အပိုင်း၂၆
Viewers 21k

Chapter 26

Chapter 26




ဟယ့်ရှီရွာသားများမှာ သူတို့၏ အိမ်၌ အ​ခြေခံအားဖြင့် သံဒယ်အိုးများကို သုံး​လေ့ ရှိသည်။ မိသားစုအ​ခြေအ​နေ​ကောင်းကြသူများက အိမ်တွင် သံဒယ်အိုးကြီးနှစ်လုံး ရှိတတ်ကြ​ပေသည်။ တစ်လုံးက အဓိက ဟင်းလျာကို ချက်ပြုတ်ရန်နှင့် ​နောက်တစ်လုံးက အခြားဟင်းပွဲများ ချက်ရန် ဖြစ်သည်။ ဆင်းရဲ​သော မိသားစုများမှာ အိမ်တွင် သံဒယ်အိုးတစ်လုံးသာ ရှိကြသည်။ ချက်ပြုတ်​နေစဥ်တွင် ၎င်းကို ဟင်းပွဲများ အလှည့်ကျ ပြင်ဆင်ရန် လိုအပ်​ပေသည်။


ကျန်းမိသားစုတွင် အိုးနှစ်လုံး ရှိပြီး ကျန်းမိသားစု၏ အ​ရေးကြီးဆုံး ပိုင်ဆိုင်မှုများထဲမှ တစ်ခုဟု ဆိုရ​ပေမည်။ ကျန်းကျန့်က သံအိုးတစ်လုံးကို တိုက်ရိုက်ပင် ​တောင်းလိုက်ပြီး ကျန်း​​​ချောင်ရှန့်အိမ်မှ ပစ္စည်းအားလုံးကိုလည်း အသက်တစ်ရှိုက်စာအတွင်းပင် ​တောင်းခံလိုက်​လေသည်။


"မင်း..." သားသတ်သမားကျန်းမှာ အလွန်တွန့်ဆုတ်​နေပါ​သော်လည်း ကျန်းကျန့်က ဓါးဖြင့် ကစား​နေသည်ကို မြင်လိုက်ရ​သောအခါ ဘာကိုမှ မ​ပြောရဲ​တော့​​ပေ။


မတိုင်မီက သူ့ကို ကြိမ်း​​မောင်း​နေ​သော အဘွားကြီးကျန်းမှာလည်း တစ်ခုခု​ပြောရန်နှင့် ကျန်းကျန့်အ​ပေါ် တစ်ခုခု လုပ်ရမည်ကိုပင် ​ကြောက်လွန်း​နေခဲ့သည်။ သူမက စည်း​နှောင်ထားခြင်းမရှိ​သော ဆံပင်ဖွာလန်ကြဲ​ခေါင်းနှင့်အတူ ကျန်းကျန့်ကို ​ဒေါသတကြီး ကြည့်​နေရုံသာ တတ်နိုင်​လေ​တော့သည်။


"ဘာ​တွေ စိုက်ကြည့်​နေတာလဲ... အလုပ်သွားမလုပ်ဘူးလား"


ယန်ကျင်းမှာ ကြိုးတုပ်ခံထားရခြင်း မရှိ​တော့ပါ​သော်လည်း လှုပ်ရှားမှုတစ်စုံတစ်ရာ ပြုလုပ်ရမည်ကို ​ကြောက်ရွံ့​နေဆဲ ဖြစ်ပြီး ကျန်းကျန့်​နောက်သို့ လိုက်လာခဲ့သည်။ သူက အဘွားကြီးကျန်း၏ မ​ကျေမနပ် ဖြစ်​နေ​​သောပုံစံကို ​​တွေ့လိုက်ရ​သောအခါ မ​နေနိုင်ဘဲ ​အော်လိုက်ပြီး စူးစူးရှရှ ကြည့်​ပေးလိုက်သည်။


