Chapter 73
မင်္ဂလာဦးည
နောက်တစ်ရက်တွင် ပစ္စည်းများကို စီရင်စုမြို့သို့ ပို့ပေးရန် ဆိုင်ရှင်နှင့် အချိန်းအချက် လုပ်ပြီးနောက် ကျန်းကျန့်က ဆိုင်ရှင်အား မင်္ဂလာပွဲတွင် ဆက်နေရန် ဖိတ်ကြားလိုက်သည်။
"မရတော့ဘူး... လုပ်စရာလေးတွေ ရှိသေးလို့ ပြန်သွားမှ ဖြစ်မယ်"ကြွေထည်ပစ္စည်းဆိုင်ရှင်က ခပ်လောလော ပြောလိုက်သည်။ သူက ထိုကိစ္စရပ်ပြီးနောက် ကျန်းကျန့်အား အနည်းငယ် ကြောက်ရွံ့နေခဲ့သည်။ ပြီးတော့လည်း ဒီလောက် အရှုပ်အထွေးတွေကြားမှာ သောက်စရာ မင်္ဂလာအရက်တောင် ကျန်သေးလို့လား...
ကျန်းကျန့်က သူ၏ ငြင်းဆန်မှုကို ကြားသောအခါ ဆက်ပြီး တိုက်တွန်းမနေတော့ဘဲ အပြင်ကို လိုက်ပို့ပေးလိုက်သည်။ သူတို့ငှားထားသော အိုးသူကြီးမှာလည်း ထွက်ပြေးသွားခဲ့ပြီ ဖြစ်ရာ ကျောက်လျူက ကိုယ်တိုင် မီးဖိုချောင်ဝင်၍ အစားအသောက်များ ပြင်ဆင်လိုက်ရသည်။
ထိုအခိုက် ကျန်းကျန့်က ယန်ကျင်းအား သူ့အိမ်ဟောင်းဆီ ခေါ်သွားခဲ့ပြီး မေးလိုက်သည်။
"လျူဟိုင်ထုန်ရဲ့ နောက်ခံက ဘာလဲ"
"လျူဟိုင်ထုန်က စီရင်စုမြို့က လောင်းကစားရုံရဲ့ လူမိုက်ပဲ"
ယန်ကျင်းက သူသိသမျှ အရာအားလုံးကို မချွင်းမချန် ပြောပြလိုက်ပြီးနောက် ထပ်ပြောလိုက်သေးသည်။
"အဲ့ဒီ လောင်းကစားရုံက သွားရှုပ်လို့ ရတဲ့နေရာ မဟုတ်ဘူး... ခင်ဗျား"
"လောင်းကစားရုံရဲ့ ပုံစံက ဘယ်လိုလဲ" ကျန်းကျန့်က ကောက်မေးလိုက်သည်။
"ဆိုးတော့ မဆိုးပါဘူး... ခင်ဗျားသာ ရှိသမျှ အရာ အားလုံး ဆုံးရှုံးသွားရင် ထပ်ပြီး ဝင်ခွင့် ပြုတော့မှာ မဟုတ်ဘူး... သူတို့က သားတွေ သမီးတွေ ရောင်းဖို့ တွန်းအားမပေးဘူး"
ယန်ကျင်းက ပြောလိုက်သည်။ လောင်းကစားရုံ၏ နောက်ကွယ်မှ လူက ဂုဏ်သတင်း အချို့ လိုအပ်နေဆဲ ဖြစ်ရာ လောင်းကစားရုံက လွန်လွန်းသည့် ကိစ္စများကို မလုပ်နိုင်ပေ။
"ငါ့ကို လောင်းကစားရုံရဲ့ မန်နေဂျာနဲ့ တွေ့ပေးလို့ရမလား" ကျန်းကျန့်က ထပ်မေးလ်ုက်သည်။
"ရပါတယ်... ကျွန်တော် လုပ်ပေးနိုင်တယ်... ဘာလို့ တာဝန်ရှိတဲ့သူနဲ့ တွေ့ချင်ရတာလဲ'" ယန်ကျင်းက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"လျူဟိုင်ထုန်ကို ကိစ္စတွေအတွက် တာဝန်ခံခိုင်းတာ ကောင်းမယ်လို့ ထင်လား... သူက ပြဿနာတွေ အများကြီး ရှာပြီး လူမိုက်တွေ အများကြီး ထားခဲ့ရင်တောင်လေ... ဒါမှမဟုတ် ငါ့လို လူဆိုရင်ရော..."
