Chapter 33
ကျောက်လျူက ဘဲပေါက်လေးများကို ထိကာ ခြင်းထဲတွင် ကျောက်ကျင်းကော ထည့်ပေးထားသည့် တီကောင်များကို ထုတ်ယူလိုက်သည်။ သူမက အပြုံးလေး တစ်ခု ဆင်မြန်းထားပြီး ဘဲကလေးများ စားနိုင်ရန်အတွက် တီကောင်များကို ကပ်ကြေးဖြင့် ညှပ်ပေးလိုက်သည်။
သူမ၏ အပြုံးက မကြာမီပင် ပျောက်ကွယ်သွားလေတော့သည်။
"ကျင်းကော... အခုတလော ကျန်းကျန့်က အမေတို့ အိမ်ဘက်ကို စူးစူးစိုက်စိုက် ကြည့်ကြည့်နေသလိုပဲ... ခုနကလည်း သားကို ကြည့်နေတာ... ဒါက..." ကျောက်လျူ ဒီနေ့ အသီးအရွက်များ သွားခူးနေစဥ်ကလည်း ကျန်းကျန့်က မနီးမဝေးမှ သူမအား စိုက်ကြည့်နေသည်ကို တွေ့ခဲ့ရသည်။
သူမက ကြောက်လန့်သွားခဲ့ပြီး မတိုင်မီကလည်း ကျန်းကျန့်က လမ်းဘေးတွင် ထိုင်ကာ သူမသားအား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရပြန်သည်။
ဒီနားမှာ သူတို့ကို ကူညီပေးနိုင်မဲ့ မိသားစု တစ်စုမှ ရှိတာ မဟုတ်ဘူး... ကျန်းကျန့်သာ သူတို့အပေါ် မကောင်းတဲ့ အတွေးတွေ ရှိနေရင် ဘာများ လုပ်ကြရပါ့...
ကျောက်ကျင်းကော: “. . .”
"အမေ... အကြီးဆုံးကျန်းက မကောင်းတဲ့သူ မဟုတ်ပါဘူး" ကျောက်ကျင်းကောက မနေနိုင်ဘဲ ပြောလိုက်သည်။
"ကျင်းကော... သား မမြင်လိုက်ရလို့နော်... သူက အရာရှိ တစ်ယောက်ကိုတောင် တိုက်ခိုက်ရဲ ကြိမ်းမောင်းရဲတယ်" ကျောက်လျူက ပြောလိုက်သည်။ ထိုအကြီးဆုံးကျန်းက သူမ၏ ဘဝတွင် မြင်ဖူးသမျှထဲ၌ လုပ်ရဲ ကိုင်ရဲတတ်ဆုံးလူ ဖြစ်သည်။
"အဲ့ဒါက သူ့ကို ဖမ်းဖို့ လုပ်တာကြောင့်လေ" ကျောက်ကျင်းကောက ပြောလိုက်သည်။ "သူက အရင်တုန်းက ပွက်လောရိုက်အောင် လုပ်ခဲ့ပေမယ့် နောက်ဆုံးကျ ဘယ်သူ့ကိုမှ ဘာမှ မလုပ်ခဲ့ဘူးလေ" သူ ယခင်က ကျန်းကျန့် လူများကို ရိုက်နေသည်အား မြင်သောအခါ ၎င်းက အကြံကောင်းတစ်ခုဟု သူမတွေးမိပေ။ သို့သော်လည်း ယခုတွင် ထိုအကြောင်းကို စဥ်းစားမိသောအခါ ကျန်းကျန့်က ကျန်းမိသားစုအပေါ် ဘာမှ မလုပ်ခဲ့။ သူက ငွေနှင့် အစားအသောက်အချို့ ယူရုံသာ။
သူက ကျန်းမိသားစုအိမ်၌ နေထ်ုင်ခဲ့သော်လည်း သူ့ဘဝက ရေရှည် အလုပ်သမား တစ်ယောက်ထက်ပင် ပို၍ သနားစရာ ကောင်းသေးသည်။ ရေရှည် အလုပ်သမားများ၏ အလုပ်ရှင်တို့က တွက်ကပ်ကြလျှင်တောင် သူတို့ ပေးသင့်သည့် အရာ မှန်သမျှကို ပေးနေဆဲ ဖြစ်သည်။ သူသာ မိသားစုကို မထောက်ပံ့ရပါက နေ့တိုင်း သူ့အစာအိမ်ကို ဖြည့်တင်းနိုင်ပေလိမ့်မည်။ သို့သော်လည်း ကျန်းကျန့်ကမူ... သူ ဘယ်တုန်းက လောက်လောက်ငင စားခဲ့ရလို့လဲ... အလုပ်များသည့် စိုက်ပျိုးရေးရာသီအတွင်းတွင် ထိုရေရှည် အလုပ်သမားများက ငါးများနှင့် ထမင်းများပင် စားနိုင်ကြသေးသည်။ သို့သော်လည်း သူက အကြီးဆုံးကျန်းမှာ လယ်ထဲတွင် ဆလတ်ရွက်၊ မုန်လာဥ အစိမ်းများနှင့် သခွားသီး တစ်လုံး စားနေသည်ကိုသာ တွေ့ခဲ့ရသည်။
