Chapter 68
တစ်ယောက်ယောက်ကတော့ ပြဿနာ လာရှာနေပြီ
ကျန်းကျန့်က သူ့မိသားစု ထိုအလုပ်ကို လုပ်နိုင်မည် မဟုတ်ကြောင်း တွေးမိသည့်အတွက် ဝက်တစ်ကောင် ဝယ်ရန် အကုန်အကျ ခံလိုက်သည်။ လတ်တလော ရာသီဥတုကလည်း အလွန် ပူနေသဖြင့် သူက ဝက်ကို တစ်ရက်ကြို မသတ်ထားဘဲ ထိုမနက်မှသာ သတ်ခဲ့ခြင်း ဖြစ်သည်။ အကြောင်းမှာ အခြား နည်းလမ်းလည်း မရှိသည့် အတွက်ကြောင့်ပင်။ ကျောက်မိသားစုတွင် ကူညီပေးနိုင်မည့် ဆွေမျိုး နည်းနည်းသာ ရှိသည်။
"သတို့သားက သွေးမြင်နေရတာ မကောင်းဘူးနော်"
ကျောက်လျူက ကျန်းကျန့်ကို ကြည့်၍ သက်ပြင်းချလိုက်သည်။ သတို့သားက ဘယ်လိုလုပ်ပြီး ဝက်ကို ကိုယ်တိုင် သတ်နေရတာလဲ...
"အဆင်ပြေပါတယ်... ဝက်က အသားကောင်းပြီး အဆီပြည့်နေတာပဲ... ဒါ ကောင်းတဲ့လက္ခဏာပဲလေ"
ကျန်းကျန့်က ဝက်သွေးများ ထည့်ထားသော သစ်သားပုံးလေးထဲသို့ ရေနှင့် ဆားများ ထည့်ကာ မွှေလိုက်သည်။ ဝက်သွေးကို ရေနှင့် ဆားတို့ဖြင့် မွှေနှောက်ပြီးနောက် တစ်ခဏအကြာ ခဲလာခဲ့ပြီး ၎င်းကို ရေအချို့နှင့် ပြုတ်လိုက်သည်နှင့် သွေးခဲတို့ဖူးထွက်လာသည်။ ၎င်းက အတော်လေး အရသာ ကောင်းပေသည်။ ဤနေရာ၌ ဝက်သတ်ကြပါက ဝက်သွေးနှင့် အူများကို အိမ်နီးချင်းများနှင့် မျှဝေလေ့ ရှိကြပေသည်။
"အဲ့လိုလား"ကျောက်လျူ အလိမ်ခံလိုက်ရပြီးနောက် ခေါင်းငြိမ့်သွားလေသည်။
မင်္ဂလာပွဲသို့ ဖိတ်ကြားထားသူ များများစားစား မရှိသည့်အတွက် စားပွဲ ငါးလုံးသာ ရှိနေသည်။ ကျန်းကျန့်က ကြက်တစ်ကောင်ကိုမှ သတ်မထားဘဲ ငါးအချို့ကိုသာ ပြင်ဆင်ထားခဲ့သည်။
ဝက်သားနှင့် ငါးအချို့ဖြင့်ပင် သူနှင့်ကျောက်ကျင်းကောတို့၏ မင်္ဂလာပွဲက အတော်လေး ကြီးကျယ်နေခဲ့လေပြီ။
လှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက် သူ ပြင်ဆင်ရမည့် အရာအားလုံး အသင့်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ကျန်းကျန့်က စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်သည်။ ထို့နောက် ရေချိုးလိုက်ပြီး ဖုချောင်မှ အပ်ချုပ်သမားကို ပြုလုပ်ခိုင်းခဲ့သည့် ဝတ်စုံကို ဝတ်လိုက်လေသည်။ အနီရောင် လက်ထပ်ဝတ်စုံများကို တစ်ခါသာ ဝတ်ဆင်ရပေမည်။ ဤခေတ်တွင် ကျေးလက်မှ မည်သူကမှ အနီရောင် အဝတ်အစားများ မဝတ်ဆင်နိုင်ကြသဖြင့် ကျန်းကျန့်က ၎င်းတို့ကို မပြုလုပ်စေခဲ့ပေ။ ထိုအစား သူက သာမန်ဝတ်စုံနှစ်စုံထက်ပို၍ ပြုလုပ်ထားခဲ့လေသည်။
ထိုသာမန် အဝတ်အစားနှစ်စုံမှာ အနီရောင် အစင်းများပါသော လရောင်ဖြူ အစဖြစ်ကာ အနီရောင်ရင့်ရင့် အစဖြင့် တွဲချုပ်ထားပြီး ပျော်ရွှင်မှုကို ကိုယ်စားပြုသည့် အနီရောင် ခါးစည်းလည်း ချည်ထားသေးသည်။ ကျန်းကျန့်၏ ခါးက အဆီပိုများ မရှိပေ။အဝတ်အစားများ ဝတ်လိုက်ပြီး ခါးပတ်ကို ကြပ်လိုက်သောအခါ ချက်ချင်းပင် အလွန်အမင်း အင်အားပြည့်နေပုံပေါ်သွားပြီး ကျောက်ကျင်းကောသည်လည်း ထို့နည်းတူပါပင်။ သေချာပေါက် ကျန်းကျန့်က ထိုအခိုက်တွင် ကျောက်ကျင်းကောကို မတွေ့ရ။
ယမန်နေ့ညက ကျောက်မိသားစုမှာ အိမ်အသစ်အတွင်းသို့ အထူး ပြုလုပ်ထားသော ကုတင်ကို ထည့်သွင်းခဲ့ကြသည်။ ထို့နောက် ကျောက်ကျင်းကောက အိပ်ရာကို ကောင်းချီးများ ရရှိရန်အတွက် ဝမ်ဟိုင်ရှန်း၏ အငယ်ဆုံးသား ဝမ်တနျိုနှင့် အတူ အိပ်ခဲ့သည်။
ကျန်းကျန့်က သိသိသာသာပင် သူ့အိမ်အသစ်ထဲမှ သူ့အိပ်ရာပေါ်တွင် ဝမ်တနျိုတစ်ယောက် သူ့ကျောက်ကျင်းကောလေးနှင့် အတူအိပ်မည်ကို တွန့်ဆုတ်နေပါသော်လည်း ထိုကိစ္စနှင့် ပတ်သက်ပြီး မည်သည်ကိုမှ မလုပ်နိုင်ခဲ့ပါပေ။ ထပ်ပေါင်းရလျှင် အခြားသော ဓလေ့ထုံးတမ်းများလည်း ရှိနေသေးပေသည်။ ဥပမာအားဖြင့် ယမန်နေ့ညတွင် ကျန်းကျန့်က ကျောက်မိသားစု၏ အိမ်အသစ်၌ အိပ်ခဲ့စဥ်တွင် ကျောက်ကျင်းကောက သူ့အိမ်တွင် အိပ်ခဲ့ပေသည်။
