Chapter 69
တစ်ယောက်ယောက်ကတော့ ပြဿနာ လာရှာနေပြီ
ကျောက်ဖူကွေ့မှာ ကျောက်လျူ၏ မိသားစုက ကျောက်လျူအပေါ် ဘယ်တုန်းကမှ မကောင်းခဲ့ကြသည့်အတွက် ထိုသူတို့အား အလွန် မနှစ်သက်ပေ။ ကျောက်လျူက မိသားစု၏ အကြီးဆုံးသမီး ဖြစ်ပြီး မောင်နှစ်ယောက်နှင့် ညီမတစ်ယောက် ရှိသည်။
လီကျားရွာသားများမှာ သူတို့၏ သမီးများကို အနှေးနှင့် အမြန် လက်ထပ်ပေးကြမည် ဖြစ်၍ သူတို့က အမှန်ပင် သူတို့၏ အနာဂါတ် လက်တွဲဖော်များအတွက် သူတို့ကို ကူညီပျိုးထောင်ပေးကြခြင်းသာ ဖြစ်သည်။ ယေဘုယျအားဖြင့် ပြောရမည် ဆိုပါက သူတို့က သူတို့၏ သမီးများအပေါ် ကြင်နာခြင်း မရှိကြပါသော်လည်း ကျောက်လျူ၏ မိဘများမှာ အထူးသဖြင့် သူမအပေါ် ဆိုးဆိုးဝါးဝါး ဆက်ဆံခဲ့ကြသည်။ ခွဲခြားဆက်ဆံခြင်းက အဘွားကြီးကျန်း အကြီးဆုံးကျန်းကို ဆက်ဆံသည်လောက် မဆိုးဝါးပါသော်လည်း သူတို့က ကျောက်လျူအား ဆူပူကြိမ်းမောင်း ရိုက်နှက်ခဲ့ကြသည်။ ကျေးလက်မှ အမျိုးသမီးများစွာကလည်း ထိုကဲ့သို့သော ဘဝမျိုး ရှိကြသည် ဖြစ်၍ ကျောက်လျူမှာလည်း ၎င်းကို မှားယွင်းနေသည်ဟု မထင်ခဲ့ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကျောက်လျူက လက်ထပ်ရန် အရွယ်ရောက်လာခဲ့သည်။ ထိုအချိန်၌ သူမ၏ မိဘများမှာ သူမ၏ လက်ထပ်ပွဲအကြောင်း ပြောခဲ့ကြပြီး သုံးဆယ်ကျော်နေပြီ ဖြစ်သော လူပျိုကြီး တစ်ဦးနှင့် လက်ထပ်ပေးစေချင်ခဲ့သည်။ သေချာပေါက်ပင် ထိုလူပျိုကြီးက သုံးဆယ်ကျော်နေသည့်တိုင် လက်မထပ်နိုင်သည့် အကြောင်းအရင်းတစ်ခု ရှိနေပြီး ၎င်းမှာ ထိုသူက အလွန် ဆင်းရဲသောကြောင့် ဖြစ်သည်။ သူ့မိသားစုက မည်သည်ကိုမှ မစိုက်ပျိုးနိုင်သော မြေခြောက် နှစ်မူသာ ပိုင်သဖြင့် မည်သူကမှ သူ၏ ဆင်းရဲမွဲတေမှုကြောင့် သူ့အား လက်မထပ်ချင်ခဲ့ကြ။ သို့သော်ငြား သူက ဆာလောင်နေခြင်းတော့ မရှိပါပေ။ သူက စီရင်စုမြို့၏ မိသားစုကြီး တစ်ခုတွင် အစေခံအဖြစ် အလုပ် သွားလုပ်ခဲ့သည်။ ထိုကဲ့သို့ ဆယ်နှစ်ကျော်မျှ အလုပ်လုပ်ပြီးနောက် ငွေစ ငါးဆယ် ခြောက်ဆယ်မျှ စုဆောင်းနိုင်ခဲ့သည်။
