အပိုင်း၆၃
Viewers 21k

Chapter 63

Chapter 63




သူတို့မိသားစုအနေနှင့် မြေကွက်ဝယ်လိုပါက ရွာထဲရှိမြေကွက်ကိုဝယ်တာက ပိုကောင်းလေသည်။ ထိုအတိုင်းသာဆိုလျှင် သူတို့အိမ်နှင့်လည်း နီးသွားမည်ဖြစ်၏။ ရွာထဲမှာ သူတို့မြေဝယ်ချင်လျှင် ရောင်းရန်ရှိသည့် မြေကွက်အကြောင်းကို မေးမြန်းရန်အတွက် ရွာလူကြီး၏အိမ်ကိုတော့ အရင်သွားမှဖြစ်ပေမည်။


ဟယ်ရှီရွာတွင် မြေကွက်အရောင်းအဝယ်လုပ်ချင်သောသူ ရှားလှသည်။ ကျောက်ဖူကွေ့က မြေကွက်အကြောင်းမေးဖို့ ရွာလူကြီးဆီကို သွားမည်ဟုဆိုသော်ငြား မျှော်လင့်ချက်လည်း သိပ်မထားပေ။ သို့သော် ရလဒ်က သူတို့ထင်ထားတာထက် ပိုကောင်းနေသည်။ တကယ်တမ်းတွင် ဟယ်ရှီရွာထဲမှာ မြေကွက်ရောင်းချင်နေသော တစ်စုံတစ်ယောက် ရှိနေချေသည်။


"သားသတ်သမားကျန်းရဲ့မြေတွေက စိုက်ပျိုးလို့မရဘူးဆိုတော့ လယ်ကွက်လေးမူကို သူက ထုတ်ရောင်းချင်နေတယ်။ ဒါ့အပြင် သူ အလျင်လိုနေပုံလည်း ရတယ်..."



ရွာလူကြီးကျန်းဖျင်က ကျန်းကျန့်ကို အံ့အားသင့်နေသောအကြည့်ဖြင့်ကြည့်ရင်း ပြောပြလေသည်။


သူသည် ရွာလူကြီးဖြစ်နေသောကြောင့် ယခင်က ကျန်းကျန့်၏လုပ်ရပ်များကြောင့် လူတိုင်းက သူ့ကို ကျန်းကျန့်နှင့် အကျိုးသင့်အကြောင်းသင့် ဆွေးနွေးဖို့ တောင်းဆိုခဲ့ကြသဖြင့် ကျန်းကျန့်နှင့် သူ အကြိမ်ပေါင်းများစွာတွေ့ခဲ့ဖူးသည်။


ထိုအတွေ့အကြုံကြောင့် သူ ကျန်းကျန့်ကို အနည်းငယ်ကြောက်လန့်နေမိ၏။ ကျန်းကျန့်က ရွာထဲတွင် အာဏာရှင်အကြီးစားတစ်ယောက် ဖြစ်လာလိမ့်မည်ဟု ခံစားခဲ့ရသည်။ သို့သော် သူသည် ရွာထဲမှာ မကောင်းမှုများမကျူးလွန်ရုံသာမက လျူဟိုင်ထုန်က သူတို့ရွာကိုလာပြီး လူတစ်ယောက်ကို ပြန်ပေးဆွဲဖို့ကြိုးစားတာကိုလည်း တားဆီးပေးလာလိမ့်မည်ဟု သူ လုံးဝထင်မထားခဲ့ပေ။ ယခု သူက ကျောက်မိသားစုအတွက် မြေတောင်ဝယ်ပေးဦးမတဲ့လေ။


သူက ကျောက်ကျင်းကောနဲ့အတူ ဘဝကို ကောင်းကောင်းမွန်မွန်ဖြတ်သန်းဖို့ကြိုးစားနေတာများလား။


ထိုသို့သာဆိုလျှင် ကောင်းပေသည်။


"ဟုတ်တယ်။ ဒါပေမဲ့ သူတို့က အဲ့ဒါကို ကျွန်တော်တို့ဆီ ရောင်းချင်မှာမဟုတ်ဘူး။ အဲ့ဒါကြောင့် ရွာလူကြီး.. မြေကို ဝယ်ချင်တဲ့လူက ကျွန်တော်တို့ဆိုတာ ပြောမပြလိုက်နဲ့..."


