အပိုင်း၂၈
Viewers 24k

Chapter 28

Chapter 28

ငွေအတွက် ဝက်သတ်ခြင်း




ကျန်းမိသားစုက ဝက်သုံး​ကောင် ​မွေးထားပြီး ကျန်းကျန့်က ၎င်းတို့ကို အချိန်အ​တော်ကြာ လိုချင်​နေခဲ့ရသည်။


သူက ကျန်းမိသားစုထံမှ အရိုက်ခံခဲ့ရသည့် အကြီးဆုံးကျန်း မဟုတ်သဖြင့် ယခင်က ထိုဝက်သုံး​ကောင်ကို သတ်ရန် စိတ်ကူး မရှိခဲ့​ပေ။ ကျန်းမိသားစုထံမှ ဟိုဟို သည်သည် ပစ္စည်းများ ယူလာခဲ့ရန် မလွယ်ကူ​ပေ။ သို့​​သော်လည်း ယခုတွင်မူ... သူ​နောက်ဆုံး​တော့ ဝက်သတ်ပြီး ဝက်သားစားနိုင်ပြီကွ...


"နင် ဘာလုပ်ဖို့ ကြိုးစား​နေတာလဲ... ရပ်လိုက်စမ်း"ကျန်းကျန့် ဝက်တစ်​ကောင် ဆွဲ​ခေါ်လာသည်ကို မြင်​သော အဘွားကြီးကျန်းက အထိတ်တလန့် ​​အော်ဟစ်လိုက်သည်။


"ညီမ​လေး... ဝက်​သွေးခံဖို့ ပုံးတစ်ခု သွားယူ"


ကျန်းကျန့်က ကျန်း​ရှောင်မိန်ကို ​ပြောလိုက်ပြီး အဘွားကြီးကျန်းကို လျစ်လျူရှုထားသည်။ မူလတွင် သူက ဝက်​သွေးအနည်းငယ်ကို ​သေချာ​ပေါက် ဂရုစိုက်မည်မဟုတ်​ပေ။ သို့​သော်လည်း လတ်တ​လောတွင် သူ မည်သည့်အသားကိုမှ မစားခဲ့ရသဖြင့် ဝက်​သွေးများအား ဖြုန်းတီးပစ်မည်ကိုပင် တွန့်ဆုတ်​နေခဲ့သည်။


ကျန်း​ရှောင်မိန်က ​နေရာမှာပင် ရပ်​နေပြီး မလှုပ်ရဲ​ပေ။ ​​နောက်ဆုံးတွင် သားသတ်သမားကျန်းက သူမကို ကန်၍ ပြောလိုက်သည်။ "ပုံးသွားယူ​​လေ"


"တလက်စတည်း ​ရေ​နွေးတည်ထားလိုက်"


ကျန်းကျန့်က အမိန့်ထပ်​ပေးလိုက်ပြီး​နောက် ဝက်ကို ​မြေ​ပေါ်သို့ ဖိချကာ ၎င်းအ​ပေါ်တွင် ​သူ့ခြေ​ထောက်ဖြင့် ထပ်ဖိထားလိုက်ပြီး​နောက် ပတ်ပတ်လည်မှ ရွာသားများကို ​​ပြောလိုက်သည်။


"ငါက ဝက်သတ်ပြီး ဝက်သား ​ရောင်းမယ်... မင်းတို့ ထွက်မသွားရင် ​ကောင်းမယ်... ​​သေချာ​ပေါက် အိမ်ပြန်ပြီး ပိုက်ဆံယူလို့​တော့ ရတာ​ပေါ့"


ကျန်းကျန့်က တည်တည်ငြိမ်ငြိမ် ​ပြောလိုက်​သော်လည်း သူ၏ အရှိန်အဟုန်တို့နှင့် သူ့​​ခြေထောက်​အောက်မှ ရုန်းကန်​နေ​ရသော ဝက်တို့​ကြောင့် အလွန် ရက်စက်ကြမ်းကြုတ်သည့်ပုံ​ပေါ်​နေ​သည်။


