Chapter 65
"အဲ့နားက ဘယ်သူလဲ..."
ကျန်းကျန့်က ဤနေရာကို ဘယ်သူမှလာမှာမဟုတ်ဟု ထင်ထားခဲ့မိသည်။ သို့သော် သူ့အနောက်မှ တရှဲရှဲမြည်သံများကိုကြားလိုက်ရသဖြင့် ဖျတ်ခနဲ ခေါင်းလှည့်ကြည့်လိုက်သည်။
"ကျ...ကျွန်တော်ပါ"
ဟယ်ချိုးရှန့်က ချုံပုတ်တွေကြားက ထွက်လာလေသည်။ ရက်အနည်းငယ်လောက် မတွေ့ဖြစ်သည့်အတောအတွင်းမှာ ဟယ်ချိုးရှန့်ခမျာ မျက်တွင်းဟောက်ပက်ဖြစ်နေရှာသည်။ သူက အပေါ်ပိုင်းဗလာကျင်းနေသော ကျန်းကျန့်ကို မကြည့်ရဲသဖြင့် ခေါင်းကို ငုံ့ထားလိုက်သည်။
"မင်း ဘာဖြစ်လာတာလဲ"
ကျန်းကျန့် အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး သူ့အင်္ကျီကို ပြန်ဝတ်ထားလိုက်သည်။
"ကျွန်တော်..."
ဟယ်ချိုးရှန့်မှာ အံတင်းတင်းကြိတ်ထားပြီး စကားမပြောဝံ့ချေ။
ဟယ်ချိုးရှန့် ဤနေရာကို ရောက်လာရသည့်အကြောင်းအရင်းမှာ သူ့မိဘများက ဖိအားပေးသောကြောင့် ဖြစ်သည်။ သူသည် ကလေးဘဝကတည်းက ဘယ်လိုနစ်နာမှုမျိုးမှ မခံစားခဲ့ရချေ။ ကျန်းကျန့်က သူ့ကိုကယ်တင်ပေးခဲ့ပြီး သူ့အပေါ် ခံစားချက်ကောင်းများ ဖြစ်ပေါ်လာသော်လည်း ကျန်းကျန့်ဆီက လျစ်လျူရှုခံပြီးနောက် သူ မျက်နှာပြောင်တိုက်ပြီး တွယ်ကပ်မနေချင်သော်လည်း သူ့မိဘများကတော့ အမြင်မတူချေ။
လျူဟိုင်ထုန်ကို ကျန်းကျန့် ရိုက်နှက်ဆုံးမလိုက်သော်လည်း လျူဟိုင်ထုန်က သူ့အကြွေးများကိုပြန်ဆပ်စေချင်နေဆဲပင်။ ကျန်းကျန့်က ထိုပြဿနာနှင့်ပတ်သက်ပြီးတော့ မကူညီခဲ့ပေ။ အဓိပ္ပါယ်ကတော့ သူ့အဖေတင်နေသည့်အကြွေးကို တောင်းဖို့ လျူဟိုင်ထုန် ထပ်လာနေဦးမည့်သဘောပင်။
အဖေဟယ်သည် ဤရက်ပိုင်းမှာ ဂနာမငြိမ်ဖြစ်နေရသည်။ ယခင်က သူ အကြွေးအများကြီးတင်နေသော်လည်း ဟယ်ချိုးရှန့်ကို သူ့အကြွေးများအစား ပေးလိုက်နိုင်လေသည်။ သို့သော် ကျန်းကျန့်က လျူဟိုင်ထုန်ကို ရိုက်နှက်ဆုံးမလိုက်သည့်အတွက် သူက ဟယ်ချိုးရှန့်ကို မလိုချင်တော့ဘဲ အကြွေးများကိုသာ ပြန်ဆပ်စေချင်နေသည်။ သည်လောက်အများကြီး ဘယ်ကနေထွက်လာမှာတဲ့လဲ။