ကျောက်လျူကလည်း ထိုအကြောင်းကို တွေးလိုက်မိသည်။ အဘွားကြီးကျန်းက ငွေအနည်းငယ် သုံးလိုက်ရသည့်အတွက် ရက်ပေါင်းများစွာ မုန်းတီးငိုကြွေးနေခဲ့သည်။ မတိုင်မီကလည်း ကျန်းချောင်ရှန့်၏ လက်ထပ်ပွဲအတွက် ငွေအမြောက်အများကို အမှန်တကယ် သုံးစွဲခဲ့ပါသော်လည်း ထို့အတွက် စိတ်သောက ရောက်ခဲ့ရသည်ကို မမြင်မိခဲ့ရပေ။
သို့သော်လည်း ကျန်းကျန့်က ကြောက်စရာ ကောင်းနေဆဲ ဖြစ်သည်။ "ဘာပဲဖြစ်ဖြစ် သူနဲ့ ဝေးဝေးမှာပဲ နေကြရအောင်ပါ... ကျင်းကော... သူ့ကို ဆန့်ကျင်ပြီး ရန်စလို့ မရဘူးနော်"
ကျောက်ကျင်းကောက စကားပြောကောင်းသူ မဟုတ်လေရာ ကောင်းကောင်းမွန်မွန် စကား မပြောနိုင်သဖြင့် ထိုအခိုက်၌ တိတ်တိတ်ကလေး ငြိမ်နေရုံသာ တတ်နိုင်လေတော့သည်။
အမှန်တကယ်တွင် သူ့ထံ၌ သူနှင့် ကျန်းကျန့်အကြောင်းကို သူ့မိခင်အား ပြောပြရန် ရည်ရွယ်ချက် ရှိနေခဲ့သည်။ သို့သော်လည်း သူ့အမေ စိတ်ဆိုးသွားမည်ကို ကြောက်သဖြင့် မပြောရဲတော့ချေ။ ကျန်းကျန့်နှင့် ညလယ်ခေါင်တွင် တွေ့နေခြင်းက သေချာပေါက် သူ့အမှားသာ ဖြစ်ပြီး အနည်းငယ် ရှက်စရာလည်း ကောင်းနေသေးသည်။
ကျောက်ကျင်းကောက ညအချိန်တွင် တစ်စုံတစ်ယောက်နှင့် တွေ့ဆုံနေခြင်းက မှားယွင်းနေမှန်း သိပါသော်လည်း ထိုည၌ ကျန်းကျန့်၏ အိမ်သို့ သွားနေဆဲ ဖြစ်သည်။ ထိုနေရာ၌ မီးဖိုနှင့် ဖယောင်းတိုင်များ၏ အလင်းအောက်တွင် ကျန်းကျန့်က အဝတ်ဟောင်းများကို ကြည့်ကာ လေ့လာနေရင်းဖြင့် အဝတ်များ ချုပ်နေသည်ကို တွေ့လိုက်ရသည်။
"ခင်ဗျား အဝတ် ချုပ်နေတာလား" ကျောက်ကျင်းကောက မေးလိုက်သည်။
"မင်းရော အရင်က ချုပ်ဖူးလား... ကိုယ့်ကို သင်ပေးလို့ ရမလား"
ကျန်းကျန့်က ကျောက်ကျင်းကောကို ကြည့်လိုက်သည်။ သူက ကျန်းချောင်ရှန့်၏ အဝတ်အစားများအား ကြည့်ထားပြီးသား ဖြစ်သည်။ ချုပ်ရိုးများက မတင်းလွန်းဘဲ တစ်နည်းနည်းဖြင့် သူတို့ကို ကူးယူနိုင်ပါသော်လည်း ပိတ်စများ ဖြတ်ရာ၌ ဂရုစိုက်ရန် လိုအပ်နေဆဲ ဖြစ်သည်။
"ကျွန်တော် ခင်ဗျားအတွက် ချူပ်ပေးမယ်လေ"
