Chapter 64
ယနေ့ သူ(မ) ကျောက်ကျင်းကောကိုတွေ့လိုက်ရတော့ အစပိုင်းတော့ သူ(မ) ပျော်သွားခဲ့သည်။ သို့သော် မကြာခင်မှာတင် တစ်စုံတစ်ခုတော့ မှားယွင်းနေကြောင်း ခံစားမိလိုက်သည်။ ယနေ့တွင် ကျောက်ကျင်းကောသည် ကောင်းမွန်စွာဝတ်စားထားပြီး ငယ်ရွက်တက်ကြွနေဟန် ပေါက်၏။ သူ့ခေါင်းပေါ်မှာတောင် ငွေဆံထိုးလေးတစ်ခု ရှိနေသေးသည်။
"ကျောက်ကျင်းကော.. နင် ငွေဆံထိုး ပန်ထားတယ်ဆိုတာ ငါ ယုံတောင်မယုံနိုင်ဘူး။ ငါ့အဒေါ်က နောက်ဆုံးတော့ နင့်အတွက် ယောက္ခမရှာပေးလိုက်ပြီပေါ့လေ"
လျူဖန်တိက ဆက်မေးပြန်သည်။ ထိုငွေဆံထိုးကို ကျောက်မိသားစုဝယ်တာ မဖြစ်နိုင်ပေ။ ကျောက်ကျင်းကောက လက်ထပ်တော့မှာလား။
"နင် တစ်ခုလပ်ကိုယူလိုက်တာလား။ ဒါမှမဟုတ် လူအိုကြီးတစ်ယောက်လား။ နင်က အရမ်းအသက်ကြီးနေတာတောင် သူတို့က နင့်ကို ငွေဆံထိုးပေးဖို့ ဆန္ဒရှိနေတယ်ပေါ့။ ကြည့်ရတာ ဟိုဘက်ကအခြေအနေက သိပ်ကောင်းပုံမရဘူး။ ဟုတ်တယ်မလား"
လျူဖန်တိတစ်ယောက် ခန့်မှန်းကြည့်နေသည်ဆိုသော်ငြား သူ(မ)အနေနှင့် အလွန်တရာသေချာနေခဲ့သည်။ သူ(မ)၏အတွေးမှာ ကျောက်ကျင်းကောတစ်ယောက် တုံးအအရူးကြောင်ကြောင်လူတစ်ယောက်ကို လက်ထပ်ခဲ့တာဖြစ်ရမည် ဟူ၍ပင်။ ထိုသို့မှမဟုတ်လျှင် သူတို့က ကျောက်ကျင်းကောကို ငွေဆံထိုး ဘာလို့ပေးမှာတဲ့လဲ။
ကျောက်ကျင်းကောက ဤဝမ်းကွဲနှင့် အဆက်အသွယ်သိပ်မရှိခဲ့ပေ။ တကယ်တော့ အစပိုင်းမှာ ဤဝမ်းကွဲသည် သူ့အပေါ် အငြိုးတကြီးဖြစ်နေလိမ့်မည်ဟု ထင်မထားပေ။ သို့သော် ယခုတော့ တစ်စုံတစ်ခုကမှားယွင်းနေကြောင်း ခံစားမိပြီး မတတ်သာဘဲ အံ့သြမှင်တက်နေမိသည်။
"ကျင်းကော ကိုယ် မင်းအတွက် အသားဝယ်ထားပြီးပြီ။ မင်း ဘာထပ်လိုချင်သေးလဲ။ သွားဝယ်ကြမယ်လေ"
ကျန်းကျန့်က အပြုံးတစ်ပွင့်ဖြင့် လျူဖန်တိကို ကြည့်လိုက်သည်။
"ဒီမိန်းမကြီးက ဘယ်သူလဲ။ မင်း သူ့ကိုသိလား"
"ကျွန်တော့်ရဲ့ဝမ်းကွဲပါ"
ကျောက်ကျင်းကောကလည်း ပြန်ဖြေသည်။
"အိုး.. ဝမ်းကွဲကိုး။ ကိုယ်က အဒေါ်ထင်နေတာ"
ကျန်းကျန့်က သရော်ပြုံးပြုံးလိုက်၏။
