အပိုင်း၁၁
Viewers 21k

Chapter 11

Chapter 11

ရွှံံံံံ့တစ်လွှာတိုက်ချွတ်ခြင်း




"ဘယ်နှစ်လအနားယူမယ်..."


သားသတ်သမားကျန်း ကျန်းကျန့်ကို ဒေါသထွက်လာပြီဖြစ်သည်။ဒီကောင် အဆင်ပြေတယ်ဆိုတာအသိသာကြီး...ဘယ်လိုလုပ် လအနည်းငယ်လောက်အနားယူရမှာလဲ...သူအိပ်မက်မက်နေတာပဲ...


"ဟုတ်တယ်...မနှစ်က စပါးရိတ်ရင်း

ဒုတိယညီခါးမျက်သွားတော့ သူလယ်ကွင်းကိုထပ်မသွားတော့ဘူးလေ...ကျုပ်က သေခြင်းနဲ့ရှင်ခြင်းကြားမှာလမ်းလျှောက်ခဲ့ရတာ...လအနည်းငယ်လောက်အနားယူသင့်တယ်...ဘာလို့ ကျုပ်နှစ်နှစ်လောက်မနားရမှာလဲ"


ကျန်းကျန့် ယာဂုပန်းကန်ကိုချလိုက်ပြီး

သားသတ်သမားကျန်းကို ရိုးသားဟန်ဖြင့်ကြည့်လိုက်သည်။


သားသတ်သမားကျန်း ဒေါသထွက်လွန်း၍ မျက်နှာကြီးမည်းလာ၏။ကျန်းကျန့်က မရပ်ပေ။သူက အဘွားကြီးကျန်းကို ကြည့်ပြန်သည်။


"အမေ...ကျုပ်ကျန်းမာရေးအတွက် ကောင်းတာတစ်ခုခုစားချင်တယ်...နောင်ကျရင် ခင်ဗျားနေ့တိုင်း ခရိုင်မြို့ကိုသွားပြီး ကြက်သားတချို့နဲ့အသားဝယ်သင့်တယ်...အများကြီးဝယ်စရာမလိုပါဘူး...ကျုပ်ကိုတစ်နေ့ကီလိုဝက်ပေးရင်ရပြီ"


နင်က အလုပ်ကျတော့မလုပ်ချင်ဘဲ ဆန်ဖြူနဲ့တစ်နေ့ အသားကီလိုဝက်စားချင်သေးတယ်ပေါ့...

အဘွားကြီးကျန်း အောချမိသွားသည်။

မြေရှင်မိသားစုကသားတောင် အဲလောက်မစားရဘူး...


"မင်း မင်း..."


သားသတ်သမားကျန်းက ကျန်းကျန့်နှင့်ထပ်ပြီးရန်ဖြစ်ချင်လာသည်။သို့ပေမဲ့

မနေ့က ကျန်းကျန့်လက်ချက်ကြောင့်သတိလစ်သွားသူများကိုတွေးပြီး သူ့ရှေ့မှပြန်လည်ပြုပြင်ထားပြီးခါစစားပွဲကိုကြည့်ကာ ကျန်းကျန့်ကို သူမဆန့်ကျင်ရဲတော့ပေ။


"ထားလိုက်ပါ... ဒီတောင်းဆိုချက်က သိပ်မသင့်တော်ဘူး...ဒီမှာက ဘာအသားမှမရောင်းဘူး...ခင်ဗျားကို ခရိုင်မြို့ထိနေ့တိုင်းသွားဝယ်ခိုင်းရင်း ရက်စက်လွန်းရာကျမယ်...နောင်ကျရင် ကျုပ်ကိုတစ်နေ့ကြက်ဥနှစ်လုံးပဲပြုတ်ပေးတော့"


ကျန်းကျန့်ကပြောလိုက်သည်။


"အိမ်မှာက ဥဥတဲ့ကြက်မတစ်ကောင်ပဲရှိတာလေ...ငါတို့က ဘယ်ကနေတစ်နေ့ ကြက်ဥနှစ်လုံးရမှာလဲ"


အဘွားကြီးကျန်းက ထိုသို့မေးလိုက်ပြီး

ကျန်းကျန့် သတ်စားလိုက်သောကြက်မကိုတွေးကာ စိတ်ဓာတ်ကျသွားသည်။


"အဲဒါက ခင်ဗျားဘာသာနည်းလမ်းရှာရမှာလေ...အကယ်၍ ခင်များကျုပ်ကို

တစ်နေ့ ကြက်ဥနှစ်လုံးမပေးရင်..."


