Chapter 29
– ညလယ်ခေါင်တွင် နံရံပေါ်သို့ တွယ်တက်ခြင်း
လက်ထဲတွင် အိမ်ထောင်စု မှတ်ပုံတင်ကို ကိုင်လျက် ကျန်းမိသားစုအိမ်မှ ထွက်လာပြီး အိမ်အသစ်လေးသို့ ရောက်ရှိလာသည့်အချိန်တွင် ကျန်းကျန့်၏ နှလုံးသားထဲ၌ တွယ်ညိနေခဲ့သည့်အကြီးဆုံးကျန်း ချန်ရစ်ထားခဲ့သည့် ခံစားချက်များမှာ ပျောက်ကွယ်သွားလေသည်။
မတိုင်မီက ထိုခံစားချက်များမှာ ကျန်းကျန့်အပေါ် မသက်ရောက်ခဲ့ပါသော်လည်း သူ့နှလုံးသားကို လေးလေးလံလံ စီးပိုးလျက် ရှိနေဆဲ ဖြစ်ပြီး ယခုတွင်မူ ကျန်းကျန့်က ၎င်း၏ တည်ရှိမှုကို လုံးဝ မခံစားရတော့ပေ။
အကြီးဆုံးကျန်း လုံးဝ ပျောက်ကွယ်သွားမည်ကို စိုးရိမ်ရသည်။ ထိုအကြောင်းကို စဥ်းစားမိသောအခါ ကျန်းကျန့်က အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ သူက အကြီးဆုံးကျန်း၏ ခန္ဓါကိုယ်နှင့် မှတ်ဥာဏ်များကို ရခဲ့ပြီး ရှေးခေတ်တွင် နေထိုင်နိုင်ခဲ့ပါသော်လည်း အကြီးဆုံးကျန်းအတွက်မူ... သူ့ဘဝတွင် ဘယ်တုန်းကမှ ကောင်းကောင်းမွန်မွန် မနေခဲ့ရရှာသည့် ထိုသူက သေသွားလေပြီ။ ကျန်းကျန့်က အကြီးဆုံးကျန်းကို သနားကရုဏာသက်နေပါသော်လည်း ထိုအကြောင်းကို အချိန်တိုလေးအတွင်းသာ တွေးလိုက်ရသည်။ သူ့ထံတွင် လုပ်စရာများစွာ ရှိနေဆဲ ဖြစ်သည်။
ကျေးလက်တွင် အိမ်ဆောက်လုပ်ခြင်းက အုတ်ခဲများ၊ အုတ်ကြွပ်များ မလိုအပ်ပါပေ။ သူတို့က အထဲတွင် ရက်မများ ပါသည့် မြေကြီးနံရံများနှင့် အမိုးပြုလုပ်သည့် နေရာ၌ သုံးသော ဝါးနှင့် သက်ကယ်များသာ ဖြစ်သည်။ ၎င်းကို ခပ်မြန်မြန် ဆောက်လုပ်နိုင်သည်။ ကျန်းကျန့်၏ အိမ်က ရွာတစ်ရွာလုံး၏ အကူအညီဖြင့် ဆောက်ထားသဖြင့် ပိုမြန်သေးသည်။ ၎င်းက ဆောက်လုပ်ထားပြီးသား ဖြစ်သော်လည်း နေထိုင်ရန် မသင့်လျော်သေးပေ။
မြေပေါ်တွင် အုတ်များ ကျောက်များ ခင်းထားခြင်းမရှိပေ။ ရွှံ့များ ဖြင့်သာ ဆောက်ထားသော အိမ်က စိုစွတ်နေပြီးသား ဖြစ်ပြီး အသစ်ဆောက်လုပ်ထားသော နံရံအသစ်ကလည်း အစိုဓါတ်နှင့် စိုထိုင်းစကို အဆင့်တစ်ခုအထိ တိုးမြှင့်ပေးသည်။ အိမ်က အရာအတော်များများ လစ်လပ်နေဆဲလည်း ဖြစ်သေးသည်။
ကျန်းကျန့်က အစားအသောက်များ သိုလှောင်မည့်အခန်းကို ပထမဆုံး ပြင်ဆင်လိုက်သည်။ ထို့နောက် သူက ကျန်းမိသားစုမှ ရခဲ့သော ကြက်ကို အလုံးစုံ ပြိုမကျသေးသော သက်ကယ်တဲအိမ်ဟောင်းလေးထဲသို့ ထည့်ပိတ်ထားလိုက်ပြီး ပြောင်းဖူးစေ့တစ်ဆုပ်ကိုပါ ပစ်ထည့်ပေးလိုက်ပြီးနောက်တွင် သူ့ကိုယ်ပိုင်အိမ်ကို စတင် ဖွင့်လိုက်တော့သည်။
