Chapter 27
အိမ်ဆောက်ပြီးသွားပြီ
အဘွားကြီးကျန်းက ယန်ကျင်းထံမှ လောဆော်ခံလိုက်ရပြီး ချက်ပြုတ်ရန်အတွက် မြန်မြန်ပြေးထွက်သွားလေတော့သည်။သူမက ထိုအခိုက်၌ အသားလတ်လတ် ဝယ်နိုင်မည့် နေရာမရှိသော်လည်း အိမ်တွင် ဝက်သားဆားနယ်ခြောက် အနည်းငယ် ရှိနေသေးသည်။
မကြာမီပင် အဘွားကြီးကျန်းက ဝက်ဆားနယ်ခြောက်နှင့် ကြက်ဥမွှေကြော် ပန်းကန်တို့ဖြင့် ထွက်လာခဲ့သည်။
သေချာပေါက်ပင် သူက ကျန်းမိသားစုကို တွန်းအားပေးရန် လိုပေသည်။ ဝက်ဆားနယ်ခြောက်နှင့် ကြက်ဥမွှေကြော်က အနံ့မွှေးလှသည်။ ကျန်းကျန့်က ကျောက်ကျင်းကောကို တချို့တလေ သွားပေးချင်ပါသော်လည်း လူတိုင်း၏ရှေ့တွင် ထိုသို့ လုပ်၍ မရနိုင်မှန်းလည်း သူသိနေသည်။ ကျောက်ကျင်းကောကို မပေးနိုင်သဖြင့် ကျန်းကျန့်က အလုတ်ကြီးကြီး တစ်ကိုက်ကိုက်လိုက်သည်။
ယန်ကျင်းက သူ့ဘေးတွင် ရပ်ကာ တံတွေးမျိုချနေသော်လည်း ကျန်းကျန့်က ဘာမှမပြောသဖြင့် သူကလည်း စားရန် ပါးစပ်မဖွင့်ရဲပေ။ သူက ဆာလောင်မှုကြောင့် မေ့မျောသွားတော့မည်ဟု ခံစားနေရသည်။
အစိုးရ အရာရှိ တစ်ယောက် ဖြစ်သည့် ယန်ကျင်းက ထိုနေရာတွင် ရပ်နေပြီး စားနိုင်ခြင်း မရှိသည့်အဖြစ်က ရွာသားများကို တုန်လှုပ်သွားစေပြီး ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်သွားစေသည်။
ထိုအရာကို သတိပြုမိသည့် ကျန်းကျန့်က ပန်းဂေါ်ဖီပြုတ်တစ်ခွက်ကိုယူကာ ယန်ကျင်းကို ပေးလိုက်သည်။ "မင်း ဒါစားလိုက်"
ကျန်းကျန့်က သူ့ကို သင့်တင့်လျောက်ပတ်သည့် အစားအသောက် မပေးခဲ့ပါသော်လည်း ယန်ကျင်းကမူ ပန်းဂေါ်ဖီပြုတ်တစ်ခွက်နှင့်ပင် ကျေနပ်နေပြီးသား ဖြစ်သည်။ သူက ဆီမပါဆားမပါသော ပန်းဂေါ်ဖီပြုတ် ဟင်းခွက်ကိုပင် သူစားဖူးသမျှထဲတွင် အကောင်းဆုံးဟင်းဟု ထင်မိသွားသည်။ သူက အမှန်ပင် ဗိုက်ဆာနေခဲ့ခြင်း ဖြစ်သည်။
ကျန်းကျန့်က ထမင်းနှစ်ပန်းကန်စားပြီးနောက် ကျန်သော ကြက်ဥနှင့် ဝက်ဆားနယ်ခြောက် မွှေကြော်ပန်းကန်ကို အခန်းထဲသို့ ပြန်သိမ်းသွားခဲ့သည်။ သူက တစ်ရေးအိပ်ရန် အသင့်ဖြစ်နေလေပြီ။
တစ်ရေးမအိပ်ခင် သူက ကြက်ဥမွှေကြော်ကို ဝါးဘူးလေးထဲသို့ ဂရုတစိုက် ထည့်လိုက်သည်။
