Chapter 70
ရန်ပွဲ ဆက်ဖြစ်သွားသောအခါ
ယနေ့က သူ့မင်္ဂလာပွဲနေ့ ဖြစ်သည်။ ကျန်းကျန့်က ကျောက်ကျင်းကောအား သူ့မိသားစုဝင်အဖြစ် လက်ခံထားသည်မှာ ကြာမြင့်လှပြီ ဖြစ်သော်လည်း ကျောက်ကျင်းကောက ထိုဓလေ့ ထုံးတမ်းများကို မည်မျှ ဂရုစိုက်ကြောင်း သိနေခဲ့သည်။ သူက လက်ထပ်ပွဲအား အလေးအမြတ်ထားနေခြင်း မရှိပါသော်လည်း လုပ်ငန်းစဥ်များကို တည်တည်ငြိမ်ငြိမ်နှင့် ပြီးသွားစေချင်နေဆဲ ဖြစ်သည်။ အဆုံးတွင် သူ့လက်ထပ်ပွဲ ဖြစ်နေခဲ့သည်။ တစ်သက်မှာ တစ်ခါသာ ကြုံရမည့် လက်ထပ်ပွဲပါပင်။
သူက ကျောက်ကျင်းကောအား သူတို့၏ အိမ်အသစ်အတွင်းသို့ ခေါ်လာခဲ့ပြီး သူတို့၏ အမေက မင်္ဂလာရှိသော စကားများ ပြောပေးနေခဲ့သည်။ သို့သော်လည်း ကျောက်ကျင်းကော၏ အနီရောင် ခေါင်းဆောင်းပုဝါစကို မလှစ်ဟရသေးခင်မှာပင် အပြင်မှ ဆူညံသံများကို ကြားလိုက်ရသည်။ သူက ကျောက်ကျင်းကော၏ ပုဝါစကို မတင်ကာ ဝိုင်တစ်ခွက် သောက်ရင်း လုပ်ငန်းစဥ်များကို အမြန်နှုန်းဖြင့် အဆုံးသတ်လိုက်သည်။ တစ်စုံတစ်ယောက်က သူ့အိမ်မှ စားပွဲကို မှောက်ရဲလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
ကျန်းကျန့် ကိုယ်တိုင်က ကျန်းမိသားစု၏ စားပွဲကို တစ်ခါ မှောက်ခဲ့ဖူးပါသော်လည်း သူ့အိမ်က စားပွဲအား မည်သူ့ကိုမှ မှောက်ခွင့်ပေးမည် မဟုတ်ပေ။ ထပ်ရှိသေးသည်မှာ ယနေ့က သူ့မင်္ဂလာဆောင်နေ့ ဖြစ်နေသည်။
ကျောက်ကျင်းကောက ထိုလက်ထပ်ပွဲကို အလွန် မျှော်လင့်ထားခဲ့ရပြီး ဝမ်းသာကြည်နူးစွာဖြင့် တုန်ယင်နေခဲ့ပါသော်လည်း တစ်ယောက်ယောက်က ဖျက်ဆီးပစ်ချင်နေခဲ့သည်။
"ပြဿနာ လာရှာတာလား"
ကျန်းကျန့်က ရှိနေသော လူများကို လှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက် သူ့မျက်လုံးများက လျူဟိုင်ထုန်အပေါ် ရောက်ရှိသွားခဲ့လေသည်။
"မင်းနာမည်ကို ကျန်းကျန့်ဆိုပြီး ပြောင်းလိုက်တယ်လို့ ငါကြားထားတယ်... ကျန်းကျန့်... မင်းယောက္ခမက... အိုး... မင်းက လက်ထပ်ပြီး ဝင်သွားတာဆိုတော့ မင်းအမေကပေါ့လေ.... မင်းအမေကလည်း လီကျားရွာကပဲလေ... ဒါကြောင့်မို့ ငါတို့က ဆွေမျိုးတွေ အနေနဲ့ မင်္ဂလာအရက် လာသောက်ပေးတာ"
လျူဟိုင်ထုန်က ကျန်းကျန့်အား လှောင်ရယ်လိုဟန်ဖြင့် ကြည့်လိုက်လေသည်။ အမှန်တွင် သူ စောစောကတည်းက ပြဿာနာရှာရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။ သို့မှသာ ကျန်းကျန့်က ဘိုးဘေးခန်းမထဲတွင် အရိုအသေ ပြုနိုင်မည် မဟုတ်ပေ။ သို့သော်လည်း ထိုသို့ မလုပ်ခဲ့ပေ။ ကျန်းကျန့်က ရုပ်ဆိုးဆိုးကောကို လက်ထပ်ချင်နေပြီး ရုပ်ဆိုးတဲ့ ကောရဲ့ အိမ်မှာ လိုက်နေချင်မှတော့ သူ ဘာလို့ တားနေရဦးမှာလဲ... သူစောင့်ပေးနိုင်ပါတယ်...