အဘွားကြီးကျန်းမှာ သူမသားငယ် ဖိတ်လာ​သော အရာရှိက မည်သည့်အတွက်​ကြောင့် သူမကို ​အော်​နေသည်မှန်း မသိခဲ့​ပေ။ သို့​​သော်လည်း သူမက ယခုလက်ရှိတွင် သူမ၏ ကိုယ်ပိုင်မိသားစုဝင်ကိုပင် ​ကြောက်ရွံ့​နေရသည်ဖြစ်ရာ အပြင်လူတစ်​ယောက်နှင့် ပြိုင်၍ ရန်မဖြစ်ရဲ​ပေ။ ထို့ကြောင့် ဆူ​​ငေါက်ခံလိုက်ရ​သော်လည်း သူ့ကို ပြန်လည်မ​ချေပနိုင်။


ကျန်ရွာသားများအတွက်ကား... သူတို့က ကျန်းကျန့်ကို အံ့အားတကြီး ကြည့်​နေခဲ့ကြသည်။ ဒီတရားရုံးအရာရှိက သူ့စကားကို တကယ်ကြီး နား​ထောင်တာဟ... ကျန်းကျန့်က ဘယ်​လောက်​တောင် ခက်ထန်တာမို့လို့လဲ...


ကျန်းကျန့် မ​နေ့က ကျန်းသားသတ်သမားနှင့် ကျန်း​ချောင်ရှန့်ကို တုတ်ဖြင့် ထိုးလိုက်သည့် မြင်ကွင်းကို မမြင်ခဲ့ရသူများက သူ့ကို​ကြောက်ရွံ့လာကြ​တော့သည်။ ရွာသားများ တစ်​ယောက်ပြီးတစ်​ယောက် စကားလက်ဆင့်ကမ်းကြရင်းဖြင့် ကျန်းကျန့်၏ ပုံရိပ်က ပို၍ပင် ရက်စက်ကြမ်းကြုပ်လာခဲ့​​လေ​တော့သည်။


ကျန်းကျန့်က သူ့အိမ်အသစ်ကို ကြည့်ရန် ထွက်လာခဲ့​သော်လည်း ရည်ရွယ်ချက် အစစ်အမှန်မှာ ​ကျောက်ကျင်း​ကောနှင့် ​တွေ့ရန် ဖြစ်သည်။


သို့​သော်လည်း ​ကျောက်ကျင်း​ကောက မနက်​စော​စောကပင် ​ကျောက်တဟူ​၏ အိမ်သို့ အလုပ်သွားလုပ်​နေ​လေပြီ။ အဆုံးတွင် သူက မည်သူ့ကိုမှ မမြင်ခဲ့ရပဲ ​ကျောက်အ​ဖေနှင့် ​ကျောက်အ​မေတို့ကိုပင် မ​တွေ့ခဲ့ရ။


​ကျောက်ဖူ​ကွေ့က ​ကျောက်ကျင်း​ကောကဲ့သို့ပင် အလုပ်​​စော​စောသွားရသည်။ ​ကျောက်လျူအတွက်ကား သူမက အပြင်ထွက်ရမည်ကို ​ကြောက်လွန်းလှသည်။ သူမက တံခါးပိတ်ထားပြီး ထွက်မလာခဲ့​တော့​။


ကျန်းကျန့်က နှာ​ခေါင်းကို ပွတ်ကာ အနည်းငယ် ကသိက​အောက် ဖြစ်သွားပြီး​နောက် ရွာသားများအတွက် သူက မွန်းစတား တစ်​ကောင်ကဲ့သို့ ဖြစ်​နေပြီဟု ​တွေးလိုက်မိသည်။


လူများစွာစု​ဝေးပြီး အိမ်​ဆောက်ကြ​သောအခါ ရွာထဲမှ မိန်းမများက စကားစမြည်​ပြောရန် ​ရောက်လာကြပြီး က​လေးများ လာ​ရောက်ကစားကြသည်က ကျိုး​ကြောင်းညီပါ​သော်လည်း ယခုအချိန်တွင် ဤ​နေရာသို့ သူ​ရောက်လာချိန်၌ မည်သည့် အမျိုးသမီးများနှင့် က​လေးများကိုမှ မ​တွေ့ရ​ပေ။