ကျန်းကျန့်က သူ့ကိုယ်သူ ထောက်ခံချက်ပေးနေတာလား... အခြားစကားဖြင့် ဆိုရသော် ကျန်းကျန့်က လျူဟိုင်ထုန်ထက် ပိုသန်မာသည်။ ထိုကဲ့သို့သော ရွေးချယ်မှူကို တင်ပြလိုက်ပါက တာဝန်ရှိသူသည်လည်း ထိုလျူဟိုင်ထုန်ကို လိုချင်တော့မည် မဟုတ်ပေ။
လျူဟိုင်ထုန်က တိတ်တဆိတ် ငွေချေးပေးနေပြီး ချောင်းထုန်ရွာတွင် လောင်းကစားလုပ်ရန် လူစုနေသည်။ ထိုမန်နေဂျာကလည်း ၎င်းကို သဘောကျမည် မထင်။ နောက်ခံအနေဖြင့် လောင်းကစားအိမ်သာ မရှိပါက လျူဟိုင်ထုန်သည်လည်း မှုလောက်စရာ မဟုတ်နိုင်တော့။
ကျန်းကျန့်က ရှင်းပြချက်တစ်ခု ပေးခဲ့သော်လည်း သူ့ထံတွင် အခြား အတွေး တစ်ခု ရှိနေကြောင်းကို မပြောခဲ့ပေ။ သူက အခြားသူများ၏ လက်အောက်တွင် နေထိုင်ရသည်ကို မကြိုက်ဘဲ သေချာပေါက် လူမိုက်တစ်ယောက်လည်း မဖြစ်ချင်ပေ။ သို့သော်လည်း ထိုအခိုက်၌ တစ်ခုခုကို အမှတ်ရသွားခဲ့သည်။
ကူးပြောင်းလာပြီးနောက် ကျန်းကျန့်က သူ့ထံတွင် ငွေနှင့်လဲလှယ်ရန် မည်သည့်အရာမှ ရှိမနေဘဲ အသုံးဝင်သည့် ကျွမ်းကျင်မှုများလည်း မရှိဟု အမြဲတမ်း ခံစားနေခဲ့ရသည်။ သို့သော်လည်း ယခုတွင် တစ်ခုခုကို ရုတ်တရက် တွေးမိသွားခဲ့သည်။ ၎င်းက သူ့အတွက် ငွေမရနိုင်သော်လည်း လောင်းကစားရုံမှ လူများက သူ့အား နေရာမြင့်မြင့် တွေးနိုင်ကြမည့်တစ်ခုဖြစ်သည် ထိုအရာမှာ... ကတ်များ ဖြစ်ပေသည်။
အမှန်တွင် ကျန်းကျန့်က လောင်းကစားအကြောင်း များများစားစား မသိပါသော်လည်း ထိုသို့ဆိုလျှင်တောင် သူက ကတ်ကစားနည်းများစွာကို သိနေပြီး ငါးဆယ့်လေးကတ်လုံး ချရေးနိုင်သည်။
ခေတ်သစ် ကာစီနိုများတွင် ကတ်များက သေချာပေါက် မရှိမဖြစ်အရာများ ဖြစ်ကြသော်လည်း ဤနေရာတွင် ထိုကဲ့သို့သော အရာများ ရှိမည် မဟုတ်ပေ။ ကျန်းကျန့်က ထိုအကြံဖြင့် ငွေမရှာနိုင်ပါသော်လည်း လောင်းကစားရုံမှ ရရှိလာမည့် ချစ်ကြည်ရေးကပင် လုံလောက်နေလေပြီ... ထိုနည်းသာ မရှိပါက ကျန်းကျန့်မှာ ထိုအကျပ်အတည်းကို ဖြေရှင်းရန် လူမိုက် လုပ်ရနိုင်ပါသော်လည်း ထိုနည်းလမ်းနှင့် အရာအားလုံး ကွဲပြားသွားလေပြီ။
ဒါပေါ့... အရင်ဆုံး လုပ်ရမဲ့ ကိစ္စကတော့ ဗိုက်ပြည့်တဲ့အထိ စားသောက်ပြီး သတို့သမီးအခန်းဆီ သွားဖို့ပဲ...
