အပိုင်း၅၀
Viewers 21k

Chapter 50

Chapter 50

သွားတောင်းခြင်း



ကျောက်ဖူကွေ့က ကာလတိုအလုပ်များနှင့်ပတ်သက်၍ အခြားရွာသားများထက် ပိုတတ်ကျွမ်းသည်။အမှန်တွင် သူက ကျန်းကျန့်ကဲ့သို့လူများကို သဘောကျနှစ်ခြိုက်သည်။ ယခင်က ကျန်းကျန့်က ကျောက်ကျင်းကောအပေါ် မကောင်းမည်ကို အဓိကစိုးရိမ်ခဲ့သော်လည်း ယခုအခါတွင် ထိုသို့ဖြစ်ပုံရသည်. . .


“ငါတို့မိသားစုက ဆင်းရဲတယ်...လိုချင်တပ်မက်စရာရယ်လို့မရှိဘူး...မင်းက သူ့အသက်ကို ကယ်ခဲ့တာဆိုတော့ သူမင်းကို မင်းရဲ့ကြင်နာမှုအတွက်ပြန်ပေးဆပ်ပြီး မင်းကိုလက်ထပ်ပြီး ကျေးဇူးဆပ်ချင်ခဲ့တာထင်တယ်... ဒီလိုတွေးရင် သူနဲ့လက်ထပ်လိုက်တာ ကောင်းပါတယ်... အနည်းဆုံးတော့ ဘယ်လို ကျေးဇူးသိရမယ်ဆိုတာ သူကသိတယ်” ဟု ကျောက်ဖူကွေ့က ထပ်မံပြောလိုက်သည်။


ကျောက်လျုထံမှ ကျောက်ကျင်းကောနှင့် လီကျူးကျန်၏ ပတ်သက်ဆက်နွယ်မှုအကြောင်း သူကြားသိခဲ့ရသည်။ ထိုစကားကြားစဥ်က သူတကယ်ကို ကြောက်ရွံ့ပြီး ချွေးစေးပြန်လာခဲ့သည်။လီမိသားစုက သူ့သားကို တကယ်လက်ထပ်ချင်ခဲ့ခြင်း မဖြစ်နိုင်ပေ။ သူ့သားကို ပစ်မှတ်ထားပြီး သူတို့မိသားစုအတွက် သန်မာသည့် အလုပ်သမားတစ်ယောက်ကို ရှာချင်နေခြင်း ဖြစ်နိုင်သည်။ ဆန့်ကျင်ဘက်အနေဖြင့် သူ့သားကို နေ့တိုင်း အစာပို့ပေးပြီး သူ့သားကို သူ့ကိုယ်ပိုင်ပြဿနာထဲဆွဲသွင်းရန် မကြိုးစားခဲ့သော ကျန်းကျန့်က စိတ်ရင်းမှန်၏။ကျောက်ဖူကွေ့၏ ကျန်းကျန့် အပေါ်အမြင်က ပိုကောင်းလာသည်။


ထိုအချိန်တွင် ကျန်းကျန့်က ဝမ်ဟိုင်ရှန်းကိုသွားရှာပြီး သူနှင်အတူစီရင်စုမြို့သို့ လိုက်ခဲ့ရန် တောင်းဆိုခဲ့သည်။


မင်းက အခုမှ စီရင်စုမြို့က ပြန်လာတာ...ဘာလို့ စီရင်စုမြို့ကို ထပ်သွားချင်တာလဲ...

