Chapter 67
- နောက်ဆုံးတော့ လက်ထပ်ကြပြီ
ဟယ်ချွန်းရှန့်နှင့် ဟယ်ရှားရှန့်တို့က ကျန်းကျန့်ရှေ့တွင် ဒူးထောက်လိုက်ကြပြီး ထပ်ခါ ထပ်ခါ အရိုအသေ ပေးလိုက်ကြလေသည်။ သူတို့မှာ မတိုင်မီက ခေါင်းမပါသော ကြက်များကဲ့သို့ စိတ်သောက ရောက်နေရပါသော်ငြား ကျန်းကျန့် ပြောခဲ့သည့် စကားများကို ကြားခဲ့ကြပြီး သူ့ထံ၌ ဖြစ်ပျက်ခဲ့သည်များကို စဥ်းစားမိသွားသောအခါ ဟယ်ညီအစ်ကိုများက သူတို့ရှေ့မှ မြူထုကြီး လွင့်ပြယ်သွားလေပြီး ရုတ်တရက်ပင် အတွေးတစ်ခု ရလာခဲ့ကြသည်။
ယခင်က ကျန်းကျန့်မှာ မကြာခဏ ရိုက်ခံရလေ့ ရှိပြီး အသတ်ခံရလုနီးပါး ဖြစ်ခဲ့ပါသော်လည်း ထိုသို့ လုပ်ခဲ့သူမှာ လျူဟိုင်ထုန် မဟုတ်ဘဲ အဘွားကြီးကျန်း ဖြစ်သည်။ နောက်ပိုင်းတွင် ကျန်းကျန့်က အရာအားလုံးကို ဂရုစိုက်လာခဲ့ပြီး မည်သူကမှ သူ့အား သွားမရှုပ်ရဲကြတော့ပေ။ သူတို့သာ ကျန်းကျန့်ဆီကနေ သင်ယူနိုင်ရင် လျူဟိုင်ထုန်ကို ကြောက်နေစရာ လိုပါဦးမလား...
ဟယ်ချွန်းရှန့်နှင့် ဟယ်ရှားရှန့်တို့က ကျန်းကျန့်ကဲ့သို့ ဖြစ်လာရန် မည်သို့ လုပ်ရမည်ကို မသိကြပေ။ စဥ်းစားကြည့်ကြပြီးနောက် ကျန်းကျန့် သူတို့အား နည်းလမ်းတစ်ခု ပြသနိုင်ရန် မျှော်လင့်ချက်ဖြင့် သူ့ကို လာရှာခဲ့ကြခြင်းသာ ဖြစ်သည်။
"သူဌေးကျန်း... ကျေးဇူးပြုပြီး သင်ပေးပါ" ဟယ်ချွန်းရှန့်က ပြောလိုက်ပြန်သည်။
ကျန်းကျန့်က သူ့ရှေ့မှ လူနှစ်ယောက်ကို ကြည့်ကာ မျက်ခုံးများ တွန့်ချိုးလိုက်လေသည်။ "မနက်ဖြန် မနက်စောစော ငါ့ကို အလုပ်လာကူကြ"
ထိုသို့ ပြောပြီးနောက် ကျန်းကျန့်က ချက်ချင်းဆိုသလိုပင် ကျောက်မိသားစုအိမ်သို့ ပြန်သွားလေသည်။
"အလုပ်လား... အစ်ကိုကြီး" ဟယ်ရှားရှန့်က အလုပ်ကိစ္စ ပြုလုပ်ကြတိုင်း ဟယ်ချွန်းရှန့်၏ စကားကို အမြဲတမ်း နားထောင်ခဲ့သည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် သူက ဟယ်ချွန်းရှန့်ကို သိလိုစိတ် အပြည့်ဖြင့် ကြည့်လိုက်သည်။ ကျန်းကျန့် သူတို့ကို အလုပ်လာလုပ်ဖို့ ပြောတာ ဘာကို ဆိုလိုပါလိမ့်... သူက သူတို့ကို သင်ပေးဖို့ ကတိပေးလိုက်တာလား...