ပြောကာမှ ကံကောင်းလို့ လျူဟိုင်ထုန်က သူ့ရဲ့ သတို့သမီးအခန်းလေးကို မဖျက်ဆီးလိုက်တာ... မဟုတ်ရင် သူ့ကို ဒီလောက် လွယ်လွယ်နဲ့ လွှတ်ပေးလိုက်မှာ မဟုတ်ဘူး...
မင်္ဂလာ စားတော်ပွဲကြီးက ပျက်စီးသွားခဲ့လေပြီ။ ပြန်ပြေးသွားကြသော ဧည့်သည်များကလည်း ပြန်လာကြမည့်ပုံမပေါ်သည့်အပြင် ငှားထားသော အိုးသူကြီးကပါ ထွက်ပြေးသွားခဲ့သည်။ ကျောက်ဖူကွေ့မှာ ရွေးချယ်စရာ မရှိတော့ဘဲ ဆားသိပ်ရန် ရည်ရွယ်ထားသော ကျန်ဝက်သားများနှင့် ချက်ထားပြီးသော်လည်း မတည်ခင်းခဲ့ဘဲ မိသားစုနှင့် ဖြည်းဖြည်းချင်းစားရန် ကြံထားသည့် ဟင်းပွဲများကို ထုတ်လာခဲ့ရတော့သည်။ ထို့နောက် သူက မင်္ဂလာပွဲ ဖိတ်ထားခဲ့သော မိသားစုများထံ သွားကာ အစားအသောက်အချို့ ပို့ပေးလိုက်သည်။ သူတို့ကိုယ်တိုင်အတွက်ကား ကျောက်လျူ ပြင်ထားသော အစားအသောက်များကို စားကြမည် ဖြစ်သည်။
ကျောက်လျူက ဝက်သားနှပ်နှင့် အသီးအရွက်အချို့ကို မွှေကြော်ကြော်ထားခဲ့သည်။ သူမက မကြာမီပင် စားပွဲနှစ်လုံးကို ရှင်းလင်းကာ ကျန်နေသေးသူအားလုံး အတူတကွ စားသောက်ကြလေတော့သည်။
"အဲ့ဒီလျူဟိုင်ထုန်က နောက်ဆို ပြဿနာ လာရှာနိုင်တယ်... ငါတို့ ဘာလုပ်ကြမလဲ" ကျန်းဖျင်၏ မျက်နှာက စိတ်ရှုပ်ထွေးနေစသာ အမူအယာကို ပြသလာသည်။
အချိန်အတော်ကြာပြီးနောက် သူဗိုက်ဆာနေသင့်ပါသော်လည်း နောင်တွင် ကြုံတွေ့ရမည့် ပြဿနာများကို စဥ်းစားမိရုံဖြင့် စားချင်စိတ် ပျောက်သွားခဲ့ရသည်။
"အဖေကလည်း... ဘာတွေ စိုးရိမ်နေတာလဲ... သူလာရင် တိုက်ထုတ်လိုက်ကြတာပေါ့" ကျန်းမင်က ရွှင်ပျစွာဖြင့် ဝင်ပြောလေသည်။
အရင်တစ်ခေါက်က ကျန်းကျန့် လျူဟိုင်ထုန်ကို ရိုက်လိုက်သည့်အချိန်တွင် သူ ကျန်းကျန့်ကို စတင်လေးစားခဲ့ရသည်။ ယနေ့တွင် လူတိုင်းက "ရန်သူ"ကို တိုက်ထုတ်လိုက်ကြပြီးနောက် မျက်လုံးထဲတွင် ကိုးကွယ်လိုသည့် အကြည့်များဖြင့် ကျန်းကျန့်နောက်သို့သာ အဆက်မပြတ် လိုက်ပါသွားနေခဲ့သည်။
သူ့သားကို ကြည့်ကာ ကျန်းဖျင်က ကဖျက်ယဖျက် ခံစားချက်များ အနည်းငယ် ခံစားလိုက်ရသည်။
"မစိုးရိမ်ပါနဲ့ အဆင်ပြေသွားမှာပါ" ကျန်းကျန့်က ပြောလိုက်သည်။