ဤ​နေရာ၌ အလုပ်လုပ်ကြ​သော ​ယောကျ်ားများသည်ပင် သူ​ရောက်လာချိန်၌ အားလုံးက အားသွန်ခွန်စိုက် အလုပ်လုပ်​နေကြပြီး စကားတစ်ခွန်းမှပင် မ​ပြောကြ​ပေ။


ထိုလူများက အလုပ်ကြိုးစား​နေကြသဖြင့် မနက်ဖြန်ပင် အိမ်​​ပြောင်းနိုင်​လောက်သည်။


ထိုအ​ကြောင်း စဥ်းစားမိသည်နှင့် ကျန်းကျန့်က မနီးမ​ဝေးတွင် အခြားသူများကို စီစဥ်ညွှန်ကြား​နေ​သည့် ရွာလူကြီး၏ သားကြီး ကျန်ချွမ်းကို ​မေးလိုက်သည်။


"ဒီအိမ်မှာ ဘယ်​တော့​လောက် ​နေလို့ရမလဲ"


"မနက်ဖြန်... မနက်ဖြန်ကျရင် ​နေလို့ရပြီ"


ကျန်းကျန့်က ​မေးလာသဖြင့် ကျမ်းချွမ်းက ခပ်မြန်မြန် ​ဖြေ​ပေးလိုက်သည်။ ကျန်းကျန့်၏ မျက်နှာ သိပ်မ​ကောင်းသည်ကို ​တွေ့​သောအခါ သူက သူ့စကားများကို ပြန်​ပြောင်းလိုက်သည်။


"ကျွန်​တော်တို့အခု ကြိုးကြိုးစားစား လုပ်​နေပါတယ်... ဒီည​တောင် ​နေလို့ ရချင်ရနိုင်တယ်"


"​ကောင်းပြီ​လေ... မနက်ဖြန် ရ​အောင် အသင့်လုပ်ထား... မင်းအ​ဖေဘယ်မှာလဲ" ကျန်းကျန့်က ​မေးလိုက်သည်။


"အ​ဖေက ခင်ဗျားရဲ့ အိမ်​ထောင်စု မှတ်ပုံတင် လုပ်​ပေးဖို့ တရားရုံး​တော်ကို သွားတယ်" ကျန်းချွမ်းက ကျန်းကျန့်ထံမှ မဖုံးကွယ်ထားရဲ​ပေ။


"ငါသိပြီ... အဆင်သင့်ဖြစ်တာနဲ့ ငါ့ဆီယူလာခဲ့" ကျန်းကျန့်က ​ပြောလိုက်ပြီး​နောက် ကျန်းချွမ်းကို လက်ယမ်းပြလိုက်ကာ အလုပ်ပြန်သွားလုပ်​စေသည်။ သူက လက်ထဲတွင် ပိုက်ဆံမရှိဘဲ အခြားသူများ၏ အဝတ်အစားကို ဝတ်ဆင်ထားရဆဲ ဖြစ်​သော်လည်း ထိုသ​ဘောထားသည်ကား ယခင်က ကျန်းမိသားစုဝင်များ သူ့အ​ပေါ် ပြုလုပ်ခဲ့သည့်ပုံစံမျိုးနှင့် တူ​နေခဲ့သည်။


ကျမ်းချွမ်က ၎င်းနှင့် ပတ်သက်ပြီး တစ်ခုခုမှား​နေသည်ဟုပင် သတိမထားမိပါ​ချေ။ သူတို့ရွာထဲမှ လူများက ယခုတွင် ကျန်းကျန့်ကို ​ကြောက်​နေကြရသည်။ ကျန်းချွမ်း ကျန်းကျန့်၏​ဘေးက ထွက်သွားပါမှ ရွှံ့နံရံရိုက်​နေသည့် လူတစ်​ယောက်က ကျန်းချွမ်းကို ဆွဲကာ ​မေးလိုက်သည်။


"ငါ​သေး​ပေါက်ချင်​နေပြီ... ရမလား... အဲ့လိုနဲ့ ကျန်းကျန့် ငါ့ကို လာရိုက်မှာ​တော့ မဟုတ်​လောက်ပါဘူး​နော်..."


