အပိုင်း၅၉
Viewers 21k

Chapter 59

Chapter 59




ကျန်းကျန့်က အခုမှပြန်လာခြင်းဖြစ်ရာ ဘာဖြစ်သွားမှန်း မသိပေမဲ့ ရွာကလူတိုင်းက သိပြီးသားဖြစ်၏။


ဟယ်ချိုးရှန့်၏ ဖခင်ဖြစ်သူလောင်းကစားသမားသည် ချောင်းထုန်ရွာမှ လျူဟိုင်ထုန်ထံတွင် လွန်ခဲ့သည့်ရက်အနည်းငယ်က အမြောက်အမြားအကြွေးတင်ရာမှ အစပြုခဲ့သည်။ဟယ်ချိုးရှန့်၏ဖခင်သည် လောင်းကစားဝါသနာပါသော်လည်း သူ့လက်ထဲတွင် ပိုက်ဆံမရှိသဖြင့် သူ့မိသားစု၏မြေကို သူရောင်းပြီးသွားပြီဖြစ်သည်။ယခုလိုအခြေအနေမျိုးမှာ သူ့ဆွေမျိုးတွေနှင့် သူငယ်ချင်းတွေမဆိုထားနှင့်၊ငွေတိုးချေးသမားများပင် ပိုက်ဆံမချေးချင်ကြပေ။ထို့ကြောင့် သူ့အနေဖြင့် ကြီးကြီးမားမား လောင်းကစားလိုလျှင်ပင် ထိုသို့ပြုလုပ်ရန် အခွင့်အရေးမရှိခဲ့ပေ။ အတိုချုပ်ပြောရလျှင် အိမ်မှငွေအချို့ ခိုးယူကာ ဆက်လက်ရှုံးခဲ့သည်။ ထို့ကြောင့် ဤလူသည် လွန်ခဲ့သည့်အချိန်က လျူဟိုင်ထုန်ထံမှ ငွေ 30 ကို ချေးယူခဲ့ပြီး အားလုံးဆုံးရှုံးသွားခဲ့သည်။


သူတို့မိသားစုက ငွေ30ကို မည်သို့ပြန်ဆပ်နိုင်ပါမည်နည်း။လျူဟိုင်ထုန်က သူပိုက်ဆံကို စိတ်မဝင်စားပေမဲ့ ကောတစ်ယောက်အကြောင်း တွေးနေသည်ဟုပြောထားခြင်းရှိသည်။ထို့ကြောင့် လွန်ခဲ့သည့်လအနည်းငယ်အတွင်းတွင်

အဖေဟယ်၏ လျူဟိုင်ထုန်အပေါ် အကြွေးပမာဏသည် ငွေ60အထိ တိုးလာခဲ့သည်။ ပြန်မဆပ်လျှင် နောက်လမှာ ငွေ120ဖြစ်သွားလိမ့်မည်။


အစပိုင်းမှာ အကြွေးတင်ပြီးသည့်အခါ မိသားစုဆီက ဖုံးကွယ်ထားခဲ့ပေမဲ့ နောက်ပိုင်းမှာ လျှို့ဝှက်ထား၍မရတော့ပါချေ။လျူဟိုင်ထုန်က သူ့ညီအစ်ကိုများစွာနှင့်အတူ သူတို့အိမ်သို့ လာခဲ့သည်။


ထိုလူများက အိမ်တံခါးသို့ ရောက်သည်နှင့် တပြိုင်နက် အဖေဟယ် နှင့် ဟယ်ချိုးရှန့်၏အစ်ကို နှစ်ယောက်ကို ရိုက်နှက်ပြီး ငွေပြန်ပေးရန် သူမိသားစုအား တောင်းဆိုခဲ့သည်။ဟယ်မိသားစုမှ ငါးရက်အတွင်း ပြန်ပေးရမည်၊ မဟုတ်ပါက၊ ၎င်းတို့သည် ဟယ်ချိုးရှန့်ကို ခေါ်သွားပြီး လျူဟိုင်ထုန်၏ ကိုယ်လုပ်တော် ဖြစ်လာစေမည်ဖြစ်သည်။