အဆင်ပြေသွားမှာပါလို့ ဘယ်လို ပြောနိုင်ရတာလဲ... အဲ့လို ပြောရုံလေးနဲ့ အဆင်ပြေသွားမှာတဲ့လား... ကျန်းဖျင်မှာ သူ့အစာအိမ်အောက်ခြေမှ နေထိုင်မကောင်း ဖြစ်လာသလို ခံစားလိုက်ရသော်လည်း ကျန်းကျန့်ကို ကြည့်လိုက်သောအခါ အဘယ်ကြောင့်မှန်း မသိရသော်လည်း ထိုလူက ယုံကြည်ကိုးစား၍ ရနိုင်သည်ဟု ရုတ်တရက် ခံစားလိုက်ရလေသည်။ အမှန်မှာ ထိုကဲ့သို့ ခံစားရသူက ကျန်းဖျင် တစ်ယောက်တည်း မဟုတ်ပေ။
ဟယ်ချွန်းရှန့်နှင့် ဟယ်ရှားရှန့်တို့ကလည်း ယနေ့တွင် အရိုက်ခံလိုက်ရသည်။ သူတို့က နာကျင်နေသော်လည်း အလွန်ပျော်ရွှင်နေပြီး ကျန်းကျန့်အပေါ် အပြည့်အဝ ယုံကြည်နေခဲ့သည်။ သူတို့က ကျန်းကျန့်နောက်သို့ လိုက်နေသရွေ့ နောင်တွင် ပိုပို၍ အင်အားကြီးလာမည်ဟု ခံစားချက် တစ်ခု ရနေပြီး လျူဟိုင်ထုန်အား ကြောက်နေစရာ မလိုတော့ပေ။ အမှန်တွင် သူတို့က ယခင်ကကဲ့သို့ လျူဟိုင်ထုန်ကို ကြောက်မနေခဲ့ကြတော့ပေ။
တကယ်ဆိုရင် သူတို့လည်း လျူဟိုင်ထုန်ကို ရိုက်ပစ်ခဲ့ကြတာပဲလေ... မဟုတ်ဘူးလား...
စားသောက်နေကြစဥ်တွင် ဟယ်ချွန်းရှန့်နှင့် ဟယ်ရှားရှန့်တို့က စကားများများ မပြောရဲကြပါသော်လည်း စားသောက်ကာ ကျောက်မိသားစုမှ ထွက်လာပြီးသည့်နောက်တွင် ဟယ်ရှားရှန့်က သူ့အစ်ကိုအား ချက်ချင်းဆိုသလို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်သည်။
"အစ်ကိုကြီး... ကျွန်တော်တို့ လျူဟိုင်ထုန်နဲ့ သူ့လူတွေကို တကယ်ကြီး ရိုက်ပစ်ခဲ့ကြတာနော်"
"အင်း" ဟယ်ချွန်းရှန့်က သူ့ညီလေးကို ခေါင်းငြိမ့်ပြလိုက်သည်။ သူက ထိုအခိုက်တွင် တစ်ကိုယ်လုံး ကိုက်ခဲနေပါသော်လည်း လုံးဝိုင်းနေသော သူ့ဗိုက်ကို ကိုင်ကာ စိတ်မလှုပ်ရှားမိဘဲ မနေနိုင်ခဲ့ပေ။ မတိုင်မီက ဖြစ်ပျက်ခဲ့သော ကိစ္စများကို တွေးမိသောအခါ ရင်ခုန်လှိုက်မောလာခဲ့သည်။
လျူဟိုင်ထုန်က သူ့နှလုံးသားထဲတွင် အမြဲလိုလို ကျောက်တုံးကြီးတစ်တုံး ဖြစ်ခဲ့ပါသော်လည်း ယခုတွင်မူ ထိုကျောက်တုံးကြီးက ပျောက်ကွယ်သွားခဲ့လေပြီ။
တကယ်တမ်းတော့ လျူဟိုင်ထုန်က အဲ့လောက်ကြီး ကြောက်စရာ မကောင်းပါဘူးလေ... ဟုတ်တယ်မလား...
ဟယ်ချွန်းရှန့်နှင့် ဟယ်ရှားရှန့်တို့ အိမ်ပြန်လာခဲ့ကြသောအခါ လမ်းတစ်ဝက်တွင် လမ်းဘေးတစ်ဖက်၌ သူတို့ကို စောင့်နေသည့် ဟယ်ချိုးရှန့်ကို တွေ့လိုက်ရသည်။
"အစ်ကိုကြီး... ဒုတိယအစ်ကို... အစ်ကိုတို့..."