မူလတွင် ပြန်​ပြေးချင်ကြသူများမှာ ယခုတွင် မပြန်ရဲကြ​တော့​ပေ။ အချို့သူများက​တော့ ​ငွေယူရန် အိမ်ပြန်သွားကြသည်။


ကျန်းကျန့်က ပြုံး၍ ကျန်း​ချောင်ရှန့်ကို ​ပြောလိုက်သည်။ "ခုံသွားမလာခဲ့"


​ရှေး​ခေတ်ဝက်များမှာ ဝက်စာမရှိဘဲမကြာခဏ မြက်များသာ ​ကျွေး​လေ့ရှိသဖြင့် ​​ပေါ့ပါးလှသည်။ ကျန်းမိသားစု ဝက်က ပြားကပ်​၍​နေပြီးသား ဖြစ်​သော်လည်း ၎င်းက ကီလိုတစ်ရာခန့်သာ ​အလေးချိန် ရှိနိုင်သည်။ သူက သန့်ရှင်းပြီး​နောက် ဝက်သား ခုနစ်ဆယ် ရှစ်ဆယ် ကီလိုခန့်သာ ရရှိမည်ဟု ခန့်မှန်းမိသည်။


ထိုသေး​သေး​လေး​လောက်ကိုဖြင့် ကျန်းကျန့်က ​သေ​အောင်ထိ ဖိထားနိုင်သည်။ သို့​​သော်လည်း သူထိုကဲ့သို့ လုပ်နိုင်လျှင်ပင် ကျန်ရွာသားများက လုပ်နိုင်ကြမည် မဟုတ်​ပေ။ သူ့​ခြေ​ထောက်​အောက်မှ ဝက်က ရုန်းကန်​အော်ဟစ်​နေ​သော်လည်း လွတ်​​​အောင် ရုန်းနိုင်ခြင်း မရှိသည်ကို ​တွေ့​နေရ​သောအခါ သူတို့အားလုံးက မသိလိုက်မသိဘာသာဖြင့် ​ခြေတစ်လှမ်းဆုတ်မိသွားကြ​လေသည်။


ကျန်း​ချောင်ရှန့်က ​​ခွေး​ခြေ အစုံကို တွန်းပို့​ပေးလာ​သောအခါ ကျန်းကျန့်က ဝက်ကို ​​ကောက်ကိုင်လိုက်ပြီး ခွေး​ခြေ​လေး​ပေါ်တွင် ဖိထားလိုက်သည်။ ထိုအချိန်မှာပင် သားသတ်သမားကျန်း ဝက်သတ်သည်ကို မြင်ဖူးထား​သော ကျန်း​ရှောင်မိန်က ​သွေးများကို စု​ဆောင်းရန်အတွက် ဝက်၏ လည်ပင်း​အောက်တွင် ပုံးတစ်ပုံးကို ခံထား​​ပေးလိုက်သည်။


ကျန်းကျန့်က ဝက်၏ လည်ပင်းကို ဓါးဖြင့် လှီးလိုက်သည်။ ဓါး၏ လက်ကိုင်ရိုး လည်သွားပြီး ဝက်၏ လည်​​ချောင်းကို ဖြတ်လိုက်သည်နှင့် ဝက်မှာ ရုတ်တရက်ပင် အသက်တစ်ရှိုက်ကို ဆုံးရှုံးသွားခဲ့ပြီး တွန့်လိမ်သွားသည်။ ထို့​နောက် လည်ပင်းမှ ​သွေးများ ပန်းထွက်လာ​​လေသည်။


သူက ထိုအချင်းအရာကို ပြုလုပ်​နေစဥ်တွင် တမင်သက်သက်ပင် တွန်းအား​ပေး​န်ုင်သော အရှိန်အဝါကို ထုတ်လွှတ်ထားပြီး တမင်တကာပင် ပြုံး​နေခဲ့သည်။ ထိုအပြုံးကို ယုတ်မာရက်စက်​သော လူသတ်သမား တစ်​ယောက်ထံမှ တုပထားခြင်း ဖြစ်သည်။ ၎င်းက စိတ်​​ကျေနပ် ​ပျော်ရွှင်မှုများဖြင့် ပြည့်​နေခဲ့သည်။ ၎င်းက ကြည့်ချင်စရာ မရှိပါ​သော်လည်း လက်ထဲတွင် သားသတ်ဓါးကို ကိုင်ထားပြီး ပြုံး​နေသည်က ကြက်သီး​မွှေးညင်းများ ထ​လောက်ဖွယ် ဖြစ်​နေ​လေသည်။


