Chapter 24
ယန်ကျင်းက ပုံမှန်တွင် ကောင်းကောင်း စားသောက်လေ့ရှိသည်။ သူက လူကောင်ကြီးကြီးနှင့် ဝပြဲနေသူ မဟုတ်လျှင်တောင် အလွန်ကြီးမားသော လူတစ်ယောက် ဖြစ်နေဆဲ ဖြစ်သော်လည်း ယခုတွင်မူ သူ့ကိုယ်သူ ပို၍ သေးကွေးပုံပေါ်အောင် လုပ်ချင်နေသည်။
သူက ရေပူကို သုံးရန် မီးဖိုချောင်ထဲသို့ အပြေးသွားလိုက်သည်။ သူက ကျန်းကျန့်၏ လိုအပ်ချက်အတိုင်း သူ့ကိုယ်သူ ဆေးကြောနေပြီး တစ်ချိန်တည်းမှာပင် သူကိုယ်သူ ဆေးကြောနေလေလေ ပို၍ ရမ်းကား ကြမ်းတမ်းလာသလိုပါပင်။
ဂြိုလ်ဆိုးကောင်က ရုတ်တရက် သူ့ကို ရေချိုးခွင့် ပြုလုပ်တယ်... သူ ရုတ်တရက်ကြီးတော့ ကြင်နာတတ်တဲ့လူ ဖြစ်မလာလောက်ဘူးမလား... သူ့ကို အရေခွံနွှာမလို့များလား...
ယန်ကျင်းက အလွန် ကြောက်ရွံ့နေသဖြင့်ရေချိုးပြီးနောက် ကျန်းကျန့်က ကျန်းချောင်ရှန့်၏ အဝတ်တစ်စုံ ပေးလာသည့်အချိန်တွင် ပျော်ရွှင်ရသည့် ခံစားချက်တစ်ခုက တစ်ဘဝစာလောက်ပင် ကြာညောင်းသွားလေသည်။
ယန်ကျင်းက အဝတ်သန့်တစ်စုံကို ကိုင်ကာ မျက်နှာချိုသွေးနေပြီး ၎င်းတို့ကို ဝတ်ခွင့်ပြုသည့်အတွက်လည်း အံ့အားသင့်သွားသည်။ မသိစိတ်မှလည်း ကျေးဇူးတင်သည့် ခံစားချက်တစ်ခု ခံစားလိုက်ရသည်။
သူကို မချည်နှောင်ထားပါသော်လည်း ယန်ကျင်းက ထွက်မပြေးရဲတော့ပေ။ ရေချိုး အဝတ်အစား လဲလိုက်ပြီးနောက် သူက နာနာခံခံဖြင့် ကျန်းကျန့်နောက် လိုက်လာခဲ့သည်။
"မင်းအဝတ်တွေ သွားလျှော်လိုက်" ကျန်းကျန့်က သူ့အတွေးများကို မသိသော်လည်း အရေးတယူ ရှိမနေ။
ယန်ကျင်းက သူချွတ်ထားသော အဝတ်များကို ချက်ချင်း လျှော်ဖွပ်လိုက်သည်။ သူက ကိုယ်ပိုင်အဝတ်အစားများကို လျှော်ခဲလှသည်။ နောက်ဆုံးတွင်သူက နောက်ကျိနေသော ရေအိုးများစွာကို သုံးလိုက်ပြီးနောက် အဝတ်လျှော်လို့ ပြီးသွားပြီး အဝတ်များကို ကိုးယို့ကားယား လှမ်းထားလိုက်သည်။
"ဒီကိုလာခဲ့... မင်းကို ချည်ထားရမယ်" ကျန်းကျန့်က သူ့ကိုယ်သူ သန့်ရှင်းရေး လုပ်ပြီးသွားသည်ကို မြင်သောအခါ ပြောလိုက်သည်။
