Chapter 37
– ယခင်က စေ့စပ်ကြောင်းလမ်းခဲ့သူ
ကျောက်ကျင်းကောက အလွန် ပင်ပန်းနေသဖြင့် ထိုညတွင် စောစော အိပ်ရာဝင်သွားခဲ့သည်။ ထို့ကြောင့် သူက ညတွင် ကျန်းကျန့် အမှန်ပင် တံခါးလာခေါက်ခဲ့သည်ကို မသိတော့ပေ။
တံခါးကို အကြိမ်ပေါင်းများစွာ ခေါက်ပြီးနောက် တုံ့ပြန်ချက် မရသဖြင့် ကျန်းကျန့်က ကျောက်ကျင်းကော အိပ်ရာဝင်သွားလေပြီဟု တွေးမိသဖြင့် အိမ်ကိုသာ ပြန်လာခဲ့သည်။
သို့သော်လည်း နောက်တစ်နေ့ မနက်တွင် စောစောထကာ လမ်းတစ်ဖက်တွင် ထိုင်၍ စောင့်နေခဲ့သည်။
ကျန်းကျန့်က ကျောက်ကျင်းကောကို တွေ့သောအခါ စကားပြောမလာခဲ့ပေ။ ထိုအစား သူက ကျောက်ကျင်းကောကို မျက်လုံးမှိတ်ပြကာ လမ်းတစ်ဖက်မှ ဝါးဘူးလေးကို လာယူရန် ပြောလိုက်သည်။
ထိုဝါးဘူးလေးထဲတွင် ကျန်းကျန့် မနေ့ညက ချက်ကာ ယနေ့ မနက်တွင် ပြန်နွှေးပေးထားသော ငါးစွပ်ပြုတ်အချို့ ရှိနေခဲ့သည်။
နှစ်ယောက်သားက ယခုတွင် တစ်ယောက်ယောက်နှင့် တစ်ယောက် ပုံမှန် အဆက်အသွယ် ရှိကြလေရာ ဖောက်ပြန် နေကြရသည်နှင့် တူနေသည်။ ကျန်းကျန့်က နောင်တအချို့ ရပါသော်လည်း ၎င်းက အတော်လေး စိတ်ဝင်စားဖွယ် ကောင်းကြောင်း တွေ့လိုက်ရသည်။
ကျောက်ကျင်းကောက ဝါးဘူးလေးကို ယူလိုက်ပြီး အဝေးမှ ကျန်းကျန့်ကို ကြည့်လိုက်သည်။ သူက လက်ထဲတွင် ဝါးဘူးနှင့် အတူ ကျောက်တဟူအိမ်သို့ သွားနေသည့် အချိန်တွင် သူ့ခြေလှမ်းများက မလွဲဧကန်ပင် ပို၍ ပေါ့ပါးနေခဲ့သည်။ တစ်ခဏမျှ လမ်းလျှောက်ပြီးနောက် သူက ဝါးဘူးလေးကို ဖွင့်ကာ ဖြည်းဖြည်းချင်း စားလိုက်သည်။
ထိုဝါးဘူးက ပူနေဆဲဖြစ်ရာ ကျန်းကျန့်က သူ့အား ထိုစွပ်ပြုတ်ကို ပူပူလေး စားစေချင်နေမှန်း သိသာနေသဖြင့် သူက ဖြုန်းတီး၍ မဖြစ်ပေ။
ဝါးဘူးထဲမှ ငါးစွပ်ပြုတ်က ကျန်းကျန့် ချက်ပေးထားခြင်း ဖြစ်သည်။ ငါးရိုးများကို ဖယ်ထုတ်ပြီးနောက် ကျန်သော အသားကို ကြက်ဥနှင့် ချက်ပြုတ်ထားခဲ့သည်။ အရသာကို မဆိုထားနှင့် ၎င်းက အာဟာရ ကြွယ်ဝလေပြီး အသားဓါတ်ကို ထောက်ပံ့ပေးမည့် ငါးအသားများစွာ ပါဝင်နေလေသည်။