သူ့​ဘေးနားမှ လူများမှာ အမှန်တကယ်ပင် ​ကြောက်ရွံ့သွားကြ​လေသည်။ သားသတ်သမားကျန်းက ဝက်များကို ထိုအပြုအမူအတိုင်းသာ သတ်​လေ့ရှိခဲ့သည်။ လူတိုင်းက ဝက်သတ်ခြင်းကို ဘယ်တုန်းကမှ မ​ကြောက်ရွံ့ခဲ့ကြ​သော်လည်း အခုလေးတင် ကျန်းကျန့် ဝက်သတ်ပြလိုက်​သောအခါ သူတို့၏ ဆံပင်များ ​ထောင်ထလာခဲ့ပြီး အလွန် ​ကြောက်ရွံ့သွားကြ​လေ​တော့သည်။


ကျန်းကျန့်က ထိုအခိုက်၌ စိတ်​ကောင်းဝင်​နေခဲ့သည်။ ဝက်​သွေးများ အကုန် ထွက်ပြီးသွားသောအခါ သူက ဝက်ကို ​မြေ​ပေါ်သို့ ပစ်ချလ်ုက်ပြီး ရုတ်တရက်ပင် သူက သူ့ထံ၌ လုပ်စရာ မရှိခဲ့လျှင် အချိန်တစ်ခုထိ ဝက်များကို အမှန်တကယ် သတ်​ပေး၍ ရနိုင်သည်ဟု ​တွေးမိသွားသည်။


အကြီးဆုံးကျန်းက ဝက်များ သတ်ရာ၌ ကျွမ်းကျင်ပြီး သူက ၎င်းကို မှတ်ဥာဏ်များထဲမှ သင်ယူလိုက်ခြင်းသာ ဖြစ်သည်။ ဝက်သတ်ခြင်းက အလွန်ပင် ရိုးရှင်းလှသည်ဟု ​တွေးမိသွားသည်။ သူ ယခင်က လူများကိုပင် သတ်ခဲ့ဖူးသဖြင့် ဝက်မသတ်နိုင်စရာ အ​ကြောင်းမရှိ​ပေ။


​နောက်တစ်ဆင့်အ​နေဖြင့် ဝက်အ​မွှေးများ နှုတ်ရန်အတွက် ​​ရေ​နွေးထဲတွင် တစ်ခဏမျှ စိမ်ထားရသည်။ ဝက်အ​မွှေးများကို ​သေချာရှင်းလင်းပြီးသွား​သောအခါ ဝက်အူများ ထုတ်ရန်နှင့် အတွင်းပိုင်း ကလီစာများကို ​ကိုင်တွယ်ရန်အတွက် ဗိုက်ဖွင့်ရန် လိုသည်။


ထိုအရာများအတွက် နည်းစနစ်ကျသည့် အချက်အလက်မရှိ​ပေ။ ကျန်းကျန့်က ဝက်​မွှေးများကို ခုံး​ကောင်အခွံဖြင့် ခြစ်ထုတ်လိုက်ပြီး​နောက် သူ့အာရုံများက ဝက်အစာအိမ်အတွင်းမှ ဝက်အူများထံသို့ ​လှည့်​ပြောင်းလိုက်သည်။


သူက ဝက်အူများကို ​ဆေး​ကြောရန် ပျင်းလွန်းသဖြင့် နှလုံး၊ အဆုတ်၊ အသည်းနှင့် အစာအိမ်များကိုသာ ဖြတ်လိုက်ပြီး​နောက် အရိုးခုတ်ဓါးကို သုံးကာ ဝက်ကို နှစ်ပိုင်းခွဲလိုက်သည်။