ဝမ်ဟိုင်ရှန်း အနည်းငယ် အံ့ဩသွားသည်။


"မနက်ဖြန် တောင်းရမ်းဖို့ကျောက်မိသားစုအိမ်ကို သွားမှာ"


ကျန်းကျန့်က ပြောလိုက်သည်။ကျောက်မိသားစုထဲကို ဝင်ဖို့စီစဉ်ထားပေမဲ့ သူ့ကိုယ်သူ အမျိုးသမီးတစ်ယောက်အနေဖြင့်ပဲ သဘောထားပြီး ကျောက်မိသားစုက သူ့ကိုလာတောင်းရမ်းမည်ကို စောင့်ဆိုင်းနေမှာ မဟုတ်ပါချေ။ သူ့အမြင်အရ ကျောက်ကျင်းကောက သူ့မိန်းမဖြစ်သည်။တောင်းရမ်းခြင်း. . . ၎င်းကို သူလုပ်ရဦးမည်။သူတို့ လက်ထပ်တော့မှာဖြစ်သဖြင့် ကျောက်ကျင်းကောကို သူတစ်ခုခု ပေးချင်သည်။


“ဒါဆို ဒီလိုပေါ့"


ဝမ်ဟိုင်ရှန့်က ခေါင်းညိတ်ပြပြီး အမြန်ထရပ်လိုက်ကာ ကျန်းကျန့်နှင့် စီရင်စုမြို့ကိုသွားရန် အဆင်သင့်ဖြစ်နေ၏။


"ခဏစောင့်ဦး"

ကျန်းကျန့်က ရုတ်​တရက်​ သူ့ကိုတားလိုက်​သည်​။


"မင်းမိန်းမကို သူဘာကြိုက်လဲ မေး"


ကျန်းကျန့်၏ အသံက မတိုးသဖြင့် စန်းရှောင်ရှန်း သူ့အခန်းထဲကနေ ကြားနေရ၏။ဝမ်ဟိုင်ရှန်း မမေးခင်မှာ သူက ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။


စန်းရှောင်ရှန်း၏ကလေးက ကိုးနှစ်ရှိနေပြီဖြစ်ပြီး သူကငယ်တော့သည်မဟုတ်ပေ။ သူတို့သည် တံငါလှေပေါ်တွင် နေထိုင်အိပ်စက်ခဲ့ကြသောကြောင့် သူက အခြားသော လက်မထပ်ရသေးသော ရှိူးတိုးရှန့်တန့် မိန်းကလေးများထက်ပင် အသက်ပိုကြီးနေပုံရသည်။ ခေါင်းကိုငုံ့ထားရင်း စန်းရှောင်ရှန်း၏ အသံက အတော်လေးကို တိုးတိမ်သွား၏။


“အရင်က... ငါတို့ရွာက ကောတွေ အားလုံးက မျက်နှာချေနီနဲ့ပေါင်ဒါမှုန့်တွေကို ကြိုက်ကြတယ်... အိမ်ထောင်ပြုရင် သူတို့အားလုံးက တူညီတဲ့ လက်ဝတ်ရတနာကို လိုချင်ကြတယ်...များသောအားဖြင့် ငွေလက်ကောက်...ဒါမှမဟုတ် နားကပ်တွေဆိုရင်လည်း ကောင်းပါတယ်...ပိုပေးရင် ပိုကောင်းတယ်...အဝတ်အစားအသစ်တွေလည်း လိုအပ်တယ်... အဝတ်အရောင်က ပိုတောက်ရမယ်... မင်္ဂလာဆောင်တဲ့နေ့မှာ ဝတ်ဆင်ဖို့အတွက်ပေါ့ ...ဒါပေါ့ တတ်နိုင်တဲ့အရာတစ်ခုခုပေးတာကလည်းကောင်းပါတယ်...ဟိုင်ရှန်းက ငါ့ကိုတစ်ယောက်တည်းကြက်တစ်ကောင်လုံးစားခိုင်းတယ်"


စန်းရှောင်ရှန်း တစ်ကြိမ်ထက်မက လက်ထပ်ဖူးသော်လည်း ဝမ်ဟိုင်ရှန်းသူ့အတွက် ဝယ်ပေးသော အဝတ်အစားနှင့် ကြက်သားကို သူ့လက်ထဲ မရောက်ဖူးသော လက်ဝတ်ရတနာများနှင့် တင်တောင်းကြေးများထက် ပိုသဘောကျသည်။ ထို့ကြောင့် သူ့မှာ ဝမ်ဟိုင်ရှန်း သူ့အတွက် ဝယ်ပေးခဲ့သော ကြက်သားနှင့်အဝတ်အစားတို့အပေါ် ပိုကောင်းသောထင်မြင်ချက်ရှိလေသည်။သူက အသက်အတော် ကြီးနေပြီဖြစ်သည်။သို့ပေမဲ့ ထိုတစ်ကြိမ်ကလွဲ၍ သူတစ်ယောက်တည်း ကြက်တစ်ကောင်လုံးတစ်ခါမှမစားဖူးပါချေ။


