Chapter 32
ဘဲပေါက်လေး ငါးကောင်
အဘွားကြီးကျန်းက မူလကတည်းက အကြီးဆုံးကျန်းကို မနှစ်သက်ခဲ့သဖြင့် သဘာဝကျကျပင် သူ့ကို ယုံကြည်ပေးခဲ့သည်။ ကျန်းချောင်ရှန့်က များစွာ ဒုက္ခခံခဲ့ရသည်ဟု ခံစားရသဖြင့် သူ့အပေါ် ပိုပို၍ ကောင်းပေးလာခဲ့သည်။ နောက်ပိုင်းတွင် ကျန်းချောင်ရှန့် အခွင့်အရေး တစ်ခု ရလာခဲ့သောအခါ သူမ၏ နှလုံးသားထဲတွင် ကျန်းချောင်ဝမ်ကို ကျော်၍ နေရာယူသွားနိုင်ခဲ့လေသည်။
အကြီးဆုံးကျန်း အတွက်ကရော... ကျန်းချောင်ရှန့် အဘွားကြီးကျန်းကို ငိုယိုတိုင်တန်းသည့် အချိန်တိုင်း သူအရိုက်ခံခဲ့ရသည်။ အဆုံးတွင် သူတို့က ရွာတဝိုက်တွင် ပြေးလွှားနေခဲ့သည့် ကလေး တစ်ယောက်၏ ဘဝကို ရိုက်ချခဲ့ကြလေသည်။ သူက မြေပေါ်အထိ ရိုက်ချခံခဲ့ရသည်။
မူလ အကြီးဆုံးကျန်းမှာ ဦးနှောက်ဆေးခံထားခဲ့ရသည်။ သူက ဝမ်းနည်း အားငယ် နေခဲ့ရသော်လည်း သူကိုယ်တိုင်က လုံလုံလောက်လောက် မကောင်းမွန်သည့်အတွက် မည်သူကမှ သူ့ကို မကြိုက်ကြဟု ခံစားရသဖြင့် သူခံစားရသမျှကို တိတ်တဆိတ်ဖြင့် ကြံ့ကြံ့ခံနိုင်ရုံသာ တတ်နိုင်လေတော့သည်။ သူက ကျန်းချောင်ရှန့်ကိုပင် အပြစ်မတင်ခဲ့ပေ။ နောက်ပိုင်းတွင် သူက အငယ်ဆုံး ညီမကို စောင့်ရှောက်ပေးချိန်တွင် ကောင်းကောင်း လုပ်ဆောင်ပေးခဲ့ပြီး ပိုပို၍ တိတ်ဆိတ်လာခဲ့လေတော့သည်။
သို့သော်လည်း ကျန်းကျန့် သူ့မှတ်ဥာဏ်များကို ပြန်ကြည့်လိုက်ချိန်တွင် ကျန်းချောင်ရှန့်ကို ပို၍ ရွံရှာလာရသည်။ အထူးသဖြင့်...
မတိုင်မီက အကြီးဆုံးကျန်း တဲအိမ်ပျက်လေးအတွင်း အဖျားဝင်ပြီး အဆာလွန်၍ သေသွားရချိန်တွင် အဘွားကြီးကျန်း၏ အမိန့်ကြောင့် ဖြစ်သော်လည်း ကျန်းချာင်ဝမ် လှည်းကို တွန်းသွားရသည့် အဓိက အကြောင်းအရင်းမှာ ကျန်းချောင်ရှန့် ပြောခဲ့သည့် "ကျွန်တော်က မကြာခင် လက်ထပ်ရတော့မှာ... ဖျားနေတဲ့လူနဲ့ တစ်အိမ်တည်းမှာ နေရတာ နည်းနည်း ကံဆိုးစေနိုင်တယ်လေ" ဟူသော စကားကြောင့်သာ ဖြစ်သည်။
ကျန်းချောင်ဝမ်က မကောင်းပါသော်လည်း ကျန်းချောင်ရှန့်၏ နှလုံးသားကပိုမည်းညစ်လှသည်။
ထိုသူ၏ တစ်ကိုယ်ကောင်းဆန်ပြီး မသမာသော နည်းလမ်းများကြောင့်သာ မဟုတ်ခဲ့ပါက နောက်ခံ မရှိ လုပ်ရည်ကိုင်ရည်လည်း မရှိသည့် အသက်နှစ်ဆယ်ပင် မပြည့်သေးသော လူငယ်တစ်ယောက်က ဆိပ်ကမ်းတွင် တစ်လ ငွေနှစ်ပြား ရနေသည့် အလုပ်ကောင်းတစ်ခု ရနိုင်မည် မဟုတ်ပေ။
ထို့ကြောင့်ပင် မတိုင်မီက ကျန်းကျန့် ကျန်းချောင်ရှန့်ကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
"ဘော့စ်... အဲ့ဒီ ကျန်းချောင်ရှန့်က..."
