Chapter 36
ပင်လယ်ဆားနှင့် ပင်လယ်ထွက် ပစ္စည်းများ
ကျန်းကျန့်၏ အတွေးအတိုင်းပင် မည်သူကမှ ထိုအကျိုးအမြတ် အကြီးကြီးအတွက် မလှုပ်ရှားဘဲ နေကြမည် မဟုတ်ပေ။ သို့သော်လည်း သာမန်လူများကမူ ထိုသူတို့က ဆွဲဆောင်ခံလိုက်ရလျှင်တောင် ရောင်းချရန်အတွက် ဆားပျော်ရည်အချို့ကိုသာ တိတ်တဆိတ် အပူပေးရဲပေသည်။ ၎င်းတို့ထဲမှ အမှန်ပင် ဝင်ငွေများစွာ ရှာရဲကြသူများမှာ နောက်ခံကောင်းကောင်း ရှိသည့် အကောင်ကြီးကြီးများသာ ဖြစ်ကြသည်။
သူတို့က ငွေအားနှင့် လူအားများ ရှိကြပြီး သင်္ဘောကြီးများကို ခေါင်းဆောင်ကာ ဆားဝယ်ရန်အတွက် ဆားလွင်ပြင်သို့ မှောင်ခို ဝင်လာခဲ့ကြပြီး အခြားနေရာများသို့ ပို့ဆောင်ပေးကြသည်။ သူတို့က အလွန် စိတ်ကြီးဝင်ကြသော်လည်း မည်သူကမှ သူတို့ကို မစစ်ဆေးရဲပေ။
"ဘော့စ်... ကျွန်တော် ဖုံးကွယ်မထားတော့ဘူး... ကျွန်တော်တို့ ဆားကီလို ရာချီ တိတ်တိတ် ခိုးရောင်းတဲ့ မှောင်ခိုသမားတွေ ဖမ်းမိလေ့ရှိတယ်... ကျွန်တော်တို့ မထိရဲတဲ့ အကောင်ကြီးကြီးလူတွေလည်း တကယ်ပဲ ရှိပါတယ်... အကောင်ကြီးတွေရဲ့ လက်အောက်က လူတွေကိုတောင် ရှောင်ရတယ်... သူတို့က ဆားရောင်းတဲ့အခါ ချောချောမွေ့မွေ့ပဲ... ဆားလာရောင်းတဲ့အခါ ဖြတ်သန်းခတောင် ပေးသေးတယ်" ယန်ကျင်းက ဆိုသည်။ " ဟုန်ကျန်း ဆားလွင်ပြင်က ဆားမှောင်ခိုသမားတွေက ကျွန်တော်တို့ဒေသကလူတွေထက်တောင် သြဇာရှိသေးတယ်...
ဆား တစ်ရာ့ရှစ်ဆယ်ကီလို ရောင်းတဲ့ ဆားကုန်သည်လေးတွေက မိရင် ချက်ချင်း သတ်ခံရတယ်... ဒါပေမယ့် သူတို့ကို ဖမ်းပြီး သတ်တဲ့သူတွေက... အမှန်တော့ သူတို့အများစုက အဲ့ဒီဆားကုန်သည်ကြီးတွေအတွက် တိုက်ရိုက် အလုပ်လုပ်ပေးနေကြတာပဲ..."