ကျန်းမိသားစုဘက်က လယ်ကွက်ကိုထုတ်ရောင်းချင်သည့်ကိစ္စက သူ့အတွက် အနည်းငယ်အံ့သြစရာဖြစ်နေသည်။ သို့သော် ကျန်းမိသားစု ဘာကြောင့်ပဲထုတ်ရောင်းရောင်း သူကတော့ ထိုမြေကွက်ကို လိုချင်သည်။ မြေကွက်ဝယ်မည့်လူက သူဆိုတာ ကျန်းမိသားစုသာ သိသွားပါက ဘယ်လိုအမူအရာမျိုး ဖြစ်ပျက်သွားမလဲဆိုတာ သူ မသိချေ။


ရွာထဲမှာ လယ်ကွက်ရောင်းချင်သူက ကျန်းမိသားစုတစ်ခုတည်း မဟုတ်ချေ။ မြေကွက်တစ်စိတ်တစ်ပိုင်းကို ရောင်းချင်နေသော တခြားမိသားစုလည်း ရှိသေးသည်။ မြေကွက်စျေးကို အမျိုးအစားအမျိုးမျိုးခွဲခြားထားသည်။ မြေသြဇာကြွယ်ဝသော မြေကွက် သို့မဟုတ် ပိုးစာပင်များ စိုက်ပျိုးနိုင်သော မြေများဟာ စျေးမပေါလှချေ။ ထိုမြေကွက်များသည် မြေတစ်မူလျှင် အနည်းဆုံးငွေစဆယ်စ ကျသင့်လေသည်။ သို့သော် တချို့မြေကွက်များကတော့ အလွန်စျေးပေါပြီး အလွန်စျေးသက်သက်သာသာ ဝယ်ယူနိုင်သည်။


မြေကွက်က ဧရိယာနှစ်ဆယ်မူမျှ ကျယ်ဝန်းသော်လည်း ထိုမြေပေါ်မှာ ဘာမှစိုက်လို့မရပေ။ အကြောင်းမှာ အပင်တွေအများကြီးနှင့်အတူ ဝါးရုံတောတစ်ခုလည်း ရှိနေသောကြောင့်ပင်။ ထိုမြေမျိုးကို စိုက်ပျိုးဖို့ အသုံးပြုချင်လျှင် ပထမဆုံးအနေနှင့် ဝါးပင်များကို တူးထုတ်ပစ်ရလိမ့်မည်။ သို့သော် ထိုကိစ္စက အလွန်ဒုက္ခများသောကိစ္စ ဖြစ်၏။ သူတို့ မြေကွက်ကိုရှင်းလင်းလိုက်လျှင်တောင် မြေဆီလွှာက မြေသြဇာမကြွယ်ဝပေ။ အသုံးမဝင်သောမြေကွက်ကို သူတို့ ရောင်းထုတ်ပစ်ချင်လျှင်တောင် ဘယ်သူကမှ ဝယ်ချင်မှာမဟုတ်။


ထိုမြေကွက်သည် အချိန်အတော်ကြာအောင် ရောင်းမထွက်ခဲ့ပေ။ ကျန်းကျန့် တစ်စုံတစ်ခုကို ရုတ်ခြည်းသတိရလိုက်သည်။


"အဲ့ဒီမြေမှာ ရေကန်သေးသေးလေးတစ်ခုရှိတယ်ထင်တယ်..."


"ဟုတ်တယ်။ ရေကန်တစ်ခုပါတယ်။ အဲ့ဒါက သုံးမူ လေးမူလောက်တော့ရှိမယ်။ မင်း မျှစ်စို့ပင်နဲ့ သစ်အယ်ပင်တွေ စိုက်လို့ရတယ်။ အဲ့ဒါ အရမ်းကောင်းတယ်"


ကျန်းဖျင် အကြိမ်အနည်းငယ်မျှ ချောင်းဆိုးလိုက်သည်။


"ဘာလို့လဲဆိုတော့ ရေရှိနေတဲ့အတွက် စျေးကလည်းမချိုဘူး။ မြေကွက်နှစ်ဆယ်မူအတွက် ငွေစလေးဆယ်ရှိတယ်..."


