အပိုင်း၆၆
Viewers 21k

Chapter 66

Chapter 66



"ကျန်းကျန့် ထမင်းစားချိန်ရောက်ပြီ"


ကျောက်လျူကပြောပြီး တစ်ဖက်မှာအလုပ်လုပ်နေသော ဝမ်ဟိုင်ရှန်းကို နှုတ်ဆက်ဖို့ သွားလေသည်။


ကျောက်လျူသည် ထမင်းသာမက ရေကိုပါ သူ့အတွက် ထည့်လာပေးသည်။ ကျန်းကျန့်နှင့် ဝမ်ဟိုင်ရှန်းတို့မှာ အလွန်အမင်းဆာလောင်ပြီး ပင်ပန်းနေခဲ့ကြသည်။ ထို့ကြောင့် သူတို့ ပျော်ပျော်ပါးပါး စားသောက်လိုက်ကြတော့သည်။ သူတို့ စားသောက်၍ဝသွားသောအခါ ကျောက်လျူလည်း သူ(မ) ကျန်းကျန့်ကိုပြောချင်သည့်စကားကို အမှတ်ရသွားသည်။ သို့သော် ဝမ်ဟိုင်ရှန်းက အနားမှာရှိနေသည့်အတွက် သူ(မ) ပြောမရပေ။ ထို့ကြောင့် သူ(မ) ပြောလိုက်၏။


"ကျန်းကျန့် ဒီမြေကွက်ကို လိုက်ပြပါလား"


ကျောက်လျူက ခံစားချက်များကို ဖုံးကွယ်ထားနိုင်သူ မဟုတ်ချေ။ ကျန်းကျန့်ကလည်း သူ(မ)၏မျက်နှာထက်ရှိ အမူအရာအားလုံးကို မြင်နေရသည်။ သူ(မ)မှာ ပြောစရာတစ်ခုခုရှိမှန်း ကျန်းကျန့်သိလိုက်သည်။ ထို့ကြောင့် သူ ကြက်ခြံဆောက်ဖို့ စီစဉ်ထားသောနေရာကို သူ(မ)အား ခေါ်သွားလိုက်သည်။


သေချာပေါက်ပင်။ မကြာလိုက်သည့်အချိန်မှာပင် ကျောက်လျူက ပြောလာသည်။


"ကျန်းကျန့်.. မင်း ဟယ်မိသားစုအကြောင်း ဘာတွေသိထားသေးလဲ။ ဟယ်ချိုးရှန့်ရဲ့အဖေက ကိုယ့်မိသားစုကိုတောင် ကိုယ် အထောက်အပံ့မဖြစ်တဲ့ အလကားလူတစ်ယောက်။ သူ ချမ်းသာကြွယ်ဝခဲ့တုန်းက သူ့မိသားစုပိုင်ဆိုင်မှုတွေအကုန် ဆုံးရှုံးခဲ့ရတာ။ ဟယ်မိသားစုရဲ့ ကောင်လေးနှစ်ယောက်ကတော့ စားသောက်နိုင်ဖို့အတွက် ငွေကိုကြိုးကြိုးစားစားရှာခဲ့ကြတယ်။ ဒါပေမဲ့ သူတို့မရှိတဲ့အချိန်မှာ သူက စပါးတွေကိုခိုးပြီး ရောင်းပစ်လိုက်တယ်လေ..."


အစကတော့ ကျောက်လျူသည် ဟယ်ချိုးရှန့်၏မကောင်းသတင်းကို ပြောပြချင်ခဲ့သော်လည်း ဟယ်ချိုးရှန့်က ဘာမကောင်းတာမှမလုပ်ဖူးပေ။ ထို့ကြောင့် သူ(မ)လည်း ထိုအစား သူ့အဖေအကြောင်းကိုသာ ပြောပြလိုက်သည်။