အဖေဟယ်သည် လျူဟိုင်ထုန်က သူ့အား ပြဿနာလာရှာမှာကို စိုးရိမ်နေသည်။ ထို့ကြောင့် သူက ဟယ်ချိုးရှန့်ကို ကျန်းကျန့်ဆီသွားပြီး အကူအညီတောင်းဖို့ ပြောလိုက်သည်။ ကျန်းကျန့်က လျူဟိုင်ထုန်ကို ရိုက်နှက်ပစ်နိုင်သည့်အတွက် အကြွေးပြန်ဆပ်ဖို့ တားနိုင်မှာလည်း သေချာပေါက်ပဲမလား။ အဆုံးမှာတော့ လျူဟိုင်ထုန်၏ပိုက်ဆံများကို ချေးပြီးနောက် လီကျားရွာမှာ သူ ထိုငွေများကို လောင်းကစားလုပ်ပစ်လိုက်ပြီး သူနှင့် လောင်းကစားလုပ်သည့်လူအများစုကလည်း လျူဟိုင်ထုန်၏လူများသာ ဖြစ်သည်။ ပြောရလျှင် ထိုပိုက်ဆံများက လျူဟိုင်ထုန်၏အိတ်ကပ်ထဲကိုသာ ရောက်သွားခြင်းပင်။
ကျန်းကျန့်က သူတို့ဘက်ကရပ်တည်ပေးသရွေ့ သူ့အကြွေးများနှင့်ပတ်သက်ပြီးလည်း ရှင်းပေးနိုင်မှာပင်။ အဖေဟယ်မှာ ထိုသို့သောအကြံမျိုးရှိသော်လည်း ကျန်းကျန့်ဆီကို သူမသွားရဲချေ။ ထို့ကြောင့် ဟယ်ချိုးရှန့်ကို လွှတ်လိုက်သည်။ ကျန်းကျန့် မြေကွက်ဝယ်လိုက်ပြီး လက်ထဲမှာလည်း ငွေအမြောက်အမြားရှိနေသည့်သတင်းကို ကြားပြီးနောက် ကျန်းကျန့်ကိုအမိဖမ်းဖို့ ဟယ်ချိုးရှန့်အား ခိုင်းစေလိုက်သည်။ သို့မှသာ အနာဂတ်တွင် သူတို့မိသားစု ဘာမှပူပန်နေစရာလိုတော့မှာ မဟုတ်ပေ။
ဟယ်ချိုးရှန့်မှာ အလွန်မျက်နှာပူနေသော်လည်း သူ့အမေကတော့ သဘောတူလေသည်။ ဟယ်ချိုးရှန့်၏အမေသည် အလွန်အားနည်းလှသော်လည်း လူကောင်းတစ်ယောက်ဖြစ်၏။ သူ(မ)က သူ့သားသုံးယောက်နှင့် ခင်ပွန်းအပေါ် အလွန်ကောင်းသည်။ သူ(မ)သည် ယောက်ျားကို ဘုရားသခင်ဟု မှတ်ယူထားသူပင်။ ယခု သူ(မ)ယောက်ျား လျူဟိုင်ထုန်ကြောင့် ဒုက္ခရောက်နေတော့လည်း သူ(မ)တို့မိသားစုက ပြဿနာကို ဖြေရှင်းမပေးနိုင်ချေ။ သူ(မ)သည် သူ(မ)၏မျှော်လင့်ချက်အားလုံးကို ဟယ်ချိုးရှန့်အပေါ်မှာသာ မြှုပ်နှံထားလိုက်ပြီး ကျန်းကျန့်ဆီ အကူအညီသွားတောင်းဖို့ တိုက်တွန်းလေသည်။
ကျန်းကျန့်က ဟယ်ချိုးရှန့်ကိုကယ်တင်ပေးသည်ဆိုကတည်းက သူသည် ဟယ်ချိုးရှန့်အား အနည်းငယ်တော့စိတ်ဝင်စားနေခြင်း ဖြစ်ရမည်။ သူ ကျောက်ကျင်းကောကို လက်ထပ်ချင်ရသည့်အကြောင်းကလည်း ကျောက်ကျင်းကောက သူ့ကိုကယ်တင်ပေးခဲ့ဖူးသည့်အတွက်သာ။ အမေဟယ်ကတော့ ဟယ်ချိုးရှန့် တစ်ခါလောက်ကြိုးစားကြည့်တာ ကောင်းလိမ့်မည်ဟု တွေးသည်။ သို့သော် သူ(မ)က ကျန်းကျန့်ကို ဖြတ်လုဖို့တော့မပြောချေ။ လျူဟိုင်ထုန်ထက်စာလျှင် ကျန်းကျန့်၏ကိုယ်လုပ်တော်အဖြစ်နေရတာမှ ပိုကောင်းသေးသည်။ အနည်းဆုံးတော့ ကျန်းကျန့်က သူ့ကိုယ်လုပ်တော်ကို သေသည်အထိ နှိပ်စက်မှာမဟုတ်။
