အပိုင်း၆၁
Viewers 24k

Chapter 61

Chapter 61



အကြီးဆုံးကျန်း"


ကမ်းပေါ်ကို ပြန်တက်လာပြီဖြစ်သော ဟယ်ချိုးရှန့်က ကျန်းကျန့်ကို ထပ်အော်ခေါ်လာပြီး အနားကိုရောက်လာလေသည်။


"ဘာကိစ္စလဲ"


ဟယ်ချိုးရှန့်က ထိတ်လန့်နေသော သူ၏စိတ်အစဉ်ကို တည်ငြိမ်အောင်လုပ်ပြီး ကျန်းကျန့်ကိုကြည့်လိုက်သည်။ ခဏမျှရပ်တန့်နေပြီးနောက် သူ ပြောလိုက်သည်။


"ကျွန်တော့်ကိုကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"


ထိုစကားကိုပြောနေသည့်အချိန် ဟယ်ချိုးရှန်း၏အသွင်အပြင်မှာ အလွန်ကြည့်ကောင်းလှသည်။ မတိုင်ခင်က သူ နှစ်ချက်လောက်ပါးရိုက်ခံထားရသောကြောင့် သူ့မျက်နှာက အနည်းငယ်ဖူးရောင်နေပေသည်။ သို့သော် ၎င်းမှာ သူ့အသွင်အပြင်ကိုမထိခိုက်စေဘဲ ပို၍ပင် သနားချင့်စဖွယ်ကောင်းသွားသေး၏။ စိုစွတ်စွတ်အဝတ်အစားတွေက သူ့ကောက်ကြောင်းကိုပေါ်လွင်စေပြီး ဖြူဖွေးဖွေးလည်တိုင်လေးနှင့် လိုက်ဖက်သွားစေသည်။


သေချာတာကတော့ ထိုအရာသည် ဟယ်ရှီရွာရှိ အခြားလူများအပေါ်တွင်သာ အလုပ်ဖြစ်သည်။ ကျန်းကျန့်အတွက်တော့ ၎င်းသည် ပြင်းထန်သောနှိပ်စက်မှုဒဏ်ကို ခံစားခဲ့ရသည့် ပုံမှန်ဆန်သောကိစ္စလေးဖြစ်ပြီး သနားသည့်စိတ်မှလွဲ၍ အခြားမရှိပေ။ 


"ငါ မင်းကိုမကယ်ထားပါဘူး။ အဲ့ဒီလူက ထပ်လာဦးမှာပဲ။ မင်း ပြဿနာတွေဖြေရှင်းဖို့ နည်းလမ်းရှာတာ ပိုကောင်းလိမ့်မယ်"


ဟယ်ချိုးရှန့်၏ဖခင်ဖြစ်သူမှာ ပြဿနာကောင်ဖြစ်၏။ သူ့မှာသာ ခုခံနိုင်စွမ်းရှိခဲ့လျှင် ထိုကဲ့သို့သောဖခင်မျိုးကို လုံးဝမျက်နှာသာပေးမှာမဟုတ်။ သို့သော် ၎င်းမှာ ဟယ်မိသားစုနှင့်သာဆိုင်သည်။ ဟယ်ချိုးရှန့်၏အမေနှင့် အစ်ကိုနှစ်ယောက် နှစ်ပေါင်းများစွာ ရှာထားသမျှငွေအားလုံးကလည်း သူ့အဖေဖြုန်းပစ်လိုက်ပြီဖြစ်၏။


ထိုသတိပေးချက်အဆုံးမှာတော့ ကျန်းကျန့်လည်း ဟယ်ချိုးရှန့်ကို ထပ်ပြီးအာရုံမစိုက်တော့ပေ။ သူ ကျောက်ကျင်းကောကို ကြည့်လိုက်၏။


"ကိုယ်တို့ ပြန်ကြမလား"