ယန်ကျင်းက ထ်ုမြင်ကွင်းကို မြင်ပါသော်လည်း ကျန်းကျန့်ဘာလုပ်မည်ကို မသိရသဖြင့် မေးလည်း မမေးရဲပါပေ။ သူက အခန်းထောင့်လေးတွင် ကွေးကာ အစာအိမ်ကို ဖိထားရင်းဖြင့် တိတ်တဆိတ် နေနေသည်။
ပန်းဂေါ်ဖီပြုတ်နစ်ခွက်က မလောက်ငသဖြင့် သူဗိုက်ဆာနေရဆဲ ဖြစ်သည်။ ကံကောင်းထောက်မ၍ အိမ်က မကြာခင် ပြီးတော့မည်။
ယန်ကျင်းက တံတွေးမျိုချလိုက်ပြီးနောက် ရုတ်တရက်ပင် သူ့ဇနီးကို လွမ်းဆွတ်သွားခဲ့သည်။
သူဇနီး သူ့ကို လက်ထပ်စဥ်က သူမမှာ လှလည်းမလှသလို ရုပ်လည်း မချောသည်ကို တွေ့လိုက်ရသည်။ သို့သော်လည်း ကလေးနှစ်ယောက် မွေးဖွားပြီးနောက် ဝလာခဲ့သည်။ သူမက သူ့ဘေးမှ လူများကို သူ့အား လောင်းကစားခြင်းနှင့် အရက်သောက်ခြင်းများ မပြုစေရန် အမြဲလိုလို တောင်းဆိုလေ့ရှိသည်။ တဖြည်းဖြည်းနှင့် သူက သူမကို ပိုပို၍ စိတ်ပျက်လာခဲ့ပြီး အိမ်ကိုပင် ပြန်မသွားချင်တော့ပေ။ သူက အပြင်ဘက်တွင် အစားအသောက်နှင့် သောက်စရာများ ပြတ်လပ်လေ့မရှိဘဲ မိတ်ဆွေကောင်းများလည်း ရှိသဖြင့် ဘဝက မည်မျှပင် သက်တောင့်သပ်သာ ဖြစ်နေသည်ကို ပြောစရာပင် မလိုပေ။ အိမ်ကို ဘာကိစ္စ ပြန်နေရဦးမှာလဲ...
သို့သော် ယခုတွင် ယန်ကျင်း အိမ်လွမ်းနေရပေသည်။
သူ့ဇနီးက ဝတုတ်နေသော်လည်း ဟင်းချက်ကောင်းလှသည်။ သူ့ကလေး နှစ်ယောက်က အလွန် လိမ္မာလှပြီး သူ့မိဘများက သူ့အပေါ် ကောင်းကောင်း ဆက်ဆံကြပေသည်။
ကျန်းကျန့်၏ သူ့မိသားစုကို သတ်မည်ဟူသော ချိန်းခြောက်မှုကြောင့်သာ မဟုတ်ပါက သူ့မိသားစုနှင့် ဖြတ်သန်းခဲ့ရသော အချိန်ကောင်းလေးများကို အမှတ်ရမည် မဟုတ်ဘဲ သူပို၍ တွေးလေလေ အိမ်လွမ်းလာလေ ဖြစ်သည်။
အမှန်ပြောရမည်ဆိုပါက သူ့ဇနီးက သူ့အပေါ် လွန်စွာ ချစ်ခင်၍ သစ္စာလည်း ရှိသည်။ သူမသာ သူ ဤနေရာတွင် အခက်အခဲ ကြုံနေရသည်ကို သိပါက သူ့ကို ကယ်တင်ရန်အတွက် သေချာပေါက် နည်းလမ်းရှာပေလိမ့်မည်။ သူ့အချစ်တော်လေးအတွက်ကား ထိုမုဆိုးမလေးအတွက် သူကသာ တစ်ဦးတည်းသော အချစ် မဟုတ်ပေ။ သူမက သူ့ကို သတိပင်ရမည် မဟုတ်ပေ။ ပြီးတော့ သူ့ကလေးနှစ်ယောက်ကတော့...