ထို့ကြောင့် သူ(မ)က ဟယ်ချိုးရှန့်တစ်ေယာက်ကျန်းကျန့်နှင့် ကျောက်ကျင်းကောကို သွားတွေ့သည့်အခါ နှိမ့်ချစွာနေဖို့ မှာလိုက်သည်။
ဟယ်ချိုးရှန့်က သူ့အဖေ၏စကားကို ငြင်းနိုင်သော်လည်း သူ့အမေ၏မျက်ရည်ကိုတော့ မျက်ကွယ်မပြုနိုင်ပေ။ ထို့နောက်မှာတော့ ဟယ်ချိုးရှန့်လည်း ကျန်းကျန့်ကိုတွေ့ဖို့ ထွက်လာခဲ့လိုက်တော့သည်။
"မင်း ဘာဖြစ်လာတာလဲ"
ကျန်းကျန့်က ထပ်မေးလိုက်၏။ ကျောက်ကျင်းကောကလွဲလျှင် တခြားလူများအပေါ် သူ သိပ်စိတ်မရှည်ပေ။
"သူဌေးကျန်း ကျွန်တော့်ကို ကူညီပေးနိုင်မလား။ ကျွန်တော့်အဖေက လျူဟိုင်ထုန်ဆီမှာ အကြွေးတင်ထားတာ။ သူက ကျွန်တော်တို့မိသားစုကို အလွတ်ပေးမှာမဟုတ်ဘူး"
ဟယ်ချိုးရှန့်က ပြောလိုက်သည်။ သူ့ခေါင်းကိုငုံ့ထားပြီး သူ့မိဘများ၏တောင်းဆိုချက်ကို သတိရမိသောအခါ ရှက်ရွံ့သွားရလေသည်။ သူ တစ်ပါးသူ၏ယောက်ျားကို မလုယူချင်သလို ကိုယ်လုပ်တော်အဖြစ်လည်း သူ နေနိုင်လိမ့်မည်ဟုလည်း မထင်ပါ။
သူ့ကို လက်ထပ်ခွင့်တောင်းသောလူသည် ပိုက်ဆံသာရှိလျှင် အသက်နည်းနည်းပိုကြီးနေတာပဲဖြစ်စေ တစ်ခုလပ်ပင်ဖြစ်စေ အဆင်ပြေပါသည်။ သို့သော် ကိုယ်လုပ်တော်ဖြစ်ဖို့ကိုတော့ ဘယ်တုန်းကမှ စိတ်မကူးထားဖူးပေ။
ကျောက်တဟူမှာတောင် ဟယ်ရှီရွာတွင် ဇနီးတစ်ယောက်သာရှိသော်ငြား စီရင်စုထဲမှာတော့ ကိုယ်လုပ်တော်အချို့ ရှိပေသည်။ စီရင်စုထဲရှိ ကိုယ်လုပ်တော်များ၏ဘဝမှာ အလွန်ခက်ခဲကြောင်း သူကြားသိထားသည်။ သူသာ ကျန်းကျန့်ဆီက အကူအညီယူလိုလျှင် တန်ရာတန်ကြေးတော့ ပြန်ပေးရမည်မဟုတ်လား။ သူတို့မိသားစုမှာလည်း သူကလွဲ၍ အခြားပေးစရာ ဘာမှမရှိ။
ဟယ်ချိုးရှန့်ခေါင်းထဲမှာ နောက်ထပ် ဘာဆက်လုပ်ရမလဲဆိုတာနှင့် ပတ်သက်ပြီး အမျိုးမျိုးသောအကြံဉာဏ်များ ပြေးလွှားနေချိန်မှာ ကျန်းကျန့်ဘက်က အခိုင်အမာပြောဆိုလာသောစကားကို ကြားလိုက်ရသည်။
"မကူညီနိုင်ဘူး"
