Chapter 72
IOUနှင့် ကတ်များ
[T/N IOU - I owe you ငွေချေးစာချုပ်]
လျူဟိုင်ထုန်က သူ့လူများကို ခေါ်ကာ ခပ်မြန်မြန် ထွက်သွားလေသည်။
ကျန်းကျန့်က လျူဟိုင်ထုန်မှာ သူ့အပေါ် အန္တရာယ်ရှိသော သဘောထားများ ရှိနေသည်ဟု ခံစားရသဖြင့် ခပ်ရေးရေး မျက်မှောင်ကျုံ့လိုက်ပါသော်လည်း ကြောက်ရွံ့နေခြင်းတော့ ရှိမနေပါချေ။
သိသိသာသာပင် လျူဟိုင်ထုန်က လူမိုက်တစ်ယောက်သာ ဖြစ်ပြီး လူမိုက်များမှာ ဘယ်တော့မှ အစားမထိုးနိုင်သည်တော့ မဟုတ်ပါပေ။ အချို့လူများမှာ သူတို့ကို ကူညီပေးရန်အတွက် လူမိုက်များ လိုအပ်ပါသော်လည်း အပြန်အလှန်အနေဖြင့် မကူညီနိုင်ပါပေ။
ကျန်းကျန့်က အမှန်တွင် ယန်ကျင်းအား တစ်ခုခု မေးချင်ပါသော်လည်း ထိုအခိုက်၌ သူက လျူမိသားစုကို ဖြေရှင်းရပေဦးမည်။
လျူဟိုင်ထုန် ရိုက်ချခံလိုက်ရပြီး ထွက်ပြေးသွားသည်ကို တွေ့လိုက်ရသောအခါ လျူမိသားစုက ကြောက်ရွံ့နေကြလေသည်။ သူတို့မှာလည်း ကျောက်ဖူကွေ့၊ ကျောက်ကျင်းကောနှင့် အခြားလူများထံမှ ဖမ်းခံလိုက်ရပြီး တိုက်ခိုက်ခံထားရသဖြင့် အနည်းနှင့်အများ ဒဏ်ရာရနေကြပေသည်။ ထို့ကြောင့် ယခုတွင် ထွက်မပြေးနိုင်ကြတော့ပေ။
ကျန်းကျန့်က လက်ထဲတွင် လျူဟိုင်ထုန်ထံမှ ဆွဲလုထားခဲ့သည့် သွေးစွန်းနေသော ဓါးကို ကိုင်ထားဆဲ ဖြစ်ပြီး လွန်စွာ ကြောက်ဖို့ကောင်းပုံ ပေါ်နေခဲ့လေသည်။
လျူတချန့်က သူ့ကို ကြည့်လိုက်ပြီး သွားနှစ်ချောင်းကျွတ်ထားပြီး သွေးထွက်နေသော သူ့ပါးစပ်ကို အုပ်ကိုင်ထားလေသည်။ သူက ပြောလိုက်သည်။
"နားလည်မှု လွဲတာပါ... အားလုံးက နားလည်မှု လွဲနေကြတာပါ... ငါတို့က မင်္ဂလာပွဲတက်ဖို့ ရောက်လာကြရုံပါ"
"ဟုတ်ပါတယ်... ငါတို့အားလုံး မင်္ဂလာပွဲ လာတက်တာပါ" လျူအားမောင့်သည်လည်း ပြောလိုက်လေသည်။
"မင်္ဂလာပွဲ လာတက်တာလား... လက်ဖွဲ့ငွေက ဘယ်မှာလဲ" ကျန်းကျန့်က မျက်ခုံးပင့်ကာ လက်ထဲမှ ဓါးမြှောင်ကို ဆော့ကစားနေရင်း မေးလိုက်သည်။
လျူမိသားစုက ယနေ့တွင် ပြဿနာ လာရှာကြခြင်းသာ ဖြစ်ပြီး ကျန်းမိသားစုအိမ်မှ ပစ္စည်းများ သယ်သွားရန် ရည်ရွယ်ချက်ဖြင့် ခြင်းတောင်းများ သစ်သားပုံးများ ယူလာကြပါသော်လည်း မည်သည့်ငွေကိုမှ ယူမလာခဲ့ကြပေ။
"ငါတို့ မေ့သွားလို့ပါ... နောက်တစ်ကြိမ်ကျရင် ပြင်ဆင်လာပါ့မယ်... နောက်တစ်ကြိမ်ကျရင်"
