Chapter 12
မင်းဆီလာဖို့ခွဲထွက်လာခဲ့မယ်
ကျောက်ကျင်းကောတွေးလေလေ သူ့နှလုံးခုန်သံကမြန်မြန်လာလေလေဖြစ်ပြီး သူ၏ဟင်္သါပြဒါးရိုင်းမဲ့တည်ရှိခဲ့ရာနေရာမှာလည်း ပူနွေးနေဆဲဖြစ်လေသည်။
သူ့မျက်ခုံးများကြားက အမာရွတ်ကိုလက်ဖြင့်အကြိမ်ပေါင်းမျာစွာပွတ်သပ်ရင်း သက်ပြင်းရှည်ကြီးချမိ၏။
သူအရွယ်ရောက်လာကတည်းကနေ ခုထိ တစ်စုံတစ်ယောက်က သူ့အပေါ်ကို ချစ်ခင်မှုအရိပ်အယောင်ပြသည်မှာ ပထမဆုံးအကြိမ်ဖြစ်လေသည်။သူအနည်းငယ်ဝမ်းသာမိသလို တချိန်တည်းမှာပင် အနည်းငယ်လည်း ပျာယာခတ်သွားမိသည်။
သူနှင့်ပတ်သက်ပြီး ကောင်းသည်ဟူ၍အမှန်တကယ်ဘာမှမရှိပါချေ။ဆိုတော့ သူ ကျန်းကျန့်ရဲ့ရည်ရွယ်ရင်းကိုနားလည်မှုလွဲသွားတာများဖြစ်မလား...
ပြီးတော့...သူဘာလို့ လှည့်ပြေးလာမိတာလဲ...သူ့ကိုအဲလိုထားခဲ့တဲ့အခါ ကျန်းကျန့် မပျော်မရွှင်ဖြစ်ပြီး နားလည်မှုလွဲသွားလေမလား...
အမှန်တွင် သူ့အနေဖြင့် ကျန်းကျန့်ကိုအတော်လေးစိတ်ကျေနပ်သည်။နှစ်ပေါင်းများစွာ အလုပ်ကြိုးကြိုစားစားလုပ်ခဲ့ပြီး သူ အနည်းငယ်လည်းပင်ပန်နေပြီဖြစ်၏။သဘာဝအတိုင်း အနာဂတ်မှာ တစ်စုံတစ်ယောက်က သူနှင့်အတူ ဘဝလမ်းပေါ်မှာအဖော်ပြုပေးမည်ကို သူတောင့်တမိသည်။
ကျောက်ကျင်းကော အများကြီး တွေးခဲ့၏။မသိလိုက်ခင်မှာပဲ ကျောက်တဟူတို့အိမ်အနီးရှိ ဝါးတောအုပ်လေးဆီကို လျှောက်လာနေပြီးဖြစ်လေသည်။
ထိုစဥ် ရုတ်တရက် လက်တစ်ဖက်က သူ့ကိုဆွဲလာ၏။
ကျောက်ကျင်းကေားလန့်သွားသည်။သူ့လက်ကို ဆွဲထုတ်မည်အပြုတွင် ကျန်းကျန့်၏မျက်နှာကိုမြင်လိုက်ရပြီး မြှောက်ထားသည့်လက်သီးကို အမြန်ပြန်ချလိုက်၏။
"ကျင်းကော...ကိုယ်မင်းကို ကြက်ဥနှစ်လုံးထပ်ပေးပါရစေ"
ကျန်းကျန့်က ကျောက်ကျင်းကောကို ကျန်ကြက်ဥနှစ်လုံးပေးလိုက်သည်။သူ ကျောက်ကျင်းကောနောက်ကတစ်လမ်းလုံးလိုက်ခဲ့၏။ကျောက်ကျင်းကော၏ မျက်နှာအမူအရာအပြောင်းအလဲများမှာ သူ့မျက်လုံးများကနေမလွတ်သည်ကသဘာဝပါပင်။
ကျောက်ကျင်းကောလည်း...သိသိသာသာကို သူ့ကိုစိတ်ဝင်စားနေသည်။
