အပိုင်း၅၁
Viewers 24k

Chapter 51

Chapter 51

ဒါကျုပ်ရဲ့ ခန်းဝင်ပစ္စည်း



ကျန်းကျန့်၏စကားကို နားထောင်ပြီးနောက် ကျောက်မိသားစု ပဟေဠိဖြစ်စပြုလာသည်။ကျန်းကျန့်က တင်တောင်းကြေးကို မပေးချင်တာကြောင့် ပြောတာလား...ဒါပေမဲ့ မဖြစ်နိုင်ဘူး...သူဝယ်လာတဲ့ ပစ္စည်း တွေ နဲ့ လက်ကောက်တွေက အနည်းဆုံး ငွေခြောက်စခုနစ်စလောက် တန်တယ်...


“ဒီမှာ ငွေဆယ်စ ရှိသေးတယ်...ယူလိုက်ပါ”


ကျန်းကျန့်က ကျောက်လျူကို ငွေ ဆယ်စ ပေးလိုက်သည်။ကျောက် မိသားစုမှာ ပိုက်ဆံမရှိမှန်း သူသိ၏။ အရင်က ကျောက်ကျင်းကောက သူ၏စုဆောင်းငွေအားလုံးကို သူ့ဆီ ပေးခဲ့ပြီး ယခု သူတို့မှာ ပိုက်ဆံနည်းနည်းပဲ ရှိကောင်းရှိနိုင်၏။သို့ပေမဲ့ လက်ထပ်ပွဲအတွက် ပိုက်ဆံ သုံးရန် လိုသေးသည်။


လက်ထပ်ပွဲအတွက် သူစိတ်မပူချင်ပေမဲ့ ကျောက်မိသားစုက ဝက်တစ်ကောင်ကိုသတ်ရန်ပင် မတတ်နိုင်သည့်အခါ သူတို့ကို ပေးချေရန် ခွင့်မပြုနိုင်ခဲ့ပါချေ။ဤသည်က ကျောက်ကျင်းကောအတွက် အတော်​လေး စိတ်မကောင်းဖြစ်စရာဖြစ် လိမ့်မည်။


ကျောက်မိသားစုသည် ကျန်းကျန့်က တင်တောင်းကြေး ပေးလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူတို့သည် ခဏတာမျှပင် ရွှင်မြူးသွားကာ ကျန်းကျန့်ကို ပို၍အမြင်ကြည်လာသည်။သူတို့သက်ကြီးရွယ်အိုကာလအတွက် ပံ့ပိုးကူညီမှုအကြောင်း ဆွေးနွေးရန်သာ ရှိတော့သည်. . .


"ကျန်းကျန့်... ငါမင်းကိုပြောစရာရှိတယ်...ကျင်းကောက အခု ငါတို့ရဲ့ တစ်ဦးတည်းသောသားမို့ ငါတို့ သူ့ကို အနာဂတ်မှာ ငါတို့ကို လုပ်ကျွေးပြုစုဖို့ တောင်းဆိုရလိမ့်မယ်”


ကျောက်ဖူကွေ့က ပြောလိုက်သည်။


တောသူတောင်သားများက

သက်ကြီးရွယ်အိုများကိုသူတို့၏ဘဝတာအဆုံးတွင် ပြုစုစောင့်ရှောက်ရန် အလေးထားကြသည်။ ဈာပနကို ဘယ်သူမှ မစီစဉ်လျှင် သူတို့ သေပြီးနောက် မရဏကမ္ဘာမှာ ဒုက္ခရောက်ကြလိမ့်မည်ဟုပင် ထင်ခဲ့ကြသည်။ထို့ကြောင့် တချို့လူတွေက သူတို့က ဆင်းရဲလွန်းပေငြား သားမွေးရလေသည်။


“အမှန်ပဲပေါ့...အဖေတို့က ကျင်းကောကိုမွေးပေးခဲ့တာဖြစ်တဲ့အတွက် အဆုံးထိအဖေတို့ကို ကျုပ်တို့ဂရုစိုက်မှာပါ"