လျူတချန့်က ခပ်မြန်မြန် ဝင်ပြောလိုက်သည်။ သူ စကာပြောသောအခါ သူ့ပါးစပ်က လုံးထွေးနေရုံသာမက နာကျင်လွန်း၍ မျက်ရည်များပင် ကျလာလုဆဲဆဲ ဖြစ်နေသည်။
"တကယ်လား" ကျန်းကျန့်က မျက်ခုံးပင့်၍ မေးလိုက်သည်။
"ကျန်းကျန့်... သူတို့ကို မယုံနဲ့... ဒီလူတွေရဲ့ စကားက လေလည်သံတွေလိုပဲ"
ကျောက်ဖူကွေ့က မခံမရပ်နိုင်သည့်ပုံဖြင့် ဝင်ပြောလိုက်သည်။
"ဟုတ်တယ်... အဖေ... သူတို့ကို ငွေချေးစာချုပ် ရေးခိုင်းလို့ ရတယ်လေ"
"ငွေချေးစာချုပ်လား"
ကျောက်ဖူကွေ့က အနည်းငယ် လန့်သွားလေသည်။ ကျေးလက်တွင် နေကြသူ အများစုက မည်သို့ စာရေး စာဖတ် လုပ်ရမည်ကို မသိကြပေ။ သူတို့က ငွေချေးလျှင်တောင် ငွေချေးစာချုပ် မရေးနိုင်ကြ။ အများဆုံးအနေဖြင့် စုပေါင်းတန်ဖိုးက အတော်လေး များနေမှသာ လူများစွာကို ခေါ်ကာ မျက်မြင်သက်သေ လုပ်ခိုင်းခြင်း ဖြစ်သည်။ ဥပမာအားဖြင့် သူတို့၏ ရွာတွင် ရွာလူကြီး ကျန်းဖျင်ထံသို့သွားကာ မျက်မြင်သက်သေအဖြစ် လုပ်ခိုင်းလေ့ ရှိကြသည်။
"ငွေချေးစာချုပ် ရေးရမယ်" ကျန်းကျန့်က ဆိုလိုက်သည်။ ထို့နောက် သူက ဝမ်ဟိုင်ရှန်းကို ကြည့်၍ ပြောလိုက်လေသည်။
"အရင်တစ်ခေါက်က ဝယ်လာတဲ့ စုတ်တံ၊ မင်၊ စာရွက်နဲ့ မင်သွေးကျောက်တွေ ယူလာခဲ့"
ဝမ်ဟိုင်ရှန်းက ခေါင်းငြိမ့် ပြလိုက်ပြီး ချက်ချင်းပင် ကျန်းကျန့်၏ အိမ်သို့သွားကာ ဖုချောင်သို့ သွားခဲ့စဥ်က ကျန်းကျန့် ဝယ်လာခဲ့သည့် မင်၊ စုတ်တံ၊ စာရွက်နှင့် မင်သွေးကျောက်များ သွားယူလိုက်လေသည်။
ကျန်းကျန့်က ရှေးဟောင်း တရုတ် စာလုံးများစွာ မသိသဖြင့် သေသေချာချာ လေ့လာရန် ဆုံးဖြတ်ကာ စျေးအပေါဆုံး စုတ်တံ၊ မင်၊ စာရွက်နှင့် မင်သွေးကျောက်တစ်စုံကို ဝယ်လာခဲ့သည်။ စျေးအပေါဆုံးကိုသာ နှမျောမရှိ ဝယ်လာခဲ့ရသည့်အကြောင်းမှာ ဤခေတ်တွင် မင်၊ စာရွက်နှင့် မင်သွေးကျောက်တုံးများက စျေးကြီးလွန်းလှ၍ ဖြစ်သည်။
ထိုစုတ်တံ၊ မင်၊ စာရွက်နှင့် မင်သွေးကျောက်အစုံမှာ ကျန်းကျန့် မသုံးထားရသေးဘဲ အသစ်များ ဖြစ်နေဆဲ ဖြစ်သည်။
ထိုအရာများကို ဝမ်ဟိုင်ရှန်း၏ လက်ထဲမှ ယူလိုက်ပြီးနောက် ကျန်းကျန့်က အိမ်ထဲသို့ ဝင်ကာ ဝမ်ဟိုင်ရှန်းကို ပြောလိုက်သည်။ "လျူမိသားစုကို ကြိုးချည်ထား"
