အ​ပိုင်း၅၂
Viewers 24k

Chapter 52

Chapter 52

ပျက်စီးလွယ်သော ကုတင်ပျဥ်ခင်း



ကျန်းကျန့်က ထိုကဲ့သို့ တစ်စုံတစ်ခုကို ပြောပြီးနောက် သူ အနည်းငယ် မှင်တက်မိနေပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ အထူးသဖြင့် . . .ကျန်းကျန့်က သူ့အိမ်မှာ နေချင်သည်မှာကြာပြီဟုပင် ပြောလာခဲ့သည်။ကျန်းကျန့်က သူ့ကို ချစ်နေတာကြာပြီလား...


ယခုအချိန်တွင် သူ့မှာယုံကြည်ချက်မရှိသော်ငြား ကျန်းကျန့်က သူ့ကို သဘောကျကြောင်း ကျောက်ကျင်းကော ယုံကြည်နေဆဲဖြစ်သည်။၎င်းကိုတွေးပြီး သူ့နှလုံးသားက သူ့ရင်ဘတ်ထဲက ခုန်ထွက်လုမတတ် ဝမ်းသာပျော်ရွှင် သွားသလို ခံစားလိုက်ရသည်။ကျောက်ကျင်းကော ကျန်းကျန့်ကို မြစ်ထဲမှ ကယ်ထုတ်ပြီးနောက် သူ့ကို အသက်ဆက်ရှင်စေရန် ဆန်ပြုတ် ယူသွားပေးခြင်းသည် သူ့ဘဝတွင် သူလုပ်ဖူးသမျှထဲမှာ အကောင်းဆုံး အရာများဟု ရုတ်တရက် ခံစားလိုက်ရသည်။


"ကျောက်ကျင်းကော အရင်က ဘယ်လောက် သွက်လက်ချက်ချာလိုက်သလဲ...သူ အခု မလှုပ်တော့ဘူး"


"ကျောက်လျူ ဒီအဝတ်တွေကို လျှော်ဖွပ်တဲ့ပုံစံက တစ်စစီ စုတ်ဖြဲပစ်ချင်ပုံရတယ်တော်"


“သူတို့ အဆင်မပြေဘူး ထင်ပါတယ်ဟယ်... ဘယ်လောက်သနားစရာကောင်းလိုက်လဲ”


. . .

ရွာသားများသည် ကျောက်မိသားစု၏အခြေအနေအပေါ် ပိုမိုစာနာမိသွားရသည်။သူတို့က တစ်ခါတစ်ရံ တခြားသူတွေ ဘယ်လိုနေထိုင်သည်ကိုကြည့်ပြီး သူတို့အကြောင်း အတင်းအဖျင်းပြောရသည်ကို ကြိုက်ပေမဲ့ ယခုအခါ သူတို့ တကယ် စိတ်မကောင်းဖြစ်မိကြသဖြင့် ဘယ်သူမှ ရှေ့ထွက်ပြီးကျောက်မိသားစု၏ အနာပေါ်ကိုဆားမဖြူးရဲကြပေ. . .


ကျောက်လျူတစ်ယောက် ကျန်းကျန့် နှင့် ကျောက်ကျင်းကောတို့၏ အခြေအနေကို မေးမြန်းရန် မည်သူမျှ သူမထံသို့ လာရောခြင်းမရှိပါဘဲ သူမ၏အဝတ်များကို လျှော်ဖွတ်ပြီးသွားခဲ့သည်။ ကျောက်လျူ၏ နှလုံးသားသည် စိတ်ဓာတ်ကျလာသော်လည်း နောက်ဆုံးတွင် သူမ စိတ်ပျက်လက်ပျက်ဖြင့် အိမ်ပြန်ရုံတတ်နိုင်ခဲ့သည်။ သို့သော်လည်း ကျန်းကျန့် ပေးခဲ့သော အရာကို သူမမြင်သောအခါတွင် သူမ ကျေနပ်သွားပြန်သည်။