လျူဖန်တိမှာ ဒေါသအမျက်ခြောင်းခြောင်းထွက်လုမတတ်ပင်။ သူ(မ)ခင်ပွန်း၏မိသားစုအခြေအနေမှာ ကြွားဝါဖို့အတွက် အလွန်အဆင်ပြေသည်။ သို့သော် သူ(မ)မှာ အာဏာရှိသောယောက္ခမတစ်ယောက်ရှိပြီး ထိုယောက္ခမက သူ(မ)တို့မိသားစုဘက်က မင်္ဂလာဦးလက်ဖွဲ့အများကြီးတောင်းတာနှင့် ပတ်သက်ပြီး မကျေနပ်လှပေ။ ထို့ကြောင့် ထိုယောက္ခမက သူ(မ)ကို ကြမ်းကြမ်းတမ်းတမ်းသာ ဆက်ဆံ၏။ သို့သော် ထိုသို့ဆိုလျှင်တောင် သူ(မ)က ကျောက်ကျင်းကောထက် တစ်နှစ်မျှ အသက်ပိုကြီးရုံလေးပင်။ သူ(မ) ဘယ်လိုလုပ် အဒေါ်ဖြစ်သွားရတာလဲ"
လျူဖန်တိက တစ်စုံတစ်ရာကို ထပ်ပြောလိုသော်ငြား ကျန်းကျန့်ကတော့ သူ(မ)ကို အရေးမလုပ်ဘဲ ကျောက်ကျင်းကောကို အဝေးသို့ ဆွဲခေါ်သွားလိုက်သည်။ လျူဖန်တိခမျာတော့ ကျောက်ကျင်းကော၏နောက်ကျောပြင်ကိုငေးရင်း မျက်မှောင်သာ ကြုတ်ထားမိတော့သည်။
ကျောက်ကျင်းကောက တကယ်ကြီးလက်ထပ်တော့မှာလား။ ဒါ မဖြစ်နိုင်ဘူး။
သူ(မ) အိမ်ပြန်သွားပြီး မေးမှဖြစ်မည်။
ကျန်းကျန့်နှင့် ကျောက်ကျင်းကောတို့က စီရင်စုထဲမှာ အချိန်အကြာကြီးမနေဘဲ အိမ်ကိုသာ စောစောပြန်လာခဲ့ကြသည်။ ထိုအချိန်အတောအတွင်းမှာ ရွာလူကြီးကျန်းဖျင်ကလည်း ကျန်းမိသားစုအိမ်ကိုသွားပြီး သူတို့၏မြေကို တစ်စုံတစ်ယောက်က ဝယ်ချင်နေကြောင်း သွားအသိပေးလေသည်။
အစကတော့ ကျန်းဖျင်မှာ ကျန်းမိသားစုက မြေကွက်ကို ဘယ်သူကဝယ်ချင်တာလဲဟု မေးလာမှာကို စိုးရိမ်နေခဲ့သည်။ သို့သော် မမျှော်လင့်ထားစွာပင် ကျန်းမိသားစုက မေးမလာခဲ့ချေ။
"အဲ့ဒီမြေကို တစ်ယောက်ယောက်က ဝယ်ချင်နေတယ်လား။ စျေးကရော ဘယ်လောက်လဲ"
အမျိုးသမီးကျန်းက မေးလိုက်၏။
"မြေတစ်မူစာအတွက် ငွေစနှစ်ဆယ်။ မင်းတို့မြေကွက်က အကောင်းကြီးလည်းမဟုတ်တော့ အဲ့ဒီပေါ်မှာ ဘာမှလည်း စိုက်ပျိုးလို့မရဘူးလေ။ အဲ့ဒါကြောင့် ငါ အဲ့ဒီထက် စျေးပိုတင်လို့မရတော့ဘူး"
ကျန်းဖျင်က ပြောပြလိုက်သည်။
အမျိုးသမီးကျန်းက ရုတ်ခြည်းတွေဝေသွားပြီး သားသတ်သမားကျန်းကလည်း တိတ်ဆိတ်နေသည်။
"မင်းတို့ မြေကွက်ကို တကယ်ရောင်းချင်တာလား။ ရောင်းပြီးသွားရင် ပြန်ဝယ်ဖို့ခက်သွားပြီနော်"