"ငါတို့ မနက်ဖြန် စောစော လာရမယ်.... ပြီးရင် သေချာကြိုးစားပြီး အလုပ်လုပ်ဖို့ လိုတယ်" ဟယ်ချွန်းရှန့်က ဟယ်ရှားရှန့်ကို ပြောလိုက်သည်။
"ဘာလို့လဲ"
"ငါတို့ တခြားသူတွေဆီက သင်ယူချင်ရင် အရင်ဆုံး အလုပ်လုပ်ကြရမယ်... သူက ငါတို့ကို ပိုက်ဆံမပေးရင်တောင် အဆင်ပြေနေတုန်းပဲ"
ဟယ်ချွန်းရှန့်က ပြောလိုက်သည်။ ထိုအချိန်က သင်ယူရန်အတွက် ဆရာတစ်ယောက် ရှာဖွေရန် လိုအပ်သည်သာမက နွေဦးပွဲတော်အတွင်း သူတို့၏ ဆရာကို ဂါဝရတရား ပြသရန်အတွက် လက်ဆောင်များ ပေးရန်လည်း လိုအပ်ပေသည်။
"ကျွန်တော်တို့ မိသားစု အတွက်ကရော... ကျွန်တော်တို့သာ အလုပ်မသွားရင် အစားအသောက်တွေ ပြတ်လပ်ကုန်မှာပေါ့" ဟယ်ရှားရှန့်က ပြောလိုက်သည်။
"ငါတို့ အလုပ်သွားတော့ရော အစားအသောက် မပြတ်လို့လား" ဟယ်ချွန်းရှန့်က လှောင်ရယ်လိုက်လေသည်။ သူနှင့် ဟယ်ရှားရှန့်တို့က အလုပ်ကြိုးစား လုပ်ကြပြီး တစ်နှစ်လျှင် ငွေပြားအချို့ထက် မနည်း ရရှိကြသည်။ ဒါပေမယ့် သူတို့ရဲ့ အဖေကရော... သူက အခြားသူများထံမှ ငွေစ သုံးဆယ်ကို မျက်တောင်ပင် မခတ်ဘဲ ချေးငှားရဲသည်။
သူတို့၏ အဖေက ငွေစ သုံးဆယ်ကျော် အကြွေးတင်နေခဲ့သဖြင့် အခြားသူများထံမှ သူ တတ်နိုင်သလောက် ချေးငှားခဲ့သည်။ သို့သော်လည်း အခြားသူများက သူတို့ ကောင်းကောင်း မနေထိုင်ရသည်ကို တွေ့နေရသဖြင့် သူတို့၏ အဖေကို ငွေများစွာ မချေးပေးလိုက်ကြ။ သူတို့က ငွေပြန်ပေးရန်အတွက် သူတို့အိမ်ကိုပင် လာမခေါက်ခဲ့ကြပေ။
ဟယ်ရှားရှန့်က ထိုအကြောင်းကို တွေးကြည့်လိုက်ပါသော်လည်း ဟယ်ချွန်းရှန့်က ပြောလိုက်သည်။
"မပူပါနဲ့... ညီလေးက ငါတို့အမေကို အစားအသောက်အချို့တော့ ပေးမှာပါ... ငါတို့နှစ်ယောက်အတွက်ကတော့ အသီးအရွက်ရိုင်းတွေ တူးစားပြီး နေလို့ရတာပဲ"
ဟယ်ချွန်းရှန့်နှင့် ဟယ်ရှားရှန့်တို့ ထိုအကြောင်း ဆွေးနွေးနေကြစဥ်တွင် ကျန်းကျန့်မှာ အိမ်ပြန်ရောက်နှင့်နေခဲ့လေပြီ။
ကျောက်လျူက ငှက်ဥများနှင့် မြွေသားကို နှပ်ပေးထားခဲ့သည်။