ကျန်းကျန့် သူ့ရှေ့ရှိ တရားလွန်အောင် ဘက်လိုက်သောလင်မယားကိုကြည့်ပြီး

အေးစက်စွာ ဟမ့်ခနဲပြုလိုက်၏။


ကျန်းကျန့်၏လက်များက သွေးစွန်းနေပြီးသားလက်များဖြစ်ပြီး လူလည်းသတ်ခဲ့ဖူးသည်။သူ့ကိုယ်သူ သတ်လိုစိတ်ပြင်းပြ၏မပြ၏မသိသော်လည်းသူ့ခံစားချက်တွေ အေးစက်သွားသည်နှင့် စကားတစ်ခွန်းမှ မပြောဘဲလူတွေကို ဖိအားကြီးကြီးမားမားပေးနိုင်သည်ကို သူသိသည်။


သူ စစ်တပ်ထဲမှာ ရှိစဥ်က လူတွေကသူ့ကို အကြီးအကဲကျန်းဟုခေါ်ကြသည်။အကြောင်းအရင်းက သူက စစ်တပ်ထဲမှာ အကြင်နာမဲ့ပြီး ဒူပေဒဏ်ပေအခံဆုံးသူတစ်ယောက်ဖြစ်သောကြောင့်ဖြစ်၏...မိမရှိဖမရှိ သူလိုလူက တခြားသူများထက် ပို၍မဆင်မခြင်လုပ်နိုင်သည်။


သေချာသည်ပင်၊ကျန်းကျန့်ကိုကြည့်ပြီးနောက် ဝတ်များစွာကို သတ်ခဲ့ဖူးပြီး

မိမိကိုယ်ကို ရက်စက်သည့်လူဟူထင်နေသော သားသတ်သမားကျန်းတစ်ယောက် ရုတ်ချည်း အရှုံးပေးကာ မသိလိုက်ဘာသာဖြင့် အကြည့်တို့လွှဲသွား၏။


ကျန်းကျန့် ကိစ္စကိုရှင်းပြပြီးညစာစားပြီးသောအခါ ဓားကိုကောက်ပြီး အိပ်ရာဝင်ရန်ကြံရွယ်၍ သူ့အခန်းဆီပြန်သွားခဲ့သည်။သို့ရာတွင် ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူက ပြန်လှည့်ကာပြောလိုက်၏။


"ဒါနဲ့ ကျုပ်ခုနစားခဲ့တဲ့ယာဂုကို မနက်ဖြန်ကျုပ်အတွက်ပြင်ထားပေး...နေ့ခင်းကျရင်လည်း

ဒီလိုမျိုးထမင်းနှစ်ပန်ကန်းကို ကျုပ်စားချင်တယ်...ကျုပ်စားဖို့လုံလုံလောက်လောက်မရှိရင် ကြက်တွေဝက်တွေကို သတ်ရုံပဲရှိတယ်"


ထိုစကားမျိုးထွက်လာပြီးနောက် ကျန်းကျန့် သူ့အခန်းဆီပြန်ပြီး တံခါးကိုအသံမြည်အောင်ပိတ်ချလိုက်သည်။


ကျန်းကျန့် ပုံမှန်အတိုင်းအိပ်ရာစောစောဝင်ခဲ့သည်။ အိပ်ရာအစောကြီးဝင်ခဲ့ခြင်းကြောင့် ညသန်းခေါင်မှာသူနိုးလာသည်။


သူပြန်အိပ်ချင်ပေမဲ့ ရုတ်တရက် ချွေးနံ့ရလိုက်သည်၊ယင်းက သူ့ဆီကထွက်လာခြင်းဖြစ်၏...


"..."