ယနေ့သည် ဟယ်ချိုးရှန့်ကိုခေါ်ဆောင်သွားမည့်နေ့ဖြစ်သည်။


ရွာတွင် ဟယ်ချိုးရှန့်ကို နှစ်သက်သော အမျိုးသားများစွာရှိသော်လည်း လျူဟိုင်ထုန်ကို မည်သူမျှ မစော်ကားဝံ့ပေ။ သူ့ကို လျူဟိုင်ထုန် ခေါ်ဆောင်သွားခြင်းကိုသာ ကြည့်နေရုံတတ်နိုင်ခဲ့သည်။ သို့သော် အဖေဟယ်က မည်မျှပင်ဆိုးရွားပါစေ ဟယ်ချိုးရှန့်၏ဖခင်ဖြစ်နေဆဲပင်။သူ ဟယ်ချိုးရှန့်ကို ရောင်းချင်လျှင် ရွာသားတွေက တား၍မရပေ။


"မင်း လိမ္မာရင် ပိုကောင်းမယ်...မဟုတ်ရင်တွေ့မယ်"

လျူဟိုင်ထုန်က ဟယ်ချိုးရှန့်ကို ထပ်မံ ပါးရိုက်လိုက်သည်။


ကျန်းကျန့် ယခု ဟယ့်ရှီရွာတွင် ဗိုလ်ဖြစ်နေကဲ့သို့ လျူဟိုင်ထုန်ကလည်း ချောင်းထုန်ရွာတွင် ဗိုလ်ဖြစ်သည်။


လျူဟိုင်ထုန်၏ဖခင်နှင့် ညီ သုံးယောက်စလုံးသည် ရဲရင့်ပြီး ရက်စက်ကြမ်းကြုတ်သောသူများဖြစ်သည်။ လက်ရှိတွင် ချောင်းထုန်မှာ မည်သူမျှ ၎င်းတို့အား သွားစခြင်းမပြုဝံ့ပေ။ နောက်ပိုင်းမှာ သူ့ညီသုံးယောက် အိမ်ထောင်ကျပြီး သားသမီးတွေ အသီးသီး ထွန်းကားခဲ့၏။လျူဟိုင်ထုန် ၏မျိုးဆက်တွင် လျူမိသားစုတွင် ဝမ်းကွဲ ဆယ်ယောက်ရှိသည်။လျူဟိုင်ထုန်က ဆယ်ယောက်ထဲတွင် အကြီးဆုံးဖြစ်သည်။


မိသားစုထဲမှာ လူများလွန်းလျှင် ဘဝက မလွယ်ပေ။လျူဟိုင်ထုန်တွင် ညီအကို မောင်နှမ အများအပြားရှိသဖြင့် မကြာခဏ ဝလင်စွာ မစားနိုင်လေရာ သူ့အတွေးများ တဖြည်းဖြည်း ကောက်ကျစ်လာသည်။ပထမပိုင်းတွင် ရွာမှာရှိသည့် တခြားလူတွေကို အခွင့်ကောင်းယူပြီး ငွေရှာရန်အတွက် သူ့ညီငယ်တွေနှင့် အကြွေးတွေစကောက်သည်။အချိန်တိုလေးအတွင်းမှာပင် သူသည် “ကြီးကျယ်သော နာမည်ဂုဏ်သတင်း” ကို စတင်ရရှိလာခဲ့သည်။ ဤတစ်ကြိမ်တွင် သူ အဖေဟယ်ကို ငွေချေးရသည့် အကြောင်းရင်းတစ်ခု ရှိခဲ့သည်—သူသည် ဟယ်ချိုးရှန့်၏ပုံပန်းသဏ္ဍာန်ကို မတော်တဆ တွေ့လိုက်ရသည်။


လျူဟိုင်ထုန်မှာ ဇနီးနှင့်သားသမီးတွေရှိနေပြီဖြစ်ပြီး သူ့သားအကြီးဆုံးက ဆယ့်နှစ်နှစ်တောင်ရှိနေပြီဖြစ်သည်။ သို့သော် ဟယ်ချိုးရှန့်က အလွန်ကြည့်ကောင်းသဖြင့် သူ့နှလုံးသားကို နာကျင်စေခဲ့သည်။ထို့ကြောင့် သူ ဟယ်အဖေကို ပိုက်ဆံတချို့ ချေးခဲ့သည် . . .ဟယ်အဖေက မဆပ်နိုင်လျှင် ဟယ်ချိုးရှန့်က သူ့အပိုင်ဖြစ်လာလိမ့်မည်။