ယန်ကျင်းက နာနာခံခံပင် ရောက်လာပြီး ရုန်းကန်နေခြင်း မရှိဘဲ ကျန်းကျန့်ကို သူ့အား စည်းနှောင်ခွင့် ပြုလိုက်သည်။
ယန်ကျင်းက အမှန်အကန်ပင် အလွန်ကျိုးနွံနေသဖြင့် ကျန်းကျန့်မှာ သူ့ကို သိပ်မမုန်းတီးမိတော့။ သူက ပြောလိုက်သေးသည်။
"မစိုးရိမ်နဲ့... မင်း လိမ္မာနေသရွေ့ မင်းကို သတ်မှာ မဟုတ်ဘူး"
ငါသာ လိမ်လိမ်မာမာ နေလိုက်ရင် သေမှာမဟုတ်ဘူးကွ... ယန်ကျင်းက ကျန်းကျန့်ကို ကြည့်လိုက်ပြီး ကျေးဇူးတင်စိတ်ကိုပင် ခံစားလိုက်ရသည်။
မတိုင်မီက ကျန်းကျန့်မှာ ယန်ကျင်း၏ ကျေးဇူးတင်နေသည့် ခံစားချက်များကို မတွေ့လိုက်သော်လည်း ယခုတွင်မူ သူက အရိပ်အယောင်တစ်ခုကို တွေ့လိုက်ရသည်။
သူက ထိုသူကို ရိုက်နှက်ပြီး ဆူပူကြိမ်းမောင်းခဲ့သော်လည်း ထိုသူက သူ့ကို ကျေးဇူးတင်ဟန်ဖြင့် ကြည့်နေဆဲ ဖြစ်သည်။ သူ ဘာတွေ ဖြစ်နေတာလဲ... ကြည့်ရတာ ရောဂါတစ်ခုလိုပဲ... စတော့ဟုမ်း ရောဂါလက္ခဏာလို့ ခေါ်ကြတဲ့ဟာများလား... လူသားများက ယဥ်ပါးစေနိုင်သည်။ အဓ္ဓမ ပြုကျင့်သည်ကိုလည်း ခံရနိုင်ပြီး အနိုင်ကျင့်သူအတွက်လည်း ခံစားချက်များပင် ဖြစ်ပေါ်လာနိုင်သေးသည်။ ကြည့်ရတာ ပြန်ပေးဆွဲခံရသူတွေက ပြန်ပေးသမားတွေကို ပြန်ကူညီပေးတဲ့ အမှုတွေ ရှိခဲ့ဖူးသလိုပဲ...
ကျန်းကျန့်က ထိုအခြေအနေတစ်ခုကို ကြားရုံသာ ကြားခဲ့ဖူးသော်လည်း ယခုတွင်မူ... ယန်ကျင်း၏ အပြုအမူကောင်းလေးများကို ကြည့်ကာ ထိုသူမှာလည်း ထိုကဲ့သို့သော ရောဂါလက္ခဏာမျိုး ရှိနေပုံရသည်ဟု ရုတ်တရက် တွေ့ရှိသွားလေသည်။
ဒီလူကတော့ စိတ်ပိုင်းဆိုင်ရာ နာမကျန်း ဖြစ်နေတာပဲ.. သို့သော်လည်း ထိုအချင်းအရာက သူ့အတွက် ကောင်းသည်။ သူ့ကို မုန်းနေရမည့်အစား ယန်ကျင်းက သူ့ကို ကျေးဇူးတင်နေခဲ့ပြီး နောင်တစ်ချိန်တွင် ကျန်းချောင်ရှန့်ကို ပြဿနာများ ပေးရန်အတွက် ကျားကုတ်ကျားခဲ ကြိုးစားတော့မည်ဟု ခန့်မှန်းမိသည်။
ကျန်းကျန့်က လေချွန်လိုက်ပြီး သူ့စိတ်အခြေအနေကလည်း ပိုကောင်းလာနေသည်။ သေချာပေါက် သူက သတိလျော့မနေဘဲ ထိုအချက်ကြောင့် ယန်ကျင်းအပေါ် သဘောထားပြောင်းသွားမည် မဟုတ်ပေ။