ယနေ့တွင် သူက ကျောက်မိသားစုအိမ်ဘက်၌ အလုပ်ရှုပ်နေခဲ့ရသည်။ အဝတ်အစားသစ်များ လဲလှယ်ပြီးနောက် ကျောက်မိသားစုအိမ်မှ သူ့ကိုယ်ပိုင်အိမ်သို့ သွားရောက်ရမည် ဖြစ်ပြီး ထို့နောက် မင်္ဂလာပွဲအတွက် ကျောက်မိသားစုအိမ်သို့ ပြန်သွားရပေလိမ့်မည်။ နောက်တွင် သူက ကျောက်ကျင်းကောအား ကျောက်မိသားစု၏ ဘိုးဘေးခန်းမဆီသို့ ပြန်ခေါ်သွားရန် လိုပေသည်။ ၎င်းက ကရိကထ များနေလျှင်တောင် ယောကျ်ားတစ်ယောက်က အမျိုးသမီး တစ်ယောက် သို့မဟုတ် ကောတစ်ယောက်နှင့် လက်ထပ်ရသောအခါ ထိုသို့ လုပ်ဆောင်ရန် လိုအပ်နေဆဲ ဖြစ်သည်။
မနက်ပိုင်း ဆယ်နာရီဝန်းကျင်ခန့်တွင် ကျန်းကျန့်က ကျောက်မိသားစုအိမ်မှ သူ့အိမ်ဘက်သို့ ထွက်လာခဲ့သည်။ သူ့မှာ မိသားစု မရှိသည့်အတွက် ကျောက်ဖူကွေ့ ရှာပေးထားသော လူငယ်လေးနှင့် ဝမ်ဟိုင်ရှန်းတို့ကို သူ့ကို အတူတကွ ကြိုဆိုပေးကြရန်အတွက် ခေါ်ထားရသည်။
သူ့အိမ်ထဲတွင် ကျောက်ကျင်းကောက စန်းရှောင်ရှန်းနှင့် အခြားရွာမှ မိန်းမငယ်လေး တစ်ယောက်တို့နှင့် အဖော်ပြုကာ စောင့်နေခဲ့သည်။
အခြားလူများ လက်ထပ်ကြသောအခါ တံခါးကို ဖွင့်ပေးရန်အတွက် အနီရောင်စာအိတ်များ တောင်းဆိုကြမည်သာ ဖြစ်သည်။ သို့သော်ငြား ကျောက်ကျင်းကောနှင့် ကျန်းကျန့်တို့၏ အခြေအနေက ကွဲပြားနေပြီး ၎င်းတို့ အားလုံးဖြင့် မျှဝေပေးခဲ့သည်။ နောက်ဆုံးတွင် ကျန်းကျန့်က ကျောက်ကျင်းကောကို ကျောက်မိသားစုအိမ်သို့ လွယ်လွယ်ကူကူ ခေါ်သွားနိုင်ခဲ့သည်။
အမိုးမြင့်မြင့်နှင့် ဝေါယာဥ် သို့မဟုတ် မြင်းကြီးတစ်ကောင် စသည့် ပစ္စည်းများ ရှိမနေပေ။ ကျန်းကျန့်က အနီရောင် ပုဝါစ ဆောင်းထားသည့် ကျောက်ကျင်းကောကို ခေါ်ယူလာခဲ့ပြီး နှစ်ယောက်သားက နောက်ပြန်လျှောက်ကာ ဘိုးဘေးများကို အရိုအသေ ပေးလိုက်ခြင်းဖြင့် အဆုံးတွင် လက်ထပ်ပြီးသွားခဲ့သည်။
ကျန်းမိသား၏ ဆွေမျိုး အနည်းငယ်သာ ရှိနေပါသော်လည်း သူတို့ ဟောခန်းထဲသို့ ဝင်သွားကြသောအခါ ရွာသားများစွာက လာကြည့်ခဲ့ကြပြီး သူတို့အားလုံးက ကျောက်ကျင်းကောကို ကြည့်ရင်းဖြင့် တီးတိုး ပြောနေခဲ့ကြသည်။
"ကျောက်ကျင်းကောရဲ့ အဝတ်အစားတွေက တကယ်လှတာပဲ"
"ကျန်းကျန့်က အဲ့အဝတ်တွေကို ဖုချောင်မှာ လုပ်ထားတာလို့ ပြောတာပဲ... ဖုချောင်မှာတဲ့..."