တကယ်တော့ မူလစျေးနှုန်းက သည့်ထက်ပိုမြင့်သည်။ သို့သော် ဘယ်သူကမှ ဝယ်ဖို့စိတ်မဝင်စားကြသည့်အတွက် လျှော့ထားသည့်တိုင် စျေးကတော့ အနည်းငယ်များနေဆဲသာ။


ဤမြေက မျှစ်စို့ပင်နှင့် သစ်အယ်ပင်များကို ဖြစ်ထွန်းစေသည်ဆိုသော်ငြား ဟယ်ရှီရွာနားမှာ ပိုင်ရှင်မဲ့မျှစ်စို့ပင်တောအုပ်ကြီး ရှိသည်။ ထိုကဲ့သို့သောအခြေအနေမျိုးမှာ ဘယ်သူကများ ဤဝါးရုံတောကို ဝယ်ချင်ကြမှာလဲ။


"ကျွန်တော် ဒီလယ်ကွက်ကို လိုချင်တယ်..."


ကျန်းကျန့် ပြောလိုက်သည်။ ဟယ်ရှီရွာမှာရှိသောလူများက ဤမြေကွက်ကို လုံးဝမသုံးမဝင်ဟု ထင်နေကြသည်။ သို့သော် သူကတော့ အလွန်ကောင်းသည်ဟုမြင်သည်။ အထူးသဖြင့် ကြက်များနှင့်ဘဲများ မွေးမြူဖို့အတွက် အလွန်သင့်တော်သည်။ ထို့ပြင် ထိုမြေကွက်က စျေးလည်းပေါသည်။


"ကျန်းကျန့် ဒီမြေကွက်ကို မင်း ဘာလုပ်ချင်လို့လဲ"


ကျောက်ဖူကွေ့ ပဟေဠိဖြစ်သွားရသည်။ ဤမြေပေါ်မှာ မျှစ်စို့အပင်များကို စိုက်ပျိုးပြီး ရောင်းချနိုင်သည်ဆိုသော်ငြား အချိန်ယူရသည့်အပြင် ခွန်အားလည်းအလွန်စိုက်ထုတ်ရသည်။ ရောင်းချရာတွင်လည်း တစ်နှစ်မှ ငွေစတစ်စနှစ်စလောက်သာ ရသည်။


ဒီလိုမြေကွက်မျိုးကို မင်းက ဘာများလုပ်ချင်လို့လဲ။


"ကျွန်တော့်အထင် ဒါက ဘဲမွေးဖို့သင့်တော်တဲ့နေရာလို့ထင်တယ်"


ကျန်းကျန့် ပြောပြလိုက်သည်။


သူ ကျောက်ကျင်းကောကို ရေရှည်အလုပ်သမားတစ်ယောက်အဖြစ် မလုပ်စေချင်တော့သလို အချိန်ပိုင်းအလုပ်သမားအဖြစ်လည်း မလုပ်စေချင်ပါ။ ထို့ကြောင့် သူတို့နှင့်သင့်တော်သောအလုပ်ကို သူ ရှာဖွေခဲ့သည်။ ကြက်များ၊ဘဲများမွေးမြူခြင်းသည် အကြံကောင်းတစ်ခု ဖြစ်သည်။ နှစ်လသုံးလအတွင်းမှာပင် သူတို့မိသားစုတွင် ကြက်ဥနှင့်ဘဲဥများ ပြတ်လပ်နေမှာမဟုတ်ပေ။


ကြက်များနှင့်ဘဲများကို မွေးမြူခြင်းက ဤမျှမြေအကျယ်ကြီး လိုအပ်မှာမဟုတ်ဟု ကျောက်ဖူကွေ့တွေးမိသည်။ သို့သော် ပြန်တွေးကြည့်လိုက်တော့လည်း ဤသည်မှာ ကျန်းကျန့်၏ကိုယ်ပိုင်ငွေသာဖြစ်သဖြင့် ဆက်မပြောတော့ချေ။


ကျန်းမိသားစု၏လယ်ကွက်နှင့် မြေရိုင်းကိုဝယ်ဖို့ ကျန်းဖျင်နှင့် ဆွေးနွေးညှိနှိုင်းပြီးနောက် သူတို့တွေ စီရင်စုထဲကိုသွားကာ မြေကွက်ရောင်းမည့်လူများရှိမရှိ သွားကြည့်ဖို့ စီစဉ်လိုက်ကြသည်။ ကျောက်ဖူကွေ့နှင့် ကျောက်လျူတို့က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း စီရင်စုကိုသွားဖို့ ငြင်းလိုက်လေသည်။