ယန်ကျင်းက ယခင်က သူ့ကလေးနှစ်ယောက်ကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဘဲ သူတို့၏ နေ့စဥ်ပုံမှန်ဘဝများအကြောင်းကိုလည်း တစ်ခုမှ မသိခဲ့ပေ။ သို့သော်လည်း ယခုအချိန်တွင် ကျန်းကျန့်၏ သူ့မိဘရင်းများအပေါ် သဘေားထားများကို မစူးစမ်းမိဘဲ မနေနိုင်ပေ။
သူ့ကလေး နှစ်ယောက်ကသာ ကောင်းကောင်း ပြုထောင်ခြင်း မခံခဲ့ရဘဲ ကျန်းကျန့်လိုလူများ ဖြစ်လာခဲ့လျှင်... သူ အသက်ကြီးလာသည့်အခါ ဘာများ လုပ်နိုင်ပါတော့မလဲ...
သူတို့က ကျန်းကျန့်လိုလူများ ဖြစ်မလာဘဲ သူကိုယ်တိုင်ကဲ့သို့ ဖြစ်လာခဲ့လျှင်... ယန်ကျင်းမှာ သူ တရားရုံးတော် အရာရှိဖြစ်ပြီးနောက် အိမ်ကို တစ်ခါမှ ငွေမယူသွားခဲ့ဖူးသည်ကို ရုတ်တရက် အမှတ်ရလိုက်သည်။ သူက ရုတ်တရက်ပင် ရှက်ရွံ့သွားလေတော့သည်။
နောက်တစ်ကြိမ် သူ့ထံတွင် ငွေရှိလာပါက အိမ်ကို ပြန်အပ်ပြီး ကလေးနှစ်ယောက်ကိုလည်း ကောင်းကောင်း သင်ကြား ပေးရပေမည်။ သေချာပေါက် အရေးအကြီးဆုံးအရာမှာ သူ့ဇနီးအား ဝက်သားနှပ် တစ်အိုးကို စားချင့်စဖွယ် ထမင်းဖြူနှင့် ချက်ပြုတ်စေကာ နှစ်ပန်းကန်မျှ စားလိုက်ရေချေဦးမည်။
ယန်ကျင်းက ထပ်ပြီး တံတွေးမျိုချလိုက်ပြန်သည်။
ထိုအချိန်၌ ကျန်းချောင်ရှန့်မှာ မြို့မှ အိမ်ပြန်ရောက်လာလေပြီ။
သူက မောပန်းနွမ်းနယ်စွာဖြင့် အိမ်ထဲသို့ ဝင်လာခဲ့ပြီး စိတ်ဓါတ်ကျစွာဖြင့် ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
သူနှင့် ကျန်းဖျင်တို့ ကျန်းကျန့်၏ အိမ်ထောင်စု မှတ်ပုံတင် ရရှိရန်အတွက် စီရင်စုမြို့သို့ ရောက်လာခဲ့စဥ်က မည်သည့် အခက်အခဲမှ မကြုံခဲ့ရပေ။ အလုပ်သမားနှင့် စစ်မှုထမ်း တာဝန်များအားလုံးမှာ တူညီသော အိမ်ထောင်စု မှတ်ပုံတင် တစ်ခုတည်းတွင်သာ အခြေခံလေ့ရှိရာ တရားရုံတော်တွင် သူတို့က အိမ်ထောင်စုများခွဲရာတွင် ကူညီပေးရန် စိတ်အားထက်သန်ကြသည်။ သို့သော်လည်း ပိုက်ဆံရရန်အတွက် အိမ်ပြန်သောအခါ သူ့ဇနီးနှင့် အကြီးအကျယ် ရန်ဖြစ်ရတော့သည်။
ကျူးရှုဖန်က သူ့ကို ငွေပေးရန် ငြင်းဆန်နေပြီး အဆက်မပြတ် ငိုကြွေးနေခဲ့သည်။ သူက သူမကို အချိန်အတော်ကြာ ပြောဆိုတောင်းပန်နေသော်လည်း သူမက မလှုပ်မရှားရှိနေဆဲ ဖြစ်သည်။ နောက်ပိုင်းတွင် သူက အမှန်တကယ်ပင် ကူကယ်ရာမဲ့သွားရသည်။ သူက ရက်ရက်စက်စက်ပင် ကျူးရှုဖန်၏ သေတ္တာအောက်ခြေမှ ငွေပြားဆယ်ပြားကို လုယူခဲ့ရတော့သည်။
ကျူးရှုဖန်က ဒေါသ အမျက်ခြောင်းခြောင်း ထွက်သွားလေသည်။ သူအိမ်ပြန်မလာခင်မှာပင် သူမက အဝတ်အစားများ ထုပ်ပိုးကာ သူမ၏ မိသားစုအိမ်ရှိရာသို့ ပြန်သွားသည်။
မေ့လိုက်တော့... ထပ်တွေးနေလို့လည်း အသုံးမဝင်ဘူး... သူ ကျန်းကျန့်ရဲ့ အရင် ဖြေရှင်းပြီးမှ ကျူးရှုဖန်ကို အိမ်ပြန်ခေါ်လာခဲ့တော့မယ်...