ငါးစွပ်ပြုတ်ကို မနေ့ညက ချက်ထားခြင်းကြောင့် အနည်းငယ် ညှီနံ့နံနေသော်လည်း ကျောက်ကျင်းကောက သေချာပေါက် မကြိုက်ခြင်းမျိုး မရှိပေ။ သူက မကြာမီပင် အကုန် သောက်လိုက်ပြီး ဝါးဘူးလေးကို ဤရက်များအတွင်း သူနှင့်အတူ ယူလာခဲ့သော ရေနွေးနှင့် ကျင်းလိုက်ပြီး ဝါးဘူးလေးကို ကျင်းထားသည့် ထိုရေနွေးအားလုံးကို သောက်လိုက်သည်။
မနက်ပိုင်း သူနိုးလာသောအခါ အိမ်တွင်သာ ခြောက်ခြောက်ကပ်ကပ် စားလိုက်ပြီး ယခုတွင် သူက ငါးစွပ်ပြုတ်ကို သောက်ခဲ့ရသည်။ သူ့ခန္ဓါကိုယ် တစ်ခုလုံး နွေးထွေးလာပြီး အင်အား အပြည့် ဖြစ်လာသည်ကို ခံစားလိုက်ရသည်။ သူက ထိုမနက်တွင် အလုပ်လုပ်သောအခါ ပင်ပန်းသည်ဟုပင် မခံစားရပေ။
မနက်ပိုင်းတွင် မိုးရွာခြင်း မရှိသည်ကြောင့် ကျောက်တဟူက လယ်ကွင်းများကို လာရောက် ကြည့်ရှုခဲ့သည်။ ကျောက်ကျင်းကော ထိုသို့ ဖြစ်နေသည်ကို တွေ့သောအခါ စိတ်ကျေနပ်မှုဖြင့် ခေါင်းငြိမ့်လိုက်လေသည်။
ပထမတွင် လူတိုင်းက သူ ကောတစ်ယောက်ကို ရှေရှည် အလုပ်သမားအဖြစ် ငှားရမ်းလိုက်သည့်အပေါ် သူ့အား ဦးနှောက် ပျက်နေခြင်း ဖြစ်မည်ဟု တွေးခဲ့ကြသည်။ သို့သော်လည်း ယခုတွင် နှစ်ပေါင်းများစွာ ကြာပြီးနောက် လူတိုင်းက သူ့ကို မနာလို ဖြစ်လာကြတော့သည်။ ကျောက်ကျင်းကောက ယောကျ်ားတစ်ယောက်ကဲ့သို့ အလုပ် ကြိုးစားလှပြီး အလုပ်များကိုလည်း တလေးတနက် လုပ်တတ်သည်။
သို့သော်လည်း သူထွက်သွားပြီးနောက် ကျောက်ကျင်းကော စိတ်ပျံ့လွင့်စ ပြုလာကြောင်းကို သူမသိလိုက်ပေ။
နေ့လည်တိုင်လုနီးပါး ဖြစ်နေသဖြင့် ကျန်းကျန့် ရောက်လာမည့် အချိန် နီးနေလေပြီ။
ကျောက်ကျင်းကောက ကျန်းကျန့်၏ အစားအသောက်များ စားနေရခြင်းအပေါ် အနည်းငယ် ရှက်ရွံ့နေပါသော်လည်း သူက ကျန်းကျန့် ရောက်လာမည့် အချိန်ကို မျှော်နေဆဲ ဖြစ်သည်။ အလုပ်လုပ်နေဆဲ ဖြစ်သော်လည်း ကျောက်ကျင်းကော၏ မျက်လုံးများမှာ ကျန်းကျန့် လာနေကျ လမ်းဘက်သို့ အကြည့်ရောက်ရောက်သွားသည်။
သို့သော်လည်း အချိန်အတော်ကြာသည်အထိ ကျန်းကျန့်ကို မတွေ့ရပေ။ ထိုအစား သူနှင့် ရင်းနှီးနေသည့် အသက် ငါးဆယ် ခြောက်ဆယ် အရွယ် ရှိသည့် အမျိုးသမီးတစ်ယောက် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ကျောက်ကျင်းကောက သူမကို စက္ကန့်ပေါင်းများစွာ ကြည့်လိုက်ပြီးနောက် သူမက ကျောက်လျူ၏ သူငယ်ချင်း တစ်ယောက် ဖြစ်သည်ကို တွေ့လိုက်ရသည်။ သို့သော်လည်း ကျောက်လျူနှင့် သူမတို့က အဆက်အဆံ မရှိကြသည်မှာ နှစ်ပေါင်းများစွာ ကြာလေပြီဖြစ်၍ သူမကို တစ်ခဏမျှ မမှတ်မိလိုက်။