သူ့အတွက် အိမ်ကို တတ်နိုင်သမျှမြန်မြန် ဆောက်နိုင်ရန်အတွက် ရွာသားများက အိမ်ကို မီးခိုးခေါင်းတိုင် မထည့်ထားပေ။ ၎င်းကို တည်ဆောက်ရန် အတွက် ကျွမ်းကျင်မှုအချို့ လိုအပ်သောကြောင့်လည်း ဖြစ်သည်။ ပြီးနောက် သူ့အတွက် ချက်ပြုတ်ရန် လုပ်ပေးထားသော ရွှံ့မီးဖိုမှာလည်း အကြမ်းထည်ဆန်လွန်းသည်။ ၎င်းက အိုးတစ်လုံး တည်နိုင်သည့် စက်ဝိုင်းတစ်ခုနှင့် တူသော်လည်း အနည်းဆုံးတော့ ၎င်းက ခပ်ပုပုသာဖြစ်၍ တဲအား မီးစွဲမည်ကို စိုးရိမ်စရာ မလိုသဖြင့် အသုံးဝင်နေသေးသည်။
သူက တဲအိမ်အိုလေးအတွင်းမှ ကောက်ရိုးအချို့နှင့် ပိုးစာကိုင်းအချို့ကို သယ်လာခဲ့ပြီး မီးထွန်းရန်နှင့် အိမ်ထဲမှ အစိုဓါတ်များကို လွင့်ပြယ်သွားစေပြီး တစ်ချိန်တည်းမှာပင် ရွှံ့မီးဖိုကို ခြောက်သွေ့စေရန် အတွက် ၎င်းတို့ကို ရွှံ့မီးဖိုအတွင်းသို့ ထည့်လိုက်သည်။ သူက စဥ်းစားကြည့်လိုက်ပြီးနောက် တစ်အိမ်လုံးကို မီးဖြင့် လိုက်ထွန်းလိုက်သည်။
တံခါးနှင့် ပြတင်းပေါက်များအားလုံးကိုလည်းဖွင့်ထားလိုက်သည်။ မီးတုတ်လေးများ ထွန်းညှိလိုက်ပြီးနောက် အိမ်မျက်နှာပြင်မှ အစိုဓါတ်များမှာ လွင့်ပြယ်လုနီးပါး ဖြစ်သွားပြီး ရွှံ့နံရံမှ အစိုဓါတ်အတွက်ကား အချိန်တစ်ခဏမျှ ပြဿနာ ရှိမည် မဟုတ်ပေ။
အမှန်တကယ်တွက် ကျန်းချောင်ရှန့်အိမ်မှ ရွှေ့လာသော ပရိဘောဂများမှာ များများစားစားမဟုတ်ပေ။ ထ်ု့နောက်တွင် သူ့အိမ်၌ ပစ္စည်းများစွာ ပြတ်လပ်နေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
မိသားစုတိုင်းတွင် စားပွဲနှင့် ကုလားထိုင်များ ရှိတတ်ကြသည်။ သူက ယခုလက်ရှိတွင် မည်သည့်အရာမှ မရှိသေးဘဲ နေ့စဥ် လိုအပ်ချက်များစွာလည်း ပြတ်လပ်နေသည်။ သူ မနက်ဖြန် စီရင်စု မြို့တော်သို့ သွားရန် လိုလိမ့်မည်ဟု ထင်ရသည်။
အိမ်ကို သန့်ရှင်းရေး လုပ်ပြီးနောက် ကျန်းကျန့်က အိမ်အနောက်မှ တဲအိမ်လေးကို ပြန်လည် ပြင်ဆင်ရန် သွားရောက်ခဲ့သည်။
တဲအိမ်အိုလေးက အထူးခန်းတစ်ခန်း ပါသော်လည်း အိမ်အသစ်ထဲမှ အိမ်သာကမူ... ရွာသားများက ကြုံရာကျပန်း ကျင်းတစ်ကျင်း တူးရုံသာ တူးပေးထားခဲ့သည်။