ထိုလူပျိုသိုးကြီးက ဇနီး တစ်ယောက် ရရှိရန်အတွက် နှစ်ပေါင်း နှစ်ဆယ်ကျော် စဥ်းစားထားခဲ့ရသည်။ ထို့ကြောင့် သူ့ထံ၌ နောက်ပိုင်း ငွေရှိလာသောအခါ မြေမဝယ်ယူချင်ခဲ့ဘဲ သူ့အတွက် ဇနီးတစ်ယောက်သာ လိုချင်ခဲ့သည်။ သူ့အခြေအနေနှင့်ပင် သူတို့၏ သမီးများကို ဂရုတစိုက် ရှိကြသည့် မည်သူကမှ သူ့နှင့် လက်ထပ်ပေးချင်ကြမည် မဟုတ်ပေ။ သို့သော်လည်း တင်တောင်းငွေကိုသာ ကြည့်ကြသည့် လူအချို့လည်း ရှိနေကြသည်။ ကျောက်လျူ၏ မိဘများမှာ သူမကို ငွေစ ငါးဆယ်နှင့် ရောင်းရန် စီစဥ်ထားကြပြီး ထိုယောကျ်ားက ငွေဆလေးဆယ်နှင့် စျေးဆစ်ခဲ့သည်။
ထိုအချိန်၌ ကျောက်လျူမှာ အသက် ဆယ့်ငါး ဆယ့်ခြောက်ခန့်သာ ရှိသေးပြီး သဘာဝကျကျပင် သူမက သူမအဖေအရွယ်လောက်ရှိသည့် ယောကျ်ားတစ်ယောက်နှင့် လက်မထပ်ချင်ခဲ့ပါသော်လည်း သူမ၏ မိဘများကို သူမစကားကို လုံးဝ နားမထောင်ပေးခဲ့ပေ။ ကံကောင်းထောက်မစွာဖြင့် မကြာမီ ကျောက်ဖူကွေ့ ပေါ်လာခဲ့လေသည်။
ကျောက်ဖူကွေ့က ကျောက်မိသားစု၏ တစ်ဦးတည်းသော သားဖြစ်သည်။ လျူမိသားစုက လက်ဆောင်များစွာ တောင်းဆိုခဲ့ပါသော်လည်း ကျောက်မိသားစုက အခြားသူများထံမှ ငွေများ ချေးငှားကာ ငွေပြားလေးဆယ်ကို ပြင်ဆင်ပေးခဲ့သည်။
ကျောက်လျူ၏ မိဘများက သူတို့၏ သမီးအပေါ် ရက်စက်သည်ဟု စွပ်စွဲခံရမည်ကို စိုးရိမ်သဖြင့် တင်တောင်းငွေကို လက်ခံခဲ့ပြီးနောက် ကျောက်လျူအား ကျောက်ဖူကွေ့နှင့် လက်ထပ်ရန် သဘောတူပေးခဲ့သည်။ ကျောက်လျူ လက်ထပ်သောအခါ သူမက သူတို့ထံမှ အိပ်ယာလွှမ်းများကို မရရှိခဲ့ပေ။ အဝတ်အသစ်များကို ကျောက်ဖူကွေ့က ပို့ပေးခဲ့ပါသော်ငြား သူတို့ထံမှ လုယက်ခံလိုက်ရပြီး ရောင်းစားခံလိုက်ရသည်။ ကျောက်လျူမှာ ကျောက်မိသားစုအတွင်းသို့ အဝတ်ဟောင်းများဖြင့်သာ ဝင်ရောက်ခဲ့ရလေသည်။