"ကျင်းကော" ထိုအမျိုးသမီးက ကျောက်ကျင်းကောကို တွေ့သောအခါ ချက်ချင်းဆိုသလိုပင် မျက်နှာထက်၍ အပြုံးတစ်ခုတင်ကာ သူ့ထံသို့ လျှောက်လာခဲ့သည်။
"ကျင်းကော... မတွေ့ရတာ ကြာပြီ"
"အန်တီလီ" ကျောက်ကျင်းကောက ထိုအမျိုးသမီးကို နှုတ်ဆက်လိုက်သည်။ သူမ၏ အမည်က လီရှို့ ဖြစ်သည်။ သူမက အနီးအနားရှိ လီကျားရွာမှ ဖြစ်ကာ ကျောက်လျူ၏ မိသားစု နေထိုင်သည့် ချောင်းထုန်ရွာတွင် လက်ထပ်ကာ နေထိုင်လေသည်။
ကျောက်လျူ လက်မထပ်ခင်က သူမနှင့် ထိုအမျိုးသမီးတို့မှာ ဆက်ဆံရေးကောင်းတစ်ခု ရှိကြသည်။ သူမ လက်ထပ်သွားပြီးနောက် အဆက်အသွယ် ရှိနေဆဲ ဖြစ်သည်။ နောက်ပိုင်းတွင် အဆက်အသွယ် ပြတ်သွားရသည့် အကြောင်းပြချက်မှာ ထိုလီမျိုးနွယ် အမျိုးသမီးက ကျောက်ကျင်းကောအား လက်ထပ် ပူးပေါင်းခြင်း အကြောင်း ပြောလာ၍ ဖြစ်သည်။
ကျောက်ကျင်းကော၏ အမေအား သူမ၏ အိမ်နီးချင်းထံ၌ လီကျူးကျန်ဟု အမည်ရကာ ကျောက်ကျင်းကောထက် အသက်နှစ်နှစ်ကြီးသည့် သားတစ်ယောက် ရှိကြောင်း ပြောလာသူမှာ သူမပင် ဖြစ်သည်။
ထိုနာမည်နှင့်ပင် ထိုလီကျူးကျန်မှာ အိမ်၌ မည်မျှ တန်ဖိုးထားခံရကြောင်း သိနိုင်ပြီး သူ့ကို ရတနာကဲ့သို့ ဆက်ဆံနေကြခြင်းမှာ လီမိသားစု၏ မျိုးဆက် သုံးဆက်လုံး၌ သူတစ်ယောက်တည်းသာ ရှိခဲ့၍ ဖြစ်သည်။ သို့သော်လည်း လီကျူးကျန်၏ ခန္ဓါကိုယ်မှာ ဘယ်တုန်းကမှ ကောင်းမွန်နေခြင်း မရှိဘဲ အလွန် ပိန်ပါးလွန်းလှသည်။
လီမိသားစု၌ အလွန် သာမန်ကျသော တောင်းဆိုချက် တစ်ခုသာ ရှိခဲ့သည်။ လီကျူးကျန်၏ ကျန်းမာရေးက ကောင်းမနေသဖြင့် လီမိသားစုက သူ့အတွက် စောစော လက်ထပ်ပေးလိုပြီး နောက်ပိုင်းတွင် မိသားစု၏ အလုပ်များကို ကူညီပေးနိုင်မည့် သန်မာသော ကောတစ်ယောက် ရလိုခြင်း ဖြစ်သည်။
