Chapter 39
သူက ငွေအလုံအလောက် မရှာနိုင်သည်ကို မဆိုထားနှင့် ရွာသားအများစုက သူကဲ့သို့သော အပြင်လူများကို ငြင်းဆန်ခဲ့ကြသည်။ သူတွေးရဲသည့် တစ်ခုတည်းသော အရာမှာ သူ့ကောသားလေးကို ကမ်းပေါ်တွင် နေထိုင်ကြသည့် ယောက္ခမများအိမ်သို့ လက်ထပ်ပြီး ဝင်ရောက်ခိုင်းရန်သာ ဖြစ်သည်။
ကျန်းကျန့်က သူ့အား ယာယီနေထိုင်ခွင့်သာ ပေးခြင်း ဖြစ်ပါသော်လည်း သူက အလွန်အမင်း ကျေးဇူးတင်မိနေဆဲ ဖြစ်သည်။
စန်းရှောင်ရှန်းက ဖျားနာနေပြီး လမ်းမလျှောက်နိုင်သဖြင့် ဝမ်ဟိုင်ရှန်းက ကျောပေါ်တွင် သယ်ပိုးလာခဲ့ရသည်။ သူတို့က ကျန်းကျန့်၏ အိမ်သို့ အုပ်စုလိုက် ရောက်သွားကြလေသည်။
လမ်းတလျှောက်တွင် သူတို့က ဟယ့်ရှီရွာထဲမှ ရွာသားအချို့နှင့် တွေ့ခဲ့ကြသည်။
ဝမ်ဟိုင်ရှန်းက ဤနေရာတွင် နေထိုင်ခဲ့သည်မှာ ကာလအတော်ကြာနေပြီ ဖြစ်၍ သူသည်လည်း ဤရွာထဲမှ လူအချို့နှင့် သိကျွမ်းသည်။ သို့သော်လည်း ထိုသူများမှာ သူ့ဘဝထဲသို့ ခပ်မြန်မြန် ဝင်လာကြပြီး သူ့အတွက် အလွန် ခြားနားခြင်း မရှိပေ။ ထိုအကြောင်းကြောင့် သူက ကျန်းကျန့်နောက်သို့ လိုက်သွားပြီးနောက် တစ်စုံတစ်ယောက်က ကျန်းကျန့်အား သူတို့ကို နှင်ထုတ်လိုက်ရန်အတွက် ပြောမည်ကို စိုးရိမ်နေခဲ့ရသည်။
ရလဒ်အနေဖြင့်...
ဝမ်ဟိုင်ရှန်းက ဘေးပတ်လည်ကို နဝေတိမ်တောင်ဖြင့် လှည့်ကြည့်လိုက်ပြီး သူတို့ကို မြင်သည်နှင့် ရွာသားများက မည်သည့်အတွက်ကြောင့် မြန်မြန် ထွက်ပြေးသွားကြသည်ကို နားမလည်နိုင်ခဲ့ပေ။
သူက အဲ့လောက် ကြောက်စရာ ကောင်းနေလို့လား...