ကျန်းကျန့်က ဝမ်ဟိုင်ရှန်းအား လှေနှင့်ကုန်ပစ္စည်းများကိုကြည့်ထားရန် မှာခဲ့ပြီးနောက် ကုန်စည်နှစ်ခုကိုကောက်မကာ ပိုပေါ့ပါးသောတစ်ခုကို ကျောက်ကျင်းကောအား ပေးလိုက်ပြီး ပိုလေးလံသောတစ်ခုကိုတော့ သူ့နောက်ကျောပေါ်မှာ ထမ်းလိုက်၏။ ထို့နောက် ကျောက်ကျင်းကောနှင့်အတူ လမ်းလျှောက်၍ အိမ်ပြန်လာခဲ့တော့သည်။


"ကျင်းကော ဒီနေ့ အလုပ်စောစောဆင်းတာလား"


"ကျင်းကော ကိုယ်တို့မင်္ဂလာပွဲအတွက် ပြင်ဆင်နေတာ အခြေအနေဘယ်လိုရှိလဲ"


"ကျင်းကော ခုတင်အသစ်တစ်လုံးရော မှာထားပြီးပြီလား"


လမ်းလျှောက်နေရင်း ကျန်းကျန့်က မေးခွန်းများမေးနေလေသည်။ ကျောက်ကျင်းကောကလည်း တစ်ခုချင်းစီကို ရိုးရိုးသားသားပြန်ဖြေပေးသည်။ တကယ်တမ်းတော့ ကျန်းကျန့် မေးခွန်းတွေမေးနေရသည့်အဓိကအကြောင်းအရင်းမှာ ကျောက်ကျင်းကောနှင့် စကားပြောချင်သောကြောင့်သာ။ သို့သော် ကျောက်ကျင်းကောကတော့ အလေးအနက်ထား၍ ပြန်ဖြေနေပေသည်။ ထို့ကြောင့် သူကိုယ်တိုင်လည်း လေးလေးနက်နက်ဖြစ်လာပြီး မင်္ဂလာပွဲအကြောင်း အာရုံတစိုက်မေးမြန်းပါတော့သည်။


လမ်းတစ်ဝက်ကိုရောက်တော့ ကျောက်လျူလိုက်လာတာနှင့် တိုး၏။ သူတို့ကို သူ(မ)မြင်သောအခါ ကျောက်လျူသည် သူ(မ)မျက်လုံးများမှေးမှိတ်သွားသည်အထိ ပြုံးနေချေသည်။


"ကျန်းကျန့် မင်းပြန်လာပြီပဲ။ မင်း ပြန်ရောက်လာတာ တကယ်ဝမ်းသာတယ်"


"အမေ"


ကျန်းကျန့်က ခေါ်လိုက်သည်။


ကျောက်လျူခမျာ ပျော်ရွှင်မှုကြောင့် လေထဲလွင့်မျောနေသလိုပင် ခံစားနေရသည်။ တစ်ဖက်မှာတော့ မြစ်ကမ်းနားတွင် ဝမ်ဟိုင်ရှန်းမှာ ဟယ်ရှီရွာသားများထံမှ ဝိုင်းရံခံထားရသည်။


"တံငါသည်ကြီး မင်းနဲ့ အကြီးဆုံးကျန်းက စီးပွါးရေးစပ်တူလုပ်နေကြတာလား"


တစ်စုံတစ်ယောက်က သိလိုစိတ်ပြင်းပြစွာ မေးလာသည်။


"မဟုတ်ပါဘူး။ ကျွန်တော်က သူဌေးအတွက် အလုပ်လုပ်ပေးနေရုံပါ"


ဝမ်ဟိုင်ရှန်း ပြုံးလိုက်မိသည်။


"အကြီးဆုံးကျန်းက ဘာစီးပွါးရေးတွေလုပ်နေတာလဲ။ သူ ငွေတွေရော တော်တော်ရလား"


တစ်စုံတစ်ယောက်က မေးပြန်၏။


"အမြတ်နည်းနည်းတော့ ရပါတယ်"