ကျန်းကျန့်နှင့် ကျောက်ကျင်းကောတို့က လက်ထပ်တော့မည်ဖြစ်ရာ စီရင်စုကိုသွားပြီး တစ်ချက်လောက်လည်ပတ်ကြည့်တာက အဆင်ပြေသည်။ လက်မထပ်ခင်မှာ ကြင်စဦးဇနီးမောင်နှံက ပစ္စည်းတချို့ဝယ်ဖို့ စီရင်စုကိုသွားရပေမည်။ သို့သော် လူကြီးနှစ်ယောက်က သူတို့နှင့်အတူလိုက်ပြီး ဘာလုပ်ရမှာတဲ့လဲ။ ထို့ကြောင့် စီရင်စုကိုသွားမည့်လမ်းကို ကျန်းကျန့်နှင့် ကျောက်ကျင်းကောတို့သာ ခရီးဆက်လိုက်ကြသည်။ မသွားခင်မှာ ကျန်းကျန့်က ​ကြွေထည်အချို့ကိုလည်း ယူသွားလိုက်သည်။


စီရင်စုထဲတွင် အလွန်စျေးသက်သာသော ပန်းကန်လုံးနှင့် ပန်းကန်ခွက်ယောက်များရောင်းသော ကြွေထည်ဆိုင်တစ်ဆိုင်ရှိသည်။ လူတွေက ထိုနေရာကို ပန်းကန်သွားဝယ်ကြသည့်အခါ ဆိုင်ရှင်က အောက်ခြေနားမှာ အမှတ်အသားတစ်ခု ထွင်းပေးလိုက်သေးသည်။


ဤခေတ်ရှိလူများသည် ပွဲအခမ်းအနားများကျင်းပကြသည့်အခါ စားပွဲများ၊ ထိုင်ခုံများနှင့် ပန်းကန်ခွက်ယောက်များကို အခြားသူထံမှ ငှါးရမ်းဖို့ လိုလေသည်။ သူတို့ ပြီးစီးသည့်နောက်မှာမှ ထိုအရာအားလုံးကို ပြန်ပေးကြရသည်။ သို့ဖြစ်ရာ ပန်းကန်များသည် မိသားစုအများအပြား၏ အရေးအကြီးဆုံးပိုင်ဆိုင်မှုတစ်ရပ်ဖြစ်သောကြောင့် သူတို့ အမှတ်အသားလုပ်ဖို့ လိုအပ်ပေသည်။


ကျန်းကျန့်က ဆိုင်အနှံ့လှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက် ကြွေထည်များ၏စျေးနှုန်းကို မေးမြန်းလေသည်။ ထို့နောက် သူယူလာသော ကြွေထည်ပန်းကန်များကို ထုတ်ပြီး ဆိုင်ရှင်ကိုပြလိုက်သည်။ ထိုပန်းကန်များကို ဘယ်စျေးဖြင့်ပေးနိုင်လဲဟုလည်း မေးလိုက်သေးသည်။


"ဒီကြွေထည်တွေက အရည်အသွေးကောင်းတဲ့အထဲကပဲ"


ကျန်းကျန့်ယူလာသော ကြွေထည်များကိုမြင်မြင်ချင်း ဆိုင်ရှင်က ထိုသို့ပြော၏။


"ဟုတ်တယ်။ ဝယ်ခဲ့တဲ့စျေးကလည်း မနည်းဘူး"


ကျန်းကျန့်ကလည်း ပြန်ပြောလိုက်၏။


"မင်းမှာ ဘယ်လောက်လောက်ရှိလဲ။ စျေးသင့်တယ်ဆိုရင် ငါ အကုန်ယူမယ်"


ဆိုင်ရှင်က ပြောလာ၏။


"လှေပေါ်မှာ အများကြီးပါလာခဲ့တယ်။ စျေးနှုန်းကတော့... သူဌေး ဒီလိုဆိုရင်ရော..။ ခင်ဗျား ကျွန်တော့်ကို ဝယ်လက်နဲ့မိတ်ဆက်ပေးဖို့ ကူညီပြီး စျေးညှိကြည့်လိုက်လေ။ အဲ့ဒီကျမှ သူ့တို့ကိုရောင်းဖို့ ပစ္စည်းတွေကို ကျွန်တော်ယူလာလိုက်မယ်။ ရောင်းစျေးကတော့ ဆယ်စမှာတစ်စကို ခင်ဗျားယူလိုက်ပေါ့"