လျူဟိုင်ထုန်က ကျန်းကျန့်အား အထင်သေးဟန်ဖြင့် ကြည့်လိုက်သည်။ယခုအချိန်တိုင်သည်အထိ သူက ကျန်းကျန့်ကို လုံးဝ လျစ်လျူရှုထားပြီး သူ ကျန်းကျန့်အတွက် လုပ်ပေးထားသော အမှိုက်များကို ကြည့်နေချင်ခဲ့သည်။ လျူမိသားစုက သူ့ဆွေမျိုးတွေပဲ မဟုတ်ဘူးလား... ဆွေမျိုးတွေ အိမ်တံခါးရှေ့ ရောက်လာရင် သူ ဘာများ လုပ်နိုင်မှာမို့လို့လဲ...
"ကျန်းကျန့်" ကျောက်ကျင်းကောက မျက်ခုံးများ တင်းတင်း စုကျုံ့၍ အိမ်ထဲမှ ထွက်လာခဲ့သည်။ ထို့ကြောင့် သူ့မျက်ခုံးကြားမှ အမာရွက်က ပို၍ ထင်းထွက်လာလေတော့သည်။
လျူဟိုင်ထုန်က ကျောက်ကျင်းကောကို တစ်ချက် ကြည့်ကာ လှောင်ရယ်သံဖြင့် ပြောလိုက်သည်။
"မင်းလက်ထပ်မဲ့သူက သူပေါ့လေ... သူက တကယ် ရုပ်ဆိုးတာပဲ... သူက အရင်တစ်ခေါက် မင်းကယ်လိုက်တဲ့ ကောလေးနဲ့ ယှဥ်လို့တောင် မရဘူး... ဒါပေမယ့် သူ့လို လူကောင်ကြီးတဲ့သူတွေမှာ အသုံးဝင်တဲ့ အချက်တွေတော့ ရှိသေးသားပဲ... သူ့ကို ကျိုးပဲ့အောင် လုပ်မိမှာကို စိုးရိမ်စရာ မလိုတော့ဘူး"
လျူဟိုင်ထုန် စကားပြောနေသည့်အချိန်တွင် ကျန်းကျန့်က သူ့အဝတ်သစ်များကို ဆွဲချွတ်ထားပြီးသား ဖြစ်နေခဲ့သည်။ သူက အဝတ်များကို ကျောက်ကျင်းကောထံ ပစ်ပေးလိုက်ပြီး ယူထားစေခဲ့သည်။ ကျန်းကျန့်က တံခါး မင်းတုန်းကို ဆွဲယူကာ ထွက်လာခဲ့သည်။
ဧည့်သည်ဆိုးတွေ မင်းအိမ်တံခါးရှေ့ ရောက်လာခဲ့ရင် သူတို့ကို ရန်ဖြစ်ပြီး နှင်ထုတ်လိုက်တာက အကောင်းဆုံးပဲ...
