ခံစားလိုက်ရသည်။ သူ ဘာလို့များ အကြီးဆုံးကျန်း​နဲ့ ဆန်ပြုတ် တစ်အိုးတည်း​သောက်ပြီး အကြီးဆုံးကျန်း သူ့ကို ကြက်အသည်း ခွံ့​ကျွေးတာကို စားမိခဲ့ပါလိမ့်...


​ကျောက်ကျင်း​ကောက ယခုအချိန်တွင် အချိန်အ​တော်ကြာသည်အထိ သူ့ကိုယ်သူ ​ယောကျ်ားတစ်​ယောက်ဟုသာ ​တွေးခဲ့​ပြီး အခြား​​သော ​​ရေရှည်အလုပ်သမားများနှင့် အတူစားရန် ထမင်းထုပ် ထုပ်လာ​​လေ့ ရှိခဲ့ပါ​​သော်လည်း အကြီးဆုံးကျန်းနှင့်​တော့ တူညီပုံမရ​ပေ။ ဘယ်သူကမှ စကားမ​ပြောခဲ့ကြ​သော်လည်း နှစ်​ယောက်အကြားမှ ​လေထုက သိမ်​မွေ့​နေ​လေသည်။


​ကျောက်ကျင်း​ကောက ထင်းလုံလုံ​လောက်​လောက် ခုတ်ပြီးသွား​သောအခါ ထွက်သွားမည် အပြုတွင် ကျန်းကျန့်က သူ့ကို တားထားလိုက်သည်။


"ကျင်း​ကော"


​ကျောက်ကျင်း​ကောက သူ့ကို ပ​ဟေဠိ ဖြစ်​နေသည့် ပုံဖြင့် ကြည့်လိုက်ချိန်တွင် ကျန်းကျန့်က ထပ်​​ပြောလိုက်သည်။


"ငါက ကျန်းကျန့်​ဝေဆိုတဲ့ နာမည်ကို မယူ​တော့ဘူး... ​နောက်ဆိုရင် ငါ့ကို ကျန်းကျန့်လို့ပဲ​ခေါ်​စေချင်တယ်... အကြီးဆုံးကျန်းလို့ မ​ခေါ်နဲ့​တော့... ကျန်းကျန့်ဆိုရင် ရပြီ"


​ကျောက်ကျင်းကောက ​ခေါင်းငြိမ့်ပြလိုက်သည်။ "ကျန်းကျန့်"


ကျန်းကျန့်က သူ့ကို ပြုံးပြလိုက်သည်။

​ကျောက်ကျင်း​ကောက ထိုအပြုံးကို ကြည့်လိုက်ပြီး​နောက် သူ့နှလုံးခုန်သံက အနည်းငယ် ပိုမြန်လာခဲ့သည်။ သူက ​ခေါင်းကို ငုံ့ကာ အ​ဝေးသို့ ခပ်သွက်သွက် ​ပြေး​ထွက်သွား​လေ​တော့သည်။


​ကျောက်ကျင်း​ကောတစ်​ယောက် ​နောက်​ကျော​ပေါ်တွင် ထင်းစည်းကြီးတစ်စည်း သယ်၍ သွား​လေသည်ကို ကြည့်ကာ ကျန်းကျန့်က မျက်ခုံးပင့်လိုက်ပြီး ​လေချွန်လိုက်​လေသည်။


ယ​နေ့ သူ​လေ့လာ​​တွေ့ရှိချက်အရ ​ကျောက်ကျင်း​ကောက ​ယောကျ်ားများကို 100%သ​​ဘောကျပြီး သူ့ကိုလည်း အနည်းငယ် စိတ်ဝင်စား​နေ​ပုံရသည်။ ထပ်ပြီး​တော့ ထိုလူက ​ယောကျ်ားများကို လက်ထပ်ရမည်ဟု ​တွေး​နေမည့် ​ကောတစ်​ယောက်လည်း ဖြစ်​​နေ​သေးသည်။ သူက ထိုနည်းဖြင့် မိန်းမများကို နှစ်သက်နိုင်​သော ​ယောကျ်ားများကို သ​​ဘောမကျ​ပေ။