ကျန်းကျန့်သည် သူကူးပြောင်းလာပြီးနောက် ရေမချိုးရသေးသည်ကို သတိရလိုက်သည်။ သူ အလွန်ကို ဆာလောင်ပြီးနွမ်းနယ်နေသည့်အတွက် တစ်နေကုန် စားပြီးအိပ်၊အိပ်ပြီးစားလုပ်နေခဲ့သည်။အနှီချွေးနံ့ကို သူလုံးဝသတိမထားမိခဲ့ပေ။


မနေ့က သူကျောင်ကျင်းကောနှင့် ခံစားချက်များပျိုးထောင်ရန်သွားစဥ်က သူ့အနံ့အကြောင်းကိုတွေးမိသောအခါ သူရှက်သွားသည်။


မစ်ရှင်လုပ်နေစဥ် ဆယ်ရက်လောက်၊လဝက်လောက်ရေမချိုးသည်က သူ့အတွက် ပုံမှန်ဖြစ်သော်လည်း သူနှစ်သက်သောအမျိုးသားတစ်ယောက်၏ရှေ့တွင်မူ သန့်ရှင်းပြီးသပ်ရပ်သော ပုံရိပ်မျိုးကို အမြဲလိုလိုထိန်းသိမ်းထားချင်ခဲ့သည်။


ရလဒ်အနေဖြင့် ကျန်းကျန့် ဆက်မအိပ်နိုင်တော့ပေ။အိပ်ရာထဲမှာ လှိမ့်ထွက်ပြီး ကျန်းချောင်ရှန့်၏အဝတ်ဗီရိုထဲမှ

သန့်ရှင်းသော အဝတ်အစားတစ်စုံရှာလိုက်သည်။ သူ၎င်းကိုယူပြီး ခြံဝင်းသွားခဲ့၏။


ကျန်းမိသားစုက ခြံဝင်းထဲမှာရေတွင်းတစ်တွင်းတူးထားသည်။၎င်း၏ဘေးတွင် စတုရန်းနှစ်မီတာထက်ပိုမကျယ်သည့် တဲလေးတစ်ခုရှိ၏။ကျန်းမိသားစုက ထိုထဲမှာ ရေချိုး၊ကိုယ်လက်သန့်စင်ကြသည်။


ကျန်းကျန့် အရင်ဆုံးမီးဖိုတစ်ခုမှာ မီးမွှေးပြီး သူ့အတွက်သူရေနွေးအိုးတည်လိုက်၏။မှတ်ဉာဏ်ထဲလှန်လှောကြည့်ပြီး ကျန်းချောင်ရှန့်၏အခန်းထဲပြန်သွားလိုက်ရာ ရေချိုးရန် အသုံးပြုနိုင်သည့် ဆပ်ပြာအဆီခဲများကိုတွေ့ရှိခဲ့သည်။



ယန့်ကျီမြစ်၏တောင်ဘက်ခြမ်းတွင် ဆပ်ပြာမရှိပေ။ကျေးလက်က သာမန်လူတွေက ပုံမှန်အားဖြင့် ရေဖြင့်ပဲဆေးကြောကြသည်။ခေါင်းလျှော်သည့်အခါ သစ်ရွက်များကိုခူး၍ တစ်ယောက်ခေါင်းပေါ်တစ်ယောက်ပွတ်ကာ လျှော်ကြ၏။သို့ပေမဲ့ ကျန်းချောင်ရှန့်က တကယ်ကို ဇီဇာကြောင်ပြီး လက်ထဲငွေအပိုရှိပါက ဆပ်ပြာအဆီခဲများဝယ်သုံးလိမ့်မည်ဖြစ်သည်။


သူထွက်သွားချိန်က လက်ကျန်ဆပ်ပြာအဆီခဲများကိုယူမသွားခဲ့ပေ။ထိုအခါ ယင်းက ကျန်းကျန့်အတွက် များစွာအဆင်ပြေသွားရ၏။