ကျောက်ကျင်းကောကို လိုက်နိုင်ရန်အချိန်တစ်ခုလောက်ကြာမည်ဟုသူထင်ထားခဲ့၏။သို့ပေမဲ့ ဤမျှအခြေအနေတိုးတက်မြန်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါချေ။
ကျန်းကျန့်က ဘယ်တုန်းကမှ လက်နှေးခြေနှေးတတ်သူမဟုတ်ပေ။သူက အမြဲတမ်း သပွတ်အူလိုက်သလိုရှင်းမရသည့်ပြဿနာများကို အကြမ်းပတမ်းနည်းဖြင့် တစ်ချက်တည်းဖြေရှင်းချင်သူဖြစ်သည်။သို့ပေမဲ့ လက်ရှိအချိန်မှာ သူ့မှာဖြေရှင်းစရာအများကြီးရှိသည်ကို သူတွေးလိုက်မိ၏။မူရင်းကျန်းကျန့်ဝေက သူ့ကိုယ်ထဲမှာရှိနေဆဲဖြစ်သည်။အဆုံးတွင် သူအောင့်အီးထားလိုက်၏။
"ကျင်းကော...ကိုယ် ခွဲထွက်ပြီးရင် မင်းနဲ့ပြောစရာရှိတယ်"
ကျန်းကျန့်က ဘာပြောစရာရှိသည်ဟုမပြောသော်ငြား ကျောက်ကျင်းကောမှာလည်း ခန်းမှန်းချက်တစ်ခုရှိလေသည်။ သူ ချက်ချင်း ကြက်ဥတွေကိုယူပြီး သိမ်းလိုက်သည်။
"ကိုယ်အိမ်ပြန်ပြီး ယာဂုသောက်လိုက်ဦးမယ်"
ကျန်းကျန့် ကျောက်ကျင်းကောကို ပြုံးပြပြီး လှည့်ကာ ကျန်းမိသားစုအိမ်ဆီပြန်လာခဲ့လိုက်သည်။
ကျောက်ကျင်းကော ကြက်ဥနှစ်လုံးကို အင်္ကျီလက်များထဲထည့်ပြီး ကျောက်တဟူမိသားစုအိမ်သို့ ဆက်လျှောက်ခဲ့၏။သို့သော်လည်း သူ့နှလုံးသားမှာအစဥ်အမြဲအနှောက်အယှက်ခံနေရလေသည်။
ရွာရှိတခြားအမျိုးသမီးများက အမြဲတမ်း နှိမ့်ချနေတတ်ကြပြီး တစ်စုံတစ်ယောက်က သူတို့ကို အလုပ်တချို့ကူလုပ်ခြင်း သို့မဟုတ် တစ်စုံတစ်ခုပေးခြင်းတို့က အမြဲရှိလိမ့်မည်ဖြစ်၏။သို့ပေမဲ့ သူက တစ်ခါမှ ထိုကဲ့သို့အဆက်အဆံမခံရဖူးပါချေ။ယခု သူက ကျန်းကျန့်၏ကြက်ဥနှင့်ကြက်သားများကိုစားထားခဲ့သည်ဖြစ်ရာ အနည်းငယ်ရှက်မိသလိုခံစားရသည်။
ထိုမသက်မသာဖြစ်မှုကြောင့် ကမ္ဘာကြီးက သူ့အလုပ်သူလုပ်နေချိန်မှာ ကျောက်ကျင်းကော သူယက်ထားသည့်ဝါးခြင်းတောင်းက မြေကြီးပေါ်ပြုတ်ကျနေသည်ကိုတွေ့လိုက်ရသည်။သူ လယ်ထဲမှာ စိုက်ပျိုးနေရင်းတွေ့ခဲ့သည့်
ရေချိုငါးလေးများကိုဖမ်းပြီး ဝါးခြင်းတောင်းထဲထည့်လိုက်၏။