ထို​ကျောက်ကျင်း​ကောက အမှန်တကယ်ပင် သူ့အတွက် ဖန်ဆင်းထားခဲ့ခြင်း ဖြစ်ဟန်ပင်။ သူ မကြာမီပင် ဇနီး တစ်​ယောက် ရ​တော့မည်။


ကျန်းကျန့်က​ ​ကျောက်မိသားစုအတွင်းသို့ ဝင်​ရောက်ရမည်ကို လုံးလုံး စိတ်ထဲမထားပါ​ပေ။ မိသားစုတစ်ခုအတွင်းသို့ လက်ထပ်ဝင်​ရောက်ရခြင်းက ရှက်စရာဟု ​​တွေးကြမည့်သူများ ရှိ​နေ​နိုင်ပါသော်လည်း သူ့မျက်လုံးထဲတွင် ထိုသို့​တွေး​နေကြမည့် ​ယောကျ်ားများက ကိုယ်တိုင် အသုံးမကျသူများသာ ဖြစ်သည်ဟု ​ထင်သည်။ ​ယောကျ်ားတစ်​ယောက်ကသာ လုပ်ရည်ကိုင်ရည် ရှိပြီး သူ့က​လေးများကိုလည်း သူ့မျိုးရိုးနာမည် မသုံး​ပေးပါက အခြားသူများက သူ့ကို သူ့ဇနီးကို နင့်နင့်နဲနဲ ချစ်မြတ်နိုးသည်ဟုသာ ခံစားကြရ​​ပေလိမ့်မည်။ ဘယ်သူက သူ့ကို အထင်​သေးရဲမှာလဲ.... သူတို့ကိုယ်တိုင် မစွမ်း​ဆောင်နိုင်သည့် ယောကျ်ား​​သားများကသာ ထိုအ​ကြောင်းကို တစ်ချိန်လုံး ​တွေးပူ​နေကြ​ပေလိမ့်မည်။ သူတို့က သူတို့၏ ကိုယ်ပိုင်မျက်နှာထက် ​ကောင်းကင်ကြီးကိုသာ ကြည့်ကြသည်။ သူတို့က အပြင်ဘက်မှ မျက်နှာသာ မရနိုင်သဖြင့် သူတို့၏ ကိုယ်ပိုင်မိသားစုကိုသာ အပြစ်တင်ကြ​ပေလိမ့်မည်။


​သေချာ​ပေါက်ပင် ယခုလက်ရှိ၌ သူ မည်သည့်အရာကိုမှ မလုပ်နိုင်​သေး။


ကျန်းကျန့်က နှာ​ခေါင်းပွတ်လျက် သူ့လက်ထဲမှ ​မြေအိုးကို လွှဲယမ်းကာ အိမ်ပြန်လာခဲ့သည်။ ရွာထဲမှ လူများက အလွန်အလုပ်ရှုပ်ကြသည်။ ကျန်းကျန့် ပြန်လာသည့် လမ်းတ​​လျှောက် လယ်ကွင်းထဲတွင် အလုပ်လုပ်​နေကြသည့် ​ယောကျ်ား မိန်းမ များစွာကို ​တွေ့ခဲ့ရပြီး အချို့က​လေးများမှာ မြက်ရိတ်ခြင်း မဟုတ်လျှင်...


ကျန်းကျန့်က မျက်ခုံးပင့်လိုက်ပြီး သူနှင့် မနီးမ​ဝေးရှိ ​ရေ​မြောင်း​လေး အနီးတွင် စု​ဝေး​နေကြသည့် က​လေးတစ်သိုက်ကို ကြည့်လိုက်သည်။


ဟယ့်ရှီရွာ၏ ​​ဘေးကပ်ရက်တွင် စပါးခင်းများစွာ ရှိပြီး အိမ်​ထောင်စုတိုင်းက ​ရေ​မြောင်း​​လေးများ တူးထားကြ​​ပေသည်။ ထို​ရေ​မြောင်း​လေးများမှာ တစ်နှစ်ပတ်လုံး ​ရေပြည့်​နေပြီး သဘာဝကျကျပင် ငါး​သေးငါးမွှား​လေးများနှင့် ပုစွန်ဆိတ်​လေးများလည်း ၎င်းတို့အတွင်းတွင် ​​ရှိနေကြသည်။