ယန်ကျင်းသည်လည်း ကျန်းချောင်ရှန့်ကို သတိပြုမိသွားပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။ သူတို့၏ မိသားစုက ခွဲထားပြီး ဖြစ်သော်လည်း ထိုဂြိုလ်ဆိုးကောင်ကသာ သူ့ညီအပေါ် ခံစားချက်များ ရှိနေဆဲ ဖြစ်ပါက... ကျန်းချောင်ရှန့်ကို ဖြေရှင်းရာ၌ သူ့အတွက် ခက်ခဲရပေတော့မည်။
"သူက ငါနဲ့ ဘာမှ မဆိုင်ဘူး" ကျန်းကျန့်က ပြောလိုက်သည်။ သူက အကြီးဆုံးကျန်းမဟုတ်ပေ။ ကျန်းချောင်ရှန့်က သူနှင့် ဘာမှ မသက်ဆိုင်ပေ။
"ကျွန်တော် သိပြီ" ယန်ကျင်းက ပြောလိုက်သည်။ ကျန်းကျန့်က ကျန်းချောင်ရှန့်ကို မကြိုက်ဘူး ဆိုမှတော့ နောက်ဆို သူ ကျန်းချောင်ရှန့်အပေါ် သက်ညှာပေးစရာ မလိုတော့ဘူးပေါ့...
ကျန်းကျန့်က ယန်ကျင်းကို တစ်ချက်ကြည့်ကာ ထိုသူ့ထံတွင် အရည်အချင်းကောင်းများ ရှိနေသည်ဟု တွေးမိလိုက်သည်။
ကျန်းကျန့်က အထည်ဆိုင်တွင် စျေးအချိုဆုံး အဝတ်စအထည်များကို ဝယ်ယူခဲ့သည်။ မူလတွင် သူက အသင့်ချုပ်ပြီးသား အဝတ်များကို ဝယ်ယူရန် ရည်ရွယ်ခဲ့သော်လည်း အဝတ်အထည်ဆိုင်များက အသင့်ချုပ် အဝတ်အစားများကို မရောင်းပေ။
သို့သော်ငြား အထည်စဆိုင်များက သူ့ကို အပ်ချုပ်သမား နှစ်ယောက် မိတ်ဆက်ပေးလိုက်ပြီး အပ်ချုပ်သမားများကို အဝတ်အစားများ ချုပ်ပေးရန် ပြောနိုင်ကြောင်း ပြောခဲ့ပြီး ထို့အတွက်လည်း ငွေကျသင့်မည် ဖြစ်သည်။
ကျန်းကျန့်က ကျန်းမိသားစုထံမှ ငွေများစွာ ရထားခဲ့သော်လည်း သူက အသက်ရှင်ရပ်တည်ရန်အတွက် မည်သည့် စီးပွားရေးကိုမှ မစတင်ရသေးပေ။ ငွေပြားလေးဆယ်က များများစားစား သုံး၍ မရနိုင်ပေ။ ထိုအကြောင်းကို စဥ်းစားလိုက်ပြီးသည့်နောက်တွင် ကိုယ့်အဝတ်ကိုယ် ချုပ်ရန် အဝတ်စ၊ ချည်မျှင်များနှင့် အပ်များကို ဝယ်ခဲ့လိုက်သည်။
သူက ပန်းထိုးခြင်း စသည်တို့၌ စိတ်မရှည်ပေ။ သူက အဝတ်စ အပိုင်း များစွာဖြင့် အဝတ်အစားတစ်စုံကို ချုပ်လုပ်နိုင်ပြီး ၎င်းက အဆင်ပြေနိုင်လောက်သည်။ ယောကျ်ားများ အိမ်မှုကိစ္စ မလုပ်ချင်ရခြင်း အကြောင်းမှာ သူတို့ မလေ့လာချင်၍ သို့မဟုတ် ကောင်းကောင်း မလုပ်နိုင်သည်ကြောင့် မဟုတ်ပေ။ ၎င်းက ရိုးရှင်းလွန်း၍ သူတို့က ပျင်းရိလွန်းပြီး မလုပ်ချင်ကြခြင်းသာ ဖြစ်သည်။ သူတို့က ရုပ်ရည် ကြည့်ကောင်းသူများ နောက်သို့ မလိုက်ကြပါက လည်း အပ်ချုပ်နိုင်ကြပေသည်။ အဝတ်အစားတစ်စုံ ချုပ်ရမှာလား... အပ်ချုပ်တတ်ပြီး ကြည့်ကောင်းတဲ့ တစ်ကိုယ်တည်း အမျိုးသမီးကိုပဲ လိုက်လိုက်ပါလား... ဒါတွေက သူတို့အတွက် လုပ်ဖို့ လိုသေးလို့လား...