အစတုန်းက လျူဟိုင်ထုန်က ဟယ်ချိုးရှန့်ကို ခေါ်သွားချင်နေခဲ့သည်။ ကျန်းကျန့်ဘက်ကလည်း လှုပ်ရှားလိုက်ရသည့် အကြောင်းအရင်းမှာ ဟယ်ချိုးရှန့်ကို သက်မဲ့ပစ္စည်းတစ်ခုလို သဘောထားတာက မကောင်းဘူးဟု ထင်သောကြောင့်ပင်။ သို့သော် ထိုကဲ့သို့ကူညီခြင်းမှာ လျူဟိုင်ထုန်က ဟယ်ချိုးရှန့်တို့၏အကြွေးကို လျှော်ပစ်ဖို့တော့ မပါခဲ့ပေ။ ထိုအဖြစ်အပျက် နောက်တစ်ကြိမ်ထပ်ဖြစ်လျှင်တောင် ငွေကိစ္စနှင့်ပတ်သက်ပြီး သူ ဝင်ပါစရာလုံးဝမလိုပါ။
ထိုကိစ္စနှင့်ပတ်သက်ပြီး နောက်ထပ်အကြောင်းပြချက်တစ်ခုလည်း ရှိ၏။ လျူဟိုင်ထုန်က ထိုကိစ္စကို တမင်တကာအကွက်ချထားတာဟုတ်ဟုတ်မဟုတ်ဟုတ် ငြင်းမရသည့်အချက်ကတော့ ဟယ်ချိုးရှန့်၏အဖေက ပိုက်ဆံချေးယူခဲ့ပြီး ထိုကဲ့သို့ပိုက်ဆံချေးဖို့ကိုလည်း ဘယ်သူကမှ ဖိအားမပေးခဲ့ပေ။ အခြားသူများကို သူအကြွေးကူရှင်းပေးဖို့ ပြောပိုင်ခွင့်မျိုး သူ့မှာမရှိချေ။
ထို့ပြင် သူသည် လျူဟိုင်ထုန်ကို မျက်နှာသာပေးခဲ့သည်ဖြစ်ရာ လျူဟိုင်ထုန် ရိုက်နှက်ခံလိုက်ရသည်ဆိုလျှင်တောင် သူက ကိုင်တွယ်ရခက်ခဲသူမှန်း သိသွားပါက သူ့ကို ပြဿနာရှာဖို့ လာမှာမဟုတ်ချေ။ သို့သော် ကိစ္စတွေက အလွန်ကြီးမားသွားလျှင် သူ့မိသားစုဆီက အကူအညီယူနိုင်ဆဲသာ။ လျူဟိုင်ထုန်မှာ တပည့်တပန်းများ ပေါများလှသည်ဖြစ်ရာ သူ့ကို ပြဿနာရှာဖို့ နည်းလမ်းတစ်ခုကတော့ ရှိကိုရှိမှာပင်။
သူ ထိုသို့လုပ်ရသည့် အကြောင်းရင်း နောက်တစ်ခုရှိသေးသည်။ ဟယ်ချိုးရှန့်၏ဖခင်ထံမှ တွယ်ကပ်မှုကို သူ မလိုချင်သောကြောင့်ပင်။ သူ့မိသားစုမှာ ပိုက်ဆံမရှိမှန်း သိပါလျက်နှင့် လောင်းကစားလုပ်ဖို့ ပိုက်ဆံချေးတတ်သော ထိုကဲ့သို့သောသူမျိုးသည် စည်းမစောင့်တတ်ချေ။
သူသည် ဘာကိုမှလည်း လုပ်နိုင်စွမ်းလည်းမရှိ။ အကယ်၍ ကျန်းကျန့်သာ သူ့လောင်းကစားအကြွေးများကို ကူညီဖြေရှင်းပေးလိုက်လျှင် နောက်တစ်ကြိမ်မှာ အဖေဟယ်သည် သူ့နာမည်ကိုသုံး၍ နေရာတကာမှာ ငွေလိုက်ချေးရဲလာနိုင်လောက်သည်။ ထိုအချိန်ကျလျှင် ဟယ်မိသားစုမှာ ပြဿနာထပ်ပေါ်လာခဲ့ပါက သူ ထပ်ကူညီရဦးမှာပဲလား။
လူတိုင်းဟာ ကိုယ့်ဘဝကို ကိုယ်သာတာဝန်ယူနိုင်ရမည်ဟု ကျန်းကျန့်တွေးသည်။ ထို့ကြောင့် ပင်လယ်ဓားပြများ၏လက်က အမျိုးသမီးနှစ်ဦးကို ကယ်ခဲ့စဉ်က သူ ဘာမှမပြောဘဲ သူတို့ကို သွားခိုင်းခဲ့သည်။ ဟယ်ချိုးရှန့်ကို လျူဟိုင်ထုန်၏လက်ထဲမှ ကယ်ခဲ့တုန်းကလည်း သူတို့မိသားစုတင်နေသောအကြွေးများကို သူ ဂရုမစိုက်ဘဲ သူတို့ကိုယ်တိုင်သာ ကိုင်တွယ်စေခဲ့သည်။
