အပိုင်း၅၇
Viewers 24k

Chapter 57

Chapter 57

လက်ထပ်ရန် အိမ်ပြန်ခြင်း



မိုးသောက်နေလေပြီ။ကျန်းကျန့် သူလှေပေါ်ရှိ သွေးစွန်းများကို ဆေးကြောသန့်စင်ပြီး ကုန်ပစ္စည်းများကို ခွဲထုတ်နေစဉ် ဝမ်ဟိုင်ရှန်းကိုလှေလှော်ခိုင်းသည်။ ထိုအချိန်တွင် ဝမ်ဟိုင်ရှန်းက လှေကို ဂရုတစိုက် လှော်ခတ်ရင်း သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။


ဝမ်ဟိုင်ရှန်း နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သည့်အခါ ကျန်းကျန့်က မျက်မှောင်ကြုတ်ပြီး ပြန်ကြည့်သည်။


"ဘာကြည့်နေတာလဲ"


“ဘာမှမဟုတ်ပါဘူး”

ဝမ်ဟိုင်ရှန်းက ကမန်းကတန်းပြောလိုက်သည်။


ကျန်းကျန့် ဝမ်ဟိုင်ရှန်းကို ကြည့်လိုက်သည်။ မနေ့က သူ အခြားသူများကိုရိုက်နှက်သည်ဖြစ်စေ၊နှိပ်စက်၍ ဝန်ခံခဲ့ခိုင်းသည်ဖြစ်စေ ဝမ်ဟိုင်ရှန်း ထံမှ ကွယ်ဝှက်ထားခြင်းမရှိခဲ့ပေ။ နောက်ပိုင်းတွင် ဒဏ်ရာရနေသော ရေဓားပြများကို နဥ်ထန်သို့ ၎င်းတို့၏ လှေပေါ်တင် ပို့ဆောင်ချိန်တွင်လည်း ဝမ်ဟိုင်ရှန်းအား ၎င်းတို့ကို သယ်ခိုင်းခဲ့သည်။ယင်းကို ဝမ်ဟိုင်ရှန်းကို စမ်းသပ်ရန် သူလုပ်ခဲ့ခြင်းဖြစ်သည်။


ဝမ်ဟိုင်ရှန်းက သူ့ကိူ လူကောင်းတစ်ယောက်ဟု အမြဲထင်ထားသော်လည်း သူက ဝမ်ဟိုင်ရှန်း စိတ်ကူးထားသည့်အတိုင်း မဟုတ်ပါချေ။


"ငါလုပ်ခဲ့တာတွေကို မင်းဘယ်လိုထင်လဲ"

ကျန်းကျန့်က မေးလိုက်သည်။


"ကျန်းကျန့်... မင်းစာဖတ်တတ်တယ်ဆိုတာ ငါမယုံနိုင်ဘူးကွာ"


ဝမ်ဟိုင်ရှန်းက ကျန်းကျန့်ကို လေးစား သဘောကျစွာ ကြည့်နေသည်။


“မင်းစာဖတ်တတ်မယ်လို့ ငါမမျှော်လင့်ထားဘူး...ဒီလောက်မြန်အောင် တွက်နိုင်တာ အံ့ဩစရာမရှိဘူး...မင်းက တကယ်ကို တော်တာပဲ"


ဝမ်ဟိုင်ရှန်း၏မျက်လုံးထဲရှိ ကြည်ညိုလေးစားမှုတို့ကို ထိန်းမနိုင်တော့သည့်အခါ ကျန်းကျန့်တစ်ယောက် ပြောစရာစကားမဲ့နေသည်။ဝမ်ဟိုင်ရှန်းက သူ ကောင်းကောင်း စာရေးတတ်ဖတ်တတ်တယ်လို့ ထင်နေတာကြောင့် သူ့ကို စိုက်ကြည့်နေခဲ့တာလား...


