အပိုင်း၆၀
Viewers 21k

Chapter 60

Chapter 60




"မင်းတို့ နယ်ကျော်မလာသင့်ဘူးဆိုတာ နားမလည်ဘူးလား။ ဒီဟယ်ရှီရွာက ငါ့ပိုင်နက်ပဲ။ မင်းတို့ ငါ့ပိုင်နက်ထဲမှာ လူတစ်ယောက်ကို ပြန်ပေးဆွဲဖို့ကြိုးစားရင် မင်းတို့ ငါ့ကိုဂရုမစိုက်ဘူးဆိုတဲ့သဘောပဲ"


ဟယ်ချွန်းရှန့်သည် ကျန်းကျန့်တစ်ယောက် လူတွေကိုရိုက်နှက်ဆုံးမသည့်မြင်ကွင်းကို ယခင်က မြင်ဖူးခဲ့သည်။ နောက်တော့ သူသည် ကျန်းကျန့်က ကြောက်ဖို့ကောင်းလှသည်ဟု ထင်ခဲ့သည်။ သို့သော် ယခုမှာတော့ ကျန်းကျန့်က သည့်ထက်ပိုပြီး ထည်ဝါစရာတောင်မရှိတော့ဘူးဟု ထင်လာမိသည်။ သို့သော် သူ ချက်ချင်းအသိပြန်ဝင်လာပြီးနောက်မှာ သူ့ညီငယ်လေးကို မြင်လိုက်ရသည်။ ဟယ်ချိုးရှန့်က မြစ်ထဲမှာ စိုရွှဲနေသည့်ခန္ဓာကိုယ်ဖြင့် မတ်တတ်ရပ်ပြီး ကြက်သေသေနေရှာသည်။


ဟယ်ချိုးရှန့် မြစ်ထဲကို ခုန်ချသွားသည့်အကြောင်းပြောရာ၌ ပုံမှန်မြစ်တစ်စင်းက ဘယ်လိုပုံစံလဲဆိုတာကိုလည်း ထည့်တွက်သင့်သည်။


ကမ်းစပ်နှင့်နီးသောနေရာသည် လျှော်ဖွပ်ဖို့၊ ကျောက်ဆူးချဖို့အတွက် အထူးတလည်တူးထုတ်ထားတာမျိုး မရှိသရွေ့တော့ ထိုနေရာသည် ရေတိမ်တိမ်လေးသာ ဖြစ်၏။ ဟယ်ရှီရွာမှာရှိသော မြစ်ပြင်သည် ရေလယ်ပိုင်းမှာ နှစ်မီတာမျှနက်သည်ဟု ဆိုနိုင်သည်။ သို့သော် မြစ်ပြင်ကြီး၏ဘေးတစ်ဖက်တစ်ချက်စီကတော့ အလွန်တိမ်ပြီး ရေနစ်နိုင်ခြေကလည်း အလွန်နည်းပါးသည်။


ယခုဆိုလျှင် ဟယ်ချိုးရှန့်သည် မြစ်ထဲမှာ တစ်မီတာကျော်အထိ နစ်မြုပ်နေချေပြီ။ ရေကလည်း သူ့ခါးနားလောက်သာ ရောက်သေးသည်။ ထိုအချိန်မှာ ဟယ်ချိုးရှန့်ခမျာ အလွန်အံ့အားသင့်သွားရသည်။ သူသည် သေဖို့အထိ စိတ်ကိုအဆင်သင့်ပြင်ထားပြီးဖြစ်သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် သူ အစွမ်းကြီးလှပါသည်ဟု တွေးထားခဲ့သော လျူဟိုင်ထုန်က မြေပေါ်မှာ လဲကျသွားရလေသည်။


"အစ်ကိုကြီး မင်း ဘာလုပ်နေတာလဲ"


လျူဟိုင်ထုန်သည် ဤအခိုက်အတန့်လေးမှာ ကျန်းကျန့်ကို အလွန်မုန်းတီးနေမိသော်လည်း သူသည် ရှုံးနိမ့်သွားရပြီးဖြစ်၏။ ထို့ကြောင့် သူ အံတင်းတင်းကြိတ်ပြီးတော့သာ မေးလိုက်ရသည်။