ကျောက်ကျင်းကောက ဝေဝေဝါးဝါး ပြောလိုက်သည်။ သူက အရွယ်ရောက်ပြီးသည့် ယောကျ်ားကြီး တစ်ယောက် ကိုယ့်အဝတ်ကို ချုပ်နေသည့် အဖြစ်အား တစ်ခါမှ မတွေ့ခဲ့ဖူးပေ။ အကယ်၍ မိသားစုတစ်စုတွင် လူပျိုသိုးကြီး တစ်ယောက် ပါဝင်နေခဲ့လျှင်တောင် ရွာထဲမှ အဘွားကြီး တစ်ယောက်အား အဝတ်ကူပြီး ချုပ်ပေးရန်အတွက် ငါးအချို့ ဖမ်းပေးလိမ့်မည်သာ ဖြစ်သည်။
သို့သော်လည်း ကျန်းကျန့်ကား... သူမှလွဲ၍ မည်သူကမှ သူ့ကို ကူညီပေးချင်ကြမည် မဟုတ်ပေ။
"ကိုယ့်ကို သင်ပဲ သင်ပေးလိုက်ပါ... ဘာပဲဖြစ်ဖြစ် ဒီရက်တွေထဲ အားနေမှာပဲဟာ"
ကျန်းကျန့်က ပြောလိုက်သည်။ သူ ယခင်က လူများကို ပြင်းပြင်းထန်ထန် ရိုက်ခဲ့ပါသော်လည်း အမှန်တွင် ဤခန္ဓါကိုယ်က လုံးလုံး ပြန်မကောင်းသေးပါပေ။
အကြီးဆုံးကျန်းက တစ်ချိန်လုံး အလုပ်များစွာ လုပ်ခဲ့ရသည်။ ယခုအချိန်၌ သူ သေချာ ဂရုမစိုက်ပေးလျှင် အသက် လေးဆယ် မပြည့်ခင် သေသွားမည်ကိုပင် စိုးရိမ်ရလေသည်။
ထို့ကြောင့်သာပင် ကျန်းကျန့်က ငွေရှာနေချင်ပါသော်လည်း လဝက်လောက် ထားလိုက်ပြီးမှ သူလုပ်နိုင်မည့် အလုပ်များအကြောင်း အရင်ဆုံး စဥ်းစားထားရန် လိုအပ်သည်။
ကျောက်ကျင်းကောက အဝတ်ချုပ်တတ်ပါသော်လည်း အပ်နှင့် အပ်ချည်များ မကိုင်ရသည်မှာ ကြာမြင့်ခဲ့လေပြီ ဖြစ်သောကြောင့် တော်တော်လေး သံချေးတက်နေခဲ့လေသည်။
သို့သော်လည်း သူက ကျန်းကျန့်ကို အဝတ်များကို မည်သို့ ဖြတ်တောက်ရမည်ကို သင်ပေးနိုင်နေဆဲ ဖြစ်ကာ အဝတ်အပိုင်းစများစွာ ဖြတ်ထုတ်ရန် ကူညီပေးခဲ့သည်။ သူက ထွက်မသွားခင် ပြောခဲ့သေးသည်။
"ကျန်းကျန့် ကျွန်တော် ခင်ဗျားကို အဝတ်ချုပ်ဖို့ ကူညီပေးနိုင်လောက်တယ်... ကျွန်တော့် အခန်းထဲမှာပဲ ချုပ်လိုက်မယ်လေ... ဒါဆို ဘယ်သူမှ သိမှာ မဟုတ်တော့ဘူး"
ကျန်းကျန့်က ကျောက်ကျင်းကော၏ မိဘများ တွေ့သွားမည်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်ပါသော်လည်း ရိုးရိုးသားသား ပြောရလျှင်မူ သူတကယ်ပဲ ကျောက်ကျင်းကော ချုပ်ပေးသော အဝတ်များ ဝတ်ချင်နေဆဲ ဖြစ်သည်။
"ကိုယ့်အတွက် ဘောင်းဘီတစ်စုံ ချုပ်ပေးလေ" ကျန်းကျန့်က ပြောလိုက်သည်။ ဘောင်းဘီများမှာ ညှပ်ထားပြီးသား ဖြစ်ကာ အခြား အဝတ်များနှင့် ယှဥ်လျှင် ချုပ်ရမည့် နေရာ နည်းသဖြင့် ဘောင်းဘီများမှာ ချုပ်လုပ်ရန် လွယ်ကူပြီး မြန်မြန် ပြုလုပ်နိုင်သည်။
ထိုစကားများကို ကြားသောအခါ ကျောက်ကျင်းကော၏ လက်များ တုန်ယင်သွားလေသည်။ ဘောင်းဘီတွေ ချုပ်ရမယ်... ဘောင်းဘီတွေကိုလေ...
