Chapter 38
ယုန်တစ်ကောင်ပေးခြင်း
လီရှို့က ကျောက်ကျင်းကော တစ်ယောက် ပျော်သွားပါစေဟု မျှော်လင့်ကာ ထိုစကား လာပြောခြင်း ဖြစ်သော်လည်း အမှန်တွင် ကျောက်ကျင်းကောက အတော်လေး ပျော်နေခြင်း မရှိပေ။
လီကျုးကျန်က ဘယ်လို ပုံမျိုးလဲ... သူမေ့တောင် မေ့နေပြီ... သူက အခု အဲ့လူရဲ့ ကိစ္စကို အာရုံထားဖို့ အချိန် ဘယ်ရှိပါ့မလဲ... သို့သော်လည်း လီရှို့က သူမဘက်မှ တစ်ချိန်လုံး ပြောနေလေရာ ကျန်းကျန့် လာမည်လား မလာမည်လားပင် မသိတော့ပေ။
ကျောက်ကျင်းကောက သာမန်ကာလျှံကာ နားထောင်နေပြီး မျက်လုံးများကို ဝေ့ဝဲ၍ ကြည့်နေခဲ့သည်။ ကျန်းကျန့်ကို မတွေ့ရသဖြင့် သူ့နှလုံးသားက ဗလာ ဖြစ်နေပြီး လီရှို့ မြန်မြန် ထွက်သွားရန်ကိုသာ မျှော်လင့်နေမိတော့သည်။
ကံအားလျော်စွာဖြင့် လီရှို့က သူမ၏ သတင်းကို အဆုံးသတ်လိုက်ပြီး ပြောလာခဲ့သည်။
"ကျင်းကော အဒေါ် မင်းအိမ်ကို သွားလိုက်ဦးမယ်... အလုပ်ဆက်လုပ်တော့"
လီရှို့ အဆုံးတွင် ကျောက်ကျင်းကောကို သွားခွင့်ပြုလိုက်သည်။ ကျောက်ကျင်းကောက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချကာ ခေါင်းပေါ်မှ နေလုံးကြီးကို ကြည့်လိုက်ပြီး တူးမြောင်း၏ အစွန်းမှ တောအုပ်လေးဆီ ထွက်သွားလိုက်သည်။
ပုံမှန်အားဖြင့် ကျန်းကျန့် ထိုနေရာသို့ ရောက်လာသောအခါ အရင်ဆုံး အပြင်ဘက်မှ သူ့ကို မျက်စိမှိတ်ပြပေးမည် ဖြစ်သော်လည်း ယနေ့တွင် သူက ရောက်မလာသဖြင့် ကျန်းကျန့် လာမလာကို မသိတော့ပေ။
သေချာပေါက် ကျန်းကျန့် ရောက်လာပါ၏။ ကျောက်ကျင်းကော တောအုပ်လေးဆီသို့ လျှောက်သွားခါနီးတွင် သူက ကျောက်ကျင်းကောအား "ကျင်းကော"ဟု ခေါ်လိုက်သည်။
ကျောက်ကျင်းကော၏ နှုတ်ခမ်းထောင့်လေးများ ချက်ချင်းကော့တက်သွားလေသည်။
ကျန်းကျန့်က ထိုနေရာ၌ ရှိနေသည်မှာ အချိန်အတော်ကြာလေပြီ။ တစ်စုံတစ်ယောက်က ကျောက်ကျင်းကောအား စကားပြောရန် ဆွဲခေါ်သွားသည်ကို တွေ့လိုက်ရသောအခါ သူပုန်းနေလိုက်သည်။ ကျောက်ကျင်းကောအား စကားပြောနေသူမှာ မည်သူ ဖြစ်သည်ကို မသိရသော်လည်း သူမက အတင်းပြောနေခြင်း ဖြစ်မည်ဟု တွေးလိုက်မိသဖြင့် နောက်ထပ် မေးခွန်းများ ဆက်မမေးတော့ဘဲ ကျောက်ကျင်းကော စားရန်အတွက် အစားအသောက်များ ထုတ်ပေးလိုက်သည်။