ဝမ်ဟိုင်ရှန်းက ပြုံးလျက်သာ ပြန်ဖြေသည်။ ထိုလူများက ထပ်မေးချင်ကြသော်ငြား ​မေးစရာစကားလုံးရှာမတွေ့တော့ပေ။


ပြောမပြသင့်သောအကြောင်းအရာတချို့ ရှိကြောင်း ကျန်းကျန့်က သူ့ကို သင်ပေးထားသည်။ တချို့လူတွေက ဝမ်ဟိုင်ရှန်းနားမှာ စုပြုံနေကြချိန်တွင် တချို့လူတွေကတော့ ဟယ်ချိုးရှန့်၏အခြေအနေကို စစ်ဆေးနေကြသည်။ ဟယ်ချိုးရှန့်ဆီကို သွားကြသောလူအများစုမှာ သူ့ကို ချစ်ခင်ကြင်နာကြသူများဖြစ်သည်။


သူတို့သည် လျူဟိုင်ထုန်က သူတို့အား ပစ်မှတ်ထားပြီး မိသားစုဝင်တွေကိုပါ ထိပါးလာမှာကိုကြောက်သဖြင့် မတိုင်ခင်က ရှေ့ထွက်မလာရဲခဲ့ကြပေ။


သို့သော် ယခုတော့ သူတို့ရောက်လာပြီး သူတို့၏စိုးရိမ်ပူပန်မှုကို ပြသလာကြတော့သည်။ မည်သို့ပင်ဖြစ်စေ ဟယ်ချိုးရှန့်ကတော့ သူတို့နှင့် လုံးဝမဆက်ဆံချင်တော့ပေ။ သူ ဟယ်ချွန်းရှန့်နှင့် ဟယ်ရှုံးရှန့်တို့ဆီကို လျှောက်သွားပြီး ​ခေါ်လိုက်သည်။


"အစ်ကို.."


ဟယ်ချွန်းရှန့်နှင့် ဟယ်ချိုးရှန့်တို့၏ပုံစံများကိုကြည့်ပြီး ဟယ်ချိုးရှန့်ခမျာ စတင်ငိုကြွေးလေတော့သည်။ သူတို့ ယခု ဘာလုပ်ရမလဲ။ သူတို့ဖခင် အသက်ရှိနေသရွေ့တော့ သူတို့၏ဘဝများ ငြိမ်းချမ်းနိုင်မှာမဟုတ်။


"ချိုးရှန့် အိမ်ကို အရင်ပြန်ကြတာပေါ့"


ဟယ်ချွန်းရှန်နှင့် ဟယ်ရှားရှန့်တို့က သူ့ညီကို ပြောလိုက်၏။ ကျန်းကျန့်က လျူဟိုင်ထုန်ကို မောင်းထုတ်လိုက်ပြီဆိုသော်ငြား ဟယ်ချိုးရှန့်သည် ယခုထိ မလုံခြုံသေးချေ။ တစ်နည်းဆိုရလျှင် ကျန်းကျန့်က ဘာလို့ ဒီအတိုင်းထွက်သွားရတာလဲ။


ကျန်းကျန့်က လျူဟိုင်ထုန်လိုမျိုး ဟယ်ချိုးရှန့်အား လုယူသွားမှာကို သူတို့စိုးရိမ်ခဲ့မိသည်။ ထို့ကြောင့် သူတို့ ကျန်းကျန့်နှင့် ဆွေးနွေးညှိနှိုင်းဖို့ပင် စီစဉ်ထားသည်။ သို့သော် အဆုံးမှာတော့ ကျန်းကျန့်က သူတို့ညီလေးကို အကြည့်တစ်ချက်တောင် မပေးပေ။ ဟယ်ချွန်းရှန့်နှင့် ဟယ်ရှားရှန့်တို့၏ခံစားချက်များမှာ ရှုပ်ထွေးသွားရလေသည်။