ကျောက်လျူ၏ မိဘများမှာ အနည်းငယ် အလှမ်းဝေးနေခဲ့ပြီး ကျောက်လျူကလည်း သူမ၏ နှလုံးသားထဲတွင် စိတ်ဆိုး ဒေါသထွက်နေခဲ့ရသည်။ သို့သော်လည်း သူတို့က မိဘများ ဖြစ်နေဆဲ ဖြစ်သည့်အတွက် သူမက အဆက်အသွယ်များကို လုံးဝ မဖြတ်တောက်လိုက်နိုင်ပေ။ နောက်ပိုင်းတွင် ကျောက်လျူ၏ ဘဝက အလွန် ကောင်းမွန်လာပြီး ကျောက်ဖူကွေ့ကလည်း သူမအပေါ် ကောင်းသည်။ သူမက အငြိုးများကို လက်လွှတ်ပြီး သူမ၏ မိသားစုနှင့် ပိုပြီး အဆင်ပြေပြေ ဖြစ်လာခဲ့လေသည်။
အချိန်ကာလတစ်ခု၌ ကျောက်လျူ၏ ဒုတိယမောင်က လက်ထပ်ချင်သည့် အချိန်တွင် ကျောက်လျူ၏ မိဘများက သူမထံမှ ငွေစ နှစ်ဆယ် ချေးငှားချင်ခဲ့သည်။ကျောက်လျူက မလိုလားပါသော်လည်း သူမ၏ မိဘများက တရစပ် အနှောက်အယှက်ပေးရင်း ကျိန်ဆဲရင်းဖြင့် နောင်တွင် ပြန်ပေးမည်ဟုလည်း တိုင်တည်ပြခဲ့ကြသည်။ သူမက ၎င်းကို ကျောက်ဖူကွေ့နှင့် ဆွေးနွေးပြီးသွားသောအခါ သူတို့အား ငွေဆယ်စ ချေးပေးခဲ့သည်။ သို့သော်လည်း လျူမိသားစုက ပြန်ပေးခြင်း မရှိခဲ့။ ထိုမျှလောက် က မပြောပလောက်သေး။ မိသားစုနှစ်စုကြားက ဆက်ဆံရေး ဆိုးသထက်ဆိုးလာခဲ့ပြီး ထိုအချိန်မှာပင် ကျောက်မိသားစု၌ တစ်စုံတစ်ခု ဖြစ်ပွားခဲ့လေသည်။
ကျောက်လျူ၏ အကြီးဆုံးသား ကျောက်ကျင်းဟူ ရေနစ်သွားခဲ့ပြီးနောက် ကျောက်လျူက မြစ်ထဲသို့ ခုန်ချကာ သူ့ကို လိုက်ရှာခဲ့သည်။ သူမက ကျောက်ကျင်းဟူကို ရှာတွေ့သည်အထိ နှစ်နာရီနီးပါး ရူးရူးနှမ်းနှမ်း လိုက်ရှာခဲ့လေသည်။ထိုအချိန်၌ ကျောက်ကျင်းဟူမှာ အသက်ရှူရပ်သွားခဲ့လေပြီ။ ကျောက်ဖူကွေ့မှာလည်း သူ့ကို ရှာရန် မြစ်ထဲသို့ ခုန်ချခဲ့သည်။ သူ့သား သေဆုံးသွားသည်ကို သိလိုက်ရသောအခါ ခြေကုန်လက်ပန်းကျသွားပြီး ကျောက်လျူ၏ ကျန်းမာရေးကို ဂရုမစိုက်နိုင်တော့ပေ။
ကျောက်ကျင်းဟူက လက်မထပ်ရသေးဘဲ ကလေးတစ်ယောက်သာ ဖြစ်သည့်အတွက် သူ့စျာပနက အလွန် ရိုးရှင်းသည်။ ကျောက်ဖူကွေ့ စျာပနကို အဆုံးသတ်ပြီးသွားသောအခါမှ ကျောက်လျူမှာကိုယ်ခြစ်ခြစ်တောက်ပူနေသည်ကို တွေ့လိုက်ရပြီး မည်သည့် အချိန်ကတည်းက ထိုကဲ့သို့ ဖြစ်နေသည်ကို မည်သူကမှ မသိခဲ့ကြ။