“ရေဓားပြတွေကို တိုက်ခိုက်တာကို မင်းဘယ်လိုထင်လဲ”

ကျန်းကျန့်က ထပ်မေးလိုက်သည်။


“အဲဒါ ...ရေဓားပြအားလုံးက သေဖို့ထိုက်တန်တယ်”

ဝမ်ဟိုင်ရှန်းက ပြောသည်။

"သူတို့ကို ဘာလို့ အရာရှိတွေဆီ ပို့ရမှာလဲ"


နေရာအတည်တကျမရှိသော သူလိုလူများသည် အစိုးရနှင့် ဝေးကွာနေခဲ့ပြီး အရာရှိများထံ ပို့မည့်အစား ၎င်းတို့ကိုယ်တိုင် ဖြေရှင်းရသည်ကို နှစ်သက်ကြသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် ဘဝမှာ အလွန်အကျွံမြင်ခဲ့ရပြီး သေဆုံးမှုများစွာကို မြင်တွေ့ခဲ့ရသည်။ တကယ်တမ်းတွင် သူတို့က ခေတ်သစ်လူတွေထက် သတ်ဖြတ်သည်ကို ပိုလက်ခံကြသည်။ရေဓားပြတွေက သူတို့ကို သတ်မှာဖြစ်သဖြင့် ရေဓားပြတွေကို ပြန်သတ်သည်က သူတို့အတွက် ဘာမှမဟုတ်ပါချေ။


ကျန်းကျန့် ပြုံးလိုက်မိသည်။

"ဝမ်ဟိုင်ရှန်း... မင်း ငါ့နောက်ကိုပဲ လိုက်ခဲ့...ငါ့စကားကိုနား​ထောင်​​နေသ၍ မင်းကို​ကောင်းမွန်တဲ့ဘဝတစ်ခုမှာနေခိုင်းမယ်"


"ငါ မင်းနောက်ကို လိုက်နေပြီးသားလေ"

ဝမ်ဟိုင်ရှန်းက ကျန်းကျန့်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။


"ပြီးတော့...ဒါနဲ့ နောက်ဆို ငါ့ကိုဘော့စ်လို့ ခေါ်ပါ”

ကျန်းကျန့်ကဆိုလိုက်သည်။


ဝမ်ဟိုင်ရှန်းက သဘောတူပြီးနောက် ကျန်းကျန့်က သူ့ကို ငွေဆယ်စခန့်ပေးလိုက်သည်။


“ယူပါ”


“ဒါ ... ဒါ ..."


ဝမ်ဟိုင်ရှန်းက ကျန်းကျန့်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ သူသည် စားစရာနှင့်အမိုးအကာအတွက် ကျန်းကျန့်နှင့်အတူအလုပ်လုပ်မည်ဟု အမြဲတွေးခဲ့သည်။ကျန့်ကျန့်က သူ့ကို ပိုက်ဆံပေးလိမ့်မည်ဟု မမျှော်လင့်ထားပါချေ။


"မနေ့ညက မင်းအလုပ်ကောင်းကောင်းလုပ်ခဲ့တယ်...ဒါ မင်းအတွက်ပဲ"


ကျန်းကျန့် နောင်လာမည့်နေ့ရက်များတွင် ဝမ်ဟိုင်ရှန်းကို ကောင်းမွန်စွာလေ့ကျင့်ပေးပြီး လမ်းတစ်လျှောက်တွင် သူ့ခေါင်းထဲတွင် အကြံဉာဏ်အချို့ ပျိုးထားရမည်ဟု တွေးကာ ပြောလိုက်သည်။


ဤသည်က သိပ် မခက်ခဲလောက်ပါချေ။ ကျောင်းမတက်ဖူး၊ စာမသင်ဖူးသည့် ဝမ်ဟိုင်ရှန်းလိုမျိုး လူတွေဟာ လိမ်ရန် လုံးဝလွယ်ကူသည်။မှန်ပေသည်၊ အရေးတကြီးဆုံးက ထိုဓားပြတွေ၏ အသိုက်ကို စစ်ဆေးရန်ပါပင်။


ရေဓားပြများသည် ၎င်းတို့၏ အသိုက်ဟောင်း၏ နေရာကို မနေ့ က ထုတ်ဖော်ခဲ့ပြီးဖြစ်သည်။သို့ပေမဲ့ မနေ့ညက အတော် မှောင်နေသဖြင့် ကျန်းကျန့် ထိုနေရာကိုမသွားနိုင်ဘဲ သွားရှာရန် မိုးလင်းသည်အထိစောင့်ခဲ့ရသည်။