ကျန်းကျန့်၏ အစပြုသည့် အရှိန်နှုန်းက အလွန် မြန်လှပြီး သူက လူများကို တုံ့ပြန်ရန် အချိန်နည်းနည်းလောက်ပင် မပေးခဲ့ပေ။ ပြီးနောက် သူပထမဆုံး ကိုင်တွယ်လိုက်သူမှာ လျူတချန့် ဖြစ်သည်။
ယခုတွင် ကျောက်လျူက ကျန်းကျန့်အား သူ့သားအရင်းတစ်ယောက် အဖြစ် မှတ်ယူထားလေရာ သူမက သဘာဝကျကျပင် အရာအားလုံးကို ပြောပြခဲ့သဖြင့် သူမက သူမနှင့် သူမ၏ မိသားစုအကြောင်းကိုလည်း ပြောပြခဲ့သည်။ အကြီးဆုံးကျန်း၏ မှတ်ဥာဏ်များနှင့် ကျောက်လျု၏ စကားများကို ပေါင်းစပ်လိုက်ပါက လက်ရှိ အခြေအနေကို တွေ့မြင်နေရသည်မှ လျူမိသားစု၏ ဖြစ်တည်မှုကို သဘာဝကျကျပင် ခန့်မှန်းမိသွားခဲ့သည်။
ထိုကဲ့သို့သော လူတစ်ယောက်အတွက် ကျန်းကျန့်က ယဥ်ကျေးပေးနေစရာမလိုဟုခံစားရသည်။ သူက တံခါးမင်းတုန်းကို ယမ်းလိုက်ပြီး လျူတချန့်၏ ခြေထောက်ကို ရိုက်ချိုးလိုက်ရာ လျူတချန့်မှာ ချက်ချင်းဆိုသလိုပင် မြေပေါ်သို့ လဲကျသွားလေသည်။ ကျောက်မိသားစု သူ့အပေါ်တွင် ဘာမှ လုပ်နိုင်မည်မဟုတ်ဟု ကြွေးကြော်ထားခဲ့သည့် ထိုလူမှာ ထိုအခိုက်၌ မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်လေသည်။
လျူတချန့်က ဟယ့်ရှီရွာထဲမှ ကျန်းကျန့်၏ ဂုဏ်သတင်းကို မသိခဲ့ပါပေ။ သူက လျူဟိုင်ထုန်အား ပြဿနာ ရှာပေးမည်ဟု ကတိပေးလိုက်သည့် အချိန်တွင် ပြဿနာရှာမိ၍ သူပါ ပြဿနာ တက်သွားခဲ့ရမည်ဟု ထင်မှတ်မထားခဲ့ပေ။ အရိုက်ခံရမည့် ဖြစ်နိုင်ချေအတွက်ကား သူ ပို၍ပင် မမျှော်လင့်ထားခဲ့ပါပေ။
ကျောက်မိသားစုက ယနေ့တွင် မင်္ဂလာပွဲ ရှိနေခဲ့သည်။ တစ်ယောက်ယောက်က ပြဿနာ လာရှာခဲ့လျှင်တောင် ထိုကဲ့သို့သော နေ့တစ်နေ့အတွက် သည်းခံရုံသာ သည်းခံနေသင့်ပေသည်။ ထပ်ပြီးတော့ သူက ကျောက်လျူ၏ မောင်လည်း ဖြစ်နေသည်။ ကျောက်ဖူကွေ့နှင့် ကျောက်လျူတို့ သူ့အပေါ် မုန်းတီးနေကြလျှင်တောင် ထိုကဲ့သို့ သွေးနီးသော တော်စပ်မှုမျိုးဖြင့် သူ့အပေါ် အမှန်ပင် မည်သည်ကိုမှ လုပ်နိုင်ကြမည် မဟုတ်ပေ။