ကျန်းဖျင်က သူတို့အား အကြံပေးသည်။ မြေကွက်ဆိုသည်မှာ ရွာသားများအတွက် ပင်မအသက်သွေးကြောတစ်ခုဖြစ်သည်။ ကျောက်လျူကဲ့သို့ နာမကျန်းဖြစ်နေပြီး အသက်ကယ်ကြိုးတစ်ချောင်းကို လိုအပ်နေသူ သို့မဟုတ် ဟယ်ချိုးရှန့်၏အဖေလို လောင်းကစားကြွေးမဆပ်နိုင်သဖြင့် ခေါင်းဖြတ်ခံရတော့မည့်လူတို့ကလွဲလျှင် ဘယ်သူကမှ မြေကွက်ရောင်းဖို့ ဆန္ဒမရှိကြပေ။
ယခင်က ကျန်းမိသားစုမှာ မြေကွက်အများကြီးမရှိခဲ့ချေ။ လယ်ကွင်းလေးမူငါးမူလောက်နှင့် မြေရိုင်းအနည်းငယ်မျှသာ ရှိခဲ့သည်။ ယနေ့ သူတို့ပိုင်ဆိုင်ထားသော မိသားစုပိုင်ပစ္စည်းများဖြစ်လာဖို့အတွက် သားသတ်သမားကျန်း အလွန်အားစိုက်ထုတ်ခဲ့ရသည်။ လယ်ကွက်ဆယ့်ငါးမူကို ပိုင်ဆိုင်ထားသည့်အတွက် ကျန်းမိသားစုကို မနာလိုသူ ပေါလှသည်။ သူတို့က ထိုမြေကွက်လေးမူကို တစ်ချက်တည်းနှင့် ရောင်းပစ်ချင်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
"ရောင်းလိုက်ပါ။ ကျွန်တော်တို့ ရောင်းချင်တယ်"
သားသတ်သမားကျန်းက အတည်ပြုလိုက်သည်။
မြေကို ဘယ်သူဝယ်မှာလဲဆိုတာကိုတောင် သူမမေးနိုင်သည့်အတွက် အလွန်စိတ်ပျက်မိသည်။
ကျန်းမိသားစု မြေကွက်ကိုရောင်းချရသည့် အကြောင်းအရင်းများစွာရှိသည်။ ထိုအကြောင်းပြချက်ထဲမှတစ်ခုက သူတို့မစိုက်ပျိုးနိုင်တော့သောကြောင့်ပင်။ စပါးပင်များက ရှင်သန်ကြီးထွားလာအောင် လုပ်ဖို့အတွက် အလွန်ဒုက္ခများသည်။ အစပိုင်းမှာ မြေသားကို ထပ်ခါထပ်ခါ ဆွပြီး ထယ်ထိုးပေးရသည်။ ထို့နောက် မျိုးစေ့ကို အပင်ဖြစ်လာအောင် ပျိုးထောင်ရသည်။ နောက်တော့ ထိုအပင်ကို ရေလောင်းပေါင်းသင် အခါခါလုပ်ပေးရသည်။ ယခင်တုန်းကတော့ အကြီးဆုံးကျန်းနှင့် သားသတ်သမားကျန်းတို့က လယ်ကွင်းထဲကို အတူသွားကြသည်။ သူတို့ အလုပ်ရှုပ်နေသည့်အခါမှာတော့ အမျိုးသမီးကျန်းက စပါးပင်များကို စိုက်ပျိုးပေးနိုင်သည်။
သို့သော် ယခုမှာတော့ ရှိသမျှမြေအားလုံးကို သူတို့ မစိုက်ပျိုးနိုင်တော့ချေ။ သေချာပေါက်ကတော့ သူတို့ စပါးပင်ကို မစိုက်ပျိုးနိုင်လျှင် တခြားသူကို စိုက်ပျိုးဖို့ မြေငှါးပေးနိုင်သည်။ ရွာထဲရှိတချို့လူများသည် မြေနည်းနည်းသာရှိကြသည့်အတွက် သူတို့အား တစ်စုံတစ်ယောက်က မြေကွက်ငှါးပေးဖို့ လိုလားကြသည်။ သို့သော် ကျန်းချောင်ရှန့်နှင့် ကျန်းချောင်ဝမ်တို့က သူတို့ဆီက ပိုက်ဆံတောင်းလာလေသည်။