ဤအသိုက်ဟောင်းဟု ခေါ်တွင်သည်မှာ အမှန်အားဖြင့် ဝေးလံခေါင်သီသော နေရာအချို့ရှိ အိမ်ဖြစ်သည်။ ရေဓားပြများသည် နေ့ဘက်တွင် လှေပေါ်တွင် နေထိုင်သော်လည်း ညဘက်တွင် ထိုနေရာပြန်အိပ်ကြသည်။ ငွေအများစုကို သူတို့နှင့်အတူ ယူသွားသော်လည်း ခိုးယူထားသော ပစ္စည်းများကို ထိုနေရာတွင် စုပုံထားသည်။ကျန်းကျန့် အိမ်ထဲသို့ဝင်၍ လှည့်ပတ်ကြည့်လိုက်သောအခါ ကိုယ့်ကိုကိုယ် ချမ်းသာလာသည်ဟု ခံစားရသည်။ ရေဓားပြများသည် ပျင်းရိပြီး ခိုးယူပြီးနောက် ကုန်ပစ္စည်းကို မရောင်းလိုသောကြောင့် ထိုနေရာတွင် ကုန်ပစ္စည်းများစွာ စုပုံထားကြသည်။ ၎င်းတို့ထဲမှ အချို့မှာ မကောင်းတော့သည့် အစားအသောက်များ ပါနေသော်လည်း ကျန်သည်များကို ရောင်းချနိုင်သေးသည်။ ထို့အပြင် ထိုအရာများသည် သူ၏လှေ ပေါ်ရှိ ကုန်များထက် ပို၍တန်ဖိုးရှိသည်။


သူတို့ မဆိုင်းမတွဘဲ ကုန်ပစ္စည်းအားလုံးကို လှေပေါ်တင်လိုက်၏။ပစ္စည်းများစွာရှိသောကြောင့် ၎င်းတို့၏လှေသည် အားလုံးကို အံဝင်ခွင်ကျမဖြစ်နိုင်သလောက်ဖြစ်လေသည်။ထိုပစ္စည်းများတွင် အထည်၊ ကြွေထည်၊ ဖယောင်းတိုင်ထုပ်များ. . . စာအုပ်အချို့ပင်ပါ၏။


ဟယ့်ရွှီရွာတွင် စာအုပ်တစ်အုပ်မျှမရှိသောကြောင့် ကျန်းကျန့် ဤခေတ်သို့ ကူးပြောင်းလာကတည်းက စာအုပ်တစ်အုပ်မျှ မဖတ်ဖူးပေ။


ဝမ်ဟိုင်ရှန်းကို လှေလှော်ခိုင်းလိုက်ပြီး ဘာမှလုပ်စရာမရှိသဖြင့် စာအုပ်တစ်အုပ်ကိုဖွင့်ကာ စတင်ဖတ်သည်။ ထို့နောက် သူတွေ့ရှိခဲ့သည်. . . သူ ၎င်း ကိုနားမလည်နိုင်ခဲ့။


ကျန်းကျန့်က စစ်တပ်တွင် အတော်လေး ဗဟုသုတများသူဖြစ်သည်။ သူသည် သေနတ်ပညာကို ကောင်းကောင်းတတ်ကျွမ်းရုံသာမက နိုင်ငံခြားဘာသာစကားသုံးမျိုးဖြစ်သည့် အင်္ဂလိပ်နှင့် အရှေ့တောင်အာရှ၏ ဘာသာစကားနှစ်မျိုးကိုလည်း တတ်မြောက်ခဲ့သည်။


အင်္ဂလိပ်စာ သင်ယူရန် ခက်ခဲသည်​့အတွက် ကျောင်းတွင် စာဖတ်ချိန်၌ တိပ်ခွေတွေ နားထောင်ခဲ့ပြီး တာဝန်တစ်ခုကြောင့် နောက်ဆုံး ဘာသာစကား နှစ်ဘာသာကို သင်ယူခဲ့ရသည်။ သို့သော် သူသည် နိုင်ငံခြားဘာသာစကားသုံးမျိုးပြောနိုင်သော်လည်း တရုတ်ရိုးရာအက္ခရာများကို တစ်ခါမျှ မသင်ယူခဲ့ပေ။


ယခု သူ့လက်ထဲမှာ စာအုပ်တစ်အုပ်ရှိ၏။ တရုတ်ရိုးရာအက္ခရာများဖြင့် ရေးသားထားရုံသာမက ပုဒ်ဖြတ်ပုဒ်ရပ်လည်း ကင်းမဲ့နေသည်။ စာကြောင်းများဖန်တီးရန် စကားလုံးများ မည်သို့ရေးရမည်ကို ဤလူများမည်သို့မသိရသနည်း။


နေ့စဥ်သုံးဘာသာစကားကိုပဲ သုံးလို့မရဘူးလား...