ကျန်းကျန့်က ပြောလိုက်သည်။ကျောက်ဖူကွေ့ နှင့် သူ၏ဇနီးက ကျောက်ကျင်းကောကို ပြုစုပျိုးထောင်ခဲ့ကြသည်။ကျောက်ကျင်းကောအနေဖြင့် သူတို့၏ဘဝတာဆုံးသည်အထိ သူတို့ကို ပြုစုစောင့်ရှောက်မည်ဖြစ်သည်။ ၎င်းနှင့်ပတ်သက်ပြီး သူ့မှာကန့်ကွက်စရာမရှိပေ။တစ်နည်းဆိုရသော် သားသတ်သမားကျန်းနှင့် သူ့ဇနီးက အကြီးဆုံးကျန်းအပေါ် အနည်းငယ်ပိုကောင်းခဲ့ပါက သူလည်း ထိုသို့ပြုမိပေလိမ့်မည်။


ကျန်းကျန့်က ချက်ချင်းသဘောတူသည့်အတွက် ကျောက်မိသားစုသည် ပို၍ပင် ပျော်ရွှင်လာခဲ့သည်။ကျန်းကျန့်ကို ပိုကြည့်လေလေ သူ့ကို ပိုသဘောကျလေလေပါပင်။အကြီးဆုံးကျန်း အရင်က အရမ်းရက်စက်ခဲ့သည်က အကြောင်းပြချက်တစ်ခု ရှိကိုရှိရမည်။သူက ဆက်ဆံရလွယ်သည့်သူတစ်ယောက်ဆိုသည်မှာ သိသာထင်ရှားသည်။


“စိတ်မပူပါနဲ့...ငါတို့ လုပ်နိုင်ပါသေးတယ်... မင်းတို့က ငါတို့ကို အခုချိန် ထောက်ပံ့ပေးစရာ မလိုဘူး... မင်းတို့ရဲ့ သားသမီးတွေကိုတောင် ငါတို့ ကူထိန်းပါသေးတယ်”


ဟုကျောက်လျူက ပြောလိုက်သည်။ သူမမှာ အနာဂတ်အတွက် မျှော်လင့်ချက်များ ရုတ်တရက် ပြည့်လာခဲ့သည်။ သူမမြေးကိုထိန်းကျောင်းနိုင်မည်ဟု တွေးလိုက်သောအခါတွင် သူမ၏ခံစားချက်များပိုကောင်းလာသည်။


“ဟုတ်တယ် မှန်တယ်... ငါ ကအနည်းဆုံး နောက်ထပ် ဆယ်နှစ် အလုပ်လုပ်နိုင်တယ်” ဟု ကျောက်ဖူကွေ့ကလည်း ဆိုသည်။


“တင်တောင်းကြေးကလည်း စိတ်ပူစရာ မလိုပါဘူး...ကျင်းကောကို သူနဲ့အတူ ယူသွားခွင့်ပေးလိုက်မယ်...ငါက ပိုက်ဆံနည်းနည်းစုထားတာရှိတယ်...ပြီးတော့ ကျင်းကောမှာလည်းရှိသင့်တယ်လေ... ငါတို့က သူ့အတွက် ခန်းဝင်ပစ္စည်းအဖြစ် မြေတစ်မူကို ဝယ်နိုင်တယ်...ဒါမှ မင်းတို့ အနာဂတ်မှာ ပိုကောင်းတဲ့ ဘဝတွေ ရနိုင်မှာ”

ကျောက်လျူက ဆက်ပြောသည်။


"ခဏလေး ”


ကျန်းကျန့်က ကျောက်လျူ၏ စကားကို ဖြတ်ပြောလိုက်သည်။


"ဘာဖြစ်လို့လဲ"

ကျောက်လျူကမေးလိုက်သည်။ကျန်းကျန့်က မြေမဝယ်ချင်ဘူးလား...