"သူက အဲ့လိုလူစားမျိုးပဲ။ မင်းကို သူတွယ်ကပ်ပြီဆိုရင် လုံးဝအလွတ်ပေးမှာမဟုတ်တော့ဘူး။ တစ်ခါတုန်းက စိတ်သဘောထားကောင်းတဲ့လူတစ်ယောက်က သူ့ကို တစ်ခါပိုက်ဆံချေးပေးဖူးတယ်။ နောက်တော့ သူက နောက်တစ်ခေါက်ထပ်ချေးဖို့ဆိုပြီး နေ့တိုင်း အဲ့ဒီလူဆီကို သွားတော့တာပဲ။ ငါတို့မိသားစုဆီကတောင် ကြေးပြားတစ်ရာချေးထားပြီး အခုထိပြန်မဆပ်သေးဘူး"


"ဒီလိုလူစားမျိုးက ကိုယ့်သားသမီးကိုတောင် ပြန်ရောင်းစားမဲ့လူမျိုးပဲ။ ဒါကြောင့် သူနဲ့ခပ်ကင်းကင်းနေတာ အကောင်းဆုံးပဲ"


ကျောက်လျူက ဟယ်မိသားစု၏မကောင်းသတင်းများအကြောင်း ဦးနှောက်ခြောက်မတတ်စဉ်းစားရင်း ထပ်ပြောလိုက်ပြန်၏။


"အမေ ကျွန်တော်သိပါတယ်"


ကျန်းကျန့်ကလည်း သူ(မ)အား ပြန်ပြောလိုက်သည်။ ဘာကြောင့်လဲဆိုတာ သူမသိသော်လည်း ဟယ်မိသားစုနှင့်ပတ်သက်ပြီး တစ်ခုခုမှားယွင်းနေကြောင်း ပြောပြနေသည့်ကျောက်လျူကိုကြည့်ပြီး သူ ရယ်ချမိတော့မလို ခံစားနေရ၏။


အဆုံးမှာတော့ ကျောက်လျူ စိတ်သက်သာရာရသွားတော့သည်။


"မင်းသိတာ ကောင်းတာပေါ့။ သူတို့နဲ့ မနွယ်မိစေနဲ့နော်"


ကျန်းကျန့်က ယုံကြည်မှုတို့ ပြည့်လျှံနေသည်။


"နွယ်မိစရာ အကြောင်းမရှိပါဘူး"


သူ ဟယ်ချိုးရှန့်၏ပုံစံကို လုံးဝမကြိုက်ပါ။ ကျောက်လျူက သူ(မ)ဘက်က ပြောချင်တာအကုန် ပြောပြီးသွားသော်လည်း ကျန်းကျန့်ကတော့ ထပ်မေးလာသည်။


"အမေ လျူဟိုင်ထုန်တို့မိသားစုအကြောင်းရော ဘာသိထားတာရှိလဲ"


ကျောက်လျူသည် ချောင်းထုန်ရွာမှ လာခဲ့သူဖြစ်ပြီး လျူဟိုင်ထုန်နှင့်လည်း မျိုးရိုးအမည် အတူတူပင်။


"ငါတို့က မျိုးရိုးနာမည်အတူတူပဲဆိုပေမဲ့ ငါ့မိသားစုနဲ့သူ့မိသားစုကတော့ ဘာမှမတော်ဘူး။ ငါ လက်ထပ်ပြီးတော့ လျူဟိုင်ထုန်က လမ်းလျှောက်တတ်ခါစပဲရှိသေးတာ။ သူ့မိသားစုကလည်း ဆင်းရဲတယ်။ သူ့အကြောင်းကိုတော့ ငါ ကောင်းကောင်းမသိဘူး"


ကျောက်လျူ ပြောပြလိုက်သည်။ သူ(မ) အသက်သုံးဆယ်ဝန်းကျင်မှာ လျူဟိုင်ထုန်သည် ဆယ်နှစ်နီးပါး ပြဿနာရှာ၍ကောင်းနေဆဲပင်။ ထိုဆယ်နှစ်အတွင်းမှာ သူ(မ)ကလည်း သူ(မ)မိသားစုနှင့် အဆက်အသွယ်မရှိခဲ့ပေ။