"သူ့ကိုကြိုးတုပ်ပြီး ငါတို့နဲ့အတူပြန်ခေါ်ခဲ့"


လျူဟိုင်ထုန်က ဟယ်ချိုးရှန့် ကို မြေကြီးပေါ်တွန်းချလိုက်ပြီး သူ့ညီငယ်နှစ်ယောက်ကို ညွှန်ကြားလိုက်သည်။ သူက ဟယ်ချိုးရှန့်၏မျက်နှာကို သဘောကျသော်လည်း ဟယ်ချိုးရှန့်ကို သဘောကျလေ့ရှိသော အမျိုးသားများနှင့်မတူပါချေ။ဟယ်ချိုးရှန့်အပေါ်မှာ သနားညှာတာစိတ်လုံးဝမရှိပေ။

သူ့ကို တတ်နိုင်သမျှ မြန်မြန် သူ့အိပ်ယာပေါ်မှာရောက်စေချင်သည်။


ဟယ်ချိုးရှန့်က ပို၍ပင် ငိုကြွေးတော့သည်။သူ့အနာဂါတ်ကိုလည်း သူတွေးခဲ့ဖူး၏။သူသည် သူ့မိသားစုအတွက် သူဌေးတစ်ဦးကို ရှာဖွေပြီး ထိုသူ့ကိုလက်ထပ်ကာ အနာဂတ်တွင် ကောင်းမွန်သောဘဝနေထိုင်လိုသည်။ သို့ပေမဲ့ အဆုံးမှာ. . . လျူဟိုင်ထုန် နှင့်လက်ထပ်လျှင်လက်ထပ်၊မဟုတ်လျှင် ငယ်ငယ်ရွယ်ရွယ်နှင့် သေရတော့မည်။လျူဟိုင်ထုန်နှင့်လက်ထပ်ရလျှင် သူ့မှာ ကောင်းမွန်သောဘဝရှိမည်မဟုတ်ကြောင်းနှင့် သေသည်အထိ ညှဉ်းပန်းနှိပ်စက်ခံရမည်ကို သူသိသည်. . . လျူဟိုင်ထုန်သည် သူ့အတွက် ကလေးမွေးဖွားပေးရန်အတွက် အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ခဲ့သော်လည်း နှစ်နှစ်အတွင်းတွင် သူမသေဆုံးခဲ့သည်. . . လျူဟိုင်ထုန်က လူတွေကို ရိုက်နှက်ရသည်ကို နှစ်သက်ရုံသာမက သူ့မိန်းမကို သူ့ညီများ ဆော့ကစားရန်ပေးရသည်ကိုလည်း သဘောကျတယ်ဟု သူတို့က ပြောကြသည်. . . ယခုအချိန်တွင် ဟယ်ချိုးရှန့် ချက်ချင်းသာ သေလိုက်ချင်တော့သည်။


ကျန်းကျန့် အကြီးဆုံးကျန်း၏ မှတ်ဉာဏ်များမှ လျူဟိုင်ထုန်နှင့်ပတ်သက်သည့် အကြောင်းအရာအချို့ကိုလည်း ပြန်အမှတ်ရခဲ့သည်။ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။သူက သူများကိစ္စဝင်စွက်ဖက်တတ်သူမဟုတ်သလို ဟယ်ချိုးရှန့်အပေါ်မှာလည်း ထင်မြင်ချက်ကောင်းမရှိပေ။သို့သော် ဟယ်ချိုးရှန့်သည် ယခုနှစ်တွင် ဆယ့်ငါးနှစ်သာရှိသေးပြီး မော်ဒန်ခေတ်မှာဆိုလျှင် အလယ်တန်းအဆင့်ရှိ အရွယ်မရောက်သေးသူပဲဖြစ်နေသေးသည်။