ယန်ကျင်းကို ကြိုးချည်ပြီးနောက် ကျန်းကျန့်က ကျန်းရှောင်မိန်ကို မီးထွန်းရန် ပြောလိုက်ပြီး ငါးကို ကိုယ်တိုင် ချက်ပြုတ်လေသည်။
ယနေ့တွင် ကျောက်ကျင်းကောကို ငါးပေးရန် အခွင့်အလမ်း မရှိသဖြင့် သူဘာသာ ချက်ပြီး စားရပေတော့မည်။
"ညီမလေး... မှတ်မိသေးလား... အရင်တုန်းက အိမ်မှာ ငါးချက်ကြတော့ ငါက ငါးခေါင်းလေးတောင် စားခွင့်မရခဲ့ဘူး"
ကျန်းကျန့်က ရုတ်တရက် ထပြောလိုက်သည်။ "နောက်ဆုံး မင်းတို့အားလုံး စားပြီးသွားတော့ ငါးပြုတ်ရည် နည်းနည်း ကျန်နေသေးတာ.. ငါက ထမင်းနဲ့ ရောပြီး စားချင်ခဲ့တာလေ... ဒါပေမယ့် ငါမထင်ထားတာက ဒုတိယညီက ထမင်းကို ယူပြီး ကြောင်ကို ကျွေးလိုက်တာပဲ... ငါက ဗိုက်ပဲ ဆာနေရုံပေါ့... အိုး... ငါက ဒီမိသားစုထဲမှာ ကြောင်လောက်တောင် ကောင်းကောင်းမနေရပါဘူး"
အကြီးဆုံးကျန်းက ဤမိသားစုအတွင်း နေရာမရှိခဲ့ပေ။ သူ့ညီနှင့် ညီမများက ကောင်းကောင်း မစားရလျှင်ပင် သူတို့က သေချာပေါက် ဝဝလင်လင် စားနိုင်ကြသေးသည်။ သူ့ကျတော့ရော... သူက ညီနှင့် ညီမများ စားနေသည်ကိုသာ ကြည့်နိုင်ပြီး သူတို့ မြေပေါ် ကျလာသော ထမင်းစေ့များကိုသာ ကောက်စားရသည်။
သူက ကျက်သရေ မရှိ နေထိုင်လာရခြင်းမှာ သူ ကလေးဘဝကတည်းက မည်သူကမှ ဂုဏ်ကျက်သရေများ ပေးမလာခဲ့ကြသောကြောင့် ဖြစ်သည်။
ကျန်းရှောင်မိန်က ခေါင်းကိုသာ တွင်တွင်ငုံ့နေပြီး စကားမပြောရဲပေ။သူမက အကြီးဆုံးကျန်း ဖော်ပြခဲ့သည့် အခြေအနေ အသေးစိတ်ကို မမှတ်မိတော့ပါသော်လည်း ၎င်းတို့က တစ်ရာ မပြည့်လျှင်တောင် ဤနှစ်များတွင် အလားတူဖြစ်ရပ်မျိုး ရှစ်ဆယ်ဝန်းကျင်ခန့် ရှိခဲ့သည်။
အဘွားကြီးကျန်းက အကြီးဆုံးကျန်းကို အလွန် မုန်းတီးသည်။ သူတို့က သူ့ကို မကြိုက်ကြပေ။ အမှန်တကယ်တွင် သူမသည်လည်း ဤအကြီးဆုံးအစ်ကိုကို မကြိုက်ပေ။
"ဒါ ငါ့အဖေနဲ့ အမေပါပဲ ဆိုပြီး အရာအားလုံးကို စိတ်လျှော့ပေးထားပေမယ့် ဟိုရက်တွေတုန်းက ငါတစ်ကြိမ် သေသွားခဲ့ပြီးပြီ... ဒါကြောင့် နောက်ထပ် ဆက်ပြီး သည်းမခံတော့ဖို့ ငါဆုံးဖြတ်လိုက်ပြီ" ကျန်းကျန့်က အေးစက်စက် ပြုံးလိုက်သည်။ "အခုကစပြီး ဒီမိသားစုနဲ့ ငါ ရေစက်ကုန်သွားပြီ"