ထိုကိစ္စဖြစ်ပွါးရသည်မှာ ကျန်းချောင်ရှန့်တစ်ယောက် စီရင်စုထဲမှာ အလုပ်တစ်ခုရှာတွေ့ရာက စတင်၏။ သို့သော် သူ ငွေစနှစ်ဆယ်လိုအပ်နေသောကြောင့် အိမ်ပြန်လာပြီး ငွေတောင်းတော့သည်။ သားသတ်သမားကျန်းကလည်း သူ အလုပ်တစ်ခုရဖို့မျှော်လင့်နေသည်ဖြစ်ရာ သူ့အတွက် နည်းလမ်းတစ်ခုရှာပေးမည်ဟု ကတိပေးလိုက်ပြီး ငွေစနှစ်ဆယ့်နှစ်စပေးလိုက်သည်။ ရလဒ်ကတော့ ကျန်းချောင်ဝမ်ကလည်း ထိုအကြောင်းကို နားစွန်နားဖျားကြားသွားပြီး မကျေမနပ်ဖြစ်ပါတော့သည်။
ယခင်တုန်းက ကျန်းချောင်ရှန့် ခြောက်နှစ်ခုနစ်နှစ်လောက် စာလေ့လာနေချိန်မှာ ကျန်းချောင်ဝမ်သည် နှစ်နှစ်လောက် ကျောင်းသွားနေခဲ့ရသည်။ ကျန်းမိသားစုကလည်း ကျန်းချောင်ဝမ်ထက်စာလျှင် ကျန်းချောင်ရှန့်အတွက် ငွေပိုသုံးခဲ့လေသည်။ သို့သော် ကျန်းချောင်ရှန့် အောင်မြင်လာပြီးနောက်မှာ သူက သူ့မိသားစုကို ပိုက်ဆံဘယ်လောက်မှ ပြန်မပေးခဲ့ချေ။
ကျန်းချောင်ဝမ်သည် သူတို့နှစ်ယောက်လုံးက ကျန်မိသားစု၏သားများဖြစ်ကြသည်ဟု တွေးသည်။ သားသတ်သမားကျန်းက ကျန်းချောင်ရှန့်ကိုတော့ စာလေ့လာဖို့အတွက် ပိုက်ဆံပိုပေးပြီး အလုပ်ရှာဖို့အတွက်လည်း ငွေထုတ်ပေးသည်။ ဒါဆို သူ့ကိုရော ဘာလို့ ဘာမှမပေးရတာလဲ။ ထို့နောက် သူ့မိဘနှစ်ပါးထံမှ ကိုယ်ပိုင်စီးပွါးရေးစတင်ရန်ဟုဆိုကာ ငွေစလေးဆယ့်နှစ်စ တောင်းလိုက်သည်။
သို့သော် တစ်ချိန်တည်းမှာပင် တစ်စုံတစ်ယောက်က အကြွေးကောက်ဖို့ ရောက်ချလာလေသည်။ အကြီးဆုံးကျန်းခံစားခဲ့ရသော နှိပ်စက်မှုဒဏ်အမျိုးမျိုးနှင့်ယှဉ်လျှင် သားသတ်သမားကျန်းနှင့် အမျိုးသမီးကျန်းတို့သည် ကျန်းချောင်ဝမ်နှင့် ကျန်းချောင်ရှန့်တို့ကိုတော့ အလွန်ချစ်မြတ်နိုးရှာသည်။ အဆုံးမှာတော့ ထိုလင်မယားသည် ပြဿနာနှင့်ပတ်သက်၍ ဆွေးနွေးကြပြီး မြေကွက်ကိုရောင်းဖို့ ဆုံးဖြတ်လိုက်ကြသည်။
မြေကွက်ကိုရောင်းပြီးလျှင် ကျန်းချောင်ရှန့်အား အလုပ်သေချာရန်အတွက် ငွေစနှစ်ဆယ်ပေးမှာဖြစ်၏။ ကျန်ငွေများကတော့ အကြွေးဆပ်ဖို့ သုံးရမည်။