ကျန်းကျန့်လည်း သူ(မ)ကို ထပ်မေးဖို့ရည်ရွယ်ချက်မရှိတော့ပေ။ သူသည် ကျောက်လျူနှင့် သာမန်ကာလျှံကာမျှသာ စကားပြောပြီးနောက် အလုပ်သွားလုပ်နေလိုက်တော့သည်။


ကျောက်လျူသည် ခြင်းကိုဆွဲကာ အိမ်ပြန်လာခဲ့ပြီးနောက် ထိုအကြောင်းကို ထပ်ခါထပ်ခါစဉ်းစားကြည့်သော်လည်း စိတ်မသက်မသာဖြစ်နေဆဲပင်။ အဆုံးမှာတော့ ကိုယ့်ပေါင်ကိုယ်ရိုက်လိုက်ပြီး ရွှံ့မီးဖိုလုပ်နေသည့် ကျောက်ကျင်းကောကို လှမ်းခေါ်လိုက်သည်။


"အမေ ဘာဖြစ်လို့လဲ"


ကျောက်ကျင်းကောက မေးခွန်းထုတ်လိုက်၏။ ယခင်က သူတို့မိသားစုမှာ မီးဖိုတစ်ခုသာ ရှိခဲ့သည်။ ထို့ကြောင့် သူတို့ ယခင်က အိုးတစ်ခုသာ တည်နိုင်သည်။ ယခု ကျန်းကျန့်က သံအိုးအသစ်တစ်လုံးဝယ်လာသည့်အတွက် သူနှင့် ကျောက်ဖူကွေ့တို့ မီးဖိုအသစ်တစ်လုံး လုပ်နေရခြင်းပင်။


ဤအလုပ်က ရွှံ့တလူးလူးနှင့် လုပ်ရသောအလုပ်ဖြစ်ရာ ကျောက်ကျင်းကောခမျာ ရွှံ့များပေကျံလျက်ရှိ၏။ ကျောက်လျူသည် သူ(မ)၏သားကိုကြည့်ပြီး ခုနက သူ(မ)မြင်ခဲ့သော ဟယ်ချိုးရှန့်၏ပုံစံကို ပြန်အမှတ်ရသွားသည်။ သူ(မ) မတတ်သာဘဲ စိုးရိမ်ပူပန်လာရသည်။


"ကျင်းကော ဒါကိုလုပ်မနေနဲ့တော့။ ကိုယ့်ကိုယ်ကိုယ်သန့်ရှင်းရေးသွားလုပ်ပြီး ကျန်းကျန့် မင်းအတွက်ယူလာတဲ့ အဝတ်အစားအသစ်ကို သွားလဲခဲ့။ ပြီးရင် ကျန်းကျန့်ဆီ ရေသွားပို့ပေးလိုက်ဦး"


ကျောက်လျူ ပြောလိုက်လေသည်။


ကျောက်ကျင်းကော နားမလည်နိုင်ဖြစ်သွားရသည်။ ယခုလေးတင် သူ ကျောက်ကျင်းကောဆီကို အစားအသောက်သွားပို့ပေးချင်ခဲ့သော်လည်း ကျောက်လျူက သူ့ကိုတားပြီး သွားခွင့်မပြုချေ။ အခုကျတော့ ဘယ်လိုဖြစ်လို့ ရေသွားပို့ခိုင်းရတာပါလိမ့်။


ကျောက်ဖူကွေ့ကလည်း ဝင်ပြောလာသည်။


"မင်း အခုလေးတင် ရေသွားပို့လာတာမဟုတ်ဘူးလား။ ဒီမှာ ငါ ကျင်းကောရဲ့အကူအညီကို လိုသေးတယ်"


"ကျွန်မ ရေသွားပို့ပြီးပြီဆိုရင်တောင် သွားပို့ရဦးမှာပဲ။ ရှင့်ကို ကျွန်မ ကူညီပေးမယ်"