စန်းရှောင်ရှန်း၏ အသံက တိုးနေသော်လည်း ကျန်းကျန့် ရှင်းရှင်းလင်းလင်း ကြားနိုင်ခဲ့သည်။ မိတ်ကပ်အကြောင်းကြားသောအခါ ကျန်းကျန့်ရယ်ချင်မိသွားသည်။လှပသောမိန်းကလေးက ၀တ်စားပြင်ဆင်ပြီးနောက် ပိုကြည့်ကောင်းလာသောကြောင့် အလှကုန်ပေးရခြင်းမှာ ပုံမှန်ဖြစ်သော်လည်း ကျောက်ကျင်းကော. . . လူကြမ်းတစ်ယောက်ကဲ့သို့သော ကျောက်ကျင်းကောက သူ့မျက်နှာကို အဖြူရောင်ဆေးခြယ်မည်ဆိုသည်က သူ့အတွက် လက်ခံရန် ခက်ခဲသည်။ ယခုခေတ်မှာ မိတ်ကပ်တွေက ရွေးစရာ အရောင်တွေ အများကြီး မရှိသေးပေ။ သူတို့မှာ အဖြူရောင်ပဲရှိသည်။ထို့ကြောင့် ဤတစ်ခုကိုမေ့ထား၍ရသည်။လက်ဝတ်ရတနာများနှင့်ပတ်သတ်၍မူ. . . ဘယ်လက်ဝတ်ရတနာတွေကို ယောက်ျားအရင့်အမာကြီးတွေ ဝတ်ခဲ့လို့လဲ...အဓိပ္ပါယ်မရှိ... ခဏလေး... ကျောက်ကျင်းကောအတွက် သူ မဝယ်ခဲ့ဘူးဆိုရင်တောင် ကျောက်လျူ အတွက် သူတကယ်ဝယ်လို့ရတယ်လေ...


သူ့မှာ ယောက္ခမတွေနှင့်တွေ့ရန် သူ့ရည်းစားအိမ်သွားလည်သည့် ရဲဘော်ရဲဘက်တစ်ယောက်ရှိသည်။ ယောက္ခမဖြစ်သူအတွက် အသားအရေထိန်းပစ္စည်း တစ်စုံနှင့် လည်ဆွဲတစ်ခုကို ယွမ်နှစ်ထောင်ဖြင့် ဝယ်ယူခဲ့သည်။ ယောက္ခမပျော်သည့်အခါ သူ့ရည်းစားကို ချက်ချင်းလက်ထပ်နိုင်ခဲ့၏။


ကျန်းကျန့် နှင့် ဝမ်ဟိုင်ရှန်းတို့သည် စီရင်စုမြို့သို့ ချက်ချင်း ပြေးသွားကြသည်။စီရင်စုမြို့ထဲရောက်သည့်အခါ မှောင်နေပြီဖြစ်သဖြင့် တစ်ညလုံး လှေပေါ်မှာ အိပ်ပြီး နောက်တစ်နေ့ မနက်စောစော မြို့ထဲမှာ ဈေးဝယ်ထွက်ကြသည်။


ကျန်းကျန့် လက်ဝတ်ရတနာများရောင်းချသည့်နေရာကို ဦးစွာသွားပြီးနောက် ကျောက်လျူ

၏လက်ကောက်ဝတ်အရွယ်အစားကို ခန့်မှန်းပြီး သေးငယ်ပြီး ချစ်စဖွယ်ကောင်းသော ငွေလက်ကောက်တစ်ခုကို တူညီသောငွေအလေးချိန်ဖြင့် လဲလှယ်ကာ လက်ကောက်အတွက် ကြေးနီပြားနှစ်ဆယ်ကို ပေးခဲ့သည်။ ထို့နောက် မျက်နှာချေနီနှင်ပေါင်ဒါမှုန့်များ ရောင်းသည့်နေရာသို့ သူသွားခဲ့သည်။


