Chapter 62
ကျန်းကျန့်သည် ကျောက်မိသားစုကို သူ ပေးဖို့စီစဉ်ထားသော အရာအားလုံးကို ထုတ်ပေးခဲ့ပြီးပြီဆိုသော်ငြား ကျောက်ကျင်းကောကိုပေးဖို့ရည်ရွယ်ထားသော ဆံထိုးလေးကတော့ သူ့လက်ထဲမှာ ရှိနေဆဲပင်။ ဖယောင်းတိုင်ကြီးတစ်တိုင်ကို မီးညှိပြီးသည်နှင့် ကျန်းကျန့်သည် ဆံထိုးကို ချက်ချင်းထုတ်လိုက်သည်။
"ကိုယ် မင်းအတွက် ဆံထိုးဝယ်လာခဲ့တယ်"
ကျောက်ကျင်းကောက ၎င်းကိုမြင်တော့ အံ့အားသင့်နေခဲ့သည်။ အတိတ်မှာတုန်းက ကျန်းကျန့်က သူ့ကို အစားအသောက်အများအပြားနှင့် လက်တွေ့သုံးနိုင်သောပစ္စည်းများကို ပေးခဲ့ဖူးသည်။ သို့သော် ရတနာများကိုတော့ သူ မပေးခဲ့ဖူးချေ။ ဤဆံထိုးမှာ အလွန်တရာလှပလွန်းသည့်အတွက် သူ့မှာ လမ်းလှမ်းပြီးယူဖို့ပင် မဝံ့ရဲပေ။
ကျောက်ကျင်းကောဘက်က မလှုပ်တာကိုမြင်သည့်အခါ ကျန်းကျန့်ကပင် သူ့ဆံပင်များကို ကိုင်တွယ်ကာ ဆံထိုးကို ဆင်မြန်းပေးလိုက်သည်။ ကျန်းကျန့်၏ဆံပင်များမှာ ချည်ဖို့လွယ်ကူသော အဝတ်စဖြင့်ချည်နှောင်ထားခြင်းဖြစ်သည်။ သို့သော် ဤဆံထိုးကတော့...။ ကျန်းကျန့်မှာ အကြိမ်ပေါင်းများစွာကြိုးစားပြီးနောက်မှ ကျောက်ကျင်းကော၏ခေါင်းပေါ်တွင် ဆံထိုးကိုခက်ခက်ခဲခဲဆင်မြန်းပေးနိုင်ခဲ့သည်။
သူ့ဆံပင်သည် အနည်းငယ်နာကျင်ရလောက်အောင် ဆွဲဆန့်ခံထားရသော်လည်း ကျောက်ကျင်းကောကတော့ အပြုံးမပျက်ချေ။ သူ မနေနိုင်ဘဲ မေးလိုက်မိတော့သည်။
"ခင်ဗျား.. ဘာလို့ ကျွန်တော့်အပေါ် ဒီလောက်တောင်ကောင်းပေးနေရတာလဲ"
"ဘာလို့လဲဆိုတော့ ကိုယ် မင်းကို သဘောကျလို့လေ"
ကျန်းကျန့်က ဆို၏။
ကျောက်ကျင်းကောလည်း ခေတ္တမျှရပ်တန့်နေပြီးမှ သေချာရေရာမှုအပြည့်ဖြင့် ပြန်ပြောလေသည်။
"ကျွန်တော်လည်း ခင်ဗျားကို သဘောကျတယ်"
ကျန်းကျန့်ဟာ ရုတ်တရက်ကြီး ကျောက်ကျင်းကောကို ပြန်သွားခွင့်မပေးချင်တော့ပေ။ သို့သော်... မင်္ဂလာဦညအထိ စောင့်တာ ပိုကောင်းပါလိမ့်မည်။ ကျန်းကျန့် အသက်ပြင်းပြင်းရှူလိုက်ပြီး သည်းခံလိုက်ရပြန်သည်။ သို့သော် ထိုအခွင့်အရေးသမားလေးက အခွင့်အရေးယူဖို့ ကြိုးစားမိဆဲသာ။
"ကျင်းကော ကိုယ်တို့ ခုတင်ပေါ်သွားနားကြတော့မလား"
အစကတော့ ကျောက်ကျင်းကောကို အိပ်ရာဆီခေါ်လာတုန်းက ကျန်းကျန့် သူ့အား ထိတွေ့ချင်ရုံမျှသာဖြစ်၏။ ပွေ့ဖက်နမ်းရှုံ့ရုံမျှဆိုသော်ငြား ရမ္မက်မီး တောက်လောင်လာစေနိုင်သော နေရာအများကြီးလည်း ရှိသည်။ သို့သော်ငြား ကျန်းကျန့် ပြောလိုက်သောစကားအဆုံးမှာတော့...