အကြီးဆုံးကျန်းကဲ့သို့ တောသူတောင်သားများက ယန်ကျင်း ပြောသမျှကို လုံးဝ နားလည်မည် မဟုတ်သော်လည်း အမှန်တွင် ဤမြို့ရှိ လူများအားလုံး၏ ဒေသတွင်း ရမန်ရုံးတော်များမှာ ၎င်းကို ရှင်းရှင်းလင်းလင်း သိကြသည်။
ဒီအကြောင်း ပြောကာမှ တရားဝင်ဆားတွေက ဘာလို့ စျေးအရမ်းကြီးနေရတာလဲ... သီးသန့်ဆားကိုပဲ ကောင်းကောင်းမွန်မွန် ရောင်းနိုင်အောင် လုပ်ပေးလို့ မရဘူးလား... အကြောင်းအရင်းတစ်ချက် အနေဖြင့် တရားဝင်ဆားနှင့် မှောင်ခိုဆားအားလုံးမှာ အမှန်တကယ်တွင် ဤနေရာရှိ မိသားစုတစ်ခုတည်းမှ ရောင်းချကြခြင်း ဖြစ်သည်။
ဟုန်ကျန်း ဆားလွင်ပြင်မှာ အခြားပိုင်နက်နယ်မြေ ဖြစ်ကာ မည်သူမှ ထိရန် ခွင့်မပြုထားပေ။ ထို့ကြောင့် မှောင်ခိုဆားရောင်းချရန် ပင်လယ်ဘက်သို့ သွားရဲကြသော ကုန်သည်လေးများမှာ မိသွားသည်နှင့် ညှာတာမှုမရှိ သတ်ခံရပေလိမ့်မည်။
"အင်ပါယာ တရားရုံးတော်က ဆားစျေးကွက်ကို သတိမပြုမိခင်က အင်ပါယာ အထောက်တော်က နှစ်တွေအကြာကြီး အလုပ်များခဲ့ရတယ်... နောက်ဆုံးကျ စွန့်ပြစ်ထားတဲ့ သားတွေနဲ့ အပယ်ခံတွေကိုပဲ ရှာတွေ့ခဲ့တယ်လေ"
ယန်ကျင်းက ထပ်ပြောလိုက်သည်။ မရေတွက်နိုင်သော ဆားလွင်ပြင်များကို ထိန်းချုပ်သည့် ထိပ်တန်း ဆားမှောင်ခိုသမားများက သူတို့၏ ဆားများကို အခြားမိသားစုများအား ရောင်းပေးကြသည်။ ထိုမိသားစုများက အဆက်အသွယ်အချို့ ရှိကြသည်။ သူတို့က ချမ်းသာသော ကုန်သည်တစ်ယောက်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပြီး တရားရုံးတော်က အကြိမ်တိုင်း စုံစမ်းစစ်ဆေးမှု ဆောင်ရွက်ပြီးမှသာ သူတို့ကို ရှာတွေနိုင်ခဲ့သည်။
သေချာပေါက် သူတို့ကို ရှာတွေ့ရုံမျှဖြင့် ဘဏ္ဍာငွေအချို့နှင့်အတူ တရားရုံးတော်ကို ကျေနပ်သွားစေပြီးသား ဖြစ်ကာ ထိုမှတဆင့် မည်မျှ အကျိုးအမြတ် ရနေကြောင်း တွေးကြည့်နိုင်ပေသည်။
ယန်ကျင်း၏ စကားများကို ကြားသောအခါ ကျန်းကျန့်က တရားဝင်ဆားနှင့် သီးသန့်ဆား စျေးကွက်များမှာ ရင်းနှီးမြှုပ်နှံမှု ကွန်ရက်ကြီး တစ်ခုကို တည်ဆောက်ထားပြီး ဤဘက်မှ အရေးကြီးသော အရာရှိများပင် ၎င်းတို့အတွင်း ပါဝင်ပတ်သက်နေကြပေသည်။