ကျန်းကျန့်က ပြန်လာချိန်၌ ပဲပိစပ်အနှစ်ဆောစ့် ယူလာခဲ့သည်။ ကျောက်လျူက ထိုအနှစ်ဆောစ့်နှင့် အသားနှပ်ရသည်ကို လွန်စွာ သဘောကျနေခဲ့လေသည်။ လတ်တလောတွင် သူတို့စားနေကြသော အသားများ အားလုံးမှာ နှပ်၍ ချက်ထားခြင်းများသာပင်။
အတုံးလေးများ တုံးထားသော မြွေသားက အလွန် အရသာရှိသည်။ ငှက်ဥများကို ပထမဆုံး ပြုတ်ထားပြီးနောက်တွင် အခွံခွာ၍ ချက်ထားလေရာ အနှစ်ရည်နှင့် တွဲဖက်သွားပြီး လွန်စွာ အရသာရှိလှသည်။ ၎င်းကို ထပ်ပေါင်းရလျှင် စားပွဲပေါ်၌ ငှက်ဥနှပ်တစ်ပန်းကန်၊ ပဲပြုတ် တစ်ပန်းကန်၊ ကြက်သွန်မြိတ်ကြော် တစ်ပန်းကန်နှင့် မုန်ညင်းဟင်းချို တစ်ပန်းကန်တို့ ရှိနေပေသည်။
ကြက်သွန်ဖြူအမြိတ်များမှာ လွန်ခဲ့သော တစ်လက စားရန် အဆင်ပြေသေးပါသော်လည်း ထို့နောက်တွင် ကြမ်းသွားသည်။ ကြက်သွန်ဖြူ အရွက်ပေါက်များ ထွက်လာပြီး ကြက်သွန်ဖြူ အတက်ပေါက်များလည်း စတင် ထွက်ပေါ်လာခဲ့သည်။ ကြက်သွန်ဖြူအတက်ပေါက်လေးများမှာ အလွန် စပ်ရှားခြင်း မရှိပါသဖြင့် သင်သာ ၎င်းတို့ကို ကြိုက်နှစ်သက်ပါက ကြက်သွန်ဖြူအတက်များဖြင့် သောက်စရာပင် ပြုလုပ်နိုင်ပေသည်။
"အရင်တုန်းက နွေဦးပွဲတော် ကာလမှာတောင် ဒီလို မစားခဲ့ရဘူး"
ကျောက်လျူက သူမနှင့် ကျောက်ကျင်းကောတို့ ချက်ပြုတ်ထားသော ဟင်းပွဲများကို ကြည့်ကာ စိတ်ခံစားမှုများ အပြည့်ဖြင့် သင်ပြင်းချလိုက်သည်။
"အခုက စပြီး ကျွန်တော်တို့ ဒီလိုမျိုးတွေပဲ စားကြမယ်" ကျန်းကျန့်က ပြုံးလိုက်သည်။
"ဘယ်လို ဖြစ်နိုင်မှာလဲ... မင်းတို့လည်း ငွေစုထားရမှာပေါ့... မြေကွက် မူနည်းနည်းလောက် ပိုဝယ်ပြီး မင်းတို့ သားသမီးတွေအတွက် ချန်ပေးထားခဲ့တာ ပိုကောင်းမယ်"
ကျောက်လျူက ပြောလိုက်သည်။
ကျန်းကျန့်မှာ ကျောက်ကျင်းကောက ကောတစ်ယောက် ဖြစ်ပြီး ကလေး ရနိုင်သည်ကို သိပါသော်လည်း ထိုအကြောင်းကို များများစားစား တွေးမထားခဲ့ပေ။ ထို့ကြောင့် ကျောက်လျူ ထိုအကြောင်းကို ပြောလာခဲ့သည့် အချိန်၌လည်း အလေးအနက် သိပ်မထားခဲ့ခြင်းသာ ဖြစ်သည်။
လက်ထပ်ပွဲရောက်သာ နှစ်ရက်သာ လိုတော့ပါသော်လည်း ကျန်းကျန့်က မနက်စောစောတွင် လယ်ကွင်းထဲသို့ သွားနေဆဲ ဖြစ်ပြီး ဟယ်ချွန်းရှန့်နှင့် ဟယ်ရှားရှန့်တို့ အလုပ်လုပ်နေကြပြီ ဖြစ်ကြောင်းကို တွေ့လိုက်ရသည်။