ကျန်းကျန့်က ထိုကဲ့သို့သော သာမန် ဖြေရှင်းနည်းများကို နည်းနည်းလေးပင် သည်းမခံနိုင်ပေ။ ထို့ကြောင့် သူက ၎င်းကို ပြောင်းလဲရန် စီစဥ်ထားပြီး မဟုတ်လျှင်လည်း အနည်းဆုံးတော့ သူက ကြမ်းပြင်အောက်မှ လမ်းကြောင်းကို အပြင်ဘက်သို့ ဦးတည်ပြီး မိလ္လာကျင်းတစ်ကျင်းလည်း တူးရန် လိုပေသည်။ ထို့မှသာ အိမ်ထဲမှ သူ့ကိုယ်ပိုင် အိမ်သာက အနံ့နံတော့မည် မဟုတ်ပေ။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း နေ့တိုင်း တစ်ရေးအိပ်လေ့ရှိသော ကျန်းကျန့်မှာ ပထမဆုံးအကြိမ်ဖြင့် ၎င်းကို ကျော်လိုက်သည်။ သူက ကျင်းတူးနေရင်း စိတ်ကောင်းဝင်နေခဲ့ပြီး သီချင်းလေးပင် ညည်းလိုက်သေးသည်။ သို့သော်ငြား ကျန်းမိသားစုကမူ စိတ်အခြေအနေ မကောင်းကြပေ။
တစ်ချီတည်းနှင့် ငွေပြားများနှင့် ဆန်အိတ်အမြောက်အများကို ပေးလိုက်ရသဖြင့် ကျန်းမိသားစုမှာ ချမ်းသာနေဆဲ ဖြစ်လျှင်တောင် မူလအခြေအနေသို့ ပြန်ရောက်နိုင်ရန်အတွက် အနည်းဆုံး နှစ်နှစ်မျှ ကြာကောင်းကြာနိုင်သည်။
"မျိုးမစစ်ကောင်က ဘာလို့များ ဓါးချက် တစ်ထောင်လောက် ထိုးခံရပြီး သေမသွားလိုက်ရတာလဲ" အဘွားကြီးကျန်းက ဝက်အူများကို ဆားဖြင့် ပွတ်တိုက်နေရင်း ကျန်းကျန့်ကို ကျိန်ဆဲနေလေသည်။
ကျန်းကျန့်က ဝက်သတ်ပြီးနောက် သူတို့အတွက် အသားတစ်ပိုင်းလောက်ပင် ချန်မထားပေးခဲ့ပေ။ သူချန်ထားသမျှက အမှိုက်များ၊ ဝက်အူများနှင့် ဝက်သွေး ပုံးတစ်ဝက်သာ ဖြစ်သည်။ ထိုအရာများက ကောင်းမွန်သော အရာများသာ ဖြစ်သည်။ အဘွားကြီးကျန်းက သဘာဝကျကျပင် ၎င်းတို့ကို လွှင့်ပစ်ရန် တွန့်ဆုတ်နေလေရာ သူမက သူတို့ကို ကိုင်တွယ်ရင်းဖြင့် အခြားသူများကို ဆဲဆိုနေခဲ့လေသည်။
ကျန်းရှောင်မိန်မှာ ကျန်းကျန့်ကို ကျိန်ဆဲနေသည့် အဘွားကြီးကျန်းကို တိတ်တဆိတ် နားထောင်နေခဲ့သည်။
မတိုင်မီက သူမက ကျန်းကျန့်ကို အလွန် ကြောက်ရွံ့ခဲ့ရသော်လည်း ယခုတွင်မူ ကျန်းကျန့်ထွက်သွားခဲ့ပြီးနောက် ပြန်တွေးကြည့်မိသောအခါ ကျန်းကျန့်က သူမအပေါ် သူမ၏ ကြက်ဥပြုတ်ကို လုယူခဲ့ရုံမှတပါး အခြား မလုပ်ခဲ့ကြောင်း တွေ့လိုက်ရသည်။ သူမ၏ အကြောက်တရားများက အတော်လေး လွင့်ပါးသွားလေပြီ။ ထိုအခိုက်၌ သူမက အဘွားကြီးကျန်း ဆဲဆိုနေသည်ကို ကြားလိုက်ရချိန်တွင် သူမ၏ အကြီးဆုံးအစ်ကိုအား ကရုဏာသက်မိသွားခဲ့သည်။