အမျိုးသမီးကျန်းသည် သူ(မ)၏သား ကျန်းချောင်ဝမ်အပေါ် အမြဲတမ်း ယုံကြည်မှုပြည့်လျှံနေတတ်သည်။ သူ့သားက အပျင်းကြီးတာတောင် သူသည် စီးပွါးရေးလုပ်ကိုင်နိုင်စွမ်းရှိပြီး ငွေအမြောက်အမြားရှာဖွေနိုင်လိမ့်မည်ဟု အခိုင်အမာယုံကြည်နေသည်။
အမျိုးသမီးကျန်းနှင့် သားသတ်သမားကျန်းတို့က မြေကွက်ကိုရောင်းဖို့ သဘောတူလိုက်သောအခါ ကျန်းဖျင်သည် ကျောက်မိသားစု၏အိမ်ကို သွားရပြန်သည်။
ကျန်းဖျင်က ယုံကြည်စိတ်ချရသည်။ ကျန်းကျန့်လည်း အနားမှာရှိနေသည့်အတွက် ကျောက်ဖူကွေ့သည် ထိုလူက သူ့မိသားစုကိုလှည့်စားမှာကိုလည်း မစိုးရိမ်တော့ပေ။ သူ ကျန်းဖျင်ကို ပိုက်ဆံပေးလိုက်ပြီး မြေကွက်ကိုဝယ်ခိုင်းလိုက်သည်။ ကျန်းဖျင်က လူကောင်းတစ်ယောက်ဖြစ်သည့်အတွက် မငြင်းခဲ့ပေ။ ကျောက်မိသားစုအတွက် ဝါးရုံတောမူနှစ်ဆယ်ဝယ်ဖို့အတွက်လည်း ကူညီပေးသေးသည်။
နောက်တစ်နေ့တွင် ကျန်းကျန့် ပိုင်ဆိုင်မှုစာချုပ်စာတမ်းကို ရလိုက်သည်။ သူ တစ်ချက်မျှသာကြည့်ပြီး စာချုပ်ကို ကျောက်ကျင်းကောကို ပေးလိုက်၏။ တစ်ချိန်တည်းမှာပင် ကျောက်မိသားစုက မြေကွက်ကိုဝယ်လိုက်သည့်သတင်းမှာ ဟယ်ရှီရွာအနှံ့ ပြန့်သွားလေတော့သည်။ ကျောက်မိသားစုက ထိုမြေကွက်ကို ဝယ်သည်ဟု မဆိုနိုင်ပေ။ ကျန်းကျန့်က သူတို့အတွက် ဝယ်ပေးခြင်းပင်။
ကျန်းကျန့်က ကျန်းမိသားစုအိမ်မှထွက်လာစဉ်က သူ့လက်ထဲတွင် ငွေစလေးဆယ်မျှသာ ရှိခဲ့သည်။ သို့သော် ယခုတော့ သူ တစ်ယောက်တည်းအားဖြင့် လယ်ကွက်လေးမူကိုပင် ဝယ်နိုင်လေပြီ။ သူ့ကို လက်ထပ်ခြင်းဖြင့် အခြားဘာကိစ္စတစ်စုံတစ်ရာမှမရှိလျှင် အနာဂတ်မှာ ကျောက်ကျင်းကောတစ်ယောက် စားစရာမရှိမှာ မပူရတော့ချေ။
ယခင်က ဟယ်ရှီရွာမှာရှိသောလူများက ကျန်းကျန့်ကို ကြောက်ရွံ့ခဲ့ကြသည်။ သို့သော် ယခုမှာတော့ သူတို့ ကျန်းကျန့်ကို သွားတွေ့ကြသည့်အခါ ကျန်းကျန့်က ကြောက်စရာကောင်းတာ ဘာတစ်ခုမှလုပ်မနေကြောင်း သိလိုက်ရသည်။ သူက ကျောက်ကျင်းကောအပေါ်ဆိုလျှင် အလွန်ကောင်းလှသည်။ ယခုဆိုလျှင် ကျောက်ကျင်းကောက အဝတ်အစားအသစ်တွေသာ အမြဲဝတ်နေသည်မဟုတ်လား ကျောက်မိသားစုကလည်း နေ့တိုင်း အသားဟင်းစားနေနိုင်ပြီဖြစ်၏။