"ကိုယ် ဖြေလျှော့ပေးမယ်နော်"
သူသည် ဖြည်းဖြည်းမှန်မှန်သာ သွားနေခဲ့ပြီး အတွင်းပိုင်းအထိ မဝင်ခဲ့ပေ။ သူတို့ အဆုံးထိမသွားခဲ့ကြသော်ငြား တစ်ယောက်ကိုတစ်ယောက် လက်ဖြင့်ဖြေလျှော့ပေးခဲ့ကြသည်။ ဖြေလျှော့ရာတွင် ကျန်းကျန့်တစ်ယောက် ကျောက်ကျင်းကော၏ခြေထောက်ကိုပင် သုံးခဲ့သေးသည်။
ကျန်းကျန့်အတွက် ကိစ္စမရှိသော်လည်း ကျောက်ကျင်းကောအတွက်တော့ အကျိုးဆက်က သိသိသာသာကြီးမားလေသည်။ သူတို့ ပြီးမြောက်သွားသည့်နောက်မှာတော့ သူသည် ကျန်းကျန့်၏အိပ်ရာပေါ်တွင် မလှုပ်မယှက် တောင့်တောင့်ကြီးလှဲနေမိသည်။ သူ ယခုလိုကိစ္စမျိုးလုပ်တာက သူ့အဖို့ ယခင်က တစ်ခါမှမကြုံခဲ့ဖူးချေ။
သူငယ်ငယ်တုန်းက သူသည် ကောတစ်ယောက်ဖြစ်သည့်အတွက် သူ့ခန္ဓာကိုယ်ကို တခြားသူများအား ပြလို့မဖြစ်ကြောင်းနှင့် ထိုနေရာလေးကို ဘယ်သူ့မှမထိခိုင်းသင့်ကြောင်း ကျောက်လျူက သူ့ကို ပြောပြခဲ့ဖူးသည်။ လက်ထပ်ပြီးမှသာလျှင် သူ့ခင်ပွန်းဖြစ်သူကိုသာ ထိခွင့်ပေးနိုင်ကြောင်းကိုပါ ပြောပြသည်။
အဆုံးမှာတော့ သူ လက်မထပ်ရသေးခင်မှာပင် သူနှင့်ကျန်းကျန့်တို့...။ ကျန်းကျန့်၏ကိုယ်သင်းရနံ့သည် သူ့ခန္ဓာကိုယ်ထက် စွဲထင်ကျန်ရစ်နေခဲ့ပြီး ကျောက်ကျင်းကောခမျာ ထိုရနံ့လေးကြောင့် အိပ်ငွေ့ချခံထားရသူလိုပင်။
ကျန်းကျန့်ကတော့ စိတ်အခြေအနေ အလွန်ကောင်းနေသည်။ အဆုံးထိ မသွားလိုက်နိုင်သော်လည်း ဤသည်မှာ သူ့ဘဝ၏အပျော်ရွှင်ရဆုံး အခိုက်အတန့်လေးပင်။ ယခုမှသာ သူ့လက်ကိုသုံးပြီး သူ့ကိုယ်သူဖြေလျှော့တာက သိပ်ကျေနပ်စရာမကောင်းမှန်း သဘောပေါက်လိုက်သည်။ တစ်ခုတည်းသောနောင်တကတော့ ချောဆီမရှိသောကြောင့် အချိန်အတော်ကြာအောင် ဖြေလျှော့ပြီးနောက်မှာ အနည်းငယ်နာကျင်ရသည်။ သို့သော် အဆိုးကြီးလည်း မဟုတ်ရပါ။ အချိန်သာ သိပ်မကြာလျှင် သူ နာတောင်နာမှာမဟုတ်။ သူ နေလို့ထိုင်လို့ကောင်းသွားသောအခါ သူ့ခံနိုင်ရည်ကလည်း ပိုတိုးလာပေမည်။