“ဒါက တင်တောင်းကြေးမဟုတ်ပါဘူး... ခန်းဝင်ပစ္စည်းပါ” ဟု ကျန်းကျန့်က အထက်စီးဆန်စွာပြောလိုက်သည်။


“အနာဂတ်မှာ အမေတို့ရဲ့အိမ်ထဲကို ကျုပ်ဝင်လာမယ်...အရင်ဆုံး ကျုပ်အမေတို့ကို ခန်းဝင်ပစ္စည်း ပေးမယ်...တစ်ခုခု ဝယ်မလားဆိုတာ အမေတို့ ဆုံးဖြတ်လို့ရတယ်...မြေဝယ်တာလည်း ကောင်းပါတယ်... ဆုံးရှုံးစရာ ဘာမှမရှိပါဘူး”


ကျောက်ဖူကွေ့နှင့်ကျောက်လျူ နှစ်ယောက်လုံး စိတ်ရှုပ်ထွေးသွားပြီး သူတို့နားကြား မှားသွားသည်ဟု သံသယရှိနေကြ၏။ကျန်းကျန့် ဒီကို လက်ထပ်ဖို့လာတောင်းရမ်းတာ မဟုတ်ဘူးလား...ခန်းဝင်ပစ္စည်းယူလာတာလို့ သူဘယ်လိုလုပ် ပြောမှာလဲ... ဒီလို ကြီးစိုးဗိုလ်ကျတဲ့ သူ က ဒါက သူ့ခန်းဝင် ပစ္စည်းလို့ ပြောတာက တကယ် ထူးဆန်းတယ်...


"မင်းပြောတာ... မင်းက ငါ့အိမ်မှာ လာနေမှာလား"


ကျောက်လျူက မယုံကြည်နိုင်စွာ မေးလိုက်သည်။


“ဟုတ်ပါတယ်...အမေတို့ကအမြဲတမ်း သားမက်ကို လက်ထပ်ဝင်လာစေချင်ခဲ့တာ မဟုတ်ဘူးလား...ကျုပ်ကိုဘယ်လိုထင်လဲ... အမှန်တော့ ကျုပ်အမေတို့အိမ်ကို လာချင်နေတာကြာပြီ...ဒါပေမဲ့ မပြောရဲလို့"


ကျန်းကျန့်က ပြောလိုက်သည်။


ကျောက်ဖူကွေ့ နှင့် ကျောက်လျူတို့ ကောင်းကင်မှ ကြွေကျလာသော ပိုင်မုန့်များကြောင့် မှင်သက်အံ့သြသွားကြသည်။ကျန်းကျန့်က များစွာသော အရာများ ယူဆောင်လာသည်ကို သူတို့ မြင်သောအခါ ကျောက်ကျင်းကောအတွက် ကျန်းကျန့်ကို လက်ထပ်ရသည်က ကောင်းသည်ဟု ထင်ခဲ့ကြသော်လည်း ရလဒ်အနေဖြင့် . . . ကျန်းကျန့်က လက်ထပ်ဝင်လာဖို့ ဆန္ဒရှိနေတာလား... ဒါ ... ဒါ...သူတို့ ကျောက်မိသားစုက မျိုးရိုးဆက်ရှိနိုင်သေးတာလား... နောင်မှာ မြေးတွေမွေးနိုင်သေးတယ်ပေါ့...


ကျောက်လျူက ရုတ်တရတ်ပင် မျက်ရည်များ ဝဲကာ ပိုပို၍ကျယ်လောင်စွာ ငိုကြွေးလိုက်သည်။ကျောက်ဖူကွေ့ အားပါးတရ ရယ်ပစ်ချင်သွားပြီး ချုပ်တည်းထားသည့်တိုင် သူ့နှုတ်ခမ်းထောင့်များက ပင့်တက်နေသောကြောင့် သူ့အမူအရာမှာ အလွန်ထူးဆန်းနေသည်။သူတို့အားလုံး အလွန်အံ့သြသွားကြသည်။


တစ်ဖက်တွင် အထည်လိပ်များကို ကိုင်ဆောင်ထားဆဲဖြစ်သော ကျောက်ကျင်းကောက ကျန်းကျန့်အား ထိတ်လန့်စွာ ကြည့်နေလေသည်။ ပထမတုန်းက ကျန်းကျန့် ကျန့်မိသားစုကနေ ခွဲထွက်လာသည့်အခါ ကျန်းကျန့်ကို သူ့မိသားစုထဲသို့ လက်ထပ်ဝင်လာစေချင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ထိုအတွေးတွေကို စွန့်လွှတ်ခဲ့သည်။ မထင်မှတ်ပဲ. . .