လျူတချန့်က ယနေ့ ကျောက်မိသားစုထံသို့ ရောက်လာခဲ့သောအခါ စားရုံ သောက်ရုံသာ လုပ်ပြီး အိမ်ကို ပြန်သယ်သွားနိုင်မည့် တစ်စုံတစ်ခုကိုပင် ရရှိနိုင်ဦးမည်ဟု တွေးထားခဲ့သည်။ လျူဟိုင်ထုန်က သူ့လုပ်ဆောင်မှုများအပေါ် စိတ်ကျေနပ်သွားခဲ့လျှင် သူ့သားက လျူဟိုင်ထုန်အတွက်ပင် အလုပ်လုပ်နိုင်ပေမည်။ သို့သော်လည်း သူက အစပိုင်းကိုသာ တွေးထားပြီးအဆုံးသတ်ကို မခန့်မှန်းနိုင်ခဲ့ပေ။
သူက ကျောက်မိသားစုအိမ်တွင် စားသောက်နိုင်ခဲ့ပါသော်လည်း တစ်ခုခုကို စားသောက်ပြီးရုံဖြင့် အရိုက်ခံလိုက်ရသည်။
ကျန်းကျန့် ထွက်လာသောအခါ လျူမိသားစုက သူနှင့် ကျောက်ကျင်းကောအကြောင်း မကောင်းသည့်ကိစ္စများ အမျိုးစုံကို ပြောနေခဲ့ကြပြီး အာအကျယ်ဆုံးမှာ လျူတချန့်၏ မိန်းမ ဖြစ်နေသည်။ သူမအပြင် အရင်တစ်ခေါက် စီရင်စုမြို့တွင် သူနှင့် ကျောက်ကျင်းကောတို့ အသားဝယ်ကြစဥ်က ကျောက်ကျင်းကောအား ဟာသလုပ်ခဲ့သည့် ထိုမိန်းမလည်း ပါနေသည်။
ကျန်းကျန့်က လှောင်ရယ်ကာ လျူတချန့်ကို ရိုက်ချလိုက်ပြီးနောက်တွင် လျူတချန့်၏ ဇနီးအား သူမ၏ ရင်ဘတ်ပေါ်သို့ ကန်ပေးလိုက်သည်။ ကျန်းကျန့်က အခြား ယောကျ်ားတစ်ယောက်၏ အစာအိမ်နေရာကိုလည်း ကန်လိုက်လေရာ ထိုယောကျ်ားက အော်ဟစ်၍ သူ့အစာအိမ်နေရာကို အုပ်ကိုင်ကာ ချက်ချင်းပင် ပျို့အန်သွားလေတော့သည်။
"သူ့ကို သွားချကြ" လျူဟိုင်ထုန်သည်လည်း ကျန်းကျန့်၏ ရုတ်တရက် တိုက်ခိုက်မှုကို တွေ့လိုက်ရသောအခါ အံ့အားသင့်သွားခဲ့လေသည်။
ယနေ့က သူ့မင်္ဂလာပွဲဖြစ်၍ ထိုအကြောင်းကို ဂရုမထားဘဲ လူများကို စရိုက်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ပြီးတော့လည်း သူက သူ့(လျိုဟိုင်ထုန်)ကို ဆန့်ကျင်မိမှာ မကြောက်ဘူးလား...
လျူဟိုင်ထုန်က ကျန်းကျန့်အား ဒေါသတကြီး ကြည့်လိုက်သော်လည်း မကြာမီမှာပင် သူ့မျက်လုံးများထဲ၌ ပလွှားခြင်းများ ခပ်ရေးရေး လက်သွားလေသည်။
နောက်ဆုံးတစ်ခေါက် ဟယ်ချိုးရှန့်အား သွားခေါ်ခဲ့စဥ်က သူနှင့်အတူ ဝမ်းကွဲအချို့ကိုသာ ခေါ်လာခဲ့သည်။ သူတို့ထဲက မည်သူကမှ တိုက်ခိုက်ရာ၌ မကျွမ်းကျင်ကြဘဲ အကာအကွယ်မဲ့သွားကြသဖြင့် ကျန်းကျန့်ထံမှ အလဲထိုးခံလိုက်ရသည်။ သို့သော်လည်း ဤတစ်ကြိမ်၌... လျူဟိုင်ထုန်က ပြင်ဆင်ပြီးမှ လာခဲ့ခြင်း ဖြစ်၍ သူရှုံးနိုင်လိမ့်မည်ဟု မထင်ထားပေ။