ကျောက်လျူဆိုလျှင် ယခင်က ပိန်ပိန်ပါးပါးသာရှိခဲ့သော်လည်း ယခုတော့ အသားအရေစိုပြည်လာရုံသာမက ပါးအို့နီများပင် ခြယ်သထားသေးသည်။
လူတွေက ကျောက်မိသားစုကို အနည်းငယ်မနာလိုဖြစ်သွားရ၏။ သူတို့ ကျောက်မိသားစုကို အားကျမိသည့်အခါတိုင်းမှာ ကျန်းမိသားစုအကြောင်းကိုလည်း မပြောမဖြစ်ပြောကြပြီး သူတို့အား ကရုဏာသက်ကြပြန်၏။
ကျန်းကျန့် ကျန်းမိသားစုထဲမှာရှိတုန်းက သူ အလုပ်ကြိုးစားသည်။ လယ်ကွင်းထဲမှာ ရှိသမျှအလုပ်များကို အကုန်လုပ်ပြီး ကျန်းမိသားစုကို ကောင်းကောင်းမွန်မွန်နေထိုင်ခိုင်းခဲ့သည်။
သို့သော် ကျန်းမိသားစုကတော့ သူ့အား အကြောင်းမရှိအကြောင်းရှာပြီး အိမ်က နှင်ချခဲ့လေသည်။ ယခုတော့ ကျန်းကျန့်က ကျောက်မိသားစုဆီကို ရောက်သွားပြီဖြစ်ပြီး ကျန်းမိသားစု၏ဘဝကလည်း ဝမ်းနည်းစရာကောင်းသည့် အခြေအနေသို့ ဆိုက်ရောက်သွားချိန်မှာ ကျောက်မိသားစုအိမ်ကတော့ ကြီးပွါးချမ်းသာလာလေ၏။
အတိတ်တုန်းက ရွာထဲရှိလူများသည် ကျန်းကျန့်ကို ကြောက်ရွံ့ကြသည်။ ကျန်းကျန့်နှင့် သူတို့ရန်ဖြစ်ပြီး ရဲခေါ်ခံရသောအခါ သူတို့ကိုပါ အမှုပတ်မှာ ကြောက်ကြ၏။ ယခုတော့ ကျန်းကျန့်က ရွာထဲမှာ ဘာပြဿနာမှ ဖြစ်အောင်လုပ်မှာမလုပ်မှန်း သူတို့ သတိထားမိသွားကြသည်။ ထို့ကြောင့် သူတို့လည်း သူ့ကို မကြောက်ကြတော့ပေ။ သေချာပေါက်ကတော့ သူတို့က သူ့ကို လေးစားအံ့သြနေကြဆဲဖြစ်သဖြင့် ဘယ်သူကမှ သူ့ကို မဆန့်ကျင်ရဲကြချေ။
လူအများအပြား ကျောက်မိသားစုဆီကို သတင်းမေးမြန်းဖို့ ရောက်လာကြလေသည်။ ကျောက်လျူမှာ ခေါင်းကို မော့ချီထားပြီး ကျန်းကျန့်အကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ကြွားဝါလေတော့သည်။
"မနေ့က မြေဝယ်လိုက်တုန်းက ကျွန်မရဲ့ကျင်းကောက အခင်းထဲမှာ သွားစိုက်ပျိုးချင်ပေမဲ့ ကျန်းကျန့်က သူ့ကို မသွားခိုင်းဘူးလေ။ မကြာခင် လက်ထပ်တော့မှာကို ဘာလို့ အလုပ်ကြမ်းတွေလုပ်ချင်နေရတာလဲလို့တောင် ပြောသေး။ ဒါကြောင့်မို့ ဒီနှစ်တော့ ကျွန်မတို့ စပါးကို တစ်ရာသီစာပဲ စိုက်နိုင်တော့မှာ"