ကျောက်လျူမှာ သူ(မ)၏ အင်္ကျီလက်အနားစကို ခေါက်တင်လိုက်လေသည်။


ကျောက်ကျင်းကောနှင့် ကျောက်ဖူကွေ့တို့ဟာ အကြောင်းအရင်းကို မသိရှာကြပေ။ သို့သော် ကျောက်လျူ၏ မရမကတောင်းဆိုမှုကြောင့် ကျောက်ကျင်းကောလည်း ရေချိုးလိုက်ရပြီး ကျန်းကျန့်ဆီကို ရေသွားပို့ဖို့ ထွက်လာခဲ့လိုက်သည်။


ကျန်းကျန့်ကတော့ ကျောက်လျူထွက်သွားပြီး မကြာမီမှာပင် ကျောက်ကျင်းကောရောက်ချလာတာကို မြင်သောအခါ သူ့မှာ ရယ်ချမိတော့မတတ်ပင်။


အနားမှာ ဝမ်ဟိုင်ရှန်းရှိနေသောကြောင့် ကျန်းကျန့်က ကျောက်ကျင်းကောကို ကလူကျီစယ်ခြင်းမလုပ်နိုင်ပေ။ သူရှာတွေ့ထားသော ငှက်ဥများနှင့် သူဖမ်းထားသော​မြွေများကိုသာ ကျောက်ကျင်းကောကို ထုတ်ပေးလိုက်သည်။ သူက ထိုအရာများကို ကျောက်ကျင်းကောကို ဟင်းပွဲထပ်ဖြည့်ဖို့အတွက် သိမ်းထားခိုင်းလိုက်သည်။ မတိုင်ခင်က သူခူးယူထားသော ပန်းရိုင်းလက်တစ်ပွေ့စာကိုလည်း ပေးလိုက်ပြီး ထိုပန်းများကို ဝါးကျည်တောက်ထဲမှာ အလှစိုက်ထားပေးဖို့လည်း မှာလိုက်သေးသည်။


ကျောက်ကျင်းကောက ဤနေရာကို ရေပို့ဖို့သက်သက် ရောက်လာခြင်းဖြစ်သည့်အတွက် ခဏအကြာမှာပင် ပြန်သွားလေတော့သည်။


ကျောက်လျူကတော့ ကျောက်ဖူကွေ့ကို လုံးဝမကူညီပေးနိုင်တော့ချေ။ သူ(မ)သည် သူ့ကိုကူညီပေးဖို့လည်း စိတ်မပါလှပါ။ ထို့ကြောင့် ကျောက်ကျင်းကောပြန်အလာကိုသာ ထိုင်စောင့်နေလိုက်သည်။


ကျောက်ကျင်းကောတစ်ယောက် မြွေတစ်ကောင်၊ငှက်ဥများနှင့်ပန်းတစ်စည်းကိုသယ်ကာ ပြန်လာတာကိုမြင်တော့မှသာ သူ(မ) စိတ်သက်သာရာရတော့သည်။ မတိုင်ခင်က ဟယ်ချိုးရှန့်ကတော့ လက်ဗလာနှင့်သာ ပြန်သွားရချေသည်။ ထင်ထားသည့်အတိုင်းပင် ကျန်းကျန့်က သူ(မ)၏ကျင်းကောအတွက် အကောင်းဆုံးများကိုသာ ဆောင်ကြဉ်းပေးလေသည်။


နေဦး..။ နေစမ်းပါဦး..။ အဲ့ဒီငှက်ဥတွေ၊ မြွေနဲ့ ပန်းတွေက ဒီအချိန်ခဏလေးအတွင်းမှာ ကျန်းကျန့်ရထားတဲ့ဟာတွေမဖြစ်နိုင်ဘူးမဟုတ်လား။ အဲ့လိုဆိုရင် ကျန်းကျန့်က သူ(မ)ကိုရော ဘာကြောင့်မပေးရတာလဲ။


သူ(မ)ကိုယ်တိုင်လည်း လက်ဗလာချည်းသက်သက်ဖြစ်နေသည်သာ။


ကျောက်မိသားစုဘက်မှာတော့ ကျောက်လျူတစ်ယောက် အနည်းငယ်စိတ်ဓာတ်ကျနေရှာသည်။


ဟယ်မိသားစုဘက်မှာတော့ အဖေဟယ်က ဟယ်ချိုးရှန့်အား မသုံးမကျ၍ဆူပူကြိမ်းမောင်းနေပေသည်။ သူက လောကကြီးအကြောင်းကိုတောင် နားမလည်သေးသော အကြီးဆုံးကျန်းကိုတောင် မကိုင်တွယ်နိုင်ချေ။