သူမ၏ တတိယအစ်ကိုနှင့် ဒုတိယအစ်ကိုတို့မှာ လက်ထပ်ထားပြီးသူများ ဖြစ်ကာ တစ်ယောက်ချင်းစီက စေ့စပ်လက်ဆောင်နှင့် လက်ထပ်ပွဲအခမ်းအနားအတွက် ပရိဘောဂများ ပြုလုပ်ရန်အတွက် ငွေဒါဇင်ပေါင်းများစွာ သုံးစွဲခဲ့ကြသည်။ သူတို့၏ မင်္ဂလာပွဲအခမ်းအနားများအတွက်လည်း သူတို့က မင်္ဂလာကိတ်မုန့်ကို ပြုလုပ်ရန် ဆန်အိတ်ပေါင်းများစွာ သုံးခဲ့ကြသေးသည်။ အမှန်တကယ်တွင် သူမအစ်ကိုကြီး ယူသွားခဲ့သည်က သိပ်မများပေ။သို့သော်လည်း ယခုတွင် ထိုအကြောင်းကို တွေးနေ၍ မဖြစ်သေးပေ။ သူမသည်လည်း ချမ်းသာသော ခင်ပွန်းကောင်းတစ်ယောက်အား မည်သို့ ရှာဖွေရမည်ကို စဥ်းစားသင့်နေပေသည်။ လွန်ခဲ့သော ရက်အနည်းငယ်က သူမ၏ အမေထံမှ သူမအတွက် တင်တောင်းငွေ မြင့်မြင့်ပေးရန် ဆန္ဒရှိနေသည့် ယောက္ခမတစ်ယောက်ကို ရှာပေးချင်သည်ဟု ပြောခဲ့သည်။ ထို့မှသာ သူမအမေ၏ အကြွေးများကို ပြန်ဆပ်ရန်အတွက် သူမ၏ တင်တောင်းငွေကို အသုံးပြုနိုင်မည် ဖြစ်သည်။
အငယ်ဆုံးသမီးကျန်းမှာ သူမ၏ သတို့သမီးကြေးကို သူမမိသားစု၏ အကြွေးများကို ပြန်ဆပ်ရာတွင် သုံးမည့်အပေါ် မည်သည့်အတွေးများမှ မရှိပါပေ။ ရွာထဲမှ မိန်းကလေးများ လက်ထပ်ကြသည်နှင့် သူတို့၏ တင်တောင်းငွေများမှာ အခြေခံအားဖြင့် သူမ၏ မိဘများအတွက်သာ ဖြစ်ကြသည်။ မိဘများက သေတ္တာ၏ အောက်ခြေ၌ အိပ်ယာလွှမ်းနှင့် ပရိဘောဂ အချို့ကို ပြင်ဆင်ရန် ငွေပြားနှစ်ပြား ပေးလိမ့်မည် ဆိုပါက သူတို့၏ သမီးအပေါ် ချစ်မြတ်နိုးကြသည်ဟု ဆိုရပေမည်။ သူမက ယခုတွင် တင်တောင်းငွေ ပိုမြင့်မြင့် ပေးနိုင်သူများထဲမှ လူကောင်းတစ်ယောက်ကို ရွေးချယ်ချင်နေပြီး ထို့မှသာ အနာဂါတ်တွင် သူမက ခက်ခဲသည့် ဘဝတွင် နေစရာ မလိုမည် ဖြစ်သည်။
ကျန်းရှောင်မိန်က သူမ၏ လက်ထပ်ပွဲအကြောင်း တွေးပူနေချိန်တွင် ကျန်းချောင်ရှန့်က လွန်ခဲ့သည့် ရက်အနည်းငယ်က အိမ်ကို ဖိတ်ခေါ်လာခဲ့သော ယန်ကျင်းကို စီရင်စုမြို့သို့ ပြန်ပို့ပေးနေခဲ့သည်။
လမ်းတလျှောက်တွင် ကျန်းချောင်ရှန့်က ယန်ကျင်းကို ဆက်တိုက် တောင်းပန်နေပါသော်လည်း ယန်ကျင်းက သူ့ကို လျစ်လျူရှုထားမြဲ ဖြစ်သည်။ စီရင်စုမြို့သို့ ရောက်သောအခါ ယန်ကျင်းက ခါးကြားထဲမှ ဓါးတစ်ချောင်းကိုပင် ထုတ်ယူလာခဲ့ပြီး ကျန်းချောင်ရှန့်ကို ချိန်ထားလိုက်သည်။
"မင်း ဒီကနေ ထွက်သွားလိုက်တော့"
ကျန်းချောင်ရှန့်က ပိန်ပါးသော ပညာသင်သား တစ်ယောက်သာ ဖြစ်၍ ဓါးနှင့် ထိုကဲ့သို့ ချိန်းခြောက်ခံလိုက်ရသည့်အခါ ရုတ်တရက် ခလုတ်တိုက်မိသွားပြီး ယန်ကျင်းနောက်သို့ မလိုက်ရဲတော့ပေ။
ယန်ကျင်းအတွက်ကား...