"ဟယ်ရှီရွာက ကျန်းကျန့်"


ကျန်းကျန့်သည် လျူဟိုင်ထုန်၏ရင်ဘတ်ကို သူ့​ခြေထောက်ဖြင့် အကြိမ်ရေမနည်းဖိနင်းလိုက်သည်။


"မင်းရဲ့ဖြုတ်ဦးနှောက်လေးကိုသာ သုံးတတ်ခဲ့မယ်ဆိုရင် မင်း ငါ့ကို လာရန်စရဲမှာမဟုတ်ဘူး။ ငါ မင်းအကြောင်းကို ဂရုမစိုက်ဘူး။ မင်းသာ ဦးနှောက်ရှိရင် ငါ့ကိုလာရန်မစသင့်တဲ့အကြောင်း သိရမှာပေါ့"


ကျန်းကျန့်၏စကားများကိုကြားပြီးနောက် လျူဟိုင်ထုန် ကြက်သေသေသွားရသည်။ သာမန်ရွာသားတွေကတော့ မြင်နိုင်မှာမဟုတ်ပေမဲ့ ယခုလေးတင် ကျန်းကျန့်နှင့် သူတိုက်ခိုက်နေခဲ့သည့်အချိန်တုန်းက တစ်ဖက်လူသည် သူ့ထက်ပင် ပို၍အကြင်နာကင်းမဲ့ပြီး ရက်စက်သူဖြစ်ကြောင်း ခံစားမိလိုက်သည်။ ထိုသို့မှမဟုတ်လျှင် ထိုလူက သူ့တိုက်ခိုက်ရေးနည်းလမ်းများနှင့် ဘယ်လိုလုပ်ရင်းနှီးနေပါ့မလဲ။ ထို့ပြင် ကျန်းကျန့်သည် လူသတ်ခဲ့ဖူးပြီး သွေးလည်းစွန်းခဲ့ဖူးပြီးလေပြီ။ လျူဟိုင်ထုန် ကျန်းကျန့်ကို အလွန်မုန်းတီးလှသော်လည်း ဤအခြေအနေနှင့်ပတ်သက်ပြီး သူ့ဘက်က မသေချာသေးချေ။ ထိုကဲ့သို့သောလူမျိုးကိုလည်း သူ မဆန့်ကျင်ရဲပါ။


သူခေါ်ထားသောကိုယ်လုပ်တော်များအပါအဝင် တစ်ပါးသူတို့၏အသက်ကို အလေးမထားဘူးဆိုသော်ငြား သူသည် သူ့ဇနီး၊ကလေးများ၊မိဘနှစ်ပါးနှင့် ညီအစ်ကိုများကိုတော့ ဂရုစိုက်သေးသည်။ ထို့ကြောင့် သူ့မိသားစုကို အန္တရာယ်ပေးနိုင်သော ရွာအပြင်ဘက်ရှိ အကြင်နာမဲ့ရက်စက်ကြမ်းတမ်းသူများအား ဆန့်ကျင်မိမှာကို သူကြောက်သည်။


"ကျန်းကျန့် ဟုတ်တယ်မလား။ ဒီတစ်ခေါက်တော့ ငါမှတ်ထားလိုက်မယ်"


လျူဟိုင်ထုန်က မည်းမှောင်နေသောမျက်နှာဖြင့်ပြော၏။


"မင်း ငါ့ကိုသွားခွင့်ပေးရင် ဒီကောကိုဖမ်းဖို့ ထပ်မကြိုးစားတော့ဘူး"


ကျန်းကျန့်က သူ့ကို လူမြင်ကွင်းမှာ သတ်ရဲလိမ့်မည်မဟုတ်ကြောင်း သူ အခိုင်အမာယုံကြည်ထားသည်။ ကျန်းကျန့်က တကယ်လည်း မလုပ်ခဲ့ပါ။