ကျောက်ကျင်းကောက မကြာမီပင် အံတင်းတင်းကြိတ်ကာ အဝတ်စများကို ယူပြီး ထွက်သွားလေတော့သည်။ သူ ထွက်သွားသောအခါ ကျန်းကျန့်မှာ မရယ်မဘဲ မနေနိုင်ပေ။
သူက ကျောက်ကျင်းကော ရှက်နေပုံလေးကို သဘောကျသည်။ ၎င်းက သူ့ကို တုံ့ပြန်မှုတစ်ခုပင် ပေးသေးသည်။
ကျန်းမိသားစုနှင့် ပြဿနာများကို ဖြေရှင်းပြီး၍ အကြီးဆုံးကျန်း ခန္ဓါကိုယ်ထဲမှ ထွက်သွားပြီးနောက် သူက ကျောက်ကျင်းကောကို အိပ်ရာထဲသို့ ချက်ချင်း ဆွဲသွင်းရန် မစောင့်နိုင်တော့ပေ။
ထိုညနေ၌ ကျန်းကျန့်က သူ့ကိုယ်ပိုင် ဇီဝကမ္မ လိုအပ်ချက်များကို ဖြေရှင်းပြီးနောက် သက်ပြင်းချလိုက်ပြန်သည်။ ရှုေထာင့်အချို့တွင် ဤကိုယ်၏ စွမ်းဆောင်ရည်က သူ၏ မူလကိုယ်နှင့် နှိုင်းယှဥ်၍ပင် မရနိုင်ပေ။ အရှိန်က အတော်လေး မြန်လွန်းသည်။
သို့သော်လည်း သူသာ လေ့ကျင့်ခန်း ကောင်းကောင်း လုပ်ပါက တိုးတက်လာနိုင်သည်ဟု သူ ထင်မိသည်။
ကျန်းကျန့်က ထိုညတွင် ကောင်းကောင်း အိပ်စက်ခဲ့သည်။ နောက်တစ်နေ့ မနက်စောစောအချိန် အပြင်မထွက်မီတွင် အစားအသောက်အချို့ကို ကိုယ်တိုင် ပြင်ဆင်ခဲ့လေသည်။
ယနေ့ခေတ်တွင် ဟယ့်ရှီရွာမှ လူများ သူ့ကို တွေ့ကြသောအခါ သူ့ကို ရှောင်ကွင်းသွားကြမည် ဖြစ်သော်လည်း အခြားရွာသားများက သူ့အကြောင်းကို သိကြမည် မဟုတ်ပေ။ ယခုတွင် ဟယ့်ရှီရွာတွင် ရောင်းချရန် ပစ္စည်းထုပ်ကြီး နှစ်ထုပ် သယ်လာသော လူက သူ့ကို နှုတ်ဆက်နေခဲ့သည်။
"အစ်ကိုကြီး... အမွှေးနံ့သာနဲ့ စက္ကူငွေ အချို့ ဝယ်ဦးမလား" ကျန်းကျန့်က ယခုတွင် ကောင်းကောင်းမွန်မွန် ဝတ်စားထားပြီး အပြုအမူများကလည်း သာမန် လယ်သမားများနှင့် လုံးဝ ကွဲပြားနေလေရာ သူ့ကို စိတ်အားထက်သန်စွာဖြင့် နှုတ်ဆက်လာခဲ့သည်။
"စက္ကူငွေလား" ကျန်းကျန့်က သူ့ကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။
"ဟုတ်ပါတယ်... မကြာခင် ချင်းမင် ရောက်တော့မှာမလား... မိသားစုတိုင်းကတော့ ရှိထားသင့်တယ်လို့ ထင်တယ်" လူသားတွေရဲ့ ကရုဏာကတော့...