ကျန်းကျန့်က တရေးအိပ်ပြီးနောက် အိမ်ဆောက်သည့်နေရာသို့ သွားကာ စိုက်ကြည့်နေခဲ့သည်။ ညစာစားရတော့မည့်အချိန်မှာပင် အိမ်က ပြီးလုနီးပါး ဖြစ်နေသော်လည်း သူ့အိမ်က အလွတ် ဖြစ်နေဆဲပင်။ မီးဖိုကိုလည်း မဆောက်ရသေးသလို ပရိဘောဂများလည်း မထည့်ရသေး။
ကျန်းကျန့်က ထိုလုပ်ငန်းစဥ်ကို အလွန် ကျေနပ်အားရနေခဲ့သည်။ ထပ်ရှိသေးသည်မှာ ကျောက်တဟူအိမ်မှ အလုပ်လုပ်ပြီး ပြန်လာသော ကျောက်ကျင်းကောသည်လည်း လာရောက် ကူညီခဲ့ပြီး သူ့ရှေ့တွင် အချိန်အတော်ကြာ လှည့်လည်သွားလာနေခဲ့သည်။
ကံဆိုးစွာဖြင့် ညစာမစားခင်မှာပင် ကျောက်ကျင်းကောက ခွင့်တောင်းကာ အိမ်တွင် ထင်းခုတ်ရန် ပြန်သွားခဲ့ပါသဖြင့် အခြားသူများနှင့်အတူ ကျန်းအိမ်တွင် လိုက်မစားနိုင်ခဲ့။
သို့သော်လည်း ကျောက်ကျင်းကောက ညတွင် သူ့ကို လာတွေ့လိမ့်မည် ဖြစ်ကြောင်း သူ သေချာသိနေပေသည်။
ထိုညတွင် ဆာလောင်မှုကြောင့် ဖြစ်နိုင်သည်.. ယန်ကျင်းမှာ အိပ်မပျော်နိုင်ဘဲ ဟိုဘက်လှည့်လိုက် သည်ဘက်လှည့်လိုက်ဖြင့် လှိမ့်နေရသည်။
ကျန်းကျန့်က ထိုအရာကို သည်းမခံနိုင်တော့ပေ။ သူ့ထံသို့ ခြေလှမ်း အနည်းငယ် တိုးသွားပြီး ချက်ချင်းပင် သတိမလည်နိုင်သေးသူကို ခေါက်၍ ကြိုးပြန်ချည်ထားလိုက်သည်။
ယခင်က ယန်ကျင်း သူချည်ထားသော ကြိုးမှ လွတ်ထွက်သွားနိုင်သွားသည်မှာ သူက ဖြစ်သလို ချည်ထားခဲ့ပြီး ထိုသူကို ခြိမ်းခြောက်နိုင်ရန်အတွက် တမင်သက်သက်ပင် ထွက်ပြေးရန် အခွင့်အရေး ပေးထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခုတွင်...