ကျောက်လျူက တစ်နေ့ကုန် အိမ်တွင် နေခဲ့ရပြီး သူမ၏ အသားအရည်သည် အလွန်ဖြူသောကြောင့် သူမအတွက် အသားဖြူမှုန့်ကို ဝယ်ရန် မလိုအပ်ပေ။ သူမနှင့် ကျောက်ကျင်းကော သုံးနိုင်သော မျက်နှာလိမ်းဆီဘူးအနည်းငယ်နှင့် မျက်နှာချေနီတစ်ဘူးကို ဝယ်လိုက်သည်။ထို့နောက် အထည်ဆိုင်သို့ သွားကြသည်။


ကျန်းကျန့်က အနီရောင် အထည်တစ်စကို ယူပြီး ဝမ်ဟိုင်ရှန်းပေါ်မှာ တင်လိုက်၏။ အနီရောင်အဝတ်အစားများ ၀တ်ဆင်ခြင်းသည် မည်းမှောင်သော အသားအရည်ရှိသူများအတွက် ကြေကွဲစရာဖြစ်လိမ့်မည်ဟု သူတွေ့ရှိခဲ့သည်။ ထို့နောက်တွင် သူသည် အနီရောင်အဝတ်အစားများကို စွန့်လွှတ်လိုက်ပြီး ဤနေရာတွင် အမျိုးသားများ မကြာခဏဝတ်လေ့ရှိသော အရောင်အတိုင်း ကျောက်ကျင်း​ကောအတွက် ခိုင်ခံ့သောအဝတ်အစားအချို့ကို ရွေးချယ်ခဲ့သည်။ နောက်ဆုံးတွင် ကျောက်ဖူကွေ့အတွက် တစ်ခုခုဝယ်ရမည်ဟု တွေးကာ ကျန်းကျန့် ဝိုင်အိုးနှင့် အသားအနည်းငယ်ကို ဝယ်ခဲ့သည်။


ကျန်းကျန့် ပစ္စည်းများစွာမဝယ်ခဲ့ပေ။ ရွာတွင် လူမည်မျှပင်ရှိစေကာမူ သူတို့လည်း ထိုအရာများနှင့်တင်တောင်း ချင်ကြသည်။ သို့သော် သူက စီးပွားရေးလုပ်ရန်အတွက် အရင်းအနှီးအချို့ ချန်ထားလိုသောကြောင့် အလွန်အကျွံဝယ်ခြင်းမှ ရှောင်ကြဉ်ခဲ့သည်။


ကျန်းကျန့် ဈေးဝယ်ပြီးနောက် ပြန်သွားရန် စီစဉ်ခဲ့သော်လည်း သင်္ဘောကျင်းနားတွင် ကြက်နှင့် ဘဲများရောင်းသည့် လူများစွာကို ရုတ်တရက် တွေ့လိုက်ရသည်။ကျန်းကျန့် ကျောက်မိသားစုသည် အသက်မွေးဝမ်းကြောင်းပြုရန် နည်းလမ်းရှာသင့်သည်ဟု အမြဲတွေးပြီး ၎င်းကို အထပ်ထပ်အခါခါ တွေးနေခဲ့သည်. . . သူတို့အတွက် အကောင်းဆုံးအရာက ကြက်နှင့် ဘဲတွေကို မွေးမြူရန်ပဲဟု သူထင်မိသည်။