ကျောက်ကျင်းကော ငယ်စဥ်က အလွန်သန်မာပြီး ချစ်စရာ ကောင်းသည်။ ကျောက်လျူ သူ့အား ကစားရန်အတွက် လီကျားရွာသို့ ခေါ်သွားခဲ့စဥ်က လီကျူးကျန်၏ အမေ လီလျှိုရှီ၏ အမြင်ကို ဆွဲဆောင်မိသွားသည်။ သူမကလည်း ချောင်းထုန်ရွာသူ တစ်ယောက်သာ ဖြစ်သည်။ သူမက အိမ်ပြန်ပြီးနောက် ကျောက်လျူနှင့် ကျောက်ဖူကွေ့တို့၏ အခြေအနေကို စုံစမ်းပြီးသွားသောအခါ ကျောက်ကျင်းကောကို ပို၍ စိတ်ကျေနပ်သွားသည်။ ထို့နောက် သူမက လီရှို့ကို အောင်သွယ်တော်အဖြစ် လုပ်ပေးရန် အကူအညီတောင်းခဲ့သည်။
လီမိသားစုက ကျောက်မိသားစုထံ ကြိမ်ဖန်များစွာ လာရောက်ခဲ့ပြီး ရိုးသားမှုကို ပြသခဲ့သည်။ ကျောက်ဖူကွေ့နှင့် ကျောက်လျူတို့က လီကျူးကျန်ကို ကြည့်ခဲ့ပြီး သူက အနည်းငယ် ပိန်ပါးနေသော်လည်း သူနှင့် ပတ်သတ်ပြီး မည်သည်မှ မှားယွင်းနေခြင်း မရှိသည်ကို တွေ့ခဲ့ကြသဖြင့် သဘောတူခဲ့ကြသည်။
သူတို မိသားစု ကောလေးက အနည်းငယ် သန်မာလွန်းနေသဖြင့် အနာဂါတ်တွင် ကောင်းကောင်းမွန်မွန် လက်မထပ်ရမည်ကို စိုးရိမ်နေခဲ့ရသည်။ လီမိသားစုက ပိုက်ဆံ အနည်းငယ်သာ ရှိသော်လည်း လီကျူးကျန်က ညီအစ်ကိုများ မရှိသဖြင့် နောင်တွင် မြေများလည်း ခွဲပေးစရာမလိုပေ။ လီမိသားစုသားက ပိန်ပါးလှသဖြင့် သူတို့၏ သားကိုလည်း ရိုက်နိုင်လိမ့်မည် မဟုတ်ပေ။
လီမိသားစုနှင့် ကျောက်မိသားစုကြား လက်ထပ်ပွဲက သတ်မှတ်ပြီးသွားလေပြီ။ ကျောက်ကျင်းကောက သတို့သားလောင်း ရှိပါသော်လည်း သူ့ထက် အရပ်ပုသော ထိုသတို့သားလောင်းက သူ့အား သိပ်သဘောမကျပေ။
ကျောက်ကျင်းကော ထိုစဥ်က သူ မည်သည်ကို ကြိုက်သည် မကြိုက်သည်အား မသိသော်လည်း ရံဖန်ရံခါ အနည်းငယ် စိတ်အားငယ်ခဲ့ရလေသည်။
နောက်ပိုင်းတွင် အသက် ဆယ့်နှစ်နှစ်အရွယ် ရောက်လာသောအခါ ကျောက်ကျင်းကော၏ ဘဝ အခြေအနေ ပြောင်းလဲသွားပြီး သူ့အစ်ကို သေဆုံးသွားကာ သူ့အမေကလည်း ပြင်းပြင်းထန်ထန် နေမကောင်း ဖြစ်သွားခဲ့သဖြင့် လီမိသားစုက လက်ထပ်ရန် စီစဥ်ထားမှုကို ရုတ်သိမ်းသွားခဲ့ည်။
သူတို့က ကျောက်မိသားစု၏ တာဝန်များကို မခံယူလိုကြဘဲ ဆယ့်လေးနှစ်အရွယ် လီကျူးကျန်မှာ လီကျားရွာမှ သူနှင့် အသက်အရွယ်တူ မိန်းကဘေးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်သွားခဲ့သည်။ ထိုမိန်းကလေးမှာ လီကျားရွာရှိ လက်ထပ်ပြီးသား ကောတစ်ယောက်ထံမှ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။ ထိုကောက စောစော ကွယ်လွန်သွားပြီး သူ့ယောကျ်ား၏ မိသားစုက သူမက မယားပါသမီးသာ ဖြစ်၍ မထောက်ပံ့ပေးလိုကြသဖြင့် သူမ၏ အဘွားအိမ်သို့ ပစ်ထုတ်လိုက်ကြသည်။