ကျန်းကျန့်က ယန်ကျင်းကို အထုံးတစ်ခုဖြင့် ချည်နှောင်ထားခဲ့သဖြင့် ယန်ကျင်းကို ကြိုးဖြေနည်း သင်ပေးသူ ကိုယ်တိုင် လာဖြေပေးလျှင်တောင် ဖြေပေးနိုင်မည် မဟုတ်ပေ။
ပြီးသွားသည့်နောက် ကျန်းကျန့်က ပြတင်းပေါက်မှ ခုန်ထွက်၍ ကျောက်ကျင်းကောကို သွားရှာရန် စီစဥ်ထားခဲ့သည်။
သူ့ထံတွင် ကျောက်ကျင်းကောအတွက် ဝက်ဆားနယ်ခြောက်နှင့် ကြက်ဥမွှေကြော် အနည်းငယ် ကျန်နေသေးပြီး ထိုသူ့ကို ကျွေးရန် စောင့်နေခဲ့ခြင်း ဖြစ်သည်။
ထွက်လာသည်နှင့် ကျန်းကျန့်က မနီးမဝေးတွင် မလှုပ်မယှက် ရပ်နေသည့် ယောကျ်ားတစ်ယောက်ကို တွေ့လိုက်ရသည်။ ကျောက်ကျင်းကော မဟုတ်ရင် ဘယ်သူ ဖြစ်ရဦးမှာလဲ... အပြင်ဘက်တွင် မည်မျှကြာသည်အထိ ရပ်နေသည်ကို မသိရပေ။
ဒီရှက်နေတဲ့ ယောကျ်ားက သူ့ကို ကိုယ်တိုင် လာရှာရဲတယ်ပေါ့လေ... ကျန်းကျန့်က ရွှင်မြူးသွားခဲ့လေသည်။ သူက ထိုယောကျ်ားကို ရေကန်လေးဘက်သို့ ထပ်ပြီး ဆွဲခေါ်လာခဲ့ပြီးနောက် ကျောက်ကျင်းကော၏ မျက်နှာလေးကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်၍ နှူတ်ခမ်းကို နမ်းရှိုက်လိုက်သည်။
"မင်း ကိုယ့်ကို လာရှာမယ် ဆိုတာ သိနေတယ်"
သစ်လုံးတိုင်ကဲ့သို့ အမူအယာဖြင့် ရှိနေသော ကျောက်ကျင်းကောမှာ စကားပြောမလာခဲ့။ ထိုအခိုက်တွင် သူက ကျန်းကျင့် နမ်းလိုက်သည့် နေရာမှ လှိုက်တက်လာသည့် အပူလှိုင်းကြီးက သူ့ခန္ဓါကိုယ်တလျှောက်လုံး ဖြည်းဖြည်းချင်း ပျံ့နှံ့လာသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိနေသဖြင့် လှုပ်ပင် မလှုပ်ချင်တော့ပေ။
မဟုတ်သေး... လှုပ်ချင်နေတဲ့ တစ်နေရာတော့ ရှိသေးတယ်... သူ့ခွကြားထဲမှ ပစ္စည်းက လှုပ်ရှားရန် အသင့်ဖြစ်နေသည်ကို ခံစားမိနေသော ကျောက်ကျင်းကောမှာ ရှက်လွန်းလှသဖြင့် ကိုယ်တိုင်ပင် ရေကန်ထဲသို့ ခုန်ဆင်းလိုက်ချင်မိသွားသည်။
သူ... ဒါဆို ဒါက အဲ့ဒါပဲပေါ့...
သူ့မိဘများကသာ သူ သန်းခေါင်အချိန်တွင် တစ်စုံတစ်ယောက်နှင့် သွားတွေ့နေပြီး ထိုကဲ့သို့လည်း ဖြစ်နေသေးသည်ကို သိသွားကြပါက...