ဝမ်ဟိုင်ရှန်းက ဖြစ်ပျက်နေသည့် အရာများအား နားမလည်နိုင်ရသလို သူ့ဘေးမှ ကလေး နှစ်ယောက်မှာလည်း ရှုပ်ထွေးနေရသည်။ ရွာထဲမှ ကလေးများက သူတို့နှင့် ကစားရမည်ကို သဘောမကျကြဘဲ ယခင်က ရံဖန်ရံခါ အနိုင်ကျင့်လေ့ ရှိကြသည်။ သို့သော်လည်း သူတို့(ရွာထဲမှ ကလေးများ)က သူတို့အား တစ်ခါမှ မကြောက်ခဲ့ဖူးကြပါပေ။
"ကျန်း... ကျန်းကျန့်... ဘာတွေ ဖြစ်နေတာလဲ" ဝမ်ဟိုင်ရှန်းက ကျန်းကျန့်အား ပဟေဠိ ဖြစ်နေဟန်ဖြင့် မေးလိုက်လေသည်။
"ဘာမှ မဖြစ်ဘူး"ကျန်းကျန့်က ဆိုလိုက်သည်။
ကျန်းကျန့်က ဘာမှ မဖြစ်ဘူးဟု ပြောကာမှ ဝမ်ဟိုင်ရှန်းလည်း စိတ်အေးသွားခဲ့ရလေသည်။ သူ့ဘေးပတ်လည်မှ လူများကို ထပ်ကြည့်လိုက်ပြန်သောအခါ ထိုလူများက သူ့အား ကရုဏာသက်ဟန်ဖြင့် ကြည့်နေကြသည်ကို ရုတ်တရက် တွေ့ရှိလိုက်ရသည်။
ဒါက... ဘာတွေ ဖြစ်နေတာလဲ... ဟယ့်ရှီရွာသားများမှာ ဝမ်ဟိုင်ရှန်းကို အမှန်ပင် သနားနေကြလေသည်။ သူတို့က ကျန်းကျန့်မှာ ယခုတွင် သူရူးတစ်ယောက် ဖြစ်သွားလေပြီဟု ယုံကြည်ထားကြသည်။ဝမ်ဟိုင်ရှန်း ကျန်းကျန့်နှင့်အတူ တုန်တုန်ယင်ယင် လမ်းလျှောက်လာသောအခါ ကျန်းကျန့်ထံမှ ချိန်းခြောက်ခံထားရခြင်းကြောင့် ဖြစ်မည်ဟု တွေးနေကြပြီး သူသယ်လာသော စန်းရှောင်ရှန်းမှာ ကျန်းကျန့်ထံမှ အရိုက်ခံထားရခြင်း ဖြစ်မည်ဟုပင် တွေးတောနေကြလေသည်။
အဆုံးတွင် ထိုသူက ရမန် အရာရှိတစ်ယောက်နှင့် တိုက်ခိုက်ရဲခဲ့သူဖြစ်သည်။
ကျန်းကျန့်က တန်ဖိုးရှိသော ပစ္စည်းများနှင့် အစားအသောက်များအားလုံးကို သူ့အိမ်မှာသာ ထားထားသည်။အခြားအိမ်က အလွတ်နီးပါး ဖြစ်နေလေပြီး ဝမ်ဟိုင်ရှန်း၏ မိသားစုကို ထိုအိမ်တွင် နေခိုင်းထားလိုက်သည်။ ထို့နောက် သူပြောလိုက်သည်။
"အိမ်ကို မနေခင် အရင်ဆုံး ရှင်းဖို့ လိုတယ်... မင်းတို့ဘာသာ မီးမွှေးလိုက်ကြ... ငါ့အိမ်ဘက် မလာနဲ့"
"ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ" ဝမ်ဟိုင်ရှန်းက ထပ်ခါ ထပ်ခါ ခေါင်းငြိမ့်ပြလိုက်ပြီး အလွန် ရိုးရှင်းလှသော ရွှံ့အိမ်လေးကို ကြည့်လိုက်သည်။
ဝမ်ဟိုင်ရှန်းက သူ့လှေပေါ်တွင် အသုံးဝင်သည့် ပစ္စည်းအချို့ ရှိသော်လည်း အများကြီး မဟုတ်ပေ။ အကြိမ်များစွာ သယ်လာပြီးနောက် သူက အကုန်လုံးကို ယူလာနိုင်ခဲ့ပြီး မကြာမီပင် အခြေကျသွားသည်။ ထိုအချိန်၌ မှောင်စပြုနေခဲ့လေပြီ။