"အရင်က ကျွန်မတို့အဆင်မပြေချိန်တုန်းက ဝက်ခေါင်းသားက အရမ်းစားကောင်းမှာပဲလို့ ကျွန်မတို့ တွေးနေခဲ့တာ။ အခုကျတော့ ကျန်းကျန့်က စီရင်စုကို ကြွေထည်ပို့ဖို့သွားရင်း ဝက်ခေါင်းတစ်ခေါင်းဝယ်လာတာပဲ။ တကယ်ကြီးကို..အရမ်းကြီးတဲ့ဝက်ခေါင်းကြီး။ တစ်မိသားစုလုံးတောင် စားလို့ကုန်မှာမဟုတ်ဘူး"
"သူက ကျွန်မကို ဒီပါးအို့နီလေးတောင် ဝယ်လာပေးသေးတယ်။ အစကတော့ ကျွန်မကို ပါးအို့နီတစ်ဘူးပဲ သူပေးတာ။ ဒါပေမဲ့ လတ်တလောလေးတုန်းကပဲ မျက်နှာချေမှုန့်တွေပါ ယူလာပေးရှာတယ်လေ"
"အခုဆိုရင် ကျွန်မရဲ့ကျင်းကောက အိမ်မှာ တစ်နေကုန် ဘာမှလုပ်စရာမလိုတော့ဘူး။ ဒီလိုသာဆက်သွားနေရင်တော့ သူ အပျင်းတစ်လာတော့မှာပဲ"
ကျန်းကျန့်က ထိုအမွမ်းတင်စကားများကို နားစွန်နားဖျားကြားလိုက်ရပြီး ရုတ်ခြည်းဆွံ့အသွားရသည်။ ကျောက်လျူက သူ့အား ချီးမွမ်းနေသည်မှာ နည်းနည်းတော့များသွားပြီဖြစ်၏။ ကျန်းကျန့်က ကျောကျင်းကောကို လယ်အလုပ်မလုပ်ခိုင်းတာ မှန်သော်ငြား ကျောက်ကျင်းကောကတော့ ဘာအလုပ်မှမလုပ်ဘဲ ချောင်ခိုနေရန် အစီအစဉ်မရှိပေ။ အိမ်တွင် အစားအသောက်မှန်သမျှလည်း သူသာ ချက်ပြုတ်သလို မြစ်ကမ်းနားက ခရုတွေကိုလည်း နေ့တိုင်း သွားကောက်သည်။ ထို့ပြင် ထိုခရုများကို ဝါးရုံတောထဲရှိရေကန်တွင် မွေးမြူထားပြီး နောက်ပိုင်းမှာ ဘဲလေးတွေကိုကျွေးဖို့အတွက် စောင့်ဆိုင်းသည်။
ကျန်းကျန့်သာ သူ့ကိုမတားလျှင် ကန်ထဲရှိ ရွှံတွေအကုန်လုံးကို တူးထုတ်ကာ ရေကန်အစပ်နားက မြေများကိုဖို့ကာ စိုက်ပျိုးဖို့ရာအတွက် မြေနေရာနည်းနည်းလောက်ရအောင် လုပ်နေဦးမည်ဖြစ်၏။ သို့သော် ချီးကျူးခံရသည့်ခံစားချက်ကလည်း မဆိုးလှပါ။ ထို့ကြောင့် ကျန်းကျန့်သည် အပြုံးတစ်ပွင့်ကိုဆင်မြန်းရင်း အလုပ်လုပ်ဖို့ ထွက်သွားတတ်လေသည်။
ကျောက်လျူ၏မျက်နှာထက်မှာတော့ နေ့တိုင်း နွေဦးကျနေသယောင်။ စိတ်ချမ်းသာမှုကြောင့် သူ(မ)အသက် ဆယ်နှစ်လောက် ပိုငယ်သွားသလိုပင်။ ထိုအချိန်အတောအတွင်းမှာ ကျန်းမိသားစုဘက်မှာတော့ သူတို့နှင့် ဆန့်ကျင်ဘက်ပင်။