အနည်းဆုံး၊ သူသည် သုံးပြည်ထောင်အချစ်ဇာတ်လမ်း၏ ရိုးရှင်းသောဗားရှင်းကို နားလည်နိုင်ပြီး မြို့တွင်းရှိ ဆိုင်များရှေ့တွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်များကိုလည်း မှန်းဆနိုင်သည်။ကျန်းကျန့် သူ့လက်ထဲက စာအုပ်ကို စိုက်ကြည့်နေမိသည်။


ဝမ်ဟိုင်ရှန်း ကျန်းကျန့်ကို ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်ရှိ ကြည်ညိုလေးစားနေသောပုံစံက ပိုပြင်းထန်လာသည်။ မမျှော်လင့်ဘဲ ကျန်းကျန့်က စာပေပညာရှင်တစ်ယောက်ဖြစ်နေသည်။စာပေ ပညာရှင်တစ်ယောက်ဆိုသည်က လက်လှမ်းမမီန်ိုင်သည့်အရာဟူ၍ သူအမြဲတွေးထားပြီး သူ့ပတ်ဝန်းကျင်မှာ တစ်ယောက်ရှိနေရန် ဘယ်တုန်းကမှ မမျှော်လင့်ထားပါချေ။


တစ်ဖက်တွင် နဥ်ထန်မြို့၌ စီရင်စုမှူးသည် လှေကလေးဆီမှ ထုတ်ယူလာသော အထည် အပေါ်တွင် ရေးထားသော စကားလုံးများကို မျက်မှောင်ကြုတ်ကြည့်လျက်ရှိသည်။


"ဒီမှာ ဘာရေးထားလဲ"


လှေပေါရှိ လူအများစုသည် အနည်းနှင့်အများ ဒဏ်ရာရနေခဲ့ကြသည်။ သူတို့သည် ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ရပုံရသည်၊ သို့သော် သူတို့ ဘာဖြစ်သွားသည်ကို မသိသလို သူတို့ကို ဘယ်သူကြိုးဖြင့် ချည်နှောင်ထားသည့် သို့မဟုတ် စီရင်စုမြို့သို့ ခေါ်ဆောင်လာသည်ကို သူတို့ မသိခဲ့ကြပေ. . .


“သခင်...ကျွန်တော် စစ်ဆေးကြည့်ခဲ့ပါတယ်... 'ဒီလူတွေဟာ ရေဓားပြတွေဖြစ်ပြီး လူအများအပြားကို လုယက်ပြီး ကုန်သည်အများအပြားကို သတ်ဖြတ်ခဲ့တဲ့ ရေဓားပြတွေ ဖြစ်လို့ ငါတို့က သူတို့ကို အရာရှိတွေဆီ လာပို့ခဲ့တာ'လို့ဖြစ်ပုံရတယ်"

နဥ်ထန်က ဆရာတစ်ယောက်က ပြောသည်။စကားလုံးများက ရှုပ်ယှက်ခတ်နေသည်။စကားလုံးအနည်းငယ်သာရေးနိုင်သော ရုံးတော်အရာရှိများနှင့် တွေ့ဆုံခြင်းမရှိခဲ့ပါက၊ ၎င်းတို့အနက်မှ အချို့မှာ စာလုံးပေါင်းမှားခြင်း သို့မဟုတ် စုတ်ချက်အချို့ ပျောက်ဆုံးနေပါက ၎င်းတို့ကို ယခုအချိန်တွင် သေချာပေါက်မှတ်မိမည် မဟုတ်ပေ။


တွေးကြည့်သည့်အခါ ဤရေဓားပြတွေကို ဖမ်းဆီးပြီး အရာရှိတွေဆီ ပို့လိုက်သူက စကားအနည်းငယ်သာ ပေါက်ကရ သင်ယူဖူးသူ ဖြစ်နိုင်၏။


နဥ်ထန်၏ တရားသူကြီးသည် ထိုဓားပြငယ်များကို ဖမ်းရန် အစပျိုးမှု မလုပ်ဆောင်ခဲ့သော်လည်း တစ်စုံတစ်ယောက်သည် ၎င်းတို့ကို ဖမ်းပြီး သူ့ထံ ပို့ပေးပါက အလွန်ကျေနပ်ပျော်ရွှင်နေမည်သာဖြစ်သည်။