ကျန်းကျန့်က မှတ်ဥာဏ်များကို ​မွှေ​နှောက် ရှာ​ဖွေလိုက်ပြီး​​နောက် ထိုက​လေးများက ​ရေ​မြောင်း​လေးများထဲတွင် ငါးဖမ်းကြ​လေ့ရှိသည့် က​လေးများ ဖြစ်​ကြောင်း ​တွေ့လိုက်ရသည်။ သူတို့ အိမ်ပြန်​ရောက်​သောအခါ သူတို့၏ အ​မေများကို ဖမ်းမိ​သော ငါးမွှား​လေးများကို ​ပေါင်းခံအိုးထဲတွင် ​ပေါင်းကာ ဟင်းပွဲတစ်ခု အ​နေဖြင့် စားကြသည်။


ဟယ့်ရှီရွာတွင် ​နေထိုင်ကြသူ အများစုမှာ အသားစားရခဲကြသည်။ ဥပမာအားဖြင့် ​ကျောက်တဟူ၏ မိသားစုပင် တစ်လလျှင် သုံး​လေးကြိမ် စားတတ်ကြ​သော်လည်း ငါး​လေးများနှင့် ပုစွန်​လေးများက​တော့ မ​ပေါများခြင်း မဟုတ်။ သို့​​သော်လည်း လူတိုင်းက ​ယေဘုယျကျကျပင် အလွန် အလုပ်များလေ့ ရှိသဖြင့် ထိုကဲ့သို့​​သော လုပ်​ဆောင်မှုမျိုးကို ​နေ့တိုင်း မလုပ်နိုင်ကြ။ သူတို့က ၎င်းကိုရက်အနည်းငယ်အတွင်းမှ တစ်ကြိမ်သာ လုပ်နိုင်ကြပြီး ၎င်းတို့မှာလည်း အ​ခြေခံအားဖြင့် က​လေးများ၏ ပါးစပ်ထဲကိုသာ ​ရောက်ရှိသွားကြ​လေသည်။


သင့်ခန္ဓါကိုယ်ကို ပြန်လည် ကုစားလိုပါက အနာဂါတ်တွင် ထိုပစ္စည်းများအ​ကြောင်းကို စဥ်းစားရန် လိုအပ်​ပေသည်။


ကျန်းကျန့် ဤတစ်ကြိမ်၌ အိမ်ပြန်လာ​သောအခါ အိမ်ကြီးက တိတ်ဆိတ်​နေခဲ့သည်။ သူပြဿနာ ရှာလိုက်ပြီး​နောက် ဤမိသားစုမှ လူများမှာ ဤအ​တောအတွင်း ပို၍ တိတ်ဆိတ်လာကြသည်မှာ ရှင်းလင်း​​နေပါ၏။


ကျန်းကျန့်က သူ့အခန်းကို ပြန်သွားအိပ်ရမည့်အစား ဝါးခုံ​လေးကို ​​ရွှေ့ကာ ​ဟောခန်းထဲတွင် ညစာကို ​စောင့်​မျှော်​နေသည် အိမ်ထဲတွင် သူကဲ့သို့ပင် ညစာ​မျှော်​နေကြ​သော ကျန်း​​ချောင်​ဝမ်နှင့် သူ့ဇနီးတို့မှာ ​ဟောခန်းထဲတွင် ​နေရဲကြပါ​သော်လည်း ​ သူတို့၏ အဖိုးတန်သားကိုမူ သူတို့၏ ရင်ခွင်ထဲတွင် ထည့်ဖွက်ထားကြသည်။


ကျန်း​​ရှောင်မိန်က ချက်ပြုရန်နှင့် ဝက်စာ​​ကျွေးရန်အတွက် အဘွားကြီးကျန်းထံမှ တာဝန်ချ​ပေးခံခဲ့ရသည်။ သူမက အိမ်ထဲတွင် ပုန်းမ​နေရဲဘဲ တုန်တုန်ယင်ယင်ဖြင့် မီးဖို​ဆောင်ထဲတွင် အလုပ်လုပ်​နေရသည်။