"ကျန်းကျန့်က ဝက်တစ်ကောင်ကို သေသေချာချာ သွားဝယ်ထားခဲ့တာ... ကျောက်မိသားစုရဲ့ လက်ထပ်ပွဲကတော့ အရမ်း ခမ်းနားနေမှာပဲ"
"ကျန်းကျန့်က အခု ငွေအများကြီး ရှိနေပြီ... သူ အခု လက်ထပ်ဖို့ ပြဿနာ မရှိတာ့ဘူး... ဘာလို့ လက်ထပ်ဝင်သွားဖို့ လက်ခံလိုက်ရတာလဲ"
"ပြောကာမှ သူက တကယ် လုပ်ရည်ကိုင်ရည် ရှိသားပဲ... ကျန်းမိသားစုထဲမှာတုန်းက အရမ်း တိတ်ဆိတ်နေပေမယ့် အခုတော့ ကျန်းမိသားစုထဲက ထွက်သွားပြီးပြီးချင်း ချမ်းသာသွားကြတာပဲ"
ကြည့်ရှုနေကြသူများ၏ စိတ်အခြေအနေမှာ အတော်လေး ရှုပ်ထွေးနေခဲ့ကြပြီး စိတ်ရှုပ်ထွေးရဆုံးလူမှာ သံသယဖြစ်စရာ မလိုအောင်ပင် ပွဲလာကြည့်သည့် သားသတ်သမားကျန်းသာ ဖြစ်သည်။
ကျန်းကျန့်က အဝတ်အစားသစ်များ ဝတ်ဆင်ထားသည်။ သူ့အမူအယာက ယခင်ကကဲ့သို့ အေးစက်ကာ တောင့်တင်းမနေတော့ပေ။ သူ့တစ်ကိုယ်လုံးက လန်းဆန်းတက်ကြွပြီး ချောမောပုံပေါ်နေသည်။ ထို့နောက် သားသတ်သမားကျန်းမှာ သူ့သားများအနက် သူ့အကြီးဆုံးသားသည်သာ သူနှင့်အတူဆုံး ဖြစ်သည်ဟု ရုတ်တရက် တွေ့ရှိလိုက်ရသည်။ ထိုအကြောင်း ပြောလေမှသာ သူတတ်မြောက်ထားသည့် လက်မှုအတတ်များဖြစ်သော ဝက်များကို သားထိုးခြင်း၊ လယ်ယာလုပ်ကိုင်ခြင်းနှင့် အရာအားလုံးတို့ကို သင်ယူတတ်မြောက်ခဲ့သူမှာလည်း ကျန်းကျန့်သာ ဖြစ်သည်။
သူ့သားကို ဘာလို့များ တုံးအတယ်လို့ တွေးနေပြီး အမြဲတမ်း မုန်းတီးနေခဲ့ပါလိမ့်... သူက အမြဲတမ်း သေသေသပ်သပ်လုပ်ခဲ့တဲ့ အလုပ်သမား တစ်ယောက် ဖြစ်ခဲ့တာပဲ... သူနဲ့ ပတ်သက်ပြီး ဘာက မှားယွင်းနေပါလိမ့်...
သားသတ်သမားကျန်းက ကျန်းကျန့်အား မနှစ်သက်ဆဲ ဖြစ်ပါသော်လည်း ထိုအခိုက်တွင် သူ့ရှေ့တွင် တစ်နေ့လုံး ကျန်းကျန့်၏ မကောင်းကြောင်းများကိုသာ ပြောခဲ့သည့် အဘွားကြီးကျန်းနှင့် မကျေလည်မှုအချို့ ရှိသွားလေသည်။ အဘွားကြီးကျန်းကသာ ကျန်းကျန့်၏ မကောင်းကြောင်းများ နှင့်ကလန်ကဆန် လုပ်သည့်အကြောင်းများ မပြောပြခဲ့ပါက သူ့သားကို ထိုမျှလောက် မုန်းတီးခဲ့မည် မဟုတ်ပေ။
သားသတ်သမားကျန်းက မင်္ဂလာပွဲကို လာခဲ့သည့်အတွက် အဘွားကြီးကျန်းသည်လည်း ရောက်လာခဲ့သည်။ သို့သော်လည်း သူမက ထိုအကြောင်းကို အတွေးလွန်နေခြင်းမရှိဘဲ ကျန်းကျန့်က ကျေးဇူးမသိတတ်ကြောင်းကိုသာ လူအများအား အဆက်မပြတ် ပြောနေခဲ့လေသည်။