ကျန်းကျန့် ပြောပြီးသည်နှင့် ဝမ်ဟိုင်ရှန်းက ခပ်မြန်မြန် လှုပ်ရှားလိုက်လေသည်။ ဟယ်ချွန်းရှန့်၊ ဟယ်ရှားရှန့်နှင့် သူတို့ကို လာကူတိုက်ပေးခဲ့သည့် ကျန်းဖျင်၏သား ကျန်းမင်သည်လည်း လာကူပေးကြသည်။
ဟယ့်ရှီရွာလူကြီး ကျန်းဖျင်တွင် သားနှစ်ယောက် ရှိသည်။ အကြီးဆုံးသား ကျန်းချွမ်းမှာ ကျန်းကျန့် ကျန်းမိသားစုကို အိမ်တစ်လုံး တောင်းခဲ့စဥ်က အိမ်အသစ်ဆောက်လုပ်ရာ၌ ကူညီကြီးကြပ်ပေးခဲ့သူ ဖြစ်သည်။ သူက လက်ထပ်ထားပြီး အလွန် တည်ငြိမ်သည့် ပင်ကိုယ်စရိုက် ရှိပေသည်။ သူ့ကို ရွာသားများက ကျန်းဖျင်၏ ဆက်ခံသူဟု သတ်မှတ်ထားခဲ့ကြသည်။ ဒုတိယသား ကျန်းမင်မှာမူ... ထိုသူ၏ နှာခေါင်းမှာ အညိုအမည်းများ စွဲနေပြီး သူ့မျက်နှာက ဖောင်းကားနေသည်ကို တွေ့နေရသော်ငြား သူက စိတ်တက်ကြွနေဆဲ ဖြစ်ကာ သူ၏ အမူအကျင့်များက သူ့အဖေ၊ အစ်ကိုတို့နှင့် လုံးဝ ကွဲပြားနေခဲ့သည်။ သူက ငယ်ရွယ်သေးသည်ကြောင့်လည်း ဖြစ်နိုင်ပါသည်။ ဆယ့်ခြောက်နှစ်သားအရွယ် ကျန်းမင်က အားအင်အပြည့် ဖြစ်နေသော်လည်း ဖွင့်ထုတ်ရန် နေရာမရှိပါပေ။ ထိုသူ တိုက်ခိုက်ရသည်ကို သဘောကျနေခြင်းမှာ အံ့သြစရာ မဟုတ်ပေ။
"ကြိုးကို ဒီလို ထုံးလို့ မရဘူး..."
ယန်ကျင်းက အနီးအနားမှ လူများစွာကို ညွှန်ပြနေခဲ့သည်။ သူက လျူဟိုင်ထုန်ကို မဆန့်ကျင်ရဲပါသော်လည်း လျူမိသားစုကို ဂရုမစိုက်ပေ။ လူများကို ကြိုးတုပ်ခြင်း အတွက်ကား... သူ၏ လူများကို ကြိုးတုပ်ခြင်း နည်းစနစ်က ကျန်းကျန့်လောက် မကောင်းပါသော်လည်း သူက အထူးတလှယ် သင်ယူထားပြီး ဖြစ်သည်။
ကျန်းကျန့် မင်သွေးပြီးနောက် စာရေးရန်အတွက် စာရွက်ကို ဖြန့်လိုက်သည့် အချိန်မှာပင် လျူတချန့်နှင့် သူ့ညီတို့က ကြိုးတုပ်ခံရပြီးသွားခဲ့လေပြီ။ အခြားသူများမှာ ကလေးများနှင့် မိန်းမများသာ ဖြစ်၍ သူတို့က အလုပ်ရှုပ်ခံကာ ချည်မနေကြတော့။
ကျန်းကျန့်က လျူတချန့်အား တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
"လက်ဖွဲ့ငွေကို အများကြီးတောင်းမနေတော့ဘူး... ငွေဆယ်စဆို လုံလောက်ပြီ... ပြီးတော့ ငါ့မိသားစုအိမ်ထဲက ပစ္စည်းတွေကို ပျက်စီးစေတဲ့အတွက် ငွေဆယ်စ လျော်ကြေးပေးရမယ်... အတိတ်မှာတုန်းက ငါ့မိသားစုကနေ ငွေ ဆယ်စ ချေးထားခဲ့သေးတယ်...."