ကျန်းကျန့် ​ရောက်လာပြီး​နောက် သူတို့အားလုံး ထွက်​ပြေးချင်ကြ​သော်လည်း ကျန်းကျန့် သူတို့အား ပြဿနာ ရှာမည်ကို စိုးရိမ်​​နေကြသဖြင့် အဆုံးတွင် မ​ပြေးရဲ​တော့ဘဲ ​နေရာတွင်သာ​နေကာ အလုပ်ဆက်လုပ်​နေကြသည်။


အ​ကြောက်တရားက ကူးစက်တတ်သည်။ လူအုပ်ကြီးတစ်စု စုမိ​သွား​သောအခါ ပို၍ ရဲရင့်လာရမည့်အစား ပို၍ပင် ကြောက်ရွံ့လာကြ​လေ​တော့သည်။


ကျန်းကျန့်၏ ကြီးကြပ်မှု​အောက်တွင် အိမ်က အလွန်လျှင်မြန်စွာပင် ​ဆောက်လုပ်ပြီးစီးသွားခဲ့သည်။ ​နေ့လည်ချိန်တွင် နံရံ​ပေါင်းများစွာကိုပင် ​ဆောက်ပြီးသွား​ခဲ့​လေသည်။


နံရံများ ပြီးသွားသဖြင့် ​နောက်တစ်ဆင့်က တံခါးနှင့် ပြတင်း​ပေါက်များကို ​​ဘောင်တပ်ရန်လိုပြီး ထို့​နောက်တွင် အမိုးပြုလုပ်ရန်အတွက် သစ်သား​ချောင်းများ စဥ်ရမည် ဖြစ်သည်။


ထိုအချိန်တွင် ​နောက်ထပ် ပြဿနာတစ်ခု ​ပေါ်လာခဲ့သည်။


​ကျေးလက်​ဒေသတွင် လူများ အိမ်​ဆောက်ကြ​သောအခါ သစ်သား​ချောင်းများ၊ တံခါးများနှင့် ပြတင်း​ပေါက်များကို တတ်နိုင်သမျှ ​စော​စော စု​ဆောင်းထားကြပါ​သော်လည်း ကျန်းမိသားစုက အကြီးဆုံးကျန်းအတွက် အိမ်တစ်လုံး ​ဆောက်​ပေးရန် ဘယ်တုန်းကမှ မရည်ရွယ်ထား​ခဲ့​ပေ။ ကျန်း​ချောင်ဝမ်နှင့် ကျန်း​ချောင်ရှန့်တို့၏ အိမ်များကို ​ဆောက်ပြီးသွားပြီ ဖြစ်၍ သဘာဝကျကျပင် သူတို့ထံ၌ အိမ်တစ်လုံး​ဆောက်လုပ်ရန် လိုအပ်​သော သစ်သားများ ရှိမ​နေခဲ့​ပေ။


တစ်စုံတစ်​ယောက် အတွက်က​ရော....


ရွာထဲမှ အချို့လူများမှာ ထိုအရာအားလုံးကို ပြင်ဆင်ထားကြပြီးသား ဖြစ်​သော်လည်း သူတို့ကလည်း သူတို့၏ ကိုယ်ပိုင်အိမ်များကို ​ဆောက်လုပ်ကြရဦးမည် ဖြစ်ရာ သူတို့က ကျန်းကျန့်ကို ​ပေးရန် သဘာဝကျကျပင် တွန့်ဆုတ်​နေကြ​လေသည်။


အိမ်​ဆောက်လုပ်​ရေး တာဝန်ခံ ကျန်းချွမ်းကလည်း သူလိုအပ်​သော သစ်သားများကို သားသတ်သမားကျန်းထံမှ မရနိုင်​သဖြင့် ကျန်းကျန့်ကိုသာ ရှက်ရွံ့မှုတို့ဖြင့် ကြည့်​ရုံသာ တတ်နိုင်​လေသည်။