ကျန်းကျန့်က နေ့စဥ်ဘဝကို အမြဲတမ်း ဂရုစိုက်သည်။ သူ့အစားအသောက်များက အရသာ မရှိပါက အချို့ကို ဝယ်နိုင်နေဆဲ ဖြစ်သည်။ သူက အိမ်အလုပ်များကို သဘောမကျသော်လည်း သူ့အိမ်ကို သန့်ရှင်းသပ်ရပ်အောင် လုပ်နိုင်သည်။ ရံဖန်ရံခါ သူ့အဝတ်များ စုတ်ပြဲသွားပါကလည်း သူကိုယ်တိုင်ပင် ပြုပြင်ခဲ့သည်။ ခေတ်သစ်တွင် သူက ယောကျ်ားတစ်ယောက် အနေဖြင့် တစ်ကိုယ်တည်း မိန်းကလေးများစွာထက်ပင် ပို၍ ကောင်းကောင်းလုပ်ဆောင်နိုင်သေးသည်။
သေချာပေါက် တစ်စုံတစ်ယောက်ကသာ သူ့အတွက် ချက်ပြုတ်ပေးပြီး အိမ်အလုပ်များ လုပ်ရန် ဆန္ဒ ရှိပါက အလွန် ဝမ်းသာ ရပေမည်။ ကျန်းကျန့်က လက်ထဲမှ အဝတ်စကို ကြည့်ကာ ကျောက်ကျင်းကောအကြောင်း တွေးမိသွားသည်။
ယခုတွင် သူက စီရင်စုမြို့သို့ ရောက်လာပြီဖြစ်ရာ ကျောက်ကျင်းကောအတွက် လက်ဆောင်အချို့ ဝယ်ပေးသွားရပေလိမ့်မည်။
ကျန်းကျန့်က စီရင်စုမြို့၏ လမ်းများတွင် လှည့်လည် သွားလာနေခဲ့သည်။ သူ သွားခဲ့သမျှတွင် မိုးဒဏ်ကာ ကောက်ရိုးမိုးကာအင်္ကျီ၊ ဝါးခြင်းတောင်းများ၊ ပန်းကန်လုံးများ၊ ကရားများနှင့် အခြားပစ္စည်းများ စသဖြင့် ပစ္စည်းများစွာ ဝယ်ယူခဲ့သည်။
ယန်ကျင်းလိုက်ပါလာမှုကြောင့် ကျန်းကျန့်မှာ ပစ္စည်းများ ဝယ်ရာတွင် ပိုက်ဆံ နည်းနည်းသက်သာခဲ့သော်လည်း ငွေသုံးပြား ကုန်လေပြီ ဖြစ်သောကြောင့် သူ့ကို အနည်းငယ် စိတ်ညစ်ညူးသွားစေသည်။ ပိုက်ဆံရှာရမည့်ကိစ္စက အလျင်လိုနေလေပြီဟု သူ တွေးမိလိုက်လေသည်။
ရွာသို့ ပြန်လာပြီးနောက်တွင် ကျန်းကျန့်က ကျောက်တဟူ မိသားစုအိမ်သို့ ကွေ့ပတ်၍ သွားခဲ့သည်။
ကျောက်ကျင်းကောက လယ်ကွင်းထဲ၌ အလုပ်လုပ်နေဆဲ ဖြစ်သည်။ ထယ်ထိုးနေရင်း သူ့ကို မြင်သောအခါ ရပ်သွားလေသည်။ ကျန်းကျန့်က သူ့ကို ပြုံးပြလိုက်ပြီး အနီးအနားမှ သစ်ပင်များထံသို့ သွားလေသည်။
တစ်ခဏအကြာ ကျောက်ကျင်းကောလည်း လိုက်လာခဲ့လေသည်။
"ဘာဖြစ်လို့လဲ" ကျောက်ကျင်းကောက သူ့လက်ထဲမှ တူးရွင်းလက်ကိုင်ကို ဖျစ်ညှစ်လိုက်သည်။ သူက ကျန်းကျန့်အား တွေ့ရမည်ကို အနည်းငယ် စိုးရိမ်နေခဲ့သည်။ သူနှင့် ကျောက်ကျင်းကောတို့က ထိုညများအတွင်း အလွန် နီးကပ်ခဲ့ကြလေရာ နေ့အချိန် ကျန်းကျန့်အား တွေ့ရမည်ကို ရှက်ရွံ့သွားစေသည်။