ယနေ့ နေ့လည်၌ သူချက်ပြုတ်လာခဲ့သည်မှာ ဝက်ဆားနယ်ခြောက် အတုံးလေးများနှင့် ဂေါ်ဖီထုပ်ကြော် ဖြစ်သည်။
၎င်းက ဝါးဘူးနှင့် စားရန် အဆင်မပြေသဖြင့် သူက ထမင်းများ ထည့်ထားသော ပန်းကန်လုံးပေါ်တွင် ဂေါ်ဖီနှင့် အသားကြော်များ ဖုံးထားကာ ခြင်းလေးဖြင့် သယ်ပေးလာခြင်း ဖြစ်သည်။
မနက်ပိုင်းမှ ငါးစွပ်ပြုတ်နှင့် နှိုင်းယှဥ်ပါက ဂေါ်ဖီထုပ်နှင့် အသားကြော်မှာ အလွန် အရသာ ရှိသည်။ ကျောက်ကျင်းကောက ထမင်းတစ်ပန်းကန်လုံးကို အချိန်တိုအတွင်းမှာပင် အပြောင်ရှင်းလ်ုက်ပြီး နောင်ထပ် နှစ်ပန်းကန်လောက် ထပ်စားနိုင်သေးသည်ဟု တွေးမိသွားသည်။
သို့သော်လည်း အစားအသောက်ကို ချွေတာရပေမည်။ ကျောက်ကျင်းကောက နေ့လည်ပိုင်းတွင် ထိုကဲ့သို့သော ထမင်း အပိုတစ်ပန်းကန် စားရပါက အတော်လေး ကောင်းနေလေပြီဟု တွေးလိုက်သည်။
ကျောက်ကျင်းကောက စားရန် သောက်ရန် တွေးနေချိန်မှာပင် ယခုလေးတင် ဖြစ်ပျက်ခဲ့သည့် ကိစ္စကို သတိရမိသွားသော်လည်း သူနှင့်ဘာမှ မဆိုင်တော့ဟု တွေးလိုက်သည်။သူက ကျန်းကျန့်ရှေ့တွင် လီကျူးကျန်အကြောင်း မပြောချင်သဖြင့် ကျန်းကျန့်ကို ထိုအကြောင်း မပြောပြလိုက်တော့ပေ။
ကျောက်ကျန်းကောက လီကျူးကျန်ကို အလေးအနက် မမှတ်ယူထားပေ။ သို့သော်လည်း လီမိသားစုက စုဝေးကာ သူ့အကြောင်း တွေးနေကြသည်ကိုတော့ သူမသိခဲ့ပေ။
လီကျူးကျန်က ရှုအကြောင်း တွေးမိနေဆဲ ဖြစ်သော်လည်း မိန်းကလေးရှုက ပြန်လာတော့မည် မဟုတ်ပေ။
မိသားစုက အိုမင်းပြီး ငယ်ရွယ်လွန်းသူများသာ ရှိသဖြင့် သူကသာ မိသားစု၏ ထောက်တိုင်ဟု သတ်မှတ်ရမည် ဖြစ်သော်လည်း သူက ပိန်ပါးကာ ခွန်အားမရှိပေ။ ရှုပို့ပေးသော ပိုက်ဆံဖြင့် သူတို့၏ အကြွေး တစ်ပိုင်းကို ပေးချေထားပြီသား ဖြစ်သော်လည်း သူတို့က နောင်တွင် ငွေပြား ခုနစ်ဆယ့်ရှစ်ပြား ပေးရန် လိုအပ်နေဆဲ ဖြစ်သည်။
သူက တစ်နှစ် အလုပ်ကြိုးကြိုးစားစား လုပ်ခဲ့ပါသော်လည်း သူ့မိသားစုအတွက် အစားအသောက် အလုံအလောက်ပင် ရှာမပေးနိုင်ခဲ့ပေ။ နောင်တွင် သူက လယ်မြေ သို့မဟုတ် အစားအသောက် ပို၍ ဝယ်ယူရန် လိုအပ်နေဆဲ ဖြစ်သည်။
သူတို့က ပထမတစ်ခုကို ပို၍ အားသာကြပါသော်လည်း... မြေဝယ်ပြီးရင် ဘယ်သူက စိုက်ပေးမှာတဲ့လဲ... သူ့ကလေး လေးယောက်ရဲ့ အဝတ်အစားနဲ့ အစားအသောက်တွေကို ဘယ်သူက ဂရုစိုက်ပေးမှာတဲ့လဲ...