ကျန်းကျန့်က ခေါင်းထဲတွင် အချိန်တွက်ကြည့်လိုက်ရာ မနက်ဖြန်က ချင်းမင် ဖြစ်ကြောင်း သိလိုက်ရသည်။
သူက ဤကမ္ဘာတွင် အချိန်တစ်ခုမျှ တစ်ယောက်တည်း ရှိနေရသဖြင့် သူ ပူဇော်ပေးရမည့် မည်သူမှ ရှိမနေခဲ့ပေ။ ထို့ကြောင့် ထိုအရာများကို ဝယ်ရန် မလ်ုအပ်ပေ။ ကျန်းကျန့်က ထွက်သွားမည်အပြုတွင် ရုတ်တရက် တစ်စုံတစ်ယောက်အကြောင်း တွေးမိသွားသည်။ သူက စက္ကူငွေအချို့ကို ဝယ်ယူရန် ကြေးပြား နှစ်ဆယ် သုံးလိုက်သည်။
စက္ကူငွေများကို အိမ်တွင် ထားပြီးနောက် ကျန်းကျန့်က ဝါးခြင်းလေး တစ်လုံးနှင့်အတူ အပြင်ထပ်ထွက်သွားပြီး နေရာတိုင်းတွင် ငါအသေးလေးများနှင့် ပုစွန်လေးများ သွားရှာခဲ့သည်။ သူက မြစ်ထဲမှ လှေလေးတစ်စင်းကို ဖြတ်သွားရသည့်အခါတွင်လည်း လှေပေါ်တွင် အလုပ်များနေသည့် လူတစ်ယောက်က သူ့ကို နှုတ်ဆက်လိုက်သေးသည်။
နောက်တစ်ရက်က ချင်းမင်ပွဲတော် ဖြစ်သည်။
ကျန်းကျန်းက နောက်တစ်နေ့ မနက်တွင် စောစောထခဲ့ပြီး အပြင်ဘက်တွင် မိုးများရွာနေသည်ကို တွေ့လိုက်ရသည်။ သူက ခပ်မြန်မြန် အဝတ်ဝတ်လိုက်ပြီး ကြက်ကလေးကို အရင်သွားကြည့်လိုက်သည်။
တဲအိမ်ပျက်လေးက မိုးများ ယိုနေသော်လည်း အများကြီး ယိုနေခြင်း မဟုတ်ပေ။ ကြက်ကလေးက ထောင့်လေးတွင် ပုန်းနေပြီး မိုးမမိရုံသာမက ဥတစ်ဥကိုပင် ဝပ်နေခဲ့သေးကာ စိတ်ကောင်းဝင်နေပုံလည်း ပေါ်နေသည်။ ကျန်းကျန့်က မနှောင့်ယှက်ချင်သဖြင့် သူ့အိမ်ကိုသာ ပြန်လာခဲ့လေသည်။
ကြက်များက နေရာတိုင်းတွင် အညစ်အကြေး စွန့်နိုင်သည်။ အချို့လူများက သူတို့၏ ကြက်များ ညတွင် အေးခဲနေမည်ကို ကာကွယ်ပေးရန် အိမ်ထဲသို့ သွင်းထားတတ်ကြသော်လည်း သူက ထိုနည်းကို သဘောမကျပေ။
သို့သော်လည်း ယခု သူက အားလပ်နေသဖြင့် တဲအိမ်ပျက်လေး၏ ရေယိုပေါက်ကို ပြင်ပေးသည်က ပိုကောင်းပေမည်။
ထိုနေ့၌ မိုးရွာသဖြင့် ကျန်းကျန့်က ငါးဖမ်းမထွက်တော့။ သူက တစ်မနက်ပိုင်းလုံး တဲအိမ်လေးကို ပြင်နေခဲ့ပြီး နေ့လည်ပိုင်းတွင် အဝတ်များ စချုပ်လေတော့သည်။