လျူဟိုင်ထုန် အချက်ပြလိုက်ပြီးနောက် အတွေ့အကြုံရှိသည့် ကြေးစားနှစ်ယောက်က ကျန်းကျန့်ထံသို့ အပြေးသွားလေသည်။ လျူတချန့်နှင့် ထိုလူမိုက်နှစ်ယောက်၏ ကွာခြားချက်မှာ မိုးနှင့်မြေလိုပါပင်။ ကျန်းကျန့်က ထိုအခိုက်၌ လူနှစ်ယောက်အား အမှန်ပင် ဂရုမထားနိုင်ခဲ့ပေ။ သူက တံခါးမင်းတုန်းကို လွှဲယမ်းကာ သူတို့အား တားဆီးနေရင်း ဝမ်ဟိုင်ရှန်းနှင့် ဟယ်ချွန်းရှန့်တို့ကို အော်ပြောလိုက်သည်။
"မင်းတို့ ငတုံးတွေလား... လာကူရကောင်းမှန်း မသိကြဘူးလား"
ဝမ်ဟိုင်ရှန်းက လက်နက်တစ်ခုကို ရှာဖွေနေခဲ့ပြီးသား ဖြစ်သည်။ သူက ကျောက်မိသားစု၏ နောက်ဖေးခြံထဲမှ ဝါးလုံးချောင်းတစ်ခုကို ဆွဲယူလိုက်ပြီး ကျန်းကျန့်ကို ကူညီရန် ပြေးသွားလိုက်သည်။ ဟယ်ချွန်းရှန့်နှင့် ဟယ်ရှားရှန်တို့မှာ မိန်းမောတွေဝေနေကြပေသည်။
သူတို့ငယ်ရွယ်စဥ်က အခြားကလေးများနှင့် ကစားရင်း ရန်ဖြစ်ခဲ့ကြပါသော်လည်း ယခုတွင်မူ...
"သွားမယ်" ဟယ်ချွန်းရှန့်က အံတင်းတင်းကြိတ်ကာ တံခါးနောက်မှ ဝါးလုံးကို ကောက်ယူလိုက်သည်။
ဟယ်ရှားရှန့်က မည်သည်ကို တွေးနေပါစေ သူ့အစ်ကိုကြီး၏ စကားကို နားထောင်နေဆဲ ဖြစ်သည်။ သူ့အစ်ကို ထိုသို့ လုပ်သည်ကို တွေ့လိုက်ရသည့်အတွက် သူသည်လည်း ဝါးလုံးတစ်လုံးကို ကိုင်ကာ ပြေးသွားခဲ့သည်။ သူတို့နှစ်ယောက်က မည်သူကို ရိုက်ရမည်မှန်း မသိကြရုံသာ။
ဟယ်ချွန်းရှန့်က ဘေးဘီကို ဝေ့ဝဲကြည့်လိုက်ပြီး သူ့မျက်လုံးများက လျူဟိုင်ထုန်အပေါ် ကျရောက်သွားသည်။ ထိုသူမှာ အရင်တစ်ခေါက်က သူတို့အိမ်ကို ရောက်လာပြီး သူတို့ကို ရိုက်နှက်ကာ သူတို့၏ ညီငယ်လေးကို ဆွဲခေါ်သွားရန် ကြိုးစားခဲ့သူသာ ဖြစ်သည်။ ထိုသူက...
လွန်ခဲ့သည့် နှစ်ရက်တာအတွင်း ကျန်းကျန့်က ဟယ်ချွန်းရှန့်နှင့် ဟယ်ရှားရှန့်တို့အား သူ့အလုပ်ကို ကူညီပေးရန်သာ ပြောခဲ့ပြီး မည်သည်ကိုမှ သင်မပေးခဲ့ပေ။ သို့သော်လည်း သူ ဝမ်ဟိုင်ရှန်းအား မည်သို့ လေ့ကျင့်ရမည်နှင့် တိုက်ခိုက်ရမည်ကို သရုပ်ပြနေစဥ်တွင် သူတို့ထံမှ တမင်သက်သက် ဖုန်းကွယ်မထားခဲ့ပေ။ ထို့ကြောင့် ဝမ်ဟိုင်ရှန်း နေ့တိုင်း မည်သို့ လေ့ကျင့်နေသည်ကို တွေ့နေခဲ့ရသည်။