ကျောက်ကျင်းကော အိမ်ပြန်လာရန် အချိန်ရောက်လုနီးပါး ဖြစ်နေသည်ကို တွေ့လိုက်ရသောအခါ ကျန်းကျန့်က ကိုယ့်ကိုယ်ကိုယ် သာမန်ကာလျှံကာ သန့်ရှင်းရေး လုပ်၍ လမ်းဆုံနေရာသို့ သွားထိုင်ပြီး ကျောက်ကျင်းကောကို စောင့်နေခဲ့သည်။
ရလဒ်အနေဖြင့် အရင်ပြန်လာသူမှာ ကျောက်ကျင်းကော၏ အဖေ ကျောက်ဖူကွေ့ ဖြစ်နေခဲ့သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း မိုးဆက်တိုက်ရွာနေခဲ့သည်။ အပြင်ဘက်တွင် ရေတို အလုပ်သမား သွားလုပ်နေခဲ့သော ကျောက်ဖူကွေ့က အိမ်ပြန်မလာခဲ့ပေ။ ယနေ့တွင် သူအိမ်ပြန်လာသောအခါ သူ့ခေါင်းကို ငုံ၍ လျှောက်နေခဲ့ရာမှ လမ်းတစ်ဖက်တွင် ထိုင်နေသည့် ကျန်းကျန့်ကို မြင်လိုက်ရချိန်တွင် သတိချပ်သွားပြီး ခြေလှမ်းကို အရှိန်မြှင့်လိုက်သည်။
ကျန်းကျန့်က နှာခေါင်းကို ထိကာ ဆက်လက် စောင့်ဆိုင်းနေခဲ့သည်။
နောက်တွင် ကျောက်ကျင်းကော၏ အလှည့် ဖြစ်သည်။ သူက လက်ထဲတွင် ယုန်တစ်ကောင် သယ်လာခဲ့လေသည်။ ကျန်းကျန့်ကို တွေ့လိုက်ရသောအခါ သူက ပထမတွင် ရပ်သွားပါသော်လည်း ကျန်းကျန့်၏ မျက်လုံးများကို ရှောင်ရန်အတွက် ခေါင်းကို ငုံ့ကာ သူ့အဖေလိုပင် ခြေလှမ်းများကို အရှိန်တင်ကာ သွားလေသည်။
တစ်ခဏအကြာ ကျန်းကျန့်လည်း အိမ်ပြန်လာခဲ့သည်။
"ယုန်ကို ဘယ်က ရလာတာလဲ" ကျောက်လျူက ကျောက်ကျင်းကော၏ လက်ထဲမှ ယုန်ကို တွေ့လိုက်ရသောအခါ အံ့အားသင့်ဟန်ဖြင့် မေးလိုက်သည်။
"လယ်ထဲက ဖမ်းမိတာ"
ကျောက်ကျင်းကောက ကသိကအောက် ဖြစ်နေပုံဖြင့် ခေါင်းငုံ့ထားခဲ့သည်။ သူက လယ်ယာအလုပ်ကို ကောင်းကောင်း လုပ်နိုင်ပါသော်လည်း အကောင်ပလောင်များ ဖမ်းရာ၌ မကျွမ်းကျင်ပေ။ အမှန်တွင် သူက ယုန်ကို လုံးဝဖမ်းနိုင်မည် မဟုတ်ပေ။
သို့သော်လည်း ကျောက်လျူက သံသယ မဝင်ပေ။ သူမက သူမ၏ သားက အကောင်းဆုံးဟု အမြဲတွေးထားခဲ့လေရာ ဤကိစ္စရပ်၌လည်း သူမ၏ သားက ယုန်တစ်ကောင် ဖမ်းနိုင်ခဲ့သည်မှာ သာမန်သာ ဖြစ်သည်။
"ခုတလော အိမ်မှာ ကိစ္စကောင်းတွေ အများကြီး ဖြစ်နေတာပဲ... အမေ အရမ်း ပျော်တယ်"
