အပိုင်း၇၅
Viewers 22k

Chapter 75

Chapter 75

:ကျန့်မိသားစုသခင်လေး




နောက်တစ်နေ့၌ ဟယ်ချွန်းရှန့်နှင့်ဟယ်ရှားရှန့်တို့၏မျက်နှာထက်က ဒဏ်ရာများက ပိုပြီးသိသာထင်ရှားလာကာ သူတို့၏ဖူးယောင်နေသည့်မျက်နှာများက ဝက်ခေါင်းများနှင့်တူလာသော်ငြား သူတို့၏စိတ်အခြေအနေက ကောင်းမွန်နေ၏။


သူတို့က သူတို့အဖေအားချည်ထားသည်ကို တစ်ချိန်လုံး လွှတ်မပေးခဲ့သော်လည်း နောက်ပိုင်းတွင် လွှတ်ပေးခဲ့သည်။သို့ဆိုရင်တောင် အဖေဟယ်က ရိုးသားသူလေးနှယ် ပြုမူနေပြီး အိမ်တွင် ဆူဆူညံညံမလုပ်ရဲချေ။


အဖေဟယ်က ဆူဆူညံညံမလုပ်လာ၍ သူတို့က ရုတ်တရက်ပိုပြီးစိတ်သက်သာရာရသလို ခံစားရကာ ထိုညက ကောင်းကောင်းအိပ်ပျော်လေ၏။


သူတို့က ထိုနေ့နှင့်အရှေ့ရက်တွင်လည်း ကောင်းကောင်းစားနိုင်ခဲ့ရလေ၏။ရှေ့တစ်ရက်က သူတို့မှာ ကျောက်ကျင်းကောနှင့်ကျန်းကျန့်၏မင်္ဂလာဆောင်တွင် စားခဲ့ရပြီး နောက်တစ်နေ့တွင် ...ဟယ်မိသားစုက ဆန်ပြတ်လပ်သွားသော်ငြား ဟယ်ချွန်းရှန့်က ဟယ်ချိုးရှန့်အား သူတို့၏ဦးလေးအိမ်သို့ အစားအစာအတွက် သွားစေ၏။


သို့သော်လည်း သူနှင့်ဟယ်ရှားရှန့်ကမူ ထိုကဲ့သို့မလုပ်နိုင်ပါချေ။မနက်စောစောတွင် သူတို့က တစ်နေ့လုံးစားစရာမရှိဖြစ်နေတော့မည်ဟု တွေးလိုက်ရင်း ကျောက်အိမ်သို့ ဆာဆာနှင့်သွားလိုက်ကြ၏။သူတို့မမျှော်လင့်ထားခဲ့သည်က ကျန်းကျန့်က သူတို့အား စားသောက်ရန် ထမင်းနှစ်ပန်းကန်ပေးလာမည်ဟုပင်...သူတို့ စားသောက်ပြီးသွားသည်နှင့် ကြွေထည်ပစ္စည်းများရွှေ့ပေးရန် သူတို့ကို ပြောလာ၏။


ကျန်းကျန့်က သူတို့ကို လက်ခံလိုက်တာလား။သူတို့က အနာဂတ်မှာ ကျန်းကျန့်နောက် လိုက်နိုင်တော့မှာလား...


ဟယ်ချွန်းရှန့်နှင့် ဟယ်ရှားရှန့်တို့က ချက်ချင်းပင် အလုပ်ဆီသွားလိုက်ကြသည် တခြားလူများက သူတို့အား ချောင်းမကြည့်ဘဲမနေနိုင်ကြချေ။သူတို့မျက်နှာများက အတွင်းကြေဒဏ်ရာများနှင့် ထိုကဲ့သို့ဖူးယောင်နေသော်ငြား ပျော်ရွှင်နေဆဲပင်..


သူတို့ကတကယ်ကြီး အဆင်ပြေနေတာလား။


ကျန်းကျန့်က လှေဦးထိပ်တွင်ကြာကြာမနေပဲ ကျောက်ကျင်းကောအား လှေဝမ်းထဲရှိတဲအိမ်ထဲသို့ခေါ်သွားလေ၏။


ကုန်ပစ္စည်းများအတွက် နေရာများများရှိစေရန် တဲအိမ်အတွင်းရှိ လူနားရန်နေရာကို သေးသေးလေးလုပ်ထားခဲ့သည် သို့သော်လည်း သူ ဝမ်ဟိုင်ရှန်းနှင့် တစ်ကုတင်တည်းမျှမအိပ်ချင်သောကြောင့် ကုတင်နှစ်ခုထားထားဆဲဖြစ်၏။