"ကျောက်ကျင်းကောက လက်မထပ်ရသေးဘူးလို့ ကြားထားတယ်... သူက ရုပ်ဆိုးပေမယ့် ခွန်အား ရှိတယ်"
"သူ့မိဘတွေကို သူနဲ့ ခေါ်မလာသရွေ့ မင်းသူနဲ့ လက်ထပ်ပြီးရင် ငါတို့ဘဝတွေ ပိုလွယ်ကူလာလိမ့်မယ်"
..........
ထိုနေ့က မိုးမရွာခဲ့ပေ။ ကျန်းကျန့်က ကျောက်ကျင်းကောအား ကျွေးမွေးပြီးနောက် လှည့်ပတ်ကြည့်ရှုရန် ထပ်ထွက်သွားသည်။ သူက ယုန်တစ်ကောင် တွေ့လိုက်ရသည်အထိ ကံကောင်းနေခဲ့သည်။
မီးခိုးရောင်ယုန်က အလွန် သတိရှိသည်။ သူက ကျန်းကျန့်ကို တွေ့သောအခါ မြန်မြန် ထွက်ပြေးသွားလေသည်။ ကျန်းကျန့်က ၎င်းကို တွေ့လိုက်သောအခါ နောက်က ပြေးလိုက်သွားခဲ့လေသည်။
သေချာပေါက် သူက ယုန်ကို အမှီမလိုက်နိုင်ခဲ့သော်လည်း ယုန်၏ လမ်းကြောင်းကို လိုက်ကာ သူ့အသိုက်ကို ရှာတွေ့ရန် မခက်ခဲခဲ့ပေ။
ရက်အနည်းငယ်ကြာ မိုးရွာနေခဲ့သည်ကို ကျေးဇူးတင်ရပေမည်။ မြေကြီးက စိုစွတ်ကာ ပျော့ပျောင်းနေပြီး အလွယ်တကူ ခြေရာများ ချန်ထားခဲ့သည်။
ကျန်းကျန့်က မကြာမီပင် လယ်ကွင်း၏ မြေကန်သင်း အနီး၌ တွင်းလေး တစ်တွင်းကို တွေ့လိုက်ရသည်။ ပြီးနောက် သူက အနီးအနားမှ ပိုးစာပင်အခင်းလေးထဲ၌ နောက်ထပ် တွင်းလေးတစ်တွင်းကို တွေ့လိုက်ရသည်။
ယုန်အသိုက်ထဲတွင် တွင်းသုံးတွင်း ရှိနေသည်။ ယုန်ရိုင်းများက တွင်းများစွာ တူးလေ့ရှိကြသည်။ တွင်းတိုင်းကို ရှာတွေ့နိုင်သရွေ့ သူတို့အား ဖမ်းမိရန် လွယ်ကူနေဆဲ ဖြစ်သည်။
ကျန်းကျန့်က မကြာမီပင် ပိတ်ထားသင့်သည့် ယုန်သိုက်၏ တွင်းများအားလုံးကို ပိတ်ဆို့ထားလိုက်သည်။ သူတို့ ထွက်ပြေးရန်အတွက် တွင်းတစ်တွင်းသာ ချန်ထားခဲ့သည်။ သူက တွင်းများထဲမှ တစ်ခု၏ အနားတွင် မီးမွှေးလိုက်လေသည်။
မကြာမီမှာပင် အသိုက်ထဲမှ အခိုးမွှန်ကာ ထွက်လာကြသည့် ယုန်နှစ်ကောင်ကို ဖမ်းမိသွားသည်။
သူက ခြင်းထဲမှ ကောက်ရိုးများကို ထုတ်ကာ ယုန်ခြေထောက်များကို ချည်ထားလိုက်သည်။ ကျန်းကျန့်က သူတို့ကို အိမ်သို့ ပြန်သယ်လာခဲ့ပါသော်လည်း တစ်ခဏအကြာတွင် ဦးတည်ချက် ပြောင်းကာ ကျောက်ကျင်းကောကို ပေးရန် ရည်ရွယ်လိုက်သည်။