ဘယ်သူက လက်ဖွဲ့ငွေကို ငွေဆယ်စ ပေးမှာလဲ... ပြီးတော့ ပျက်စီးသွားတဲ့ ပစ္စည်းတွေ အစားအသောက်တွေ အများဆုံး ငွေစနှစ်ဆယ်လောက်ပဲ ကျသင့်တာကို... ဒါပေမယ့် ကျန်းကျန့်ကတော့ သူတို့ကို လျော်ကြေးအနေနဲ့ ငွေဆယ်စ တောင်းတယ်တဲ့လား...
လျူတချန့်က မကျေနပ်ချက်များ ပြည့်သွားပါသော်လည်း ပြန်ပြီး မချေပရဲပါပေ။ ငွေစ သုံးဆယ်က သုံးဆယ်ပဲလေ... သူမပေးနိုင်ရင် သူ့မိဘတွေ ပေးခိုင်းရုံပေါ့... ကျောက်လျူကတော့ အသက်ကြီးနေတဲ့ မိဘတွေကို ငွေပြန်ပေးဖို့ တွန်းအားမပေးနိုင်လောက်ပါဘူး...
လျူတချန့်က အကြွေးများကို ရှောင်ရှားရာ၌ ကျင့်သား ရနေသည်မှာ ကြာခဲ့လေပြီ။ သူက ထိုအကြောင်းကို စဥ်းစားနေစဥ်မှာပင် ကျန်းကျန့် ထပ်ပြောလိုက်သည့် စကားအား ကြားလိုက်ရသည်။
"အားလုံးပေါင်းရင် ငွေစတစ်ရာ... ငွေချေး စာချုပ်ရေးပေးမယ်... မင်းရဲ့ လက်ဗွေကို နှိပ်လိုက်"
"ငွေစတစ်ရာလား" လျူတချန့်က ကျန်းကျန့်အား မယုံနိုင်သည့်ပုံဖြင့် ကြည့်လိုက်သည်။ သူ ဘယ်တုန်းက ငွေစတစ်ရာ အကြွေးတင်သွားတာလဲ... ငွေစတစ်ရာတောင်ကွ...
"ဒါပေါ့... ငွေစ တစ်ရာ့နှစ်ဆယ် ထင်နေတာလား... ဘယ်လောက် ကျမယ်ထင်လို့လဲ"
ကျန်းကျန့်က လှောင်ရယ်လိုက်သည်။
"ငါတို့က ငွေစ ဆယ်စပဲ ချေးထားခဲ့တာ..." နှစ်ဆယ်နဲ့ ပေါင်းလိုက်ရင် ငွေစ သုံးဆယ် ဖြစ်သင့်တာ မဟုတ်ဘူးလား...
"ကျန်တဲ့ ခုနစ်ဆယ်က အတိုး"ကျန်းကျန့်က မျက်မှောင်ကုပ်ကာ ဆိုလိုက်သည်။
"ဒါပေမယ့် ငါက မင်းတို့အတွက် အတိုး နည်းနည်းလေးပဲ တွက်ပေးထားတာနော်... လျူဟိုင်ထုန်က တခြားလူတွေကို ချေးပေးရင် တစ်လကို နှစ်ဆ ဖြစ်သွားမှာ... ငါက သူ့လောက်တော့ မဆိုးပါဘူး"
"ကောင်းပါတယ်... ကောင်းပါတယ်" လျူတချန့်က ခပ်မြန်မြန် ပြောလိုက်သည်။ သူတို့သာ ကျန်းကျန့် ပြောသလို တစ်လကို ငွေနှစ်ဆ ဖြစ်သွားရင် သူတို့ဆီက ငွေချေးပြီး ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်သာ ကြာသွားခဲ့ရင်...