နွေရာသီရောက်ခါနီးပြီဖြစ်သည်။သူ့မှာ ငါးဖမ်းလှေရှိသေးသည်။ ခရု၊ ငါးနုတ်တွေနှင့် ကြက်၊ ဘဲတွေကို နေ့တိုင်း ကျွေးရန်က မခက်ပါချေ။ ကြက်နှင့် ဘဲများ ကြီးပြင်းလာသောအခါ သူတို့အနေဖြင့် ၎င်းတို့ကို ငွေနှင့်ရောင်း၍ အမြတ်အစွန်းများစွာ ရရှိနိုင်ကြပေမည်၏။ထိုသို့တွေးရင်း ကျန်းကျန့် ဘဲပေါက် နှစ်ဆယ့်ငါးကောင်နှင့် ကြက်ပေါက် ငါးကောင်ကို တစ်ခါတည်းဝယ်လိုက်သည်။ ကြက်ပေါက်စက အစာကျွေးရဦးမှာဖြစ်သဖြင့် ထပ်မဝယ်တော့ပေ။


ဟယ့်ရှီသို့ ပြန်လာကြသောအခါ နောက်ကျနေပြီဖြစ်၍ လူများစွာသည် နေ့လည်စာ စားပြီးသွားကြပေပြီ။


ကျန်းကျန့်က အစပိုင်းတွင် သူဝယ်ခဲ့သော အထည်နှင့် အသားများကို သယ်ပြီး ကြက်နှင့် ဘဲများကို ဝမ်ဟိုင်ရှန်းကိုသယ်ခိုင်းခဲ့သည်။တကွက်ကွက်အော်နေသော ဘဲကလေးများနှင့်အတူ သူသည် ကျောက်မိသားစု၏ အိမ်တံခါးဝသို့ လျှောက်သွားကာ ရွာရှိလူများ၏ အာရုံစိုက်မှုကိုလည်း ဖမ်းစားခဲ့သည်။


ဒီအကြီးဆုံးကျန်းက ဘာဖြစ်နေတာလဲ...သူဘာလို့ ဒီကြက်နဲ့ ဘဲတွေကို ကျောက်မိသားစုအိမ်ဆီ သယ်သွားတာလဲ...


တံခါးဖွင့်ရန် လာနေသော ကျောက်လျူပင် ဆူညံသံကို ကြားလိုက်ရသည်။ကျန်းကျန့်က အထည်တစ်ထုပ်နှင့် အသားများကို သယ်လာသည်။အလွန်သာမန်ဆန်သော အဝတ်အစားတွေဖြစ်ပြီး သူ့အနာဂတ် ဆွေမျိုးတွေဆီ ယူလာရန်က အနည်းငယ် ညံ့ပေမဲ့ အနည်းဆုံး ပုံမှန်ဖြစ်နေဆဲဖြစ်သည်။သူ့နောက်က ဒီကြက်တွေနဲ့ ဘဲတွေက ဘာကိစ္စရှိလို့လဲ... အရင်က ကျင်းကောဆီ ဘဲပေါက်ငါးကောင်ကို ပို့ခဲ့တာက ထားတော့ ...လက်ထပ်ဖို့ လာတောင်းရမ်းတဲ့အခါ သူက ဘာကြောင့် ထပ်ယူလာတာလဲ...


မနေ့ညက အချိန်အတော်ကြာ ဆွေးနွေးပြီးနောက် ကျောက်မိသားစုသည် နောက်ဆုံးတွင် ကျန်းကျန့်အတွက် လိုအပ်ချက်နှစ်ခုကို ချမှတ်ပြီး အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ခဲ့သည်။ပထမဦးစွာ ကျောက်ဖူကွေ့ နှင့် ကျောက်လျူ တို့အနေဖြင့် ၎င်းတို့၏သက်ကြီးရွယ်အို ကာလတွင် ကျွေးမွေးပြုစုစောင့်ရှောက်ရန်အတွက် ကျောက်ကျင်းကောကို လိုအပ်သည်။ကျောက်ကျင်းကောသည် ကောဖြစ်သော်လည်း စင်စစ်အားဖြင့် ၎င်းတို့တွင် သားသမီးတစ်ဦးသာ ရှိခဲ့သည်။