ဟယ့်ရှီရွာတွင် လယ်ကွင်းများစွာနှင့်မြောင်းများစွာရှိပြီး ရေချိုငါးများကလည်း အမြောက်အများရှိသည်။ရေချိုငါးများက အရသာရှိပြီး မညှီပေ။ဆားအနည်းငယ်ပဲထည့်ပြီးပေါင်းလိုက်လျှင်ပင် ဟင်းကောင်းတစ်ပွဲဖြစ်သွားလိမ့်မည်ဖြစ်သဖြင့် အလွန်လူကြိုက်များ၏။
ရေချိုငါးများကိုဖမ်းယူရန် များစွာအားစိုက်ထုတ်ရလိမ့်မည်ဖြစ်သည်။မြေကြီးကို ထယ်ထိုးသည့်အခါ ရေချိုငါးများ တူးထားသည့်အပေါက်များကို မြင်ရလိမ့်မည်ဖြစ်ပြီး သင့်အနေဖြင့် ၎င်းတို့ကို ကြိုးစားပမ်းစားတူးထုတ်ရန်လိုအပ်လေသည်။သို့ပေမဲ့ ယင်းက ရေချိုငါးများကိုဖမ်းမိပြီဟုမဆိုလိုသေးပါချေ။ထို့ပြင်ရာသီဥတုပူလာပြီး စပါးပျိုးပင်များကို ပျိုးနှုတ်ကာ နေရာပြောင်းစိုက်ပြီးနောက် လယ်ကွင်းများက ရေများဖြင့်ပြည့်နေသည်။မြောင်းတစ်ခုလျှင် တစ်ကောင်နှစ်ကောင်သာဖမ်းမိနိုင်၏။
ကျောက်ကျင်းကောမှာ အမြဲလုပ်စရာအများကြီးရှိနေသဖြင့် ဤအရာအတွက်အချိန်သိပ်မပေးနိုင်ပါချေ။သို့ပေမဲ့ သူစားချင်စိတ်ရှိသည့်အခါ သို့မဟုတ် သူ့အမေ၏ခန္ဓာကိုယ်ကို အားဖြည့်ပေးချင်သည့်အခါများတွင် မြစ်ထဲသွားငါးဖမ်းသည်ဖြစ်စေ၊ရေချိုငါးဖမ်းရန်နည်းလမ်းရှာသည်ဖြစ်စေလုပ်လိမ့်မည်ဖြစ်၏။
သို့ပေမဲ့ ယနေ သူထယ်ထိုးရင်း ရေချိုးငါးများကို ဂရုတစိုက်ရှာဖွေဖမ်းယူနေခဲ့သည်။တွေ့သည်နှင့် သူ့ကျော်ပေါ်ကခြင်းတောင်းထဲထည့်လိုက်သည်။
ထို့ကြောင့်ပဲ သူယနေ့ အလွန် ဖြည်းညှင်းစွာထယ်ထိုးနေခဲ့ပြီး မှောင်မှအလုပ်အားလုံးပြီးသွားမည်ကိုစိုးရိမ်နေခဲ့၏။
သို့တိုင် သူရေချိုငါးများကိုဆက်ရှာနေဆဲဲဖြစ်သည်။
———
ကျောက်ကျင်းကော ကျောက်တဟူမိသားစုအိမ်မှာ အလုပ်လုပ်နေချိန်တွင်ကျန်းကျန့်က ကျန်းမိသားစုကိုပြန်သွားခဲ့သည်။
သူပြန်ရောက်ချိန်တွင် ကျန်းအမေကြီးက ဆန်ပြုတ်ချက်ပြီးခါစဖြစ်လေသည်။သူ ဆန်လုံးအပြည့်ပါသည့်ဆန်ပြုတ်နှစ်ပန်းကန်ကို ဆတ်ခနဲ ဆွဲယူလိုက်သည်။တစ်ပန်းကန်ကိုဘေးမှာအအေးခံထားချိန်မှာ တခြားတစ်ပန်းကန်ကို ခပ်မြန်မြန်စားပစ်ခဲ့သည်။
စားနေရင် သူက အဘွားကြီးကျန်းကိုသတိပေးရန်မမေ့ပေ။