အမှန်မှာ ၎င်းက အံ့အားသင့်စရာ မဟုတ်ပေ။
ယနေ့ခေတ်တွင် သာမန်လူများမှာ ဆင်းရဲကြပြီး အခွန်များကို တိုးမြှင့်ရန် တိတ်တဆိတ် ကြိုးစားနေကြသည့် အရာရှိများမှာ အရပ်သားများကို ဂုတ်သွေးစုပ်နေကြသည်ဟု ပြောနိုင်သော်လည်း ၎င်းမှ ငွေများစွာ မရနိုင်ကြပေ။ သူတို့သာ ငွေများစွာ ရှာလိုကြပါက ဆားစျေးကွက်ကဲ့သို့သော အထူးအခြေအနေရပ်များကို မှီခိုရန် လိုအပ်နေဆဲ ဖြစ်သည်။
ပြီးနောက် ၎င်းမှ ငွေရချင်ကြသည့်အတွက် မည်သူ့ကိုမှ သူတို့ထံမှ တရားမဝင် လုပ်ဆောင်ရန် ခွင့်ပြုနိုင်ကြမည် မဟုတ်ပေ။ ထို့ကြောင့် သူတို့က ပြိုကွဲရန် ခက်ခဲသည့် မှောင်ခိုသမားငယ်လေးများကိုသာ ရိုက်ချခဲ့ကြလေသည်။
ဤနည်းဖြင့် ဆားကီလို ရာအနည်းငယ်မျှ ရောင်းချ၍ ဝင်ငွေ ရရှိရန်အတွက် မှောင်ခိုသမားငယ်လေးများမှာ အလွန် ခက်ခဲသွားကြလေသည်။
ကျန်းကျန့်က ငွေရှာလိုပါသော်လည်း သူ့ဘဝကို ဆုံးရှုံးရန် ရည်ရွယ်မထားခဲ့ပေ။ ထိုအကြောင်းကို တစ်ခဏမျှ တွေးကြည့်လိုက်ပြီးနောက် သူမေးလိုက်သည်။
"စျေးမှာ ပင်လယ်စာတွေလည်း ရောင်းတယ်ထင်တယ်... ဒါတွေ ဘယ်ကလာတာလဲ"
ဟယ်ချောင် စီရင်စု၏ အဓိက ပင်လယ်စာ ထွက်ကုန်များမှာ ငါးဆားနယ်နှင့် ပင်လယ်ရေမှော်ပင်ခြောက်များ ဖြစ်ကြပြီး ၎င်းတို့က စျေးမကြီးသဖြင့် ဤနေရာရှိလူများက အလွန် နှစ်ခြိုက်ကြသည်။ ဥပမာအားဖြင့် ဧည့်သည်များကို ဧည့်ခံရန်အတွက် သူတို့က ပင်လယ်ရေမှော်နှပ်များကို ပြုလုပ်ပေးလေ့ ရှိကြသည်။
"ဘော့စ်... ဒီစီးပွားရေးကို လုပ်ချင်ရင်တော့ မခက်ပါဘူး... ပင်လယ်ဘက်ကို သွားပြီး ကုန်ကူးဖို့အတွက် လှေတစ်စီး ငှားလိုက်ရုံပဲလေ... ဒါပေမယ့် အထူးနည်းလမ်း မရှိရင်တော့ လူတွေက ဒါကို ဆားရောင်းတဲ့ နည်းအတိုင်း လုပ်ကြတာပဲ" ယန်ကျင်းက နှစ်ကြိမ်မျှ တခစ်ခစ် ရယ်မောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် အဲ့ဘက်ကို သွားရင် သေချာ ဂရုစိုက်ပြီး ဆားတွေကို သွားမထိမှ ဖြစ်မယ်... လေး ငါးကီလိုလောက် ဆိုရင်တော့ သူတို့က ဂရုစိုက်ကြမှာ မဟုတ်ဘူး"“