ဟယ်ချိုးရှန့်၏အမေက သူ့ကို အမြဲလိုလို သဘောကျနေခဲ့သော်လည်း ယခုတော့ အဖေဟယ် ဒေါသထွက်နေသည့်အတွက် သူ(မ)လည်း စကားတစ်ခွန်းမှ ဝင်မပြောရဲချေ။


သူ့အား ဖျောင်းဖျရင်း သူ(မ) အော်ဟစ်ငိုကြွေးနေလေသည်။


"မင်း ဘာလို့ အကြီးဆုံးကျန်းကို သွားမတွေ့တော့တာလဲ။ ချိုးရှန့်.. အမေလည်း မင်းကိုတကယ်မကယ်နိုင်ဘူး"


ဟယ်ချိုးရှန့်ကလည်း မျက်နှာမပျက်ချင်ပေ။ ကျန်းကျန့်က သူ့အား ပုဆိန်ဖြင့် ချိန်ရွယ်ခဲ့သည်။ သူ ဘယ်လိုများလုပ်နိုင်ရတာလဲ။ ထိုအကြောင်းကို တွေးပင်မတွေးကြည့်ဘဲ သူ ငြင်းပယ်လိုက်သည်။


ထိုအခြင်းအရာကို အဖေဟယ်မြင်တော့ သူ ခုန်ထလာပြီး ဟယ်ချိုးရှန့်အား ပါးရိုက်လိုက်လေသည်။ သို့သော် သူ့အား ဟယ်ချွန်းရှန့်က တားလိုက်သည်။


ဤရက်တွေမှာ ဟယ်ချွန်းရှန့်နှင့် ဟယ်ရှားရှန့်တို့၏ဘဝမှာ အလွန်ခက်ခဲနေခဲ့ရသည်သာ။ သူတို့အဖေပေါ်တွင်ထားသော သူတို့၏မကျေနပ်မှုက တစ်နေ့ထက်တစ်နေ့ ပိုမိုကြီးထွားလာခဲ့သည်။ အဖေဟယ်ခမျာ မြေကြီးပေါ်ကို တွန်းလှဲခံလိုက်ရပြီး ဟယ်ချွန်းရှန့်နှင့် ဟယ်ရှားရှန့်တို့ကတော့ သူတို့၏ညီအငယ်ဆုံးလေးကို အိမ်ထဲက ဆွဲခေါ်ထုတ်သွားလေတော့သည်။


"ချိုးရှန့်.. အရင်က ငါတို့ စီရင်စုထဲကိုသွားကြတုန်းက မုန့်ဖိုပိုင်ရှင်ရဲ့သားက မင်းကို တအားသဘောကျနေတာမဟုတ်ဘူးလား။ သူက မင်းကိုလက်ထပ်ဖို့တောင် ကမ်းလှမ်းဖူးတယ်လေ။ မင်းသာ အခုနေ စီရင်စုကိုသွားမယ်ဆိုရင် လျူဟိုင်ထုန်က မင်းကို ဘာမှလုပ်ရဲမှာမဟုတ်တော့ဘူး"


ဟယ်ချွန်းရှန့်က စကားစလိုက်၏။ ကျေးရွာဘက်မှာ လျူဟိုင်ထုန် ဘယ်လောက်ရက်စက်ရက်စက် စီရင်စုထဲမှာတော့ သူ ဘာမှလုပ်ရဲမှာမဟုတ်ချေ။ ဟယ်ချိုးရှန့်သာ စီရင်စုကိုသွားလိုက်ပါက သူ လျူဟိုင်ထုန်ကို ရှောင်နိုင်သွားမှာ သေချာသည်။ သူတို့မိသားစုကတော့...။ ဟယ်ချိုးရှန့်သည် သူတို့မိသားစုထဲရှိ တစ်ဦးတည်းသော ကောဖြစ်သည်။ ထို့ကြောင့် အခြားလူများအဖို့ သိပ်စိတ်ပူစရာမလိုပေ။