အရင်တုန်းက သူတို့လက်ထပ်စဥ်က ကျောက်ဖူကွေ့က သူမကို လက်ကောက်တစ်ကွင်း ပေးခဲ့ဖူးသည်။ သို့သော် နောက်ပိုင်းတွင် မိသားစုငွေ ရှားပါးလာသောအခါ လက်ကောက်ကို သဘာဝအတိုင်း ရောင်းချခဲ့ပြီး လက်ဝတ်ရတနာ မရှိတော့ပေ။ ယခုမူ သူမတွင် နောက်ထပ် လက်ကောက်တစ်ခု ရှိနေပြီဖြစ်သည်။


"ဖူကွေ့... ဒီလက်ကောက်က ကျွန်မအတွက် ရှင်ဝယ်ပေးတဲ့ လက်ကောက်ထက် အများကြီး ပိုလှတယ်"


ကျောက်လျူ လက်ကောက်ကို သူမလက်ကောက်ဝတ်မှာဝတ်ပြီး ကျောက်ဖူကွေ့ကို ပြလိုက်၏။


"ငါ့လက်ကောက်က ပိုကြီးတယ်"


ကျောက်ဖူကွေ့က မကျေမနပ်နှင့်ပြောလိုက်သည်။ သူက သူတတ်နိုင်သမျှ အကြီးဆုံး လက်ကောက်ကို ဝယ်ခဲ့ခြင်းဖြစ်သည်။


"ကြီးပေမဲ့ မလှဘူး"


ကျောက်လျူက ပြောသည်။ ထိုလက်ကောက်သည် အလွန်ပုံမကျပန်းမကျပြုလုပ်ထားပြီး တုတ်လွန်းသဖြင့် အလုပ်သွားရာတွင် ဝတ်ဆင်ရန် အဆင်မပြေသောကြောင့် အဆုံးတွင် မကြာခဏ မဝတ်ဖြစ်ပေ။ ကျန်းကျန့် ပေးသော လက်ကောက်သည် အနည်းငယ်သေးငယ်သော်လည်း လှပပြီးကွက်တိဖြစ်သည်။ ကျောက်လျူ လက်ကောက်ကို ကြည့်လိုက်သည်နှင့် သူမ ပိုကြည့်လေ၊ ၎င်းကို ပိုသဘောကျလေဖြစ်သည်။


သူ့ရှေ့က မြင်ကွင်းကို မြင်လိုက်ရသော ကျောက်ဖူကွေ့၏ မျက်နှာက မည်းမှောင်သွား၏။ သူ့မိန်းမက သူများပေးတဲ့ ပစ္စည်းတွေကို လိုက်ကြွား တော့မှာလား...


သို့သော်လည်း ကျောက်လျူက ၎င်းကို သတိမထားမိဘဲ ကျန်းကျန့်ကို ဆက်လက်ချီးမွမ်းခဲ့သည်။ကျန်းကျန့် ပေးသော မျက်နှာချေနီ ထုတ်ပြီး လက်ချောင်းနှင့်တို့ကာ သူမ၏ နှုတ်ခမ်းပေါ်လိမ်းလိုက်သည်။ ထို့နောက် သူမက ကျောက်ဖူကွေ့ကို ကြည့်ကောင်းလားဟု မေးသည်။


ညအမှောင်ကြီးရောက်နေပြီ...အဲဒီမှာ ဘာကိုမြင်ရဦးမှာလဲ...

ကျောက်ဖူကွေ့က နှစ်ကြိမ်နှာမှုတ်လိုက်သည်။


အမှန်တွင် ကျန်းကျန့်က အမြင်မရှိသလို ပိုက်ဆံလည်းမရှိသောကြောင့် ကျောက်လျူအတွက် မျက်နှာချေနီကို ရအောင် ရွေးချယ်သည့်အခါမှာ အသုံးအများဆုံးသာမက စျေးအသက်သာဆုံးလည်းဖြစ်သည်ကို ရွေးချယ်ခဲ့သည်။မော်ဒန်ခေတ်မှာ ယောက္ခမကို ဈေးအသက်သာဆုံး နှုတ်ခမ်းနီ ပေးမည်ဆိုလျှင် သူတို့သမီးကို လက်ထပ်နိုင်မှာ မဟုတ်ပါချေ။သို့ပေမဲ့ ယခုက ရှေးခေတ်ဖြစ်ပြီး ကျောက်လျူမှာ မျက်နှာချေနီဘူးပင် မရှိခဲ့ပါချေ။ ယခုလိုမျိုး မျက်နှာချေနီဘူးကိုပင် သူမက ကြိုက်နေတုန်းပါပင်။