ကျန်း​ရှောင်မိန်က ကျန်းမိသားစုထဲတွင် အကြီးဆုံးကျန်းအ​ပေါ် အ​ကောင်းဆုံးလူ ဖြစ်​သော်လည်း သူမကလည်း အကြီးဆုံးကျန်းအ​ပေါ် ​ကောင်း​ပေးလွန်းသည်​တော့ မဟုတ်​​ပေ။ သူမက တစ်ခါတစ်ရံတွင် သူမ၏ အလုပ်များကို အကြီးဆုံးကျန်းအ​ပေါ်သို့ လွှဲချ​လေ့ရှိသည်။ ထိုအ​ကြောင်း​ကြောင့် သူမက လက်ရှိတွင် အကြီးဆုံးကျန်းကို ​ကြောက်လန့်​နေရ​ပေသည်။


​ကျန်း​ရှောင်မိန် ယာဂုကို ချက်ပြုတ်​နေစဥ်တွင် ​ကောင်းကင်ကြီး မဲ​မှောင်သွားပြီး အဘိုးကြီးကျန်းနှင့် အဘွားကြီးကျန်းတို့က ပုခုံ​ပေါ်တွင် ​ပေါက်တူးများ ထမ်းကာ ပြန်​ရောက်လာကြသည်။ သူတို့က ကျန်းကျန့်ကို ​တွေ့လိုက်ရ​သောအခါ သူတို့၏ မျက်နှာများက ​အလွန်သာယာမ​နေ။ အဘွားကြီးကျန်းက ကျန်းကျန့်ကို စားမတတ် ဝါးမတတ်ပင် ကြည့်​နေခဲ့သည်။ သူမက ကျန်းကျန့်၏ လက်ထဲမှ ဓါးကို ​တွေ့လိုက်ရ​လေသည်။ သူမက သူနှင့် သွားမရှုပ်ရဲ​သော​ကြောင့် ထိုအစား သူတို့ ပြန်လာသံကြားသည်နှင့် အိမ်ထဲမှ ထွက်လာ​သော ကျန်းဒုတိယသားကိုသာ ဆူပူကြိမ်း​မောင်းလိုက်သည်။


"နင်တို့က​တော့ တကယ် တတ်နိုင်တာပဲ... နင်တို့မိဘ​တွေ အပြင်မှာ ပင်ပင်ပန်းပန်း အလုပ်လုပ်​နေရတာကို နင်တို့က အိမ်မှာ အပျင်းတစ်​နေကြတယ်... ငါ​လေ နင်တို့လိုအ​ကြွေးရှင်တစ်အုပ်ကို ပျိုး​ထောင်မိလို့ တကယ် စိတ်ပျက်​နေပြီ"


အဘွားကြီးကျန်းက ဟွမ်မင်ကို ဆူပူရန် ရည်ရွယ်လိုက်သည်။ ကျန်း​ချောင်ဝမ်နှင့် သူ့မိသားစုက ဘယ်တုန်းကမှ အလုပ်သိပ်မလုပ်ခဲ့ကြ။ သူမက ယခင်က သူတို့ကို မဆူ​​ငေါက်ခဲ့ဖူး​ပေ။ ယ​နေ့တွင် သူမက ကျန်းကျန့်ကို ဆူရန်အတွက် သူတို့ကိုပါ ဆူပူလိုက်သည်။


ကျန်းကျန့်က ထိုအ​ကြောင်းအားလုံးကို သိသဖြင့် အဘွားကြီးကျန်းကို ​ခေါင်းငြိမ့်၍ ​ထောက်ခံလိုက်သည်။


"အ​မေ... အ​မေမှန်တယ်... ​ချောင်ဝမ်က တကယ့် အ​ကြွေး​တောင်းသမားပဲ... ကျွန်​တော်သာ သူ့လို ​မျိုးမစစ်မျိုး မွေးမိလို့က​​တော့ ​သေ​အောင် ရိုက်သတ်ပြီးပြီ"


အဘွားကြီးကျန်း၏ မျက်နှာက ဆန်းကြယ်သွားပုံ​ပေါ်သည်။


"အ​မေ... အလုပ်မလုပ်ရင် မစားရဘူးလို့ ​ပြောခဲ့တယ်မလား... ဒုတိယညီ... ဒီတစ်နပ်ကို မစားနဲ့​တော့"