“အဟမ်း ... ခန်းဝင်ပစ္စည်း မလိုပါဘူး...ငါတို့ မလိုအပ်ပါဘူး”


ကျောက်ဖူကွေ့က ကျောက်လျူ၏ လက်ထဲက ငွေကိုယူပြီး ကျန်းကျန့်ကို ပြန်ပေးလိုက်သည်။


ကျောက်လျူလည်း အံ့အားသင့်သွားသည်။ ခဏအကြာတွင် သူမက မျက်ရည်တွေကို သုတ်လိုက်ပြီး ငွေလက်ကောက်ကို ပြန်ပေးရန်ကြိုးစားလေသည်။ကျန်းကျန့်က သူတို့မိသားစုထဲကို လက်ထပ်ဝင်လိုလျှင် ကျန်းကျန့်ကို တင်တောင်ကြေးပေးပြီး သူ့အတွက် ပစ္စည်းများဝယ်ပေးရမည့်သူက သူတို့ဖြစ်သည်။ သူတို့က ဘယ်လိုလုပ် ကျန်းကျန့်ကို သူ့ပိုက်ဆံတွေ သုံးခိုင်းလို့ဖြစ်ပါ့မလဲ...


“အဆင်ပြေပါတယ်...ထားလိုက်ပါ"


ကျန်းကျန့်က စိတ်မရှည်စွာနှင့် ပစ္စည်းတွေကို သူတို့ဆီ ပြန်တွန်းပို့လိုက်သည်။ သူက မျက်မှောင်ကြုတ်ပြီး ပြော၏။ “လက်ထပ်ပွဲက ဘယ်လိုဖြစ်မရလဲဆိုတဲ့ လိုအပ်ချက်တွေ ကျုပ်မှာမရှိဘူး...အမေတို့သဘောပါ...ကျုပ်ကကိစ္စမရှိဘူး"


ကျန်းကျန့်က အသံကျယ်ကျယ်ဖြင့် ပြောပြီးသည်နှင့် ကျောက်လျူက လက်ကောက်ကို ထပ်ပြီး ပြန်ပေးရန် မကြိုးစားတော့ပေ။သို့ပေမဲ့ ကျန်းကျန့်ကိုကြည့်နေသော သူမမျက်လုံးတွေက အင်မတန် ကြင်နာလာသည်။


“မင်း စိတ်ပူစရာ မလိုပါဘူး...မင်းမှာ အရမ်းကို သင့်တင့်လျောက်ပတ်တဲ့လက်ထပ်ပွဲတစ်ခုရရှိလာပါလိမ့်မယ်ကွယ်”


သူမအနေဖြင့် ကျန်းကျန့်ကို မျက်နှာသာတချို့ပေးရန် ခမ်းနားထည်ဝါသော မင်္ဂလာပွဲတစ်ခုကို သေချာပေါက် ပြင်ဆင်ရပေလိမ့်မည်။


ကျန်းကျန့်က​ပြောလိုက်၏။


"ယေဘုယျအားဖြင့် ကျုပ်တို့မှာ အခု ပိုက်ဆံအများကြီးမရှိဘူး"


သူရရှိသောငွေအနည်းငယ်က ယခုပြန်သုံးစွဲလိုက်လေပြီ. . .