စစ်ဆေးမေးမြန်းမှုအပြီးတွင် အဆိုပါလူများသည် ယခင်က အပြင်လူအများအပြားကို သတ်ဖြတ်ခဲ့သော ရေဓားပြများဖြစ်ကြောင်း ထင်ရှားခဲ့သည်။နဥ်ထန်စီရင်စုတရားသူကြီးက သူတို့ကို သေဒဏ် တိုက်ရိုက်ချမှတ်ခဲ့သည်။ ထိုအချိန်တွင် ကျန်းကျန့် နှင့် ဝမ်ဟိုင်ရှန်း တို့က ကုန်ပစ္စည်းမျိုးစုံကို ရောင်းချနေကြဆဲဖြစ်သည်။


ပစ္စည်းများရောင်းခြင်းအပြင် ကျန်းကျန့်က ဝမ်ဟိုင်ရှန်းကို ပုံပြင်တွေနေ့တိုင်းပြောပြခဲ့သည်။ မနက်တိုင်း ညတိုင်း နာရီဝက်လောက် အချိန်ပေးပြီး လေ့ကျင့်ခန်း လုပ်ခိုင်းပြီး တိုက်ခိုက်ရေး အတတ်ပညာတွေကို သင်ပေး၏။


ဝမ်ဟိုင်ရှန်းက ငယ်ရွယ်သူမဟုတ်။ သူက အကြီးဆုံးကျန်းထက် ဆယ်နှစ်ပိုကြီးရာ သူလိုချင်သမျှကို သင်ယူရန် မဖြစ်နိုင်ပေ။ကျန်းကျန့်က သူ့ကို ဝါးလုံးနှင့် ထိုးနည်းကို အဓိက သင်ယူခိုင်းခဲ့သည်။


ဝမ်ဟိုင်ရှန်းက အလုပ်ကြိုးစားသူဖြစ်သည်။ နေ့တိုင်း ပင်ပန်းနေပေမဲ့ ကျန်းကျန့်က ခိုင်းနေသရွေ့သူ၏ လေ့ကျင့်မှုကို ကိုယ်ပိုင်အသိစိတ်နှင့် ပြီးအောင် လုပ်ပေလိမ့်မည်။သေချာသည်က သူက ကျန်းကျန့် လေ့ကျင့်ပေးဖူးသမျှထဲမှာ နာခံမှုအရှိဆုံး စစ်သားပါပင်။ ဆုကြေးအနေဖြင့် ကျန်းကျန့်က နေ့တိုင်း ဝက်သားတစ်ကီလိုဝယ်ပြီး ဝမ်ဟိုင်ရှန်းနှင့်အတူ ချက်စား၏။ ယခုဆိုလျှင် ဝမ်ဟိုင်ရှန်းတစ်ယောက် ပို၍ပင် ကြိုးစားလုပ်ဆောင်ခဲ့သည်။


ကျန်းကျန့် နှင့် ဝမ်ဟိုင်ရှန်းသည် ဆယ်ရက်ကျော် ခရီးထွက်ခဲ့ပြီး လက်ထဲကကုန်ပစ္စည်းအားလုံးကို ရောင်းမကုန်ခဲ့သော်လည်း ကျန်းကျန့်က ဟယ်ချောင်သို့ ပြန်သွားရန် စီစဉ်နေပြီဖြစ်သည်။သူက ကျောက်ကျင်းကောကို ပြန်သွားပြီးလက်ထပ်ရန် ဆုံးဖြတ်ထားဆဲပါပင်။သူ ဝမ်ဟိုင်ရှန်းကိုပဲ တနေ့ကုန် မျက်နှာချင်းမဆိုင်ချင်ခဲ့ပေ။


ကျန်းကျန့်မှာ ယခုအချိန်တွင် ငွေစ 320 နှင့် ကြေးဒင်္ဂါးသေတ္တာများစွာရှိသည်။ တကယ်တမ်းတွင် ကျန်းမိသားစု၏ ချမ်းသာမှုနှင့်ယှဉ်၍မရသေးပါချေ။မည်သို့ပင်ဖြစ် ကျန်းမိသားစု ပိုင်ဆိုင်သည့် မြေက အလွန်တန်ဖိုးရှိပေသည် ထိုသို့ဆိုလျှင်ပင် ဤငွေပမာဏဟာ နည်းနည်းနောနော မဟုတ်ပါချေ။