ကျန်းကျန့်က ကုလားထိုင်တစ်လုံး ​ရွှေ့ကာ ထိုင်ချထားပြီးသား ဖြစ်သည်။ ထိုအချိန်၌ သူက ​လှောင်ရယ်လိုက်​လေသည်။


"အိမ်​ဆောက်လို့ မပြီးရင်လည်း မပြီးဘူး​ပေါ့... တရားရုံး​တော်က လူ​တွေ ငါ့ကို လာရှာကြတဲ့အချိန်အထိ ကျန်း​ချောင်ရှန့်အိမ်မှာပဲ ဆက်​နေရလို့လည်း ကိစ္စမရှိဘူး​နော်" ​ပြောပြီး​နောက် ကျန်းကျန့်က သူ့​ဘေးတွင် ရပ်​နေသည့် ယန်ကျင်းကို ထပ်ကန်လိုက်ပြန်သည်။


သားသတ်သမားကျန်းက အကြီးဆုံးသားကို ကိုယ့်အ​ရေးကိစ္စကိုပင် မကိုင်တွယ်နိုင်သည့်အတွက်​ကြောင့် သ​ဘောမကျဖြစ်ခဲ့ပြီး စကားလည်း မ​ပြောခဲ့​ပေ။ သို့​သော်လည်း ဤအခိုက်တွင် သူက တိတ်ဆိတ်​နေ​တတ်သော သားက အမှန်တကယ်တွင် ပို၍ပင် ​ကောင်း​နေ​သေးသည်ဟု ခံစားလိုက်ရသည်။


လာကူညီကြ​သော ရွာသားများအားလုံးက သားသတ်သမားကျန်းကို ကြည့်လိုက်ကြပြီး အချို့လူများက သူ့ကိုပင် အပြစ်တင်​နေခဲ့ကြသည်။ တရားရုံးအရာရှိသာ မြန်မြန် မပြန်နိုင်ရင် မြို့​တော်က လူ​တွေက သူတို့အားလုံးကို လာဖမ်းကြ​တော့မှာလား... သားသတ်သမားကျန်းက ကိစ္စ​တွေကို မြန်မြန်ပြီး​အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို မသိဘူးလား...


သာားသတ်သမားကျန်းက အံတင်းတင်းကြိတ်ကာ သင့်တော်သည့် သစ်သားများ ရှိ​လေမလားဟု ရွာသားများကို ​မေးမြန်းရ​လေ​တော့သည်။ သူက သစ်သား​ချောင်းများအတွက် ​ငွေ​ပေး​ချေရန် ဆန္ဒရှိ​နေသည်။


​ကျောက်ကျင်း​ကောသည်လည်း ကျန်းကျန့်အတွက် စိုးရိမ်သဖြင့် ​နေ့လည်ပိုင်းတွင် အထူးတလှယ် အိမ်ပြန်လာခဲ့ပြီး သားသတ်သမားကျန်းက အိမ်တွင် သစ်သား​ချောင်းများ ပြုလုပ်ရန် သင့်​တော်သည့် သစ်သားများ ရှိ​လေသလားဟု ​မေးမြန်း​နေသည်ကို အချိန်ကိုက် ကြားလိုက်ရသည်။


​ကျောက်ကျင်း​ကောက အမှတ်တမဲ့ဖြင့် ​ပြောမိသွားသည်။


"ကျွန်​တော့်မှာရှိ..." သူ့အစ်ကို ​သေဆုံးသွားစဥ်က အသက်ဆယ့်​ခြောက်နှစ် ရှိ​နေပြီဖြစ်၍ သူ့မိဘများက သူ့အတွက် အိမ်တစ်လုံး ​ဆောက်​ပေးရန် ပြင်ဆင်ထားခဲ့ကြသဖြင့် သူတို့က သစ်သားအချို့ကို စု​ဆောင်းထားခဲ့ကြသည်။ သူ့အ​ဖေကလည်း ​ကျောက်တုံးများစွာကို စု​ဆောင်းကာ အိမ်​နောက်ဖက်တွင် ပုံထားခဲ့သည်။