ကျောက်ကျင်းကော၏ မတော်တဆမှုပြီးနောက် ကျောက်လျူ၏ မိသားစုက တစ်ကြိမ်လေးပင် လာမတွေ့ခဲ့ကြပေ။ ကျောက်လျူ နေမကောင်း ဖြစ်လာပြီး ကျောက်ဖူကွေ့က သူမကို သမားတော်နှင့် ပြသရန် အတွက် ငွေလိုလာသောအခါ မထင်မှတ်ထားစွာပင် သူတို့က ငွေပြန်ပေးရန် ငြင်းဆန်လာကြပြီး ကျောက်ဖူကွေ့ကိုပင် မောင်းထုတ်လိုက်ကြသည်။
ကျောက်လျူ၏ ဖျားနာမှုက အလွန် အန္တရာယ် ရှိနေခဲ့သည်။ သူမက မရပ်မနား ချောင်းဆိုးနေခဲ့ပြီး သွေးစအချို့ပင် ပါလာခဲ့သည်။ ပြီးနောက် သူမက တစ်နှစ်နီးပါး အိပ်ရာထဲ လဲနေခဲ့ရပြီး ကျောက်မိသားစု၏ ဘဝကလည်း ပိုပို၍ ဆိုးဝါးလာခဲ့တော့သည်။ ထိုကာလအတွင်း ကျောက်လျူ၏ မိသားစုက သူတို့ရှေ့သို့ တစ်ခါမှ ပေါ်မလာခဲ့ကြပေ။
ကျောက်လျူ ပြန်သက်သာလာပြီးနောက် သူမက ကျန်းမာရေး ချို့တဲ့နေဆဲသာ ဖြစ်သည်။ ထိုမှစ၍ သူမက သူမ၏ အိမ်သို့ ပြန်မသွားဖြစ်တော့ပေ။ သို့သော်လည်း သူမက ကျောက်ကျင်းကောအား နှစ်တိုင်း နွေဦးပွဲတော်အတွက် အိမ်ထွက်ဟင်းရွက်အချို့ကို ပို့ပေးစေခဲ့သည်။ သူမက ထိုသို့ လုပ်ရခြင်းမှာ အခြားသူများ တွေ့မြင်ကာ လျူမိသားစု အရှက်ရကြရန် ဖြစ်သည်။
ကျေးလက်တွင် တန်ဖိုးအနည်းဆုံးပစ္စည်းမှာ စိုက်ခင်းထဲမှ အသီးအရွက်များ ဖြစ်သည်။ လက်ထပ်ပြီး ထွက်သွားသော သမီး ဖြစ်သူက ဆိုးဆိုးဝါးဝါး ရှင်သန်နေရသဖြင့် နွေဦးပွဲတော်အတွက် သူမ၏ ကိုယ်ပိုင်အသီးအရွက်များကိုသာ ပို့ပေးနိုင်သည်။ သူမက အလွန် သနားစရာ ကောင်းပါသော်လည်း လျူမိသားစုက သူတို့၏ အကြွေးကို ပြန်ပေးရန် ငြင်းဆန်နေဆဲ ဖြစ်သည်။
ကျောက်လျူ ထိုသို့ လုပ်ရခြင်းမှာ လျူမိသားစုကို အလွန် မျက်နှာ ပျက်စေရသည်ဟု ပြောနိုင်ပါသော်လည်း လျူမိသားစုက အရှက်မဲ့ကြပြီး ထိုကိစ္စအပေါ် များများစားစား ဂရုစိုက်ခြင်း မရှိသည်မှာ သနားစရာပါပင်။