သူ့လက်ကို ကြည့်လိုက်ပြီးနောက် ရုတ်တရက် သိလိုက်ရသည်ကား သူ့လှုပ်ရှားမှုများမှာ... ကျန်းမိသားစုရဲ့ ဂြိုလ်ဆိုးကောင် သူ့ကို ရိုက်နေတုန်းက ပုံစံနဲ့ တူမနေဘူးလား...
ကျန်းမိသားစု၏ ဂြိုလ်ဆိုးကောင် အကြောင်း စဥ်းစားမိသည်နှင့် ယန်ကျင်းမှာ သူ့ကိုယ်အနှံ့မှ နာကျင်မှုတို့ကို ရုတ်တရက်ပင် ခံစားလိုက်ရသည်။ ထိုဂြိုလ်ဆိုးကောင်က ဤရက်များအတွင်း သူ့အပေါ် မပြင်းထန်ပါသော်လည်း အချိန်နှင့်အမျှ ကန်ကျောက်နေဆဲ ဖြစ်ပြီး သူ့ကိုယ်အနှံ့ကို ဒဏ်ရာများချန်ရစ်ထားသဖြင့် သူ့အရေပြားတွင် အကောင်းပတိ ဖြစ်နေသည့် အပိုင်းတစ်ခုမှ မရှိတော့ပေ။
သူက ပင်ပန်းပြီး ဗိုက်ဆာနေလေသည်။
ယနေ့ နေ့လည်ပိုင်းတွင် ဂြိုလ်ဆိုးကောင်က သူ့ကို အစားစားခွင့် ပြုလိုက်သော်လည်း အလုတ်သေးသေးလေးသာ စားခွင့် ပြုခဲ့သည်။
ယန်ကျင်းမှာ အိမ်သို့ မြန်မြန် ပြန်လာပြီး ဘာကိုမှ မတွေးတော့ဘဲ စားပြီး အိပ်ရန် အသင့်ဖြစ်နေလေပြီ။
ယန်မိသားစုက စီရင်စုမြို့တွင် မြေကွက်သေးသေးလေး တစ်ခု ရှိသည်။ ယန်ကျင်း ခြံဝင်းထဲသို့ ဝင်လာသည်နှင့် ကြက်စာကျွေးနေသော ဇနီးဖြစ်သူကို တွေ့လိုက်ရသည်။
ခြံဝင်းထဲတွင် သူရင်းနှီးနေသည့် အဝတ်အစားများစွာ ရှိနေပြီး သူ့ဘေးပတ်လည်မှ ပစ္စည်းများအားလုံးကိုလည်း သပ်သပ်ရပ်ရပ် စီစဥ်ထားလေသည်။ အကြီးဆုံးသားက ဤနေရာ၌ မရှိလေဘဲ လေးနှစ်အရွယ် သားငယ်လေးကသာ ထောင့်လေးထဲတွင် သစ်သားအပိုင်းအစ အချို့ဖြင့် ဆော့ကစားနေခဲ့လေသည်။
"ယန်ကျင်း... ဘယ်တွေ ရောက်နေတာလဲ... ဒီနှစ်ရက်ထဲမှာ ဘာလို့ အိမ်လည်း မပြန် ရုံးတော်ကိုလည်း မသွားရတာလဲ" ယန်ကျင်း၏ ဇနီးက သူ့ကို မြင်သည်နှင့် သူမလက်ထဲမှ ကောက်ရိုးတံမြက်စည်းကို လွှတ်ချကာ အနားသို့ ရောက်လာပြီးနောက် မေးလိုက်လေသည်။
"ရှင် လောင်းကစား သွားလုပ်ပြန်ပြီလား... ဘယ်လောက်တောင် ရှုံးခဲ့တာမို့လဲ"
ယန်ကျင်းက ပုံမှန်အားဖြင့် ထိုမိန်းမ သူ့အပေါ် မရပ်မနား ပွစိပွစိ ရေရွတ်နေချိန်တွင် လွန်စွာ စိတ်မရှည်လက်မရှည် ဖြစ်လာတတ်သည်။ သို့သော်လည်း သူနာကျင်ခံစားခဲ့ရသော ထိုရက်များပြီးနောက်တွင် ယခုလက်ရှိ ထိုစကားများကို ကြားနေရခြင်းက သူ့နှလုံးသားကိုပင် နွေးထွေးလာရစေသည်။