ကျောက်ဖူကွေ့၏မျက်နှာက ပို၍မည်းမှောင်လာသည်။ကျောက်လျူက အနှီမစားနိုင်၊ အသုံးမပြုနိုင်သော အရာများကို နှစ်သက်ကြောင်း သူသိပါက သူ သူမအတွက် တစ်ဘူးဝယ်ရန် ပိုက်ဆံသုံးခဲ့လိမ့်မည်ဖြစ်သည်။သို့ပေမဲ့. . . အကယ်၍ သူသာ ဤအရာကို ကျောက်လျူအား ယခင်က ပေးခဲ့ပါက ကျောက်လျူက ငွေကို မဆင်မခြင် သုံးစွဲခြင်းကြောင့် သူ့ကို ဒေါသထွက်နေမည်ဖြစ်သည်။


ကျောက်လျူက သူမ၏ နှုတ်ခမ်းမှ မျက်နှာချေနီကို တုံ့ဆိုင်းစွာ သုတ်လိုက်ပြီး အိပ်ယာဝင်လိုက်ကာ ၎င်းနောက် ကျန်းကျန့်အကြောင်း ဆက်ပြောခဲ့သည်။ တစ်ဖက်တွင် ကျောက်ကျင်းကောကလည်း အကြောင်း တွေးနေသည်။


ကျန်းကျန့် ဒီညလာမှာလား...


ကျောက်ကျင်းကောက ကျန်းကျန့် အိပ်ပျော်နေပြီးမလာမှာစိုးကာ ဂနာမငြိမ်ဖြစ်နေသည်။ အဆုံးမှာ ပြတင်းပေါက်ကိုဖွင့်ပြီး စောင့်နေလိုက်သည်။ တကယ်တမ်းတွင် သူ မနေ့ညကလည်း ပြတင်းပေါက်ကိုဖွင့်ပြီး ကျန်းကျန့် ရောက်လာမည်ဟု မျှော်လင့်ရင်း စောင့်နေခဲ့သည်။ အဆုံးတွင် သူ တစ်ညလုံး စောင့်နေသော်လည်း ကျန်းကျန့်က ရောက်မလာခဲ့ပေ။ နောက်ပိုင်းမှသူ မှိန်းခနဲ အိပ်ပျော်သွား၏။ ထို့အတွက်ကြောင့် မနက်အိပ်ရာနိုးလာသောအခါတွင် သူတကယ်ကို စိတ်လှုပ်ရှားကာစိုးထိတ်နေခဲ့သည်။ကျန်းကျန်းက ပေါ့ပေါ့တန်တန်ပြောခဲ့ပြီး အမှန်တွင် တောင်းရမ်းရန် သူ့မိသားစုဆီ လာရန်အစီအစဉ်မရှိမှာကို သူကြောက်ခဲ့သည်။ကျန်းကျန့် စီရင်စု​မြို့သို့သွားကြောင်း ဝမ်ယွီအာထံမှသိလိုက်ရသည့်တိုင်အောင် သူခံစားနေရသောစိုးရိမ်မှုမှာ သက်သာရာရမည်မဟုတ်ပေ။ထိုအချိန်တွင် သူ၏ရင်ဘက်ထဲရှိ အလုံးကြီး ကျသွားသော်လည်း နှလုံးခုန်မြန်နေဆဲဖြစ်သည်။


အကယ်၍ ကျန်းကျန့်က ဤညနေမှာ ဆု(လာဘ်)လာတောင်းပြီး အခွင့်ကောင်းမယူဘူးဆိုလျှင် သူက ကျန်းကျန့်မဟုတ်ပေ။ယနေ့ သူကျောက်အိမ်မှာ ဗုံးကြဲချလိုက်သဖြင့် ကျောက်ဖူကွေ့နှင့်ကျောက်လျူက စိတ်လှုပ်ရှားလွန်းပြီး နောက်ကျမှ အိပ်ပျော်လိမ့်မည်ဟု တွေးကာ စောစောမလာဝံ့ဘဲ နောက်ဆုံးမှာ ပုံမှန်ထက် အများကြီးနောက်ကျမှ သူပေါ်လာခဲ့သည်။