ဆပ်ပြာခဲများကို ရှာတွေ့သောအခါ ကျန်းကျန့်တဲဆီသွားပြီး ရေချိုးခဲ့သည်။


သူ ဆပ်ပြာအဆီခဲများကိုဘယ်လိုသုံးရမှန်းမသိပေ။ယင်းက အသုံးပြုရခက်သည်ဟုသူခံစားရသည်။သူ မနေနိုင်ဘဲ မော်ဒန်ဆပ်ပြာခဲကိုလွမ်းမိ၏။


သူက ဆံပင်ကိုစစ်ကေပဲအမြဲထားလေ့ရှိသဖြင့် ခေါင်းလျှော်ရည် လုံးဝမလိုအပ်ပါချေ။ဆပ်ပြာတစ်ခဲကတင် သူ့တစ်ကိုယ်လုံး ခေါင်းအစခြေအဆုံးဆေးကြောသန့်စင်ပေးနိုင်သည်။သို့သော်လည်းပဲ အကြီးဆုံး ကျန်း၏ဆံပင်က ကိုင်တွယ်ရခက်သည်ကိုသူတွေ့လိုက်ရ၏။


ဒါပေမဲ့ သူဆံပင်ညှပ်လို့မရသေး...

ယင်းက သူ့အတွက် နည်းနည်းမှ အဓိပ္ပါယ်မရှိဘူးဆိုသော်ငြား သူ့အနေဖြင့် သတ်မှတ်ဘောင်အတွင်းမှာ နေထိုင်ပြုမူရန်လိုအပ်နေဆဲဖြစ်သည်။

သူက လွတ်လွတ်လပ်လပ်နေလွန်းလျှင်

ဒုက္ခရောက်သွားနိုင်သည်။



မှန်သည်ပင်၊ အကယ်၍ သူ ပိုပိုသန်မာလာပြီး အခွင့်အရေးရမည်ဆိုပါက လွတ်လွတ်လပ်လပ်ပြုမူရန် ဆန္ဒရှိလိမ့်မည်ဖြစ်၏။


ကျန်းကျန့် တစ်နာရီလောက်ကြာအောင်

ရေချိုးခေါင်းလျှော်ခဲ့သည်။ရေအိုးပေါင်းများစွာကိုချိုးခဲ့ပြီး သူ့ကိုယ်မှ မရေမတွက်နိုင်သောရွံ့များကို တိုက်ချွတ်ပစ်ခဲ့၏။


ရေချိုးပြီးနောက် သူ့ကိုယ်အလေးချိန် ပေါင်းအနည်ငယ်ခန့်လျော့သွားသည်ဟုပင်ခံစားခဲ့ရပြီး အတော်လေးပေါ့ပေါ့ပါးပါးရှိလာသည်။


ကျန်းချောင်ရှန့် ကျန်ခဲ့သည့် သန့်ရှင်းသော အဝတ်အစားများကိုလဲလိုက်ပြီး

ကျန်းကျန့် သူ့ကိုယ်သူ သေချာပေါက် အများကြီးပိုချောမောလာသလို ခံစားလိုက်ရပြီး မနေနိုင်ဘဲလေချွန်မိပြန်၏။


သူ၏စိုနေသောဆံပင်များကို အနောက်ဘက်ဆီလှန်ဖြီးပြီး ကျန်းကျန့်သူရေချိုးရာတဲထဲမှထွက်လာခဲ့သည်။သူထွက်လာသည်နှင့် မနက်စောစောထလာသည့် အဘွားကြီးကျန်းနှင့်တွေ့လိုက်ရ၏။


ထိုအချိန်က မှောင်နေဆဲဖြစ်ပြီး အဘွားကြီးကျန်း ရှင်းရှင်းလင်းလင်း မမြင်ရပေ။ထို့ကြောင့် သူမ ကျန်းချောင်ရှန့် ၏အဝတ်အစားများနှင့်ကျန်းကျန့်ကို မြင်လိုက်ရသောအခါ သူမ၏တတိယသားပြန်လာသည်ဟုထင်သွားသည်။ သို့ပေမဲ့ မကြာမီ လက်ရှိမှာ သူမ၏စက်ဆုပ်ရွံရှာဖွယ်ကောင်းသောအကြီးဆုံးသားက တတိယသား၏အိမ်ထဲမှာနေနေသည်ကို အမှတ်ရသွား၏။


အဘွားကြီးကျန်း သူမ၏အကြီးဆုံးသားကို ဘယ်တုန်းကမှ အနီးကပ်မကြည့်ခဲ့ဖူးပေ။သူမက အနှီသားကို ကလေးအရွယ်ကတည်းကမုန်းတီးခဲ့သည်။မြင်လိုက်သည်နှင့် အန်ချင်မိပြီး သူမ၏အကြီးဆုံးသားကအလွန်ရုပ်ဆိုးသည်ဟု အမြဲခံစားခဲ့ရသည်၊သို့ပေမဲ့ ယခု...