သူမ၏ စကားများကို ထောက်ခံကြသည့် လူများစွာ ရှိနေဆဲ ဖြစ်သည်။ ရွာထဲမှ လူအချို့က ကျန်းကျန့်ကို လေးစားနေကြသော်လည်း အချို့က မနာလိုပင် ဖြစ်နေကြသေးကာ သူတို့က ကျန်းကျန့်မှာ ကျေးဇူးမသိတတ်သူဟုလည်း ခံစားနေကြရသည်။ကျန်းကျန့်က အလွန် သန်မာလှပြီး မည်သူကမှ သူ့အား မဆန့်ကျင်ရဲကြသည်ကြောင့်သာပင်။
အဘွားကြီးကျန်း ပြောနေစဥ်မှာပင် ကျန်းကျန့်နှင့် ကျောက်ကျင်းကောတို့က ခန်းမထဲတွင် အရိုအသေ ပေးပြီးသွားပြီ ဖြစ်သောကြောင့် ကျန်းကျန့်က ကျောက်ကျင်းကောအား သူတို့၏ အိမ်အသစ်ဆီ ခေါ်လာခဲ့သည်။ အပြင်ဘက်တွင် ဧည့်ခံပွဲ စတင်နေခဲ့လေပြီ။
ကျောက်မိသားစုက အိုးသူကြီး တစ်ယောက်ကိုလည်း ဖိတ်ထားခဲ့ပြီး စားပွဲပေါ်သို့ တည်ခင်းလာသော ဟင်းပွဲများအားလုံးမှာ အလွန် ဆွဲဆောင်မှု ရှိလှသည့် ဝက်ခြေထောက်နှပ်၊ ပင်လယ်ရေညှိနှပ်၊ ဝက်သားနှပ်နှင့် ငါးနှပ်တို့ ဖြစ်ကြလေသည်။
ကျန်းမိသားစုက အသားမစားရသည်မှာ အချိန်အတော်ကြာနေခဲ့လေပြီ။ ၎င်းတို့အားလုံးကို တွေ့လိုက်ရသောအခါ အဘွားကြီးကျန်းမှာ အကြည့်မလွှဲနိုင်တော့ပေ။
သူမသည်လည်း စားပွဲပေါ်တွင် ဝင်ထိုင်ချင်နေသည်။ သူမက ကျန်းကျန့်ရဲ့ အမေပဲ... ဘယ်သူက သူမကို တားနိုင်မှာလဲ... ယွမ်ဝမ်လေးအတွက်တောင် အစားအသောက်တွေ ပြန်သယ်သွားလို့ ရချင်ရဦးမယ်... အဘွားကြီးကျန်းက ဝင်သွားရန် ပြင်နေချိန်မှာပင် လူအယောက် နှစ်ဆယ်ခန့်က အဝေးတစ်နေရာမှ ဤနေရာသို့ လျှောက်လာနေသည်ကို ရုတ်တရက် တွေ့လိုက်ရလေသည်။
ထိုလူများမှာ အမျိုးသားအမျိုးသမီး အသက်အရွယ်စုံဖြစ်ကာ ဟယ့်ရှီရွာသားအများစုက သူတို့ကို မည်သူမှန်း မသိကြ။ သို့သော်လည်း သူတို့သိနေသည့် လူတစ်ယောက်လည်း ပါနေသည်။ ထိုသူမှာ လွန်ခဲ့သည့် ရက်အနည်းငယ်က လူများကို ပြန်ပေးဆွဲရန်အတွက် ဟယ့်ရှီရွာသို့ ရောက်လာခဲ့သည့် လျူဟိုင်ထုန် ဖြစ်နေသည်။
ထိုနေ့က ကျန်းကျန့် လျူဟိုင်ထုန်အား ရိုက်နှက်ပြီးသွားသောအခါ ဟယ့်ရှီရွာထဲမှ လူများက အလွန် ပျော်ရွှင်နေကြသော်လည်း ကျန်းမိသားစု၏ ဒုတိယဦးလေး ဦးဆောင်သည့် လူတစ်စုကမူ လျူဟိုင်ထုန် ဟယ့်ရှီရွာသို့ ရောက်လာပြီး သူတို့အား ပြဿနာ လာရှာမည်ကို အလွန် စိုးရိမ်နေခဲ့ကြသည်။ နောက်ပိုင်းတွင် လျူဟိုင်ထုန်၏ အရိပ်အယောင်ကို မတွေ့ရဘဲ ပြဿနာရှာရန်လည်း လူလုံးထွက်ပြမလာသောကြောင့် လူတိုင်းမှာ စိတ်အေးသွားကြလေသည်။ မည်သူကမှ ဤအချိန်တွင် လျူဟိုင်ထုန်အား တွေ့လိုက်ရမည်ဟု မထင်ထားခဲ့ကြပေ။
လျူဟိုင်ထုန်မှာ ကျန်းကျန့် လက်ထပ်သည့်နေ့၌ သူ့အိမ်တံခါးကို ခေါက်လာခဲ့သည်။
သူ ပြဿနာ လာရှာတာများလား... သူ့ဘေးက လူတွေက ဘယ်သူတွေများလဲ...