သူတို့၏မြေကို ကျန်းကျန့်က ဝယ်သွားသဖြင့် အမျိုးသမီးကျန်း၏စိတ်ထဲမှာ ဒေါသတရားများသာ ပြည့်နှက်နေပြီး အသည်းခိုက်အောင် နာကျင်နေရလေသည်။ သူ(မ)က ပြစ်တင်ပြောဆိုနေဆဲပင်။ အစကတော့ သားသတ်သမားကျန်းက ထိုကိစ္စနှင့်ပတ်သက်ပြီး အဆင်ပြေသည်။ သူ့မြေကွက်သည် သူ့မိသားစုဝင်၏လက်ထဲမှာပင် ရှိနေပြီး အပြင်လူကို စျေးပေါပေါနှင့် ရောင်းလိုက်ခြင်းမဟုတ်ချေ။ သို့သော် ကျန်းကျန့်က ကျောက်မိသားစုအိမ်ကို လက်ထပ်ပြီးဝင်တော့မည်ဟု သိသိချင်းမှာ သူ ဒေါသူပုန်ထလေတော့သည်။ သူ့မိသားစုပိုင်မြေကွက်က ကျောက်မိသားစုအပိုင် ဖြစ်တော့မယ်တဲ့လေ။
"အမေနဲ့အဖေ စိတ်မပူပါနဲ့။ ကျန်းကျန့်တောင် မြေကွက်ဝယ်ဖို့ ပိုက်ဆံရှာနိုင်သေးရင် ကျွန်တော်လည်း ရှာနိုင်ပါတယ်"
ကျန်းချောင်ဝမ်က သူ့မိဘများကို နားချ၏။
"အစတုန်းက ကျန်းကျန့်က ငွေစလေးဆယ်နဲ့ စီးပွါးရေးစလုပ်ခဲ့တယ်။ သူတောင် အဲ့ဒီငွေတွေကို ပွါးလာအောင်လုပ်ပစ်နိုင်တယ်ဆိုရင် ကျွန်တော်လည်းလုပ်နိုင်တယ်ဆိုတာ သေချာပါတယ်"
"ဟုတ်တယ်။ မင်းလည်း လုပ်နိုင်တယ်"
အမျိုးသမီးကျန်းက ကျန်းချောင်ဝမ်ဘက်က ထောက်ခံလိုက်သည်။ ထို့နောက်မှာတော့ သူ(မ)၏စိတ်အခြေအနေလည်း ပိုအဆင်ပြေသွားသည်။
..........
လက်ထပ်ရတော့မည်ဆိုသော်ငြား ကျန်းကျန့်ကတော့ အလုပ်များနေဆဲပင်။ ဝမ်ဟိုင်ရှန်းနှင့်အတူ မကြာခင်ကမှ သူဝယ်ထားသော ဝါးရုံတောထဲကိုသွားကာ ဝါးခြံစည်းရိုးတစ်ခုလုပ်ပြီး ကြက်လှောင်အိမ်တစ်ခုနှင့် ဘဲလှောင်အိမ်တစ်ခုကိုပါ ဆောက်လိုက်သည်။
ဘဲတွေက မိုးရေကို မကြောက်တတ်ကြသဖြင့် သူတို့၏လှောင်အိမ်က ရိုးရိုးရှင်းရှင်းသာ။ သို့သော် ကြက်လှောင်အိမ်ကတော့ အခိုင်အမာတည်ဆောက်မှဖြစ်မည်။ ဤလုပ်ငန်းသည် အသေးအဖွဲကိစ္စမဟုတ်ချေ။ ထို့ကြောင့် ကျန်းကျန့်သည် သူ့မင်္ဂလာဆောင်ပြီးစီးသည့်နောက်မှသာ လုပ်ရန် စိတ်ကူးလိုက်သည်။ ယခုလောလောဆယ် သူလုပ်ရမည့်အလုပ်မှာ မြေကွက်ကို မြေညှိဖို့ဖြစ်သည်။
လက်ရှိမှာ အချိန်သည်ကား နှစ်တစ်နှစ်၏လေးလမြောက်သာရှိသေးသော်လည်း ရာသီဥတုကတော့ အလွန်ပူနေချေပြီ။ ကျန်းကျန့်ခမျာ ခဏလောက်သာ အလုပ်လုပ်ရသေးသော်လည်း မနေနိုင်တော့သဖြင့် အင်္ကျီများကိုချွတ်ပြီး အပေါ်ပိုင်းဗလာနှင့်သာ နေရသည်။ ယောက်ျားများအတွက်တော့ အင်္ကျီမဝတ်တာ အထူးအဆန်းမဟုတ်သလို အနားမှာလည်း ဘယ်သူမှမရှိ။
"အဲ့ဒီနားက ဘယ်သူလဲ"