သူက ကျောက်ကျင်းကောကို နေ့တိုင်းအသားများ ကျွေးခဲ့ပါသော်လည်း သူ့မိဘများက မသားမစားကြရသဖြင့် ကျောက်ကျင်းကောက အမြဲတမ်း အပြစ်ရှိစိတ် ဝင်နေခဲ့သည်။ ဤတစ်ကြိမ်၌ သူက ယုန်နှစ်ကောင် ဖမ်းမိထားခြင်း ဖြစ်၍ သူ့ ယောက္ခမ၊ ယောက္ခထီးတို့အတွက် မြည်းစမ်းခွင့် ရစေချင်ခဲ့သည်။
ကျောက်ကျင်းကော အလုပ်လုပ်ရာနေရာသို့ ပြန်လာသောအခါ သူက ကျောက်ကျင်းကောကို မျက်စိမှိတ်ပြလိုက်သည်။
သေချာပေါက်ပင် ကျောက်ကျင်းကောက မဲမှောင်နေသော သူ့မျက်နှာထက်မှ ရှက်သွေးဖြာခြင်းကို မခံစားရပါပေ။ သူက ကျန်းကျန့် သူ့အား မျက်စိမှိတ်ပြတိုင်း တောထဲတွင် တွေ့ကြမည်ဟုသာ သိထားသည်။
ကျောက်ကျင်းကောက သူ့အသိစိတ်အရ ဘယ်တော့မှ မလုပ်သင့်သည့်အရာကို ထပ်လုပ်လိုက်ပြီး တောထဲတွင် ချိန်းတွေ့ရန် သွားလိုက်သည်။
"ယုန်တွေကို သိမ်းထားပြီး အရသာစိမ်ထားလိုက်လေ... နွေဦးပွဲတော်အတွက် ထားလိုက်ပါလား" ကျန်းကျန့်က သူ့အတွက် ယုန်တစ်ကောင် ပေးချင်နေသည်ကို ကြားလိုက်ရသောအခါ ကျောက်ကျင်းကောက ခပ်လောလောဖြင့် ငြင်းဆန်လိုက်သည်။
"ယူထားပြီး မကြာခင် ချက်စားလိုက်" ကျန်းကျန့်က ကျောက်ကျင်းကောအား နင့်နင့်သီးသီး ကြည့်လိုက်သည်။
"နွေဦးကျရင် ထယ်ထိုးရတာနဲ့ အလုပ်များနေမှာလေ... မင်းကောင်းကောင်းစားရမယ်... ငါတို့ရဲ့ အဖေကိုလည်း ကောင်းကောင်း စားခိုင်းရမယ်လေ... မဟုတ်ရင် သူ့အလုပ်တွေ မလုပ်နိုင်ဘဲ နေမှာပေါ့"
"ကျွန်တော်က အမြဲတမ်း ခင်ဗျား ပစ္စည်းတွေပဲ ယူနေရတာ" ကျောက်ကျင်းကောက လွန်စွာ ရှက်ရွံ့နေခဲ့သည်။
"ပြီးရင်တော့ မင်းက ကိုယ့်အပိုင် ဖြစ်လာမှာပဲလေ... ဘာတွေ စိုးရိမ်နေရသေးတာလဲ" ကျန်းကျန့်က စလိုက်သည်။
ကျောက်ကျင်းကောက ကြက်သေသေသွားပြီး ကျန်းကျန့်၏ စကားများကို စဥ်းစားနေခဲ့လေသည်။ ကျန်းကျန့် ပြောနေတာက သူက ကျန်းကျန့်ရဲ့.... ဖြစ်လာလိမ့်မယ် ဆိုပြီးတော့လား... ကျန်းကျန့် နောင်တစ်ချိန်မှာ သူ့ကို လက်ထပ်မယ်ဆိုပြီး မျှော်လင့်ချက်တွေ ပေးနေတာလား...