ထပ်ပြီး ရှိသေးသည်မှာ... သူတို့သာ သစ်တောများအတွင်းသို့ ထိုသို့ သွားနေကြပြီး တစ်ယောက်ယောက် မြင်သွားပါက သူတို့ကို အထင်မြင်သေးခံရမည် ဖြစ်ပြီး ၎င်းကို ဆန့်ကျင်၍ မည်သည်ကိုမှ လုပ်နိုင်မည် မဟုတ်ပေ။
"ကိုယ် ဒီနေ့ စီရင်စုမြို့ကို စျေးသွားဝယ်တော့ မင်းအတွက် လက်ဆောင် ယူလာခဲ့တယ်"
ကျန်းကျန့်က ပြောလိုက်သည်။
လက်ဆောင်လား... ကျောက်ကျင်းကောက ကျန်းကျန့်ကို ကြည့်လိုက်ပြီး အံ့အားသင့်မှုနှင့်အတူ စိတ်အားငယ်မှု အနည်းငယ်လည်း ခံစားလိုက်ရသည်။
ရွာထဲမှ ယောကျ်ားသားများက သူတို့ကြိုက်နှစ်သက်ကြသည့် အမျိုးသမီးတစ်ယောက် သို့မဟုတ် ကောတစ်ယောက်နှင့် တွေ့ပါက စီရင်စုမြို့သို့သွားကာ သူတို့အတွက် လက်ဆောင်များ ဝယ်လာပေးတတ်ကြသည်။ ကော သို့မဟုတ် မိန်းကလေးများက ၎င်းတို့ကို လက်ခံလိုက်ကြပါက သူတို့၏ မိဘများထံ လက်ထပ်ခွင့်တောင်းရန် အောင်သွယ်တော် တစ်ယောက်ကို စတင်မေးမြန်း၍ ရပေသည်။
လက်ဆောင်များ လက်ခံပြီး မည်သူနှင့်မှ မင်္ဂလာစကား မပြောချင်သေးသည့် ဟယ်ချိူးရှန့်လို လူစားမျိုးလည်း ရှိတတ်သေးသည်။
ကျန်းကျန့်က မတိုင်မီက သူ့ကို နမ်းခဲ့ပြီး ကျန်းကျန့်သည်လည်း သူ့ကို ကြိုက်နေသည်ဟု တွေးမိသည်။ ဒါဆို... သူ့အတွက် လက်ဆောင်ဝယ်ဖို့စီရင်စုမြို့ကို သွားတာများလား...
သူက ရွာထဲမှ ကောနှင့် မိန်းမများအတွက် ပါးနီ၊ မျက်နှာချေမှုန့်၊ ဆံထိုးနှင့် လက်ကိုင်ပဝါများကို သူတို့အား တန်ဖိုးထားကြသည့် ယောကျာ်းများမှ ပေးလာကြသည်ကို တွေ့ခဲ့ဖူးသည်။ ကျန်းကျန့်ကလည်း သူ့ကို ဒါတွေ ပေးချင်လို့များလား...
သူက ရုပ်ဆိုးသဖြင့် ယောကျ်ားတစ်ယောက်ကဲ့သို့ ဝတ်ဆင်မှသာ အဆင်ပြေသည်။ သူသာ အခြားကောများကဲ့သို့ မျက်နှာချေ၊ ပါးနီများ လိမ်းပြီး ဆံပင်ထုံးရန် ဆံထိုး ထိုးထားလိုက်ပါက အလွန် ကြည့်ရဆိုးသွားနိုင်သည်။
ကျန်းကျန့်ကသာ သူ့ကို ဒီလို ကြည့်ချင်လို့ တစ်ခုခု ပေးတယ်ဆိုရင် သူ စိတ်ပျက်သွားလောက်လား...