မုန့်ဖိုပိုင်ရှင်၏သားမှာ ဟယ်ချိုးရှန့်ကိုလာကြိုက်သမျှလူတွေထဲမှာ အကောင်းဆုံးလူ ဖြစ်၏။ သို့သော် သူ့မိသားစုထဲမှာ သားယောက်ျားလေးများက တစ်ယောက်ထက်မက ရှိပြီး မုန့်ဆရာ၏ဇနီးကလည်း ငယ်ရွယ်ပြီး အရည်အချင်းရှိလှသည်ဖြစ်ရာ ဟယ်ချိုးရှန့်သည် ယခင်က သူ့ကို လက်မထပ်ချင်ခဲ့ပေ။ သို့သော် ယခုတော့...။


"ဒါဆို အစ်ကိုတို့ကရော ဘယ်လိုလုပ်မှာလဲ"


ဟယ်ချိုးရှန့် ငိုမိပြန်သည်။


"နည်းလမ်းတစ်ခုခုကတော့ ရှိစမြဲပါကွာ"


ဟယ်ချွန်းရှန့်က မျက်ရည်များကို ပွတ်သုတ်လိုက်ရင်း ပြော၏။


တကယ်တော့ ဟယ်ရှီရွာမှာ မိန်းမမရှိသော လူပျိုသိုးစာရင်းထဲတွင် ဟယ်ချွန်းရှန့်ကလည်း တစ်ယောက်အပါအဝင်ဖြစ်သည်။ သူ့အသက်မှာ နှစ်ဆယ့်သုံးနှစ်ရှိချေပြီ။ သို့သော် ဘယ်သူကမှ သူနှင့်လက်ထပ်ထိမ်းမြားမည့်အကြောင်း စကားမဟကြပေ။


မဟုတ်။ တကယ်တော့ ဟယ်ချိုးရှန့်အပေါ် မျက်စိကျနေကြသော လူအများစုရှိသည်။ သူတို့က သူ့အား အလဲအလှယ်အနေနှင့် လိုချင်ကြသည်။ သို့သော် ဟယ်ချိုးရှန့်အား သူ မိန်းမရဖို့အတွက် အလဲအလှယ်လုပ်ရမည်ဟုကြားသည်နှင့် သူက သူတို့ကို ကန်ထုတ်ပစ်လိုက်သည်ချည်းသာ။


"ဒါဆိုလည်း နောက်တစ်နည်းစဉ်းစားတာပေါ့။ ငါ အကြီးဆုံးကျန်းဆီ သွားမယ်"


ဟယ်ချိုးရှန့် ပြောလိုက်သောစကားပင်။ သူ့အဖေကို လျူဟိုင်ထုန်က ပြဿနာရှာလိမ့်မည်ဆိုသော်ငြား သူ့အတွက် ဟယ်ချိုးရှန့် ဂရုမစိုက်ပါ။ သို့တိုင် သူ့မှာ အမေနှင့် အစ်ကိုနှစ်ယောက်ရှိနေသေးသည်။


"အကြီးဆုံးကျန်းဆိုမှပဲ.. ချိုးရှန့်.. မင်း အကြီးဆုံးကျန်းဆီကို သွားတုန်းက သူ ဘာပြောသေးလဲ"


ဟယ်ချွန်းရှန့်က မေးခွန်းထုတ်လိုက်သည်။


အိမ်မှာတုန်းကတော့ ဟယ်ချိုးရှန့်သည် သူ့အဖေဆီက လှောင်ပြောင်မခံချင်၍ ကျန်းကျန့်ဘက်က မလိုလားဘူးဟုသာ ပြောပြခဲ့သည်။ သို့သော် ယခု သူ့အစ်ကိုနှစ်ယောက်ကိုတော့ သူ ဖြစ်ကြောင်းကုန်စင် အကုန်ပြောပြလိုက်သည်။ ကျန်းကျန့်၏စကားများကိုလည်း တစ်ခုချင်းပြောပြလိုက်၏။