"ကြက်ဥတွေရော...ကျုပ်ကြက်ဥနှစ်လုံးကိုမမေ့နဲ့"
အဘွားကြီးကျန်း ဒေါသထွက်လွန်း၍ သူ့မျက်နှာကိုမကြည့်ချင်ပေ။သို့ပေမဲ့ ကျန်းကျန့်က ဓားအကြီးကြီးကို လက်နှင့်မကွာကိုင်ထားသည်ကို သူမမြင်သည့်အခါ ဒေါသကိုထိန်းထားရုံသာတတ်နိုင်လေသည်။
"နေ့လယ်ကျပြုတ်ပေးမယ်"
"ကောင်းပြီ"
ကျန်းကျန့်က ပြောလိုက်၏။
"အဲအခါကျ ကျုပ်ကိုကြက်ဥပြုတ်နှစ်လုံးပေး...လုံးဝအကျက်ပြုတ်ထားတာဖြစ်ရမယ်"
အကယ်၍ သူမက တခြား ချက်ပြုတ်နည်းပြောင်းလိုက်လျှင် ကြက်ဥတချို့ဖြတ်ယူထားမလားဆိုသည်ကိုမည်သူသိပါမည်နည်း။
အဘွားကြီးကျန်းက တကယ်ကို သူမ၏အဖိုးတန်မြေးလေးစားရန်နှုတ်ယူထားဖို့ စီစဥ်နေခြင်းဖြစ်သည်။သို့ပေမဲ့ ကျန်းကျန့်ကထိုသို့ပြောလာသည့်အခါ သူမထပ်မစဥ်းစားရဲတော့ပေ။
အိမ်မှာကြက်ဥမရှိသည့်အချိန် ကြက်ဥတချို့ပြုတ်ရမည်ကို သူမဝန်လေးနေမိသည်။အဆုံးတွင် သူမ ကျန်းကျန့်ကို အခဲမကျေစွာ စိုက်ကြည့်နေရုံသာတတ်နိုင်သည်။
ကျန်းကျန့်က အဘွားကြီးကျန်းတွေးနေသည်ကိုဂရုမစိုက်ပေ။ဗိုက်ပြည့်အောင်စားပြီး သူ့အခန်းသို့ပြန်ကာအိပ်လိုက်သည်။
ညလယ်ခေါင်တွင် သူထပြီး ရေချ်ိုးခဲ့၏။သူက ပင်ပန်းနေသည်ဖြစ်ရာ ကောင်းကောင်းမွန်မွန် အိပ်စက်သင့်ပေသည်။
ကျန်းကျန့် နေ့လယ်ထိအိပ်ခဲ့ပြီး ကြက်ဥနှစ်လုံးစား၊ဆန်ပြုတ်နှစ်ပန်းကန်သောက်ကာ သူ့အခန်းသို့သွားပြန်သွားခဲ့၏။ခဏလောက် ခြေဆန့်လက်ဆန့်လုပ်ပြီး တစ်ရေးပြန်အိပ်ကာ
ညနေခင်းတွင်ပြန်နိုးလာသည်။
သူ ကျောက်ကျင်းကောနှင့်မနက်ခင်းတုန်းက တစ်ခါစကားပြောပြီးပြီဖြစ်သော်လည်း အနည်းငယ်ထပ်လွမ်းမိလာပြန်သည်။ကျန်းကျန့် ချက်ချင်း ဤအကြောင်းကို စဥ်းစားပြီးနောက် သူ့ကိုထပ်တွေ့ရရန် ညစားစားချိန်အထိစောင့်နေလိုက်သည်။
လူကိုမမြင်ရလျှင်ပင် သူ့အနေဖြင့်ကျောက်မိသားစုအိမ်တဝိုက်မှာ လမ်းသလားရန်ဆန္ဒရှိနေဆဲဖြစ်သည်။
———
ကျောက်ကျင်းကောက ယနေ့ခြင်းတောင်းထဲတွင် ရေချိုငါးများဖမ်းမိခဲ့သည်။