ဟယ်ချိုးရှန့်က သူ့အစ်ကိုနှစ်ယောက်၏ ခန္ဓါကိုယ်ထက်မှ ဒဏ်ရာများကို တွေ့လိုက်ရသောအခါ ငိုကြွေးလေတော့သည်။
"ငါတို့ အဆင်ပြေပါတယ်... ချိုးရှန့်... ငါတို့ ဒီနေ့ လျူဟိုင်ထုန်ကို ရိုက်ခဲ့ကြတာ သိလား"
ဟယ်ရှားရှန့်က သူ့ညီလေးကို စိတ်အားတက်ကြွစွာဖြင့် ပြောပြနေခဲ့သည်။
"တကယ်လား"
ဟယ်ချိုးရှန့်က အံ့အားသင့်သွားလေသည်။ လျူဟိုင်ထုန်က ကျောက်မိသားစုအိမ်သို့ သွားနေသည်ဟု ကြားလိုက်ရပြီးနောက် သူ့အစ်ကို နှစ်ယောက်ကလည်း မင်္ဂလာပွဲ သွားတက်ကြသည်ကို သိလိုက်ရသည်။ သူက တစ်ချိန်လုံး ပူပန်နေခဲ့ရသော်လည်း သူ့အစ်ကို နှစ်ယောက်က လျူဟိုင်ထုန်ကို ရိုက်နိုင်ခဲ့မည်ဟု ထင်မထားခဲ့ပေ။
"ဒါပေါ့... အမှန်ပဲ... ငါ သူ့ကို ဝါးလုံးနဲ့ ထိုးလိုက်တာလေ... ဝါးလုံးက ချွန်မနေတာတော့ စိတ်မကောင်းစရာပဲ... သေတဲ့အထိ မထိုးလိုက်ရဘူး..."
ဟယ်ရှားရှန့်က အပြင်လူများရှေ့၌ စကားများများ မပြောခဲ့ပါသော်လည်း ညီငယ်လေး ဟယ်ချိုးရှန့်ရှေ့တွင် အာပေါင်အာရင်းသန်သန်ဖြင့် ပြောပြနေခဲ့သည်။
"လျူဟိုင်ထုန်က ငါတို့ကို တိုက်ခိုက်ဖို့ အကူတွေသာ ခေါ်မလာခဲ့ရင် ဒီလို အရိုက်ခံခဲ့ရမှာ မဟုတ်ဘူး"
ဟယ်ချိုးရှန့်က သူ့ကို မယုံသဖြင့် ဟယ်ချွန်းရှန့်ကို ကြည့်လိုက်သည်။ ဟယ်ချွန်းရှန့်က မျက်နှာတည်တည်ဖြင့် ခေါင်းငြိမ့်ပြလိုက်လေသည်။
ဟယ်ချိုးရှန့်က ချက်ချင်းဆိုသလို သူ့အစ်ကို နှစ်ယောက်အား လေးစားမှုအပြည့်ဖြင့် ကြည့်လိုက်လေသည်။ သူက အမြဲတမ်း လှတပတလေး ဖြစ်ခဲ့သဖြင့် အမြဲတမ်း တည်ငြိမ်တတ်သူ ဟယ်ချွန်းရှန့်ပင် ထိုကဲ့သို့ အကြည့်ခံလိုက်ရသောအခါ မနေနိုင်တော့ဘဲ ထပ်ပေါင်း ပြောပြမိလိုက်သည်။
"မင်းရဲ့ ဒုတိယအစ်ကိုနဲ့ အစ်ကိုကြီးက လျူဟိုင်ထုန်ရဲ့ လက်အောက်ငယ်သားတွေကို ရိုက်ပစ်ခဲ့တာ... သူတို့အားလုံးက ငါတို့ဆီကနေ သွေးထွက်တဲ့အထိ အရိုက်ခံလိုက်ရတာ"
သူတို့၏ သွားများက အလွန်ထက်လှသောကြောင့် ထိုသူတို့၏ လက်မောင်းများကို သွေးထွက်သွားအောင် လုပ်နိုင်ခဲ့သည်။ ထို့နောက်... သူတို့သည်လည်း ကြိမ်ဖန်များစွာ အထိုးခံလိုက်ရလေတော့သည်။
ဒါပေါ့ သူတို့ရဲ့ ညီလေးကို အသေးစိတ်ကျကျ ပြောပြစရာ မလိုပါဘူး...