"ဟယ်ချွန်းရှန့်ကလည်း နားထောင်ပေးသည်။ အစကတော့ သူ့ညီလေးတော့ မှားနေပြီဆိုတာ သူ ခံစားလိုက်မိသော်လည်း အဆုံးမှာတော့ သူ မတတ်သာဘဲ ငြိမ်ကျသွားပြီး တတွတ်တွတ်ရေရွတ်နေမိသည်။


"အစတုန်းကရော သူလည်း အတူတူပဲမလား"


သူနှင့်ဟယ်ရှားရှန့်တို့ထက်ပင် အဖြစ်ဆိုးလှစွာ တစ်ဘဝလုံးအနိုင်ကျင့်ခံခဲ့ရသော ယခင်ကအကြီးဆုံးကျန်းကို သူတို့အထင်အမြင်သေးခဲ့သည့်အဖြစ်မှာ ယခုတော့ သူတို့အလှည့်ဖြစ်လာချေပြီ။ သို့သော် ယခုတော့ရော။ ကျန်းကျန့်က လျူဟိုင်ထုန်ကိုပင် မကြောက်တော့ပေ။


အစတုန်းက သူလည်း အတူတူအနူနူပါပဲ။ ကောင်းပြီ..။ သူတို့ရော အကြီးဆုံးကျန်းလို အဆင်ပြေလာလောက်မလား။


"ချိုးရှန့်.. မင်းက ဦးလေးအိမ်မှာ ခဏသွားနေလိုက်။ ငါနဲ့ ရှားရှန့်တို့ နည်းလမ်းတစ်ခု ရှာလိုက်မယ်"


ဟယ်ချွန်းရှန့် ပြောလိုက်သည်။


ဟယ်ချိုးရှန့်ခမျာလည်း သူ့အစ်ကိုနှစ်ယောက်၏တိုက်တွန်းမှုကြောင့် ဦးလေးအိမ်ကို သွားရဖို့ဖြစ်လာသည်။ ဟယ်ချွန်းရှန့်နှင့် ဟယ်ရှားရှန့်တို့ကတော့ ကျန်းကျန့်ကိုရှာဖို့ အတူထွက်လာကြသည်။


ထိုအချိန်မှာ ကျန်းကျန့်က အလုပ်ပြီးစီးသဖြင့် အိမ်ပြန်မည့်ဆဲဆဲပင်။ သူသည် ဟယ်ချွန်းရှန့်နှင့် ဟယ်ရှားရှန့်တို့ကို မြင်လိုက်ရသောအခါ ချက်ချင်းမျက်မှောင်ကြုတ်လိုက်မိသည်။


"မင်းတို့ကောင်တွေ မပြီးကြသေးဘူးလား"


"သူဌေးကျန်း.. ကျွန်တော်တို့ကို ဘယ်လိုသန်မာလာအောင် လုပ်ရမယ်ဆိုတာ သင်ပေးနိုင်မလား"


ကျန်းကျန့်မှာ အံ့သြမှုကြောင့် မျက်ခုံးပင့်လိုက်မိသည်။ ဟယ်ချွန်းရှန့်က ဟယ်ရှားရှန့်ကိုပါဆွဲခေါ်လိုက်ပြီး အတူတကွဒူးထောက်ချကာ ထပ်မေးလာပြန်၏။


"သူဌေးကျန်း.. ဘယ်လိုတိုက်ခိုက်ရမယ်ဆိုတာ ကျွန်တော်တို့ကိုသင်ပေးပါနော်။ ကျွန်တော်တို့ ဒီလိုပုံစံအတိုင်းတော့ ဆက်နေမသွားနိုင်တော့ဘူး"


စကားအဆုံးမှာ ဟယ်ချွန်းရှန့်နှင့် ဟယ်ရှားရှန့်တို့က ကျန်းကျန့်ကို အရိုအသေပေးလေသည်။