ကျန်းကျန့်နှင့် ကျောက်ကျင်းကောတို့မှာ လှေထဲမှာရှိသမျှကုန်ပစ္စည်းများကို ကျောက်မိသားစုနေအိမ်သို့ အကုန်သယ်ပို့ပြီးသည်အထိ အခေါက်ခေါက်အခါခါသွားလိုက်ပြန်လိုက်လုပ်နေခဲ့ရသည်။ သူတို့ သွားလိုက်ပြန်လိုက်လုပ်ရင်း အလုပ်ရှုပ်နေတုန်းမှာ သူတို့နှစ်ယောက်ကို အထူးအဆန်းလုပ်ကာ စိုက်ကြည့်နေကြသောရွာသူရွာသားများ ရှိနေလေသည်။ ရွာသားများမှာ ဤအခြေအနေကို ထူးဆန်းနေကြသည်။


ကျန်းကျန့်ထံမှ ပစ်မှတ်ထားခံနေရသော ကျောက်မိသားစုနှင့် ကျောက်ကျင်းကောကို သူတို့ အမြဲကရုဏာသက်နေခဲ့သည်။ ထို့ပြင် အနာဂတ်မှာ ကျောက်မိသားစု၏ဘဝသည် လွယ်ကူမှာမဟုတ်ဟု သူတို့ထင်ခဲ့သည်။ သို့သော် ယခုတော့ ကျောက်မိသားစု၏ဘဝက ဘယ်လိုများ ပိုခက်ခဲမှာတဲ့လဲ။ သူတို့ဘဝသည် ယခုကစပြီး ပိုမိုကောင်းမွန်လာတော့မှာပင်။


ကျန်းကျန့်က သည်လောက်ပစ္စည်းအများကြီးကို ကျောက်မိသားစုနေအိမ်သို့ တိုက်ရိုက်ပို့ပစ်လိုက်သည်။ ထို့ပြင် ကျန်းကျန့်မှာ ဘယ်လိုမျက်လုံးမျိုး ရှိသလဲတော့ သူတို့မသိ။ သို့သော် ကြည့်ရတာ သူ ကျောက်ကျင်းကောကို တကယ်မေတ္တာမျှနေပုံရ၏။ သူက ဟယ်ချိုးရှန့်ကိုတော့ တစ်ချက်မှမကြည့်ဘဲ ကျောက်ကျင်းကောကိုတော့ သဘောကျသတဲ့လေ။


ဟယ်ရှီရွာရှိလူများမှာ ကျန်းကျန့်၏စိတ်ကို နားမလည်နိုင်ပေ။ ထို့ပြင် ကျောက်ကျင်းကောတစ်ယောက် ကံကောင်းတာလား၊ ကံဆိုးတာလားဆိုတာတောင် သူတို့မခွဲခြားတတ်တော့ချေ။ ထို့နောက်မှာတော့ တစ်စုံတစ်ယောက်က တစ်စုံတစ်ရာကို အတွေးရောက်သွားသည်။


"ဒီအကြောင်းကိုပြောမှပဲ သတိရတယ်။ ကျန်းမိသားစုရဲ့ တတိယမြောက်သား မင်္ဂလာဆောင်တုန်းက အကြီးဆုံးကျန်း ရေထဲကျသွားသေးတယ်လေ။ အဲ့ဒီအချိန်တုန်းက ကျောက်ကျင်းကောကပဲ ရေထဲဆင်းပြီး သူ့ကိုကယ်ခဲ့တာ...."