ဟယ်ချွန်းရှန့်နှင့် ဟယ်ရှားရှန့်တို့က သူတို့ လျူဟိုင်ထုန်နှင့်သူ့လူများအား မည်သို့ ရင်ဆိုင်ခဲ့ကြကြောင်း ပြောခဲ့ကြသည့်အပြင် လျူဟိုင်ထုန် ကျန်းကျန့်ထံမှ အရိုက်ခံခဲ့ရပုံကိုလည်း ပြောခဲ့ကြသည်။
"ကျန်းကျန့်က တကယ် ရက်စက်တာပဲ... လျူဟိုင်ထုန်က သူ့ကို ပြဿနာလာရှာပေမယ့် လွယ်လွယ်နဲ့ အရိုက်ခံလိုက်ရတယ်... သူထွက်သွားတာ လေတောင်မလည်ရဲရှာဘူး"
ဟယ်ချိုးရှန့်၏ မျက်လုံးများ တောက်ပသွားလေသည်။
ဟယ်ချွန်းရှန့်က သူ့ညီလေး ထိုသို့ ဖြစ်သွားသည်ကို တွေ့သောအခါ သူ့နှလုံးသား ခုန်ပေါက်သွားခဲ့လေသည်။ ကျန်းကျန့်က သူ့ညီလေးကို စိတ်မဝင်စားကြောင်း သူသိနေပါသော်လည်း သူ့ညီလေးက ကျန်းကျန့်အား သဘောကျသွားမည်ကို စိုးရိမ်နေသဖြင့် ခပ်လောလော ဝင်ပြောလိုက်သည်။
"အဲ့ကျောက်ကျင်းကောကလည်း အရမ်း သန်မာတာပဲနော်... သူက တိုက်ခိုက်တဲ့နေရာမှာ မင်းရဲ့ အစ်ကိုတွေထက် မညံ့ဘူး" ကျောက်ကျင်းကောက တိုက်ခိုက်တာ အရမ်းတော်တယ်... ဒါကြောင့်မို့ မင်းလည်း သူတို့နဲ့ ဝေးဝေးနေတာ ကောင်းမယ်...
ဟယ့်ချိုးရှန့်၏ နှုတ်ခမ်းများ တွန့်ကွေးသွားလေသည်။ သူ့မိဘများက သူ့ကို အိမ်မှာသာ နေပြီး လှလှပပ ဝတ်စားစေရန် အမြဲ ပြောခဲ့ကြသည်။ သူများတွေကို တိုက်ခိုက်ရတာ ဘာအသုံးဝင်မှာလဲ... ပြီးတော့ သူကလည်း ကျန်းကျန့်ကို မလိုချင်ပါဘူးနော်... သူ့ကို ကြိုက်နေတဲ့သူတွေမှ အများကြီး...
ဟယ်ချိုးရှန့်က ထိုသို့ တွေးလိုက်ပါသော်လည်း သူ့မျက်လုံးများက မနေနိုင်ဘဲ နီရဲလာလေတော့သည်။
ဟယ်ချွန်းရှန့်နှင့် ဟယ်ရှားရှန့်တို့မှာ သူ့ကို ချော့မော့လိုက်ကြရပြီး မကြာမီပင် သုံးယောက်သားက ထပ်ပြီး စကားပြောလိုက် ရယ်မောလိုက် ဖြစ်သွားကြသော်ငြား သူတို့အိမ်ပြန်ရောက်သွားသည်နှင့် သူတို့၏ အဖေထံမှ အဆူခံလိုက်ရလေတော့သည်။
"သုံးစားမရတဲ့ကောင် နှစ်ကောင်... မင်းတို့က ကျောက်မိသားစုကို လျူဟိုင်ထုန်နဲ့ ရင်ဆိုင်ဖို့ ကူညီပေးလိုက်ကြတယ်ဆို... မင်းတို့ သေချင်နေတာလား... လျူဟိုင်ထုန်က ငါတို့မိသားစုကို ပြဿနာ လာရှာရင် ဘယ်လို လုပ်ကြမလဲ"
"အကြွေးရှင် သုံးယောက်ရဲ့... ငါချေးထားတဲ့ အကြွေးကိုတောင် မကူညီနိုင်ဘဲနဲ့ လျူဟိုင်ထုန်ကို သွားပြီး ဆန့်ကျင်လိုက်ရလား"