သူက ချုပ်ရိုးများအား ဂရုတစိုက်နှင့် ဖြည်းဖြည်းချင်း ချုပ်ရမည်ကို စိတ်မရှည်ပေ။ သူ အဝတ်များကို ပြုလုပ်သည့်အခါ လက်ဖြင့်သာ မြန်မြန် လုပ်လိုက်သည်။ သူက နေ့လည်ပိုင်းတွင် အဝတ်အစား တစ်စုံ ချုပ်ပြီး သွားခဲ့လေသည်။ အဝတ်များက ကြည့်ရဆိုးနေကြသည်မှာ အံ့သြစရာပင် မဟုတ်။ သို့သော်လည်း လူများစွာ၏ အဝတ်အစားများက ဖာထေးရာများဖြင့် ပြည့်နေသည့် ဤခေတ်ကာလတွင် ထိုကဲ့သို့သော အဝတ်များ ဝတ်ရသည်က မှုလောက်စရာပင် မဟုတ်ပေ။
ထိုနေ့၌ ကျန်းကျန့်က သူ့အလုပ်များအပြင် ပြင်ထားပြီး ဖြစ်သော တဲအိမ်လေးထံ သွားကာ စက္ကူငွေအားလုံးကို မီးသွားရှို့ခဲ့သည်။
၎င်းတို့ကို အကြီးဆုံးကျန်းအတွက် ရှို့ပေးခဲ့ခြင်းသာ ဖြစ်သည်။
ကျန်းကျန့်က မူလတွင် ထိုအကြောင်းကို တွေးထားခဲ့ပြီး ချင်းမင်ပွဲတော် ပြီးနောက် သူ့ကျန်းမာရေး တိုးတက်လာအောင် လုပ်နေချိန်တွင် အသက်မွေးဝမ်းကြောင်း တစ်ခုကို ရှာဖွေရန် လှည့်လည် ကြည့်ရှုရပေလိမ့်မည်။ သို့သော်လည်း သူ့အစီအစဥ်များက လျှင်မြန်လှသော ပြောင်းလဲမှုများကို လိုက်မမီနိုင်ခဲ့ပေ။
ချင်းမင်ပွဲတော် ပြီးနောက် ခုနစ်ရက် ရှစ်ရက် ဆက်တိုက် မိုးရွာခဲ့လေသည်။ ၎င်းက တစ်ရက်သာ နားပြီးနောက် နောက်ထပ်တစ်ရက်တွင် မိုးထပ်ရွာလေရာ တစ်လောကလုံးကို စိုစွတ်သွားခဲ့လေသည်။
ကျန်းကျန့်က ရက်ပေါင်းအတော်ကြာအောင် အိမ်တွင်သာ ပျင်းပျင်းရိရိ ဖြစ်နေရသည်။ သူက အိမ်တွင် လုပ်ရမည့် အလုပ်များအားလုံး လုပ်ပြီးသွားခဲ့သော်လည်း မိုးက မရပ်နိုင်သေးပေ။
အမှန်တကယ်တွင် သူက အုန်းဆံမျှင် မိုးကာအင်္ကျီ ဝတ် အပြင်ထွက်ခဲ့သေးသော်လည်း မိုးရွာသော ရက်များတွင် ငါးဖမ်းရသည်က မလွယ်ကူပေ။ အပြင်ဘက်တွင် မိုးမိလာပါကလည်း အအေးမိသွားပြီး သူ့အတွက် အလွန်ခက်ခဲလေရာ နောက်ထပ် မထွက်ဖြစ်တော့။ ထိုအစား သူက စားသောက်ရန်အတွက် နေ့တိုင်း ဝက်ဆားသိပ်နှင့် ထမင်းများအပေါ်သာ မှီခ်ုနေရသည်။
သို့သော်လည်း ကျန်းကျန့်က အိမ်တွင် ကောင်းကောင်းမွန်မွန် အနားယူနေချိန်၌ ကျောက်ကျင်းကောကမူ မနားရပေ။ မိုးရွာနေလျှင်တောင် အလုပ်သွားနေရဆဲ ဖြစ်သည်။
မိုးရွာသော ရက်များတွင် လယ်အလုပ်လုပ်ရသည်က အလွန် ပင်ပန်းလှပြီး ရံဖန်ရံခါတွင် တစ်နေ့တာ၏ အဆုံး၌ ကျောက်ကျင်းကောက ခြေကုန်လက်ပမ်းကျနေတတ်သည်။ ကျန်းကျန့်က သူ့ကို ဂရုစိုက်ပေးပြီး ညအချိန်၌ အပြင်မခေါ်ထုတ်တော့ပေ။ ထိုအစား သူက ယခင်ကလိုပင် နေ့အချိန်၌ အစားအသောက် အချို့ကို တိတ်တဆိတ် လာပို့ပေးတတ်သည်။