သူရောက်လာသောအခါ ကျောက်ကျင်းကော အိပ်ပျော်နေမှာ စိုးရိမ်နေသဖြင့် ဖွင့်ထားသောပြတင်းပေါက်ကို ချက်ချင်းမမြင်လိုက်ပေ။


ကျန်းကျန့် ကျောက်ကျင်းကော၏အခန်းထဲသို့ အလွယ်တကူဝင်ရောက်ကာ ပြတင်းပေါက်ကိုပိတ်လိုက်သည်။


"ကျင်းကော...ကိုယ့်ကိုလွမ်းနေပြီလား"


ကျန့်ကျန့်က အသံကို နှိမ့်ကာဖြင့် ကုတင်ပေါ် လှဲချလိုက်ပြီး ကျောက်ကျင်းကောကို ဖိလိုက်သည်။


ကျောက်ကျင်းကော ကျန်းကျန့်ကြောင့် လန့်သွားသည်။တစ်ဖက်လူက သူ့ခန္ဓာကိုယ်ပေါ် ရောက်သွားသည်နှင့် နဂိုကတည်းကမတည်မငြိမ်ဖြစ်နေသော သူ့ကုတင်ပျဥ်ခင်းက ရုတ်တရက် တဖြောက်ဖြောက် အက်ကွဲသံတစ်ခုထွက်လာပြီး နှစ်ယောက်စလုံး လန့်သွားသည်။


“ခင်ဗျား ...ဖယ်ပေးပါ"


ကျန်းကျန့်၏တစ်ကိုယ်လုံးက သူ့အပေါ်၌ လဲလျောင်းနေသည်ကို ခံစားလိုက်ရသဖြင့် ကျောက်ကျင်းကော၏မျက်နှာသည် သာမန်မျက်စိဖြင့်မြင်ရသည့်အရှိန်ဖြင့် နီရဲလာသည်။


ဒီ... ဒီ...ဒီအနေအထားက မမှန်ဘူး...


"ဒါက ကောင်းပါတယ် ...ကိုယ်အခုရွှေ့လိုက်ရင် အိပ်ရာက လှုပ်သွားမှာ”


ကျန်းကျန့်က ပြောလိုက်သည်။


ကျောက်ကျင်းကော၏ အိပ်ရာက သစ်သားဖြင့်သာ ပြုလုပ်ထားပြီး ၎င်း၏ အရည်အသွေးမှာ အလွန်ညံ့ဖျင်းသဖြင့် သူမှောက်လိုက်လှန်လိုက်တိုင်း ဖြောက်ခနဲမြည်တတ်သည်။ထိုအကြောင်းပြောရလျှင် သူတို့အနေဖြင့် အိမ်ထောင်မပြုခင်မှာ ခိုင်ခံ့သည့်အိပ်ရာကို ရှိထားမှဖြစ်မည်။ မဟုတ်လျှင် သူ့အတွက် အနာဂတ်မှာ ကိစ္စတွေ လုပ်ရန် သိပ်အဆင်မပြေပေ။


ကျောက်ကျင်းကောက မျက်နှာကြီး နီပြီး မလှုပ်ရှားဝံ့။ကျန်းကျန့် ခေါင်းငုံ့ပြီး သူ့နှုတ်ခမ်းကို နမ်းလိုက်သည်။


အရင်တုန်းက ကျန်းကျန့် ကျောက်ကျင်းကောကို အများကြီး နမ်းဖူးပေမဲ့ အမြဲတမ်း နူးညံ့သိမ်မွေ့စွာ နမ်းခဲ့သည်။မည်မျှပဲ ခိုးနမ်းနေပါစေ သူ အများကြီးလုပ်မှာ မဟုတ်ပေ။သူက ကျောက်ကျင်းကောနှင့်ကုတင်ပေါ်တွင်အိပ်ရုံအိပ်ပြီး အများဆုံးမှ ကျောက်ကျင်းကော၏သည်းခံနိုင်မှုအတွင်းတွင်ရှိသောအနည်းငယ်ထိတွေ့ခြင်းမျိုးကိုသာပြုလုပ်ခဲ့သည်။သို့ပေမဲ့ ဤတစ်ကြိမ်မှာ ကျန်းကျန့်က ကျောက်ကျင်းကော၏ပါးစပ်ထဲကို သူ့လျှာကို ထည့်လိုက်သည်။