ဤခေတ်မှာ လူတွေက စောစောစီးစီးလက်ထပ်ကြသည်။ အကြီးဆုံးကျန့်၏မှတ်ဉာဏ်မှတစ်ဆင့် ဆယ့်နှစ်နှစ်၊ဆယ့်သုံးနှစ်အရွယ် မိန်းကလေးနှစ်ယောက် လက်ထပ်ထားတာကို သိလိုက်ရသည်။သတို့သားတစ်ယောက်ဆိုလျှင် သူ့မင်္ဂလာပွဲနေ့မှာတောင် သူ့သူငယ်ချင်းများနှင့် အပြင်ထွက်ကစားနေဆဲဖြစ်ပြီး အချိန်ကိုမေ့လျော့ကာ သူ့အမေလိုက်မခေါ်ခင်အထိ ပြန်ရောက်မလာပေ။


ဤသည်မှာ သာမန်မင်္ဂလာပွဲသာဆိုပါက ကျန်းကျန့် နှစ်ခေါက်ပြန်တွေးနေစရာမလိုပေ။ သို့သော် ဤသည်မှာ သူများသားသမီးကို ပြန်ပေးဆွဲလာတာ သိသာနေပေသည်။ ပိန်သွယ်သွယ်ဟယ်ချိုးရှန့်ဘက်က ရုတ်ခြည်းလှုပ်ရှားလာသည့်အခါ ကျန်းကျန့်လည်း ရှည်ရှည်ဝေးဝေးစဉ်းစားမနေတော့ပေ။


ဟယ်ချိုးရှန့်မှာ ကံဆိုးစွာဖြင့် လောင်းကစားသမားအဖေတစ်ယောက် ရှိနေသော်ငြား သူ့အမေနှင့် သူ့အစ်ကိုနှစ်ယောက်ကတော့ အလွန်ကောင်းမွန်ပြီး သူ့ကိုလည်း အလွန်ချစ်ကြသည်။ သူ ကောင်းမွန်စွာကြီးပြင်းလာခဲ့ပြီး ရွာထဲမှာရှိသောလူများကလည်း သူ့ကို တစ်ချိန်လုံး အလိုလိုက်အကြိုက်ဆောင်ကြသည်။ သူ အရွယ်ရောက်လာကတည်းက အမှားလုံးဝမလုပ်ခဲ့ဖူးပေ။


သူ့ကို ချစ်ခင်ကြည်ညိုကြသူများထံမှ ဘယ်လိုစားကောင်းသောက်ဖွယ်တွေများ ရနိုင်မလဲဆိုတာသာ တစ်ချိန်လုံးတွေးနေတတ်သည့် ငယ်ရွယ်သူကောတစ်ယောက်အတွက်တော့ ယခုလိုအဖြစ်မျိုးနှင့် ကြုံရသည့်အခါ သည်းမခံနိုင်စရာပါပင်။


လျူဟိုင်ထုန်သာ နာမည်ဆိုးနှင့်ကျော်ကြားသူတစ်ယောက်သာမဟုတ်ပါက သို့တည်းမဟုတ် လျူဟိုင်ထုန်သာ နည်းနည်းလောက်ကြင်နာတတ်ပါက ဟယ်ချိုးရှန့်သည် သူ့ကံကြမ္မာသူလက်ခံလိုက်မည်သာ။ သို့သော် လျူဟိုင်ထုန် သူတို့အိမ်ကို ရောက်လာသည့်ပထမဆုံးတစ်ခေါက်မှာ ဟယ်ချိုးရှန့်၏အစ်ကိုနှစ်ယောက်မှာ အချက်ပေါင်းများစွာရိုက်နှက်ခံခဲ့ရသည်။ ယခု သူ့အိမ်ကိုရောက်တော့လည်း တစ်ဖက်လူက သူ့ကို ထိဖို့ကြိုးစားတိုင်း ဟယ်ချိုးရှန့်က အနည်းငယ်ပြန်လည်ခုခံသဖြင့် အရိုက်ခံရပြန်၏။ ဟယ်ချိုးရှန့်အဖို့ သူ့ဘဝတစ်သက်တာမှာ ပထမဆုံးအကြိမ်အရိုက်ခံရခြင်းဖြစ်လေရာ သူ တကယ်ကိုကြောက်လန့်နေရှာသည်။ နောက်တော့ သူ့အစ်ကိုနှစ်ယောက်က ဒေါသူပုန်ထသွားပြီး လျိုဟိုင်ထုန်နှင့် သူသေကိုယ်သေချကြဖို့ အပြေးရောက်လာကြတော့သည်။ သူသည် ထိုအခွင့်အရေးကိုအရယူ၍ ဤအိမ်မှထွက်ပြေးရန် ကြံလိုက်သည်။ သို့သော် သူလွတ်မြောက်သွားပြီးနောက် ဘာဆက်ဖြစ်သတဲ့လဲ။ သူ ထပ်ပြီး အဖမ်းခံလိုက်ရပါ၏။