"ကျန်းကျန့် သူ့နားမှာကပ်နေတာ ဒါကြောင့်များလား။ တကယ်အဲ့လိုသာဆိုရင် ကျန်းကျန့်က ကျေးဇူးသိတတ်တာပဲ"


ဤသည်မှာ လူ့သဘာဝပင်။ ထိုအကြောင်းကို ယခင်က သူတို့သတိမရကြပေ။ ထိုအချိန်တုန်းက အကြီးဆုံးကျန်း အသက်မဆုံးရှုံးခဲ့ရချေ။ ထို့ကြောင့် သူတို့လည်း ကယ်တင်ခံလိုက်ရသောအသက်တစ်ချောင်းအကြောင်း မတွေးမိခဲ့ခြင်းဖြစ်၏။


"ကျေးဇူးသိတတ်တယ် ဟုတ်လား။ ကျန်းကျန့်က အန္တရာယ်ကြီးထဲကို ရောက်နေတာကွ။ ကျန်းကျန့်က အဲ့ဒီလျူဟိုင်ထုန်ကို စော်ကားလိုက်တာ နောက်များကျရင် ဟယ်ရှီရွာကလူတွေကို လျူဟိုင်ထုန် ပစ်မှတ်ထားလာမလားဆိုတာ ဘယ်သူသိမှာလဲ'


ဒုတိယဦးလေးကျန်းက သူ့ချိုင်းထောက်ကို မြေပေါ်သို့ပစ်ချလိုက်သည်။ သူ့ကြည့်ရတာ အလွန်ဝမ်းနည်းပြီး စိုးရိမ်ပူပန်နေဟန်ပေါက်၏။


မဝံ့မရဲဖြစ်နေကြသော လူတချို့က ဒုတိယဦးလေးကျန်းပြောသည့်စကားကို ကြားသောအခါ စိုးရိမ်သွားကြပြီး ကျန်းကျန့်ကို မကျေမချမ်းဖြစ်သွားလေသည်။


သို့သော် တချို့လူငယ်များကတော့ မတတ်သာဘဲ တီးတိုးပြောနေမိကြသည်။


"ငါအထင်တော့ ကျန်းကျန့်က အရမ်းကောင်းပါတယ်"


ယနေ့ ကျန်းကျန့်လုပ်လိုက်သည့်ကိစ္စက သူတို့ကို တကယ်ဝမ်းသာသွားစေသည်။


ရွာထဲရှိလူတချို့က သူ့အပေါ် သဘောထားပြောင်းလဲနေကြောင်းကို ကျန်းကျန့်ကတော့ မသိရှာပေ။ ယခု သူသည် ဖုချောင်မှ သူယူလာသောပစ္စည်းများအကြောင်း ကျောက်မိသားစုနှင့် ပြောဆိုနေလေသည်။


ထိုပစ္စည်းများက သူတို့မိသားစုအတွက်ဖြစ်ကြောင်း သိလိုက်ရသောအခါ ကျောက်လျူနှင့် ကျောက်ဖူကွေ့တို့မှာ အံ့သြဘနန်းဖြစ်သွားရသည်။ နောက်ဆုံးတစ်ခေါက်က ငွေစဆယ်စပေးထားပြီးတာတောင် ကျန်းကျန့်က သူတို့အား တစ်စုံတစ်ခုထပ်ပေးလာလိမ့်မည်ဟု သူတို့ထင်မထားချေ။ သို့သော် သည်တစ်ခေါက်ယူလာသည့်ပစ္စည်းက ပိုတောင်များနေသေးသည်။


"ကျန်းကျန့် ငါတို့မိသားစုမှာ ကိုယ်ပိုင်မြေကွက်တောင်မရှိသေးပါဘူး။ ပိုက်ဆံစုထားတာက ပိုကောင်းလိမ့်မယ်။ ဒီလိုပစ္စည်းတွေဝယ်ဖို့ အရမ်းမလောပါနဲ့ကွာ"


ကျောက်ဖူကွေ့သည် ကျန်းမိသားစုက ပေးထားသည့် ငွေစလေးဆယ်စလုံးကို ကျန်းကျန့် အကုန်သုံးပစ်လိုက်တာဖြစ်မှာစိုး၍ ပြောလိုက်မိသည်။ ထိုသို့သာဆိုပါက သူ့မိသားစု အနာဂတ်မှာ ဘယ်လိုနေထိုင်ကြမလဲ။ ကျန်းကျန့်က သူ့သားမဟုတ်သည့်အတွက် များများစားစားလည်း ပြောဆို၍မရချေ။