"ငါအဆင်ပြေတယ်..." ယန်ကျင်းက ပြောလိုက်သည်။
"မင်း ငါစားဖို့ တစ်ခုခု သွားချက်ပေး... မြန်မြန်လေးနော်"
"ကောင်းပါပြီ" ယန်ကျင်း၏ ဇနီးက ချက်ပြုတ်ရန်အတွက် မီးဖိုချောင်သို့ ချက်ချင်းပင် သွားလေတော့သည်။
"ခဏလေး" ယန်ကျင်းက သူမကို တားလိုက်သည်။ "ကြက်ဥနဲ့ ဝက်ဆားနယ်ခြောက် မွှေကြော် တစ်ပန်းကန်လုပ်ပေး" ထိုရက်များအတွင်း ဂြိုလ်ဆိုးကောင် ထိုဟင်းကို စားသောက်နေချိန်က မည်မျှ လောဘကြီးကြောင်း ဘုရားသာ သိပေလိမ့်မည်။
အသားလတ်လတ်ဆတ်ဆတ်ကို ဝယ်ယူရန် လိုအပ်နေဆဲ ဖြစ်သော်လည်း ဝက်သားဆားနယ်ခြောက်များကိုမူ မိသားစုအတွင်း ရရှိနိုင်ဆဲ ဖြစ်သည်။
ယန်ကျင်း၏ ဇနီးက မကြာမီမှာပင် ဝက်ဆားနယ်ခြောက်ကို အတုံးလေးများ တုံးကာ ကြက်ဥနှစ်လုံးနှင့် မွှေကြော်ကြော်ပေးလိုက်သည်။ သူမက နေ့လည်က ကျန်ခဲ့သည့် ထမင်းကိုလည်း ယန်ကျင်းအား ချကျွေးလိုက်သည်။
ယန်ကျင်းက လက်ထဲတွင် ပန်းကန်လုံးတစ်ခု ကိုင်၍ စတင် စားသောက်လေတော့သည်။ ထမင်း အလုတ် အနည်းငယ် စားပြီးမှသာ သူ့တစ်ကိုယ်လုံး အသက်ပြန်ဝင်လာသလို ခံစားလိုက်ရသည်။
"ဖြည်းဖြည်းလေ... အရမ်းမြန်မြန်ကြီး မစားနဲ့... နင်နေဦးမယ်... ကျွန်မ ရှင့်အတွက် စွပ်ပြုတ်နောက်တစ်ပန်းကန် ယူပေးရဦးမလား..." ယန်ကျင်း၏ ဇနီးက မေးလိုက်သည်။
"တော်ပြီ" ယန်ကျင်းက ပြောလိုက်သည်။ စွပ်ပြုတ် အသင့်ဖြစ်ချိန်တွင် သူစား၍ပင် ပြီးလေတော့မည်။
ထိုအကြောင်းကို စဥ်းစားနေချိန်မှာပင် ယန်ကျင်းက သူ့သားငယ်လေးမှာ မနီးမဝေးတွင် ရပ်နေရင်း စားပွဲပေါ်မှ ကြက်ဥမွှေကြော်ကို သွားရည်ယိုနေဟန်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူက တရားရုံးတော် အရာရှိ တစ်ယောက် ဖြစ်သည်။ သူက တရားရုံးတော်မှ လတိုင်း ငွေနှစ်ပြားရရှိပြီး အချိန်နှင့်အမျှပင် လက်အောက်ငယ်သားများထံမှ ဂါဝရလက်ဆောင်များလည်း လက်ခံရရှိခဲ့သည်။ လုပ်ဖော်ကိုင်ဖက်များနှင့် အပြင်ဝင်ငွေများကို ခွဲဝေယူကြပြီးနောက်တွင် သူက ပုံမှန်အားဖြင့် တစ်လလျှင် ငွေဆယ်ပြား ဝင်ငွေရရှိပေသည်။ ထိုအချက်အရ သူ့သားမှာ နေ့တိုင်း အသားစားရသင့်ပါသော်လည်း အမှန်တကယ်တွင်မူ...