ကျောက်ကျင်းကောက ထိုအရာများကို မကြိုက်ပါသော်လည်း ကျန်းကျန့်သာ ထိုအရာများ သူ့ကို ပေးလာပါက မည်သို့ အသုံးပြုရမည်ကို တွေးတောမိနေဆဲ ဖြစ်သည်။
ကျောက်ကျင်းကောက ခေါင်းကို တွင်တွင် ငုံ့ထားပြီး စကားမပြောပေ။ ကျန်းကျန့်က သူတွေးနေသည်များကို မသိပေ။ သူက ဝါးခြင်းလေး တစ်ခြင်းသာ ပေးလိုက်သည်။
"ဒီမှာ... သူတို့ကို အိမ်ပြန်သယ်သွားဖို့ အကြောင်းပြချက် တစ်ခုလောက် ရှာလိုက်ဦး"
ဝါးခြင်းလေးထဲတွင် အသံအချို့ ထွက်နေပြီး အထဲတွင် သက်ရှိအရာများ ရှိနေသည်မှာ သိသာထင်ရှားနေခဲ့သည်။ ကျောက်ကျင်းကောက ဝါးခြင်းလေးကို ယူကာ အထဲကို ကြည့်လိုက်သည်။ ခြင်းတောင်းထဲတွင် အမွေးလေးများ ဖွာနေသည့် ဘဲပေါက်လေး ငါးကောင် ရှိနေသည်။
ကျောက်ကျင်းကောက တစ်ခဏမျှ ပျော်ရမည်လား စိတ်ဓါတ်ကျရမည်လားပင် မသိတော့ပေ။
တစ်ချိန်တည်းမှာပင် ကျန်းကျန့်က ပြောလိုက်သည်။
"ဘဲပေါက်လေးတွေက တီကောင်နဲ့ ခရုတွေ စားရုံနဲ့ မွေးလို့ရတယ်... သူတို့ကို တကယ့် အစာတွေ ကျွေးစရာ မလိုဘူး... မင်းအမေ ပျိုးထောင်ဖို့ သူတို့က သင့်တော်တယ်... သူတို့က ဥဖြစ်ဖြစ် အသားဖြစ်ဖြစ် စားလို့ရတယ်လေ"
ကျန်းကျန့်က အမှန်တကယ် အကျိုးရှိမည့် လက်ဆောင်ကိုသာ ပေးချင်သဖြင့် သေချာ စဥ်းစားပြီးနောက် ဘဲပေါက် ငါးကောင်ကိုသာ ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
ဟယ့်ရှီရွာက ရေနှင့် နီးပြီး ဘဲများကို အစာကျွေးရန် မလိုဘဲ သူတို့က တူးမြောင်းများထဲမှ ခရုနှင့် အခြားအရာများကို ရှာစားကြသဖြင့် ဘဲမွေးခြင်းက ကြက်မွေးခြင်းထက် ပို၍ အကုန်အကျ သက်သာသည်။
သို့သော်ငြား လူအများက ကြက်များကို မွေးရန်သာ ပို၍ စိတ်အားထက်သန်ကြသည်။ ဘဲများမှ ဥသော ဥများက ဥအနံ့ ဖျော့သော ကြက်ဥများလောက် စားမကောင်းပေ။ ဘဲများမှာလည်း ကြက်များကဲ့သို့ ဥများစွာ မဥကြပေ။ ထပ်ပြီးတော့ ဘဲများက အပြင်ဘက်တွင် ဥဥကြလေ့ ရှိကြသေးသည်။
ဘဲများက ကြက်များလောက် အသားမပေါ သည်မှာ ပြောစရာပင်မလို။ ရှေးခေတ်မှ ဘဲများမှာ အမှန်ပင် အကောင်သေးလှပေသည်။