ဟယ်ချိုးရှန့်က လျူဟိုင်ထုန်ကို ငေးရင်း သူ့ကံကြမ္မာကိုသူလက်ခံလိုက်ရသည်။ သို့သော် လျူဟိုင်ထုန်၏ညီနှစ်ယောက်က သူ့ကို ကြိုးတုပ်ချည်နှောင်ထားသည်အထိ လုပ်လာသည့်အခါ သူ ချက်ချင်း မြစ်ဘက်ကို အပြေးအလွှားသွားလေတော့သည်။


မြစ်ထဲရှိရေက နစ်သွားလောက်အောင်အထိ မနက်သော်လည်း ထိုအခိုက်အတန့်လေးမှာ သူ သေချင်စိတ်ပေါက်လာသည်။ ညှဉ်းပန်းနှိပ်စက်ခံနေရမှာထက်စာလျှင် သေလိုက်တာမှ ပိုကောင်းသေးသည်။


"ခွေးကောင်ကတော့"


လျူဟိုင်ထုန်သည် ဟယ်ချိုးရှန့်ကိုခြောက်လှန့်ထားနိုင်ပြီး ငြိမ်ကုပ်နေအောင်လုပ်ထားနိုင်သည်ဟု ထင်ခဲ့သည်။ သူ့ကို ဆူပူနေစဉ်မှာပင် သူ့ညီများကို ရေထဲဆင်းပြီး ဟယ်ချိုးရှန့်ကို သွားဖမ်းခိုင်းလေသည်။


သူ အကြွေးသွားကောက်နေချိန်မှာ လူတွေက သေကြောင်းကြံစည်နေသောမြင်ကွင်းအား ဝိုင်းကြည့်နေတာကို မြင်လိုက်ရသည်။ ဟယ်ချိုးရှန့်က သူ အာရုံစိုက်မနေချိန်မှာ သူ့အား လှည့်စားခဲ့သည်။ သူသည် တစ်ခါလောက်ရိုက်နှက်ပြီး မိသားစုနှင့်ကိုင်ပေါက်၍ ခြိမ်းခြောက်လိုက်ရုံမျှဖြင့် ဖြေရှင်း၍ရနိုင်သော အသေးအဖွဲကိစ္စလေးပင်။ သို့သော် လျူဟိုင်ထုန် ဘာမှမလုပ်နိုင်ခင်မှာပင် ကျန်းကျန့်က ဝါးလုံးတစ်ချောင်းနှင့် ရောက်ချလာလေသည်။


ဘာတွေဖြစ်နေသလဲဆိုတာ သူ တိတိကျကျမသိပေ။ သို့သော် လျူဟိုင်ထုန်၏စကားများကိုနားထောင်ပြီးနောက် ရွာသူရွာသားများ၏မျက်နှာထက်ရှိအမူအရာများမှတစ်ဆင့် အကြမ်းဖျင်းခန့်မှန်းကြည့်နိုင်သည်။ သူတို့က ကြောက်လန့်ပြီး ဒေါသထွက်နေကြသော်လည်း ဘာမှလည်း မလုပ်ရဲကြပေ။ ဘာပဲဖြစ်ဖြစ် ယနေ့တော့ သူ့မျက်စိရှေ့မှာတင် လျူဟိုင်ထုန်အား ဟယ်ချိုးရှန့်ကိုခေါ်သွားခွင့်မပြုနိုင်ပေ။