ယခုတွင် ကျောက်ဖူကွေ့၏ မျက်နှာထက်၌ မေးခွန်း ထုတ်နေဟန် ရှိပါသော်လည်း လျူမိသားစုကမူ ပြုံးနေကြဆဲ ဖြစ်သည်။ လျူမိသားစု၏ အကြီးဆုံးအစ်ကို ဖြစ်သည့် လျူတချန့်က ပြုံးလျက်ပင် ပြောလိုက်သည်။
"ယောက်ဖ... ငါတို့ ဒီကို မင်္ဂလာပွဲအတွက် ရောက်လာရတာပဲ မဟုတ်ဘူးလား"
"ငါ မင်းတို့ကို မဖိတ်ထားဘူး" ကျောက်ဖူကွေ့က ဒေါသတကြီး ပြောလိုက်သည်။
"ဒါက ယောက်ဖရဲ့ အမှားပဲလေ... ကျင်းကောက လက်ထပ်တာပဲဟာ... ဘယ်လိုလုပ်ပြီး ကျွန်တော်တို့ကို မဖိတ်ရတာလဲ... ထုံးစံအရဆို သူ လက်ထပ်တာနဲ့ ကျွန်တော်တို့က သယ်ပေးသင့်တာပဲလေ"
လျူတချန့်က ကျောက်မိသားစု တည်ခင်းထားသည့် စားပွဲများထံသို့ သွားကာ ဧည့်သည်တစ်ယောက်ကို ဘေးတွန်းလိုက်ပြီး စားပွဲ၏ အစွန်းတွင် ထိုင်ချလိုက်သည်။
"ဦးလေးနဲ့ အဒေါ်တွေ ဆိုတာ အရင်းဆုံး ဆွေမျိုးတွေ ဆိုတော့ အနီရောင် စာအိတ်အကြီးကြီး ပေးရမယ်နော်"
ကျေးလက်ဓလေ့ ထုံးတမ်းအရ လက်ထပ်ကြသည်နှင့် သတို့သမီးထံတွင် အစ်ကို တစ်ယောက် ရှိပါက သူမကို သယ်ထုတ်ပေးခဲ့ရန် လိုပေသည်။ အကယ်၍ မိသားစုထဲတွင် အစ်ကို မရှိပါက သူမ၏ မိခင်ဘက်ရှိ မိသားစုထဲမှ တစ်စုံတစ်ယောက်က ထိုသို့ လုပ်ပေးရမည် ဖြစ်ပြီး ဝမ်းကွဲအစ်ကို ဖြစ်စေ ဦးလေး ဖြစ်စေ သတို့သမီး၏ မိသားစုက ထိုသူတို့အား အနီရောင် စာအိတ် ခပ်ကြီးကြီးကိုလည်း ပေးရမည် ဖြစ်သည်။
သို့သော်လည်း... လက်ထပ်သွားသည့် တူမတစ်ယောက်က အနီရောင် စာအိတ်ကြီးကြီး ပေးသည်မှာ ဓလေ့ထုံးတမ်းကျသည်။ ဦးလေး တစ်ယောက်က တူဖြစ်သူအား ကြေးပြား တစ်ရာပါသည့် စာအိတ်တစ်အိတ် ပေးခဲ့လျှင်တောင် တူ သို့ မဟုတ် တူမ ဖြစ်သူက ထိုသူ့အား ကြေးပြား ငါးဆယ်သာ ပေးရန် လိုသည်။ ထိုမျှမကသေး အမေဘက်မှ ဦးလေးတို့မှာ မင်္ဂလာပွဲအား ကူညီ ပြင်ဆင်ပေးရန် လာရောက်ကြခြင်းသာ ဖြစ်ပေသည်။