သူက ငွေပြားများကို လောင်းကစားလုပ်ရန်၊ အချစ်တော်လေးများအတွက် ပစ္စည်းများ ဝယ်ပေးရန်နှင့် သူ့ကိုယ်တိုင်အတွက် အစပ်ဟင်းလျာများ သောက်စားခြင်းတို့တွင်သာ အသုံးပြုခဲ့သည်။ အမှန်တကယ်တွင် သူက အိမ်သို့ တစ်ခါမှ ငွေပြန်မယူလာဖူးခဲ့ပေ။
သူ့လုပ်ဖော်ကိုင်ဖက်များ၏ ကလေးများမှာ ကျောင်းသို့ သွားနိုင်ကြသော်လည်း ခုနစ်နှစ် ပြည့်တော့မည့် သူ့အကြီးဆုံးသားက ဆော့ကစားနေဆဲ ဖြစ်ကာ မြောင်းထဲတွင် ရွံ့များ လူးနေဆဲသာ ဖြစ်သည်။
"ဘာတွေ ကြည့်နေတာလဲ... အပြင်ဘက်မှာ သွားကစားနေလေ"
ယန်ကျင်း၏ ဇနီးက သူမ၏ သားငယ်လေး ယန်ကျင်း၏ ကြက်ဥမွှေကြော်အား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ယန်ကျင်း ဒေါသထွက်မည်ကို စိုးရိမ်သဖြင့် သူမက ကလေးကို ရိုက်လိုက်သည်။
"ဘာလို့ ကလေးကို ရိုက်နေတာလဲ" ယန်ကျင်းက သူ့ဇနီး ဒုတိယသားအား အော်ဟစ်နေသည်ကို မြင်လိုက်ရချိန်တွင် တုန်ယင်သွားလေသည်။ သူက ကျန်းမိသားစုတွင်း ဖြစ်ပျက်ခဲ့သမျှကို နားလည်ထားပြီးသား ဖြစ်ပြီး ထိုအရာအားလုံးက အဘွားကြီးကျန်း သူမ၏ သားအရင်းအပေါ် ရက်ရက်စက်စက် ဆက်ဆံပုံများကြောင့်သာ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ သူက သူကိုယ်တိုင်ပင် ထိုကဲ့သို့သော အခြေအနေများအောက်သို့ ကျရောက်မသွားရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။
"လာလေ... အားမောင့်... အဖေ့ဆီလာ... အဖေ သားကို ကြက်ဥကျွေးမယ်" ယန်ကျင်းက အငယ်ဆုံးသားလေးကို ပြုံးပြလိုက်သည်။
သင့်တော်သည့် နာမည်တစ်ခု မရရှိခဲ့သော ယန်အားမောင့်လေးက ခေါင်းကို နှိမ့်ထားပြီး ယန်ကျင်းကို အနည်းငယ် အထိတ်တလန့် ဖြစ်ဟန်ဖြင့် ကြည့်နေသဖြင့် ယန်ကျင်းကို အနည်းငယ် စိတ်မကောင်း ဖြစ်သွားစေသည်။
ယန်ကျင်းက ဝက်ဆားနယ်နှင့် ကြက်ဥမွှေကြော် ပန်းကန်ကို ပန်းကန်တစ်ဝက်မျှ စားထားခဲ့သည်။ သူက ဇနီးဖြစ်သူအား ကျန်ပန်းကန်တစ်ဝက်ကို ကလေးနှစ်ယောက်အား ဝေမျှပေးရန် ပြောလိုက်သည်။ ထို့နောက်တွင် သူက အင်္ကျီအိတ်ကပ်ထဲမှငွေနှစ်ပြားကို ထုတ်ကာ သူ့ဇနီးအား ပေးလိုက်သည်။