ဝမ်ဟိုင်ရှန်းက နေ့တိုင်းလိုလို ဝါးလုံးချောင်း တစ်ချောင်းကို ကိုင်ထားပြီး ကျွမ်းကျင်မှုများစွာ မရှိပါသော်လည်း ရှေ့ထွက်သွားလေသည်။ သူတို့မှာလည်း အမှန်တွင် အလုပ်ဖြစ်နိုင်သည်။ ဟယ်ချွန်းရှန့်က ဝါးလုံးကို ကိုင်၍ လျူဟိုင်ထုန်ဆီသို့ တည့်တည့် ပြေးသွားလိုက်လေတော့သည်။
"သေစမ်း"
လျူဟိုင်ထုန်က အေးတိအေးစက် နှာမှုတ်လိုက်ပြီး ဟယ်ချွန်းရှန့်လက်ထဲမှ ဝါးလုံးကို ဆွဲယူလိုက်သည်။
သို့သော်လည်း သူ့လက်ထဲမှ ဝါးလုံးကို မဆွဲယူနိုင်ခင်မှာပင် သူ့အစ်ကို နောက်မှ လိုက်လာခဲ့သော ဟယ်ရှားရှန့်က ထိုကဲ့သို့ပင် လုပ်လိုက်လေသည်။ သူတို့က လျူဟိုင်ထုန်၏ ခါးကို ခပ်ပြင်းပြင်း ရိုက်ချလိုက်လေသည်။
လျူဟိုင်ထုန်က ငြီးငြူးလိုက်ပြီး ယိုင်လဲသွားချိန်တွင် ဟယ်ချွန်းရှန့်နှင့် ဟယ်ရှားရှန့်တို့ မှာ ကြက်သေသေသွားကြလေသည်။ သူတို့က လျူဟိုင်ထုန်အား အနာတရ လုပ်လိုက်မိသည်ကို မယုံနိုင်ကြ။
ဤတစ်ကြိမ်၌ လျူဟိုင်ထုန်က လျူမိသားစုအပြင် လူခြောက်ယောက်ကိုလည်း ခေါ်လာခဲ့သေးသည်။ ထိုအထဲမှ နှစ်ယောက်က ကျန်းကျန့်ကို ရိုက်ရန် ပြေးလာကြစဥ်တွင် ကျန်လေးယောက်က ဘေးပတ်လည်တွင် ရပ်နေခဲ့ကြသည်။ ဟယ်ရှားရှန့် လျူဟိုင်ထုန်အား ရိုက်လိုက်သောအခါ ထိုလူလေးယောက်က ဟယ်ချွန်းရှန့်ဆီ ရောက်လာပြီး လက်သီးတစ်ချက်ဖြင့် အမှောက်သိပ်လိုက်ကြသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က ဟယ်ရှားရှန့်သည်လည်း ထိုသို့ အလဲသိပ်ခံခဲ့ရသည်။ ထိုအချိန်က ဘယ်တုန်းကမှ ထိုကဲ့သို့ အရိုက်မခံခဲ့ရဖူးသဖြင့် တွေဝေနေခဲ့ပြီး သူ့ခေါင်းကို လက်ဖြင့် ကာကွယ်ထားရုံသာ တတ်နိုင်ခဲ့သည်။ သို့သော်လည်း ဤတစ်ကြိမ်ကမူ ကွဲပြားသည်။ တစ်ခါ အရိုက်ခံခဲ့ရဖူးသော ဟယ်ရှားရှန့်မှာ ယခင်တစ်ခေါက်ကလို ကြောက်မနေခဲ့တော့ပေ။ သူက ခုန်ထကာ သူ့ကို ရိုက်ခဲ့သူထံ ပြေးသွားလိုက်ပြီး ထိုသူ၏ လက်မောင်းကို ဆွဲကာ ကိုက်ချလိုက်သည်။
ဟယ်ချွန်းရှန့်သည်လည်း ဤတစ်ကြိမ်၌ အရိုက်ခံလိုက်ရပါသော်လည်း ဟယ်ရှားရှန့်ကဲ့သို့ပင် လုပ်လိုက်ပြီး ခုခံလိုက်သည်။ သူတို့ တစ်ယောက်ချင်းစီက ကြေးစားတစ်ယောက်စီနှင့် ငြိသွားကြပြီး ရန်ပွဲကို နောက်ထပ် စတင်လိုက်ကြတော့သည်။ ဝမ်ဟိုင်ရှန်းက အော်ဟစ်ကာ ပြေးထွက်သွားပြီး ကြေးစားတစ်ယောက်ကို ဝါးလုံးဖြင့် ရိုက်ချလိုက်သည်။