ဒုတိယအနေဖြင့်စေ့စပ်လက်ဆောင်အဖြစ် ငွေဆယ်စတောင်းရန် ကြံစည်ထားကြသည်။ကျောက်ဖူကွေ့ နှင့် ကျောက်လျူတို့က ၎င်းတို့အတွက် ငွေဆယ်စကို ယူရန်မစီစဉ်ဘဲ သူ့သေတ္တာအောက်ခြေတွင် သိမ်းဆည်းနိုင်သည့် ခန်းဝင်ပစ္စည်းအဖြစ် ကျောက်ကျင်းကောအား ပေးရန် စိတ်ကူးခဲ့သည် . . .ယခုလိုလုပ်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ ကျောက်ကျင်းကောကို စိတ်ချလုံခြုံမှုအချို့ပေးရန်ဖြစ်၏။ တခြားအရာတွေမှာ သူတို့မှာ တခြားတောင်းဆိုမှုတွေမရှိပါချေ။ကျန်းကျန့်က လူတွေကို မင်္ဂလာဝိုင်သောက်ရန် မဖိတ်ခေါ်ချင်ဘူးဆိုလျှင်လည်း ကိစ္စမရှိပေ။ မည်သို့ပင်ဖြစ်စေ ကျောက်မိသားစုတွင် ဆွေမျိုးများစွာမရှိသောကြောင့် ၎င်းတို့အနေဖြင့် ကိုယ့်ဘာကိုယ် ယမကာများ​ဝယ်ရန် အဆင်ပြေသည်။


အမှန်တွင် ဤတောင်းဆိုချက်နှစ်ခုကို ကြုံလာရသည့်အခါ သူတို့ အနည်းငယ် စိတ်ပျက်သွားရသည်. . . ကျောက်ကျင်းကောကို ၎င်းတို့၏သက်ကြီးရွယ်အိုကာလတွင် ကျွေးမွေးထောက်ပံ့ပေးလိုလျှင် စေ့စပ်လက်ဆောင်များ မတောင်းနိုင်တော့ပေ။သို့ပေမဲ့ လက်ထပ်ရန်ကိစ္စက ဆွေးနွေးနေဆဲဲဖြစ်သဖြင့် သူတို့ အခုလောလောဆယ် ဘာမှ မပြောသေးပါချေ။ နောက်ဆုံးတွင် ကျောက်ဖူကွေ့က ပထမအခြေအနေကို အရင်မေးရန် ဆုံးဖြတ်လိုက်ပြီး ၎င်းနောက် အားလုံးက ဖြည်းဖြည်းချင်း ဆွေးနွေးကြလေသည်။


သူတို့ ဆုံးဖြတ်ချက်ချပြီးသည့်အခါ ပိုပြီး ပေါ့ပေါ့ပါးပါး ခံစားရ၏။မနက်အစောကြီးထပြီး ကျန်းကျန့်က သူတို့အိမ်တံခါးကိုရောက်လာမည်အား စောင့်းနေလိုက်ကြသည်။ထို့ကြောင့် ကျောက်ဖူကွေ့ နှင့် ကျောက်ကျင်းကောတို့ နှစ်ယောက်စလုံး အလုပ်မသွားဘဲ တစ်မနက်လုံး စောင့်ဆိုင်းခဲ့သော်လည်း ကျန်းကျန့်က မလာပေ။ကျောက်လျူက အစိုးရိမ်လွန်ပြီး စန်းရှောင်ရှန်း၏ သားအကြီးဆုံး ဝမ်ယွီအာအားမေးလိုက်ရာ ကျန်းကျန့်က စီရင်စုမြို့သို့ ပစ္စည်းအချို့ဝယ်ရန် ထွက်သွားကြောင်း သိလိုက်ရသည်။


ကျန်းကျန့်က ဤတောင်းရမ်းပွဲကို အလွန်အလေးထားပုံရသည်။ကျောက်မိသားစုသည် ရိုးရိုးရှင်းရှင်းပဲ စောင့်ဆိုင်းခဲ့ပြီးနောက် ကျန်းကျန့်က ကြက်၊ ဘဲများနှင့်အတူ ရောက်ရှိလာခဲ့သည်။


ကျောက်လျူ : "...”