ကျန်းအိမ်သို့ မသွားခင်တွင် သူက ငွေနှစ်ပြား ယူလာခဲ့သည်။ ကျန်းကျန့်က သူ့ကို တစ်ချိန်လုံး ရိုက်နှက်နေပါသော်လည်း သူ့ငွေကို မခိုးယူခဲ့ပေ။
ယန်ကျင်းက သူမကို ငွေထုတ်ပေးလိုက်ပြီးနောက် အိပ်စက်ရန်အတွက် အခန်းထဲသို့ ပြန်ဝင်သွားခဲ့လေသည်။ တစ်ခဏကြာပြီးနောက် မီးဖိုချောင်ထဲမှ အနံ့လေး ရလာသည့်အချိန်တွင် သူ နိုးလာခဲ့သည်။
ဒါက ဝက်သားနှပ်အနံ့လေးပါလား... ယန်ကျင်းက ကိုက်ခဲနေသော ကိုယ်ကို အမှုမထားမိတော့ဘဲ အိပ်ရာမှ မြန်မြန်ထကာ သရေတမြားမြားဖြင့် မီးဖိုချောင်ဘက်သို့ သွားလိုက်သည်။
သူ့ဇနီးက ဝက်နံရိုး ဝယ်လာပြီး ဝက်သားနှပ်တစ်ခွက် ချက်ထားသည်။ အသားက အဆီရွှမ်းနေပြီး စားချင်စဖွယ်ပုံပါပင်။
ယန်ကျင်းက တစ်ဦးတည်းသော သားဖြစ်ပြီး သူ့မိဘများက သူ့ကို ငယ်စဥ်ကတည်းက အလိုလိုက်ထားခဲ့ကြသဖြင့် သူ့ထံတွင် ကျိုးကြောင်း မစဥ်းစားတတ်သော စိတ်သဘောထားတို့ ဖြစ်လာခဲ့သည်။ ပုံမှန်အားဖြင့် ထိုကဲ့သို့သော အသားဟင်းတစ်ခွက်ကို စားပွဲပေါ် ချလိုက်သည်နှင့် သူတစ်ယောက်တည်းပင် ပန်းကန်တစ်ဝက်လောက် စားလိုက်မည် ဖြစ်သော်လည်း ယခုတွင်မူ...
ကလေးနှစ်ယောက်၊ သူ့မိဘများနှင့် ဇနီးဖြစ်သူတို့အား အသားတစ်တုံးစီ ထည့်ပေးလိုက်ပြီးနောက် ယန်ကျင်းက ပန်းကန်ထဲတွင် အသားတစ်တုံးသာ ကျန်တော့ကြောင်း ရုတ်တရက် တွေ့ရှိလိုက်ရသည်။ သူသာ ပုံမှန်ကဲ့သို့ပင် ဟင်းတုံး အနည်းငယ် စားလိုက်ပါက တစ်ယောက်ယောက်ကတော့ စားစရာ ရှိတော့မည်မဟုတ်ပေ။
"ကျွန်မက အသားမကြိုက်ဘူး" ယန်ကျင်း၏ ဇနီးက သူမပန်းကန်ထဲမှ ဟင်းတုံးကို ယန်ကျင်းဆီသို့ ပေးလာခဲ့သည်။
"မရဘူး... မင်းဘာသာမင်းပဲ စားလိုက်"
ယန်ကျင်းက သူ့ဇနီး ပေးကမ်းလာသည်ကို ငြင်းလိုက်ပြီး ဝက်သားစတူး ဟင်းရည်ကို သူ့ပန်းကန်ထဲသို့ နယ်လိုက်သည်။ သူက အသားတစ်တုံးနှင့်ပင် ထမင်းပန်းကန်အကြီးကြီး နှစ်ပန်းကန်ကို စားလိုက်သည်။ စားသောက်ပြီးနောက် သူ့ကလေးနှစ်ယောက်၏ မျက်လုံးများနှင့် ဆုံလိုက်ရသောအခါ သူတို့က သူနှင့် အနည်းငယ် ရင်းနှီးသွားပုံပေါ်သည်ကို မြင်လိုက်ရသည့်အခါမှသာ စိတ်သက်သာရရသွားသည်။