ကျောက်ကျင်းကောက ငြိမ်ငြိမ်လေး လှဲကာ ကျန်းကျန့်ဆီက အနမ်းခံလိုက်သည်။ရလဒ်အနေဖြင့် ခါတိုင်းလို ပေါ့ပေါ့ပါးပါး နမ်းမည့်အစား ကျန်းကျန့်က သူ့​​နှုတ်ခမ်းကို ကိုက်ကာ လျက်လိုက်သည်။ကျန်းကျန့်က ယခင်ကလည်း သူ့ကို နမ်းခဲ့ဖူးသောကြောင့် နမ်းပြီးနောက် ကျောက်ကျင်းကောက မလှုပ်ရှားသေးပေ။သို့ပေမဲ့ ကျန်းကျန့်က ရုတ်တရက် သူ့ပါးစပ်ကို လျှာနှင့်ထိုးဖွင့်ပြီး သူ့လျှာကို ပါးစပ်ထဲထည့်လိုက်သည်။


ဒါ... ဒါ...ကျန်းကျန့်ဘာလုပ်နေတာလဲ...


ကျောက်ကျင်းကော စိတ်ရှုပ်ထွေးနေပြီး မသိစိတ်ဖြင့် သူ့ပါးစပ်ကိုစေ့ရန် ကြိုးစားခဲ့သော်လည်း ထိုအချိန်တွင် ကျန်းကျန့်၏လျှာကို မတော်တဆ ကိုက်မိလိုက်သည်။


ကျန်းကျန့်အတွက်လည်း တစ်စုံတစ်ဦးကို ပြင်သစ်အနမ်းပေးသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ အလုပ်ကြိုးစားနေချိန်မှာ အကိုက်ခံလိုက်ရသည်။ ထိုအချိန်တွင် သူက တရှူးရှူးတရှဲရှဲဖြစ်သွားပြီး တစ်ဖက်ကို လှဲချလိုက်သည်။


ဒုန်း... ကုတင်ပျဥ်ခင်းက ရုတ်တရက် ကျယ်လောင်သည့် အသံထွက်လာပြီး နောက်တစ်ချပ် ကျိုးသွားသလိုပါပင်။


ကျန်းကျန့် သူ့ဒူးအောက်ရှိ ကျိုးကျနေသော အိပ်ရာခင်းကို ကြည့်ပြီး နှုတ်ခမ်းထောင့်များ လှုပ်ယမ်းသွားသည်။


"ကျင်းကော... အဲ့ဒါဘာဖြစ်တာလဲ"


ကျောက်လျူက ထိုအချိန်တွင် အိပ်မပျော်သေးပေ။ သားဖြစ်သူ၏ အခန်းထဲမှ လှုပ်ရှားသံကို ကြားလိုက်ရသောအခါတွင် သူမ စိတ်ပူသွားပြီး မထိန်းနိုင်ဘဲ အော်မေးမိလိုက်သည်။


“အမေ... ကျွန်တော်အဆင်ပြေပါတယ်...အိပ်မပျော်လို့"


ကျောက်ကျင်းကောက ကျန်းကျန့်၏လက်ကို ကိုင်လိုက်ပြီး အပြစ်ရှိသလို ခံစားသွားရသည်။ သူ ဘာကြောင့် ကျန်းကျန့်ကို ကိုက်လိုက်မိတာလဲ...ကျန်းကျန့် အကိုက်တော့ မခံလိုက်ရပါဘူးနော်...