"ဟုတ်တယ်...အခု ငါတို့မှာ ပိုက်ဆံအများကြီးမရှိလို့ ချွေတာသင့်တယ်"


ကျောက်လျူက ချက်ချင်း စိတ်ပြောင်းသွားသည်။လက်ရှိသူတို့၏ အခြေအနေက စားဝတ်နေရေးအဆင်မပြေပေ။ သူတို့မှာ ပိုက်ဆံရှိပါက သိမ်းထားပြီး ကျင်းကော၏ ကလေးတွေအတွက် ချန်ထားခဲ့ရန် မြေကွက်တွေဝယ်ပြီး အနာဂတ်မှာ ကျင်းကော၏မြေးကို ပေးနိုင်ပေသည်။


"အင်း... ညစာသွားစားရအောင်"


ကျောင်ဖူကွေ့က မျက်နှာကြီးနီလျက် ပြောလိုက်သည်။ကျောက်လျူက ယမန်နေ့က အသားအားလုံးကို ချက်ပြုတ်ခဲ့သော်လည်း သူက ယနေ့ ကျန်းကျန့်စားရန်အတွက် အသားဟင်းပေါင်းများစွာကို အထူးတလည်သိမ်းဆည်းထားသည်။


အစတုန်းက သူမက အလုပ်ကောင်းကောင်းလုပ်ပြီး အစားအသောက်ကောင်းကောင်းပြင်ဆင်ခဲ့သည်ဟုထင်ခဲ့ပေမဲ့ ယခု. . . ကျောက်လျူ အလွန်နောင်တရသွားသည်။ မနေ့က အသားအားလုံးကို ချက်မပစ်သင့်ပေ။နို့မို့​ဆို ဒီနေ့ အားလုံးကို လတ်လတ်ဆတ်ဆတ် ချက်လို့ရတယ်...


"နောက်ထပ် ဟင်းနှစ်ပွဲ သွားလုပ်လိုက်ဦးမယ်"


ကျောက်လျူက ထရပ်လိုက်သည်။သူမ မွှေကြော်ကြော်ရန် ကြက်ဥသွားဝယ်မည်ပြုသည်။


“အမေ မလိုပါဘူး... ကျုပ် မစားနိုင်တော့ဘူး”

ကျန်းကျန့်က ကျောက်လျူကို တားလိုက်သည်။


“အင်းပါ ကောင်းပါပြီ"


ကျောက်လျူက ဝမ်းသာအားရ ထိုင်လိုက်သည်။​မနေ့က ကျန်းကျန့်က သူမကို အမေလို့ခေါ်တာ ကြောက်စရာလို့ ဘာလို့ထင်မိတာပါလိမ့်...ဘယ်လောက်နားဝင်ပီယံဖြစ် လိုက်တဲ့ အသံလဲ...


တစ်မိသားစုလုံး အတူတူ စားသောက်ပြီး ပျော်ပျော်ရွှင်ရွှင် ရှိနေခဲ့ကြသည်။


ကျန်းကျန့်က ဗိုက်ဆာနေသည့်အပြင် အားနာတတ်သူလည်းမဟုတ်သည့်အတွက် ထမင်းနှစ်ပန်းကန်ကို တစ်ထိုင်တည်းစားပစ်လိုက်သည်။ ယခင်ကသာ ကျောက်လျူ သူထိုကဲ့သို့ စားသည်ကို မြင်ပါက အလွန်အကျွံစားခြင်းအတွက် သူ့ကို တိတ်တဆိတ် မကြိုက်ပဲနေပေလိမ့်မည်။ ယခုမူ သူမက သူပိုစားပြီး သူ့ပန်းကန်ထဲသို့ အသားများများထည့်ရန် မစောင့်နိုင်တော့ပေ။


“များများစား...အားနာမနေပါနဲ့... ကိုယ့်အိမ်ကိုယ့်ယာလိုသဘောထား...သြော် ဒါနဲ့ မင်းက ကိုယ့်ထမင်းဟင်းကိုယ် ရက်အနည်းငယ်ကြာအောင် ချက်ခဲ့တာ အရမ်းခက်ခဲခဲ့မှာပဲ...နောက်ကျ ငါတို့အိမ်ကို လာပြီး စားသင့်တယ်"