သူမ၏အကြီးဆုံးသားက ကြည့်ကောင်းကြောင်း ရုတ်တရက် သဘောပေါက်လာ၏။


သူက ယခင်ကလို တစ်နေကုန် ခါးကိုင်းကိုင်းနှင့်မဟုတ်တော့ပေ။ သူပုံစံက အရပ်မြင့်မြင့် ခပ်ဖြောင့်ဖြောင့်ဖြစ်နေသည်။သူ၏ နဂိုဝမ်းနည်းနေသောမျက်နှာက အပြုံးတစ်ခုဖြင့် ဖုံးအုပ်ထားပြီး ယင်းကသူ့ကို တောက်ပပုံပေါ်စေသည်။


ဒီယောက်ျားက တကယ်ပဲသူမရဲ့သားအကြီးဆုံးလား...


အဘွားကြီးကျန်း စိတ်ထဲမှာရေရွတ်လိုက်မိ၏။သို့ရာတွင် ထိုအတွေးက သူမစိတ်ထဲမှာတစ်ကြိမ်ပဲပေါ်လာပြီးပျောက်ကွယ်သွားသည်။


အရိုက်အနှက်ခံ အဆူအငေါက်ခံရသူများက တစ်နေ့မှာ ရုတ်ချည်း ကိစ္စလေးတစ်ခုလောက်ကနေဒေါသမထိန်းနိုင်ဖြစ်တတ်ကြသည်။ရှာကြည့်လိုက်လျှင် သာဓကတစ်ခုပင်ရှိသေး၏။ အတိတ်တုန်းက သူမတို့ရွာမှာ အရိုက်အနှက်ခံ အဆူအငေါက်ခံရသည့်ဇနီးတစ်ဦးရှိခဲ့ဖူးသည်။ တစ်နေ့မှာ သူမက ရုတ်တရက် သူမ၏ယောကျာ်းကို ဓားတစ်ချောင်းဖြင့် သတ်ပစ်ခဲ့၏။


ယင်းကိုတွေးမိသောအခါ မူလကကျန်းကျန့်ကို ထင်းတွေဖြုန်းတီးသည့်အတွက် အော်ငေါက်ချင်နေသောအဘွားကြီးကျန်း ပါးစပ်ပိတ်လိုက်ပြီးဘာမှမပြောရဲတော့ပေ။


ကျန်းကျန့်က အဘွားကြီးကျန်းကို စကားပြောရန်ပျင်းလွန်းနေသဖြင့် ကျန်းလောင်းစန်း၏အခန်းကိုပြန်သွားခဲ့သည်။


သူ့ဆံပင်များကို တဘက်တစ်ထည်နှင့်သုတ်လိုက်ပြီး သူ့ဆံပင်များကသိပ်စိုမနေတော့တော့ပေ။ကျန်းကျန့် ဆံပင်ကိုဖြန့်ချထားရင်း အပြင်ဘက်ထွက်လာခဲ့သည်။


လက်ရှိအချိန်မှာ စာသင်သားတစ်ယောက်အတွက် ဆံပင်ဖားလျားချထားသည်က အလွန်ရိုင်းလေသည်။သို့ပေမဲ့ ကျေးလက်မှာဘယ်သူကမှ အရေးတယူမရှိပေ။


ကျန်းကျန့်တံခါးကနေထွက်လာပြီးနောက် ကျန်းမိသားစု၏သက်ကာ်မိုးအိမ်လေးရှိရာဆီလာခဲ့သည်။ထိုနေရာသို့ရောက်သောအခါ တမြန်မနေ့ကသူဖွက်ထားခဲ့သော ကြက်ဥသုံးလုံးကိုရှာလိုက်၏။