ကျောက်ကျင်းကောက ကျန်းကျန့်ဘေးတွင် မလှုပ်မယှက် ထိုင်နေခဲ့ပြီး သူ့ပအတွေးများက ဝက်ဆားနယ်ခြောက်ကြော်၏ ရနံ့လေး ရလိုက်သည့်အချိန်မတိုင်မီအထိ လွင့်မျောနေခဲ့သည်။
"လာလေ... ကြက်ဥနဲ့ အသားမွှေကြော်လေး စားလိုက်" ကျန်းကျန့်က ကြက်ဥမွှေကြော်ကို တူဖြင့် ယူ၍ ကျောက်ကျင်းကော၏ ပါးစပ်ထဲသို့ ထည့်လိုက်ပြီးနောက် နောက်ထပ် ထမင်း တစ်ဇွန်းအပြည့်ကိုလည်း ပေးလိုက်သည်။
ကျောက်ကျင်းကောက ဖြည်းဖြည်းချင်း ဝါးနေပြီး သူ့နှလုံးသားကို ငြိမ်သက်စေရန် ပြုလုပ်နေရသည်။
ကျန်းကျန့်က သူ့ကို နှလုံးသားအလုံးစုံ ပုံပေးထားပုံပါပင်။ ထို့ကြောင့် သူတို့နှစ်ဦးသားက တစ်ယောက်နှင့် တစ်ယောက် နီးနီးကပ်ကပ် ရှိကြရန် အဆင်ပြေသည်။ သူတို့က အနာဂါတ်တွင် ဖြည်းဖြည်းချင်း လက်ထပ်နိုင်မည်ပင်။
နောက်တစ်ရက်တွင် ကျန်းကျန့်၏ အမိန့်အရ ကျန်းချောင်ရှန့်အိမ်မှ ပရိဘောဂများအားလုံး အပါအဝင် ကျန်းအိမ်မှ သံဒယ်အိုးကြီး၊ အိုးများ၊ ဒယ်ပြားများမှာ သူ့အိမ်အသစ်ထံသို့ ပြောင်းရွှေ့ခြင်း ခံလိုက်ရသည်။
အနည်းငယ် သန့်ရှင်းရေး လုပ်ရုံမျှဖြင့် အိမ်အသစ်မှာ ပြောင်းရွှေ့ရန် အသင့် ဖြစ်နေလေပြီ။
ကျန်းကျန့်က သူ့အိမ်အသစ်ကို လှည့်ပတ် ကြည့်ရှုရန် ဓါးတစ်ချောင်းနှင့်အတူ ယန်ကျင်းကို လမ်းပြလာခဲ့ပြီးနောက် အိမ်ဆောက်ရန် ကူညီပေးခဲ့ကြသည့် ရွာသားများကို ကျန်းမိသားစုအိမ်သို့ နေ့လည်စာစားရန် ပြန်ခေါ်လာခဲ့သည်။
နေ့လည်စာ စားပြီးနာက် ကျန်းကျန့်က သူ့လက်ကို ကျန်းချောင်ရှန့်ရှေ့သို့ ဖြန့်ကာ ပြောလိုက်သည်။ "ငွေပြားနဲ့ စာရွက်စာတမ်းတွေ အသင့်ဖြစ်ပြီလား"
"ဒါက အိမ်ထောင်စု မှတ်ပုံတင်ပါ... ငွေကတော့..." ကျန်းချောင်ရှန့်က ငွေကိုင်ထားသော အဘွားကြီးကျန်းကို ကြည့်လိုက်သည်။
"ဒီမှာ" အဘွားကြီးကျန်းက ငွေအိတ်တစ်အိတ် ထုတ်လာခဲ့သည်။
ကျန်းကျန့်က လက်ထဲမှ ငွေအိတ်ကို ချိန်ဆကြည့်ပြီးနောက် ကျန်းချောင်ဝမ်ကို ပြောလိုက်သည်။
"ချိန်ခွင် ယူလာပြီး ချိန်ပေး"
မလှမ်းမကမ်းတွင် ရပ်နေသော ကျန်းချောင်ဝမ်မှာ ကျန်းကျန့်ထံမှ ရွေးချယ်ခံလိုက်ရမည်ဟု ထင်မထားခဲ့ပေ။ သူက ကံမကောင်းလိုက်တာဟု ခံစားလိုက်ရသော်လည်း မနာခံဘဲ မနေရဲပါချေ။ သူက ချိန်ခွင်တစ်ခုကို မြန်မြန် သယ်လာခဲ့သည်။
ကျေးလက်မှ လူများစွာက အိမ်တွင် ချိန်ခွင်များ ရှိတတ်ကြသော်လည်း ချိန်ခွင်များမှာ ကျောက်တုံးမှ ပြုလုပ်ထားခြင်း ဖြစ်၍ ပစ္စည်းများ ချိန်တွယ်သည့်အခါ ကွာဟမှုအချို့ ရှိတတ်သည်။.