ဆောင်းရာသီလွန်လျှင် ပုံမှန်အားဖြင့် လက်ညှိုးလောက်သာရှိသောရေချိုငါးများက ပိုသေးလာသော်လည်း ခြင်းတောင်းတစ်ဝက်စာဖမ်းမိခြင်းက တစ်စုံတစ်ယောက်ကို အဝကျွေးရန်လုံလောက်လေသည်။ကျောက်ကျင်းကော၏ နှုတ်ခမ်းများတွန့်ကွေးသွားခဲ့ပြီး ၎င်းနောက် နေ့တာကလည်းမှောင်ရိပ်သန်းလာတော့သည်။
သူ့ပခုံးများကို ဖုန်ခါလိုက်ပြီး ကျောက်ကျင်းကော လယ်ယာလုပ်ငန်းသုံးကိရိယာများကိုယူကာ ကျောက်တဟူတို့မိသားစု၏ပင်မအိမ်ဆီသို့လျှောက်လာခဲ့သည်။
မူလက လယ်ယာသုံးပစ္စည်းများပြန်ပေးပြီးလျှင် သူပြန်၍ရပြီဖြစ်သော်လည်း လယ်ယာသုံးပစ္စည်းများချနေစဥ် ကျောက်တဟူ၏အမေက စကားပြောလာမည်ဟု ကျောက်ကျင်းကောမမျှော်လင့်ထားခဲ့ပါချေ။
"ရေချိုငါးတွေဖမ်းမိလာတာလား...ထားခဲ့လိုက်...ငါတို့မနက်ဖြန်ကျရင် ညစာချက်စားရမယ်"
ကျောက်ကျင်းကော ကြောင်သွားခဲ့ပြီး
ပြောလိုက်သည်။
"သခင်မကြီး...ဒီရေချိုငါးတွေက ကျွန်တော့်အတွက်အသုံးဝင်ပါတယ်"
သူက အခါအားလျော်စွာ တစ်ခုခုကိုဖမ်းနေကျဖြစ်ပြီး သူတို့လိုချင်လျှင် သူတို့ကို ပေးလိုက်မည်ဖြစ်သည်။မည်သို့ပင်ဖြစ်စေ သူ့မိသားစု၏စားရေးကကျောက်တဟူဆီက သူ့အလုပ်အပေါ်မှာအဓိကမှီခိုနေရခြင်းဖြစ်သည်။ သို့ပေမဲ့ ယနေ့သူက ရေချိုငါးများကို ကျန်းကျန့်ကိုပေးရန်ရည်ရွယ်ထားခြင်းဖြစ်၏။
သခင်မကြီးကျောက်က သူငြင်းဆန်လိမ့်မည်ဟုမမျှော်လင့်ထားပေ။ သူမ ဒေါသထွက်သွားသည်။
"ဒါတွေက ငါ့လယ်ကွင်းကရေချိုငါးတွေဟဲ့...ဒါက ငါ့မိသားစုအပိုင်...ကျောက်ကျင်းကော ရေချိုငါးတွေချထားခဲ့ပြီးသွားတော့"
ကျောက်ကျင်းကောက မျက်မှောင်ကြုတ်လိုက်ပြီး သူ့လက်များဖြင့် ကိုယ်တိုင်ဖန်တီးခဲ့သောအမာရွတ်က ပို၍နက်ရှိုင်းလာသည်။ဤနေရာတစ်ဝိုက်က ရေချိုငါးများက ဘယ်သူဖမ်းဖမ်း ဖမ်းမိသူအပိုင်ဖြစ်လေသည်။မည်သို့ သူ့လယ်က ဖမ်းသည်နှင့် သူ့အပိုင်ဖြစ်သွားရသနည်း။
သူက ကောတစ်ယောက်ဖြစ်ပြီး သူ့မိသားစုမှာ သွေးရင်းဆွေမျိူးတစ်ယောက်မှမရှိပါချေ။ထို့ကြောင့် ကျောက်ကျင်းကောက အမြဲလိုလို တခြားသူများအပေါ် ကြင်နာတတ်ပြီး မည်သို့မျှ ဆန့်ကျင်ခြင်းမပြုခဲ့ပေ။ သို့သော် ယနေ့...