ကျန်းကျန့်က အိုးထဲမှ ယာဂုကို ခွက်အကြီးကြီးနှင့် ခပ်ရင်းဖြင့် ​ပြောလိုက်သည်။


ကျန်းမိသားစု၏ ယာဂုက အလွန်ကျဲသည်။ ၎င်းကို ယာဂုစွပ်ပြုတ်ရည်ဖြင့် ဖုံးကာထားခြင်းပါ​ပေ။ သူက ရိုးတံရှည် သစ်သားဇွန်းဖြင့် ယာဂုကို ခပ်လိုက်သည့်အခါ ​အောက်​ခြေအထိ ​ကော်ယူလိုက်သည်။ ယာဂု ခပ်ပြီး​​နောက် သူက ယာဂုစွပ်ပြုတ်ရည်ကို အိုးထဲသို့ ပြန်ထည့်လိုက်​လေသည်။


ကျန်းကျန့်က ယာဂုပန်းကန်ထဲကို စွပ်ပြုတ်ရည် မပါ​စေဘဲ ခပ်ပြီး​နောက် စားပွဲတွင် ထိုင်ချလိုက်သည်။


စားပွဲ​ပေါ်တွင် ဆလတ်ရွက်ဆားသိပ်တစ်ပန်းကန်၊ ဆားရည်စိမ် အသီးအရွက် တစ်ပန်းကန်နှင့် ​ဂေါ်ဖီပွင့်ပြုတ် တစ်ပန်းကန်တို့ ရှိ​နေသည်။


၎င်းတို့က ကျန်းမိသားစု စား​လေ့ရှိ​​သော ဟင်းပွဲများ ဖြစ်​သော်လည်း ကျန်းယွမ်ဝမ်အတွက်မူ သူက ​နောက်ထပ် ကြက်ဥတစ်လုံး စားနိုင်​​သေးသည်။


ကျန်းကျန့်က ၎င်းကို မနှိုက်ယူလိုက်။ သူက ယာဂုပန်းကန်​ပေါ်တွင် နှာရှုံ့ကြည့်လိုက်ပြီးနောက် ဆလတ်ရွက်နှင့် ​ဂေါ်ဖီပွင့်ကို တူဖြင့် ယူ၍ ဆက်လက် စား​သောက်​နေခဲ့သည်။


သူက အလွန် လျင်မြန်စွာ စား​​သောက်​နေသဖြင့် သူတစ်ချိန်လုံး ထို​နေရာတွင် စား​သောက်​နေသည်ကို အဘွားကြီးကျန်း မြင်​သောအခါ အဖျားတက်လာရသည်။


ဒီ​ကောင်က​တော့ လူကို နှိပ်ကွက်ဖို့ ​မွေးလာတာပဲ... အလုပ်က မလုပ်ချင်ဘူး... အိမ်မှာပဲ ထိုင်စားချင်​နေတယ်...


အဘွားကြီးကျန်းက ကျန်းကျန့်ကို စိတ်ထဲမှ အဆက်မပြတ် ဆဲ​​ရေးနေပါ​သော်လည်း ကျန်း​ချောင်ဝမ်က မစားရဲ​တော့​ပေ။ သူနှင့် သူ့ဇနီးက သူတို့၏ သားနှင့်အတူ မီးဖို​​ဆောင်ထဲသို့ တိတ်တဆိတ်သာ ဝင်သွားကြသည်။ သူတို့က ​နောက်ဆုံးကျန်သည့် ယာဂုတစ်ခွက်ကိုသာ ဖြည့်လိုက်ရသည်။ စား​သောက်ကြပြီး​နောက် သူတို့က သူတို့၏ အခန်းထဲသို့ တိတ်တ်တ်​လေး ပြန်သွားကြသည်။


ကျန်းမိသားစု မင်္ဂလာပွဲကျင်းပခဲ့စဥ်က ဟွမ်မင်မှာ ဟင်းပွဲအချို့ကို ယူကာ သူတို့၏ အိမ်ထဲတွင် ဖွက်ထားခဲ့သည်။ယာဂုက မပျစ်ပါ​သော်လည်း အခြား​သော အစားအ​သောက်များနှင့် တွဲဖက်စား၍ ရ​သေးသည်။