ဤလျှိုဟိုင်ထုန်က လူကောင်းတစ်ယောက်မဟုတ်ပေ။


ကျန်းကျန့်မှာ ညှာတာသနားဖို့ စိတ်ကူးမရှိချေ။ အကြောင်းကတော့ ယခုလိုအဖြစ်မျိုးက တောရွာဘက်မှာ တစ်ခါတစ်ရံဖြစ်​လေ့ဖြစ်ထရှိသောအရာပင်။


လျူဟိုင်ထုန်က အရည်အချင်းလေး နည်းနည်းရှိနေရုံမျှသာ။ ကျန်းကျန့်ကတော့ ဤနေရာကိုရောက်ကတည်းက လူတွေအများကြီးနှင့် တိုက်ခိုက်နေခဲ့ရသူပင်။ ထိုလူတွေထဲမှာ လျူဟိုင်ထုန်၏အရည်အချင်းကတော့ အကောင်းဆုံးဖြစ်၏။ ရာမန်အရာရှိဖြစ်သူ ယန်ကျင်းသည်ပင် လူတွေကိုခြောက်လှန့်ဖို့ သူ့ဝတ်စုံကို မှီခိုနေရသူဖြစ်၏။ သူ့ကွန်ဖူးပညာကလည်း ဟန်ပြသက်သက်သာ။ မတိုင်ခင်က ပင်လယ်ဓားပြအုပ်စုဆိုတာ ငပျင်းအုပ်စုသာဖြစ်ပြီး သခင်ငယ်လေးတွေကို အနိုင်ကျင့်သူများဖြစ်သည်။ သို့သော် ဤလျူဟိုင်ထုန်ကတော့ ကွဲပြားသည်။ လျူဟိုင်ထုန်သည် လက်သီးထိုးချက်နှင့် ခြေကန်ချက်များကြောင့် ဂုဏ်သတင်းကြီးမားနေခြင်း ဖြစ်သည်။


ကျန်းကျန့်နှင့်ရင်ဆိုင်နေရသည့် လျူဟိုင်ထုန်မှာ အစပိုင်းတော့ အသေးစားရှုံးနိမ့်မှုလေးတွေကို ခံစားနေခဲ့ရသည်။ သို့သော် သူ လျင်မြန်စွာ တန်ပြန်တိုက်ခိုက်နိုင်လေသည်။ သူ၏လှုပ်ရှားမှုမှန်သမျှသည် ကျန်းကျန့်၏အဓိကနေရာများကိုသာ ချိန်ရွယ်ထားခြင်းဖြစ်၏။ သူ့ကြည့်ရတာ တိုက်ခိုက်ရေးမှာ အတွေ့အကြုံအမြောက်အမြားရှိတာ သိသာလှသည်။  ကျန်းကျန့်လည်း ချက်ချင်းဆိုသလို စိတ်ဝင်တစားဖြစ်သွားရသည်။ အချိန်တိုင်း တစ်ဖက်လူကို အလွယ်တကူအနိုင်ပိုင်းပစ်ရတာ ပျင်းဖို့ကောင်းလှသည်။ လျူဟိုင်ထုန်သည် အလွန်သန်မာသော တိုက်ခိုက်ရေးသမားဖြစ်သည်။


ယခင်က ကျန်းကျန့် မစ်ရှင်လုပ်နေတုန်း သံမဏိလက်သီးကို မွေးရာပါပိုင်ဆိုင်ထားသော လူတစ်ယောက်ကို တွေ့ဖူးသည်။ သူ၏တိုက်ခိုက်ရေးပုံစံက လျူဟိုင်ထုန်လိုပင်။ ဘယ်လိုလုပ်ရိုးလုပ်စဉ်နည်းလမ်းမျိုးမှမပါဘဲ လက်တွေ့ဆန်ပြီး ထိရောက်မှုရှိသည်။