ကျောက်လျူက အပြုံးလေး တစ်ခုဖြင့် ပြောလိုက်ပြီး သူမ၏ ခြေထောက်နားမှ ဘဲပေါက်လေး ငါးကောင်နှင့် လက်ထဲမှ ယုန်တို့ကို ကြည့်လိုက်ပြီးနောက်တွင် လီကျူးကျန်၏ မိသားစုအကြောင်း ပြောလေသည်။
"ဒီနေ့ ရှို့ရောက်လာပြီးတော့ လီမိသားစုအကြောင်းလာပြောတယ်လေ... သူတို့မိသားစုက ကြောင်းလမ်းမှုကို ဖျက်ခဲ့လို့ ဝဋ်လည်နေကြပြီ... ဘာဖြစ်သွားလဲသိလား... သူတို့ရဲ့ ချွေးမ ထွက်သွားပြီလေ"
ကျောက်လျူက မကြာမီ လီကျူးကျန်၏ မိသားစုအကြောင်း ပြောပြခဲ့ပြီး သူတို့ကို ဝေဖန်နေခဲ့သည်။
ကျောက်ဖူကွေ့က တိတ်တဆိတ် နားထောင်နေပြီး သူ့ကိုယ်ပိုင်အမြင်ကို ပြောပြမလာပါသော်လည်း အချိန်နှင့်အမျှ ခေါင်းတဆတ်ဆတ် ငြိမ့်နေခဲ့သည်။
ကျောက်လျူက ထိုအကြောင်း ပြောနေချိန်၌ အလွန် စိတ်အားတက်ကြွနေပါသော်လည်း ပြောပြီးသွားသောအခါ စိတ်ဓါတ်ကျသွားပြန်သည်။
လီကျူးကျန်၏ ဇနီးက အခြားလူနှင့် ထွက်ပြေးသွားခဲ့လျှင်တောင် သူမက သားလေးယောက်လည်း ရှိသေးသည်။ယခုလက်ရှိတွင် သူတို့က မည်မျှ ဆင်းရဲနေပါစေ တစ်စုံတစ်ယောက်က သူတို့ အသက်ကြီးလာချိန်၌ စောင့်ရှောက်ပေးလိမ့်မည်။ သူတို့မိသားစု ကျင်းကောအတွက်ရော..
ယခုတွင် သူတို့နှစ်ယောက် ရှိသေးသည်။ ကျင်းကောက အနည်းဆုံး အကူအညီ အချို့ ရနိုင်နေသေးသည်။ တစ်နေ့ကျ သူတို့မရှိတော့တဲ့ အချိန်ကျရင်ရော...
ကျင်းကောက ကလေး တစ်ယောက်မှ မရှိသဖြင့် သူ အိုမင်းလာချိန်တွင် မည်သူကမှ သူ့ကို စောင့်ရှောက်ပေးကြမည် မဟုတ်ပေ။ ဒါကတော့...
ကျောက်လျူက စကားပြောရပ်သွားပြီး ကျောက်ဖူကွေ့က ပို၍ပင် တိတ်ဆိတ်သွားသည်။ ပထမအစတွင် သူက ကျောက်ကျင်းကောအတွက် ခင်ပွန်းတစ်ယောက် ရှာပေးချင်နေဆဲဖြစ်သော်လည်း ထိုအတွေးကို လွန်ခဲ့သည့် နှစ်နှစ်က စွန့်လွှတ်ထားခဲ့ပြီးသား ဖြစ်သည်။ သူက ကျောက်ကျင်းကောအတွက် မိသားစု တစ်ခု ရရှိရန် ယောက္ခမတစ်ယောက် ရှာပေးချင်ခဲ့ရုံသာ ဖြစ်သည်။
သို့သော်လည်း သူတို့၏ မိသားစုက ဆင်းရဲလွန်းပြီး အိုမင်းနေသည့် လူပိုနှစ်ယောက်လည်း ရှိနေသေးသဖြင့် မည်သူကမှ ကျောက်ကျင်းကောကို လက်ထပ်ချင်ကြမည် မဟုတ်ပေ။
"ကျွန်တော့အတွက် စိတ်မပူပါနဲ့ အဖေနဲ့ အမေ" ကျောက်ကျင်းကောက ပြောလိုက်သည်။ သူက သူနှင့် ကျန်းကျန့်အကြောင်း ပြောချင်ခဲ့ပါသော်လည်း သူ့စကားများက ထွက်မလာနိုင်ခဲ့ပေ။