သီချင်းတညည်းညည်းလုပ်နေရင်း ကျန်းကျန့်တစ်ယောက် ရေနွေးတည်ဖို့ မီးမွှေးလေတော့သည်။ ရေဆူခါနီးမှာ သူ ကျောက်ကျင်းကောကို လာပြီးအတူရေချိုးဖို့ ပြောလိုက်သည်။ ကျန်းကျန့်က ကျောက်ကျင်းကောနှင့်အတူ ရေချိုးချင်လှသော်လည်း ကျောက်ကျင်းကောက ငြင်းလိုက်လေသည်။ သူ သက်ပြင်းချကာ သက်သက်စီရေချိုးရုံသာ တတ်နိုင်လေသည်။
သူတို့နှစ်ယောက်ဟာ စည်းကျော်မိသွားကြချေပြီ။ သူတို့၏အဝတ်အစားအားလုံးလည်း စွန်းထင်းပေကျံလျက်ရှိသည်။ ရေချိုးပြီးနောက်မှာတော့ ကျန်းကျန်း အဝတ်အစားနှင့် အိပ်ရာခင်းများကို လျှော်ဖွပ်ရန် ကောက်ယူလိုက်သော်လည်း ကျောက်ကျင်းကောက သူ့ကို တားလေသည်။
"ကျွန်တော် လုပ်လိုက်ပါ့မယ်"
ကျောက်ကျင်းကော၏အမြင်ကတော့ လျှော်ဖွပ်ခြင်းအမှုက သူလုပ်ရမည့်တာဝန်ဟု ယူဆထားသည်။
"ကောင်းပြီလေ"
ကျန်းကျန့် ပြုံးရုံပြုံးပြလိုက်ပြီး မငြင်းချေ။ သူ ကျောက်ကျင်းကောအတွက် ဖယောင်းတိုင်မီးညှိပေးလိုက်သည်။ ထို့နောက် ခွေးခြေခုံကိုယူကာ ကျောက်ကျင်းကော၏အနောက်မှာထိုင်ပြီး သူ့ဆံပင်ကို ဖြီးသင်ပေးလိုက်သည်။
ဤစီရင်စုထဲမှာ သူတို့ အသင့်ချုပ်အဝတ်အစားများ ဝယ်ယူ၍မရနိုင်ပေ။ သို့သော် ဖုချောင်မှာတော့ တချို့တလေရှိသည်။ ကျန်းကျန့် ဖုချောင်ကိုသွားတုန်းက သူ အပ်ချုပ်သမားကို သူတို့၏မင်္ဂလာဆောင်မှာ ဝတ်မည့်ဝတ်စုံများကို ချုပ်လုပ်ရန်အတွက် အပ်ခဲ့ပြီး အသင့်ချုပ်အဝတ်အစားနှစ်စုံလည်း ဝယ်ခဲ့သေးသည်။ ယခု သူနှင့်ကျောက်ကျင်းကောတို့ တစ်စုံကိုယူဝတ်လိုက်ကြသည်။