"အဖေ ကျွန်တော့်ပိုက်ဆံတွေကို သုံးလာတာမဟုတ်ပါဘူး။ ဒီတစ်ခေါက်က ထင်မှတ်မထားတဲ့ငွေရပေါက်တစ်ခုနဲ့ တိုးလာလို့ပါ။ ဒါကြောင့် ပစ္စည်းတချို့ ဝယ်လာလိုက်တာ"


ကျန်းကျန့် ပြောလိုက်သည်။


ထင်မှတ်မထားသော ငွေရပေါက်က ဘာလဲဆိုတာကို ကျောက်ဖူကွေ့က မမေးပေမဲ့ ခေါင်းညိတ်ပြလာလေသည်။


"ဒါကြောင့် ဒီလိုဖြစ်သွားတာကိုး။ မင်း သဘောပေါက်တာ ကောင်းပါတယ်။ စကားမစပ် မင်း ငါ့ကိုပေးထားတဲ့ ငွေဆယ်စနဲ့ ငါ နှစ်ပေါင်းများစွာစုထားတဲ့ပိုက်ဆံတွေကိုပေါင်းလိုက်ရင် လယ်ကွက်တစ်ဧကလောက်တော့ ဝယ်နိုင်လောက်တယ်။ ငါ လယ်ကွက်ကူရှာပေးဖို့ လူတစ်ယောက်ကို အကူအညီတောင်းထားတယ်။ မင်း သွားပြီးကြည့်ကြည့်ချင်လား"


ကျောက်ဖူကွေ့က ထိုမြေကွက်ကို ကျန်းကျန့်၏အမည်အောက်မှာထားဖို့ စီစဉ်ထားသည်။ သူ့ပိုက်ဆံတွေကိုတော့ မင်္ဂလာခန်းဝင်ပစ္စည်းအဖြစ် မှတ်ယူနိုင်လေသည်။ သူတို့ကျောက်မိသားစုဘက်က ကျန်းကျန့်အပေါ် အခွင့်အရေးမယူချင်ပါ။


"မြေကွက်ဝယ်တာကောင်းတယ် အဖေ။ များများလေး ထပ်ဝယ်ကြရအောင်"


ကျန်းကျန့်က ပြုံးရင်း ငွေစနှစ်ရာကို စားပွဲပေါ်တင်လိုက်သည်။


ထိုကိစ္စနှင့်ပတ်သက်၍ပြောရလျှင် ကျန်းကျန့်မှာ ငွေစနှစ်ရာကျန်နေဆဲဖြစ်သည့်အတွက် လယ်ကွက်ပိုဝယ်ဖို့ အဆင်​ပြေသည်။ သို့သော် သူ့လက်ထဲမှာ ငွေသားနည်းနည်းချန်ထားဖို့လည်း ဆန္ဒရှိသည်။


ကျန်းကျန့်က ပေါ့ပေါ့ပါးပါးစကားဆိုလာသော်ငြား ကျောက်မိသားစုကတော့ တုန်လှုပ်သွားရလေသည်။ ကျောက်လျူကလည်း အံ့သြမှုကြောင့် ထခုန်မိမတတ်ပင်။


"ကျန်းကျန့် ဒီလောက်ငွေတွေအများကြီး ဘယ်ကရလာတာလဲ"


အဝတ်နှင့်ထုပ်ထားတဲ့ ငွေတွေက ငွေစတစ်ရာလောက်ရှိနိုင်လောက်မလား။ ကျန်းကျန့် ဘယ်ကရတာပါလိမ့်။


"အဲ့ဒါကြောင့် မမျှော်လင့်ဘဲ ငွေရပေါက်တွေ့လာတယ်လို့ပြောတာပေါ့။ အပြင်မှာ အလုပ်ထွက်လုပ်နေတုန်း ပင်လယ်ဓားပြတွေဆီကနေ လူတစ်ယောက်ကိုကယ်ခဲ့တာ။ သူက ကျေးဇူးတင်တဲ့အနေနဲ့ ငွေစနှစ်ရာပေးသွားတာပါ"


ကျန်းကျန့် ပြောပြလိုက်၏။


"ဒါ.. ဒါ.."