ကျန်းကျန့်က လျူဟိုင်ထုန်ကို သွားခွင့်ပေးလိုက်သည်။ လျူဟိုင်ထုန်၏ညီနှစ်ယောက်ကလည်း သူ့ကို ထူမပေးကြသည်။


"ဒီကောကို မင်းလိုချင်ရင် ငါ မင်းကိုပေးမယ်။ ငါ့မှာ ဒီတစ်ယောက်ထက်ပိုကောင်းတဲ့လူတွေ ရှိသေးတယ်။ ဒါပေမဲ့ ငါပြန်လာတဲ့အခါ အကြွေးပြန်ဆပ်ဖို့တော့ ကြိုသတိပေးထားလိုက်မယ်"


ကျန်းကျန့်က သူ့ကို မတားခဲ့ပေ။ ဟယ်မျိုးရိုးအဖေသည် လျူဟိုင်ထုန်ဆီမှာ အကြွေးအမြောက်အမြားတင်နေတာ အမှန်ပင်။ သဘာဝကျကျပင် သူ အကြွေးပြန်ဆပ်ရပေလိမ့်မည်ဖြစ်ရာ သူ ဂရုစိုက်စရာမလိုတော့ပေ။ အရေးကြီးဆုံးအချက်ကတော့ သူသည် လက်ထပ်တော့မှာဖြစ်သည့်အတွက် ဤအချိန်အတွင်းမှာ လျူမိသားစုဝင်အမြောက်အမြားအား ဆန့်ကျင်မိပြီး ပြဿနာများမှာကို မလိုလားချေ။ သို့သော် နောက်ပိုင်းမှာတော့ သူ ဤလျူဟိုင်ထုန်ကို ရှင်းပစ်တာ ပိုကောင်းပေလိမ့်မည်။ မဟုတ်လျှင် သူသည် လွယ်လင့်တကူကိုင်တွယ်၍မရလောက်အောင် ဖြစ်လာလိမ့်မည်။


ကျန်းကျန့်သည် သူကိုင်ထားသော ဝါးလုံးတုတ်ကို ပစ်ချလိုက်ပြီး သူ့ပစ္စည်းများကို သွားကောက်တော့မည့်ဆဲဆဲ ကျောက်ကျင်းကောက အပြုံးလေးတစ်ပွင့်ဆင်မြန်းရင်း သူ့အနား ချဉ်းကပ်လာတာ မြင်လိုက်ရသည်။ သူ ကျောက်ကျင်းကောကို မတွေ့ရတာ လဝက်ကျော်ကျော်ပင် ရှိနေပြီဖြစ်သောကြောင့် သူ့ကို တကယ်လွမ်းလွန်းလှသည်။


ကျန်းကျန့်က ပျော်ရွှင်နေသော်လည်း ကျောက်ကျင်းကောကတော့ ယခုအချိန်မှာ စိုးရိမ်ကြောင့်ကြမှုများဖြင့် ပြည့်နှက်နေလေသည်။ သူရောက်လာတာ တော်တော်နောက်ကျသွားသည်။ သူလည်း ရောက်ရော ကျန်းကျန့်က လျူဟိုင်ထုန်ကိုတောင် လွှတ်ပေးပြီးသွားလေပြီ။ ထို့နောက် သူ လျူဟိုင်ထုန် မပြန်ခင်ပြောသွားသော စကားများကိုလည်း ကြားလိုက်ရသည်။ လျူဟိုင်ထုန်နှင့် တစ်ဖက်လူ၏အသွင်အပြင်ကိုကြည့်လိုက်ပြီးနောက် မြစ်ထဲမှာ မတ်တတ်ရပ်နေဆဲဖြစ်သော ဟယ်ချိုးရှန့်ကိုလည်း ကြည့်လိုက်မိသည်။ ကျောက်ကျင်းကောခမျာ သူ့အဝတ်အစားများကို ဆုပ်ချေမိနေပြီး မလွယ်ကူသလို ခံစားနေရသည်။