ကြွေထည်စျေးကွက်အကြောင်းကို ကျန်းကျန့်မသိပေ။ ဆိုင်ရှင်ဆီကို အလောတကြီးရောင်းချပစ်သူအများစုသည် ငွေအရှုံးပေါ်သွားရသည်ချည်းသာ။ ထို့ကြောင့် သူက ဤနည်းလမ်းကို ရိုးရိုးရှင်းရှင်းတွေးမိလိုက်သည်။


ဆိုင်ရှင်ဘက်ကသာ ဝေစုများများပိုလိုချင်ပါက ပစ္စည်းကို စျေးနည်းနည်းပိုတင်ရမည်သာ ဖြစ်၏။


"ဒါက.."


ဆိုင်ရှင်သည် သည်လိုနည်းလမ်းမျိုးဖြင့် လုံးဝမရောင်းချဖူးချေ။ ထို့ကြောင့် သူ တစ်ခဏမျှတွေဝေနေမိသည်။


"သူဌေး..ခင်ဗျားက ဆယ်ရာခိုင်နှုန်းရမှာနော်။ သေချာတာကတော့ ကျွန်တော့်ကို အရူးလုပ်ဖို့မကြံနဲ့။ ကျွန်တော်က စျေးကောင်းကောင်းနဲ့ ရောင်းချင်ရုံလေးပဲ။ တကယ်လို့ စျေးမသင့်ဘူးဆိုရင် လုံးဝရောင်းမှာမဟုတ်ဘူး"


ကျန်းကျန့်က ဆို၏။


ထိုအကြောင်းကို ခေတ္တမျှတွေးတောပြီးနောက် ဆိုင်ရှင်က ကျန်းကျန့်၏တောင်းဆိုမှုကို လက်ခံလိုက်လေသည်။ ကျန်းကျန့်ယူလာသော ကြွေထည်များသည် စျေးမကြီးလှသော်လည်း ကောင်းမွန်နေဆဲဖြစ်ပြီး ဤနေရာတွင် အလွန်ရှားပါး၏။


ကျန်းကျန့်၏ကြွေထည်များသည် အလွန်စျေးမကြီးလှသော်လည်း အရည်အသွေးကတော့ အလွန်ကောင်းသည်။ အနည်းဆုံးတော့ ဤနေရာတွင် တွေ့ရခဲသည်။ အကယ်၍သာ စီရင်စုထဲရှိ မိသားစုကြီးများစွာထဲမှ သခင်မများကိုသာ ပြကြည့်ပါက စျေးကောင်းနှင့်ရောင်းနိုင်မှာ သေချာသည်။


ဆိုင်ရှင်၏သဘောတူညီမှုကိုရသည်နှင့် ကျန်းကျန့်လည်း နမူနာကြွေထည်များကို ထားခဲ့ပြီး သူ့မှာ လက်ဝယ်ရှိသည့် ပန်းကန်တစ်လုံးချင်းစီ၏ပမာဏကို ပြောပြထားခဲ့လိုက်သည်။ ထို့ပြင် သူ့လိပ်စာကိုလည်း ချန်ထားခဲ့သည်။


ထိုကိစ္စတွေပြီးစီးချိန် ကျန်းကျန့်က ကျောက်ကျင်းကောကို နေ့လယ်စာစားရန်အတွက် စီရင်စုထဲရှိ စားသောက်ဆိုင်တစ်ခုကို ခေါ်သွားချင်နေသည်။ စီရင်စုထဲမှာ စားသောက်ဆိုင်ကြီးတစ်ဆိုင်သာရှိပြီး ထိုနေရာရှိ အစားအသောက်များကလည်း စျေးမချိုပေ။ ကျန်းကျန့်က ထိုနေရာကိုသွားဖို့ ကမ်းလှမ်းလာသည့်အခါ ကျောက်ကျင်းကောက ငြင်းလိုက်သည်။


"ကျွန်တော် အဲဒီမှာ မစားချင်ပါဘူး။ ဝမ်ထုန်ပဲစားရအောင်ပါ"


"ဝမ်ထုန်"


ကျန်းကျန့်ခမျာ ကြက်သေသေသွားရလေသည်။


"ကျင်းကော မင်း ကိုယ့်ပိုက်ဆံတွေကို ခြွေတာဖို့မလိုပါဘူး"