"မင်းမှာ နည်းလမ်း ရှိလား" ကျန်းကျန့်က ထပ်မေးလိုက်သည်။
"ကျွန်တော် ပင်လယ်စာ ရောင်းတဲ့ လူအချို့နဲ့ သိတယ်... ဘော့စ် သွားချင်ရင် သူတို့နဲ့ သွား ပူးပေါင်းလို့ ရတယ်" ယန်ကျင်းက ပြောလိုက်သည်။ ပင်လယ်စာ ရောင်းချသူများ အားလုံးမှာ အသေးစား မှောင်ခိုကုန်သည်လေးများသာ ဖြစ်ကြသည်။ သူတို့က အနည်းဆုံးတော့ လုံခြုံသည် ဟူသော အကြောင်းပြချက်ဖြင့် အပိုလူများစွာဖြင့် အတူသွားရမည်ကို အလွန် သဘောကျကြသည်။
ကျန်းကျန့်က ခေါင်းငြိမ့်ပြလိုက်ပြီး ယန်ကျင်းနှင့် ကိစ္စများကို အပြီးသတ်ထားခဲ့သည်။
ပြီးနောက် ကျန်းကျန့်က ဆေးပေးခန်းသို့ ထပ်သွားလိုက်သည်။
ဝမ်ဟိုင်ရှန်းက စန်းရှောင်ရှန်းကို လူနာစောင့်ပေးနေဆဲ ဖြစ်သည်။ သူမတိုင်မီက ပေးထားသော ငွေပြား နှစ်ဆယ်မှာ သူ့အဖျားရောဂါကို ကုသရန် လုံလောက်သည်။ ကျန်းကျန့်က သူ့ကို နှုတ်ဆက်ကာ အိမ်အရင်ပြန်ရန် စီစဥ်ထားခဲ့သည်။
သူက ငွေချေပေးထားရုံဖြင့် ဝမ်ဟိုင်ရှန်း၏ လှေကို အိမ်ပြန်သယ်သွားရန် အလျင်လိုမနေခဲ့ပေ။ သူက ဝမ်ဟိုင်ရှန်း၏ စရိုက်ကို ယုံကြည်ပြီး ယန်ကျင်းကို သူနှင့်အတူ ခေါ်လာခဲ့သဖြင့် ဝမ်ဟိုင်ရှန်း သူ့ပိုက်ဆံယူကာ ထွက်ပြေးသွားရဲလိမ့်မည် မဟုတ်ကြောင်း သူ ယုံကြည်ပေသည်။
ဝမ်ဟိုင်ရှန်းကလည်း ထိုအတွေးမျိုး မရှိပေ။ ကျန်းကျန့်က နောက်ပိုင်း စီးပွားရေး လုပ်ငန်းအတွက် သူ့အား ငှားရမ်းချင်နေသည်ကို သိလိုက်ရသောအခါ သူက ကျန်းကျန့်ကို အလွန် ကျေးဇူးတင်နေခဲ့သည်။ သူက လုံးဝ ထွက်ပြေးချင်မနေခဲ့ပါပေ။ ထိုအစား သူက ကျန်းကျန့်ကို လှေရှိရာသို့ ခေါ်သွားပြီး ငါးအချို့ ပေးခဲ့သည်။
ငါးများက မကြီးလေဘဲ လွန်ခဲ့သည့် နှစ်ရက်အတွင်း ဝမ်ဟိုင်ရှန်း၏ ကလေး နှစ်ယောက် ဖမ်းမိထားခဲ့ခြင်း ဖြစ်သည်ဟု ပြောရမည်ပင်။ သူတို့က ငယ်စဥ်ကတည်းက ငါးဖမ်းလှေအတွင်း ကြီးပြင်းလာကြခြင်း ဖြစ်ရာ သူတို့က ငါးဖမ်းတတ်ကြသည်။
သဘာဝကျကျပင် ကျန်းကျန့်မှာ မငြင်းဆန်နိုင်ပေ။ သူက ငါးများကို ယူကာ အိမ်ပြန်သွားသည်။