ကျန်းကျန့် ပြန်ရောက်လာသည့်သတင်းကို သူကြားကြားချင်း ပြေးထွက်လာခဲ့ရသည့်အတွက် သူ ဘာပုံစံပေါက်နေသလဲဆိုတာတောင် ဂရုမစိုက်နိုင်ခဲ့ပေ။ ယခုတော့ အလုပ်ထဲမှာ သူဝတ်နေကျ အဝတ်ခပ်နွမ်းနွမ်းများကိုသာ ဝတ်ဆင်ထားမိလျက်သား ဖြစ်နေပြီး ချွေးနံ့များကလည်း နံဟောင်နေသေးသည်။ ဟယ်ချိုးရှန့်နှင့်နှိုင်းယှဉ်ပါက သူသည် ရုပ်ဆိုးပြီး နံဟောင်နေကာ ကြည့်ချင်စရာတောင်မရှိ။ ထိုမျှသာမက သူ့လက်ပေါ်မှာဆိုလျှင် ပြာမှုန်များ ပေကျံနေသေး၏။


ကျောက်ကျင်းကောခမျာ အလွန်အမင်းရှက်ရွံ့ပြီး ထိတ်လန့်နေရှာသည်။ ဤမိသားစု၏ပြဿနာကို သူသိသည်။ ယခု ကျန်းကျန့်က လျူဟိုင်ထုန်၏လက်ထဲမှ ဟယ်ချိုးရှန့်ကို ကယ်လိုက်သည်ဖြစ်ရာ ထိုလူက ကျန်းကျန့်၏အပိုင် ဖြစ်လာလေမလား။ ကျောက်ကျင်းကောခမျာ ထိုသို့မတွေးဘဲမနေနိုင်ချေ။ ဟယ်ရှီရွာရှိတခြားလူများကလည်း အလားတူပင်။


နောက်ဆုံးတစ်ခေါက် ကျန်းကျန့် အပြင်ကပြန်လာတုန်းကလည်း တစ်စုံတစ်ယောက်က ကျောက်ကျင်းကောကို အနိုင်ကျင့်နေခဲ့သည်။ ထို့ကြောင့် သူက ကျောက်ကျင်းကောကို ကယ်တင်ခဲ့ပြီး ကျောက်ကျင်းကောက သူ့လူဟု ​ကြေညာခဲ့သည်။


ဤတစ်ခေါက်မှာလည်း နောက်ဆုံးတစ်ခေါက်ကအဖြစ်နှင့် ဘယ်လောက်ဆင်တူလိုက်သလဲ။ သူက ကျောက်ကျင်းကောလို ရုပ်ဆိုးဆိုးကောတစ်ယောက်ကို ကယ်လိုက်တာတောင် မဟုတ်ပေ။ ဟယ်ချိုးရှန့်ဟူသော လှလှပပကောတစ်ယောက်သာ ဖြစ်၏။


ကျန်းကျန့်သည် လျူဟိုင်ထုန်ကိုနှိမ်နင်းပြီး ဟယ်ချိုးရှန့်ကို ကယ်တင်ခဲ့သည်။ ဟယ်မိသားစုကလည်း ဟယ်ချိုးရှန့်အား လျူဟိုင်ထုန်နှင့် လက်မထပ်စေချင်ပါ။ ထို့ကြောင့် သူတို့က ဟယ်ချိုးရှန့်ကို ကျန်းကျန့်အား ပေးလိုက်နိုင်သည်။ မည်သို့ပင်ဖြစ်စေ တခြားလူများက လျူဟိုင်ထုန်ကိုဆန့်ကျင်မိမှာစိုးသည့်အတွက် သူ့ကို လက်မထပ်ရဲကြချေ။ ထိုအကြောင်းကိုတွေးကြည့်လျှင် ကျန်းကျန့်မှာ ဆိုးဝါးသောဂုဏ်သတင်းမျိုး ရှိသော်ငြား လျူဟိုင်ထုန်ထက်တော့ ပိုသာသေးသည်။ ထို့ပြင် သူက ယခုထိလက်မထပ်ရသေးသလို ဟယ်ချိုးရှန့်ကလည်း သိပ်မငယ်တော့ပါ။ သေချာပေါက်ကတော့ တခြားလူများအတွက် နေရာမရှိပေ။ ကျန်းကျန့်သာ ဟယ်ချိုးရှန့်ကို ချစ်ကျွမ်းဝင်သွားလျှင် သူ့မိသားစုကလည်း ခုခံနိုင်မှာမဟုတ်။