"ကျွန်တော် ဝမ်ထုန်စားရတာကို တကယ်ကြိုက်တာ။ ကျွန်တော် ငယ်ငယ်တုန်းက ကျွန်တော့်အဖေက စီရင်စုထဲကိုခေါ်လာတိုင်း သူက ဝမ်ထုန်တစ်ပန်းကန်ဝယ်ကျွေးလေ့ရှိတယ်"


​ကျောက်ကျင်းကောက ပြောသည်။


ကျောက်ကျင်းကောက ပိုက်ဆံခြွေတာချင်နေကြောင်း ကျန်းကျန့်ကတော့ သိသည်။ သို့သော် သူ့ကို မငြင်းလိုက်ပါ။ ထို့ကြောင့် သူ ကျောက်ကျင်းကောကို ဝမ်ထုန်ရောင်းသောဆိုင်လေးဆီကို ခေါ်သွားလိုက်သည်။


ဝမ်ထုန်ကို အမျိုးအစားနှစ်ခု ခွဲခြားထားသည်။ တစ်ခုသည် အလွှာထူထဲသည့် အကြီးစားဝမ်ထုန်ဖြစ်ပြီး တစ်ပန်းကန်ကို ကြေးပြားခြောက်ပြား ကျသင့်သည်။ အသားပါလျှင်တော့ ကြေးပြားဆယ်ပြား ကျသင့်သည်။


တခြားတစ်ခုကတော့ ဝမ်ထုန်အသေးစားဖြစ်ပြီး အလွှာပါးလျကာ အသားကလည်း အရွယ်အစားသေး၏။ ၎င်းကတော့ တစ်ပန်းကန်ကို ကြေးပြားနှစ်ပြားသာ ကုန်ကျပြီး တစ်ခါတလေမှာ ဝယ်ယူသူ၏ဆာလောင်မှုကိုဖြေဖျောက်ရန် အပိုအသားပေါက်စီအချို့လည်း ရနိုင်သည်။


ကျောက်ကျင်း​ကောက ဝမ်ထုန်ပွဲသေးနှစ်ပွဲမှာလိုက်သည့်အခါ ကျန်းကျန့်လည်း စားလို့မကုန်လျှင် ပြန်ယူသွားလို့ရသည့်အတွက် အသားပေါက်စီဆယ်လုံးကိုပါ ချခိုင်းလိုက်သည်။


ဝမ်ထုန်ပွဲသေးတစ်ပွဲက ကြေးပြားနှစ်ပြားကျသင့်ပြီး လက်သီးဆုပ်အရွယ် အသားပေါက်စီတစ်ပန်းကန်က ကြေးပြားသုံးပြား ကုန်ကျလေသည်။ ကျန်းကျန့်က ဗိုက်ဖြည့်ရန်အတွက် ဝမ်ထုန်ပွဲသေးတစ်ပွဲနှင့် အသားပေါက်စီသုံးလုံးကို စားပစ်လိုက်သည်။ ကျောက်ကျင်းကောလည်း အတူတူပင်။ ထို့​​ကြောင့် ကျန်သည့်ပေါက်စီလေးလုံးကို ဆီစိမ်စာရွက်ဖြင့် ထုပ်ပိုးလိုက်သည်။


သူ ကျောက်ကျင်းကောကို စီရင်စုထဲသို့ ခေါ်လာရသည့်အကြောင်းမှာ သူ့အတွက် တစ်စုံတစ်ခုဝယ်ပေးဖို့ ရည်ရွယ်ထားသောကြောင့်ပင်။ သို့သော် ကျောက်ကျင်းကောက ဘာမှမလိုချင်ပေ။ ဖုချောင်မှာ ကုန်ပစ္စည်းများ သွားဝယ်ပြီးကတည်းက ပစ္စည်းဝယ်ဖို့ဆိုလျှင် သူ ဘာတစ်ခုမှမရွေးတတ်တော့ချေ။ နောက်ဆုံးမှာတော့ သူ အသားနှစ်ကီလိုနှင့် ဝက်အသည်းတစ်ပန်းကန်ကိုသာ ဝယ်လာခဲ့လိုက်တော့သည်။


ဝက်အသည်းကို ဝယ်လာခဲ့ပြီးနောက် ဝက်ခြေထောက်ကလည်း စျေးချိုနေတာကို သိလိုက်ရသည်။ ထို့ကြောင့် သူ နောက်ထပ်ဝက်ခြေထောက်နှစ်ချောင်းဝယ်လိိုက်ပြီး သားသတ်သမားကို အပိုင်းလေးတွေဖြစ်အောင် ခုတ်ဖြတ်ခိုင်းလိုက်သည်။


"ကျောက်ကျင်းကော.."