သူ ပထမဆုံး ကျန်းကျန့်နှင့် အဆက်အဆံ ပြုစဥ်က ကျောက်ကျင်းကောမှာ ကျန်းကျန့်အား သူ့အိမ်အတွင်းသို့ လက်ထပ်ပြီး ဝင်လာခိုင်းရန် အတွေးရှိခဲ့သည်။ အဆုံးတွင် ထိုအချိန်က ကျန်းကျန့်မှာ မည်သည်ကိုမှ မပိုင်ဆိုင်ထားဘဲ သူကလည်း ကျန်းကျန့်၏ အသက်ကို ကယ်ပေးခဲ့သေးသည်။ သို့သော်လည်း ဤရက်များတွင်...
ဤရက်များအတွင်း ကျန်းကျန့်က သူ့အတွက် နေ့တိုင်း အစားအသောက်များ ယူလာပေးပြီး အသားများပင် ပါသေးသည်။ သူက ကျန်းကျန့် ကိုယ်ပိုင် စွမ်းဆောင်ရည်နှင့် ရရှိလာခဲ့သည်များကို အကျိုးအမြတ် ယူနေရပြီး သူ မူလက ပြောချင်သည့် စကားများကို မပြောနိုင်တော့ပေ။
ထပ်ပြီးတော့ သူ့မိဘများမှာ တစ်စုံတစ်ယောက်၏ အိမ်သို့ လက်ထပ်ပြီး ဝင်ရောက်ရန်အတွက် တစ်ယောက်ယောက်ကို မရှိမဖြစ် ရှာဖွေနေခြင်း မဟုတ်ပေ။
သူ့မိသားစုကသာ ငွေများစွာ ရှိပါက သူ့မိဘများက သူတို့ မိသားစု ပိုင်ဆိုင်မှုများကို အခြားသူများထံပေးရန် တွန့်ဆုတ်နေကြမည် ဖြစ်သော်လည်း ယခုတွင်မူ သူတို့က ဆင်းရဲလွန်းလှသည်။ သူသာ လက်ထပ်သွားပါက သူ့မိသားစုက ထိုသို့ လုပ်ရန် သေချာပေါက် ဆန္ဒရှိကြမည်သာပင်။ သူလက်ထပ်လိုက်လျှင်တောင် သူတို့အား ထောက်ပံ့ပေးရန်အတွက် သူနှင့်အတူ ခေါ်သွားမည်သာ ဖြစ်သည်။
ကျန်းကျန့်က သူ့အပေါ် အလွန်ကောင်းသည်ကို တွေ့ပြီးသွားသောအခါ သူက ငြိုငြင်စရာလူတစ်ယောက် မဖြစ်ချင်သဖြင့် ကျောက်ကျင်းကောက ပို၍ စိတ်သက်သာရာ ရသွားလေတော့သည်။ ကျန်းကျန့်၏ ယုန်ကို လက်ခံလိုက်ပြီး ထိုအကြောင်းနှင့် ပတ်သက်ပြီး တစ်ခုခုက ထူးဆန်းနေကြောင်းလည်း မခံစားလိုက်ရပေ။
အနာဂါတ်တွင် သူက တင်တောင်းငွေ လက်ခံမည် မဟုတ်သဖြင့် ကျန်းကျန့်လည်း အများကြီး ကုန်စရာ မလိုလောက်ပေ။ ပြီးနောက် သူက အလုပ်ကြိုးကြိုးစားစားဖြင့် မိဘများကို ထောက်ပံ့ပေးမည်။
ကျန်းကျန့်က ကျောက်ကျင်းကော သူ့ယုန်အား လက်ခံလိုက်သည်ကို အလွန်ပျော်ရွှင်နေခဲ့ပါသော်လည်း ကျောက်ကျင်းကောက ကိစ္စအများကြီး တွေးတောလိုက်သည်ကို မသိခဲ့ပေ။