"သခင်မကြီး...ဒီရေချိုငါးတွေက ကျွန်တော့်အတွက် အသုံးဝင်တယ်"
သူထပ်ပြောလိုက်သည်။
"ကောင်းပြီ...နင် ကျောက်ကျင်းကော...နင်က ဒီရေချိုငါးလေးနည်းနည်းကိုတောင် လက်မလျော့နိုင်ဘူးပေါ့...နင် ငါ့အိမ်မှာထပ်အလုပ်မလုပ်ချင်တော့ဘူးပေါ့လေ...ဟုတ်လား"
ကျောက်သခင်မကြီး ပိုပို၍ဒေါသထွက်လာသည်။သူမက လက်မထပ်ဘဲ အလုပ်လုပ်နေသည့်ကျောက်ကျင်းကောကို ဘယ်တုန်းကမှ သဘောမကျခဲ့ပေ။ခုအချိန်မှာ ကျောက်ကျင်းကောက
သူမစကားနားမထောင်သည်ကိုတွေ့သောအခါ သူမပို၍ပင်ဒေါသထွက်လာသည်။
ကျောက်ကျင်းကောက သူ့ခေါင်းကို ငုံ့ထားပေမဲ့ မတ်မတ်ရပ်နေပြီး အပေးအယူလုပ်ရန်ဆန္ဒမရှိဖြစ်နေ၏။
ကျောက်သခင်မကြီးက တိုက်ခိုက်မည်ပြုသော်လည်း ကျောက်တဟူက နောက်ဆုံးမှာထွက်လာသည်။
"အမေ...သူ ဒီရေချိုငါးတွေကိုယူချင်နေတယ်ဆိုရင် ယူသွားခိုင်းလိုက်ပါ...ကျွန်တော်တို့အိမ်မှာ ရေချိုငါးတွေပြတ်လပ်မနေပါဘူး"
ကျောက်တဟူက သူတို့ကိုစောင့်ကြည့်နေပေမဲ့ ဝင်မစွက်ဖက်ချင်ခဲ့ပါချ။ရေချိုငါးတစ်ခြင်းကို မည်သူကမလိုချင်ဘဲနေမည်နည်း။သို့ပေမဲ့ကျောက်ကျင်းကောက ခေါင်းမာလွန်းနေပြီး ရေချိုငါးများကို ထားခဲ့ရန်ငြင်းဆန်လိမ့်မည်က သေချာပေါက်ပင်။အငြင်းပွားပြီး ကျောက်ကျင်းကောကို အချိန်ပြည့်အလုပ်ကနေ သူ့အမေ မောင်းထုတ်ပစ်လိုက်ခြင်းမဖြစ်ရလေအောင် သူ့အနေဖြင့် ဝင်စွက်ဖက်ရုံသာတတ်နိုင်တော့၏။
အချိန်ပြည့်အလုပ်သမားများက ရှာရလွယ်သော်လည်း သူက အလုပ်ကြိုးစားပြီး မခိုးမဝှက်သည့်ကျောက်ကျင်းကောကိုသဘောကျသည်။ပိုက်ဆံနှင့်အစားအသောက် နည်းနည်းပဲပေး၍ရသည့် အချိန်ပြည့်အလုပ်သမားကရှာရမလွယ်ပါချေ။ ကျောက်တဟူ လူမလဲချင်ပေ။
ကျောက်သခင်မကြီးအနေဖြင့် ဆန္ဒမရှိသော်လည်း သူမသား၏စကားများကိုနားထောင်းရဆဲဖြစ်လေသည်။သူမက ကျောက်ကျင်းကောကို စူးစူးရဲရဲကြည့်ပြီး ပြောလိုက်သည်။
"နင့်ရဲ့ ရွှံ့ဗလပွနဲ့ရေချိုငါးတွေယူ...ထွက်သွား"
ကျောက်ကျင်းကော ရေချိုငါးခြင်းတစ်ဝက်နှင့််အိမ်ပြန်လာခဲ့ပြီး သူမစားရသေးသော ကျန်းကျန့်ပေးလိုက်သည့်ကြက်ဥနှစ်လုံးကိုထုတ်လိုက်သည်။
"ဒီလောက်အများကြီး ဘယ်ကရလာတာလဲကျင်းကော..."