ကြက်ဥပြုတ်များက ရက်အနည်းငယ်အကြာထိထား၍ရပေသည်။သို့ပေမဲ့ အကြာကြီးထား၍လည်းမရပါချေ။ကျန်းကျန့်

ကျောက်မိသားစုအိမ်နားတွင် ကြက်ဥပြုတ်သုံးလုံးနှင့်အတူစောင့်နေခဲ့ပြီး ကျောက်ကျင်းထွက်လာသောအခါသူတားလိုက်၏။


"ကျန်း...ကျန်းကျန့်..."


ကျောက်ကျင်းကောထွက်လာသည်နှင့် ကျန်းကျန့်ကို မြင်လိုက်ရပြီး သူ့မျက်နှာမှာအံ့အားသင့်မှုတို့ပြသလာသည်။


"ကျင်းကော"


ကျန်းကျန့် ကျောက်ကျင်းကောကိုပြုံးပြလိုက်၏။


"ဒီမှာဘာလုပ်နေတာလဲ"


ကျောက်ကျင်းကော ကျန်းကျန့်ကိုကြည့်လိုက်ရာ ကျန်းကျန့်က ယနေ့အနည်းငယ်ခြားနားနေသည်ကိုတွေ့လိုက်ရသည်။လွန်ခဲ့သောရက်အနည်းငယ်က ကျန်းကျန့်တစ်ယောက် အတော်လေးပုံစံကွဲပြားသွားသော်လည်း သူက ညစ်ပတ်ပေစုတ်သောတောသားသာဖြစ်နေဆဲဲဖြစ်၏။သို့ပေမဲ့ ယနေ့ကျန်းကျန်းက မြို့ကလူများလိုနီးနီးဖြစ်ကား သူ့အား သူ့ကိုယ်သူ အနည်းငယ် ရှက်ရွံ့သွားစေသည့်ခံစားချက်မျိုးပင်ပေးနေသည်။


"မင်းကိုလာတွေ့တာ"


ကျန်းကျန့်၏စကားများကိုကြားသောအခါ ကျောက်ကျင်းကော အနည်းငယ်ပျော်သွားမိသော်လည်း များမကြာမီယင်းက သိပ်ပြီးမကောင်းဟုခံစားရလာ၏။


"စားပြီးပြီလား"


ကျန်းကျန့်ကမေးလိုက်သည်။


"ယာဂုစားထားတယ်"


ကျောက်ကျင်းကောက ထိုသို့ပြောရခြင်းမှာ ကျောက်တဟူတို့မိသားစုက ထမင်းမကျွေးသဖြင့် သူ့အမေက တစ်ညကြို၍ယာဂုတစ်ပန်းကန်အပိုချက်ထားလေ့ရှိသည်။သူက အပြင်မထွက်ခင်ထိုယာဂုပန်းကန်ကိုသောက်သွားလေ့ရှိသည်။


"ယာဂုသောက်တာက ဆီးနည်းနည်းသွားပြီးရင် ပြောင်သွားမှာ...ရော့ ကြက်ဥစားလိုက်"


ကျန်းကျန့်က ပြောပြောဆိုဆို ကြက်ဥတစ်လုံးထုတ်ကာ အခွံခွာတော့၏။


"တော်ပြီ"


ကျောက်ကျင်းကောက ချက်ချင်းထွက်သွားတော့မည်ပြုသည်။သူ မနေကမှကျန်းကျန့်ပေးသည့်ကြက်သားကိုစားထားခြင်းဖြစ်၏။ယနေ့ထပ်ပြီး ကျန်းကျန့်၏ကြက်ဥကို မစားနိုင်ပါချေ။


"မင်းဆက်သွားတာနဲ့ ကိုယ်အော်လိုက်မှာ"


ကျောက်ကျင်းကောက ရပ်ပြီး ကျန်းကျန့်ကို လေးလေးနက်နက် ကြည့်လာသည်။


"ကျန်းကျန့် ဒီလိုလုပ်တာခင်ဗျားအတွက် သိပ်မကောင်းဘူးနော်"