ကျန်းရှောင်မိန်က ခေါင်းငုံ့သွားပြန်သော်လည်း ယန်ကျင်းက ကျန်းချောင်ရှန့် အကြီးဆုံးကျန်းအကြောင်း ယခင်က ပြောပြခဲ့ဖူးသည်ကို အမှတ်ရသွားသည်။
ကျန်းချောင်ရှန့် ပြောပြချက်အရ သူ့အစ်ကိုကြီးက အလွန် တုံးအပြီး ဇနီး တစ်ယောက်ကိုပင် လက်မထပ်နိုင်ဟု ပြောခဲ့သော်လည်း ယနေ့ သူမြင်တွေ့ခဲ့ရသည်များအရ... ကျန်းမိသားစု၏ လူအိုစုံတွဲက အလွန် ဘက်လိုက်လွန်းပြီး အကြီးဆုံးကျန်းကို ထိုကဲ့သို့ ဖြစ်လာရန် တွန်းအားပေးခဲ့ကြခြင်း ဖြစ်သည်မှာ ရှင်းလင်းနေသည်။
ဒီသောက်ကျန်းချောင်ရှန့်ကတော့... သူ့အစ်ကိုကြီးကို ရူးသွားအောင် တွန်းပို့ပြီးတော့ သူ့ကိုပါ မီးစာထဲ တွန်းထုတ်လိုက်သေးတယ်... ယန်ကျင်းမှာ ကျန်းချောင်ရှန့်ကို ပို၍ပင် မုန်းတီးသွားသည်။ ကျန်းကျန့်မှာ ငါးတစ်တုံးကို ကျေကျေနပ်နပ် စားသောက်နေခဲ့သည်။ သူပြောခဲ့သော စကားများက ယန်ကျင်းကို ရည်ရွယ်သည်။
ယနေ့ညတွင် ကျန်းကျန့်က ငါးတစ်ဝက်နှင့် ထမင်းနှစ်ပန်းကန်ကို စားလိုက်ပြီး ကျန်နေသော ငါးတစ်ပိုင်းနှင့် ထမင်းအပိုကို သူ့အခန်းထဲသို့ ပြန်သယ်လာခဲ့သည်။
သူလိုချင်သော အိမ်က တစ်ခဏမျှ ဆောက်ပြီးဦးမည် မဟုတ်သဖြင့် ယန်ကျင်းကို ရက်အနည်းငယ်ကြာသည်အထိ သူ့အခန်းထဲသို့ ထည့်ကာ သူနှင့်အတူ နေထိုင်ရန် ဆုံးဖြတ်ထားသည်။
ကျန်းကျန့်က ယန်ကျင်းကို ညစာမပေးခဲ့။ ညအချိန်၌ သူက အိပ်ရာပေါ်တွင် အိပ်ကာ ယန်ကျင်းမှာ ထောင့်လေးသို့ ပစ်လွှင့်ခံထားရသည်။ သို့သော်ငြား ယန်ကျင်းက ငြူစူမှု အနည်းငယ်တောင် မပြပါချေ။
ကျန်းကျန့် သူ့ကို မသတ်တာကပဲ ကျေးဇူးတင်စရာ ကောင်းနေပြီ... အခုတော့ သူက သူ့ကို မြန်မြန်ကယ်ဆယ်ပေးရမည်ကို တုံ့နှေးနှေး လုပ်နေသည့် ကျန်းချောင်ရှန့်ကိုသာ မုန်းတီးနေမိလေတော့သည်။
ညနက်သည်အထိ အလုပ်လုပ်နေရသည့် ကျန်းချောင်ရှန့်သာ ယန်ကျင်း၏ အတွေးများကို သိပါက အလွန် မကျေမနပ် ဖြစ်သွားပေလိမ့်မည်။ သူက နည်းနည်းလေးတောင် မနှောင့်နှေးနိုင်ဘဲ တစ်ချိန်လုံး အလုပ်လုပ်နေရတာကွ...