"ဒီတစ်ခေါက် ကျန်းကျန့်က ပစ္စည်းတွေအများကြိးပြန်သယ်လာတာကွ။ အဲ့ဒါတွေအကုန်လုံးကလည်း အရမ်းအဖိုးတန်မဲ့ပုံပဲ။ သူ့ကိုလက်ထပ်ရတာ ဟယ်ချိုးရှန့်အတွက် အရှုံးမရှိပါဘူး"


"ဒီတစ်ခေါက်တော့ ကျန်းကျန့်က ဟယ်ချိုးရှန့်ကိုစိတ်ဝင်စားနေတာများလား"


"ငါသာဆိုရင်လည်း ကျောက်ကျင်းကောကို ဘယ်ရွေးမလဲ။ ဟယ်ချိုးရှန့်ကိုပဲ ရွေးမှာပေါ့"


"အရင်တုန်းက ကျောက်မိသားစုက လက်ထပ်ဖို့အကြောင်း တွေးနေကြတာ။ ဒါပေမဲ့ ကြည့်ရတာ အခုတော့ ကျန်းကျန့်က သူတို့မိသားစုကို မကြိုက်လောက်တော့ဘူး"


ကျောက်ကျင်းကောအကြောင်း တီးတိုးပြောဆိုနေသူအများအပြား ရှိနေလေသည်။ ကျောက်ကျင်းကောမှာ မတတ်သာဘဲ ခေါင်းကိုသာငုံ့ထားမိသည်။ တကယ်တော့ ရွာသူရွာသားတွေသာ ယခုလိုတွေးနေတာမဟုတ်။ ဟယ်မိသားစု၏ညီအစ်ကိုသုံးယောက်ကလည်း အတွေးတူနေသည်သာ။ လျူဟိုင်ထုန်နှင့်တိုက်ခိုက်ဖို့ ကျန်းကျန့်ဆန္ဒရှိနေတာက သူ ဟယ်ချိုးရှန့်ကို စိတ်ဝင်စားသွားခြင်းကြောင့် ဖြစ်နိုင်သည်။


ဟယ်ချွန်းရှန့်နှင့် ဟယ်ရှားရှန့်တို့မှာ လက်သီးကို တင်းတင်းဆုပ်ထားမိပြီး တစ်မျိုးတစ်မည်ဝမ်းနည်းသလို ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ဟယ်ချိုးရှန့်ကလည်း မြစ်ထဲမှ ပြန်တက်လာပြီဖြစ်၏။


ယခင်က သူ ကျန်းကျန့်ကို အနည်းငယ်မျှကြောက်ခဲ့မိသည်။ သို့သော် ထိုအကြောက်တရားက လျူဟိုင်ထုန်အပေါ်ထားသော အကြောက်တရားနှင့်မယှဉ်သာပေ။ အဆုံးမှာတော့ လျူဟိုင်ထုန်က သူ့ကို ရိုက်နှက်လေ့ရှိသည်။ ကျန်းကျန့်ကတော့ တခြားလူတွေကို ရိုက်နှက်ဆုံးမနေတာ သူမတွေ့ဖူးပေ။ ထို့ပြင် ယခုလေးတင် သူ့ကို ဘယ်သူကမှ ကယ်တင်ပေးလိုစိတ်မရှိကြပေ။ သူ့ကို သဘောကျလှသည်ဟုပြောဖူးသောလူများကလည်း လက်ရှောင်နေခဲ့ကြသည်။ သို့သော် ကျန်းကျန့်ကတော့ သူ့ကို ကယ်တင်ခဲ့သည်။ ထို့အတွက် သူ့မှာ ကျန်းကျန့်အပေါ် မတူညီသောခံစားချက်များ ပေါက်ဖွားလာလေသည်။ အကယ်၍ ကျန်းကျန့်သာ သူ့ကိုသဘောကျလျှင်...။ တကယ်တမ်းတော့ ကျန်းကျန့်က လျူဟိုင်ထုန်ထက် အများကြီးပိုကောင်းသည်။