အသင့်ချုပ်အဝတ်အစား၏ အထည်သားက သာမန်ပင်။ သို့သော် သူဝတ်နေကျ ကြမ်းရှရှအဝတ်အစားထက်စာလျှင်တော့ အများကြီးပိုကောင်းသည်။ ထိုဝတ်စုံကိုဝတ်ပြီးနောက် သူ့ပုံစံသည် လူငယ်ဆန်သွားလေ၏။
ကျန်းကျန့်က စကားတပြောပြောနှင့် ကျောက်ကျင်းကော၏ဆံပင်ကို ခြောက်အောင်သုတ်ပေးနေသည်။ အဆုံးမှာတော့ သူတို့ အဝတ်အစားများကို အတူတကွကြည်ကြည်နူးနူးလျှော်ဖွပ်ကြသည်။
"ကျင်းကော.. ဒါ မင်းအတွက် မုန့်ဖိုး"
ကျန်းကျန့်က ကျောက်ကျင်းကောကို ငွေစနှစ်ဆယ်ထုတ်ပေးသည်။
"ကျွန်တော့်အတွက် မလိုပါဘူး"
ကျောက်ကျင်းကောက အလျင်စလိုပြန်ပြော၏။ ခုနက ငွေစနှစ်ရာကို သူတို့လက်ခံထားလိုက်ခြင်းမှာ ကျန်းကျန့်၏နာမည်ဖြင့် လယ်ကွက်ဝယ်ပေးရန်အတွက်ကြောင့်သာ ယူလိုက်ခြင်းဖြစ်သည်။ သို့သော် ယခုကတော့ ကျန်းကျန့်က သူ့ကို ဘယ်လိုများ ကိုယ်ပိုင်ငွေတွေ ထုတ်ပေးနိုင်ရသလဲ။
"လူတိုင်း လက်ထဲမှာ ပိုက်ဆံနည်းနည်းတော့ ရှိထားသင့်တာပေါ့။ အဲ့ဒါမှ လိုချင်တာရှိရင် ဝယ်လို့ရမှာလေ။ အရင်တုန်းက မင်းလည်း မင်းစုထားတဲ့ငွေတွေ ကိုယ့်ကိုပေးဖူးတာပဲကို။ အခု ကိုယ်က မင်းကို ကိုယ်ပိုင်တဲ့အထဲက နည်းနည်းခွဲပေးရုံလောက်ပါပဲ။ မင်း ဘာလို့ လက်မခံချင်ရတာလဲ"
ကျောက်ကျင်းကောပေးသောပိုက်ဆံကို ကျန်းကျန့်လက်ခံခဲ့ပြီးနောက်မှာ သူ့မှာ ငွေများများစားစားမရှိသည့်အတွက် ထိုပိုက်ဆံကို ပြန်မပေးခဲ့ပေ။ ယခုတော့ သူ့မှာ ငွေပိုလျှံလာပြီဖြစ်သောကြောင့် ကျောက်ကျင်းကောကို ငွေနည်းနည်းလောက်ပေးထားချင်မိသညိ။
"ငွေစနှစ်ဆယ်က အရမ်းများလွန်းပါတယ်"
ကျောက်ကျင်းကောက ပြောပြန်၏။
"ကျင်းကော မင်း မယူဘူးဆိုရင် ကိုယ် မင်းကို ခုတင်ပေါ်ကိုထပ်ခေါ်သွားတော့မှာနော်..."