အဘွားအိမ်၌ ထိုမိန်းကလေး၏ ဘဝမှာ ဆိုးရွားလွန်းလှသည်။ လီကျုးကျန်က သူမကို ပစ္စည်းများ ပေးကာ ကူညီပေးလေ့ ရှိသဖြင့် သူမက လီကျုးကျန်ကို ချစ်မိသွားပြီး သူနှင့် လက်ထပ်ချင်ခဲ့သည်။
သူတို့၏ ကြောင်းလမ်းမှု ဖျက်သိမ်းပြီးနောက် ကျောက်ကျင်းကောက လီမိသားစု၏ ကိစ္စများကို ဂရုမစိုက်ဖြစ်တော့ပေ။ ပထမတွင် တစ်စုံတစ်ယောက်က မကောင်းသော ရည်ရွယ်ချက်ဖြင့် သူ့ရှေ့တွင် လီကျူးကျန်အကြောင်း ပြောခဲ့သေးသည်။ သို့သော်လည်း နောက်ပိုင်းတွင် သူလက်မထပ်နိုင်တော့သည်ကို သနားကြ၍ ဖြစ်မည်။ မည်သူကမှ ထိုအကြောင်း သူ့ရှေ့တွင် ထပ်မပြောကြတော့ပေ။
ထိုအကြောင်းကြောင့် သူငယ်ချင်းကောင်းများ ဖြစ်ခဲ့သော လီရှို့နှင့် ကျောက်လျုမှာ ကျောက်ကျင်းကောအတွက် စကားများကြခြင်းနှင့်သာ အဆုံးသတ်သွားရလေတော့သည်။ သူမက ကျောက်လျူအား မျက်နှာလာပြရမည်ကို ရှက်လှသဖြင့် ကျောက်မိသားစုအိမ်သို့ ထပ်မလာတော့ပေ။
ကျောက်လျူနှင့် သူမ၏ မိဘဘက်မှ မိသားစု၏ ဆက်ဆံရေး မကောင်းမှုကြောင့်လည်း သူတို့က ဤနှစ်များထဲ ပြန်သွားခဲလှပြီး တစ်ဖက်နှင့် တစ်ဖက် တွေ့ရခဲလှသည်။
ယခုတွင် သူက လီရှို့နှင့် ရုတ်တရက် တွေ့ခဲ့ရပြီး လီရှို့က ရိုးရိုးသားသား ပျော်နေပုံရနေသဖြင့် အတော်လေး အံ့အားသင့်သွားရသည်။
"ကျင်းကော... အဒေါ်က သားကို တွေ့ဖို့ လာခဲ့တာ... လီမိသားစု အပြစ်ခံရတဲ့အကြောင်း ပြောပြမလို့လေ" လီရှို့က ကျောက်ကျင်းကောကို ပြောလိုက်သည်။
သူမက လီကျူးကျန်၏ မိသားစု၌ ဖြစ်ပွားခဲ့သည့် ကံဆိုးမှုများကို ကျောက်ကျင်းကောအား ပြောပြရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။ သူမ၏ နှလုံးသားက အလွန် ပျော်ရွှင်နေရသဖြင့် သူမ၏ ပျော်ရွှင်မှုများကို ကျောက်ကျင်းကောနှင့် မျှဝေလိုခြင်း ဖြစ်သည်။
"အဲ့အချိန်တုန်းက လီကျူးကျန်က ရှုမျိုးရိုးနဲ့ ခွေးမကို လက်ထပ်ချင်နေခဲ့တာလေ... အခုတော့ ဟား ဟား ဟား" လီရှို့က ဆက်ပြောနေခဲ့သည်။