ကျောက်ကျင်းကောက ကျောက်လျူကိုဖြေပြီးနောက် ကျန်းကျန့်၏ အခြေအနေကို ထပ်မံစစ်ဆေးရန် လုပ်နေလေသည်။ကျန်းကျန့်ကို မတော်တဆ ထပ်ကိုက်မိမှာကို စိုးရိမ်ပြီး ဤတစ်ကြိမ် မလှုပ်ဝံ့တော့ဘဲ ငြိမ်ငြိမ်လေးလှဲနေပြီး ကျန်းကျန့်၏လျှာကို သူ့ပါးစပ်ထဲ ပြေးလွှားသောင်းကျန်း ခွင့်ပြုလိုက်၏။


ကျန်းကျန့်...ဒီလူ ငါ့တံတွေးကို တကယ်သောက်ခဲ့တာ...ဒါ ...ဒါမကောင်းဘူးမလား...


ကျောက်ကျင်းကော အနည်းငယ်မကောင်းဟု ခံစားရသော်လည်း ဤခံစားချက်ကို သူနှစ်သက်ကြောင်းကိုကား ငြင်းဆိုခြင်းမရှိပေ။ကျန်းကျန့်က သူ့ကို ဤကဲ့သို့ ဆက်ဆံခဲ့ပြီး ယင်းက ကျန်းကျန့် သူ့ကို ချစ်မြတ်နိုးကြောင်း ခံစားရစေသည်။ကျန်းကျန့်၏လျှာက အကိုက်ခံထားရသော်လည်း ကျောက်ကျင်းကောက သနားညှာတာတတ်သူဖြစ်သောကြောင့် ကိစ္စမရှိပေ။ယခု သူ ကျောက်ကျင်းကောကို နှံ့နှံ့စပ်စပ် နမ်းနိုင်ပြီဖြစ်သည်။


ကျောက်ကျင်းကော၏ ခန္ဓာကိုယ် တောင့်တင်းလာပြီး အကြိမ်ပေါင်းများစွာ အသက်ရှူရပ်သွားခဲ့သည်။ယင်းက တကယ်ကို စိတ်ဝင်စားစရာကောင်းသည် . . .မူလက ကျန်းကျန့် သူ၏ညံ့ဖျင်းသောစွမ်းရည်အတွက် အလွန်စိုးရိမ်ခဲ့သော်လည်း ယခုတွင် သူလုံးဝစိုးရိမ်စရာမလိုကြောင်း ရုတ်တရက်သိလိုက်ရသည်။ ဘာမှမသိသည့် ကျင်းကောနှင့်ယှဉ်လျှင် သူ့အရည်အချင်းက လုံးဝကို ထူးချွန်၏။


ကျန်းကျန့်က ရက်အနည်းငယ်ကြာ အလုပ်များနေခဲ့ပြီး ယခု သူ အနည်းနှင့်အများပင် ပင်ပန်းနေပြီဖြစ်သည်။လောလောဆယ် သူကျောက်ကျင်းကောနှင့် စတင်ခဲ့သည့်အရာကို အပြီးသတ်ရန် သူ့အတွက် မဖြစ်နိုင်ကြောင်းကို ထည့်ပြောစရာလိုပါချေ။အနမ်းတွေ လုံလုံလောက်လောက်ရပြီးနောက် အိပ်ရအောင်ဟု ပြောလိုက်သည်။ ထိုစကားကို ပြောပြီးသည်နှင့် ချက်ချင်းပင် အိပ်ပျော်သွားခဲ့သည်။


သူ့အနေဖြင့် လှေပေါ်တွင်အိပ်ခဲ့သည်မှာ ရက်အတော်ကြာပြီဖြစ်သော်လည်း ၎င်းကို တစ်နည်းနည်းဖြင့် ကျင့်သားရမနေသေးပေ။ ယခု နောက်ဆုံးတွင် သူသည် ခိုင်ခံ့သော ကုတင်ပေါ်တွင် ရှိနေခဲ့သည်။ ကုတင် ပျဉ်ခင်း ကျိုးသွားသော်လည်း ဤကုတင်ကို ပျဥ်ပြားဆယ်ချပ်ကျော်ဖြင့် ပေါင်း၍ ပြုလုပ်ထားသည်။ ပျက်စီးမှုက မကြီးမားပါချေ။