ကျန်းကျန့်က ခပ်ပြုံးပြုံးဖြင့် ပြောလိုက်၏။
ကျောက်ကျင်းကောခမျာ ရှက်သွေးဖြာသွားရပြီး ငွေတွေကို လက်ခံထားလိုက်ရသည်။ ထိုပိုက်ဆံများကို သူ လက်လွတ်စပယ်သုံးပစ်မှာမဟုတ်ချေ။ အရင်ဆုံး ထိုပိုက်ဆံများကို သိမ်းဆည်းထားပြီး ကျန်းကျန့် လိုအပ်လာချိန်ကျမှသာ ပြန်ပေးလိုက်မည်။
ကျောက်ကျင်းကောသည် သူ့အိမ်ထဲကို ခိုးကြောင်ခိုးဝှက်ပြန်ဝင်လာပြီးနောက်မှာ သူ့အမေက သူ့အခန်းထဲမှာ မရှိတော့တာကို သိလိုက်ရသည်။ သူလုပ်ခဲ့တာကို ပြန်စဉ်းစားပြီးနောက် ရုတ်ခြည်းရှက်ရွံ့သွားရလေသည်။ သို့သော် သူ နောင်တမရသည့်အပြင် အလွန်ပျော်ရွှင်နေမိသည်။
"ပြန်လာပြီပဲ..."
ကျောက်လျူနှင့် ကျောက်ဖူကွေ့တို့က အခန်းထဲမှ ဆူညံသံများထွက်လာတာကို ကြားလိုက်ရသောအခါ သူတို့၏စိတ်နှလုံး ထိခိုက်နာကျင်သွားခဲ့ရသည်။
လက်မထပ်ခင်မှာ တိတ်တိတ်လေးအတူအိပ်တတ်ကြသောစုံတွဲများ ရွာထဲမှာလည်း ရှိသော်ငြား သူတို့၏ချစ်လှစွာသောသားလေးကလည်း ထိုကဲ့သို့သောလုပ်ရပ်မျိုး လုပ်လိမ့်မည်ဟု မထင်ခဲ့မိပေ။ သူတို့၏ကျင်းကော လက်ထပ်သွားလျှင်တောင် သူတို့ကတော့ သူ အထင်အမြင်သေးခံရပြီး မင်္ဂလာဦးခန်းမထဲမှာ ပစ်ပယ်ခံထားရမှာကို စိုးရိမ်ပူပန်နေမိတုန်းပင်။ သို့သော် ကြည့်ရတာ သူတို့ အတွေးလွန်သွားပုံပင်။
"ကျန်းကျန့်က မင်းအတွက် အဝတ်အစားအသစ်တစ်စုံနဲ့ ဆံထိုးဝယ်ပေးထားတာပဲ..."
ကျောက်လျူက ကျောက်ကျင်းကောကို ကြည့်လိုက်ပြီး သူ(မ)သား၏ခန္ဓာကိုယ်ထက်ကအရာများက ယခင်နှင့်မတူတော့တာကို သတိပြုမိသွားသည်။
"ဟုတ်ကဲ့..."
ကျောက်ကျင်းကော ခေါင်းညိတ်ပြလိုက်သည်။
"သူက မင်းအပေါ် အရမ်းကောင်းတယ်။ မင်းလည်း သူ့အပေါ် ကောင်းကောင်းဆက်ဆံသင့်တယ်နော်..."
ကျောက်လျူ ထိုအကြောင်းပြောနေရင်း သူ(မ)သား၏လက်ထဲမှာ တစ်စုံတစ်ခုဆုပ်ကိုင်ထားကြောင်း တွေ့လိုက်ရသည်။
"မင်းလက်ထဲမှာ ဘာကိုင်ထားတာလဲ..."
"ပိုက်ဆံတွေပါ..."