လီကျူးကျန်က ကျောက်ကျင်းကောနှင့် ကြောင်းလမ်းမှုကို ဖျက်သိမ်းပြီးနောက် သူ့ရွာမှ ရှုမိန်းကလေးနှင့် ချက်ချင်း စေ့စပ်ခဲ့ပုံရသည်။ အသက် ဆယ့်ခုနစ်နှစ်အရွယ်တွင် သူတို့ နှစ်ယောက် လက်ထပ်ခဲ့ကြလေသည်။
သူတို့က ပထမတွင် ဘဝကောင်းတစ်ခု ရရှိခဲ့ပြီး မိန်းကလေးရှုက လီကျူးကျန်အတွက် သားလေးယောက် မွေးပေးခဲ့သဖြင့် လီမိသားစုက သူမအပေါ် ကြင်နာပြီး သူမကို အလုပ်များ လုပ်ခွင့် မပေးခဲ့ပေ။
သို့သော်လည်း ယခုတွင် သားလေးယောက်မှာ စားသောက်ရန်ပင် အနိုင်နိုင် ဖြစ်နေရသည်။
လီမိသားစုက ပိုက်ဆံများစွာ မရှိပေ။ လီကျူးကျန်နှင့် သူ့အဖေမှာလည်း ပိန်ပိန်ပါးပါးသာ ဖြစ်သည်။ သူတို့က ပိုက်ဆံရရန်အတွက် အခြားသူများအတွက် အလုပ်မလုပ်ပေးနိုင်ကြဘဲ သူတို့၏ ကိုယ်ပိုင်လယ်ထဲတွင်သာ စိုက်ပျိုးနိုင်ခဲ့သည်။ ထို့ကြောင့် မိသားစုက ပိုပို၍ ဆင်းရဲလာပြီး သူတို့က နေထိုင်စရိတ်အတွက် ငွေများကို ချေးငှားရလေတော့သည်။
နောက်ပိုင်းတွင် သူတို့က မတတ်နိုင်တော့ဘဲ မိန်းကလေးရှုကို သူတို့၏ အကြွေးရှင်အိမ်သို့ လွှတ်ကာ သူ့အလုပ်များ ကူလုပ်ခိုင်းရတော့သည်။
အကြွေးရှင်၏ မိသားစုမှာ မြေပိုင်ရုံသာမက ပိုးဥအိမ် စီးပွားရေးလည်း လုပ်ကြသည်။ သူတို့အနီးမှ ရွာပေါင်းများစွာက ပိုးချည်ကောင်နှင့် ပိုးဥအိမ်များ ရှိကြပြီး အားလုံးကို သူတို့၏ အိမ်ကိုသာ ရောင်းချကြသည်။ သူတို့က အလွန် ချမ်းသာပြီး သူတို့၏ အိမ်ကို အုတ်စိမ်းများ ထောက်တိုင်များဖြင့် ဆောက်ထားခြင်း ဖြစ်၍ အလွန်ခမ်းနားလှပါသော်လည်း သူတို့မှာ ကလေး တစ်ယောက်မှ မရှိပေ။
မိန်းကလေးရှုက သားတစ်ယောက် မွေးရာ၌ စွမ်းဆောင်ရည် ရှိသည်။ မည်သူကမှ သတိမထားမိဘဲ မနေပေ။ ကြွေးရှင်ကြီး၏ အမျိုးသမီးက အလွန် ငယ်ရွယ်နေဆဲ ဖြစ်ကာ သြဇာကြီးသည်။ သူမက ငယ်ရွယ်ပြီး လှပသော မိန်းကလေး တစ်ယောက်က အိမ်ထဲသို့ ရောက်လာပြီး သူမ၏ ယောကျ်ားအား ဖြားယောင်းမည်ကို မလိုချင်ပေ။ ထို့ကြောင့် သူမက သူမ၏ အသက်ပတ်ဝန်းကျင်ခန့် ဖြစ်သည့် ရှုမိန်းကလေးကို ခေါ်လာရန် သဘောတူခဲ့ပြီး ကြွေးရှင်ကြီး အတွက် သားတစ်ယောက် မွေးပေးပါက ငွေမည်မျှ ပေးမည်ဟုလည်း သတ်မှတ်ပေးခဲ့သည်။
လီကျူးကျန်က ထိုအချိန်၌ ငွေအမြောက်အများ ချေးထားသဖြင့် ရှုမိန်းကလေးကလည်း သဘောတူလိုက်သည်။