မေ့လိုက်ပါ။ကျန်းကျန့်က တစ်ယောက်တည်းနေပြီး သူ့ကိုကူညီရန် မိဘများမရှိပေ။လက်ထပ်ခွင့်လာတောင်းသည့်အခါ တစ်ခုခုယူလာရန် သတိရသည်ကပင် အတော်ကောင်းနေပြီဖြစ်သည်။သူတို့က ၎င်းကို သိပ်ဂရုမစိုက်ပေ။


ကျောက်လျူက ကျန်းကျန့်ကို အိမ်ထဲဝင်ခိုင်းပေမဲ့ ဝမ်ဟိုင်ရှန်းအတွက်မူ ကိစ္စက သူနှင့် မသက်ဆိုင်သည့်အတွက် သူထမ်းထားသည့် ဝန်ကို ချလိုက်ပြီး အိမ်ထဲကို မဝင်ဘဲ ခေါင်းမာမာနှင့် ပြန်သွားခဲ့သည်။


"အဖေနဲ့အမေ...ကျုပ် ဒီနေ့ ဒီကို လက်ထပ်ဖို့ ကမ်းလှမ်းရအောင် ရောက်လာတာပါ ...ကျင်းကောကို ကျုပ်နဲ့လက်ထပ်ပေးဖို့မျှော်လင့်ပါတယ်"

ကျန်းကျန့်က အလွန်ရိုးသားစွာပြောခဲ့သည်။


ကျောက်လျူ ယခင်က ကျန်းကျန့်ကို အနည်းငယ်ကြောက်ခဲ့ဖူးသော်လည်း ယခု ကျန်းကျန့်က အလွန်တည်ငြိမ်နေပုံရသဖြင့် သူမ မထနိုင်ဖြစ်ကာ ကျန်းကျန့်၏စကားကြောင့် မျက်ရည်များပင်ကျလာသည်။ သူမရဲ့ ကျင်းကော... တစ်ယောက်ယောက်က သူ့ကို လက်ထပ်ဖို့ ကမ်းလှမ်းလာခဲ့တာ...ဒီကျန်းကျန့်က လီကျူးကျန်ထက် ပိုရိုးသားတယ်...လီမိသားစုက ကောင်းတဲ့စကားတွေပြောပြီး လက်ထပ်ဖို့ တကယ်လာခဲ့တာလို့ ပြောကြတယ်...ဒါပေမဲ့ တကယ်တော့ သူတို့က ဒီကို အကြိမ်ပေါင်းများစွာ ရောက်ခဲ့ပေမဲ့ ကြက်သွန်နီတစ်ဥတောင် မထည့်ခဲ့ဘူးး...


"ကောင်းတယ် ကောင်းတယ်... ”


ကျောက်လျူက မျက်ရည်များကို သုတ်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ ဤအချိန်မှာ တစ်ခုခုပြောချင်ပေမဲ့ ဘာပြောရမှန်းမသိပေ။ သူမ အနည်းငယ် မှင်တက်မိနေခဲ့၏။


ကျန်းကျန့် ယခုအချိန်တွင် ဘာလုပ်ရ မည်၊ဘာပြောရမည်ကို မသိသော်လည်း အနည်းငယ် စိတ်မရှည် သောကြောင့် သူယူလာသမျှ ပစ္စည်းများကို ခပ်ရှင်းရှင်းထုတ်ပစ်လိုက်သည်။


"အဖေနဲ့အမေအတွက် တစ်ခုခုဝယ်ခဲ့တယ်"


ကျန်းကျန့်က ပထမဆုံး ထုပ်ပိုးထားသော မျက်နှာချေနီနှင့် လက်ကောက်ကို ထုတ်ယူလိုက်သည်။သူက ငွေလက်ကောက်တစ်ကွင်း ယူလာခြင်းဖြစ်ကြောင်း သိလိုက်ရသောအခါ ကျောက်လျူသူ့ကို ပို၍ပင် ကျေနပ်သွား၏။သူမ၏ကျင်းကောအတွက် မျက်နှာချေနှင့် လက်ဝတ်ရတနာများ ဝယ်ရန် သိပုံအရ ကျန်းကျန့်က သူမသားကို အမှန်တကယ် ဂရုစိုက်ပုံရသည်။ဒါပေမဲ့. . . ဒီလက်ကောက်က နည်းနည်းသေးလွန်းတယ်မဟုတ်လား...