သို့သော်လည်း ထိုသို့ ဆိုလျှင်တောင် အိမ်၌ ကြက်များ ဘဲများ မွေးနိုင်ခြင်းမှာ ကြွယ်ဝသော ဘဝတစ်ခု၏ ပြယုဒ်ပင် ဖြစ်သည်။ ယခင်က ကျောက်မိသားစုမှာ ကြက်နှင့် ဘဲများ မွေးချင်လျှင်တောင် သူတို့ကို မွေးရန် အစားအစာ အလုံအလောက် မရှိပေ။ "ကျွန်တော့်အမေက ကျန်းမာရေး မကောင်းဘူး" ကျောက်ကျင်းကောက ပြောလိုက်သည်။
"ဘဲတွေ လျှောက်မသွားအောင် ခြံစည်းရိုးလေး လုပ်လိုက်လေ... ဒါဆို သူတို့ကို မွေးဖို့ မခဲယဥ်းပါဘူး... အစာအတွက်က ကိုယ် ငါးနဲ့ ပုစွန်တွေ ဖမ်းမိရင် ယူလာပေးမယ်လေ"
ကျန်းကျန့်က ပြောလိုက်သည်။ အမှန်တကယ်တွင် သူ ကျောက်ကျင်းကောကို ဘဲပေါက်လေးများ ပေးရသည့် အခြား အကြောင်းပြချက် တစ်ခုလည်း ရှိနေသေးသည်။သူက သူ့ယောက္ခမ လုပ်ကိုင်ရန်အတွက် တစ်ခုခု ရှာပေးလိုခြင်း ဖြစ်သည်။
သူ့ယောက္ခမက ကျန်းမာရေးမကောင်းဟု ဆိုရသော်လည်း အလွန် ဆိုးဝါးနေသည့်ပုံ မပေါ်ပေ။ ကျောက်ကျင်းကောနှင့် ကျောက်ဖူကွေ့တို့က အပြင်တွင် အလုပ်သွားလုပ်နေကြရသဖြင့် သူမက အိမ်မှာပင် အတွေးအမျိုးမျိုး တွေးမိနေပြီး လမ်းလေးပင် ထွက်မလျှောက်တော့ပေ။ သူမကလည်း ဆင်းဆင်းရဲရဲ စားသောက်နေရသဖြင့် ခန္ဓါကိုယ်က ကျန်းမာရေး ညံ့လာရသည်။
သူမကို ဘဲများ ကြည့်ခိုင်းထားသည်က သေချာပေါက် ကောင်းပေလိမ့်မည်။
"မဟုတ်ပါဘူး... ကျွန်တော့်ဘာသာ ငါးဖမ်းနိုင်ပါတယ်" ကျောက်ကျင်းကောက တစ်ခဏမျှ တွေးတောပြီးနောက် ခပ်မြန်မြန် ပြောလိုက်သည်။ ဘဲများ မွေးထားခြင်းက အကြံကောင်းတစ်ခုဟု သူလည်း ခံစားရသည်။ "သူတို့ကြီးလာလျှင် ကျွန်တော်တို့ ခွဲယူကြမယ်လေ" ဘဲပေါက်လေးများမှာ ကျန်းကျန့် ဝယ်ထားခြင်းသာ ဖြစ်သည်။ သူတို့ ကြီးလာသည်နှင့် ကျန်းကျန့်ကလည်း သူ့ဝေစုကို ရသင့်ပေသည်။
"ကောင်းပြီလေ" ကျန်းကျန့်က သဘောတူလိုက်သည်။ ဘဲပေါက်များ ကြီးထွားရန် သုံးလ အချိန်ယူရပေလိမ့်မည်။ ထိုအချိန်၌ ယခု သူ လုပ်နေရသလို ကျောက်ကျင်းကောနှင့် ခိုးတွေ့စရာ လိုတော့မည် မဟုတ်ပေ။
ကျောက်ကျင်းကောကို ဘဲပေါက်လေးများ ပေးပြီးနောက် ကျန်းကျန့်က ပြန်လှည့်သွားသည်။ ကျန်းကျန့်၏ နောက်ကျောကို ကြည့်၍ ကျောက်ကျင်းကောက စိတ်ပျက်လက်ပျက် ဖြစ်မှု အနည်းငယ် ခံစားလိုက်ရသည်။
ကျန်းကျန့်က သူ့ကို ပါးနီတွေ ဆံထိုးတွေ မပေးခဲ့ဘူး... သူက ရုပ်အရမ်း ဆိုးနေတာကြောင့်များလား...