"မင်္ဂလာပါ အကြီးဆုံးကျန်း..."


ဟယ်ချိုးရှန့်က စကားစလိုက်သည်။


"ကျင်းကော"


သို့သော် ကျန်းကျန့်က ကျောက်ကျင်းကော၏နံဘေးသို့ ရောက်သွားပြီးဖြစ်၏။


ကျောက်ကျင်းကောကို သူနောက်ဆုံးတွေ့ခဲ့တာ အတော်ကြာသွားလေပြီ။ ထို့ကြောင့် သူ့ကို အလွန်တရာနမ်းရှိုက်ချင်လှသော်လည်း လူတွေအများကြီးရှိနေသည့်အတွက် ကျန်းကျန့် သက်ပြင်းသာချလိုက်ရသည်။ အဆုံးမှာတော့ သူ ကျောက်ကျင်းကော၏လက်ကလေးကိုသာ ဆုပ်ကိုင်လိုက်ပြီး အခေါက်ပေါင်းများစွာ ကြင်နာစွာထွေးပိုက်ထားရင်း မေးလေသည်။


"မင်း ကိုယ့်ကိုလွမ်းလား"


ကျောက်ကျင်းကောက သူ့ခေါင်းကို ရုတ်ခြည်းမော့လိုက်ပြီးနောက် သူ့အား အပြုံးတစ်ပွင့်ဖြင့် ကြည့်နေသောကျန်းကျန့်ကို တွေ့လိုက်ရသည်။ သူသည် ကမ်းစပ်ပေါ်ကိုတက်လာသော ဟယ်ချိုးရှန့်ကို လျစ်လျူရှုထားပြီး သူ့ကိုသာ ခေါ်နေလေသည်။ ယခင်ကသာဆိုလျှင် သူသည် ဘာမှပြန်ပြောနိုင်မှာမဟုတ်သော်လည်း ယခုတော့ ကျောက်ကျင်းကောက တီးတိုးဆိုလိုက်၏။


"လွမ်းတယ်"


သူလည်း ကျန်းကျန့်၏လက်ကို ပြန်လည်ဆုပ်ကိုင်လိုက်သည်။


သူ့လက်ထဲမှာရှိသည့်ခွန်အားကိုခံစားမိရင်း ကျန်းကျန့်ခမျာ ကျောက်ကျင်းကော၏လက်ဖဝါးလေးကို ဆွဲယူကာ နမ်းရှိုက်ချင်မိသည်။ သို့သော် သူ့ကိုယ်သူထိန်းချုပ်ပြီး ပြောလိုက်သည်။


"ကျင်းကော ကိုယ် မင်းအတွက် ဖုချောင်ကနေ ပစ္စည်းတချို့ဝယ်လာတယ်။ အဲ့ဒါတွေကိုယူပြီး အိမ်ပြန်ရအောင်။ မင်းအတွက် လက်ဆောင်လည်း ပါလာသေးတယ်"


သူက ပြောလည်းပြော၊ ကျောက်ကျင်းကောကိုလည်း မြစ်နားသို့ ဆွဲခေါ်သွားသည်။ အေးစက်မာကျောသည့် သူ့အမူအရာကတော့ ပျော့ပျောင်းသွားပြီဖြစ်၏။