"မင်းတို့ ဒါကို လုံလောက်ပြီလို့ တွေးနေမှတော့" ကျန်းကျန့်က ပြောလိုက်ပြီး ငွေချေး စာချုပ်ကို တိုက်ရိုက်ပင် ချရေးလိုက်သည်။
ကျန်းကျန့် ကျောင်းတက်ခဲ့စဥ်က တရုတ်ရှေးဟောင်းစာလုံးများကို မသင်ခဲ့ရသော်လည်း အချိန်ကာလတစ်ခုအထိ သူ့ကျောင်းက အရည်အချင်း ပြည့်မီသော ပညာရေးကို အလေးထားသဖြင့် လက်ရေးလှ သင်ယူခဲ့ရဖူးသည်။
ထိုနှစ်တွင် အပတ်တိုင်း၌ လက်ရေးလှအတန်း ရှိခဲ့သည်။ ကျန်းကျန့်က ၎င်းကို တရုတ်စာအိမ်စာ အတန်းသို့ ရံဖန်ရံခါ ပြောင်းလေ့ ရှိပါသော်လည်း မည်သည့် လက်ရေးလှမှ မလေ့ကျင့်ဖြစ်ခဲ့ပေ။ သူက အနည်းဆုံး စုတ်တံဖြင့် စကားလုံး ရေးနိုင်ခဲ့ပြီး သူ့ကျွမ်းကျင်မှုကလည်း အတော်လေး အဆင့်အတန်း ရှိပေသည်။
"ဒီနေ့ လျူတချန့်နဲ့ လျူအားမောင့်တို့က ကျောက်ကျင်းကောကို ငွေစတစ်ရာ အကြွေးတင်ပါတယ်"
ကျန်းကျန့်က တစ်ချိန်တည်းမှာပင် အသံထွက်ဖတ်ရင်း ရေးလိုက်ပြီး မကြာမီပင် ကြည့်ပျော်ရှုပျော် ရှိသော လက်ရေးလက်သားကို အဆုံးသတ်လိုက်လေသည်။
ထိုစကားလုံးများမှာ "ကျောက်" ကဲ့သို့ပင် အလွန် ရိုးရှင်းလေသည်။ ၎င်းက ကျောက်ကျင်းကော၏ မျိုးရိုးအမည် ဖြစ်၍ သူက သစ်ကိုင်းများကို သုံးကာ မြေပေါ်တွင် အကြိမ်များစွာ ရေးခြစ်ခဲ့ဖူးသဖြင့် သဘာဝကျကျပင် မည်သည့် အမှားမှ ရှိမနေခဲ့ပေ။ ပထမ အကြည့်တစ်ချက်တွင် သူက စာသင်သား တစ်ယောက်နှင့် တူလုနီးပါး ဖြစ်သွားသည်။
ရန်ပွဲပြီးနောက် ကျောက်ကျင်းကောက အတွင်းဝတ်များသာ ဝတ်မထားသင့်ဟု ခံစားလိုက်ရသည်။ မည်မျှပင် ပူနေပါစေ အဝတ်စားသစ်များကို ထပ်ပြီး ဝတ်လိုက်သည်။
ဝတ်စားပြင်ဆင်ပြီးသွားသောအခါ အိမ်အသစ်ထဲမှ ထွက်လာခဲ့သည်။ ကျန်းကျန့်က လျူမိသားစု သူ့အပေါ် တင်နေသော အကြွေးများကို တွက်ချက်ရန် စုတ်တံနှင့် စာရွက်များ ဖြန့်ထားပြီးသား ဖြစ်နေခဲ့သည်။ ကျန်းကျန့်က လျူမိသားစုအား ငွေစတစ်ရာ ပေးချေစေရန် ပြောနေချိန်တွင် သူအလွန် ဝမ်းမြောက်သွားခဲ့သည်။ ထို့နောက် ကျန်းကျန့် စာရေးတတ်သည်ကို တွေ့လိုက်ရလေသည်။
ကျန်းကျန့်က စာရေးတတ်တယ်... ကျန်းကျန့်က စာဖတ်တတ်တယ်...