ဟယ့်ရှီရွာသားများမှာ ထိတ်လန့်နေကြသည်။ လျူဟိုင်ထုန်က ထိုသူများကို သနားနေသည့်ဟန်ဖြင့် ကြည့်ကာ သူ့နှုတ်ခမ်းစွန်းများက ခပ်ရေးရေး ကော့တက်သွားလေသည်။ သူက ကျန်းကျန့်ကို ပြဿနာ လာရှာတာပါပဲ... ထိုနေ့က ကျန်းကျန့်ထံမှ အရိုက်ခံလိုက်ရပြီး အကြီးအကျယ် အရှက်ကွဲခဲ့ရပြီး သူကလည်း မကျေလည်မှုများကို လွှတ်ထားမပေးတတ်သူ ဖြစ်လေရာ ကျန်းကျန့်ကို လက်တုံ့ပြန်ရန် စဥ်းစားနေသည်မှာလည်း သဘာဝကျပေသည်။ သို့သော်လည်း ထိုအချိန်က သူ့အတွက်လည်း သိက္ခါငဲ့နေရသေးသည်။
ကျန်းကျန့် သူ့ကို ရိုက်နှက်လိုက်သည့် အချိန်က ကျန်းကျန့် ဘေးတွင် ပုံထားသည့် ကုန်ပစ္စည်းများကို တွေ့လိုက်ရသည်။ ထိုနေရာတွင် ကုန်ပစ္စည်းများစွာ ရှိနေပြီး စီရင်စုမြို့တွင် သူဝယ်ချင်နေလျှင်ပင် ဝယ်လို့မရနိုင်သည့် ပစ္စည်းများစွာ ရှိနေခဲ့သည်။
ကျန်းကျန်က သူ့ကို တိုက်ခိုက်ရန် ရဲရင့်လွန်းနေပြီး သူက ကိုယ်ခံပညာလည်း တော်ကာ ပစ္စည်းကောင်းများစွာကိုလည်း ပိုင်ဆိုင်ထားခဲ့သည်။ တစ်ခုခုတော့ ရှိနေသည်မှာ သေချာပေါက်ပါပင်။ ထိုအခြေအနေများ အောက်၌ လျူဟိုင်ထုန်မှာ သဘာဝကျကျပင် ကျန်းကျန့်အပေါ် ကတိုက်ကရိုက် လက်သွားမတင်ရဲပေ။ ထိုရက်အတွင်း ကျန်းကျန့်၏ ကိစ္စရပ်များကို စုံစမ်းရသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း၌ သူက အခြားသူ၏ အကြောင်းကိစ္စရပ်များကို ရှာဖွေရန် များစွာ အင်အား စိုက်ထုတ်ခဲ့ရပြီး လူများကို တစ်ယောက်ချင်းစီ မေးမြန်းခဲ့ရသည်။ သို့သော်လည်း ကျန်းကျန့်က ဟယ့်ရှီရွာ ဇာတိ ဖြစ်သည်။ လတ်တလောကာလများအတွင်း နှစ်ကြိမ်ခန့် အပြင်ထွက်သည်မှ လွဲ၍ ယခင်က ထိုနယ်အတွင်းမှ ထွက်မသွားဖူးခဲ့ပေ။ လျူဟိုင်ထုန်က မကြာမီမှာပင် ထိုသူ၏ခရီးစဥ်များအကြောင်း သိရှိသွားလေသည်။ ထိုခရီးစဥ်နှစ်ခုအတွင်း မည်သည့်နေရာသို့ သွားခဲ့သည်ကို မသိရပါသော်လည်း ကျန်းကျန့်ထံတွင် သူ ကြောက်ရမည့် မည်သည့် နောက်ခံမှ ရှိမနေသည်မှာ သံသယဖြစ်စရာပင် မလိုပေ။