အဖေဟယ်က ဆူပူနေရင်းပင် တံမြက်စည်းကို ကောက်ယူကာ သူ့သားနှစ်ယောက်ကို ရိုက်ရန် ပြင်သည်။ သူက ဟယ်ချိုးရှန့်အား မျက်နှာကို ပျက်စီးစေမည် စိုးသဖြင့် ရိုက်လေ့ မရှိပေ။
သူက ဟယ့်ရှီရွာတွင် မိဘများက ကလေးများအား သင်ခန်းစာပေးနိုင်သည်ကို ပေါ့ပေါ့သာ သဘောထားသည်။ အတိတ်တွင် ဟယ်ချွန်းရှန့်နှင့် ဟယ်ရှားရှန့်တို့က မပျော်ရွှင်ကြရလျှင်တောင် နာနာခံခံဖြင့် သူတို့၏ အဖေအား ရိုက်ခွင့်ပြုကြမည် ဖြစ်သော်လည်း ယခုတွင်... ဟယ်ချွန်းရှန့်မှာ ရုတ်တရက် သည်းမခံနိုင်တော့။
ကျန်းကျန့်က အင်အားကြီးလွန်းလှသဖြင့် လျူဟိုင်ထုန်အား ရိုက်နိုင်ရုံသာမက သူ့ဆွေမျိုးများကိုပင် နာခံလာအောင် ပြုနိုင်ခဲ့သည်။ သို့သော်ငြား သူတို့မှာ... သူတို့ရဲ့ အဖေကိုတောင် မထိန်းနိုင်ပါလား...
"ယောကျ်ား... ကလေးတွေကို မရိုက်ပါနဲ့" အမေဟယ်က သူမ၏ ခင်ပွန်းကို တားမြစ်ရန် ကြိုးစားလိုက်ပါသော်ငြား သူကိုင်ထားသော တံမြက်စည်းဖြင့် အရိုက်ခံလိုက်ရသည်။
အဖေဟယ်ကိုင်ထားသော တံမြက်စည်းမှာ ဝါးလုံးချောင်းအသေးလေးများဖြင့် လုပ်ထားခြင်း ဖြစ်သည်။ သူ အမေဟယ်ကို ရိုက်လိုက်သည့်အခါ ထိုအချက်က သူမ၏ မျက်နှာထက်တွင် သွေးစင်းကြောင်းတစ်ခု ချက်ချင်း ဖြစ်ပေါ်လာစေခဲ့သည်။
ဟယ်ချွန်းရှန့်၏ မျက်နှာ ချက်ချင်း မဲမှောင်သွားခဲ့လေသည်။ ဟယ်ချွန်းရှန့်က သူ့အဖေလက်ထဲမှ တံမြက်စည်းကို ဆွဲကာ သူ့ကို တားလိုက်ပြီးနောက် သူ့လက်ကို ချုပ်လိုက်သည်။ ထို့နောက် သူ့ညီလေးကို ပြောလိုက်သည်။
"ရှားရှန့်... ကြိုးသွားရှာ"
သူက သူ့အဖေအား ရိုက်နှက်မည် မဟုတ်ပါသော်လည်း သူ့အဖေကသာ သူတို့နှင့် သူတို့၏ အမေကို ရိုက်နှက်မည် ဆိုပါက သူ့ကို ကြိုးချည်ထားရပေမည်။
"ချွန်းရှန့်... ချွန်းရှန့်... ဘာတွေ လုပ်နေတာလဲ"
အမေဟယ်က မျက်နှာပေါ်တွင် သွေးများဖြင့် မေးလိုက်သည်။
"အမေ... မစိုးရိမ်ပါနဲ့"
ဟယ်ချွန်းရှန့်က ပြောလိုက်သည်။ အမေဟယ်က ကြောက်တတ်သူ ဖြစ်၍ သူတို့အား မတားရဲပေ။ သူမက တတွတ်တွတ်ပြောရုံသာ တတ်နိုင်လေသည်။
"သားတို့အဖေကို မရိုက်ကြပါနဲ့ကွယ်"
"ကျွန်တော်တို့ ရိုက်မှာ မဟုတ်ပါဘူး"
ဟယ်ချွန်းရှန့်က ပြောလိုက်ပြီးနောက် အဆက်မပြတ် ဆဲဆိုနေသော သူ့အဖေကို ဟယ်ရှားရှန့်နှင့် အတူတကွ ကြိုးတုပ်လိုက်ကြသည်။