ကျေးလက်တွင် ထိုဓလေ့ကို ကိုယ်လုပ်တော်ထားခြင်းဟု ခေါ်ပြီး သူတို့အတွက် ကလေး တစ်ယောက် မွေးပေးရန် ပိုက်ဆံသုံး၍ မိန်းမတစ်ယောက် ငှားခြင်းပါပင်။ အချိန်ပြည့်သောအခါ အမျိုးသမီးကို ပြန်ပို့ပေးရပြီး ကလေးကို ထားခဲ့ရသည်။
အလွန် ဆင်းရဲသော မိသားစုများအတွက် ဇနီးတစ်ယောက်ကို နှစ်ပေါင်းများစွာ ကိုယ်လုပ်တော်ဖြစ်လာရန် တောင်းဆိုခြင်းက အထွေအထူး မဟုတ်ပေ။ မည်သို့ပင် ဆိုစေကာမူ အဆုံးတွင် သူမက သူတို့နှင့် ပြန်လည် နေထိုင်ရမည် ဖြစ်သည်။ သူတို့တွင် စားစရာ အလုံအလောက် မရှိပါက မည်သူကမှ ဗြဟ္မစရိယအကြောင်း ဂရုစိုက်မနေကြ။
ထိုသုံးနှစ်အတွင်း မိန်းကလေးရှု၏ စွမ်းဆောင်ရည်ကို ကျေးဇူးတင်ရမည်ပင်။ သူမက သားတစ်ယောက် မွေးပေးနိုင်ခဲ့သည်။ ပြီးနောက် သုံးနှစ် ကုန်လုကာနီးတွင် သူမ၏ ဝမ်းထဲ၌ နောက်ထပ် တစ်ယောက် ရှိနေခဲ့သည်။
သူမက ကိုယ်လုပ်တော် ဖြစ်လာသည့်အတွက် စားစရာ သောက်စရာ လုံလုံလောက်လောက် ရရှိခဲ့သည်။ သူမက ကလေးတစ်ယောက်ကို ကိုယ်ဝန်ရှိလာပြီးနောက် နေ့တိုင်းပင် အသားစားနိုင်ခဲ့လေသည်။ နောက်ပိုင်းတွင် ကလေးမွေးပြီးသွားသောအခါ ကလေးကို သူမကိုယ်တိုင် ကျွေးမွေးရသဖြင့် ပို၍ပင် ကောင်းကောင်း စားသောက်ရသေးသည်။
သူမက လီမိသားစုတွင် ဘယ်တုန်းကမှ ထိုကဲ့သို့ ကောင်းကောင်း မနေခဲ့ရ။
မိန်းကလေးရှုက ထွက်မသွားချင်သဖြင့် ကြွေးရှင်ကြီး၏ ဇနီးအား ဆက်နေခွင့်ပေးရန် သွားရောက် တောင်းဆိုခဲ့သည်။
ဇနီး ဖြစ်သူက စက်စက်ယိုအောင် မလှသော်လည်း မိန်းကလေးရှုထက်တော့ အတော်လေး ပိုလှပေသည်။ သူမက ရှုထက်ပင် နှစ်နှစ် ပိုငယ်သေးသည်။ မိန်းကလေးရှုက သူမအတွက် ချိန်းခြောက်မှူ တစ်ခု မဟုတ်ခဲ့ပေ။ သူမက တွေးတောကြည့်ပြီးနောက် သဘောတူလိုက်သည်။
မည်သို့ပင် ဆိုစေကာမူ မိန်းကလေးရှု၏ ကလေးများက နောင်တွင် သူမကို အမေ ခေါ်ရမည် ဖြစ်ပြီး မိသားစုထဲမှ ရှု၏ နေရာမှာလည်း သူမ၏ အစေခံများထက် အနည်းငယ် ပိုသာရုံသာ ဖြစ်သည်။ စကားလုံးဆန်းများကို မသိသည့် ကျေးတောသူမိန်းမက သူမကို မနှောင့်ယှက်နိုင်ရုံသာမက သူမ၏ သဘောထားကြီးမှုကိုပါ ပြရပေလိမ့်မည်။