ကျောက်ကျင်းကောက ကျန်းကျန့်ကို ထိတ်လန့်မှုတို့ဖြင့် ကြည့်လိုက်ပြီး ၎င်းတို့မှ ပြန်သက်သာ မလာနိုင်သေးပေ။ ကျန်းကျန့်နှင့် အကြိမ်များစွာ အဆက်အသွယ် ပြုပြီးနောက် ကျန်းကျန့်က အလွန် အားကြီးသည်ဟု ခံစားရသော်လည်း သူထင်ထားသည်ထက် ပိုအားကြီးနေမည်ဟု ထင်မထားခဲ့ပေ။ ကျန်းကျန့်က စာပင်ဖတ်တတ်နေသေးသည်။
စာလုံး တစ်လုံးမှပင် မဖတ်တတ်သော ကျောက်ကျင်းကောမှာ သိမ်ငယ်စိတ်အချို့ကိုပင် ရုတ်တရက် ခံစားလိုက်ရသည်။ ကျန်းကျန့်နှင့် ယှဥ်လိုက်ပါက သူက ဘာမှ ထူးခြားမနေပေ။
ကျန်းကျန့် စာဖတ်တတ်သည့်အတွက်ကား ကျောက်ကျင်းကောက မကြာမီပင် သူ့အတွက် အကြောင်းပြချက်တစ်ခု ရှာတွေ့သွားခဲ့သည်။ ကျန်းမိသားစု၏ ဒုတိယနှင့် တတိယသားတို့ နှစ်ဦးလုံး ကျောင်းသို့ သွားခဲ့ကြသည်။ ကျန်းကျန့်မှာ ထိုသူတို့အား ကြည့်ကာ သင်ယူထားခဲ့ခြင်း ဖြစ်မည်ဟု သူ ယူဆရသည်။ ကျန်းကျန်က အမှန်ပင် အင်အားကြီးလှသည်။ ထိုအချိန်ကသာ သူ့မိသားစုက သူ့အား ကျောင်းသွားခွင့် ပြုခဲ့ပါက စာမေးပွဲကို အောင်မြင်ကာ စာသင်သားတစ်ယောက် ပင် ဖြစ်လာနိုင်သည်။
ကျောက်ကျင်းကောမှာ ကျန်းကျန့်အား ရှင်းမပြနိုင်လောက်အောင်ပင် ယုံကြည်ကိုးစားနေပြီး ကျန်းကျန့်က စာသင်သားတစ်ယောက် ဖြစ်လာနိုင်လောက်သည်ဟုလည်း ခံစားရသလို အခြားလူများကလည်း ထိုသို့ပင် ခံစားနေကြရလေသည်။ ကျန်းကျန့်က စာရေးတတ် ဖတ်တတ်တယ်... သူတို့အပေါ်မှာတော့ ဒါက အထင်ကောင်းအမြင်ကောင်းကြီးပဲ...
ဟယ့်ရှီရွာက အတော်လေး ကြွယ်ဝပါသော်လည်း စာဖတ်တတ်သူ လူဦးရေက လက်နှစ်ဖက်ပင် မပြည့်ချင်။ ရွာလူကြီး ကျန်းဖျင်ပင် စာလုံး အနည်းငယ်လောက်ကိုသာ ခပ်ရေးရေး သိလေသည်။
ကျောက်လျုက အလွန် စိတ်လှုပ်ရှားနေပြီး သူမ၏ သားမက်ကို ပို၍ သဘောခွေ့နေတော့သည်။ သူမရဲ့ ကျင်းကောလေးက ဒီလို သမက်ကောင်းလေး ရှာနိုင်တဲ့အထိ အံ့သြစရာ ကောင်းတာပဲ...
"ဒီမှာ လာနှိပ်လိုက်" ကျန်းကျန့်က ငွေချေးစာရွက်ကို ဟယ်ညီအစ်ကိုများ ရှေ့မှောက်သို့ ထားလိုက်ပြီး ဝမ်ဟိုင်ရှန်းကို ပြောလိုက်သည်။
"သူတို့ရဲ့ လက်တွေကို ကိုင်ထားပြီး လက်ဗွေ နှိပ်ခိုင်းလိုက်"
ဝမ်ဟိုင်ရှန်းနှင့် ဟယ်ချွန်းရှန့်တို့က ချက်ချင်း အလုပ်လုပ်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် ကျန်းကျန့်က ပြောလိုက်သည်။
"လျူတချန့်.. လျူအားမောင့် ဟုတ်တယ်နော်... ငွေကို မြန်မြန် ပြန်ဆပ်တာ ကောင်းမယ်... မဟုတ်ရင် ငါက မင်းတို့ကို တရားစွဲဖို့ ငွေချေး စာချုပ်ကို ယူပြီး ရာမန်ရုံးတော်ကို သွားလိုက်မှာ.... ငွေချေးထားတာက မကောင်းဘူးနော်"
ယန်ကျင်း: “. . .” မင်းက ငါ့ရှေ့မှာ ငွေချေးစာချုပ် ရေးဖို့ လူတွေကို အတင်း တွန်းအားပေးနေတာတောင် ရမန်ကိုသွားပြီး တရားစွဲဦးမလို့လား...