ကျင်းကော၏ လက်ကောက်ဝတ်က အနည်းငယ်တုတ်သည်။ယခုလိုလက်ကောက်သေးသေးလေးက သူ့အတွက် အဆင်မပြေပါချေ။ကျောက်လျူ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။


ကျန်းကျန့်က သူမကို မျက်နှာချေနီနှင့် လက်ကောက် ပေးလိုက်သည်။


"အမေ...ဒါက အမေ့အတွက်"


ငါ့အတွက်...ကျောက်လျူ ပို၍ပင် အံ့သြသွား၏။ဤသည်က လက်ထပ်ရန် ကမ်းလှမ်းမှုတစ်ခုဖြစ်သည်. . . ယောက္ခမအတွက် ပစ္စည်းဝယ်စရာ အကြောင်းမရှိပေ . . .မှန်သည်ပင်၊ ဤကာလတွင် ယောက္ခမကို စေ့စပ်လက်ဆောင်ပေးခြင်းမရှိကြပါချေ။


“အဖေ...အဖေ့အတွက် ကျုပ် ဝိုင်ဝယ်ခဲ့တယ်...ကြိုက်မလား မကြိုက်မလားတော့ မသိဘူး"


ကျန်းကျန့်က အသားကို စားပွဲပေါ်တင်ပြီး ကျောက်ဖူကွေ့ကို ဝိုင်ပုလင်း ပေးလိုက်သည်။


ကျန်းကျန့် တံခါးကနေ ဝင်လာကတည်းက ကျောက်ဖူကွေ့ မျက်နှာတည်အောင် ထိန်းထားသော်လည်း ကျန်းကျန့်က သူ့ကို ဝိုင်ပုလင်းပေးသောအခါ မပြုံးမိဘဲမနေနိုင်တော့ပါချေ။


နောက်ဆုံးမှာ ကျန်းကျန့်က အထည်စကို ကျောက်ကျင်းကောကို ပေးလိုက်သည်။


"ကျင်းကော... မင်းဖို့ အထည်​တစ်​စဝယ်​ခဲ့တယ်​... အ၀တ်လေးစုံချုပ်လို့ရတယ် လို့ပြောတယ်... မင်းကိုယ်တိုင်အတွက် နှစ်စုံနဲ့ မင်းမိဘတွေအတွက် တစ်ယောက်တစ်စုံချုပ်လို့ရတယ်"


ကျောက်ကျင်းကော အထည်ကိုယူသောအခါ စကားမပြောနိုင်ဖြစ်သွားရသည်။ကျောက်လျူကို မျက်နှာချေနီနှင့် လက်ဝတ်ရတနာများပေးကာ သူ့ကို မီးခိုးရောင်အထည်များကို ပေးရခြင်းမှာ အနည်းငယ်ထူးဆန်းသော်လည်း သူ့စိတ်ထဲတွင် အလွန်ပျော်ရွှင်နေဆဲဖြစ်သည်။


"ကျုပ်က လုပ်ငန်းသေးသေးလေးတွေ လုပ်နေပြီး အရင်းအနှီးနည်းနည်းပါးပါး ချန်ထားရတဲ့အတွက် အများကြီး မဝယ်ခဲ့ရဘူး"


ကျန်းကျန့်က လက်ဆောင်များပေးကာ ရှင်းပြသော်လည်း ထိုကြက်နှင့် ဘဲများကို ထည့်မပြော ထားသေးပေ။ကျောက်မိသားစုအား ကြက်နှင့် ဘဲများကို မွေးမြူခိုင်းကာ နောက်ပိုင်းမှ ထိုအကြောင်းကို ပြောဆို၍ရလေသည်။