အကြောင်းအရင်းတစ်ချက်အနေဖြင့် သူက လက်ထပ်ရမရကို များစွာ မတွေးထားပေ။ ခေတ်သစ်တွင် သူက လက်ထပ်ရန်အတွက် ဆွေမျိုးများ သို့မဟုတ် အကြောင်းအရင်း တစ်ခုမှ မရှိခဲ့ပေ။ ဤနေရာတွင် သူက ကျန်းမိသားစုကို ဆွေမျိုးများအဖြစ် မသတ်မှတ်ထားသဖြင့် လက်ထပ်ခြင်းအကြောင်းကို အာရုံမရှိပေ။
အကြောင်းအရင်းတစ်ခုက သူ့လိုအပ်ချက်များမှာ အလွန် နိမ့်သည်။ သူ့အိပ်ရာကို နွေးထွေးစေသည့် တစ်စုံတစ်ယောက် ရှိရုံဖြင့် အတော်လေး ကောင်းမွန်နေပြီးသား ဖြစ်သည်။
ကျန်းကျန့်က ကျောက်ကျင်းကောအား ယုန်ပေးလိုက်ပြီးနောက် ကျန်နေသေးသော ယုန်ကို ပြန်ယူသွားခဲ့သည်။ ထို့နောက် သူက အနီးအနားတွင် ရပ်ထားသည့် ဝမ်ဟိုင်ရှန်း၏ လှေကို တွေ့လိုက်ရသည်။
ဝမ်ဟိုင်ရှန်း၏ ကလေးနှစ်ယောက်က လှေဦးထိပ်တွင် ထိုင်ကာ လှည့်ပတ်ကြည့်ရှုနေကြသည်။ ကျန်းကျန့်ကို တွေ့သောအခါ သူတို့က လှေအိမ်အတွင်းသို့ မြန်မြန် ပြေးသွားကြလေသည်။ တစ်ခဏအကြာ ဝမ်ဟိုင်ရှန်းသည်လည်း ထွက်လာခဲ့သည်။
"ကျန်း... အစ်ကိုကြီးကျန်း" သူက ကျန်းကျန့်အား မည်သို့ ခေါ်ဝေါ်ရမည်ကို မသိသဖြင့် သူ့အမြင်ထဲတွင် အရိုသေဆုံး ဖြစ်သည့် အမည်နာမကိုသာ ခေါ်ခဲ့လေသည်။
"ကျန်းကျန့် လို့ပဲ ခေါ်ပါ" ကျန်းကျန့်က ပြောလိုက်သည်။
"မင်းပြန်လာပြီလား"
"ဟုတ်ပါတယ်... ကျွန်တော် ပြန်လာပြီ... သမားတော်က ဆေးတွေယူသွားပြီး ကြိုတိုက်ပေးဖို့ ပြောလိုက်တယ်" ဝမ်ဟိုင်ရှန်းက ပြောလိုက်သည်။
ထိုအကြောင်းကို ကြားပြီးသွားသောအခါ ဤခေတ်ကာလ၌ ဆေးရုံတက်ရခြင်းကဲ့သို့သော အရာမျိုး မရှိကြောင်း အမှတ်ရသွားခဲ့လေသည်။ သမားတော်က လူနာကို ဆေးခန်းတွင်သာ တစ်ချိန်လုံး ထားမည် မဟုတ်ပေ။ မတိုင်မီက စန်းရှောင်ရှန်း ဆေးခန်းတွင် တစ်ညနေရခြင်းမှာ ယန်ကျင်းကြောင့်သာ ဖြစ်သည်။
ကျန်းကျန့်က မတိုင်မီက ကျန်းမိသားစုကို ရိုင်းပျခဲ့ပါသော်လည်း ယေဘုယျအားဖြင့် မည်သူကမှ သူ့ကို လာမထိသရွေ့ ပေါင်းသင်းရန် အမှန်ပင် လွယ်ကူလေသည်။ သူက မေးလိုက်သည်။
"အကုန်လုံး အဆင်ပြေရဲ့လား"
"ဆရာက ဆေးသောက်ပြီး သေချာ ဂရုစိုက်လိုက်ရင် သက်သာသွားမယ်လို့ ပြောခဲ့တယ်"