ကျန်းကျန့်က လူများစွာကို ဆန့်ကျင်ထားခဲ့သည်။ သူ့မိဘများသာ သူတို့အကြောင်း သိသွားပါက ပို၍ပင် စိုးရိမ်ကြရပေလိမ့်မည်။
ကျောက်လျူက သူ့သား ဝမ်းနည်းသွားမည် စိုးသဖြင့် ထိုအကြောင်းကို ဆက်မပြောတော့ဘဲ အခြားအကြောင်းတစ်ခုကို ပြောလိုက်သည်။
"ငါ့ကျင်းကောလေးလည်း အဆင်ပြေသွားမှာပါ... စိုးရိမ်စရာ မလိုပါဘူး... ဒါပေမယ့် ငါတော့ ကျန်းကျန့်ကို ကြည့်လိုက်တိုင်း ကြောက်နေရတာပဲ... ဖူကွေ့ ရှင်ကတော့ သိမှာ မဟုတ်ဘူး... သူက ကျွန်မတို့ အိမ်ဘက်ကို အမြဲတမ်း စိုက်ကြည့်နေတာ... ကျွန်မ မနေ့ညက ညလယ်ကြီး ထတုန်းကလည်း သူ ကျွန်မတို့အိမ်နား ပတ်နေတာကို တွေ့ခဲ့တယ်"
"ဘာ" ကျောက်ဖူကွေ့က အံ့အားသင့်သွားလေသည်။ ကျောက်ကျင်းကော၏ နှလုံးသားသည်လည်း အခုန်မြန်သွားခဲ့လေသည်။
ကျောက်ဖူကွေ့၏ မျက်ခုံးများ တင်းတင်းကျပ်ကျပ် စုကျုံ့သွားခဲ့လေသည်။ "သူက ငါတို့အိမ်နား ပတ်နေတာလား... သူ ငါတို့အိမ်ကို လုယက်ဖို့ စဥ်းစားနေတာတော့ မဟုတ်ဘူးမို့လား"
"လုယက်မှာ" ကျောက်လျူသည်လည်း ကြောက်လန့်သွားလေသည်။
"ကျွန်မတို့ ဘာလုပ်ကြမလဲ... ကျွန်မတို့ ကျင်းကောက သူ့ကို ရိုက်နိုင်မှာ မဟုတ်ဘူး"
"အမေ... သူ မလုပ်လောက်ပါဘူး...ကျွန်တော်က သူ့ဘဝကို ကယ်ပေးထားတာပဲလေ... ကျွန်တော်တို့ အိမ်မှာလည်း ဘာပစ္စည်းမှ တန်ကြေးရှိတာမှ မဟုတ်တာ"
ကျောက်ကျင်းကောက ပြောလိုက်ပြီး သူ့မျက်လုံးများက ယုန်ဆီသို့ အကြည့်ရောက်သွားလေသည်။ ကျန်းကျန့်က သူတို့အိမ်ကို လုယက်မည် မဟုတ်ပေ။ ယုန်ကိုလည်း ကျန်းကျန့် ပေးထားခြင်းသာ ဖြစ်သည်။
ပြီးတော့... မနေ့ညက ကျန်းကျန့် သူ့ကို လာတွေ့ခဲ့သေးတာလား...
သူက အမှန်တွင် ၎င်းကို မသိဘဲနှင့် အိပ်ပျော်သွားခဲ့ခြင်း ဖြစ်သည်။
ကျောက်ကျင်းကောက ထိုည၌ နိုးလျက်သား ရှိနေရန် ဆုံးဖြတ်ထားသည်။ သူ့မိဘများထံမှ လှုပ်ရှားမှုများ မရှိတော့သည့်အချိန်တွင် သူက တိတ်တိတ်လေး ထကာ ကျန်းကျန့်၏ နေရာသို့ သွားလိုက်လေသည်။
သူက ညပိုင်းတွင် ကျန်းကျန့်အိမ်သို့ အကြိမ်များစွာ သွားရောက်ခဲ့ပြီး သူနှင့် မစိမ်းသက်ပါသော်လည်း ယနေ့တွင် တဖြည်းဖြည်း နီးကပ်လာသောအခါ ကျန်းကျန့်နှင့် မဆိုင်သည့် အသံတစ်သံကို ကြားလိုက်ရသည်။
ကျန်းကျန့်အိမ်မှာ တစ်ယောက်ယောက် ရှိနေတာများလား...