ဝက်သတ်​နေစဥ်တွင် တစ်​ယောက်​ယောက်က ပထမဆုံးအခွင့်အ​ရေးယူ၍ သူ့အား လာ​ရောက် တိုက်ခိုက်လာမည်ကို စိုးရိမ်​နေခဲ့သည့် ကျန်းကျန့်က အမှန်တကယ်တွင် သတိကြီးကြီး ထား​နေခဲ့သည်။ သို့​သော်လည်း ထိုအခိုက်တွင် သူက အ​တွေးလွန်သွားသည်မှာ သိသာ​နေခဲ့​ပေသည်။


သူတို့က သူ့ကို လုံးဝ မတိုက်ခိုက်ရဲကြသဖြင့် ဝက်ကို စိတ်​အေးလက်​အေး သားထိုး​နေလိုက်သည်။


ဝက်တစ်ကိုယ်လုံးကို နှစ်ခြမ်း ခွဲထားသည်။ ကျန်းကျန့်က အခြမ်း တစ်ခြမ်းစီကို ​​ရှေ့​ခြေ၊ ရင်အုပ်ပိုင်းနှင့် ​နောက်​ခြေ​ထောက်ဟု သုံးပိုင်း ပိုင်းလိုက်သည်။


သူလုပ်​နေသည်က သားသတ်သမားကျန်း နှစ်​ပေါင်းများစွာ လုပ်လာခဲ့သည့် ပုံစံသာ ဖြစ်​သော်လည်း သူ့ဓါးချက်များက လွဲ​​ချော်သွားခြင်းမရှိဘဲ သူ့မျက်နှာကလည်း ပြုံး​နေဆဲသာ ဖြစ်သဖြင့် လူအများကို တုန်ယင်သွား​စေသည်။


ယန်ကျင်းကို ကျန်းကျန့်က လွှတ်​ပေးထားပြီး ဖြစ်​သော်လည်း သူက ထွက်မ​ပြေးရဲဘဲ ​နေရာမှာပင် ​နေ​နေရသည်။ ကျန်းကျန့် ဓါးကို လွှဲခုတ်လိုက်သည့် အချိန်တိုင်း သူ့​ခေါင်းကို မကျုံ့မိဘဲ မ​နေနိုင်​ပေ။ သူက အချိန်တစ်ခဏမျှ ကျန်းကျန့်ကို မဆွခဲ့မိသည့်အတွက် အလွန်အမင်း ဝမ်း​မြောက်သွား​လေသည်။ အနည်းဆုံးတော့ သူက ကျန်းမိသားစုအိမ်မှ ကိုယ်တဆက်တည်းဖြင့် ထွက်ခွာသွားရနိုင်သည်။


"ဝက်သား တစ်ကီလိုအတွက် ​ကြေးပြားနှစ်ဆယ်... ဘယ်သူလိုချင်လဲ" ကျန်းကျန့်က သူလျစ်လျူရှုထားခဲ့​​​သော ရွာသားများကို ကြည့်လိုက်သည်။


ကျန်းကျန့်၏ ပုံစံက သူတို့ မဝယ်လျှင် ဓါးဖြင့် ခုတ်​​တော့မည့်ဟန်မျိုး ဖြစ်​နေ​သော်လည်း လူတိုင်းမှာ ပထမဦးဆုံး ဝယ်သူ ဖြစ်ရမည်ကို အလန်​ကြောက်ရွံ့​နေကြသည်။


အဆုံးတွင် ရွာလူကြီး ကျန်းဖျင်က အံတင်းတင်းကြိတ်ကာ ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ် အနစ်နာခံသည့် စိတ်ထားမျိုးဖြင့် ​ရှေ့သို့ ထွက်လာခဲ့​လေသည်။


"ငါ ငါးကီလို ဝယ်မယ်"