ကျန်းကျန့် နှင့် ဝမ်ဟိုင်ရှန်းတို့သည် ဖုချောင်သို့ ဦးစွာ လှေကို လှော်ကြသည်။

ဖုချောင်ကိုရောက်ပြီးနောက် ကျန်းကျန့် သူ့စိတ်ကြိုက်ချုပ်ထားသည့် အဝတ်အစားတွေကို အရင်သွားယူပြီး ပန်းပဲဆိုင်မှာ သံအိုး၊ မီးဖိုချောင်သုံးဓားတစ်ချောင်းနှင့်လယ်ယာသုံးကိရိယာတချို့ဝယ်ပြီး ၎င်းနောက် ပဲငံပြာရည်၊ သကြား၊ နှင့် အခြားဟင်းခတ်အမွှေးအကြိုင်အချို့ကိုဆက်ဝယ်ခဲ့သည်။ဤတစ်ခေါက်မှာ ကျန်းကျန့် စျေးဝယ်ထွက်ရင်း ငွေ 22စနီးပါး အကုန်အကျခံကာ အိမ်မှာလိုအပ်သည့် ပစ္စည်းအားလုံးကို ဝယ်ခဲ့၏။


ဝမ်ဟိုင်ရှန်းက လှေပေါ်ရှိ အနီရောင်ဝတ်စုံအသစ်ကို ကြည့်ပြီး ကျန်းကျန့်ကို မတူညီသောလူတစ်ယောက်လို ခံစားလိုက်ရသည်။ အရင်က ကျောက်ကျင်းကောအတွက် ဈေးအသက်သာဆုံး အထည်ကို ဝယ်ခဲ့ပေမဲ့ ယခု ဈေးကြီးသည့် အဝတ်အစားတွေကိုပင် ဝယ်ခဲ့သည်။


ကျန်းကျန့်က ဝမ်ဟိုင်ရှန်း ဘာတွေတွေးနေမှန်းမသိပေ။သူက တွန့်တိုသောလူမဟုတ်ပေ။ အရင်က သူ့မှာ ပိုက်ဆံမရှိ၍ မသုံးဖြစ်ပေမဲ့ ယခု ပိုက်ဆံရှိပြီဖြစ်လေရာ အနည်းငယ် သုံးနိုင်လေပြီ။ ကျောက်ကျင်းကောအတွက် ဆံထိုးတစ်ချောင်းပင် ဝယ်ခဲ့သေးသည်


မြို့မှာဆိုလျှင် ကောင်းမွန်စွာ မွေးဖွားလာသည့်ကောတချို့က သူတို့မိဘတွေဆီက သားအဖြစ် ပျိူးထောင်ခြင်းခံကြရပြီး စာရေးစာဖတ်နိုင်ကြသည်။ သူတို့သည် မိန်းကလေးမဆန်ဘဲ ယောက်ျားဝတ်စုံကို ၀တ်ထားကြ သည်။ ဆံပင်ကို ထုံးဖွဲ့ရန်ဆံထိုးများကိုပင် သုံးလေ့ရှိကြသည်။


ကျန်းကျန့် ကောတစ်ယောက်အသုံးပြုနိုင်မည့် ဆံထိုးတစ်ချောင်းကို ရွေးခဲ့ပြီး ၎င်းသည် လုံးဝ မိန်းကလေးမဆန်သည့် ဆံထိုးတစ်ချောင်းဖြစ်ကာ သူဝယ်ခဲ့သမျှအရာများထဲတွင် ဈေးအကြီးဆုံးဖြစ်သည်။


ကျန်းကျန့် နှင့် ဝမ်ဟိုင်ရှန်းတို့သည် ကုန်ပစ္စည်းများ ပြည့်နှက်နေသော လှေဖြင့် အိမ်ဆီသို့ ခရီးနှင်ခဲ့ကြသည်။