ထိုအချိန်၌ လျူဟိုင်ထုန်က ဟယ်ချိုးရှန့်ကို မဖမ်းလာနိုင်ခဲ့သည့်အချိန်က သူပြောခဲ့သည့် စကားများ ဖြစ်သည့် ဟယ်မိသားစုထံမှ အကြွေးများကိုလာသိမ်းချင်နေဆဲ ဖြစ်သည်ဟု ပြောခဲ့သည်ကိုလည်း တွေးမိသွားသည်။ ထိုအချိန်က သူထိုသို့ ပြောခဲ့သည်မှာ မျက်နှာမပျက်ရစေရန် ဖြစ်ပြီး ကျန်းကျန့်ကိုလည်း စမ်းသပ်ချင်ခဲ့သောကြောင့် ဖြစ်သည်။ ပြီးနောက် ကျန်းကျန့်ကလည်း အမှန်ပင် နောက်ခံ ရှိနေပုံ မရပေ။ မဟုတ်ရင် ကောကို ကယ်တင်ပေးပြီးတာတောင် သူအကြွေးဆပ်ဖို့ ပြောနေတာကို ဆက်ပြီး ခွင့်ပြုပေးထားရမှာလဲ... ဟယ်မိသားစုမှာ သူ့ကို အကြွေးပြန်ဆပ်နိုင်ရန် မည်သည့် နည်းလမ်းမှ မရှိကြောင်းကိုလည်း သူသိနေနိုင်သည်။
ထိုကဲ့သို့ ပြုမူလိုက်ရင်းဖြင့် လျူဟိုင်ထုန်မှာ ကျန်းကျန့်ကို အလေးမထားပုံ ပေါ်နေခဲ့သည်။ ကျန်းကျန့်၏ အရည်အချင်းက အလွန်ကောင်းပြီး သွေးကို မြင်ဖူးထားပုံ ပေါ်နေသဖြင့် လျူဟိုင်ထုန်မှာ ကျန်းကျန့်အား လက်လွတ်စပယ် ပစ်မှတ်မထားရဲခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူ့ကို ကိုင်တွယ်ရန် နည်းလမ်းပေါင်း မြောက်များစွာ ရှိနေပေသည်။ ထိုကျန်းကျန့်က ကောတစ်ယောက်နှင့် လက်ထပ်တော့မည် ဖြစ်ကာ သူ လက်ထပ်တော့မည့် ကော၏ အမေမှာလည်း သူတို့၏ လီကျားရွာမှ ဖြစ်သည်။
လီကျားရွာအတွင်းတွင် လျူဟိုင်ထုန်က ကောင်းကင်ကြီးကို လက်တစ်ဖက်နှင့်ပင် ချုပ်ကိုင်ထားနိုင်သည်။ သူက ရွာသားများကို အကြောင်းအရင်း မရှိဘဲ အန္တရာယ် မပေးတတ်သည့်အတွက် လီကျားရွာသားများကလည်း သူ့စကားကို နားထောင်ကြသည်။ ထိုကြောင့်ပင် သူက ကျောက်လျူ၏ မိသားစုကို သူနှင့်အတူ လိုက်ခဲ့ရန် ခေါ်လာခဲ့ခြင်း ဖြစ်သည်။
ကျန်းကျန့်က ကျောက်ကျင်းကောအား အိမ်အသစ်အတွင်းသို့ ခေါ်သွားခဲ့သည်။ ကျောက်လျူသည်လည်း လိုက်ပါသွားသော်ငြား ကျောက်ဖူကွေ့ကမူ အပြင်တွင် ဧည့်သည်များကို နှုတ်ဆက်ရင်း ကျန်နေခဲ့သည်။ ထိုလူများကို တွေ့သောအခါ ကျောက်ဖူကွေ့၏ မျက်နှာ ရုတ်တရက် ပြောင်းလဲသွားခဲ့လေသည်။
"မင်းတို့ ဒီကို ဘာလာလုပ်တာလဲ"