ကျန်းကျန့်က လွန်ခဲ့သည့် တစ်ရက်က ဝါးလုံးအမြောက်အများ ခုတ်ထားခဲ့ပြီး ထိုလူ နှစ်ယောက်က ဝါးလုံးများကို အပိုင်းပိုင်းလေးများ ဖြတ်၍ ခြံစည်းရိုး လုပ်ရန် စီထားပေးခဲ့သည်။
"ဆရာ" ကျန်းကျန့် ရောက်လာသည်ကို တွေ့သောအခါ ဟယ်ချွန်းရှန့်က အော်လိုက်ပြီးနောက် ကျန်းကျန့် ပြန်ဖြေလာမလားဟု မျှော်လင့်ချက်ဖြင့် ကျန်းကျန့်၏ အမူအယာကိုလည်း ကြည့်လိုက်သေးသည်။
"ငါ့ကို ဘောစ့်လို့ပဲ ခေါ်ပါ" ကျန်းကျန့်က ပြောလိုက်သည်။
ဟယ်ချွန်းရှန့်နှင့် ဟယ်ရှားရှန့်တို့က အနည်းငယ် ရှုပ်ထွေးသွားကြလေသည်။ သူ့အား ဘောစ့်(လောင်တ)ဟု ခေါ်ရမည်ကို မလေးစားရာကျသည်ဟု တွေးနေခဲ့ကြသည်။ မိသားစုထဲမှ အကြီးဆုံးသားကိုလည်း အငယ်များက ဘောစ့် (လောင်တ) ဟု ခေါ်လေ့ ရှိကြသည်။
သို့သော်ငြား ဝမ်ဟိုင်ရှန်းက ကျန်းကျန့်အား ဘောစ့်ဟု လေးလေးစားစား ခေါ်နေသည်ကို ကြားလိုက်ရသောအခါ ထိုအမည်နာမက အတော်လေး အထင်ကြီးဖွယ်ရာ ရှိကြောင်း တွေ့ရှိလိုက်ကြသည်။ ဟယ်ချွန်းရှန့်နှင့် ဟယ်ရှားရှန့်တို့က ထိုကဲ့သို့ပင် "ဘောစ့်" ဟု ခေါ်လိုက်ကြပြီး ကျန်းကျန့်သည်လည်း သူ့လက်အောက်၌ လူနှစ်ယောက် ထပ်ရှိလာခဲ့လေပြီ။
ကျန်းကျန့်က ထိုသူတို့မှာ သူတို့၏ ညီငယ်လေးအား မည်သို့ ကာကွယ်ပေးရမည်ကို သိကြသည့်အတွက် သူတို့အပေါ် အမြင်ကောင်း ရှိသည်။ ယခုတွင် သူတို့အား သေချာလေ့လာပြီးနောက် သူတို့က လူဆိုးများ မဟုတ်ကြသည်ကို တွေ့လိုက်ရသည်။ သေချာပေါက် ထိုသူတို့က သူ့အပေါ် လှည့်ကွက်များ ထုတ်ကာ လိမ်လည်ခြင်းများ ပြုမလာသရွေ့ ထိုညီအစ်ကို နှစ်ယောက်က လှည့်စားခြင်းနှင့် လှည့်ကွက်များ လုပ်သည်ကို ကြိုက်နှစ်သက်ကြလျှင်တောင် လက်ခံပေးမည် ဖြစ်သည်။ ထိုအတွေးနှင့်ပင် ကျန်းကျန့်က ထိုအမျိုးသား နှစ်ယောက်အား အချက်အလက် အချို့ကို ပြောပြပေးခဲ့သည်။