တစ်ချိန်တည်းမှာပင် ဟယ့်ရှီရွာမှရွာသူရွာသားများသည် ကြီးကျယ်ခမ်းနားသော အဖြစ်အပျက်တစ်ခုအကြောင်း ပြောနေကြသည်။ကျောက်မိသားစု၏သားက လက်ထပ်တော့မည်။ကျန်းကျန့်က သူကျောက်ကျင်းကောကို စိတ်ဝင်စားနေသည်ဟု လူသိရှင်ကြားပြောခဲ့ပေမဲ့ ရွာသားတွေက သူ့ကို အလေးအနက်မထားကြပါချေ။ကျန်းကျန့်က ကျောက်မိသားစုကို မှီခိုပြီး သူ့ကို အလုပ်အကျွေးပြုခိုင်းချင်နေသည်ဟုပဲ ထင်ခဲ့ကြ၏။


နောက်ပိုင်းမှာ ကျန်းကျန့်က ကျောက် အိမ်မှာ စားသောက်နေသည် သို့မဟုတ် ကျောက်လျူက သူ့ကို စားစရာလာပို့ပေးရန် တောင်းဆိုသည်ကို တွေ့လိုက်ရတဲ့အခါ သူတို့ ပို၍ပင်သေချာလာပြီး ကျောက်မိသားစုကို စာနာမိသွားကြ၏။


ရလဒ်အနေဖြင့်. . . ကျန်းကျန့် ဟယ့်ရှီမှ ထွက်ခွာသွားပြီး သူဘယ်သွားသည်ကို မည်သူမျှ မသိလိုက်ချိန်မှာ ကျောက်မိသားစုက မမျှော်လင့်ဘဲ လက်ထပ်ရန် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ ပထမတွင် လူအချို့က ကျောက်မိသားစုသည် မျက်မမြင်အမျိုးသားထံ လက်ထပ်ရန် ရက်ချိန်းရရန် သွားကြသည်ကို ကြားသိပြီး ကျန်းကျန့် မရှိတော့ခြင်းအား အခွင့်ကောင်းယူကာ ကျောက်ကျင်းကောကိုလက်ထပ်ပေး၍ ကျန်းကျန့်အားရှောင်ရန် ဆန္ဒရှိနေကြသည်ဟုထင်ခဲ့ကြသည်။ ရလဒ်အနေဖြင့် လူတချို့က ကျောက်လျူထံသွားပြီး အဲဒီအကြောင်းကို ကျောက်လျူဆီမေးပေမဲ့ ကျောက်ကျင်းကောက ကျန်းကျန့်ကို လက်ထပ်ချင်သည်ဟု ပြောသည်ကိုကြားခဲ့ရသည်။


ဟင့်အင်း... သူတို့က ကျောက်ကျင်းကော ကျန်းကျန့်နှင့် လက်ထပ်ပေးမှာ မဟုတ်ပေ...ကျန်းကျန့်ကို ကျောက်မိသားစုထဲကို ဝင်လာစေချင်ခြင်းဖြစ်သည်။



ဒီ ...ကျောက်မိသားစု ရူးနေတာလား... သူတို့ တကယ်ပဲ တွေးဝံ့ကြတယ်ပေါ့...ကျန်းကျန့်ကရော သဘောတူလား...


ကျေးလက်တွင် ဆင်းရဲသားများအတွက် သမက်ဖြစ်လာသည်မှာ ပုံမှန်ဖြစ်သော်လည်း ကျန်းကျန့်က သားမက်ဖြစ်လိုသည်ဟု ဟယ့်ရှီရွာရှိ မည်သူမျှ မထင်ခဲ့ကြပေ။


"ကျန်းကျန့်က တကယ်တော့ အရမ်းကောင်းတာ... သူက ငါတို့ကျင်းကော အပေါ် ရိုးသားရှာတယ် သူ ...သူက ငါတို့ကျင်းကော အကြောင်းကိုပဲ တွေးနေတာ"


ကျောက်လျူက သူမသူငယ်ချင်းတွေနှင့် စကားပြောရသည်ကို ဘယ်တော့မှ မငြီးငွေ့ပါချေ။


ဤသူငယ်ချင်းတွေက ကျောက်လျူကို သနားကြင်နာစွာ ကြည့်နေကြပေမဲ့ သူမကို မယုံကြသေးပါချေ။ကျောက်လျူက သူမကိုယ်သူမ နှင့် အခြားသူများကို လှည့်စားနေသည်ဟုသာ ခံစားခဲ့ရသည်။ သူတို့ရွာမှာ ယခုလိုမျိုး ကောတစ်ယောက် ရှိ၏။ သူ့မိသားစုက အလွန်ဆင်းရဲပေမဲ့ သူ့မိသားစုက ဘဝကို ကောင်းကောင်းနေနိုင်ပြီး နေ့တိုင်း အသားစားသည်ဟု သူက တခြားသူတွေကို ပြောပြသည်။ဤသည်က...ကျောက်မိသားစု၏လက်ရှိအခြေအနေ ဖြစ်ကောင်းဖြစ်နိုင်၏။