"​ကောင်းပြီ" ကျန်းကျန့်က ဝက်၏ ​​ရှေ့​ခြေထောက်ကို လှီးကာ အသားထဲမှ အရိုးကို ဖယ်ထုတ်လိုက်သည်။ ထို့နောက် ဓါးကို ကိုင်၍ ချိန်ဆပြီး​နောက် အသားငါးကီလိုကို ခုတ်ကာ ချိန်​​ပေးလိုက်သည်။


"​လေးဆယ့်ငါးကီလို... ​ကြေးပြား ကိုးဆယ်"


​စီရင်စုမြို့တွင် ​နေ့တိုင်းဝက်သား​ရောင်းချသည့် သားသတ်သမား တစ်​ယောက် ရှိသည်။ သူက နှစ်သစ်ကူးရက်တွင် ပို၍ ​စျေးကြီးကြီး ​ရောင်း​လေ့ရှိ​​သော်လည်း ပုံမှန်အချိန်များတွင် ​အနည်းငယ် စျေးပိုချိုသည်။


ယ​နေ့က ပုံမှန် ​နေ့ရက်သာ ဖြစ်သည်။ ကျန်းကျန့်က ဝက်သားတစ်ကီလိုကို ​ကြေးပြားနှစ်ဆယ်ဖြင့် စတင်​ရောင်းချလိုက်သည့်အခါ ရွာသားများက ​စျေးကြီးသည်ဟု ခံစားလိုက်ရပြီး အထူးသဖြင့် သူတို့က ဝယ်ယူရန် တွန်းအား​ပေးခံ​နေရသည်လည်း ဖြစ်ရာ ပို၍ပင် တွန့်ဆုတ်သွားကြလေသည်။


ရလဒ်အ​နေဖြင့် ကျန်းကျန့် ဝက်သား​ရောင်း​သောအခါ သူက အသားထဲမှ အရိုးကိုလည်း ဖယ်​ပေး​သေးသည်။ ​ပြောရမည်ဆိုပါက သူ​ရောင်းသည်မှာ အသားသန့်သန့်သာ ဖြစ်​ပေသည်။


ကျန်းဖျင်ပြီး​နောက် အခြားသူများကလည်း ဝက်သားဝယ်ရန် တစ်​ယောက်ပြီးတစ်​ယောက် ​ရှေ့တိုးလာကြပြီး သူတို့၏ နှလုံးသားထဲမှ တွန့်ဆုတ်မှုများလည်း တစ်စမကျန် ကွယ်​ပျောက်သွား​လေ​တော့သည်။


သားသတ်သမားကျန်းက ထိုမြင်ကွင်းကို မျက်နှာမဲ​မှောင်စွာဖြင့် ကြည့်​နေခဲ့​လေသည်။ ဝက်က အလွန် ကြီး​နေပြီဖြစ်၍ သူက ထိုမှ ရလာမည့်အကျိုးအမြတ်များဖြင့် ပိုကောင်း​သော ပိုး​ကောင်ဥများ ဝယ်ယူရန် စိတ်ကူးထားခဲ့သည်။ သို့​​သော်လည်း ရလဒ်ကမူ...


ကျန်းကျန့်က မကြာမီမှာပင် အသားအများစုကို ​ရောင်းကုန်သွားသည်။ သူက ပတ်ဝန်းကျင်မှ လူများကို သွားခွင့်ပြုရန် ပါးစပ်မဟ​သေး​သော​ကြောင့် ဝက်သားဝယ်ထားသူများလည်း ထွက်မသွားရဲကြ။


"ဒါ​တွေကို ​ရောင်းမှာ မဟုတ်ဘူး" ရုတ်တရက် ဆိုသလိုပင် ကျန်းကျန့်က ထိုစကားကို ​ပြောလိုက်သည်။ အသား ဆယ်ကီလို၊ အရိုးများနှင့် အတွင်းပိုင်း ကလီစာများသာ ကျန်​တော့​လေသည်။ သူက ထိုအရာများကို ​ရောင်းချရန် စိတ်ကူးမထားဘဲ သစ်သားပုံးကြီးတစ်ခုတွင် ထည့်ကာ အိမ်ပြန်ယူသွားပြီး စားမည် ဖြစ်သည်။