ကျန်းကျန့် နှင့် ကျောက်ကျင်းကောက စေ့စပ်ထားပြီးဖြစ်သည်။ ကျေးလက်တွင် စေ့စပ်ထားသော မိသားစုနှစ်စု သာမန်ကာလျှံကာ တွေ့ဆုံကြသည်မှာ ပုံမှန်ဖြစ်သည်။ထို့ကြောင့် ကျန်းကျန့်ကို ထမင်းလားစားခိုင်းသည်က အဆင်ပြေလေသည်။


ကျန်းကျန့် ၎င်းကိုစဉ်းစားပြီးသည်နှင့် သူက ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။ ချက်ပြုတ်ရသည်ကို ပျင်းသောကြောင့် မဟုတ်ဘဲ ကျောက်မိသားစု၏အစားအစာကို ပိုကောင်းအောင် လုပ်ချင်သောကြောင့် သူသဘောတူလိုက်ခြင်းဖြစ်သည်။နေ့တိုင်း ကိုယ့်စားစရာကိုယ်ယူသွားပြီး ပြန်လာ၍ရသည်။ ဤနည်းဖြင့် ကျောက်မိသားစုကို ပိုမိုကောင်းမွန်စွာ စားသောက်နိုင်စေသဖြင့် ယင်းက အလွန်ကောင်းသည်။


ထမင်းစားပြီးသည်နှင့် မိသားစု၏ ဆက်ဆံရေးက ပိုရင်းနှီးလာခဲ့သည်။ကျန်းကျန့်က ကြက်နှင့် ဘဲများကို ဝယ်ရသည့် အကြောင်းရင်းကိုလည်း ရှင်းပြခဲ့သည်။


“အနာဂတ်မှာ ဘဲလေးတွေကို အစာကျွေးဖို့ ငါးနဲ့ ခရုတွေ ဖမ်းမယ်... ဘဲတွေကြီးလာတဲ့အခါ ဥတွေကို ဥခိုင်းပြီး ဘဲဥတွေကို ရောင်းတာ၊ ဒါမှမဟုတ် အကောင်လိုက် ရောင်းနိုင်တယ်”


"ဒါက အလုပ်ဖြစ်ပါ့မလား ...အဲဒါတွေကို ငါတို့ တကယ်ရောင်းနိုင်ပါ့မလား"


ကျောက်လျူ စိတ်ပူသွားသည်။ ရွာက သူမသိသည့် မိသားစုအားလုံးက အခြေခံအားဖြင့် ကိုယ်စားရန်ကိုယ်မွေးထားကြသည်။


"ဟုတ်တယ်...သူတို့ကို​ရောင်းလို့ရတယ်"


ကျောက်ဖူကွေ့က ချက်ချင်းပြောလိုက်သည်။ စီရင်စုမြို့ကို ပို့သရွေ့ သေချာပေါက် ရောင်းနိုင်သည်ကို သူသိ၏။၎င်းကိုတွေးပြီး ကျောက်ဖူကွေ့ အနည်းငယ်ရှက်သွားမိသည်။ကျန်းကျန့်က သူတို့အိမ်သို့ မရောက်မီတွင် သူတို့ကို အသက်မွေးဝမ်းကြောင်းပြုရန် ကူညီပေးခဲ့ပြီးဖြစ်သည်။ သူ သူတို့ဘဝတိုးတက်စေမည့် ဤနည်းလမ်းတွေကို တစ်ခါမှ မတွေးဖူးခဲ့ပေ. . . သို့သော် ယခင်က ဘဲများကို အစာကျွေးရန် ငါးနှင့် ပုစွန်ဖမ်းရန် အချိန်မှမရှိခဲ့သည်မဟုတ်ပါလော။