ကျောက်လျူက ကြက်ဥနှင့်ရေချိုငါးများကိုကြည့်ပြီး အံ့ဩ သွားသည်။
ကျောက်ကျင်းကော သူ့ပါးစပ်ကိုဖွင့်လိုက်သည်။ကြက်ဥများက ကျန်းကျန့်သူ့ကိုပေးလိုက်ခြင်းဖြစ်ကြောင်းပြောရမည်ကို သူရှက်နေသည်။ရေချိုးငါးများက သူဖမ်းထားခြင်းဖြစ်ပြီး ကျန်းကျန့်ကို တချို့တစ်ဝက်ပေးချင်ကြောင်ကိုလည်းပြောရမှာ သူရှက်သည်။အဆုံးမှာ သူ အတော်လေးမသက်မသာဖြင့်ပြောလိုက်၏။
"တစ်ယောက်ယောက်က ကျွန်တော့်ကို ရေချိုငါးတွေအတွက် ကြက်ဥသုံးလုံးပေးလိုက်တာ...ကျွန်တော် တစ်လုံးစားလိုက်တယ်...အမေ ကျွန်တော် ငါးသတ်လိုက်ဦးမယ်...အမေက ချက်ပြီးရင် ကျွန်တော် သူ့ဆီတစ်ပန်းကန်ယူသွားလိုက်မယ်"
ရွာထဲတွင် ပစ္စည်းဖလှယ်ကြသည်က ထူးဆန်းသည့်ကိစ္စမဟုတ်ပါချေ။ရေချိုငါးကို ချက်ရမည်ဆိုသည်က အနည်းငယ်ထူးဆန်းနေခြင်းဖြစ်သည်။သို့ပေမဲ့ ရေချိုငါးခြင်းတစ်ဝက်နှင့်ဆိုလျှင် သူတို့နှစ်ပန်ကန်းလောက်ချက်၍ရပြီး ထိုတစ်စုံတစ်ယောက်အတွက်တစ်ပန်းကန်ယူသွားပေးသည်ကလည်း သိပ်မဆိုးလှပါချေ။
ကျောက်လျူတစ်ယောက် ကျောက်ကျင်းကော၏စကားများကိုယုံသွားသည်။သူမ ခေါင်းညိတ်ပြလိုက်၏။
"ကောင်းတယ်"
ကျောက်ကျင်းကော စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ပြီး ကြက်ဥများကို သူ့မိဘများစားရန်ပေးလိုက်သည်။သူ့အမေချန်ထားသည့် ဆန်ပြုတ်တစ်ပန်းကန်သောက်ပြီးနောက် ရေချိုငါးများသွားသတ်ခဲ့သည်။
ရေချိုငါးများက ချော်ကျိပြီးသတ်ရမလွယ်ပါချေ။သို့ပေမဲ့ သူ့မှာအတွေ့အကြုံများစွာရှိသည်။မကြာမီ သူတို့ကို သတ်ပြီးသွားပြီး ထိုအချိန်တွင် ကျောက်လျှိုကလည်း မီးမွှေးပြီးနေပြီဖြစ်သည်။သူ ရေချိုငါးများကိုသတ်ပြီးသွားသည်ကိုတွေ့သောအခါ သူမ သူတို့ကို ချက်ရန်အိုးထဲထည့်လိုက်သည်။