နှစ်ရာတောင်လား။ ကျောက်မိသားစု စီးပွါးရေးပြေလည်စဉ်က သူတို့ပိုင်ဆိုင်မှုများတောင် ငွေစနှစ်ရာမရှိခဲ့ပေ။


ကျောက်မိသားစုမှာ ဘယ်လိုတုံ့ပြန်ရမှန်း မသိတော့ချေ။ စားသောက်နေကြသည့်အချိန်အတွင်းမှာ လူတိုင်း မူးနောက်နောက်ဖြစ်နေကြရသည်။ ကျောက်လျူခမျာ ထမင်းတွေကို သူ(မ)နှာခေါင်းထဲ ထိုးသွပ်မိမတတ်ပင်။ ကျောက်ဖူကွေ့လည်း ဟယ်ချိုးရှန့်နှင့် လျူဟိုင်ထုန်အကြောင်း မေးဖို့ မေ့သွားခဲ့သည်။ သို့သော် ယခုကိစ္စဖြစ်ပြီးတာတောင် ကျန်းကျန့်မှာ တံခါးအပြင်ကို ထုတ်ခံလိုက်ရပြီး ညအိပ်ခွင့်လေးတောင် မရပေ။


ကျန်းကျန့် : "..."


သူ ကျောက်ကျင်းကောနှင့်လည်း စကားပြောချင်သေးသည်။ ကံကောင်းထောက်မစွာဖြင့် နောက်ခြောက်ရက်နေလျှင် သူနှင့်ကျောက်ကျင်းကောတို့ လက်ထပ်ရတော့မည်သာ။


ကျောက်ကျင်းကောကလည်း ကျန်းကျန့်နှင့်စကားပြောချင်နေသည်။ မတိုင်ခင်က ကျန်းကျန့် ဟယ်ချိုးရှန့်ကိုလျစ်လျူရှုလိုက်သောအခါ ကျန်းကျန့်မှာ ဟယ်ချိုးရှန့်၏အကြွေးများကို ကူဆပ်ပေးဖို့ ပိုက်ဆံမရှိသောကြောင့်ဟု သူထင်ခဲ့မိသည်။ ကျန်းကျန့်က တကယ်ကြီးချမ်းသာသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူ ကျန်းကျန့်ကို ထပ်ပြီး အထင်လွဲမိပြန်လေပြီ။ ကျောက်ကျင်းကော၏နှလုံးသားသည် တဒိတ်ဒိတ်ခုန်လှုပ်နေပြီး ချိုမြိန်မှုကို ခံစားနေရလေသည်။


ထိုညက ကျောက်လျူသည် ကျောက်ကျင်းကော၏အိမ်လေးထဲရှိ ဝါးကွပ်ပျစ်ပေါ်တွင် အိပ်ရန် ထွက်လာခဲ့သည်။ ကျောက်ဖူကွေ့နှင့် ကျောက်လျူတိူ့သည် ကျောက်ကျင်းကောနှင့် ကျန်းကျန့်တို့အတွက် ခုတင်အသစ်တစ်လုံး ဝယ်ပေးထားပြီးပြီဖြစ်သော်လည်း သူတို့ကတော့ မင်္ဂလာမဆောင်ရသေးသရွေ့ အတူအိပ်ခွင့်မရှိသေးချေ။ ကျောက်ကျင်းကောက သာမန်သစ်သားခုတင်လေးပေါ်မှာ လဲလျောင်းနေရင်း လက်ထပ်ပြီးနောက်မှာ ဘာလုပ်ရမည့်အကြောင်း ကျောက်လျူပြောပြနေတာကို နားထောင်နေသည်။