အသံတစ်သံကို ရုတ်ခြည်းကြားလိုက်ရသည်။ ကျန်းကျန့်၏ဘေးမှာရပ်နေသော ကျောက်ကျင်းကောက သူ့ခေါင်းကို လှည့်ကြည့်လိုက်သည့်အခါ သုံးဆယ်အရွယ်အမျိုးသမီးတစ်ယောက်က မလှမ်းမကမ်းမှာ မတ်တတ်ရပ်နေတာကို တွေ့လိုက်ရ၏။


"အစ်မ.."


ကျောက်ကျင်းကော လှမ်းခေါ်လိုက်ပြီး သူနှင့်မျက်နှာချင်းဆိုင်ရှိ အမျိုးသမီးကို ကြည့်လိုက်သည်။


"မင်းနဲ့ ဒီမှာ တွေ့ရလိမ့်မယ်လို့ ထင်မထားဘူး။ မင်း အသားနည်းနည်းဝယ်ချင်ပေမဲ့ ပိုက်ဆံမရှိဘူးမလား။ ငါ့ကို နည်းနည်းလောက်ချေးပေးစေချင်လား"


လျူဖန်တိက ကျောက်ကျင်းကောကို ကြည့်ပြီး မေးခွန်းထုတ်လိုက်သည်။


"မလိုပါဘူး"


ကျောက်ကျင်းကော ငြင်းပယ်လိုက်၏။


"မငြင်းစမ်းပါနဲ့။ မင်းတို့မိသားစုရဲ့ဘဝက မလွယ်ကူဘူးဆိုတာ ငါသိပါတယ်။ အမလေး.. မင်းက ယောက္ခမရှာဖို့အတွက်လည်း အသက်ကြီးလွန်းနေပြီလေ။ အဲ့ဒါကြောင့် သူများမိသားစုဆီမှာပဲ တစ်နေ့လုံးအလုပ်လုပ်နေရတာကို"


လျူဖန်တိက မာန်တက်နေသည့်အကြည့်ဖြင့် ကျောက်ကျင်းကောကိုကြည့်ကာ ပြောလိုက်သည်။ သို့သော် ဤအနီးကပ်အကြည့်တစ်ချက်က သူ(မ)၏မျက်ခုံးများကို တွန့်ချိုးသွားအောင်လုပ်လိုက်လေသည်။


လျူဖန်တိသည် ကျောက်ကျင်းကောဦးလေး၏ အကြီးဆုံးသမီးဖြစ်ပြီး သူတို့သည် အသက်လည်း အတူတူပင်။ သူ(မ) ငယ်ငယ်တုန်းကဆိုလျှင် သူ(မ)သည် မိဘများထံမှ အချစ်ခံနေရသော ကျောက်ကျင်းကောကို အလွန်မနာလိုဖြစ်ခဲ့သည်။ သူ(မ) အရွယ်ရောက်လာပြီးနောက် ကျောက်ကျင်းကော ဘယ်တော့မှလက်မထပ်နိုင်လောက်တော့သည့်အချိန်မှာ သူ(မ)ကတော့  စီရင်စုထဲတွင် ကောင်းမွန်သောအိမ်ထောင်ရေးတစ်ခုကို ထူထောင်နိုင်ခဲ့သည်။ ထို့ကြောင့် သူ(မ) ကျောက်ကျင်းကောထက် ပို၍ပို၍သာလွန်လာသလို ခံစားခဲ့ရသည်။


ကျောက်လျူက သူ(မ)တို့မိသားစုနှင့် အဆက်အသွယ်ဖြတ်လိုက်တာကို သူ(မ) အကြီးအကျယ်နောင်တရမိသည်။ ထို့ကြောင့် သူ(မ)အနေနှင့် သူ(မ)ဘယ်လောက်ကောင်းကောင်းမွန်မွန် နေထိုင်နေရသလဲဆိုတာကို ကျောက်ကျင်းကောအား ပြရန်အတွက် တရုတ်နှစ်သစ်ကူးတိုင်းမှာ စားစရာအချို့ကို သူ့ဆီသို့ ပို့ပေးတတ်သည်။