ကျောက်မိသားစုက ပရိဘောဂများနှင့် စောင်များကို ပြုလုပ်ခဲ့ကြသည်။ကျောက်ဖူကွေ့က အလုပ်မသွားဘဲ အိမ်သန့်ရှင်းရေးကို ဆက်လုပ်နေခဲ့သည်. . . သူ့မိသားစုမှာ ပိုက်ဆံမရှိပေ။ သူ့ကို ကျန်းကျန့်က အတင်းအကြပ်မခိုင်းလျှင် ဤပိုက်ဆံကို သုံးမှာမဟုတ်ပေ။နောက်ပြီး ကျောက်ကျင်းကော...ကျောက်ကျင်းကောကလည်း ထိုကဲ့သို့ပင်။ကျန်းကျန့်က သူ့အပေါ် ရိုးသားပြီး သူ့အကြောင်း တစ်ချိန်လုံး တွေးနေနိုင်ပါ့မလား...


"ကျန်းကျန့်က တကယ် ကောင်းတာ... သူက ငါတို့ကို ပိုက်ဆံပေးတယ်”


ကျောက်လျူကပြောလိုက်ပြီး သူမလက်ကောက်ဝတ်မှလက်ကောက်ကို လူတွေကို ပြလိုက်သည်။


"သူက ငါ့ကို လက်ကောက်တစ်ကွင်း လည်းဝယ်ပေးတယ်"


“နင်.. . ”


ကျောက်လျူက အမှန်တကယ် အထပ်ထပ်အခါခါလိမ်နည်းကို သိသည်ဟုတွေးကာ တစ်စုံတစ်ယောက်က သက်ပြင်းချလိုက်သည်။ ပထမတုန်းက ကျန်းကျန့်က သူတို့၏သမက်ဖြစ်ချင်သည်ဟု ပြောခဲ့၏။ သူက သူတို့သမက်ဖြစ်ချင်ပါတယ်ဆိုမှတော့ ကျန်းကျန့်က ဘယ်လို့ သူမကို ပိုက်ဆံပေးပြီး လက်ကောက်တစ်ကွင်း ဝယ်ပေးမှာလဲ...


ကျောက်ကျင်းကောနှင့် သူ့မိဘတွေက အတော်လေးသိသာနေသည်။ကျန်းကျန့်က ဒီအချိန်မှာ ဒီလောက်မိုက်ပါ့မလား...

ထို့အပြင် လက်ထပ်ပွဲမှာ ပြင်ဆင်ပြီးလုနီးပါးဖြစ်သော်လည်း ကျန်းကျန့် ဘယ်ရောက်သွားသည်ကို မည်သူမျှ မသိခဲ့ကြပေ။ဤလက်ထပ်ပွဲကို လုံးဝစိတ်မဝင်စားခဲ့မှန်း ထင်ရှား၏။ ထို့ကြောင့် အများစုမှာ ကျောက်လျူ ၏ မဟုတ်တရုတ်များဖြစ်မည်။သူ့လက်ကောက်နှင့်ပတ်သက်၍မူ. . .


"နင့်မှာ ဝှက်ထားတဲ့ လက်ကောက်တစ်ကွင်း ရှိမယ်လို့ ငါ မမျှော်လင့်ထားဘူး"


ဤလူက ၎င်းကို သူတို့၏အစောပိုင်းကာလများတွင် ကျောက်ဖူကွေ့က ကျောက်လျူကိုပေးခဲ့သည့် လက်ကောက်ဟုသာ ထင်ခဲ့သည်။ အလွန်သေးငယ်သောကြောင့် ကျောက်မိသားစု မတော်တဆမှုဖြစ်သောအခါ ၎င်းကို မရောင်းခဲ့ရခြင်းသာဖြစ်ပေမည်။


ကျောက်လျူ၏မျက်နှာသည် အလွန်စိတ်ဓာတ်ကျသောအမူအရာကိုပြသခဲ့ပြီး သူမ ပို၍ပင် အသက်ရှူကျပ်သွားသလို ခံစားခဲ့ရသည်။