ရက်ပေါင်းများစွာ တစ်ဆက်တည်း မိုးရွာထားသဖြင့် လမ်းများအားလုံးက ဗွက်ထနေကာ ဖြတ်သွားရန် ခက်ခဲနေသည်။ တစ်လမ်းလုံး လမ်းလျှောက်လာသည့် ကျန်းကျန့်မှာ အဝတ်များနှင့် ဖိနပ်များ စိုစွတ်နေရုံသာမက ရွှံ့များလည်း ဖုံးနေသေးသည်။
ထို့ကြောင့် အိမ်ပြန်ရောက်ရန် ပုံမှန်ထက်ပို၍ အချိန်ကြာသွားသည်။ သူအိမ်ပြန်ရောက်လာသောအခါ မှောင်စပြုနေခဲ့လေပြီ။
သူက ရေခပ်ကာ ခြေထောက်ဆေးလိုက်သည်။ ကျန်းကျန့်က အိမ်အပြင်ဘက်တွင် ငါးလေးများကို ကိုင်တွယ်လိုက်သည်။ သူက အကြေးခွံများချွတ်ကာ အူများကို ဆွဲထုတ်လိုက်သည်။ သူ အလုပ်ရှုပ်နေချိန်တွင် မနီးမဝေးရှိ ကျောက်ကျင်းကော၏ အသီးအရွက်ခင်းတွင် ဖင်လေးများတယမ်းယမ်း အတောင်ပံလေးများ ဖြန့်ကာဖြင့် လျှောက်သွားနေကြသော ဘဲကလေး ငါးကောင်ကို တွေ့လိုက်ရသည်။
ယခု မိုးမရွာတော့သဖြင့် ကျောက်လျူက သူတို့ကို လေကောင်းလေသန့် ရရန်အတွက် အပြင်သို့ လွှတ်ပေးထားခြင်း ဖြစ်သည်။
ထိုအကြောင်းကို စဥ်းစားမိသည်နှင့် ကျန်းကျန့်က လှည့်ပတ်ကြည့်လိုက်ရာ မနီးမဝေးတစ်နေရာတွင် ကျောက်လျူက တီကောင်များ တူးရန်အတွက် လက်တစ်ဖက်က ဝါးလုံးတစ်ခုကို ကိုင်၍ နောက်တစ်ဖက်မှက ဝါးလုံးကို ဖြတ်နေသည်ကို တွေ့လိုက်ရသည်။
ရွာထဲတွင် ကြက် ဘဲများ မွေးထားကြသူများမှာ ကြက်များ ဘဲများ တီကောင်စားပြီး ကြီးထွားလာကာ ဥများ ပိုဥလာရန်အတွက် သူတို့၏ ကလေးများကို တီကောင်များ သွားတူးခိုင်းလေ့ ရှိကြသော်လည်း ကျောက်လျူ၏ အသက်အရွယ်မှ လူများကမူ ယေဘုယျအားဖြင့် ထိုကဲ့သို့သော အရာများကို မလုပ်ကြပေ။
ကျန်းကျန့်က တီကောင်တူးနေသော ကျောက်လျူကို ကြည့်လိုက်သည်။ သူက အတော်လေး ရယ်စရာ ကောင်းသည်ဟု ခံစားလိုက်ရပြီးနောက် သူ့လက်ထဲမှ ဓါးဖြင့် ငါးအူများကို ဖြတ်နေခဲ့သည်။ ထို့နောက် သူက ထိုငါးအူများကို ယူကာ ကျောက်မိသားစု လယ်ကွင်းထဲသို့ ထွက်လာခဲ့သည်။ ကျောက်လျူ၏ ကြောက်လန့်နေသော မျက်လုံးများကို မကြည့်ဘဲ ငါးအူများကို မြေပေါ်သို့ ကြဲချလိုက်လေသည်။
ကျောက်လျူက ကျန်းကျန့်ကို ကြောက်နေပါသော်လည်း ထိုဘဲပေါက်လေးများမှာ သူ့ကို မကြောက်ကြပေ။ သူတို့က တဂတ်ဂတ် အော်ကာ မကြာမီပင် ငါးအူများ စားရန်အတွက် ကျန်းကျန့်အနားသို့ စုဝေးလာကြလေတော့သည်။