ကျန်းကျန့်က အိမ်ဆောက်မပြီးမချင်း ယန်ကျင်းကို လွှတ်ပေးမည် မဟုတ်ဟု ဆိုခဲ့သည်။ ဟယ်ရှီရွာထဲမှ လူများမှာ ထိုနေ့လည်ကတည်းက အိမ်ဆာက်ရင်း ကြိုးစားပမ်းစား အလုပ်လုပ်နေခဲ့ကြရသည်။
ဤနေရာတွင် အိမ်ဆောက်ရန်အတွက် သူတို့က အရင်ဆုံး ရေမြောင်းများစွာ တူးဖော်ရန် လိုသည်။ ထို့နောက် ခိုင်ခံ့သော အုတ်မြစ်ရရှိရန် ကျောက်တုံးနှင့် ရွှံ့တို့ဖြင့် ထုရိုက်ပေးပြီးနောက် ပျဥ်ချပ်နှစ်ခုထည့်ကာ ပျဥ်ချပ်များအကြားတွင် ရွှံ့များမံ၍ ရွှံ့နံရံတစ်ခု ပြုလုပ်ရန် အဆက်မပြတ် ထုရိုက်ပေးရသည်။
နံရံကို ရွှံ့ဖြင့် ပြုလုပ်ထားသော်လည်း ၎င်း၏ ကျစ်လစ်မှုကြောင့် လွန်စွာ ခိုင်ခံ့လှသည်။ နှစ်ရာချီသည်အထိ မပျက်စီးနိုင်ဘဲ ဆောင်းရာသီတွင် နွေးထွေး၍ နွေတွင် အေးမြပေသည်။
အမှန်တကယ်တွင် ရွှံ့နံရံကို ထုရိုက်ရန်အတွက် အလွန်အားသုံးရန် လိုသော်လည်း ရွာလုံးကျွတ် အတူတကွ အလုပ်လုပ်လိုက်ကြသောအခါ အမြန်နှုန်း ပိုသွက်လာပြီး အိမ်ကလည်း ပုံစံပေါ်လာခဲ့လေသည်။
ကျောက်ကျင်းကောက သူ့အိမ်နှင့် မနီးမဝေးနေရာမှ နံရံများနှင့် အလုပ်ရှုပ်နေကြသူများကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သည်။ သူ့မိဘများ အိပ်ပျော်နေကြပြီး မည်သူကမှ သူ့အား သတိမထားမိကြသည်ကို အတည်ပြုပြီးနောက် ပြန်လှည့်ကာ အမှောင်ထဲတွင် ပျောက်ကွယ်သွားလေတော့သည်။
သူက ကျန်းကျန့်ကို သူ့အကူအညီများ လိုလေသလားဟု မေးရန် သွားရှာလိုက်သည်။
ယနေ့ကိစ္စများကြောင့် ရွာထဲမှ လူများက ကျန်းကျန့်ကို သွားမရှုပ်သင့်သောသူဟု ဆိုနေကြသည်။ သူတို့အားလုံးက ကျန်းကျန့် အရူးတစ်ယောက် ဖြစ်သွားပြီဟု တွေးနေကြသော်လည်း သူကမူ ကျန်းကျန့်က လူဆိုးတစ်ယောက် မဟုတ်ဟု တွေးနေဆဲ ဖြစ်သည်။
ကျန်းကျန့်ကသာ တကယ့် လူဆိုးတစ်ယောက်ဆိုရင် သူစားဖို့ တစ်ခုခု ရတိုင်း ဘယ်လိုလုပ်ပြီး သူ့အတွက် တစ်ဝက် ခွဲပေးပါ့မလဲ... သူက ကျန်းမိသားစုဆီကနေ တုန်းထုတ်ခံခဲ့ရတာ...
ကျောက်ကျင်းကော ကျန်းမိသားစုအိမ်ဘက်သို့ ရောက်လာရန် အချိန်သိပ်မကြာလိုက်ပေ။ သူက အိမ်ပတ်လည်တွင် ပတ်သွားနေပြီးနောက် အဆုံးတွင် ကျန်းချောင်ရှန့်အိမ်၏ ပြတင်းပေါက်ကို ခေါက်လိုက်သည်။
ယခင်ဘဝတွင် အထူးတပ်ဖွဲ့အတွင်း တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများက ကျွမ်းကျင်မှုတစ်ခု ရရှိစေခဲ့သည်။ သူက အမြဲတမ်း မြန်မြန် အိပ်ပျော်နိုင်ပြီး လှုပ်ရှားမှု တစ်စုံတစ်ရာရှိသည်နှင့် ချက်ချင်း နိုးလာတတ်သည်။