တစ်နေ့တာ၏ အဆုံးတွင် ထိုကဲ့သို့သော အနီရောင် စာအိတ်ကို ပေးရခြင်းမှာ ငွေရော အကူအညီကိုရော ပေးရသည်က အတော်လေး များနေပြီဟု တွေးကြသဖြင့် အနီရောင် စာအိတ်ငယ်လေးများ ပြန်ပေးကြခြင်းသာ ဖြစ်သည်။
လျူတချန့်၏ စကားက သူ၏ လွန်ကဲလှသော အရှက်မဲ့မှုတို့ကို ဖော်ပြနေခဲ့သည်။ သို့သော်လည်း သူတို့က ပို၍ပင် အရှက်မဲ့သော လုပ်ရပ်များ လုပ်လာခဲ့ကြသည်။
လျူတချန့်၏ ဇနီးသည်လည်း ဝင်ထိုင်ကာ စားပွဲပေါ်မှ ပစ္စည်းများကို ယူကာ စားလေတော့သည်။ သူမက ဟယ့်ရှီရွာမှ အမျိုးသား အချို့ကိုလည်း ပြောလိုက်သေးသည်။
"ကျောက်လျူက တကယ် မသိတတ်တာပဲ... သူ့သားက လက်ထပ်ရတော့မှာကိုတောင် မိသားစုကို တစ်ခွန်းမှ မပြောဘူး... သူ(မ)က ဘယ်လို ယဥ်ကျေးသမှု ပြုရမယ်ဆိုတာကိုတောင် သိတာ မဟုတ်ဘူး... အခုတော့ သူ(မ)က ပိုပိုပြီး မိုက်မဲလာတာ... သူ(မ)ရဲ့ မိဘတွေကိုတောင် ဒေါသထွက်စေလောက်တယ်"
"ကျောက်မိသားစုက ဒီလို ဘဝကောင်းမှာ နေနေရပြီးတော့ ဒီလောက် ခမ်းနားတဲ့ မင်္ဂလာပွဲကို ကျင်းပနိုင်တယ်... အစတုန်းကတော့ ကျွန်မတို့က ကျောက်မိသားစုဆီကနေ ငွေဆယ်စလေးပဲ ချေးထားမိတာပါ... သူက အဲ့လောက်လေးအတွက်နဲ့ ဆယ်နှစ်လောက် သွားလိုက် ပြန်လိုက် လုပ်နေခဲ့သေးတယ်... ဒီလောက် တွက်ကပ်တဲ့ လူမျိုးတော့ မမြင်ဖူးပါဘူးတော်"
ပထမလူက ပါးစပ်ဖွင့်လိုက်သည်နှင့် လျူမိသားစုမှ အခြား အခြားသော လူများကလည်း အပိုစကားများ ပြောလာကြပြီး အချို့လူများက ကျောက်ကျင်းကောကိုပင် ဝေဖန်လာခဲ့ကြသည်။
"ဒီကျင်းကောက အရမ်း ရုပ်ဆိုးတာ... သူ ဘယ်လိုများ လက်ထပ်ပြီး ဝင်လာချင်တဲ့ ယောကျ်ားတစ်ယောက်ကို ဖမ်းမိသွားပါလိမ့်"
"ဒီလူတွေ ဘာဖြစ်နေကြပါလိမ့်... တစ်ခါတုန်းကဆို ငါတို့ရွာမှာ ခွေးကိုက်ခံရပြီး သင်းကွပ်ခံလိုက်ရတဲ့ ယောကျ်ားတစ်ယောက် ရှိတယ်... တစ်ယောက်ယောက်က လက်ထပ်ချင်နေသရွေ့ ဘယ်သူပဲ ဖြစ်ဖြစ် လက်ထပ်မှာပဲလား"
"ဟုတ်ပါ့... ဒါတင် ဘယ်ဟုတ်သေးမလဲ... ဘယ်သူက ရုပ်ဆိုးပြီး အသက်ကြီးနေတဲ့ ကောတစ်ယောက်နဲ့ လက်ထပ်ချင်ပါ့မလဲ"