ကျန်းကျန့်က အိမ်ပြန်နောက်ကျခဲ့ပါသော်လည်း ကျောက်ကျင်းကောက ပို၍ပင် နောက်ကျနေခဲ့သေးသည်။
ကျောက်တဟူ၏ မိသားစုကို ဟယ့်ရှီရွာ၏ မိသားစုကြီးဟု ခေါ်ရခြင်းမှာ ထိုမိသားစုက ငွေနှင့် လယ်မြေ အမြောက်အများနှင့် ရေရှည် အလုပ်သမား ကျောက်ကျင်းကောတို့ ရှိခြင်းကြောင့် ဖြစ်သည်။
ကျောက်ကျင်းကောက လယ်အလုပ်များ အလုပ်မများပါက အားလပ်ချိန်အချို့ ရရှိနေဆဲ ဖြစ်သော်လည်း အလုပ်များနေလျှင် သူသည်လည်း တစ်ချိန်လုံး အလုပ်ရှုပ်နေရသည်။ သူ၏ တောင်းဆိုမှု နည်းပါးခြင်းနှင့် အလုပ်ကြိုးစားမှုတို့ကြောင့် ကျောက်တဟူမိသားစုက လယ်အလုပ်များလေ့ ရှိတိုင်း သူ့အတွက် တစ်ခုခု ပေးလေ့ရှိပြီး ဥပမာ အားဖြင့် ယနေ့ ရရှိသည့် ကြက်ဥနှစ်လုံး ဖြစ်သည်။
ကျောက်ကျင်းကောက ကြက်ဥများကို ကျောက်လျူဆီ ပေးပြီးနောက် သူ့ကိုယ်မှ ရွှံ့များကို ဆေးကြောရန် အိမ်ရှေ့ မြေကွက်လပ်သို့ ထွက်သွားသည်။ သူရေချိုးပြီးသောအခါ ကျောက်လျူက သူ့အတွက် အစားအသောက်များ ပြင်ထားပြီးသား ဖြစ်နေသည်။
လယ်အလုပ်များလာသောအခါ ကျောက်မိသားစုက ဆန်ခြောက်များ စားလေ့ရှိသည်။ မဟုတ်လျှင် သူတို့က တောင့်ခံနိုင်ကြမည် မဟုတ်ပေ။ ကျောက်လျူက ဆန်ခြောက်များကို ဖြည့်စွက်၍ ကျောက်ကျင်းကော ယူလာသော ကြက်ဥများကို သုံးကာ ကြက်ဥနှင့် အသီးအရွက် စွပ်ပြုတ် တစ်ခွက် ချက်ခဲ့သေးသည်။
"အမေ ကြက်ဥစွပ်ပြုတ်ကို အမေပဲ သောက်လိုက်ပါ" ကျောက်ကျင်းကောက ပြောလိုက်သည်။ ကျန်းကျန့်က နေ့လည်၌ သူ့ကို အစားအသောက်များ ပို့ပေးလာပြီး သူက အသားကိုပင် စားခဲ့ရသေးသည်။
"ငါက အိမ်မှာ ဘာမှ လုပ်ထားတာမှ မဟုတ်တာ... ကြက်ဥစွပ်ပြုတ်ကို ဘာလိုစားရဦးမှာလဲ" ကျောက်လျူက ပြောလိုက်သော်လည်း ကျောက်ကျင်းကောက ကျောက်လျူအတွက် ကြက်ဥစွပ်ပြုတ် ပန်းကန် တစ်ဝက် ချန်ထားပေးလိုက်သည်။
ကျောက်ဖူကွေ့အတွက်မူကား သူက အတန်ငယ် ဝေးသော နေရာတွင် ရေတို အလုပ်သမား လုပ်နေခဲ့သဖြင့် ဤရက်များအတွင်း အိမ်ပြန်လာနိုင်မည် မဟုတ်ပေ။