ကျန်းကျန့်က ကလေးများမှာ သူတို့မိဘများအပေါ် အမြဲတမ်း ကျေးဇူးသိတတ်ရမည်ဟု တွေးထားခဲ့ပါသော်လည်း မိုက်မဲလှသည့် အချက်အထိတော့ ကျေးဇူးသိတတ်နေ၍ မရပေ။ ဤအသက်အရွယ် ရှိနေသည့် အဖေဟယ်ကို ပိုက်ဆံပေးရမည်က မလွဲဧကန် ဖြစ်ရမည့်အကြောင်း ဖြစ်ပါသော်လည်း ဟယ်ချွန်းရှန့်နှင့် သူ့ညီများက ထိုသူအား လောင်းကစား ဆက်လုပ်ခိုင်းရန်အတွက် ပိုက်ဆံမပေးသင့်ပါပေ။ ၎င်းက သူ့ကို ကူညီရာ မရောက်ဘဲ သတ်ရာ ရောက်သည်။ အဖေဟယ်ထံတွင် ထိုကဲ့သို့သော သားသမီးများ ရှိနေခြင်းကြောင့် လျူဟိုင်ထုန်ထံမှ ငွေချေးရန် သတ္တိများ ရှိနေခြင်းမှာ သေချာပေါက်ပင် ဖြစ်သည်။
အခြားတစ်ဖက်တွင် မိဘများက သားသမီးများအပေါ် တူညီသော နည်းလမ်းများဖြင့်သာ ဆက်ဆံသင့်ပေသည်။ ကလေးများကသာ ပြဿနာ ဖြစ်ရပါက သူတို့အတွက် ကူညီပေးရန်မှာ မှန်ကန်ပေသည်။ သို့သော် သူတို့ကသာ အကျင့်ဆိုးများ ရှိနေပါက သူတို့ကို မတားသည့်အပြင် ပိုက်ဆံဆက်ပေးနေသော မိဘများအတွက်ကား... ၎င်းက သူတို့၏ သားသမီးများအပေါ် ထားသင့်သည့် အချစ် မဟုတ်ပါပေ။ သူတို့ကို အန္တရာယ် ပေးနေခြင်းသာ ဖြစ်သည်။
ကျန်းကျန့်က စကားများတတ်သူ မဟုတ်လေရာ ပထမနေ့တွင် များများ စားစား မပြောခဲ့။ ထို့ကြောင့် သူက ကြုံရာကျပန်း စကား နှစ်ခွန်းသာ ပြောခဲ့သည်။
"ကျွန်တော်တို့ သူ့ကို ဘာပိုက်ဆံမှ မပေးခဲ့ပါဘူး..."
ဟယ်ချွန်းရှန့်က ဆိုသည်။ အမှန်ပင် သူက သူ့အဖေအား မည်သည့် ပိုက်ဆံမှ မပေးခဲ့ပေ။
"မင်းအမေက မင်းတို့အဖေကို အားလုံး ပေးလိုက်မယ်ဆိုတာ မင်းတို့လည်း သိနေတာပဲ... ဒါတောင် မင်းတို့က မင်းတို့အမေကို ပိုက်ဆံဆက်ပေးနေတုန်းပဲ... မင်းတို့ က မင်းတို့အဖေဆီကို သူ(မ)ကနေ တဆင့် ငွေရောက်စေချင်ကြတာမဟုတ်ဘူးလား" ကျန်းကျန့်က လှောင်ရယ်လိုက်လေသည်။
ဟယ်ချွန်းရှန့်က တစ်ခဏမျှ ပြောစရာမဲ့သွားလေသည်။ သူအမြဲတမ်း တွေးထားခဲ့သည်မှာ သူရလာသော ပိုက်ဆံများအား သူ့မိသားစုကို ထောက်ပံ့ပေးရန်အတွက် ပေးခြင်းနှင့် သူ့အမေကို ပိုက်ဆံပေးခြင်းက မှန်ကန်သော လုပ်ရပ်ဟု သူအမြဲတွေးထားခဲ့သည်။ သို့သော်လည်း ယခုတွင်မူ... ဟုတ်သားပဲ... သူသာ သူ့အမေကို ငွေမပေးလိုက်ရင် သူ့ဘာသာ သိမ်းထားလို့ရခဲ့မှာပဲ... သူနဲ့ သူ့ညီတို့က ခြောက်နှစ် ခုနစ်နှစ်တောင် အလုပ်လုပ်ခဲ့တာ ငွေပြား နှစ်ဆယ် သုံးဆယ်လောက် မစုမိပေဘူးလား...