ကျန်းကျန့်က ကျောက်ကျင်းကောနှင့်မတူဘဲ အလွန်နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့သည်။ကျောက်ကျင်းကောကမူ ကျန်းကျန့်ဆီက အတော်လေးအနှောက်အယှက်ဖြစ်နေပြီး အိပ်မပျော်ပေ။အိပ်မရသော ကျောက်ကျင်းကောတစ်ယောက် နောက်ဆုံးတွင် မျက်လုံးမှိတ်ပြီး အိပ်ရာပေါ်၌ အချိန်အတော်ကြာ လှဲနေခဲ့သည်။


နောက်တစ်နေ့ နံနက်စောစောတွင် ကျောက်လျူက တံခါးကို လာခေါက်သောကြောင့် ကျောက်ကျင်းကော နိုးလာသည်။


"ကျင်းကော... ထမင်းစားဖို့ ကျန်းကျန့် ကိုသွားခေါ်ချေပါ"


ကျောက်လျူက အခန်းအပြင်ဘက်ကနေ အော်ပြောလိုက်သည်။


ကျောက်ကျင်းကော ရုတ်​တရက်​နိုးလာပြီး ကျန်းကျန့်၏မျက်​လုံးများထဲကိုကြည့်​လိုက်​သည်​။ကျန်းကျန့်ကလည်း တစ်ချိန်တည်းတွင် နိုးလာသည်။


"ကျင်းကော မြန်မြန်ထပါ... ဒီနေ့ဘာလို့ဒီလောက်နောက်ကျနေတာလဲ...ကျန်းကျန့် ဗိုက်ဆာနေရင်ဘယ်လိုလုပ်မလဲ"


ကျောက်လျူက ထပ်အော်သည်။

"သူ့ကိုသွားခေါ်ချေလို့"


ကျောက်ကျင်းကော : "..."

ကျန်းကျန့်:"..."


နောက်ဆုံးမှာ ကျန်းကျန့်က တံခါးဖွင့်ပြီး မနက်စာစားရန် မရဲသောကြောင့် ပြတင်းပေါက်ကနေ တိတ်တဆိတ်ထွက်ကာ သူ့အိမ်ဆီ ပြန်သွားပြီး ကျောက်ကျင်းကော သူ့ကို ထမင်းစားရန် လာခေါ်မည်ကို စောင့်နေခဲ့သည်။ယင်းက အတော်လေး ဒုက္ခများရသည်။မကြာခင် လက်ထပ်နိုင်စေရန် သူဆုတောင်းမိသည်။


ကျောက်လျူက ကျန်းကျန့် သူတို့နှင့် လာထမင်းစားမည်ကို သိသောကြောင့် ထိုနေ့နံနက်တွင် ပြုလုပ်ထားသော ဆန်ပြုတ်က အလွန်ပျစ်ပြီး သူမက ဟင်းနှစ်ပွဲကိုလည်း အထူးတလည်ချက်ပြုတ်ထားသည်။


သူမသည် အများအားဖြင့် အားလပ်ချိန်များသောကြောင့် ချက်ပြုတ်ရန် အချိန်ရတတ်သည်။ ဆီနှင့်ဆား ချို့တဲ့နေသော အခြေအနေမှာ ကျန်းကျန့် လုပ်သော အစားအစာထက် သူမလုပ်ထားသည့်​အစားအစာက အများကြီး ပိုကောင်း၏။ ဥပမာ ၊ဆလတ်ချဉ်က ကြွပ်ရွပြီး စားချင်စရာကောင်းသည်။


ကျန်းကျန့် ဆန်ပြုတ် နှစ်ပန်းကန်လုံး ကို တစ်ထိုင်တည်း သောက်လိုက်ပြီး ကျောက်မိသားစု ၏ အိမ်သို့ သူ့ကိုယ်ပိုင် အစားအစာ ကို ရွှေ့ရန်ရည်သန်နေသည်။ကျောက်လျူအတွက် ငါးဆားနယ်နှင့်ပင်လယ်ရေမှော်အချို့ကိုလည်း ချန်ထားခဲ့ကာ ၎င်းနောက် ဝမ်ဟိုင်ရှန်းကိုခေါ်ပြီး သူနှင့်အတူ ထွက်သွားခဲ့သည်။


သူထွက်သွားသောအခါ ကျောက်လျူက ဟင်းရွက်များကို ဖြတ်ပြီး ကြက်နှင့် ဘဲများကို အစာကျွေးသည်။ လက်ကျန်ဆန်ပြုတ်ကို ရေအနည်းငယ်ထည့်ကာ သူတို့အား ကျွေးလိုက်သည်။


ဒီကြက်နဲ့ ဘဲတွေကို သူတို့ ကြီးပြင်းလာတဲ့အခါ ပိုက်ဆံနဲ့ ရောင်းလို့ရတယ်... သူမ သူတို့ကို ကောင်းကောင်း ဂရုစိုက်ရမယ်...