ကျောက်ကျင်းကောက ပြောပြလိုက်သည်။ ကျောက်လျူနှင့် ကျောက်ဖူကွေ့တို့မှာ ပို၍စိတ်ရှုပ်ထွေးသွားရလေသည်။ သို့သော် တစ်ချိန်တည်းမှာပင် လုံးဝစိတ်သက်သာရာရသွားကြသည်။ ကျန်းကျန့်က သူတို့ကျင်းကောအပေါ် အလွန်ရက်ရောလှသည်။ ထိုအခြင်းအရာကပင် ကျန်းကျန့်တစ်ယောက် ကျင်းကောကို စိတ်ရင်းအမှန်ဖြင့် ချစ်မြတ်နိုးကြောင်း သက်သေပြနေလေသည်။
ကျောက်လျူသည် နောက်တစ်နေ့မနက်စောစော အိပ်ရာထပြီးနောက်မှာ တစ်ကိုယ်တည်း အလုပ်ရှုပ်နေတော့သည်။ ဆန်တစ်အိုးချက်ပြီး ငါးဆားနယ်တချို့ကို မီးဖိုပေါ်မှာ ပြုတ်ထားလိုက်သည်။ မနေ့က ကျန်းကျန့်ယူလာသော ပဲပုပ်ဆီကို ဖောက်လိုက်ပြီးနောက် ကြက်ဥတစ်ပန်းကန်စာကို ထိုဆီထဲမှာ ထည့်ကြော်လိုက်သည်။ ထို့ပြင် ကြောင်အိမ်ထဲမှာထည့်ထားသည့် ဆားရည်စိမ်မုန်ညင်းဘူးကိုလည်း ဖွင့်လိုက်ပြီး အလွှာပါးပါးလေးများအဖြစ် လှီးဖြတ်ပြီး ရေညှိပန်းကန်ထဲကို ရောထည့်လိုက်သည်။
ကျောက်မိသားစုနေအိမ်သို့ ကျန်းကျန့်ရောက်လာချိန်မှာ ဟင်းလျာများသည် စားပွဲတစ်ခုလုံး ပြည့်နှက်နေပေသည်။ ရက်နှစ်ဆယ်ကျော်လောက် အိမ်နှင့်ဝေးနေခဲ့သည့်အတွက် စားရေးသောက်ရေးအတွက် အသားဝယ်ခဲ့ကြသော်လည်း ကျန်းကျန့်ရော ဝမ်ဟိုင်ရှန်းပါ အချက်အပြုတ်မတော်ကြချေ။ သူတို့စားခဲ့ရသောအစားအသောက်များက သာမန်မျှပင်။ ကျောက်လျူပြင်ဆင်ထားသော အစားအသောက်များကတော့ ကျန်းကျန့်ကို သွားရည်ကျလာစေသည်အထိ အရသာရှိလှသည်။
သို့သော် ကျောက်လျူ၏လက်ရာမှာ တစ်စုံတစ်ခုလိုနေဆဲသာ။ သူ(မ)က တောရွာဘက်မှာ နေခဲ့သူဖြစ်သောကြောင့် ဘယ်ဟင်းခတ်အမွှေးအကြိုင်များကိုမှ မသုံးဖူးသလို အစားအသောက်ကောင်းကောင်းမွန်မွန်လည်း မစားခဲ့ဖူးပေ။ လယ်သမားများဆီက အခြားသောဟင်းခတ်အမွှေးအကြိုင်များကို ဝယ်မရသောကြောင့် သူ(မ)ချက်ပြုတ်နိုင်တာဆိုလို့ ဟင်းခတ်မှုန့်များနှင့် ရှာလကာရည်ကို သုံးထားသည့် အိမ်ချက်ဟင်းလျာမျှသာဖြစ်သည်။ ထို့ကြောင့် သူ(မ) ဤဟင်းခတ်အမွှေးအကြိုင်များကို ဘယ်လိုသုံးရမှန်း မသိပေ။
"အမေ..အဖေ..ကျင်းကော..။ ဒီနေ့ ကျောက်တဟူရဲ့အိမ်ကို အရင်သွားပြီး ကျင်းကောကိုအလုပ်ထွက်တဲ့အကြောင်း ပြောခိုင်းရမယ်။ ပြီးရင်တော့ မြို့တော်ကိုသွားလို့ရပြီ..."