တစ်ချိန်တည်းမှာပင် ကျောက်ဖူကွေ့သည်လည်း လှုပ်ရှားလာခဲ့သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားက သိပ်မကောင်းမှန်း သိနေသဖြင့် လျူဟိုင်ထုန်နှင့် သူ့လူမိုက်များကို အနိုင်ရနိုင်လိမ့်မည် မဟုတ်ပေ။ ထိုအစား သူက ယခုထက်ထိ မထနိုင်သေးသော လျူတချန့်အား တံမြက်စည်းရိုးဖြင့် မိတ်ဆက်ပေးလိုက်သည်။
"မကောင်းတဲ့ကောင်... မင်း ပြဿနာ စရှာဖို့ ခွင့်ပြုပေးလိုက်မယ်"
သူ့သားကြီး ဆုံးပါးသွားရစဥ်က ထိုလူမှာ ကံမကောင်း၍ သေသွားရသည်ဟုသာ ပြောခဲ့သည်။ သူက စျာပနကို မတက်ခဲ့ဘဲ သူ့အစ်မကြီးကို ဆေးဝါးကုသပေးရန် အတွက်လည်း ငွေပြန်မပေးခဲ့ပေ။ ယခုတွင် သူ့ကျင်းကောလေးက လက်ထပ်ရတော့မည့်အချိန်တွင် ပြဿနာ လာရှာနေသည်။ ကျောက်ဖူကွေ့က လျူတချန့်အား လွန်စွာ မုန်းတီးနေခဲ့လေသည်။
ဤတစ်ကြိမ်၌ လျူမိသားစုမှ ရောက်လာကြသူများမှာ လျူတချန့်တင်မကဘဲ ကျောက်လျူ၏ မောင်ငယ်ဖြစ်သည့် လျူအားမောင့်လည်း ပါသေးသည့်အပြင် လျူညီအစ်ကို၏ ကလေးများလည်း ပါသည်။ ထိုလူများထဲမှ မိန်းမနှင့် ကလေးအများစုမှာ အစကတည်းက ပြေးသွားကြပြီ ဖြစ်သော်လည်း ယောကျ်ားသား အများစုက ထိုနေရာတွင် ရှိနေခဲ့ကြသေးသည်။ ကျောက်ဖူကွေ့က လျူတချန့်အား ရိုက်ရန်
ရောက်လာသောအခါ လူတစ်ယောက်က ချက်ချင်းပင် သူ့အား လာတားခဲ့သည်။
လျူအားမောင့်က အားသန်သည့်အတွက် ကျောက်ဖူကွေ့အား အဝေးသို့ ဆွဲခေါ်သွားနိုင်ခဲ့သည်။ မထင်မှတ်ထားစွာပင် ကျောက်လျူက မီးဖိုထဲမှ မီးတောက်နေသည့် ထင်းတစ်ချောင်းကို ဆွဲယူ၍ ထိုးလိုက်ပြီး ကျောက်ဖူကွေ့ကို လွှတ်ပေးရန် ဖိအားပေးလိုက်သည်။
လျူအားမောင့်က ဒေါသထွက်သွားပြီး ကျောက်လျူအား တားမြစ်ချင်ပါသော်လည်း အဝတ်သစ်များ ချွတ်ထားပြီး ဖြစ်သည့် ကျောက်ကျင်းကောထံမှ အတားခံလိုက်ရသည်။ ကျောက်ကျင်းကောက ကောတစ်ယောက် ဖြစ်သော်လည်း ခွန်အားအရာ၌ အရွယ်ရောက်ပြီးသား လူတစ်ယောက်ထက် မနိမ့်ကျနိုင်ပေ။ ထိုအချိန်၌ သူက အလွန် ဒေါသထွက်နေဆဲ ဖြစ်၍ လျူအားမောင့်နှင် တိုက်ခိုက်သည့်အချိန်တွင် တစ်ချိန်လုံး သူကချည်း အသာစီးရနေခဲ့သည်။