တစ်ပါးသူကို တစ်ကြိမ်လောက်တော့ ကယ်တင်ပေးနိုင်သော်ငြား တစ်သက်လုံးတော့ မဖြစ်နိုင်ပေ။ ဘဝမှာ ကောင်းကောင်းမွန်မွန်နေထိုင်လိုပါက ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရမည်ဖြစ်၏။
"လျူဟိုင်ထုန်က အရမ်းရက်စက်တဲ့လူ..။ သူ ကျွန်တော့်အဖေကို သတ်လိမ့်မယ်။ ကျွန်တော့်အစ်ကိုကိုရောပဲ.. ပြီးတော့...ခင်ဗျား.. ခင်ဗျားသာ ကျွန်တော့်ကိုကူညီမယ်ဆိုရင် ကျွန်တော် ဘာမဆိုလုပ်ပေးပါ့မယ်"
ဟယ်ချိုးရှန့်က ရှိစုမဲ့စုသတ္တိများကို ဆင့်ခေါ်ရင်း ကျန်းကျန့်ကိုကြည့်ကာ ပြောလိုက်လေသည်။
"ငါ ကူညီပေးမှာမဟုတ်ဘူး"
ကျန်းကျန့်ကလည်း ထပ်ပြောလိုက်၏။ ယခု သူ့မှာ မြတ်နိုးရသောတစ်စုံတစ်ယောက်ရှိနေပြီဖြစ်သောကြောင့် သူ့ကို ကူညီနိုင်ခြေပိုနည်းသွားပြီသာ။ ထိုကိစ္စအတွက်ကြောင်းနှင့် ကျောက်ကျင်းကော နားလည်မှုလွဲပြီး ဝမ်းနည်းသွားရမှာကို သူမလိုလားချေ။
"ဘာလို့လဲ ခင်ဗျားက ဒီလောက်အင်အားကြီးတာကို ဘာလို့ ကျွန်တော့်ကို မကူညီချင်ရတာလဲ"
ဟယ်ချိုးရှန့်ခမျာ မမေးဘဲမနေနိုင်လောက်အောင်ပင်။
"ငါ ဘယ်လောက်ပဲအင်အားကြီးကြီး ငါနဲ့မင်းက ဘာမှမဆိုင်ဘူး"
ကျန်းကျန့်က သူ့ကိုလျစ်လျူရှုလျက်သာ ပြော၏။ ထို့နောက် သူ တစ်ဖက်ခြမ်းရှိအလုပ်လုပ်ရာနေရာသို့ တိုက်ရိုက်သာ သွားလိုက်တော့သည်။ သူ့အမြင်အရတော့ ဆယ့်လေးနှစ်၊ဆယ့်ငါးနှစ်အရွယ်လူငယ်များက ပေါင်းသင်းဆက်ဆံဖို့ အခက်ခဲဆုံးအရွယ်များပင်။ မလိုအပ်ပါက သူ့အနေနှင့် သူတို့အား လုံးဝမပတ်သက်ချင်ပါ။
ဟယ်ချိုးရှန့်ကတော့ သူ့အား လျစ်လျူရှုထားသော ကျန်းကျန့်ကို ကြည့်နေသည်။ သူ့မှာ မချင့်မရဲခံစားချက်များကို သယ်ပိုးရင်း အဝေးကို လျှောက်သွားလေတော့သည်။ သူက ကြည့်ကောင်းပါလျက်နှင့် ကျန်းကျန့်က သူ့ကို ဘာလို့ အလေးအနက်မထားရတာလဲ။ သူထွက်သွားချင်သော်လည်း ဤရက်ပိုင်းမှာ တငိုငိုတရယ်ရယ်လုပ်နေသော သူ့အမေနှင့် ရိုက်နှက်ခံထားရသော အစ်ကိုများကိုတွေးမိပြီးနောက်မှာတော့ အံကိုတင်းတင်းကြိတ်ကာ ကျန်းကျန့်နောက်က တကောက်ကောက်လိုက်လေသည်။