ကျောက်ကျင်းကော ရောက်လာသည့်အတွက် ကျန်းကျန့်က သူတို့ကို ဆက်မပြောတော့ပေ။
"ကျင်းကော" ကျောက်ကျင်းကောကို မြင်လိုက်ရချိန်တွင် ကျန်းကျန့်၏ တောင့်တင်းနေသော မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာခဲ့ပြီး ကျောက်ကျင်းကောထံ သွားလေတော့သည်။
ဟယ်ညီအစ်ကိုများမှာ အလွန် ရှက်ရွံ့သွားကြပုံပင်။ သူတို့ထံတွင် သူတို့၏ ညီငယ်လေးအား ကျန်းကျန့်နှင့် လက်ထပ်ပေးရန် ရည်ရွယ်ချက် မရှိခဲ့ပါသော်လည်း သူတို့မိဘများက ထိုအတွေး ရှိခဲ့ကြသဖြင့် ကျောက်ကျင်းကောကို တွေ့ရသည့်အချိန်၌ ပို၍ပင် ရှက်ရွံ့သွားခဲ့ကြသည်။
ကျောက်ကျင်းကောက သူတို့ကို မြင်လိုက်ရချိန်တွင် ကြက်သေသေသွားလေသည်။ သူက သူ့ကိုယ်ပိုင်မြေပေါ်တွင် ဟယ်ချွန်းရှန့်နှင့် ဟယ်ရှားရှန့်တို့ အလုပ်လုပ်ပေးနေကြမည်ဟု မထင်ထားခဲ့ပေ။
"သူတို့က ကိုယ့်ဆီကနေ ဘယ်လိုတိုက်ခိုက်ရမလဲ လာသင်ကြတာ... အရင်ဆုံး သူတို့က ကိုယ်တို့ အလုပ်တွေ ဝိုင်းကူပေးလိမ့်မယ်" ကျန်းကျန့်က ရှင်းပြလိုက်သည်။
ကျန်းကျန့်၏ ရှင်းပြချက်ကို ကြားသောအခါမှ ကျောက်ကျင်းကောက ချက်ချင်းပင် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်သည်။ ၎င်းက ကောင်းသောအရာပင်။ သူက ဟယ်ချိုးရှန့်နှင့် ကျန်းကျန့်တို့ ချစ်မိသွားကြလေပြီဟုပင် တွေးမိသွားခဲ့ရသည်။
ကျောက်ကျင်းကောက ဤနေရာသို့ အစားအသောက် လာပို့ပေးခြင်း ဖြစ်သော်လည်း ဟယ်ချွန်းရှန့်နှင့် ဟယ်ရှားရှန့်တို့အတွက် ဝေစု ပါမလာခဲ့ပေ။
ဟယ်ညီအစ်ကိုများမှာ ကျန်းကျန့်က နေ့လည်အချိန်တွင် ထမင်းပန်ကန်အမောက်ကြီး တစ်ပန်းကန်အပြင် ကြက်သွန်ဖြူအမြိတ်ပေါက်ကြော် တစ်ပန်းကန်၊ ဆားရည်စိမ် အသီးအရွက်များ၊ ပဲပြားကြီးပြုတ် တစ်ပန်းကန်နှင့် ကြက်ဥ စတူးများကို စားနိုင်ကြောင်း တွေ့လိုက်ရချိန်တွင် တံတွေး မမျိုချမိဘဲ မနေနိုင်တော့ပေ။
"ဟိုဘက်မှာ ပေါက်နေတဲ့ ပဲပင်တွေ ရှိတယ်... မင်းတို့ ခူးပြီး ချက်စားနိုင်တယ်" ကျန်းကျန့်က သူတို့၏ အမူအယာကို သတိပြုမိသွားပြီး တစ်နေရာရာကို ထိုးပြလိုက်သည်။
သူ့စကားကို ကြားသောအခါ ဟယ်ညီအစ်ကိုများမှာ အမှန်ပင် ပဲလုံး အချို့ကို ခူးလိုက်ပြီး ဝါးဘူးလေးထဲသို့ ထည့်ကာ ၎င်းတို့ကို ချက်ပြုတ်ရန်အတွက် မီးထဲသို့ ပစ်ထည့်လိုက်လေသည်။ ပဲလုံးစေ့များနှင့် ပဲပြားကြီးများသာ ဒီထက်ပို ရင့်နေပါက ပဲပင်တစ်ပင်လုံးကို ဆွဲနှုတ်၍ မီးထဲသို့ ထည့်ကာ ချက်ပြုတ်နိုင်ပါသော်လည်း ယခုတွင်မူ ထိုသို့ မလုပ်နိုင်ပေ။