"ငါကသာ ရာမန်ရုံးတော်က လူတွေကို ငွေစ ငါးဆယ်ပဲ လိုပါတယ်လို့ ပြောလိုက်ရင် မင်းတို့ဆီကနေ ပျော်ပျော်ကြီး အကြွေးတောင်းပေးကြမှာပဲ" ကျန်းကျန့်က ထပ်ပြောလိုက်သည်။ ယန်ကျင်းကလည်း ပြောလိုက်သေးသည်။
"ဒါပေါ့"
လျူတချန့်နှင့် လျူအားမောင့်တို့ ကျန်းကျန့်၏ စကားများကို ကြားလိုက်ရသောအခါ ငိုချင်သွားကြသည်။ သူတို့မှာ ဘာငွေမှ မရှိတာ ငွေစ တစ်ရာကို ဘယ်က ရမှာတဲ့လဲ... သူတို့ရဲ့ လယ်တွေကို ရောင်းလိုက်ရင်တော့ ပြည့်ချင် ပြည့်သွားမှာပေါ့... ဒါပေမယ့် ဘယ်သာမန်လူတွေက သူတို့ရဲ့ လယ်တွေကို ရောင်းချင်ပါ့မလဲ...
"ကောင်းပြီလေ... သူတို့ကို ပစ်ထုတ်လိုက်တော့"
ကျန်းကျန့်က ပြောလိုက်သည်။ အမှန်တွင် သူကငွေချေး စာချုပ်ထဲက အတိုင်း အတိုးပမာဏကိုပင် ပြောခဲ့ပါသော်လည်း ငွေစတစ်ရာ တောင်းဆိုသည့်အထဲမှ ငွေစ ငါးဆယ်ကိုသာ သူလိုချင်သည်။ ထို့ကြောင့် လျူမိသားစုကသာ ငွေကို နာနာခံခံဖြင့် လာပြန်ဆပ်ပါက ငွေစတစ်ရာ အကုန်လုံး ပြန်ဆပ်ရန် တွန်းအားပေးမည် မဟုတ်ပေ။
လျူမိသားစု ထွက်သွားပြီးနောက် ဝမ်ဟိုင်ရှန်းနှင့် အခြားသူများက အိမ်ကို စတင် ရှင်းလင်းကြပြီး ကျန်းကျန့်ကလည်း ကြွေထည်ဆိုင်ပိုင်ရှင်နှင့် စကားပြောနေခဲ့သည်။
ကြွေထည်ဆိုင်ပိုင်ရှင်က ကျန်းကျန့်ပေးလာသော နမူနာ ပစ္စည်းများဖြင့် စျေးကောင်းကောင်း ညှိနှိုင်းထားခဲ့သည်။ ကျန်းကျန့်၏ အိမ်တွင် သူက စျေးအနည်းငယ် ပိုလျှော့ပြောလိုက်ပြီး သူ့အတွက် ငွေပိုရအောင် လုပ်ချင်ခဲ့ပါသော်လည်း ယခုတွင်မူ... ကျန်ကျန့်၏ ရက်စက်လှသော အသွင်အပြင်ကို မြင်လိုက်ရသောအခါ ကြွေထည်ဆိုင်ပိုင်ရှင်မှာ ထိုအတွေးကို ချက်ချင်း ပယ်ချလိုက်လေသည်။
ကျန်းကျန့်က ပါဝင်ပတ်သက်နေပြီး သူက အလွန် ကြမ်းကြုတ်သည့်အတွက် ထိုသူ့ကို မဆန့်ကျင်မိသည်က ပိုကောင်းပေမည်။
ကြွေထည်ပစ္စည်း ဆိုင်ရှင်က သူ ညှိနှိုင်းထားသော စျေးနှုန်းကို တင်ပြလိုက်ပြီး ၎င်းကို မကွယ်ဝှက်ထားရဲပေ။ စျေးနှုန်းကို ကြားလိုက်ရသောအခါ ကျန်းကျန့်က အလွန်အမင်း စိတ်ကျေနပ်သွားခဲ့လေသည်။ စျေးနှုန်းက သူမျှော်မှန်းထားသည်ထက်ပင် ပိုနေသေးသည်။