"ရေချိုငါးက ဆီနဲ့ပဲငံပြာရည်နဲ့ချက်ရင်အကောင်းဆုံးပဲ...ဒါပေမဲ့ ကံမကောင်းစွာနဲ့ အိမ်မှာအဲလိုအရာတစ်ခုမှမရှိဘူး"
ကျောက်လျှိုက သက်ပြင်းချလိုက်ပြီး
ရေချိုငါးအိုးထဲကို ဆားအနည်းငယ်ထည့်လိုက်သည်။
ရေချိုငါးများက အလျင်အမြန် ချက်ပြီးသွားကာ ပန်းကန်လုံးနှစ်ခုစာရလာသည်။ကျောက်ကျင်းကော နည်းသည့်တစ်ခုကိုချန်ထားခဲ့ပြီး အပြည့်ရှိသည့်ပန်းကန်လုံးနှင့် အပြင်ကိုထွက်လာခဲ့သည်။သူ ဤသည်ကို ကျန်းကျန့်ကိုပေးချင်ခဲ့သည်။သို့ပေမဲ့ တံခါးကထွက်လိုက်ချိန်မှာ သူ ကြက်သေသေသွား၏။
သူက ရေချိုငါးတွေကိုကျန်းကျန့်ကို ပေးချင်နေပေမဲ့ အခု...သူ ကျန်းကျန့်ကို ဘယ်မှာသွားရှာရမလဲ...ရေချိုငါးတွေကို ကျန်းအိမ်ကို ယူသွားလို့မရဘူး မလား...
ကျောက်ကျင်းကော အစက ကျန်းကျန့် ဆီကိုစားစရာတချို့ပို့ပေးချင်ခဲ့သည်ဆိုပေမဲ့ မည်သို့ပို့ပေးရမည်ဆိုသည့်အကြောင်းကို စဥ်းစားရန်သူ့မှာအချိန်မရှိခဲ့ပေ။အခုအချိန်ရောက်မှသာ သူတစ်ခုခုမှားယွင်းနေသည်ဟု ခံစားလိုက်ရခြင်းဖြစ်သည်။
ရေချိုငါးတစ်ပန်းကန်ကိုကိုင်ထားရင်း
ကျောက်ကျင်းကောတစ်ယောက် ယောင်တောင်တောင်ဖြင့် ကျန်းမိသားစု၏ အိုမင်းဟောင်းနွမ်းနေသောတဲအိမ်ဆီကိုရောက်လာသည်။
"ကျင်းကော...ကိုယ်တို့ရဲ့နှလုံးသားတွေက တစ်ခုနဲ့ဆစ်ခုဆက်နွယ်နေတာဖြစ်မယ်...ကိုယ်ဒီကိုရောက်တာနဲ့ မင်းအိမ်ထဲထွက်လာတာကိုမြင်လိုက်ရတာပဲ"
ကျန်းကျန့်က ရုတ်တရက် ကျောက်ကျင်းကော၏ရှေ့တွက်ထွက်ပေါ်လာသည်။
ကျန်းကျန့်၏အသံကိုကြားပြီးသည့်နောက်မှာ ကျောက်ကျင်းကော သူ့ရှေ့က ခပ်မည်းမည်းသဏ္ဍာန်ကိုမြင်လိုက်ရသည်။
သူ့မျက်နှာက နားလည်ရခက်စွာပူနွေးလာတော့၏။