​နောက်ပိုင်းတွင် သူ့အစ်ကို မ​တော်တဆ ဖြစ်ချိန်၌ သူ့မိသားစု ဆင်းရဲသွားပြီး​နောက် သစ်သားများကို ​ရောင်းချမည့်အကြံလည်း ရှိခဲ့ဖူးသည်။


သို့​​သော်လည်း မိသားစုတိုင်းက သစ်ပင်များ ခုတ်နိုင်ပြီး သူတို့ကိုယ်တိုင် သစ်သားများ စီစဥ်နိုင်သည်။ သူတို့က ​ငွေအတွက် သစ်သားများကို ​မ​ရောင်းနိုင်ခဲ့သဖြင့် အိမ်တွင်သာ ပုံထားရ​လေသည်။


အဆုံးတွင် သားသတ်သမားကျန်းက ​ကျောက်မိသားစုမှ သစ်သားများကို ဝယ်လိုက်ရသည်။ ​ကျောက်ကျင်း​ကောက ၎င်းတို့ကို တစ်ခုပြီးတစ်ခု ​ရွှေ့​ပေး​နေသည်။ ကျန်းကျန့်၏ အိမ်​ဆောက်​ရာနေရာသို့ သူပြန်​ရောက်လာ​သောအခါ သူ့မျက်လုံးများက ကျန်းကျန့်ထံသို့ ​ရောက်ရှိသွား​လေသည်။


သူက ကျန်းကျန့်ကို ကြည့်​နေခဲ့ပါ​သော်လည်း သူ့အကြည့်များက ကျန်းကျန့်၏ အကြည့်များနှင့် ​တွေ့ဆုံလိုက်ရ​သောအခါ ချက်ချင်းဆိုသလိုပင် ​ခေါင်းကို အမြန်ငုံ့လိုက်ရသည်။


​​ကျေးရွာထဲမှ လူများလည်း ​ကျောက်ကျင်းကောလို လူများသာ ဖြစ်ရာ မည်သူကမှ ထိုအပြုအမူကို ထူးဆန်းသည်​ဟု မ​တွေးမိကြ​ပေ။ ​ကျောက်ကျင်း​ကောနှင့် ဆက်​ဆံ​ရေး​ကောင်းသည့် ​ယောကျ်ားတစ်ယောက်က ​ပြောလိုက်သည်။


"ကျင်း​ကော... ကျန်းကျန့်က ​ကြောက်စရာ​ကောင်းတယ်လို့ မင်းလည်း ထင်တယ်မလား... ကံ​ကောင်းလို့ ငါ အရင်တုန်းက သူ့ကို အနိုင်မကျင့်ခဲ့မိတာ"


​ကျောက်ကျင်း​ကောက ​ခေါင်းကို တိတ်တဆိတ် ငုံ့ထားလိုက်ရင်ဖြင့် မ​ရေမရာ ပြန်​ဖြေလိုက်သည်။ သူက ကျန်းကျန့်ကို မ​ကြောက်​ပေ။ သို့​သော်လည်း ကျန်းကျန့်ကို ​တွေ့လိုက်ရပြီး​နောက် မ​နေ့ညက အဖြစ်အပျက်များကို မ​တွေးမိဘဲ မ​နေနိုင်​သဖြင့် မျက်နှာထက်၌ ရှက်​သွေးဖြာလာရ​လေသည်။


သူက ဤအခိုက်၌ ကျန်းကျန့်ကို မကြည့်ရဲ​တော့ပါ​ပေ။


​ကျောက်ကျင်း​ကော သစ်သားများ ​ရွှေ့​ပေးပြီး​နောက် ညီမ​အငယ်ဆုံးကျန်း ​ရောက်လာပြီး ​ကြောက်လန့်တကြား ​ပြောလိုက်သည်။


"ထမင်း... ထမင်း စားလို့ရပြီ"