သားသတ်သမားကျန်းက ဒုတိယသား၏ ပုံစံကို ကြည့်လိုက်သည့်အချိန်တွင် ထိုအခိုက်၌ သံက သံမဏိ ဖြစ်လာသကဲ့သို့ ခံစားလိုက်ရသည်။ သူက မတတ်နိုင်ဘဲ ကျန်းကျန့်ကို ထပ်ကြည့်မိလိုက်ပြန်သည်။


"အကြီးဆုံးကျန်း... မင်း လုပ်ထားတာ​တွေ လုံ​လောက်ပြီ... မနက်ဖြန် ဇီဇာချဲ့​နေတာ​တွေ ရပ်ပြီး ငါနဲ့ လယ်ထဲ လိုက်ခဲ့​တော့"


မတိုင်မီက တတိယသား၏ မင်္ဂလာပွဲအတွက် သူတို့က ငါးရက်​​​ခြောက်ရက်မျှ လယ်ထဲ မဆင်းခဲ့ရသဖြင့် အလုပ်များပုံ​နေခဲ့သည်။


ပိုးစာပင်ခင်းများကို ​မြေသြဇာ ထည့်ရန် လို​နေပြီး အသီးအရွက်ခင်းများတွင်လည်း စိုက်ပျိုးရ​တော့မည်။ ရာသီဥတုက ပို​နွေးလာသဖြင့် အသီးအရွက်များနှင့် ပန်းများအားလုံး ပွင့်လန်းလာ​ချေပြီ။ အ​စေ့များ စိုက်ပျိုးရမည့်အပြင် အခြား​​သော အသီးအရွက်များကို ​မြေမှ ဆွဲနှုတ်ကာ အခြားအပင်အမျိုးအစားများနှင့် အစားထိုးရ​​ပေတော့မည်။ ထို့အပြင် ​ရေ​မြောင်းများလည်း ဖွင့်​​ပေးရ​တော့မည် ဖြစ်ပြီး စပါးပင်များကလည်း အပင်စ​ပေါက်ကြ​တော့မည်။


အတိတ်တွင် ထိုအလုပ်များအားလုံးကို အကြီးဆုံးကျန်းကသာ လုပ်​​ဆောင်ခဲ့သည်။ သားသတ်သမားကျန်းက ထိုအလုပ်များကို စိတ်ပူရန် မလိုခဲ့။ ထိုအရာအားလုံးက သူ မ​တွေးလိုက်မီမှာပင် လုပ်​ဆောင်ပြီးသား ဖြစ်​နေခဲ့သည်။ သူတို့က သူတို့ လုပ်ချင်သည့်အခါမှသာ တချို့တ​လေ လုပ်​ဆောင်နိုင်ပြီး မလုပ်ချင်ပါကလည်း နည်းနည်းသာ လုပ်ရန် လိုသည်။ သို့​​သော်လည်း ယခုတွင် အကြီးဆုံးကျန်းက အလုပ်သွား မလုပ်​တော့။


လယ်အလုပ်များက ​နောက်ပို့ထား၍ မရ​ပေ။ ယ​နေ့တွင် သားသတ်သမားကျန်းနှင့် အဘွားကြီးကျန်းတို့က လယ်ထဲသို့ ကိုယ်တိုင်ပင် သွား​လုပ်ရန်သာ တတ်နိုင်တော့သည်။ ယခုတွင် တစ်​နေ့တာ အလုပ်ပြီး​နောက် သားသတ်သမားကျန်းမှာ သူ့ခါးကျိုး​တော့မည်ဟုပင် ခံစား​နေရ​လေသည်။


"မသွားဘူး" ကျန်းကျန့်က ​ခေါင်းကိုပင် ​မော့မလာခဲ့။ "ကျွန်​တော့ ကျန်းမာ​ရေးက အခုထိ ​ကောင်းမလာ​သေးဘူး... လနည်းနည်း​လောက်​တော့ အိမ်မှာ အနားယူရဦးမယ်"