နောင်တွင် ထိုကလေးများ ကြီးလာသောအခါ အချိန်အတော်ကြာကတည်းက လက်ထပ်ထားပြီး အပြင်တွင် ကလေး လေးယောက် ရှိနေသေးသည့် မိန်းကလေးရှုကို တွေ့ကြရချိန်တွင် မည်သူနှင့် နီးကပ်သင့်သည်ကို သိကြမည် ဖြစ်သည်။
"ပြီးတော့ ရှုက လီမိသားစုကို ငွေပြား ငါးဆယ်ပေးပြီး သူတို့နဲ့ ဆက်ဆံရေးကို ဖြတ်တောက်လိုက်တယ်လေ... အခုတော့ လီကျူးကျန်က လှောင်ရယ်ခံနေရပြီ... သူ့ဇနီးကို ကိုယ်လုပ်တော် ဖြစ်ခွင့် ပေးလိုက်ပြီးတော့ ရလဒ်ကတော့ သူ့မိန်းမလည်း ထွက်ပြေးသွားတာပဲ" လီရှို့က လီကျူးကျန်ကို လှောင်ရယ်လိုက်သည်။
မူလတွင် လီကျူးကျန်၏ ဇနီးက သူမ၏ ကလေး အရင်းများအတွက် ငွေရှာပေးလိုခြင်း ဖြစ်ပြီး အချို့သူများက သူမကိုပင် မနာလိုနေခဲ့ကြသေးသည်။ ယခုတွင် ရှုက ထွက်ပြေးသွားပြီး အခြေအနေက ကွာခြားသွားခဲ့လေပြီ။
မတိုင်မီက မိန်းကလေးရှုက ငွေပြား တစ်ရာ ပြန်ယူလာခဲ့တုန်းကပင် သူတို့ သုံးစွဲခဲ့သမျှကို ဖြတ်တောက်ပြီးနောက် မြေသုံးလေးမူကိုသာ ဝယ်နိုင်ခဲ့သည်။ လီကျူးကျန်က ယခုတွင် သူ့ကလေး လေးယောက်နှင့် တို့လို့တွဲလောင်း ကျန်ခဲ့ရသည်။ သူက ထိုပိုက်ဆံကို မြေမဝယ်ဘဲ မိန်းမတစ်ယောက် သို့မဟုတ် ကောတစ်ယောက် ဝယ်သည့်နေရာတွင် အသုံးပြုခြင်း မရှိပါက နောင်တွင် သူ့အိပ်ရာကို နွေးထွေးစေရန် ဇနီး တစ်ယောက် ရှိလာတော့မည် မဟုတ်ပေ။
ပြီးနောက် မိသားစုတွင် ဇနီးတစ်ယောက် မရှိပါက အိမ်ဟု ခေါ်နိုင်ပါ့မည်လော...
"သူ မြေဝယ်လိုက်ရင် အများကြီး စိုက်ပျိုးနိုင်မှာ မဟုတ်ဘူး... ပိုက်ဆံကို ဇနီးတစ်ယောက် လက်ထပ်ဖို့ သုံးရင်... သူ့မိသားစုက အရမ်း ဆင်းရဲနေတာ... တစ်ယောက်ယောက်ကို လက်ထပ်ဖို့ လိုနေသေးလို့လား... ပြီးတော့ ကလေး လေးယောက်ကရော အခုတော့ အဆင်ပြေနေသေးပေမယ့် သူတို့ကြီးလာရင် သူတို့ရဲ့ ကိုယ်ပိုင် ဇနီးတွေ မရချင်ကြလောက်ဘူးလား... ကျွတ် ကျွတ်" လီရှို့အာက စိုက်ကြည့်နေရင်း ပြောလိုက်သည်။
ပြန်လှည့်ကြည့်လိုက်ပါက လီကျူးကျန်သာ ကျောက်ကျင်းကောအား လက်ထပ်ခဲ့လျှင် သူ့လုပ်ရည်ကိုင်ရည်နှင့်ပင် သူ့မိသားစုက ပိုကောင်းသထက် ကောင်းလာနိုင်ပြီး ကျောက်ကျင်းကော ထွက်ပြေးမည်ကိုလည်း စိုးရိမ်စရာ လိုမည် မဟုတ်ပေ။