ထိုစဉ်တုန်းက လူငယ်လေးသာရှိသေးသော ကျန်းကျန့်ခမျာ အနိုင်ပိုင်းခံလိုက်ရသည်။ သို့သော် ယခုတော့ ကျန်းကျန့်မှာ အတွေ့အကြုံအမြောက်အမြား ရှိထားပြီးဖြစ်သလို လျူဟိုင်ထုန်ကလည်း ထိုလူ့ကိုယှဉ်နိုင်စွမ်းမရှိ။ တကယ်တော့ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်သန်စွမ်းမှုအရဆိုလျှင် ကျန်းကျန့်သည် လျူဟိုင်ထုန်ကို မယှဉ်နိုင်ချေ။ အကြီးဆုံးကျန်းက အာဟာရရှိသောအစားအစာများကို နှစ်အတော်ကြာ မစားသောက်ခဲ့ရပါ။ လျူဟိုင်ထုန်ကတော့ နှစ်တိုင်း ငါးနှင့်အသားများကိုစားပြီး ခန္ဓာကိုယ်ဖွံ့ဖြိုးသန်မာနေပေသည်။


နှစ်ယောက်လုံး၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေက လုံးဝယှဉ်လို့မရ။ ကံကောင်းထောက်မစွာဖြင့် ကျန်းကျန့်မှာ အတွေ့အကြုံနှင့် အရည်အချင်းရှိနေသည်။


ကျန်းကျန့်သည် သူ၏ခန္ဓာကိုယ်ပျော့ပျောင်းမှုကို ခဏမျှမှီခိုနေခဲ့ရသည်။ လူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းများအကြောင်းကို မခြွင်းမချန်နားလည်ပြီးနောက်မှာတော့ တိုက်ခိုက်ရာတွင် လက်မောင်းအားကို သုံးနိုင်လာသည်။


"ငါ-ိုး"


"မင်း သေချင်နေတာပဲ"


"သူ့ကို သတ်ပစ်"


လျူဟိုင်ထုန်၏ညီများက သူတို့အစ်ကိုအကြီးဆုံး အရေးနိမ့်နေတာကို သတိထားမိသောအခါ ဟယ်ချိုးရှန့်ကို ဂရုမစိုက်အားတော့ဘဲ ကျန်းကျန့်ကို ဝိုင်းထားလိုက်ကြသည်။


"အား"


သို့သော် ထိုအချိန်မှာပင် ဝမ်ဟိုင်ရှန်းက လက်ထဲမှာ ဝါးလုံးရှည်ကြီးတစ်ချောင်းကိုင်ထားရင်း အော်ဟစ်လျက် လျူဟိုင်ထုန်၏ညီနှစ်ယောက်ဆီကို ပြေးဝင်လာလေသည်။


ကျန်းကျန့်က ဝမ်ဟိုင်ရှန်းကို ဤရက်ပိုင်းအတွင်း လေ့ကျင့်ခွင့်ပြုထားချေသည်။ သူသည် ဝါးလုံးနှင့် အထိုးကျင့်သောလှုပ်ရှားမှုများကို လေ့ကျင့်ခိုင်းထားသည်။ ယခု ဝမ်ဟိုင်ရှန်းကိုင်ထားသော ဝါးလုံးမှာ သူ့အတွက် ကျန်းကျန့်ကူရှာပေးထားသော အလွန်အသုံးဝင်သည့်ဝါးလုံးပင်။


ထိုဝါးလုံးကို ချွန်ထက်နေအောင် ဖြတ်မထားသော်လည်း အဖျားနားမှာ လူတစ်ယောက်ကို ထိုးဖောက်ပစ်နိုင်သော အချွန်တော့ရှိနေဆဲပင်။ ဗိုက်ကိုအထိုးခံလိုက်ရသော လျူဟိုင်ထုန်၏ညီတစ်ယောက်သည် ရုတ်ခြည်းအော်ဟစ်လာပေ၏။ ဝမ်ဟိုင်ရှန်းက သူ့ကိုလွှတ်ပေးလိုက်ပြီး တခြားတစ်ယောက်ဆီကို ချက်ချင်းအပြေးသွားလေတော့သည်။