"အစ်ကိုကျန်း ကျေးဇူးပြုပြီး ကျွန်တော့်ကိုကူညီပါနော်။ ကျွန်တော် ခင်ဗျားကို နောက်မှ ပြန်ဆပ်လို့မရဘူးလား။ ကျွန်တော့်အဖေက ငွေစသုံးဆယ် ချေးထားတာပါ။ လျူဟိုင်ထုန်ရဲ့အကြွေးကို ကိုယ်စားဆပ်ပေးမယ်ဆိုရင် နောက်ကျရင် ကျွန်တော်က ငွေစငါးဆယ်ပြန်ပေးမှာပါ"
သူသည် ကြည့်ကောင်းလှသည်ဖြစ်ရာ တစ်ဖက်လူက အညှာအတာကင်းမဲ့သူဖြစ်လျှင်တောင် ငွေစငါးဆယ်ဆိုတာ တင်တောင်းကြေးအဖြစ် ကမ်းလှမ်းခံရနိုင်သည့် ပမာဏပင်။
သည်တစ်ခေါက်တော့ ကျန်းကျန့်မှာ စကားပြောချင်စိတ်ပင် မရှိတော့ချေ။ ဤသည်မှာ ငွေအကြောင်း မေးခွန်းထုတ်နေကြခြင်းမျိုးမဟုတ်။ အမျိုးသမီးကျန်းသည် ပြဿနာရှာရတာကြိုက်ခဲ့သော်လည်း အနည်းဆုံးတော့ သူ(မ) အရဲမစွန့်ရဲချေ။
သို့သော် ဟယ်ချိုးရှန့်၏အဖေကရော..။ သူသည် အတိုင်းအဆမရှိသော တွင်းပေါက်ကြီးအလားပင်။ ဟယ်မိသားစုတွင် ထိုတွင်းပေါက်ကြီးနှင့်ပတ်သက်ပြီး ကိုင်တွယ်ရမည့်နည်းလမ်းမရှိဘဲ ထိုတွင်းပေါက်ကြီးကို ပိုပိုကြီးလာစေနိုင်သည့် ပိုက်ဆံများကိုသာ ဖြည့်ပေးနေကြရသည်။
"သူဌေးကျန်း.. လျူဟိုင်ထုန်ကိုတောင် အနိုင်ပိုင်းနိုင်မှတော့ ခင်ဗျားက အင်အားကြီးတာပဲလေ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပါနော်"
ဟယ်ချိုးရှန့်က အသနားခံနေပြန်သည်။
"ဟိုးအစကတည်းက ငါ ဘယ်သူ့ကိုမှမကူညီဖူးဘူး"
ကျန်းကျန့်သည် အနည်းမျှပင် စိတ်အနှောင့်အယှက်ဖြစ်လာသည်။
"မင်း ဒီနေရာက မြန်မြန်ထွက်သွားတာကောင်းလိမ့်မယ်။ မဟုတ်ရင် ငါ မင်းကိိုရိုက်ပစ်တော့မှာ"
ကျန်းကျန့်သည် စကားအဆုံးမှာ သူ့ပုဆိန်ကို ဟယ်ချိုးရှန့်ရှေ့မှာ ချိန်ရွယ်လိုက်သည်။ အေးစက်ချွန်မြပြီး တလက်လက်တောက်ပြောင်နေသော ပုဆိန်က သူ့အား ချိန်ထားတာကိုကြည့်ပြီး ဟယ်ချိုးရှန့်ခမျာ ထိတ်လန့်ကြောက်ရွံ့သွားပြီး မြေပေါ်သို့ လဲကျသွားလေသည်။
ကျန်းကျန့်က သူ့ကိုထားပြီး ထွက်သွားပြန်၏။ သို့သော် ဟယ်ချိုးရှန့်သည် သည်တစ်ခေါက်တော့ သူ့နောက်ကို မလိုက်ရဲတော့ပေ။ သူ့ခမျာ ရွေးချယ်စရာမရှိတော့ဘဲ ရွာကို ညှိုးငယ်နေသောစိတ်အစဉ်ဖြင့် လမ်းလျှောက်ပြန်လာခဲ့ရသည်။