ကျန်းကျန့် ကျောက်မိသားစု၏အိမ်တွင် ကောင်းကင်ကြီး မည်းမှောင်သွားသည်အထိ နေခဲ့သည်။ တကယ်တမ်းတွင် သူပြန်မသွားချင်ဘဲ ဆက်နေချင်ပေမဲ့ ယောက္ခမကို သူ့လိုဖြစ်အောင် လုပ်ရန်က မလွယ်လှပါချေ။ အဆုံးတွင် သူ ၎င်းကို လောလောဆယ် သည်းခံထားရန် ဆုံးဖြတ်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ လက်ရှိအခြေအနေအရ ကျောက်ဖူကွေ့ နှင့် ကျောက်လျူက သူ့ကို ကျင်းကောနှင့် ချက်ချင်းလက်ထပ်ပေးရန် စိတ်အားထက်သန်နေခဲ့သည်။ သေချာသည်မှာ သူ ကြာရှည်သည်းခံနေစရာ မလိုတော့ပေ။


ကျန်းကျန့် ထွက်သွားပြီးနောက် ကျောက်လျူ အတော်လေး စိတ်လှုပ်ရှားပျော်ရွှင်နေခဲ့သည်။ မှောင်စပြုလာသော်လည်း သူမက စိတ်ကောင်းဝင်နေဆဲဖြစ်သည်။ သူမက အိမ်တဝိုက်ကို လှည့်ပတ်သွားနေခဲ့ပြီး ၎င်းနောက် ကျောက်ကျင်းကော ကို ခေါ်လိုက်သည်။သူမက အိမ်ရှိ ညစ်ပတ်နေသော အဝတ်တွေ လျှော်ရန် မြစ်ကို သွားပြီး ဘဲတွေကို အစာကျွေးရန် ခရုတွေ ဖမ်းမည် ပြောလေသည်။


အမှန်တွင် အလျင်လိုနေစရာ မလိုပါချေ. . . ကျောက်ကျင်းကော သူ့အမေကို ဖြောင့်ဖြချင်ပေမဲ့ ယခုချိန်မှာ သူလည်း စိတ်တည်ငြိမ်ရန် တစ်ခုခုတော့ လုပ်ချင်နေခဲ့သည်. . .ထိုသို့ဖြင့် သူတို့နှစ်ယောက် အဝတ်လျှော်ရန် မြစ်သို့သွားကြ၏။


ကျောက်မိသားစုကို စောင့်ကြည့်နေကြသူများသည် ဤမြင်ကွင်းကို သဘာဝအတိုင်း မြင်တွေ့ခဲ့ရသည့်အပြင် အထူးသဖြင့် ကျောက်လျူ၏ နီရဲပြီး ရောင်ရမ်းနေသော မျက်လုံးများဖြစ်သည်။ ဒါ. . . ကျောက်လျူ ဤမျှ ရှိုက်ကြီးတငင်ငိုအောင် ကျောက်အိမ်တွင် အကြီးဆုံးကျန်း ဘာတွေလုပ်ခဲ့မှန်း သူတို့မသိပေ။


"ညနေစောင်းနေပြီ...ကျောက်လျူက အဝတ်လျှော်ဖို့ ထွက်လာတုန်းပဲ ”


“အရင်က ကျောက်ဖူကွေ့ နဲ့ ကျောက်ကျင်းကောတို့က မြစ်ရေအေးလွန်းမှာစိုးပြီး ကျောက်လျူကို အဝတ်အစားတွေမြစ်ကမ်းဘေးမှာ မလျှော်ခိုင်းကြဘူး...သူ အဝတ်လျှော် ပန်းကန်တွေဆေးဖို့ ရေကျိုဖို့ ထင်းတောင် ခုတ်ကြတာ... ဒီနေ့ကျတော့.... ”


"ကျောက်လျူက ငိုထားလို့ မျက်လုံးတွေ နီရဲနေတယ်...သူ့ကို အကြီးဆုံးကျန်းက နှင်ထုတ်ခဲ့တာ ဖြစ်နိုင်တယ်တော့"


"ကျောက်ကျင်းကောက ငေးတိငေးကြောင်နဲ့ ထိတ်လန့်နေပုံရတယ်... သူဘယ်လောက်ပဲ ယောက်ျားပုံပေါက်နေပါစေ၊ တကယ်တော့ သူကကောဖြစ်နေတုန်းပဲလေဟယ်"


"အဲဒီအကြီးဆုံးကျန်း...အာ"

. . .