တစ်ချိန်တည်းမှာပင် ကျန်းကျန့်ကလည်း လျူဟိုင်ထုန်၏နဖူးကို ဝါးလုံးဖြင့်ရိုက်ချလိုက်ပြီး မြေပေါ်သို့ လှဲသိပ်ပစ်လိုက်သည်။


"ချိုးရှန့်.. ချိုးရှန့်"


ထို့နောက် လူငယ်နှစ်ယောက်သည် အညိုအမည်းစွဲကာ ပြာနှမ်းဖူးရောင်နေသောမျက်နှာများဖြင့် ရောက်ချလာသည်။ သူတို့လမ်းလျှောက်ရာတွင်လည်း ထော့နဲ့ထော့နဲ့ဖြစ်နေသေးသည်။ သူတို့သည် မျက်ရည်များကိုသုတ်ရင်း ဟယ်ချိုးရှန့်၏နာမည်ကိုလည်း အော်ခေါ်နေသေးသည်။ ထိုသူတို့မှာ ဟယ်ချိုးရှန့်၏အစ်ကိုများဖြစ်သော ဟယ်ချွန်းရှန့်နှင့် ဟယ်ရှားရှန့်တို့ပင် ဖြစ်သည်။


တကယ်တော့ ဆောင်းဦးမှာမွေးသည့် ဟယ်ချွန်းရှန့်နှင့်မတူသောအချက်မှာ ဟယ်ရှားရှန့်နှင့် ဟယ်ချိုးရှန့်တို့ကတော့ သူတို့၏နာမည်အတိုင်း နွေဦးနှင့်ဆောင်းရာသီမှာ မွေးဖွားခြင်းမဟုတ်ပေ။ သူတို့ကို ယခုလိုအမည်ပေးထားသည်မှာ နားထောင်ရအဆင်ပြေပြီး မှတ်ရလွယ်သောကြောင့်ပင်။


ဟယ်ချွန်းရှန့်နှင့် ဟယ်ရှားရှန့်တို့က ဟယ်ချိုးရှန့်ကို တကယ်ချစ်ကြသည်။ မိသားစုမှာ ငွေကြေးချို့တဲ့သဖြင့် သူတို့ လက်မထပ်နိုင်တာတောင် သူ့ကို တင်တောင်းကြေးအမြောက်အမြားနှင့် လဲလှယ်ဖို့ စိတ်ကူးမရှိခဲ့ချေ။


ဤတစ်ခေါက် ဟယ်ချိုးရှန့်သည် လျူဟိုင်ထုန်ဆီ အဖမ်းခံလိုက်ရသည်ဖြစ်ရာ သူတို့လည်း သဘာဝကျကျပင် စိုးရိမ်ပူပန်သွားရသည်။ ရွာသူရွာသားများက သူ့ကိုကယ်ပေးဖို့ရာ သူတို့မျှော်လင့်သော်လည်း ၎င်းမှာ ဖြစ်နိုင်ခြေမရှိကြောင်းကိုလည်း သူတို့သိသည်။ ထိုအချိန်မှာ သူတို့နှစ်ယောက်လုံး ကြံရာမရဖြစ်နေရသည်။ ဟယ်ချိုးရှန့်တစ်ယောက် ဖမ်းခံလိုက်ရပြီဟု ထင်နေသော်လည်း သူတို့ အဝေးကိုထွက်ပြေးသွားရမှာကိုလည်း မလိုလားပေ။ အဆုံးမှာတော့ အခြေအနေသည် သူတို့ထင်ထားတာနှင့် ကွဲပြားနေ၏။ အကြီးဆုံးကျန်းက လျူဟိုင်ထုန်ကို ဝါးလုံးတစ်ချောင်းနှင့် အလဲထိုးလိုက်လေသည်။


ကျန်းကျန့်က လျူဟိုင်ထုန်၏ရင်ဘတ်ကို ခြေထောက်နှင့်တက်ဖိထားကာ ဝါးလုံးတုတ်ကို လက်ပြောင်းကိုင်လိုက်ပြီး သူ့ဘေးမှာရှိနေသော လျူဟိုင်ထုန်၏ညီနှစ်ယောက်ကို သရော်ပြုံးပြုံးလျက် ကြည့်လိုက်သည်။