"အစားအ​သောက်​တွေ အသင့်ဖြစ်ပြီလား" ကျန်းကျန့်က ​ကျန်း​ရှောင်မိန်ကို ​တစ်ချက် ကြည့်လိုက်ပြီး​နောက် ဤ​နေရာ၌ ရှိ​နေကြသူများကို ​အော်​ပြောလိုက်သည်။


"မင်းတို့အားလုံး... ထမင်းစားဖို့ ငါ့​နောက်လိုက်ပြီးရင် ဗိုက်ပြည့်တဲ့အထိ စားကြ... ယဥ်​ကျေး​နေစရာ မလိုဘူး"


စကား​ပြောပြီးချိန်တွင် သူက လူအုပ်ကြီးကိုလည်း တစ်ချက် ကြည့်လိုက်​သေးသည်။ "ဘယ်သူ မလိုက်ရဲဘူးလဲ..." ကျန်းကျန့်က စကားဆုံး​အောင်ပင် မ​ပြောရ​သေး​သော်လည်း သူ့မျက်လုံးများထဲမှ ချိန်း​ခြောက်မှုက ရှင်းလင်း​နေ​​ပေသည်။


အခြားသူများမှာ ကျန်းကျန့်က လူတိုင်းကို ကျန်းမိသားစု အ​စားအ​သောက်များ ပိုစား​​စေလိုသည်​ကြောင့်​ဟု ​တွေးလိုက်ကြသည်။ ထွက်သွား​တော့မည့် ​ကျောက်ကျင်း​ကော တစ်​ယောက်သာ လှုပ်ရှား​နေသည်။ ဒါက သူနဲ့အတူ စားဖို့ ကျန်းကျန့်ရဲ့ အကြံများလား...


ဤရက်များထဲတွင် ကျန်းကျန့်က သူဗိုက်မဆာရ​စေ​တော့ဟု ​ပြောခဲ့ပြီး သူ့အတွက် အ​စားအ​သောက်များကို အမြဲတမ်း ယူလာ​ပေးခဲ့သည်။ သူတို့က ယခုတွင် စကားမ​ပြောနိုင်ကြ​သော်လည်း ကျန်းကျန့်က သူ့အ​ပေါ် ဂရုစိုက်​​ပေးရန် အမှတ်ရ​နေ​ဆဲ ဖြစ်သည်။


​ကျောက်ကျင်း​ကောက နှလုံးသားထဲမှ ​နွေး​ထွေးမှုကို ခံစားလိုက်ရ​သော်လည်း သူ့​ဘေးနားမှ လူများက ထိုအ​ကြောင်းကို များများစားစား မ​တွေးကြ​ပေ။ သူတို့က လက်ထဲမှ အမျိုးအစားစုံ​သော ကိရိယာများကို ချ၍ ကျန်းကျန့်နောက်မှ ကျန်းမိသားစုအိမ်ရှိရာသို့ လိုက်လာခဲ့ကြသည်။ အချို့လူများက ကျန်းကျန့်အား သူတို့ ထွက်သွားကြသည်ဟု ထင်မည်ကို စိုးရိမ်သဖြင့် အိမ်သာပင် မသွားရဲကြ​ပေ။


ကျန်းကျန့်က တရားရုံးအရာရှိကို ရိုက်နှက်ရဲသူဖြစ်ပြီး အလွန် အာဏာကြီးခဲ့​သောတရားရုံးအရာရှိသည်ပင် ကျန်းကျန့်​ရှေ့၌ အသံတစ်သံပင် မထွက်ရဲပါ​ချေ။


လူအုပ်ကြီးက မကြာမီပင် အဘွားကြီးကျန်း အိမ်နီးချင်းများထံမှ ငှားရမ်းထား​သော စားပွဲသုံးလုံးကို ချခင်းထားသည့် ကျန်းမိသားစုအိမ်ရှိရာသို့ ​ရောက်လာကြသည်။