ယနေ့ ကျောက်ကျင်းကော အိမ်ပြန်လာသောအခါ သူ့မိဘများက အနီးအနားတွင် ရှိနေကြသဖြင့် ကျန်းကျန့်ကို ကြည့်ရန် ရှက်ရွံ့နေခဲ့ရသည်။ သူက ဝမ်ဟိုင်ရှန်း၏ မိသားစု ကျန်းကျန့်အိမ်သို့ ပြောင်းလာကြသည်ကို မသိခဲ့ပေ။ ထိုအခိုက်၌ သူက အနည်းငယ် တွေဝေသွားခဲ့သည်။ ထိုနေရာမှာ ကြက်သေသေနေရင်းဖြင့် ဘာလုပ်ရမှန်းလည်း မသိတော့ပေ။
ရွာထဲတွင် သူက အခြားသူများထံမှ အမြဲတမ်း ငြင်းပယ်ခံခဲ့ရသည်။ သူတို့တစ်ရွာလုံး၌ ပိုရုပ်ဆိုးသည့် ကော သို့မဟုတ် အမျိုးသမီး တစ်ယောက်မှ မရှိတော့ပါပေ။ ဆယ်ကျော်သက် အရွယ်မှာပင် ကြောင်းလမ်းမှု ရုတ်သိမ်းခံလိုက်ရသဖြင့် အခြားသူများက သူ့ကို သနားစိတ်ပြည့်နေသော မျက်လုံးများဖြင့် ကြည့်တတ်ကြသည်။
သူ့လိုလူမျိုးက ကြိုက်လောက်စရာ မရှိပါပေ။ ကျန်းကျန့်ကရော... သူ့ကို ငြီးငွေ့သွားပြီလား...
ကျောက်ကျင်းကောက အစာအိမ်ထဲမှ လိပ်ပြာလေးများကို ခံစားလိုက်ရပြီး မပျော်မရွှင် ဖြစ်နေချိန်တွင် ထိုအခိုက်၌ ကျန်းကျန့်ကလည်း အမှန်ပင် စိတ်ညစ်နေရသည်။
ကျေးလက်မှ ရွှံ့နံရံများက ထူထဲကာ အသံလုံပါသော်လည်း တံခါးနှင့် ပြတင်းပေါက်များမှာ အသံမလုံပေ။ ထို့ကြောင့် ဘေးအခန်း၏ လှုပ်ရှားမှု သေးသေးလေးကိုပင် အားလုံးကြားနေရသည်။
ဝမ်ဟိုင်ရှန်းက စန်းရှောင်ရှန်းကို ပြုစုပေးနေချိန်တွင် သူ့အသံကို တိုးနိုင်သမျှတိုးအောင် ကြိုးစားပေးနေပါသော်လည်း သူ့နားက ကောင်းလွန်းလှသဖြင့် အကုန်လုံးကြားနေရသည်။ အသံက တိုးနေသည့်အတွက် အမှတ်တမဲ့နှင့် လိုက်နားထောင်မိသွားကာ ပို၍ပင် အိပ်မပျော်နိုင်တော့ပေ။
ထိုနေရာ၌ တစ်ယောက်ယောက်က တီးတိုးပြောနေပြီး ပုစဥ်းရင်ကွဲများနှင့် ဖားများ၏ တောင်စဥ်ရေမရ အော်သံများထက်ပို၍ စိတ်ဒုက္ခပေးနိုင်သည်။
ကျန်းကျန့်က အခြားသူများကို သူ တတ်နိုင်သလောက် ကူညီပေးချင်သည်။ ခေတ်သစ်တွင် သူရထားခဲ့သော ပညာမှာ သူ့အတွက် ဗိုက်ဆာပြီး မသေနိုင်လောက်အောင် ခက်ခဲစေသည်။ ထို့ကြောင့် ဤနေရာသို့ မကူးပြောင်းလာခဲ့စဥ်က အခြားသူများကို ကယ်တင်ရင်းဖြင့် ဘဝသစ်တစ်ခုကို မတော်တဆ ရရှိခဲ့သည်။ သို့သော်လည်း ယခုလက်ရှိတွင် သူက ဆူညံလွန်းသည်ကြောင့် အိပ်ပျော်ရန် ခက်ခဲနေသဖြင့် မပျော်မရွှင် ဖြစ်နေရပေသည်။
မနက်ဖြန် မြန်မြန် ရောက်ပါတော့... သူ ဝမ်ဟိုင်ရှန်းအတွက် အိမ်တစ်လုံး မြန်မြန် ဆောက်ပေးပြီး ကန်ထုတ်ရမယ်...