ကျန်းမိသားစုအိမ်မှ ချိန်ခွင်က ပစ္စည်းများ ချိန်သည့်အခါ အမှန်တကယ် အလေးချိန်ထက် အနည်းငယ် ပိုလေးသည်ဟု ပြပေလိမ့်မည်။ ရလဒ်အနေဖြင့် လေးဆယ်ထက် မနည်းသင့်သော ငွေအိတ်က သုံးဆယ့်ကိုးဟုသာ ပြနေခဲ့သည်။
ကျန်းကျန့်က အဘွားကြီးကျန်းကို တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်လိုက်သည်။
"အိမ်မှာ သုံးဆယ့်ရှစ်ပြားပဲ ရှိတယ်... ကြေးပြားတစ်ပြားတောင် မကျန်တော့ဘူး"
အဘွားကြီးကျန်းက တုန်ယင်နေသည်။ ကျန်းကျန့်၏ ရုတ်ရက် ကြမ်းကြုတ်လာတတ်သော အပြုအမူကို တွေ့ထားပြီးနောက် သူ့အမူအယာက ပို၍ တည်ငြိမ်နေလေလေ သူမက ပို၍ ထိတ်လန့်လာလေလေ ဖြစ်သည်။
သူမက ငွေပြတ်နေသည့်အတွက် နောင်တရမိသည်။ သူမက သူ့ကို ငွေပြားလေးဆယ် မပေးချင်သောကြောင့် အဆုံးတွင် မသိသာလောက်သည့် သုံးဆယ့် ခုနစ်ပြားထက် အနည်းငယ်ပိုအောင်သာ ပေးခဲ့သည်။ ကျန်းကျန့်က ချိန်ကြည့်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ...
"အိမ်မှာ ငွေမရှိတော့ဘူးလား" ကျန်းကျန့်က စိတ်အေးလက်အေး မျက်နှာထားကိုသာ ရှိနေဆဲ ဖြစ်သည်။
"ဟုတ်တယ်... အိမ်မှာ ငွေထပ်မရှိတော့ဘူး" အဘွားကြီးကျန်းက သူမ၏ ကိုယ်နေဟန်ထားကို ထိန်းသိမ်းထားသည်။
"ဒါဆိုလည်း ကောင်းပြီလေ... ငွေထပ်မချေးပါနဲ့တော့" ကျန်းကျန့်က အပြုံးလေး တစ်ခုဖြင့် ဆိုလိုက်သည်။
အဘွားကြီးကျန်းက ကျန်းကျန့်၏ စကားများကို ကြားသောအခါ သူမ၏ မျက်နှာက ချက်ချင်း ဝင်းပသွားလေသည်။ ဒီဂြိုလ်ဆိုးကောင်က မစစ်ဆေးတော့ဘူးလား... သူမက ငွေပြားသုံးပြားကို ချွေတာလိုက်ရသည့်အတွက် မထင်မှတ်ဘဲ ပျော်ရွှင်သွားလေသည်။
ကျန်းကျန့်က ငွေပြားအိတ်ကို အချိန်အတော်ကြာကတည်းက ပြင်ထားခဲ့သည့် အိတ်ထဲသို့ ထည့်ကာ ရုတ်တရက်ပင် အိမ်ဘက်ကို လျှောက်သွားခဲ့သည်။
"နင် ဘာလုပ်မလို့လဲ" အဘွားကြီးကျန်းက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
ကျန်းကျန့်က အဘွားကြီးကျန်း၏ အမေးကို အပြုအမူများဖြင့် ပြန်ဖြေလိုက်လေသည်။ သူက ဝင်သွားပြီးနောက် ဝက်တစ်ကောင်ကို ဖမ်းကာ နားရွက်ကို ကိုင်၍ တရွတ်တိုက် ဆွဲခေါ်လာခဲ့သည်။
ဝက်က စူးစူးရှရှ အော်ဟစ်နေပြီး ခြေလေးချောင်းမှာလည်း မြေပေါ်ကို ထောက်ကန်ထားသည်။ သူက လှုပ်ရှားရန် ငြင်းဆန်နေပါသော်လည်း အဆုံးတွင် ကျန်းကျန့်၏ ခွန်အားကို မလွန်ဆန်နိုင်ဘဲ ဆွဲခေါ်ခံလာရလေသည်။