ကျောက်ဖူကွေ့အား လယ်ကွက်ဝယ်ဖို့ တိုက်တွန်းရသည့် အဓိကအကြောင်းအရင်းများထဲက တစ်ခုမှာ ကျောက်ကျင်းကောအား ကျောက်တဟူ၏မိသားစုတွင် ရေရှည်အလုပ်သမား မလုပ်စေချင်တော့သောကြောင့် ဖြစ်သည်။
ကိုယ်ပိုင်လယ်ကွက်မှာ လုပ်ကိုင်လည်း ပင်ပန်းတာချင်း အတူတူဆိုလျှင်တောင် အနည်းဆုံးတော့ သူ ကြိုက်တဲ့အချိန်မှ သွားလို့ရသည်။ နွေရာသီဆိုလျှင်လည်း နေ့လယ်ဘက်မှာ အိမ်ထဲတွင်သာ နားနေနိုင်သည်။ တခြားသူ၏အိမ်မှာသာ ရေရှည်အလုပ်သမားအဖြစ် လုပ်နေလျှင် ထိုသို့လုပ်နိုင်မည်မဟုတ်။
"ကောင်းပြီလေ..."
ကျောက်ဖူကွေ့လည်း ခဏမျှချင့်ချိန်တွေးဆပြီးနောက် ခေါင်းညိတ်သဘောတူလိုက်သည်။ ကျင်းကောက ရေရှည်အလုပ်သမားအဖြစ်လုပ်လာတာ ကြာလေပြီ။ သို့သော် ယခုတော့ သူ လက်ထပ်တော့မည်ဖြစ်၏။ အနာဂတ်မှာ သူ့တွင် ကလေးများရှိလာပေလိမ့်မည်။ ထို့ကြောင့် ထိုကိစ္စကို အရင်အာရုံစိုက်တာ ပိုကောင်းလိမ့်မည်သာ။
ကျောက်ဖူကွေ့ ခေါင်းညိတ်ပြလိုက်သည်။
ကျန်းကျန့်နှင့် ကျောက်မိသားစုဝင်များသည် ကျောက်တဟူ၏အိမ်သို့ အတူထွက်လာခဲ့ကြတော့သည်။ ထိုအချိန်မှာ ရွာထဲရှိလူများက အိပ်ရာနိုးနေကြပြီးဖြစ်ရာ လူအများစုက ကျောက်မိသားစုကို မြင်လိုက်သည်။ တစ်ချက်ကြည့်ရုံမျှဖြင့် ပုံမှန်မဟုတ်တာ ဘာမှမရှိပုံပေါက်သော်လည်း သူတို့ သေချာဂရုတစိုက်ကြည့်လိုက်ချိန်မှာတော့ အနည်းငယ်အံ့သြသွားရသည်။
ကျောက်ကျင်းကောက တစ်နေကုန် လယ်အလုပ်လုပ်နေကျဖြစ်ပြီး သူ့တစ်ကိုယ်လုံးမှာလည်း တစ်ချိန်လုံး ရွှံဗွက်များ ပေကျံနေတတ်သည်။ သို့သော် ယခုတော့ သူက အဝတ်အစားအသစ်များဝတ်ထားပြီး ငွေရောင်ဆံထိုးကို ဆင်ယင်ထားလေသည်။ သူ့ကြည့်ရတာ အလွန်သက်ဝင်တက်ကြွနေ၏။ သူသည် သူတို့ထင်ထားသလောက်လည်း ရုပ်မဆိုးကြောင်း သဘောပေါက်သွားကြသည်။ သူက ယောက်ျားတစ်ယောက်နှင့် တူနေဆဲဆိုတာတော့ သေချာပေါက်ပင်။ ၎င်းကတော့ သံသယဖြစ်ဖွယ်ရာမရှိ။ တစ်နည်းဆိုရလျှင် သူသာ အမှန်တကယ် ယောက်ျားတစ်ယောက်ဖြစ်ပါက သူ့မိသားစုက ဆင်းရဲလျှင်တောင် သူ့ရုပ်ရည်ကို ကြိုက်နှစ်သက်ပြီး လက်ထပ်လိုသော အမျိုးသမီးတချို့ ရှိနိုင်ပေသည်။
"ကျောက်ကျင်းကောက တကယ်ကြီး လှလှပပဝတ်စားထားတာပဲ..."