ထိုအခိုက်အတန့်လေးမှာ ပတ်ပတ်လည်ရှိလူများ ကြက်သေသေသွားရရှာသည်။ ဤအခြေအနေမှာ သူတို့ထင်ထားတာနှင့် တစ်ခြားစီပင်။ ကျန်းကျန့်က မမျှော်လင့်ထားဘဲ ဟယ်ချိုးရှန့်ကိုလျစ်လျူရှုကာ ကျောက်ကျင်းကော၏လက်ကို ဆုပ်ကိုင်ထား၏။


ကျောက်လျူကြွားနေတာတွေက အလိမ်အညာ မဟုတ်ဘူးပေါ့။ တကယ်များလား။


ကျန်းကျန့်က သူ(မ)၏ကျင်းကောကို လက်ထပ်ခွင့်တောင်းဖို့ အိမ်ကိုရောက်လာလိမ့်မည်ဟု အမြဲတမ်း လေးလေးနက်နက်ပြောနေခဲ့ပြီး ကျန်းကျန့်က ကျင်းကောအပေါ် ဘယ်လောက်တောင်ကောင်းကြောင်းကိုလည်း တတွတ်တွတ်ပြောနေခဲ့သည်။ သို့သော် ဘယ်သူကမှ သူ(မ)ကို မယုံကြပေ။


တကယ်တော့ ကျောက်ကျင်းကောသည် ယောက်ျားတစ်ယောက်နှင့် တူနေသောကြောင့်ပင်။ အကယ်၍ ကျောက်ကျင်းကောက အလုပ်လုပ်နိုင်သောကြောင့် ကျန်းကျန့်က သူ့ကိုလိုချင်သည်ဟု ပြောလျှင်တောင် သူတို့ ယုံချင်ယုံဦးမည်။ သို့သော် ကျန်းကျန့်က ကျောက်ကျင်းကောအပေါ် သံယောဇဉ်တွယ်နေပေသည်။ ဘယ်လိုများ ဖြစ်နိုင်မှာတဲ့လဲ။


ကျောက်လျူတစ်ယောက် ပေါက်ကရတွေပြောနေသည်ဟုသာ သူတို့ အမြဲထင်ခဲ့ကြသည်။ ကျန်းကျန့်က ဟယ်ချိုးရှန့်ကိုကယ်တင်ပြီး လျူဟိုင်ထုန်ကို နှိမ်နင်းလိုက်တာကို သူတို့မြင်သောအခါ ကျန်းကျန့်က ဟယ်ချိုးရှန့်ကို စိတ်ဝင်စားသည်ဟူသော အများကယုံကြည်လက်ခံနေကြသည့်စကားကို ပို၍ပင်လက်ခံလာသည်။ ထိုခဏမှာ ကျောက်မိသားစုအပေါ်ထားသော လူအများ၏ကရုဏာစိတ်မှာ အထွတ်အထိပ်ကို ရောက်သွားရပြီး လူတိုင်းကလည်း ကျောက်မိသားစုကို သနားလာကြသည်။ တကယ်တမ်းတော့ သူတို့ထဲကအချို့လူများသည် ကျောက်မိသားစု၏အဖြစ်ကို ဝမ်းမြောက်ဝမ်းသာဖြစ်နေကြသည်။ သူတို့ထင်ခဲ့သည်မှာ ဤအဖြစ်ကြောင့် ကျောက်မိသားစုတော့ ကျန်းကျန့်ဆီက ပထုတ်ခံလိုက်ရပြီဟုသာ။


သို့သော် အဆုံးသတ်ရလဒ်ကတော့ လူတိုင်းကို အံ့အားသင့်သွားစေသည်။


ကျန်းကျန့်က ဟယ်ချိုးရှန့်ကိုကယ်တင်ပြီးနောက်မှာတောင် သူ့ကို အကြည့်တစ်ချက်မှ မပေးပေ။ သူ့အကြည့်များက ဖြူဖပ်ဖြူရော်ဖြစ်နေသော ကျောက်ကျင်းကောဆီမှာသာ မြဲမြံနေ၏။