ကျန်းကျန့်က အိပ်မပျော်နိုင်သဖြင့် ကျောက်ကျင်းကောထံ သွားလိုက်သည်။ ကျောက်ကျင်းကောက ဒီအချိန်လောက်ဆို အိပ်ပျော်သွားတတ်ပေမယ့် သူကတော့ အခုထိ အိပ်မရသေးဘူးလေ...
ကျန်းကျန့်က သူ့အိမ်ထဲမှ မြန်မြန် ထွက်လာခဲ့သည်။ သူ ခြေလှမ်းအနည်းငယ်မျှပင် လှမ်းရသေးသော်လည်း ထိုနေရာ၌ မလှုပ်မယှက် ရပ်နေသည့် ကျောက်ကျင်းကောကို တွေ့လိုက်ရသည်။
"ကျင်းကော" ကျန်းကျန့်က သူ့ကို အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်သည်။
"မင်းကိုယ့်ဆီ လာတာလား"
ကျောက်ကျင်းကောက ဝင်သွားကြည့်ရမလား မကြည့်ရဘူးလား တုံ့ဆိုင်းနေရင်းဖြင့် ထိုနေရာတွင် ရပ်နေစဥ်မှာပင် ကျန်းကျန့်ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူ တစ်ခဏမျှ အပျော်လွန်မိသွားသည်။
"ကျန်းကျန့်"
ကျောက်ကျင်းကောက ကျန်းကျန့်၏ နာမည်ကို တိုက်ရိုက်ခေါ်ခဲသဖြင့် ကျန်းကျန့်၏ နှလုံးသားလေးကို ယားကျိကျိ ဖြစ်သွားစေခဲ့လေသည်။ သူက ရှေ့တိုးလာကာ ကျန်းကျန့်၏ မျက်နှာလေးကို တန်း၍ အနမ်းပေးလိုက်သည်။
"ဘာလို့ စောစောမအိပ်ဘဲ နောက်ကျနေမှ ကိုယ့်ကို လာတွေ့ရတာလဲ"
ကျောက်ကျင်းကောက အသက်ပြင်းပြင်းရှုကာ ကျန်းကျန့်ကို တွေ့လိုက်ရ၍ ပျော်ရွှင်သွားသည့် နှလုံးသားလေးကို တည်ငြိမ်သွားအောင် လုပ်လိုက်ရသည်။ "ကျွန်တော့အမေ ပြောတာ... မနေ့ညက သူ ခင်ဗျားကို တွေ့လိုက်ရတယ်တဲ့... မနေ့ညက ကျွန်တော့်ကို လာတွေ့သေးလား... ကျွန်တော် မသိခဲ့ဘူး" ပြောပြီးနောက် သူက အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။
"မင်း မအိပ်သေးဘူးလား... မင်းက ကိုယ့်လို မဟုတ်ဘဲ နေ့တိုင်း အလုပ်လုပ်နေရတာလေ... မင်း ပိုအိပ်သင့်တယ်"
ကျန်းကျန့်က ပြောလိုက်သည်။ သူက ကျောက်ကျင်းကောလို လူများကို အထူးသဘောကျသည်။ သူက အတော်လေး ရှက်ရွံ့နေပါသော်လည်း သူလက်ခံရရှိသော ခံစားချက်များကို ပြန်လည် ပြသသင့်သည့်အခါမျိုးမှာလည်း ရှင်းရှင်းလင်းလင်း ဖော်ပြပေလိမ့်မည်။