"ဒါဆို ကျောက်လျူပြောတာ အမှန်ပဲပေါ့။ ကျန်းကျန့်က သူ့အပေါ်ကောင်းတာ ဖြစ်နိုင်လောက်တယ်..."
"ကျန်းကျန့်က ကျောက်မိသားစုအိမ်ကို တကယ်သွားချင်တာပေါ့။ သူ့မှာ ကိုယ်ပိုင်မြေကွက်မရှိဘူးဆိုရင်တောင် ကျောက်မိသားစုထက်တော့ ပိုပြီး ပိုက်ဆံရှိတယ်လေ။ ဘယ်လိုလုပ်ပြီးတော့ သူက ကျောက်မိသားစုအိမ်ကို လက်ထပ်ပြီးဝင်သွားချင်ရတာလဲ..."
လူတွေက ကျောက်မိသားစုနှင့် ကျန်းကျန့်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေကြလေသည်။ ကျန်းကျန့်တစ်ယောက် ဘာတွေလုပ်နေတာလဲဆိုတာကိုလည်း သိချင်နေကြ၏။
ထိုအချိန်မှာ ကျန်းကျန့်ကတော့ ကျောက်မိသားစုကို ကျောက်တဟူ၏အိမ်သို့ ခေါ်လာခဲ့လေသည်။
ကျန်းကျန့်က ကျောက်ကျင်းကောကို အလုပ်ထွက်စေချင်သည်။ ကိစ္စကလည်း ချောချောမွေ့မွေ့သာ။ ကျောက်မိသားစုမှာ ပိုက်ဆံနည်းနည်းရှိလျှင်တောင် သူတို့မှာ အာဏာမရှိချေ။ သိသာသည့်အချက်မှာ သူတို့ ကျောက်ကျင်းကောကို ရေရှည်အလုပ်သမားအဖြစ် အလုပ်ဆက်ခန့်ထားချင်လျှင်တောင် ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် သူတို့ ကျန်းကျန့်ကို မဆန့်ကျင်လိုပေ။ ကျန်းကျန့်က သူတို့အား အခက်တွေ့အောင်လုပ်မှာ စိုးရိမ်ကြလေသည်။ ထို့ကြောင့် ကျောက်ကျင်းကောက သုံးလေးလလောက်သာ အလုပ်လုပ်ထားသေးသော်လည်း လစာကိုတော့ တစ်နှစ်စာရှင်းပေးလိုက်ကြသည်။ ကျန်းကျန့်နှင့် ကျောက်မိသားစုပြန်သွားချိန်မှာတော့ သူတို့ အလွန်ဒေါသထွက်နေကြရသည်။ သို့သော် သူတို့ဒေါသကိုလည်း တခြားလူများမြင်အောင် ထုတ်မပြရဲကြပေ။
ကျောက်ကျင်းကောလို အလုပ်ကြိုးစားပြီး လုပ်ငန်းတွင်သော ရေရှည်အလုပ်သမားမျိုးကိုရှာဖို့ အလွန်ခက်သည်။ ထို့ကြောင့် ရုတ်တရက်ကြီး ကျောက်ကျင်းကော အလုပ်ထွက်သွားသည့်အခါမှာတော့ မကြာတော့မည့်အချိန်အတွင်းတွင် ကျောက်တဟူ၏မိသားစုမှာ အလုပ်များလာတော့မည့်ပုံပင်။
အလုပ်ထွက်လိုက်ပြီးနောက် သူတို့ စီရင်စုထဲကို သွားကြလေတော့သည်။ သို့သော် မသွားခင်မှာ ကျောက်ဖူကွေ့က ရွာလူကြီးဆီကို အရင်သွားလည်ဖို့ အကြံပြုလေသည်။