သူ မျက်လုံးတော့ ကောင်းသေးတယ်မဟုတ်လား။


ထို့ပြင် အမြဲလိုလို ကြမ်းတမ်းခက်ထန်နေတတ်သော ကျန်းကျန့်သည် ကျောက်ကျင်းကောကို ငေးကြည့်နေချိန်မှာတော့ နူးညံ့မှုအတိပြီး၏။


ကျန်းကျန့်က ပစ္စည်းတွေအများကြီး ယူလာခဲ့ခြင်းပင်။ ကုန်ပစ္စည်းတွေကြားမှာ ပင်လယ်ဓားပြများထံမှ သူ လုယူလာသော ကြွေထည်အမြောက်အမြားလည်း ရှိနေသည်။ ကြွေထည်ပန်းကန်များသည် သာမန်ရွာသားများ ဝယ်ဖို့ မတတ်နိုင်လောက်အောင် အလွန်လက်ရာမြောက်လွန်းလှသည်။ ထို့ကြောင့် သူ ထိုကြွေထည်များကို မရောင်းပါ။ အကုန်လုံးကို သူသိမ်းထားပြီး ဖုချောင်ကဝယ်လာသမျှ အစားအသောက်တွေကိုပါ သိမ်းထားမည်ဖြစ်၏။ လှေပေါ်မှာ ငွေစရာနှင့်ချီ၍ပေးခဲ့ရသော ကုန်ပစ္စည်းများကိုတော့ ရောင်းလို့ရနိုင်ကြောင်း သူ အကြည့်တစ်ချက်နှင့်ပင် သိလိုက်သည်။


ကျောက်ကျင်းကောသည် ထိုပစ္စည်းများကိုမြင်တော့ အံ့သြသွားရသည်။ ကျန်းကျန့်က သူ့ကို မင်္ဂလာဦးတင်တောင်းငွေ ပေးထားပြီးဖြစ်သဖြင့် ကျန်းကျန့်မှာ ငွေများများစားစားမရှိမှန်း သူသိသည်။ ယခုတော့ ကျန်းကျန့်က တစ်ခေါက်တည်းနှင့် သည်လောက်ပစ္စည်းအများကြီး ဝယ်ချလာသည်။ သူ့မှာရှိသမျှပိုက်ဆံအကုန် သုံးပစ်လိုက်တာမဟုတ်လား။


သို့သော် သူ ကုန်ပစ္စည်းများကိုသယ်ပြီး ပြန်လာခဲ့သည်။ နောက်ပိုင်းမှာ သူ ထိုပစ္စည်းများကိုပြန်ရောင်းလျှင် ငွေဆုံးရှုံးစရာမရှိ။


"ဒီတစ်ခေါက် ကိုယ်ငွေတော်တော်များများရခဲ့တယ်။ ဒါကြောင့် စားဖို့အတွက် စားစရာတွေကို နည်းနည်းလောက်ဝယ်လာခဲ့တာ"


ကျန်းကျန့်က ရှင်းပြလေသည်။


"အမ်း"


ကျောက်ကျင်းကောက ပြန်ဖြေလိုက်ပြီးနောက် သူ့နှုတ်ခမ်းထောင့်စွန်းများကလည်း မနေနိုင်ဘဲ ကော့ညွတ်သွားရသည်။ မတိုင်ခင်က သူ၏စိုးရိမ်ပူပန်မှုများကလည်း ကျန်းကျန့် သူ့လက်ကိုဆုပ်ကိုင်ထားလိုက်ချိန်မှာ လုံးဝလွင့်စင်သွားလေတော့သည်။ ယခုတော့ သူသည် သူတို့ဘေးပတ်လည်ရှိလူများ၏ မယုံကြည်နိုင်ဟန်မျက်ဝန်းများကို ရင်ဆိုင်နေရသဖြင့် သူ့နှလုံးသားလေးကလည်း ပျော်ရွှင်ကျေနပ်နေတော့သည်။ သူ့စိတ်နေစိတ်ထားက တစ်ခုခုတော့မှားယွင်းနေမှန်း သူသိသော်လည်း မထိန်းချုပ်နိုင်ပေ။


"