ဤကုတင်နှစ်ခုက အလွန်ကျဥ်းလှပြီး အကျယ်က တစ်မီတာလောက်ပင်မရှိပေ။ တစ်ခုကတဲအိမ်လေး၏ဘယ်ဘက်တွင်ရှိပြီး ကျန်တစ်ခုက ညာဘက်တွင်ရှိသည်။ကုတင်အောက်တွင်သိမ်းဆည်းထားသည့်ပစ္စည်းများထားရန် ထည့်စရာများရှိပြီး အပေါ်ဘက်တွင် စင်များရှိပေ၏။ထိကြောင့် ကုတင်ပေါ် လှဲရုံသာရနိုင်ပြီး ထိုင်၍မရချေ။


“ကျင်းကော..လာလှဲပြီးအနားယူလိုက်မလား"ကျန်းကျန့်က ကျောက်ကျင်းကောအားကြည့်လိုက်မိစဥ် မနေ့ညက လှပသောခံစားချက်ကလေးကိုသတိရသွားပြီး သူ့အား အမြဲတစေဖက်ထားချင်မိ၏။


လူနှစ်ယောက်က အိပ်ရာကျဥ်းကျဥ်းလေးထဲမှာ အတူတူဖျစ်ညစ်နေကြရင် ဘယ်လောက်ကောင်းလိုက်မလဲ။သူက ပိတ်စများနှင့်လိုက်ကာလုပ်ထား၍ တခြားသူများ မြင်သွားမည်အား စိုးရိမ်စရာမရှိချေ။


“တော်ပါပြီ...ခင်ဗျားပင်ပန်းနေပြီမို့လား...သွားလှဲလိုက်လေ...ခင်ဗျားကိုကြည့်ထားပေးမယ်..."


ကျောက်ကျင်းကောက ကျန်းကျန့်၏စကားလုံးနောက်ကွယ်က ဆိုလိုရင်းအား အာရုံမထားပါချေ။ထိုအစား သူက ကျန်းကျန့်ကိုသာ ကြည့်လာ၏။


ကျန်းကျန့်:"...ကိုယ် မပင်ပန်းပါဘူး"


ထို့ကြောင့် သူ့ကိုသာ တည့်တည့်တွန်းချလိုက်သည်က ပိုကောင်းမည်။


ကျန်းကျန့်က ကျောက်ကျင်းကောအား အိပ်ရာဆီသို့ ဆွဲခေါ်သွားလေ၏။သူက လှဲချလိုက်သည်နှင့် ကျောက်ကျင်းကောက တောင့်ခနဲဖြစ်သွားကာ အသက်ရှူမြန်လာသည်။


ယခုက သူတို့အိမ်မဟုတ်သလို သူတို့အိပ်ခန်းလည်းမဟုတ်ပါချေ...ကျောက်ကျင်းကောက မလှုပ်မယှက်လှဲနေရပြီး အခက်တွေ့နေ၏...ကျန်းကျန့်သာ တစ်ခုခုလုပ်ဖို့ကြိုစားလာရင် သူက သဘောတူသင့်သလား..ငြင်းဆန်သင့်သလား...။


“ကျင်းကော ငါတို့ရောက်ပြီ"


ကျန်းကျန့်က စီရင်စုမြို့သို့သွားသည့်လမ်းတစ်လျှောက်လုံး စိတ်လှုပ်ရှားနေသည့် ကျောက်ကျင်းကောအား နမ်းရှိုက်လိုက်သည်...


သူတို့ရောက်ပြီ။


ဟယ်ချောင်စီရင်စုတွင် မြစ်ချောင်းများစွာရှိလေ၏။အချို့က မူလအတိုင်းရှိနေခြင်းဖြစ်ပြီး အချို့ကမူ ပြုပြင်တူးဖော်ထားခြင်းဖြစ်သည်။ကြွေထည်ပစ္စည်းအရောင်းဆိုင်၏အနောက်ဘက်တွင်လည်း မြစ်တစ်စင်းရှိပြီး မြစ်ဘက်သို့ ကျောက်ဆင့်လေးများဖြင့် ဦးတည်ထားလေ၏။


ကျန်းကျန့်က ထိုနေရာတွင် လှေအားရပ်လိုက်ပြီး ကြွေထည်ပစ္စည်းအရောင်းဆိုင်ရှင်အား သူ၏ကြွေထည်ပစ္စည်းများထားထားသည့်နေရာသို့ ခေါ်လာ၏။