"ကိုယ်က မင်းကိုကြက်ဥတစ်လုံးပေးချင်ရုံပါ...ဘာများမှာလို့လဲ"


ကျန်းကျန့်က ကြက်ဥကို ကျောက်ကျင်းကောပါးစပ်ထဲတိုက်ရိုက်ထည့်ရင်းပြောလိုက်၏။


ကျောက်ကျင်းကော၏ပါးစပ်ထဲမှာကြက်ဥဖြင့်ပြည့်နေသည်။သူပြောချင်သည်ကို သူမပြောနိုင်။သို့ပေမဲ့ သူမျက်မှောင်ကို တင်းတင်းကြုတ်ထားသည်။ထိုမှမဟုတ် သူ့မျက်ခုံးကြားရှိ ဟင်္သါပြဒါးရိုင်းမှဲ့ကို ဖြတ်ထုတ်ထားသောကြောင့် သူက မျက်မှောင်ကြုတ်ထားသလို ဖြစ်နေခြင်းလည်းဖြစ်နိုင်သည်။


ဟင်္သါပြဒါးရိုင်းမဲ့ကိုဖြတ်ထုတ်တုန်းက နာမှာပဲ ၊ဟုတ်တယ်မလား...


ကျန်းကျန့် လက်ဆန့်ကာ ကျောက်ကျင်းကော၏မျက်ခုံးများကြား အလယ်နေရာကိုထိလိုက်သည်။


ကျောက်ကျင်းကော၏မျက်နှာမှာ ထိလန့်သွားသည့်အမူအရာပေါ်လာ၏။သူက ကျန်းကျန့်ကိုကြည့်ပြီး မသိစိတ်ဖြင့် ခြေလှမ်းအနည်းငယ်နောက်ပြန်ဆုတ်သွားကာ၊ ထို့နောက် လှည့်၍ သုတ်ခြေတင်လျှောက်သွားတော့သည်။


အကြာကြီး လျှောက်လာပြီးသည့်နောက် ကျောက်ကျင်းကော တည်ငြိမ်လာ၏။


ကျန်းကျန့်၏အပြုအမူက သူ့ကိုထူးဆန်းသလိုခံစားရစေသော်လည်း သူ၎င်းကိုမမုန်းမိပေ။


ကျန်းကျန့်...သူက

အနာဂတ်မှာငါနဲ့အတူတူနေဖို့စီစဥ်နေတာလား...


ကျောက်ကျင်းကောအနေဖြင့် ကိုယ်ကိုကိုယ်သိပြီး ကျန်းကျန့်က သူ့ကိုသဘောကျနေသည်ဟုမထင်ပါချေ။သို့ပေမဲ့ ကျန်းကျန့်က သူနှင့်အတူတူနေချင်သည်ဆိုလျှင် ဖြစ်နိုင်ချေရှိသေးလေသည်။


ကျန်းကျန့်က သူ့မိဘများ၏သဘောကျကိုခြင်းကို မခံရပေ။ခွဲထွက်ပြီးနောက် ဘာတစ်မှ သူ့ကိုပေးလိမ့်မည်မဟုတ်မှန်း တွေးကြည့်နိုင်သည်။အနာဂတ်တွင် သူ့အနေဖြင့် ဇနီးကောင်းတစ်ယောက်ကို ရှာနိုင်လိမ့်မည်မဟုတ်ချေ။ထိုသို့ဖြစ်ရာ အပြစ်အနာအဆာရှိသောမိန်းမသို့မဟုတ် မုဆိုးမတစ်ဦးကိုသသူနှင့်အတူရှိရန် ရှာနိုင်မည်ဖြစ်သည်။


သူမိသားစု၏အလုပ်ကသိပ်မကောင်းသော်လည်း သူက အလုပ်လုပ်နိုင်သည်။ကျန်းကျန့်အတွက် ယင်းက အတော်လေးကောင်းနေပြီဖြစ်၏။သူတို့ကျောက်မိသားစုမှာမြေမရှိသော်လည်း အနည်းဆုံး အိမ်ကောင်းတစ်လုံးရှိသေးပေသည်။