အစားကောင်း အသောက်ကောင်းများကြောင့် ဖြစ်မည်။ မိုးရာသီ၌ ကိုယ်အလေးချိန်များစွာ ကျဆင်းတတ်သော ကျောက်ကျင်းကောမှာ ဤနှစ်၌ မျက်နှာလေးက သွေးရောင်သန်းလာကာ အထူးတက်ကြွနေလေတော့သည်။
ထိုနေ့တွင် ကျန်းကျန့်က မိုးကာအင်္ကျီကို ဝတ်ကာ အပြင်ထွက်လာခဲ့သည်။
လတ်တလောတွင် နေ့တိုင်း မိုးရွာနေသဖြင့် လယ်ထဲမှ တီကောင်များ အားလုံး တွားထွက်လာကြသည်။ အချိန်နှင့်အမျှပင် မြေစာလမ်းလေးများ၏ မျက်နှာပြင်ထက်၌ တီကောင်များကို တွေ့မြင်နေရသည်။ ကျန်းကျန့်က လမ်းတလျှောက်လုံး ၎င်းတို့ကို ကောက်ယူလာခဲ့သည်။ သူ ကျောက်ကျင်းကောနှင့် တွေ့သောအခါ ကျောက်လျူ အိမ်၌ မွေးထားသည့် ဘဲပေါက်လေး ငါးကောင်ကို ကျွေးရန် လုံလောက်မည့် တီကောင် အကောင်နှစ်ဆယ်ကျော် ရရှိခဲ့လေပြီ။
ကျန်းကျန့်က နေ့တိုင်း အစားအသောက်များ လာပို့ပေးခဲ့သည်။ ကျောက်ကျင်းကောက အစတွင် အလွန် မသက်မသာ ဖြစ်နေပြီး ငြင်းဆန်ချင်နေခဲ့သည်။ သို့သော်လည်း ယခုတွင် ၎င်းတို့ကို လက်ခံနိုင်သွားလေပြီ။ သို့သော်လည်း သူက ကျန်းကျန့်အတွက် နေ့တိုင်း တစ်ခုခု ယူလာပေးနေဆဲ ဖြစ်သည်။ ဥပမာ အားဖြင့် ယနေ့တွင် သူက ကျန်းကျန့်အား အသီးအရွက်မျိုးစုံနှင့် ငါးသလဲထိုးအနည်းငယ် ပါသည့် ခြင်းတစ်ခြင်းကို ပေးခဲ့သည်။
"ကျွန်တော် ငါးသလဲထိုး လေးငါးကောင် ဖမ်းမိထားသေးတယ်... ခင်ဗျား ပေါင်းခံအိုးထဲမှာ ထည့်ပေါင်းပြီး စားလို့ရတယ်"ကျောက်ကျင်းကောက ဆိုသည်။ သူက ကျန်းကျန့်၏ ဝက်သားများကို စားနေပြီး သူ့ဘက်ကမူ ကျန်ကျန့်အား ငါးသလဲထိုးလေးများသာ ပြန်ပေးနိုင်သည်ကို ရှက်ရွံ့နေခဲ့ရသည်။
"အင်း"ကျန်းကျန့်က ပြန်ဖြေလိုက်သည်။ "ဒီကိုလာခဲ့"
"ဘာကိစ္စ ရှိလို့လဲ" ကျောက်ကျင်းကောက ကျန်းကျန့်ထံ သွားလိုက်လေရာ ကျန်းကျန့်က သူ့အား ဖက်ပြီး နမ်းလိုက်သည်ကို ခံစားလိုက်ရသည်။
ကျောက်ကျင်းကောက ကြက်သေသေသွားပြီး မကြာမီမှာပင် စိတ်ငြိမ်သွားသည်။ ပထမအစတွင် သူ ကျန်းကျန့်ထံမှ အနမ်းခံခဲ့ရစဥ်က သူ့ခန္ဓါကိုယ်တွင် တစ်ခုခု မှားနေသည်ကို ခံစားနေရသော်လည်း ယခုတွင် ကျန်းကျန့်ထံမှ ပို၍ သက်ရောက်ခံနေရသဖြင့် တဖြည်းဖြည်း နေသားကျလာခဲ့သည်။