“ကျန်းကျန့်..မင်းရဲ့ကြွေထည်ပစ္စည်းတွေကိုဝယ်ချင်တဲ့သူက စီရင်စုမြို့ထဲက ကျန့်အိမ်တော်ရဲ့ အိမ်တော်ထိန်းပဲ..ကျန့်မိသားစုက စီရင်စုမြို့က မိသားစုကြီးတွေထဲက တစ်ခုအပါအဝင်မို့လို့..မင်းအဲ့ဒီကိုသွားတဲ့အခါ သတိထားပါ"ကြွေထည်ပစ္စည်းအရောင်းဆိုင်ရှင်က ဆိုလာ၏။


“စိတ်ချလက်ချသာ နားနေပါ ဆိုင်ရှင် ..ငါလုပ်လိုက်မယ်"ကျန်းကျန့်က မည်သို့ပြုမူရမည်အား သိလေ၏။


ကျန့်အိမ်တော်က ထိုနေရာတွင်ရှိနေသည်က နှစ်အချို့ကြာပြီဖြစ်သည် ..ပင်မတံခါးက လမ်းဘက်သို့မျက်နှာမူထားပြီး အနောက်တံခါးက မြစ်ဘက်သို့မျက်နှာမူထားလေသည်။ကျန်းကျန့်နှင့်သူ့အဖွဲ့က မေးခွန်းများမေးမနေတော့ပဲ အနောက်တံခါးဆီသို့သွားလိုက်ကြသည်။


သိပ်မစောတော့သောကြောင့် အပြာရောင်ဝတ်ထားသည့်အစေခံမိန်းကလေးများက မြစ်ဘေးတွင်အဝတ်လျှော်နေကြလေ၏။သူတို့က ကျန်းကျန့်တို့အဖွဲ့အားမြင်သွားစဥ် သူတို့အားအသိပေးပေးရန် ပြောလိုက်သည်။တစ်ခဏအကြာ၌ ကျန့်အိမ်တော်ထိန်းက အခြားအစေခံနှစ်ယောက်နှင့်အတူ ထွက်လာလေသည်။


ယခင်က ကျန်းကျန့်မှာ အလုပ်ကိစ္စနှင့်အပြင်ထွက်ဖူးသည့်အချိန် သူ့တွင် အတွေ့အကြုံများစွာရခဲ့လေ၏။သူက ဤမြင်ကွင်းမျိုးအား သိပ်မခံစားရသော်လည်း ကျောက်ကျင်းကောနှင့်ဟယ်ချွန်းရှန့်တို့က အလွန်မသက်မသာဖြစ်နေကြသည် ထိုလူများအား ကြည့်ပင်မကြည့်ရဲကြသောကြောင့် ခေါင်းငုံ့၍သာနေ၏။


ကျန်းကျန့်က ယနေ့တွင် လုပ်စရာများသည်ပင်။အမှန်က ကျောက်ကျင်းကောအား မခေါ်ခဲ့ပါက ပိုပြီးအဆင်ပြေလိမ့်မည်။သို့သော်လည်း သူက မည်သို့ဆိုဆို ကျောက်ကျင်းကောအား ခေါ်ခဲ့သည်ပင်။အဘယ်ကြောင့်ဆိုသော် သူက ကျောက်ကျင်းကောအား ကမ္ဘာအပြင်ဘက်သို့ အမြင်ကျယ်ကျယ်ရစေရန် မျှော်လင့်၍ပင်။


သူက ဆက်သွားနေပြီး ကျောက်ကျင်းကောအား ဟယ်ရှီရွာတွင်သာ ထားခဲ့ပါက သူနှင့်ကျောက်ကျင်းကောကြားအကွာအဝေးက ပိုပိုကြီးလာမည်ပင်....။


ကျောက်ကျင်းကော၏လက်အား ကိုင်ထားရင်း ကျန်းကျန့်က မကြာမီလွှတ်ပေးလိုက်ကာ ဆိုင်ရှင်နှင့်စကားပြောရန် သွားလိုက်လေသည်။


ထိုသို့သော မိသားစုကြီးမျိုးက စီမံခန့်ခွဲမှုအဆင့်အတန်းများရှိရာ ယခင်ကဆွေးနွေးထားနှင့်သည့် စျေးနှုန်းကိုလည်း လွယ်လွယ်ပြောင်းလိမ့်မည်မဟုတ်ချေ။ကျန်းကျန့်က ကုန်လှောင်ရုံအထဲသို့ ကြွေထည်ပစ္စည်းများအားကူရွှေ့ပေးရန်သာ လိုအပ်သည်။ ပြီးသည်နှင့် သူကပိုက်ဆံရမည်ပင်။