ပဲလုံးများမှာ မရင့်မှည့်လျှင်ပင် စားနိုင်သည်။ သူတို့က ပဲလုံး အနည်းငယ် ကောက်ကာ ၎င်းတို့နှင့်ပင် ဗိုက်ဖြည့်လိုက်ကြသည်။
ဟယ်ညီအစ်ကိုများမှာ ကျန်းကျန့်အတွက် နှစ်ရက်တာ အလုပ်လုပ်ပေးခဲ့ကြသော်လည်း ကျန်းကျန့်က သူတို့အား မည်သည်ကိုမှ မသင်ကြားပေးခဲ့ပေ။ ထို့အပြင် ကျောက်ကျင်းကောသည်ပင် သူတို့အတွက် အစားအသောက်များ ယူလာပေးရန်အတွက် သဘောတူခဲ့ခြင်း မရှိခဲ့ပေ။ သို့သော်လည်း နှစ်ရက်ပြီးနောက် ကျန်းကျန့်က သူတို့အား နှုတ်ဆက်လိုက်ပြီး နောက်တစ်နေ့ မင်္ဂလာပွဲအတွက် ကျောက်မိသားစုထံ လာကြရန် ပြောခဲ့သည်။
"ကျွန်တော်တို့ လာလို့ ရလား" ဟယ်ချွန်းရှန့်က ကျန်းကျန့်အား အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
"ရတယ်" ကျန်းကျန့်က ပြောလိုက်ပြီးနောက် ထပ်ပေါင်း ပြောလိုက်သည်။ "မင်းတို့နှစ်ယောက်ပဲ လာလို့ရမယ်" ကျောက်လျုနှင့် ကျောက်ကျင်းကောတို့ နှစ်ဦးသားလုံး ဟယ်ချိုးရှန့်အပေါ် သတိကြီးကြီး ထားနေကြသည်ဟု သူ ခံစားနေရသဖြင့် ထိုသူ လာ၍ မဖြစ်ပေ။ ဟယ်ချွန်းရှန့်နှင့် ဟယ်ရှားရှန့်တို့ ညီအစ်ကိုအား လာခိုင်းသည့် အကြောင်းမှာ ကျောက်မိသားစု၌ ဆွေမျိုးများ နည်းပါးသည့်အတွက်ကြောင့်သာ ဖြစ်သည်။
သူတို့က ရွာလူကြီး ကျန်းဖျင်၏ မိသားစု၊ ကျောက်ဖူကွေ့၏ ဆွေမျိုးများနှင့် မိတ်ဆွေများစွာကို ဖိတ်ကြားထားခဲ့သည်။ သို့သော်လည်း သူတို့အားလုံး ပေါင်းလိုက်လျှင်တောင် စားပွဲသုံးလုံးစာထက် နည်းနေခဲ့သည်။
လက်ထပ်ခြင်းက ကောင်းမွန်သော အရာတစ်ခုဖြစ်ပြီး ပျော်စရာ ကိစ္စသာ ဖြစ်ပေသည်။ ကျန်းကျန့်က သူတို့နှစ်ယောက်၊ ဝမ်ဟိုင်ရှန်းနှင့် ယန်ကျင်းတို့ကို ဖိတ်ကြားထားပြီး ယန်ကျင်းအား သူ့ဇနီးနှင့် ကလေးများကို ခေါ်လာခဲ့ရန် ပြောခဲ့သေးသည်။
မင်္ဂလာဆောင်မည့်နေ့တွင် ကျန်းကျန့်က အရုဏ်မတက်မီ ထခဲ့ပြီး ထပြီးသည်နှင့် ဝက်များကို သတ်ခဲ့လေသည်။
ဟယ့်ရှီရွာ၌ နေထိုင်မှု အခြေအနေကောင်းမွန်သည့် လူများက လက်ထပ်ကြသည့်အချိန်တွင် အားလုံး ဝက်များ သတ်လေ့ရှိကြသည်။ ထိုဝက်များကို ရှီရှီဝက်များဟု ခေါ်ကြသည်။
သတို့သား၏ မိသားစုက ဝက်တစ်ကောင်ကို သတ်ပြီးနောက် ထိုဝက်တစ်ကောင်လုံးကို သတို့သမီး၏ အိမ်သို့ ပို့ပေးကြသည်။ သတို့သမီး၏ မိသားစုက ဝက်၏ ကိုယ်တစ်ဝက်ကို ယူထားလိုက်ကြပြီး ကျန်တစ်ဝက်ကို သတို့သား၏ အိမ်သို့ ဝက်ခေါင်းနှင့်အတူ ပြန်ပို့ပေးရသည်။ ထို့နောက် အသားကို မင်္ဂလာပွဲတွင် ကျွေးမွေးဧည့်ခံရန် အသုံးပြုမည် ဖြစ်သည်။