ထိုလူများမှာ အထိန်းအကွပ် မရှိ ကြိမ်းမောင်းနေကြသော်ငြား အစားအသောက်များကို အဆက်မပြတ် စားနေကြသည့်အပြင် ခြင်းတောင်းများနှင့် စည်ပိုင်းများကိုပင် ထုတ်ကာ ဟင်းပွဲများကို အပြောင်ရှင်းလေတော့သည်။ ထိုသူများမှာ လျင်မြန်လွန်းကြသဖြင့် ကျောက်မိသားစုက ဖိတ်ထားသော ဧည့်သည်များမှာ မတုံ့ပြန်လိုက်နိုင်ကြပေ။
ဤကမ္ဘာပေါ်၌ တစ်ခါတစ်ရံ သင်ပိုပြီး အရှက်မဲ့လေလေ ပိုပြီး အခွင့်ကောင်း ယူနိုင်လေလေ ဖြစ်သည်။
"ခင်ဗျားတို့ ဘာတွေ လုပ်နေကြတာလဲ" ဝမ်ဟိုင်ရှန်းက ထိုလူများကို မကျေမနပ် ကြည့်ကာ ထရပ်လိုက်သည်။ သူက ကြောက်တတ်သူတစ်ဦး ဖြစ်ခဲ့ပါသော်လည်း ကျန်းကျန့်နှင့် အချိန်အတော်ကြာ အတူရှိပြီးနောက်တွင် ယခင်ကကဲ့သို့ ဆိတ်ဆိတ်နေတတ်သူ မဟုတ်တော့ပေ။
"ဟုတ်တယ်... ခင်ဗျားတို့တွေ ဘာလုပ်နေကြတာလဲ... ရပ်လိုက်ကြစမ်း"
ဟယ်ချွန်းရှန့်က ထရပ်လာပြီးနောက် သူ့ညီ ဟယ်ရှားရှန့်သည်လည်း ၎င်းကို မြင်သွားသောအခါ ခပ်မြန်မြန်ပင် ထရပ်လာခဲ့လေသည်။
ယနေ့တွင် ဟယ်ချွန်းရှန့်နှင့် ဟယ်ရှားရှန့်တို့ ရောက်လာကြပြီး ထောင့်လေးမှာပင် တည်ရှိမှု အရိပ်အယောင်မပြဘဲ ငြိမ်ကုပ်နေခဲ့ကြသည်။ သူတို့၏ ဖြစ်တည်မှုက အနည်းငယ် ရှက်စရာ ကောင်းနေမှန်းလည်း သူတို့ သိနေကြသည်။ ကျောက်မိသားစုက သူတို့၏ အကူအညီကို လိုအပ်မနေကြောင်း တွေ့လိုက်ရသောအခါ အကွယ်လေးမှာသာ နေကြပြီး ဘာကိုမှ မပြောကြပေ။ သူတို့က ဧည့်ခံပွဲတွင် စားပြီးနောက် တိတ်တိတ်လေးသာ ပြန်ထွက်သွားချင်ခဲ့ကြသည်။ ပြီးတော့ လျူဟိုင်ထုန် ရောက်လာရောပဲ...
လျူဟိုင်ထုန်ထံမှ အကြိမ်ပေါင်းများစွာ အရိုက်ခံခဲ့ရသော ဟယ်ချွန်းရှန့်နှင့် ဟယ်ရှားရှန့်တို့မှာ သူ့အား ကြောက်ရွံ့နေခဲ့ကြသည်။ လျူဟိုင်ထုန်အား တွေ့လိုက်ကြရသောအခါ မနေနိုင်ဘဲ အားလျော့သွားသလို ခံစားလိုက်ရပြီး လှည့်ကာ ထွက်ပြေးသွားချင်ခဲ့သည်။ သို့သော်လည်း ဤတစ်ကြိမ်၌ သူတို့ ထွက်ပြေးသွားပါက...