ကျောက်ကျင်းကောက စကားမများသော်လည်း ကျောက်လျုက စကားများများ ပြောရသည်ကို သဘောကျသည်။ ကျောက်ကျင်းကော စားသောက်နေသည်ကို ကြည့်နေရင်းဖြင့် သူမက အခြားမိသားစုကိစ္စများ အကြောင်း ပြောနေခဲ့သည်။ သေချာပေါက်ပင် သူမက လောလောလတ်လတ် အိမ်နီးချင်း ဖြစ်လာသည့် ကျန်းကျန့်အကြောင်းကိုလည်း ပြောခဲ့သေးသည်။
"ကျန်းကျန့်က ဒီနေ့ အမေတို့ဘဲတွေကို ငါးအူတွေ လာကျွေးနေတာလေ... သူ့ရည်ရွယ်ချက်က ဘာများ ဖြစ်မလဲ... အမေတို့ ဘဲတွေ ကြီးလာရင် ခိုးမသွားလောက်ပါဘူးနော်"
ကျောက်လျူက ပြောလေလေ ပို၍ စိုးရိမ်ပူပန်လာလေလေ ဖြစ်သည်။
အဘွားကြီးကျန်းက အတော်လေး တတ်နိုင်သူ ဖြစ်သည်။ သူမက ရွာသားများအား ကျန်းကျန့် ကျန်းမိသားစုကို လုပ်ခဲ့သမျှအားလုံး ပြောပြထားခဲ့သည်။
အခြားနည်းဖြင့် ဆိုရသော် ရွာထဲမှ လူများအားလုံးမှာ ယခုတွင် ကျန်းကျန့်ကို ကြောက်ရွံ့နေလေကြသည်။ သူတို့က အဘွားကြီးကျန်း၏ အပြုအမူနှင့်လည်း ဆက်နွယ်နေခဲ့သည့် ကျန်းကျန့် တစ်ခုခု မှားနေကြောင်းကိုလည်း တွေးမိနေကြသည်။
အကြီးဆုံးကျန်းက ယခင်က မမျှမတ ခံစားရစဥ်မှာပင် စကား တစ်ခွန်းမှ မပြောခဲ့ပေ။ သူတို့က အဘွားကြီးကျန်း သူ့အပေါ် မကောင်းမှန်း သိကြလျှင်တောင် မည်မျှ ဆိုးခဲ့သည်ကို မသိကြပေ။ အဘွားကြီး ကျန်းက အော်ဟစ်နေခဲ့သဖြင့် သူတို့က ကျန်းကျန့်က မည့်သည့် "မကောင်းမှုများ" လုပ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း သိနေခဲ့ကြသည်။
ကျောက်လျုက ကျန်းကျန့် သူတို့၏ ကြက်ကို ခိုးယူခဲ့ကြောင်း ကြားသောအခါ စိုးရိမ်လာရလေတော့သည်။
"အမေ... သူ သူများရဲ့ ကြက်တွေ ခိုးနေတာ မြင်ဖူးလို့လား" ကျောက်ကျင်းကောက မေးလိုက်သည်။
ကျန်းကျန့်က အစားအသောက်အတွက် နေရာတိုင်း ကြည့်နေခဲ့ပါသော်လည်း အခြားသူများ၏ ကြက်ကို ခိုးနေသည်အား မတွေ့ခဲ့ဖူးပါပေ။
ထိုအကြောင်းကို စဥ်းစားပြီးနောက် ကျောက်လျုက နောက်ထပ် ကိစ္စတစ်ခုကို အမှတ်ရသွားခဲ့သည်။
"ကျင်းကော... ကျန်းကျန့်က အသီးအရွက် စိုက်မထားဘူးလေ... ပြီးတော့ ဒီနှစ်ရက်ထဲ အမေတို့ဆီလည်း လာမခိုးဘူး... သူ ဘာအသီးအရွက်တွေ စားနေရတယ်လို့ သားထင်လဲ"
သူက ကျန်းကျန့်ကြောင့် နောက်ထပ် စိုးရိမ်သွားရပြန်သည်။