တစ်​ယောက်​ယောက်ကသာ အိမ်​ဆောက်ချင်ပါက လူတိုင်းက ကူညီ​ပေးကြလိမ့်မည်။ ထိုအတွက် ​ငွေ​ပေး​ချေရန် မလို​သော်လည်း သူတို့က တစ်​ယောက်စာ ဝဝ​လင်လင် စားနိုင်ရန်အတွက် ​သေချာပေါက် ဖြည့်ဆည်း​ပေးရသည်။ ကြက်၊ဘဲ၊ ဝက်သားများ တည်ခင်းလေ့မရှိကြ​သော်လည်း အနည်းဆုံး ငါးနှင့် ကြက်ဥဟင်းနှစ်ခွက် ပါဝင်ရမည် ဖြစ်ပြီး အသီးအရွက်များပင် ပြုတ်ထားရုံမကဘဲ ဆီနှင့် ​​သေချာ ​မွှေ​ကြော်ထားရ​ပေသည်။


သို့​​သော်လည်း အဘွားကြီးကျန်းက ဆားရည်စိမ် အသီးအရွက် စွပ်ပြုတ် တစ်ခွက်၊ ​ပန်းဂေါ် ဖီနှင့် အသီးပြုတ်တစ်ခွက်သာ ပြင်ဆင်ထားပြီး ထိုအသီးအရွက် ဟင်းပွဲက တို့ဟူး​လေးပင် မပါ​ချေ။


အဘွားကြီးကျန်းက မျက်နှာသာ ရလိုသူ ဖြစ်သည်။ အတိတ်တွင် သူမက တွပ်ကပ်တတ်လျှင်​တောင် ထိုသို့​သော ပွဲအကြီးကြီးများကို ​​ကောင်း​ကောင်းမွန်မွန် ပြုလုပ်​ပေးခဲ့သည်။ သို့​သော်လည်း ယ​နေ့တွင်မူ မိသားစုက သူတို့၏ ပိုက်ဆံအားလုံးကို ကျန်းကျန့်ထံသို့ ​ပေးရရုံမက အခြား​သော မိသားစုများထံမှ ​ချေးငှားခဲ့ရ​သေးသည်။ ဒီ​လိုအ​ခြေအ​နေမှာ အဘွားကြီးကျန်းက ငါး​တွေ ဥ​တွေ ဝယ်ဖို့အတွက် ပိုက်ဆံသုံးဖို့ ဆန္ဒရှိပါ့မလဲ...


ရွာထဲမှ လူများက ကျန်းမိသားစု၏ အ​ခြေအ​နေကို သိကြသဖြင့် မည်သည့်စကားမှ မ​ပြောကြ။ ကျန်းကျန့်က ​လှောင်ရယ်လိုက်​​လေသည်။ "ခင်ဗျားက ကျုပ်ကို ဒါ​တွေပဲ​ပေးမှာ​ပေါ့​လေ"


"အိမ်မှာ ဘာမှ မကျန်​တော့ဘူး" အဘွားကြီးကျန်းက ​ပြောလိုက်သည်။


"အဲ့ဒါ ခင်ဗျားကိစ္စ... ကျုပ်အသားစားချင်တယ်" ကျန်းကျန့်က ခါးကြားမှ ဓါးကို ထုတ်ကာ ယန်ကျင်းဆီသို့ ချိန်ရွယ်လိုက်သည်။


ထိုဓါးက ယန်ကျင်းကိုပင် မထိရ​သေး​သော်လည်း သူ့ကို ယိုင်သွား​စေရန် ပြုလုပ်နိုင်ဆဲပင်။


ဂြိုလ်ဆိုး​ကောင်၏ ​တောင်းဆိုမှုများကို လိုက်​​လျောမ​ပေးနိုင်ပါက သူသည်လည်း ခံစားရမည်ကို နားလည်​နေသည့် ယန်ကျင်းက တုံ့ဆိုင်းမ​နေ​​တော့ဘဲ အဘွားကြီးကျန်းကို ​အော်ဟစ်လိုက်သည်။


"အဘွားကြီး... အသားမြန်မြန် ယူလာ​ပေး"