ထိုအချိန်တွင် ရွာရှိလူများအားလုံး အလုပ်ဆင်းပြီးနေပြီဖြစ်ကာ ဘာမှလုပ်စရာမရှိသောကြောင့် ရွာမှအခြားသူများနှင့် စကားစမြည်ပြောဆိုကြပြီး သူတို့စကားဝိုင်း၏အဓိကအကြောင်းအရာက ကျောက်ဖူကွေ့ ၏မိသားစုဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။


အကြီးဆုံးကျန်းက ကျောက်ကျင်းကောကို မျက်စိကျသွားသည်။ကျောက်မိသားစု အနာဂတ်မှာ ဘယ်လိုနေထိုင်မည် မသိ။


ရွာကလူတွေက စကားစမြည်ပြောရင်း ကျောက်လျူနှင့်ကျောက်ကျင်းကောတို့ကို ရှောင်သွားကြသည်။ ထို့ကြောင့် ကျောက်လျူ နှင့် ကျောက်ကျင်းကောတို့ ယခုအချိန်အထိ သူတို့ဘာတွေတွေးနေမှန်း မသိခဲ့ကြပေ။


ကျောက်လျူ၏မျက်လုံးများက အလွန်နီရဲနေပြီး ရောင်နေသော်လည်း ယခုအချိန်တွင် သူမသည် အလွန်ပျော်ရွှင်ကျေနပ်နေသည်။ သားကြီးဆုံးပြီးကတည်းက ရွာ၏ စာနာသနားစရာတစ်ခု ဖြစ်လာပြီး အပြင်ထွက်ရန် တွန့်ဆုတ်နေခဲ့သည်။ ယခုမူကား . . . ခေါင်းမော့ရင်ကော့ရန် အဆင်သင့်ဖြစ်နေပြီဟု သူမ ခံစားရသည်။


ကျောက်လျူ အဝတ်လျှော်ရန် ထွက်လာသောအခါ သူမမှာ အခြားရွာသားများရှေ့တွင် ကြွားဝါရန် ကြံရွယ်ချက်ရှိခဲ့သည်။ ထို့ကြောင့် သူမသည် ထိုနေရာတွင် အဝတ်လျှော်ကာ အခြားသူများ သူမကို မိသားစုအကြောင်းမေးမည်ကို စောင့်ဆိုင်းခဲ့သော်လည်း မည်သူမှ လာရောက်မေးမြန်းခြင်းမရှိခဲ့ပေ။


မြစ်ကမ်းဘေးမှာ ပန်းကန်ဆေးနေသည့်သူတွေပင် စကားတစ်ခွန်းမှ မပြောဘဲ ထွက်သွားကာ သူ့ကို စာနာသည့် အကြည့်တွေ ပေးခဲ့၏။


ကျောက်လျူ စိတ်ပျက်လွန်း၍ ဤလူများကို ဆွဲထားကာ သူမမိသားစုမှကျင်းကောက လက်ထပ်တော့မည်ဖြစ်ကာ ယင်းက သူမတို့အိမ်ထဲကို လက်ထပ်ဝင်လာမည့် လက်ထပ်ပွဲဖြစ်ကြောင်း ၎င်းတို့အား ပြောရန် ဆန္ဒရှိသွားခဲ့သည်။သို့ပေမဲ့ သူမ၏စရိုက်အရ ထိုသို့ မလုပ်နိုင်သည့်အတွက် ပိုပြီး အားမလိုအားမရဖြစ်ရုံသာတတ်နိုင်လေသည်။ သူမ၏ နှလုံးသားသည် ပျော်ရွှင်မှု နှင့် ရှုပ်ထွေးမှု နှစ်ခုလုံးရှိနေခဲ့သည်။


ကျောက်လျူက အဝတ်လျှော်ရာ အလွန်အားစိုက်ထုတ်ခဲ့သော်လည်း ကျောက်ကျင်းကောက လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။