အရင်က သူတို့ရဲ့ အားထုတ်မှုတွေ အကုန်လုံး အသုံးမကျ ဖြစ်မသွားပေဘူးလား... သူတို့၏ ဘဝများမှာ နောင်တွင် ပို၍ စိတ်သောက ရောက်ဖွယ်ရာ ဖြစ်သွားပေတော့မည်။
ဟယ်ချွန်းရှန့်နှင့် ဟယ်ရှားရှန့်တို့က ဝမ်ဟိုင်ရှန်း ထလာသည်ကို တွေ့လိုက်ရသောအခါ ထွက်မပြေးမိအောင် ခက်ခက်ခဲခဲ ကြိုးစားလိုက်ရသည်။ သူတို့က ရှက်စရာ ကောင်းသည်ဟု ခံစားနေရသော်ငြား သူတို့သည်လည်း ထရပ်လိုက်ကြသည်။
"ကြည့်ရတာ လူတွေက ငါတို့ကို ဒီလိုမျိုးထိ ပြောရဲနေကြပုံပဲ... ငါ့အစ်မက ကျောက်မိသားစုထဲ ဝင်သွားပြီးတော့ ငါတို့ဘက်ကို မျက်ကန်းလို နေထားခဲ့တာပဲ မဟုတ်ဘူးလား"
လျူတချန့်က ဒေါသတကြီး ဆိုကာ စားပွဲကို ဆွဲမှောက်လိုက်သည်။
စားပွဲပေါ်မှ ဟင်းပွဲများမှာ သူတို့ စားထားပြီးသား သို့မဟုတ် အပြောင်ရှင်းထားပြီးသား ဖြစ်ကြသည်။ သို့သော်လည်း ထိုနေရာ၌ ရှိနေကြသော ပန်းကန်များမှာ အားလုံး အစိပ်စိပ်အမွှာမွှာ ကွဲကြေသွားခဲ့လေသည်။
လျူတချန့်မှာ လျူဟိုင်ထုန်ထံမှ ကျောက်ဖူကွေ့နှင့် သူ့မိသားစုတို့အား ပြဿနာ ရှာရန် ခေါ်လာခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က သူ့သမီးအကြီးဆုံး စီရင်စုမြို့မှ ပြန်လာခဲ့သောအခါ ကျောက်ကျင်းကော လက်ထပ်တော့မည်ဟု ပြောပြခဲ့သော်လည်း သူတို့၏ မိသားစုက ဂရုမစိုက်ခဲ့။ ကျောက်မိသားစု၏ ဘဝက ခက်ခဲနေသည့်အတွက် သူတို့နှင့် မည်သည်ကိုမှ လုပ်စရာ အကြောင်း မရှိခဲ့ပေ။ သို့သော်လည်း သူတို့ ထင်မှတ်မထားခဲ့သည်မှာ သူတို့က ကျောက်မိသားစုအပေါ် မည်သည်ကိုမှ လုပ်လိုစိတ် မရှိပါသော်လည်း သူတို့ရွာထဲမှ လျူဟိုင်ထုန်က မထင်မှတ်ဘဲ သူတို့အိမ်တံခါးဝသို့ ရောက်လာခဲ့သည်။ သဘာဝကျကျပင် သူတို့က လျူဟိုင်ထုန်၏ စကားများကို မပယ်ရှားရဲသဖြင့် ဤနေရာသို့ ပြဿနာ လာရှာခဲ့ကြခြင်း ဖြစ်သည်။ ပြီးနောက် သူတို့က ကျောက်မိသားစု၏ မင်္ဂလာ ဧည့်ခံပွဲမှာ အလွန် ကြီးကျယ်နေသဖြင့် အမှားရှာရန်အတွက် ပိုပြီး စိတ်အားထက်သန် လာခဲ့ကြလေတော့သည်။
ပန်းကန်လုံးများနှင့် တူများ မြေပေါ်သို့ အပိုင်းပိုင်းအစစ ပြုတ်ကျလိုက်သံက အလွန် ကျယ်လောင်လှသဖြင့် ကျောက်ဖူကွေ့မှာ ဒေါသထွက်ရလွန်း၍ လက်သီးကို တင်းတင်းဆုပ်ထားရသည်။ ထိုအချိန်မှာပင် ကျန်းကျန့်က အိမ်ထဲမှ ထွက်လာခဲ့သည်။