ဝမ်ဟိုင်ရှန်းက ပျော်ရွှင်နေခဲ့သည်။ မနေ့က ဆေးသောက်ပြီးနောက် စန်းရှောင်ရှန်း အတော်လေး ပိုကောင်းလာပုံရပြီး ယခုတွင်မူ သူ့ကိုပင် စကားပြောနိုင်နေလေပြီ။
သေတော့မည်ဟု တွေးထားခဲ့သော ဇနီးဖြစ်သူမှာ ယခုတွင် နေကောင်းနေခဲ့ပြီ။ သူက ပျော်ရလွန်း၍ မျက်နှာပေါ်မှ အပြုံးများကိုပင် မဖုံးကွယ်နိုင်တော့ပေ။
ကျန်းကျန့်က ညစ်ပတ်နေသော လှေကို ကြည့်ကာ မျက်ခုံးကျုံ့မိသွားသည်။
"ငါ့မှာ အိမ်အလွတ် တစ်လုံး ရှိတယ်... မင်းဇနီး အားပြန်ပြည့်လာဖို့ ခေါ်လာခဲ့လိုက်... နေမကောင်းတဲ့သူတွေက ဒီလှေပေါ်မှာ ကောင်းကောင်း မနေနိုင်မှာ မဟုတ်ဘူး... သူတို့က နေရာသန့်သန့်မှာ နေဖို့လိုတယ်" မတိုင်မီက ကျန်းကျန့်မှာ ကျန်းမိသားစုအား အိမ်နှစ်လုံး ဆောက်ပေးရန် ပြောခဲ့သည်။ သူက ထိုအထဲမှ တစ်ခုတွင် နေထိုင်နေပြီး အခြားတစ်လုံးက လွတ်နေဆဲသာ ဖြစ်သည်။
အမှန်တွင် သူ့အိမ်၌ လူများ လာနေမည်ကို မကြိုက်လှပေ။ သို့သော်လည်း စန်းရှောင်ရှန်းသာ လှေပေါ်တွင် ဆက်နေပါက ပိုကောင်းလာနိုင်မည် မဟုတ်ပေ။
ပြီးနောက် လှေကလည်း ပြန်လည် ပြင်ဆင်ရန် လိုအပ်နေသည်။
ဝမ်ဟိုင်ရှန်း၏ လှေက ရွာလူကြီး၏ မိသားစုက ရွာသားများ လက်ထပ်ရန် ငှားပေးသည့်နေရာတွင် အသုံးပြုလေ့ ရှိသည့် တစ်စီးထက် ပိုကြီးသည်။ သို့သော်လည်း ၎င်းက အတော်လေး အိုဟောင်းနေခဲ့သည်။ ဤရက်များအတွင်း မိုးရွာနေသည်ကြောင့် လှေက မှိုနံ့ရနေပြီး ကျန်းကျန့်ကိုပင် အတန်ငယ် သည်းမခံနိုင်ဖွယ်ရာ ဖြစ်သွားစေခဲ့သည်။
သူနောက်ပိုင်းတွင် မည်သည့် စီးပွားရေး လုပ်ပါစေ ပစ္စည်းများ သယ်ပို့ရန်အတွက် ထိုလှေကိုသာ အချိန်အတော်ကြာ အားထားရပေလိမ့်မည်။ ထို့ကြောင့် သူက ထိုလှေလေးအား အလွန် ပျက်စီးမနေစေချင်ပေ။
ဝမ်ဟိုင်ရှန်းက ကျန်းကျန့်အား အံ့သြဝမ်းသာစွာဖြင့် ကြည့်လိုက်လေသည်။
သူက အမြဲတမ်း လှေပေါ်မှာပင် နေခဲ့ရသော်လည်း ကမ်းပေါ်တွင် နေထိုင်ရသည့်ဘဝကို မမက်မောဟု မဆိုလိုပေ။ အမှန်တကယ်တွင် သူက ကမ်းပေါ်တွင် မြေဝယ်၍ အခြေချရန်အတွက် ငွေရှာရန်ကို အမြဲတမ်း တွေးထားခဲ့သည်။
ဒါပေမယ့်... ဒီလောက် အဆင်ချောချော ဖြစ်သွားတာပဲလား...