၎င်းက ပရမ်းပတာ ကိစ္စများ မည်ကဲ့သို့ စတင်ခဲ့ခြင်းပါပင်။
ဟယ့်ရှီရွာထဲမှ မင်္ဂလာပွဲ လာကြည့်ကြသည့် သာမန်လူများနှင့် ကျောက်ဖူကွေ့ ဖိတ်ထားသည့် ဧည့်သည်အများစုတို့ ထွက်ပြေးသွားခဲ့သည်မှာ ကြာခဲ့လေပြီ။ ရွာလူကြီး အနေဖြင့် နေခဲ့သင့်သည်ဟု တွေးထားခဲ့သည့် ကျန်းဖျင် တစ်ယောက်တည်းကသာ အခြေအနေကို အကဲခတ်နေခဲ့သည်။ သူက သူ့သားနှင့် ကျန်ရစ်ခဲ့ခြင်း ဖြစ်ပါသော်လည်း သူသည်လည်း အိမ်ထဲမှာ ဝင်ပုန်းနေခဲ့ရလေသည်။ ဒီနေရာမှာ အခြေအနေတွေ ပိုဆိုးလာရင် ဘယ်အချိန်အဖြစ်ဖြစ် တံခါးပိတ်လိုက်လို့ ရတယ်...
သေချာပေါက် ကျန်းဖျင်မှာ အချိန်အရွေး ထွက်ပြေးရန် အသင့်ပြင်ထားပါသော်လည်း သူ့သားထံတွင် လုံးဝ ခြားနားနေသည့် ကိုယ်ပိုင်အတွေးတစ်ခု ရှိနေခဲ့သည်။
ကျန်းဖျင်၏ သားက အပြင်မှ ရန်ပွဲကို ကြည့်ကာ စိတ်တက်ကြွလာခဲ့ပြီး သွေးစီးကြောင်းတစ်ခုက သူ့ရင်ဘတ်ထဲမှ ပွင့်တက်လာခဲ့သည်။ သူက ဟယ်ချွန်းရှန့် ဟယ်ရှားရှန့်တို့နှင့် အတူ ကြီးပြင်းလာခဲ့ခြင်း ဖြစ်ရာ သူတို့ထံတွင် သူငယ်ချင်း ဆက်ဆံရေး ရှိခဲ့ကြသည်။ ဟယ်ရှီရွာသားများ အရေးမလှ ဖြစ်နေသည်ကို တွေ့နေရသောအခါ သူ့က သူ့အဖေဘေးမှ တိတ်တိတ်လေး ထကာ လျူတချန့်၏ အကြီးဆုံးသားအား ရန်ပွဲအတွင်း ဖမ်းမိလိုက်သည်။
"အိုင်း..."
ကျန်းဖျင်က သူ့သားအား တားမြစ်လိုက်ချင်ပါသော်လည်း နောက်ကျသွားခဲ့လေပြီ။ သူက အံတင်းတင်းကြိတ်၍ ကျန်းကျန့် ခုတ်ထားသော ထင်းချောင်းတစ်ချောင်းကို ယူ၍ ပစ်လိုက်သည်။
ထိုရွာလူကြီးကျန်းထံတွင် အခြားသော ကျွမ်းကျင်မှုများ မရှိပါသော်လည်း ပစ္စည်းများ ပစ်ရာ၌ တိကျမှုကတော့ အံ့လောက်ဖွယ် ဖြစ်သည်။ အတိတ်တွင် သူက အကြီးဆုံးသားကို တစ်ခုခုဖြင့် ပစ်ပေါက်ချင်ပါက သူ့ဒုတိယသားအား ဘယ်တော့မှ မထိခဲ့ပေ။ ထို့ကြောင့် သူက ယခုတွင် ချောင်းထုန်ရွာမှ တစ်ယောက်ယောက်အား ပစ်မှတ်ထားလိုက်ပါက ဟယ့်ရှီရွာသားများကို ထိလိမ့်မည် မဟုတ်ပါ။
ထိုအချိန်မှာပင် ကျန်းကျန့်က တံခါးမင်းတုန်းကို ပစ်လိုက်ပြီးသား ဖြစ်နေခဲ့သည်။