သူလိုအပ်ပါက ခပ်မြန်မြန်ပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်သည်။ ရက်အနည်းငယ်တိုင် မအိပ်ရလျှင်တောင် တစ်ခဏမျှ တစ်ရေးအိပ်လိုက်ပြီးနောက် လန်းလန်းဆန်းဆန်း နိုးလာတတ်သည်။
သူက ဤကျွမ်းကျင်မှုကိုသုံးကာ များစွာသော တာဝန်များကို ထူးချွန်စွာ အောင်မြင်ခဲ့ပြီး ယခုတွင်လည်း ပြတင်းပေါက်မှ ပထမဆုံး ခေါက်သံကြောင့် နိုးလာခဲ့သည်။
သို့သော်လည်း ထောင့်ဘက်သို့ ပစ်လွှင့်ခံထားရသော ယန်ကျင်းမှာ ဆာလောင်ပြီး အေးစက်နေကာ မသက်မသာ ဖြစ်နေဟန်ဖြင့် အိပ်နေခဲ့သည်။ သူက ထိုအခိုက်၌ နိုးထလာမည့် အရိပ်အယောင် မရှိပေ။
ကျန်းကျန့်က အိပ်ရာမှ ထကာ ပြတင်းပေါက်ဆီသို့ ခပ်မြန်မြန် ရောက်လာပြီး ဖွင့်ပေးလိုက်သည်။
တံခါးကို သုံးကြိမ်တိုင် ခပ်ဖွဖွ ခေါက်နေသော ကျောက်ကျင်းကောမှာ ထပ်ပြီး ခေါက်ရန် ပြင်ချိန်တွင် ပြတင်းပေါက် ပွင့်လာသည်ကို တွေ့လိုက်ရသည်။ သူ့ရှေ့မှ လူ၏ မျက်နှာကို မြင်နိုင်ရန် အလွန်မှောင်မဲနေပါသော်လည်း ရင်းနှီးနေသော အနံ့အရ ထိုသူက ကျန်းကျန့် ဖြစ်ကြောင်း သိလိုက်သည်။
"ခင်ဗျား..."ကျောက်ကျင်းကောက ကျန်းကျန့်ကို တစ်ခုခု ဖြစ်နေသည်လားဟု မေးချင်ခဲ့သော်လည်း သူ မမေးနိုင်ခင်မှာပင် ကျန်းကျန့်က လက်လှမ်းလာပြီး သူ့ပါးစပ်ကို အုပ်လိုက်သည်။
သူ့ပါးစပ်ကို ကျန်းကျန့်၏ လက်ကြမ်းကြီးဖြင့် အုပ်ထားသည့် ခံစားချက်ကြောင့် ကျောက်ကျင်းကောက ရှက်သွေးဖြာသွားပြီး မတိုင်မီက သူမေးလိုသော ကိစ္စကိုပင် မေ့သွားသည်။
"ရှူး..." ကျန်းကျန့်က ကျောက်ကျင်းကောကို အသံမထွက်ရန် ပြောလိုက်ပြီးနောက် သူ့မျက်နှာကို ထိလိုက်သည်။ သူက ပြတင်းပေါက်မှ ခုန်ထွက်ကာ အပြင်ဘက်သို့တိတ်တဆိတ် ထွက်လာခဲ့သည်။
ကျန်းချောင်ရှန့်က ကျန်းအဓိကအိမ်၏ အရှေ့ဘက်တွင် တည်ရှိသည်။ အရှေ့ဘက်သို့ မျက်နှာမူနေသော ပြတင်းပေါက်မှ ကြည့်လိုက်ပါက ပိုးစာခင်းသေးသေးလေးကို တွေ့မြင်ရပေမည်။ ပိုးစာပင်အခင်း၏ အခြားတစ်ဖက်တွင် အခြားမိသားစုတစ်ခု နေထ်ုင်သည်။ ထိုအခိုက်၌ ထိုအိမ်၏ အိမ်ကြီးရှင်သခင်က ကျန်းကျန့်၏ အိမ်အသစ်ဆောက်ရန်အတွက် ကူညီပေးနေသဖြင့် အိမ်ရှင်မကလည်း သူ့ကလေးများနှင့်အတူ စောစော အိပ်ရာဝင်သွားလေပြီ။
ကျန်းကျန့်က ပြတင်းပေါက်မှ ထွက်လာပြီးနောက် ကျောက်ကျင်းကောကို ပိုးစာပင်အခင်းဘက်သို့ ဆွဲခေါ်လာပြီး မြောက်ဘက်သို့ လျှောက်လာခဲ့သည်။