သို့သော်လည်း သူ့မျက်လုံးများက ထိုဘဲပေါက်လေးများ အပေါ် ကျရောက်သွားသောအခါ ကျောက်ကျင်းကောက ပြုံးမိသွားပြန်သည်။ သူတို့က တစ်ယောက်နဲ့ တစ်ယောက် လိုက်ဖက်နေတာကြောင့်မို့ သူနဲ့ ကျန်းကျန့်တို့က ဘဝကို အတူတူ ကုန်ဆုံးဖို့ ဆုံးဖြတ်ထားကြတာပဲ... ဒါဆို သူအတွေးလွန်မိနေတာများလား... ပါးနီတွေ ဆံထိုးတွေက ဘဲပေါက်တွေလောက် အကျိုးရှိမှာမို့လို့လား...
ကျောက်ကျင်းကောက ထိုဘဲပေါက် ငါးကောင်ကို လက်ခံရရှိပြီးနောက် အလုပ်လုပ်ရာ၌ ပို၍ပင် ခွန်အားအပြည့် ဖြစ်သွားသည်။ သူက မြေကြီးထဲသို့ ကြည့်နေရင်းဖြင့် တီကောင်များကို ကောက်ယူ စုဆောင်းထားလိုက်သည်။
ဘဲတွေက ဒါတွေ စားရတာ ကြိုက်တယ်လေ...
ထိုညအလုပ်ပြီးနောက် ကျောက်ကျင်းကောက ကျောပေါ်တွင် ဘဲပေါက်လေးများ တင်ကာ အိမ်သို့ ပြန်လာခဲ့သည်။ သူက စိတ်ကောင်းဝင်နေခဲ့လေသည်။ ထို့နောက်တွင် သူက သူ့အဝတ်များကို ဆုတ်ဖြဲတော့မည့်အလား သူ့ပေါ်တွင် မြဲမြဲမြံမြံ ကြည့်နေသည့် လမ်းတစ်ဖက်တွင် ထိုင်နေသော ကျန်းကျန့်ကို တွေ့လိုက်ရလေသည်။
သူက ခေါင်းကို ငုံ့ကာ အိမ်ထဲသို့ ဝင်သည်အထိ ခြေလှမ်းကို အရှိန်တင်မိသွားလေသည်။ သူက စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချကာ နှလုံးခုန်သံလည်း တည်ငြိမ်သွားသည်။
"ကျင်းကော... ပြန်လာပြီလား" ကျောက်လျူက သူ့ကို ကြိုဆိုနေခဲ့လေသည်။
"အင်း" ကျောက်ကျင်းကောက ကျောက်လျူကို ခေါင်းငြိမ့် ပြလိုက်ပြီး သူ့လက်ထဲမှ ဝါးခြင်းတောင်းကို ပေးလိုက်သည်။ ကျောက်လျူ မေးလာမည်ကို မစောင့်ဘဲ သူက ပြောလိုက်သည်။
"အမေ... တစ်ယောက်ယောက်က ကြက်ပေါက် ဘဲပေါက်လေးတွေ လာရောင်းလို့ ဘဲပေါက်လေး ငါးကောင် ဝယ်ထားလိုက်တာ... သိမ်းထားလိုက်ဦး"
ကျောက်ကျင်းကောက လက်ထဲတွင် ငွေအချို့ ရှိသဖြင့် ကျောက်လျူက သူ့စကားများကို သံသယ မရှိပေ။ သူမက ဘဲပေါက်လေးများကို ယူသွားပြီး ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။
"အမေ တစ်ခုခု မွေးချင်နေတာ ကြာလှပြီ... ဒါက..." သူတို့၏ မိသားစုက ငွေအလုံအလောက် မရှိသည်ကြောင့်သာပင်။
ကြက်ဘဲများက တစ်ကောင်လျှင် ကြေးပြား ဆယ်ပြား ကျသင့်သည်။ သူတို့၏ မိသားစုတွင် အစားအသောက် လုံလုံလောက်လောက် မရှိသဖြင့် ၎င်းတို့ကို မွေးထားရန် မလွယ်ကူပါပေ။ သူတို့က အကောင်အချို့ ဝယ်ခဲ့လျှင်တောင် သူတို့က အဆာလွန်၍ သေသွားနိုင်လောက်သည်။
ထပ်ပြီးတော့ ကျောက်ဖူကွေ့က သူမကို ကျန်းမာရေး ညံ့သည်ဟုသာ အမြဲတမ်း တွေးထားသဖြင့် သူမကို အလုပ်များများစားစား လုပ်ခွင့် ပြုမည် မဟုတ်ပေ။