ကျောက်လျူသည် ​ပြောသင့်ပြောထိုက်တာတွေကို အမြဲပြောလေ့ရှိသည်။ သို့သော် ဤတစ်ကြိမ်တော့ သူ(မ)များများစားစား မပြောပြခဲ့ချေ။ ခဏအကြာမှာ သူ(မ) အိပ်မောကျသွားလေ၏။


ကျောက်ကျင်းကောသည် သူ့အိပ်ရာပေါ်မှာ အချိန်အတော်ကြာအောင် လဲလျောင်းနေခဲ့ရသည်။ သူ့အမေ အိပ်ပျော်သွားတာကို အတည်ပြုပြီးနောက်မှာတော့ သူ ကျန်းကျန့်ကို အလွန်တွေ့ချင်လာသည်။ သူ အိပ်ပျော်သွားပြီဆိုလျှင်တောင် တွေ့ချင်သည်။


ကျောက်ကျင်းကော၏ခြေလှမ်းများက အလွန်ညင်သာသည်။ သို့သော် ​ကျောက်လျူတစ်ယောက် လုံးဝအိပ်ပျော်မနေချေ။ ဆူညံသံများကို သူ(မ)ကြားတော့ မှောင်ရိပ်ထဲမှာ သူ(မ)၏မျက်လုံးကို ဖွင့်လိုက်သည်။ သူ(မ)သား၏နောက်ကျောပြင်ကိုကြည့်ရင်း လိုသလိုမဖြစ်လာသည့်အတွက် အားမလိုအားမရဖြစ်နေမိတော့သည်။ သို့သော် ခဏမျှဆင်ခြင်တွေးတောပြီးနောက်မှာတော့ အိပ်ရာလိပ်ကိုသယ်ကာ ကျောက်ဖူကွေ့ဆီကို ထွက်သွားလေတော့သည်။


ယနေ့ ကျန်းကျန့်က သူတို့မိသားစုကို ယခင်ကထက် ပိုအံ့သြထိတ်လန့်စေခဲ့သည်။ ကျောက်ကျင်းကောနှင့် ကျောက်လျူတို့သာ အိပ်မပျော်ခြင်းမဟုတ်။ ကျောက်ဖူကွေ့လည်း အတူတူပင်။


အနာဂတ်မှာ သူတို့မိသားစု ဘယ်လောက်ကောင်းကောင်းမွန်မွန်နေနိုင်မလဲဆိုတာနှင့်ပတ်သက်ပြီး သူ တွေးပြီးရင်း တွေးနေမိသည်။ ထို့နောက်မှာတော့ သူ တံခါးဖွင့်သံတစ်ခုကို ကြားလိုက်ရသည်။


သူ့သားက ခိုးထွက်နေခြင်းဖြစ်ရပေမည်။ ကျောက်ဖူကွေ့ခမျာ သည့်ထက်ပိုပြီး စိတ်ဖိစီးစရာ မရှိတော့ပေ။ ဘယ်လိုပဲဖြစ်ဖြစ် သည်တစ်ကြိမ်မှာတော့ သူ့သားဘက်က အစပျိုးပြီး ထွက်သွားခြင်းဖြစ်လေရာ ကျန်းကျန့်ကို သူ အပြစ်တင်၍မရပါ။


တကယ်တမ်းတော့ ထိုညက ကျန်းကျန့်က နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပြီသာ။ သို့သော် သူသည် သတိလည်းကပ်နေဆဲပင်။ ထို့ကြောင့် ကျောက်ကျင်း​ကောက တံခါးခေါက်လာသည့်အခါ သူချက်ချင်းနိုးလာပြီး တံခါးထဖွင့်ပေးလိုက်သည်။


"ကျင်းကော ကိုယ် မင်းကို ပြောစရာတွေအများကြီးရှိတယ်"


ကျန်းကျန့်က ဆို၏။


"ကျွန်တော်ရောပဲ"