​သေချာ​ပေါက် သူက ဝက်အူများကို မလိုချင်​ပေ။


ဟယ့်ရှီရွာသားများက ဝက်အူများကို စားလေ့ရှိကြသည်။ ​ရှေး​ခေတ်တွင် အစားအ​သောက် အဝတ်အစားများ ပြတ်လပ်မှူတို့​ကြောင့် မည်သူကမှ ဆီများ​သော ဝက်အူများကို မပစ်လွှင့်လို​ကြ​ပေ။ သို့​​သော်လည်း ထိုအရာများက သန့်ရှင်းရန် ကရိကထများလွန်းလှသဖြင့် ကျန်းကျန့်က မလိုချင်​ပေ။


သူလိုချင်သမျှကို ယူပြီး​နောက် ကျန်းကျန့်က သားသတ်သမားကို ကြည့်၍ ​ပြောလိုက်သည်။


"ဒီဝက်က ​ငွေပြားနှစ်ပြားမရဘူး... ဒါ​ကြောင့် အိမ်က ဥဝပ်နေတဲ့ ကြက်မနဲ့ တခြား အစားအ​သောက်​တွေ လိုချင်တယ်... တတ်နိုင်သမျှ မြန်မြန် ပို့​ပေးရင်​ကောင်းမယ်"


ကျန်းကျန့်က ​ငွေပြား​လေးဆယ် အပါအဝင် ဆန်အိတ် ငါးအိတ်ကိုလည်း ​တောင်းထားခဲ့သည်။


ဆန်ငါးအိတ်က ​ခြောက်ရာကီလို ​လေးသည်။ ဤ​ခေတ်တွင် လူအများက အဆီနှင့် အသားဓါတ် စားနိုင်ရန် အခွင့်အ​ရေး ရခဲ့လှပြီး ကာယအလုပ်များလည်း လုပ်ရ​ပေသည်။ သူတို့က အစားအ​သောက်များစွာ စားလေ့ရှိပြီး အရွယ်​ရောက်သူတစ်​ယောက်အ​နေဖြင့် တစ်​​နေ့လျှင် ဆန်နှစ်ကီလို သုံးကီလို စားခြင်းက ​သေချာပေါက် ပြဿနာ မရှိ​ပေ။ သို့​​သော်လည်း ဆန်ကီလို​ခြောက်ရာဖြင့် ကျန်းကျန့်က ဆာ​လောင်ရမည်ကိုအချိန်တစ်ခု​လောက်ထိ စိုးရိမ်စရာမလို​တော့​ပေ။


"​နွေဦး​ရောက်​နေပြီ... ငါတို့အိမ်မှာ ဆန်ငါးအိတ်ကို ဘယ်က​နေ ရနိုင်ပါ့မလဲ" သားသတ်သမားကျန်းက ​ငွေစုရန် အလုပ်များ​နေရသည်ဖြစ်ရာ ထိုအ​ကြောင်းကို ​မေ့​လျော့သွားခဲ့သည်။


အထူးကိစ္စရပ်များ မရှိပါက ​ကျေးလက်​နေပြည်သူများမှာ အခွန်အပြည့် ​ပေး​ဆောင်ပြီး​နောက် အသစ်​ချွေ​လှေ့ထား​​သော ဆန်​စေ့များကို ​ရောင်းချရန် ဆန္ဒမရှိကြ​ပေ။ သို့​သော်လည်း သူတို့က ပိုလျှံ​နေပြီး မိသားစုတွင် အစားအ​သောက် လုံလုံ​​လောက်​လောက် ရှိကြပါက ယခင်နှစ်က ဆန်များကို ​ရောင်းချကြမည်သာ ဖြစ်သည်။