ကျန်းမိသားစုအိမ်တံခါးဝက တောင်ဘက်သို့ မျက်နှာမူထားသဖြင့် အိမ်တံခါးဝ၏ မနီးမဝေးတွင် မြစ်တစ်စင်း ရှိနေသည်။ အိမ်တံခါးမှ မြောက်ဘက်သို့ မိုင်တစ်ဝက်လောက် လျှောက်လာပါက ရေကန်လေးတစ်ခုဆီသို့ ရောက်သွားပေလိမ့်မည်။ ဟယ့်ရှီရွာ၏ ဒီဘက်အပိုင်းတွင် ရေအိုင်များမှလွဲ၍ အခြားကြည့်စရာ မရှိပေ။
ကျန်းမိသားစုအိမ်နောက်မှ ရေကန်လေးက ကြီးလည်းမကြီး နက်လည်း မနက်ပေ။ ထိုအထဲတွင် ဝါးပင်နှင့် သစ်အယ်ပင်တို့ ပေါက်ရောက်နေပြီး ပတ်ပတ်လည်တွင် အပင်များစွာ ရှိနေသည်။ အပင်အများစု၏ အမြစ်များမှာ ရေကန်လေးထဲတွင် တွယ်ငြိနေပေသည်။
ကျန်းကျန့်က ကျောက်ကျင်းကော၏ လက်ကို ဆွဲလာခဲ့ပြီး သစ်ပင်များစွာကြောင့် ဖြစ်လာသော ခြံပုတ်လေးတစ်ခုဆီသို့ ဦးတည်လာခဲ့သည်။
ဤနေရာက နေ့အချိန်တွင် ရွာထဲမှ ကလေးများ အကြိုက် ကစားကွင်းတစ်ခု ဖြစ်သော်လည်း ညအချိန်တွင် ဖားအော်သံမှ လွဲ၍ အခြားမရှိပေ။
"မင်းရောက်လာတာ ကိုယ်ဝမ်းသာတယ်"
ကျန်းကျန့်က ကျောက်ကျင်းကော၏ လက်ကို ကိုင်ထားရင်း မကြာခဏ ဖြစ်ညှစ်နေခဲ့သည်။
သူ့အပြုအမူများကို မှားယွင်းနေသည်ဟု မခံစားရသော်လည်း ရွာသားများ၏ မျက်လုံးထဲတွင် ထိုကဲ့သို့သော ကိစ္စများကို သူ့ပါတနာမှ လွဲ၍ အခြားသူများကို မပြုလုပ်သင့်ဟု မြင်ကြောင်း ကောင်းကောင်းသိနေပေသည်။
ဤနေရာ၏ ဓလေ့ထုံးတမ်းများက ရှေးခေတ် တရုတ်ပြည်နှင့် ဆင်တူလှသည်။ လူများစွာက ကလေးများမှာ သူတို့မိဘများ၏ ပိုင်ဆိုင်မှုများ ဖြစ်သည်ဟူသော အတွေးများလည်း ရှိကြသည်။ ထ်ု့ကြောင့် မိဘများက သူတို့၏ ကလေးများအပေါ် မကောင်းလျှင်တောင် သူတို့က လက်ခံလိုက်ရုံသာ တတ်နိုင်ပြီး သားသမီးဝတ်ကျေပွန်နေရဆဲ ဖြစ်သည်။
အမေဖြစ်သူကို အလုပ်အကျွေးပြုရန်အတွက် သားကို မီးရှို့သဂြိုလ်ခြင်း စသည့် သားသမီးဝတ်ကျေပွန်ခဲ့ရသည့် ပုံပြင်များနှင့် နှိုင်းယှဥ်ပါက အကြီးဆုံးကျန်းတွင် ဘဝကောင်းတစ်ခု ရှိနေပါသေးသည်။ အနည်းဆုံးတော့ အကြီးဆုံးကျန်းက ပျိုးထောင်ခံခဲ့ရသေးသည်လေ...
ယခင်က ရွာထဲမှ အခြားသူများက သူ့ကို မည်မျှပင် သနားကြစေကာမူ ယနေ့ကိစ္စများပြီးနောက် လူတိုင်းက သူ့ကို ဝေးဝေးရှောင်ကြတော့မည်ကို စိုးရိမ်ရသည်။ ကျန်းကျန့်က အခြားသူများ သူ့အပေါ် မည်သို့ တွေးကြမည်ကို ဂရုမစိုက်ပါသော်လည်း ကျောက်ကျင်းကော သူ့ကို မုန်းတီးသွားမည်ကို အနည်းငယ် စိုးရိမ်နေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ကျောက်ကျင်းကောက မုန်တီးမနေပေ။