ကျောက်လျူက ကျန်းကျန့်ဆီကို ထမင်းပို့ဖို့ရောက်လာသောအခါ သူ(မ) ဟယ်ချိုးရှန့်ကို ဖျတ်ခနဲမြင်လိုက်ရသဖြင့် သူ(မ)ရင်ထဲ ဒိန်းခနဲဖြစ်သွားရသည်။ ကျန်းကျန့်က ဟယ်ချိုးရှန့်ကို လျူဟိုင်ထုန်၏လက်ထဲက ကယ်တင်ပေးခဲ့ကြောင်း သူ(မ)လည်း သိထားသည်။ မနေ့က ထိုအကြောင်းကို ကျောက်ဖူကွေ့နှင့်အတူ ကျန်းကျန့်ကို မေးချင်ခဲ့သော်ငြား ကျန်းကျန့်က သူ(မ)တို့ကို ငွေစတစ်ရာ(ပထမ၂ရာေပြာပေမဲ့ ခု ၁၀၀တဲ့🥺)ပေးလာသောကြောင့် သူတို့ အံ့သြမှင်တက်ပြီး မေ့သွားခဲ့ရသည်။ ယခု ဟယ်ချိုးရှန့်က ဤနေရာအထိ ကျန်းကျန့်ကိုရှာဖို့ ရောက်လာတာမဟုတ်လား။
ကျောက်လျူသည် သူ(မ)၏သမက်လောင်း ကျန်းကျန့်ကို ကြည့်လိုက်မိသည်။ ကျန်းကျန့်ကို သူ(မ) ကြည့်လေလေ ဝမ်းသာမိလေလေပင်။ ယခုတော့ ကျန်းကျန့်က လူတိုင်းလိုချင်တပ်မက်နေကြသော အသားတစ်ပိုင်းဖြစ်သည်ဟု သူ(မ) ခံစားနေမိသည်။ သူ(မ)၏နှလုံးသားထဲမှာ သူ့အား ပို၍ပင်မြင့်မြင့်မားမားချီးမွမ်းမိသည်။
ဟယ်ချိုးရှန့်ကို ဖြတ်လာခဲ့ပြီး မကြာမီမှာတင် ကျောက်လျူ ကျန်းကျန့်ကို တွေ့လိုက်ရသည်။ ကျန်းကျန့်က တစ်ဖက်မှာ သစ်တောတစ်ခုရှိပြီး ကျန်တစ်ဖက်မှာ ဝါးရုံတောရှိသော မြေကွက်ကို ဝယ်ထားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာများကို ပြုပြင်ထိန်းသိမ်းထားခြင်းမရှိသောကြောင့် သစ်တောနှစ်ခုလုံးက အလွန်အုပ်ဆိုင်းနေချေသည်။
ကျန်းကျန့်က အပင်တချို့နှင့် ဝါးတချို့ကို ခုတ်လှဲဖို့ စီစဉ်ထားသည်။ သို့မှသာ မြေကွက်က နေရောင်ခြည်အနည်းငယ်ရနိုင်မှာ ဖြစ်၏။ နောက်ပိုင်းကျလျှင် သစ်ရွက်များနှင့် ဝါးများကို သူ လှည်းထုတ်ပြီး မျိုးစေ့တချို့ကို စိုက်ပျိုးမည်။ သို့မှသာ အစိမ်းရောင်ဟင်းရွက်များကို ပျိုးထောင်နိုင်မှာပင်။ ထိုအရွက်များကို ဘဲများနှင့်ကြက်များလည်း စားလို့ရလေသည်။
ကျောက်လျူရောက်လာတာကိုမြင်တော့ ကျန်းကျန့်မှာ သူ့လှုပ်ရှားမှုများကို ရပ်တန့်လိုက်မိပြီး သူ့အမေကို စိတ်ရှုပ်ထွေးလျက်ဖြင့်သာ လှမ်းခေါ်လိုက်သည်။
သူနှင့်ကျောက်ကျင်းကောတို့က လက်ထပ်ရတော့မည်ဖြစ်သည်။ သို့ဖြစ်ရာ ကျောက်လျူက ဘာကြောင့် သူ့ကို ထမင်းလာပို့နေရသေးတာလဲ။ ထမင်းလာပို့သူက ကျောက်ကျင်းကောသာဖြစ်လျှင် ပိုမကောင်းဘူးလား။ မတိုင်ခင်က သူ ငှက်သိုက်တစ်ခုကိုရှာတွေ့ခဲ့ပြီး ငှက်ဥခုနစ်လုံးရှစ်လုံးလောက် ကောက်ထားလိုက်သည်။ ထိုအရာများကို သူ ကျောက်ကျင်းကောကို ပေးချင်လှသည်။