ကျန်းမိသားစုက ​မြေ​အ​မြောက်အများ ပိုင်ဆိုင်ကြသဖြင့် နှစ်တိုင်းတွင် လယ်ကွက်ထဲမှ ဆန်စပါးများ စု​ဆောင်းပြီး​နောက်တွင် ယခင်နှစ်မှ ​ရိတ်သိမ်းပြီး ဆန်စပါးများကို ​ရောင်းချကြလိမ့်မည် ဖြစ်သည်။ ထို့​ကြောင့် ကျန်းကျန့်က ကျန်းမိသားစုက ဆန်အိတ်ငါးအိတ်ကို ​သေချာ​ပေါက် ​ပေးနိုင်လိမ့်မည် ဖြစ်​ကြောင်း ​ကောင်း​ကောင်းသိ​နေသည်။


သို့​သော်လည်း ထိုအခိုက်တွင် သူက သားသတ်သမားကျန်းကို စကား​ပြောရန် ပျင်းလွန်းလှသည်....


သူက အသားခုတ်​​သော ဓါးကြီးကို ကိုင်လျက် အိမ်အ​နောက်ဘက်တွင် ​ဆောက်ထား​သော စပါးကျီရှိရာသို့ တည့်တည့်​လျှောက်သွားလိုက်သည်။ ဓါးချက်အနည်းငယ် လုပ်လိုက်ပြီး​နောက် ကျန်းကျန့်က စပါးကျီကို တိုက်ရိုက်ပင် ဖွင့်လိုက်​လေသည်။


"ဒီမှာ ဘာ ဆန်စပါးမှ မရှိတာ ​သေချာလား"


ထိုသို့ လုပ်ပြီး​နောက် ကျန်းကျန့်က စကားများများ ​ပြောစရာ မလိုခဲ့​ပေ။ သူက အိမ်အသစ်ရှိရာသို့ ဝက်သား တစ်ခြင်း ဆွဲ၍ ပြန်လာခဲ့သည်။ ထိုမျှမက​သေး သူက သားသတ်သမားကျန်း ဝက်သတ်ပြီး အသားလှီးရာ၌ သုံး​လေ့ရှိ​သော ဓါးများအားလုံးကိုပါ ယူလာခဲ့​သေးသည်။


​လေးလံလွန်းလှသည့် အရိုးခုတ်ဓါးက ​စျေးမ​ပေါလှ​ပေ။ သားသတ်သမားကျန်းနှင့် အဘွားကြီးကျန်းတို့က ထပ်ပြီး စိတ်ဆင်းရဲသွားကြပြန်သည်။


သို့​သော်လည်း သူတို့မည်မျှပင် စိတ်ဆင်းရဲ​နေကြပါ​စေ ဓါးကို ပြန်မ​တောင်းရဲကြ​ပေ။ သူတို့က ဆန်စပါး ငါးအိတ်နှင့် ကြက်ဥဝပ်​နေသာ ကြက်မကိုပင် ​နေ့တွင်းချင်း ပို့​ပေးလိုက်ရသည်။


ဖြစ်ပျက်ခဲ့သောကိစ္စများမှ သင်ခန်းစာယူခဲ့ကြ​သော ထိုသူတို့မှာ ဤတစ်ကြိမ်တွင် ကျန်းကျန့် ပြန်​ရောက်လာပြီး ကျန်​နေ​သေးသည့် ဝက်နှစ်​ကောင်ကို လာ​ရောက် လုယူမည်ကို ​ကြောက်ကြသဖြင့် အ​​လေးချိန်ကို မ​လျှော့ရဲကြ​တော့။


ကျန်းကျန့်က ၎င်းကို အလွန် စိတ်​ကျေနပ်သွားပြီး သူ​တောင်းဆို​ထား​သော ပစ္စည်းများကို စု​ဆောင်းလိုက်ပြီးသည့်​နောက်တွင် ​နောက်ထပ် ပြဿနာ မရှာ​တော့​ပေ။ ရုန်းကန်လှုပ်ရှားရ​သော ရက်များ ပြီး​နောက် သူက ဆက်ပြီး မရုန်းကန်ချင်​တော့။


​နောက်ဆုံးတွင် သူက ထ်ုမိသားစုထဲမှ ခွဲထွက်နိုင်ခဲ့​ပေပြီ။ ယခု သူက ကိုယ့်ဘဝကိုယ် ရှင်သန်နိုင်ခဲ့​လေပြီ။