ကျောင်လျူတစ်ယောက် သူမ၏ အနာဂတ်မြေးလေးအတွက် အလုပ်လုပ်နေသည်မှာ စွမ်းအင်ပြည့်ဝနေသည်။ ကျောက်ဖူကွေ့ နှင့် ကျောက်ကျင်းကော တို့ကလည်း စိတ်အားထက်သန်ကြသည်။တင်တောင်ကြေးအတွက် အပိုငွေရှာသည်က အကောင်းဆုံးဖြစ်မည်ဟုတွေးကာ ကျောက်ဖူကွေ့နှင့် ကျောက်ကျင်းကောတို့ မနက်စောစော အလုပ်ဆီထွက်လာခဲ့ကြသည်။


အိမ်ကလူအကုန်သွားသောအခါ ကျောက်လျူက ဘဲအုပ်များကို ပြုစုစောင့်ရှောက်ရန် ကျန်ခဲ့သည်။ထိုအချိန်တွင် သူမနှင့် ဆက်ဆံရေးကောင်းသူ တစ်ဦးသည် နောက်ဆုံးတွင် အလည်အပတ် ရောက်လာသည်။


ထိုလူက ဝင်လာပြီးသည်နှင့် ကျောက်လျူ၏ဒဏ်ရာကို တုတ်နှင့်သွားထိုးကာမေးလေသည်။


"နင်အကြီးဆုံးကျန်း ဆီက ဒီဘဲတွေကို ရခဲ့တာလား"


"ဟုတ်တယ်"


ကျောက်လျူက ခေါင်းညိတ်သည်။

"နင်ဘာလို့...အကြီးဆုံးကျန်း အတွက် ဘဲမွေးပေးမလို့လား"


ထိုလူက ထပ်မေးသည်။ကျန်းကျန့်က ကျောက်ကျင်းကော ဘဲပေါက်စတစ်အုပ်ပေးသည်အထိ ကြင်နာနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ကျန်းကျန့်က သူတို့ကို ကူပြီး ပြုစုပျိုးထောင်ခိုင်းခဲ့သည်ဟု သူထင်ခဲ့၏။


"ဟုတ်တယ်"


ကျောက်လျူက ခေါင်းညိတ်သည်။ အထိုလူ၏စကားက မှန်၏။ သူမက ကျန်းကျန့် အတွက် တကယ်ပင် ဘဲများကို မွေးမြူပေးမေခြင်းဖြစ်သည်။ သူမနှင့် ကျောက်ဖူကွေ့တို့၏အရာအားလုံးသည် အနာဂတ်တွင် ကျန်းကျန့် နှင့် ကျောက်ကျင်းကော တို့နှင့်သက်ဆိုင်မည်ဖြစ်သည်။


"ငါ နင့်ကိုပြောမယ်...ကျန်းကျန့်က အရမ်းကောင်းတာ... မနေ့ကပဲသူ—”


ကျောက်လျူ သူမ၏လက်ကောက်ဝတ်ပေါ်ရှိ လက်ကောက်ကိုကြွားချင်သဖြင့် လက်ကိုမြှောက်လိုက်ချိန်တွင် ကျန်းကျန့် ပြန်ရောက်လာသည်။


မူလက ကျောက်လျူနှင့် စကားပြောနေသည့်လူက ကျန်းကျန့်ကိုတွေ့သောအခါ အမြန်ထွက်ပြေးသွားပြီး နောက်မှ ကျောက်လျူ ပြောသည်ကို မကြားလိုက်ပေ။ မူလက ကြွားလိုသောကျောက်လျူတစ်ယောက် ထိုလူထွက်ပြေးသွားသည်ကိုသာ ကြည့်နေခဲ့ရသည်. . .