ဤတစ်ကြိမ်တွင် လုပ်ငန်းမြန်မြန်ပြီးရန် ကျောက်ကျင်းကောတောင်မှ ကုန်ပစ္စည်းများအား ကူရွှေ့ပေးလာပြီး မည်သူမှ သူလုပ်တာမှားသည်ဟု မတွေးကြချေ။


အမျိုးသားအဝတ်အစားပြည့်ပြည့်စုံစုံဝတ်ထားသည့် ကျောက်ကျင်းကောက ယောက်ကျ်ားတစ်ယောက်နှင့် တူလေ၏။တစ်ယောက်ယောက်က သူ့အားမသိဘဲသူ၏ပိန်ရှည်ရှည်ကိုယ်အားကြည့်ရင်း ကောတစ်ယောက်ဖြစ်မှန်း တွေးမိမည်ပင်မဟုတ်ချေ။


“ကုန်လှောင်ရုံက ဟိုမှာလေ..အဲ့ဒီနားရွှေ့ထားပြီးချလိုက်ရုံပဲ"


အိမ်တော်ထိန်းကျန့်က ရုတ်တရက် စကားပြောရပ်လိုက်ပြီး ဦးတည်ချက်တစ်နေရာသို့ အရိုအသေပေးလိုက်သည်


:"သခင်လေး"


ကျန်းကျန့်က မော့ကြည့်လိုက်ရာ အသက်နှစ်ဆယ့်ခုနစ် နှစ်ဆယ့်ရှစ်အရွယ်ခန့် လူငယ်လေးတစ်ယောက် မလှမ်းမကမ်းတွင်ရပ်နေသည်အား တွေ့လိုက်ရသည်။


သူ့ပုံစံက အလွန်အိပ်ချင်နေသည့်ပုံဖြစ်နေ၍ ဤလူက အခုလေးတင်မှ ထလာခြင်းဖြစ်မည်။သူက အရောင်တောက်တောက်အပေါ်ဝတ်ရုံတစ်ထပ်တည်းသာ ဝတ်ဆင်ထားပြီး ထိုဝတ်ရုံက ထိုနယ်မြေရှိသာမန်လူများဝတ်ဆင်သည့် မီးခိုးရောင်ဝတ်စုံများနှင့် အလွန်ကွာခြားပေ၏။သို့သော်ငြား သူက သပ်သပ်ရပ်ရပ်ဝတ်ဆင်ရန် ငြင်းဆန်နေဆဲပင်။


သူက အိမ်တော်ထိန်းကျန့်၏စကားလုံးများအား ကြားသော် ပုံမှန်အတိုင်းပြန်ဖြေလာသော်လည်း ဟယ်ချွန်းရှန့်နှင့်ဟယ်ရှားရှန့်တို့အား အမှတ်မထင်တွေ့သွားပြီးသည့်နောက် မရယ်ဘဲမနေနိုင်ဖြစ်လာသည်


:"ဦးလေးကျန့် ..ဒီဝက်ခေါင်းနှစ်ခုက ဘယ်ကနေရောက်လာတာလဲ"


“သခင်လေး..သူတို့က ကြွေထည်ပစ္စည်းတွေပို့ဖို့ ဒီရောက်လာတာပါ"အိမ်တော်ထိန်းကျန့်က အတော်လေးကူကယ်ရာမဲ့သွားဟန်နှင့် ဆိုလာ၏။


လူငယ်လေးက ထပ်ကာထပ်ကာ ရယ်ပြီးသည်နှင့်ထွက်သွားလေ၏။သို့သော်လည်း မထွက်သွားမီ သူက ဆိုလာ၏:"ဟေ့..မင်းတို့နှစ်ယောက် အပြင်ထပ်မထွက်ခင် အိမ်မှာမျက်နှာတွေကို ကုသလိုက်တာက ပိုကောင်းမယ်..ဟားဟား"


ဟယ်ချွန်းရှန့်နှင့်ဟယ်ရှားရှန့်တို့က အလွန်ရှက်ရွံ့စွာဖြင့်ခေါင်းငုံ့ထားကြသည်။


သို့သော်လည်း လူငယ်လေးက မျိုးရိုးမြင့်တစ်ယောက်ဖြစ်၍ သူ၏နောက်ပြောင်နေမှုအား မကျေမနပ်ဖြစ်ရန်လည်း မတတ်နိုင်ချေ။


ကျန်းကျန့်က သူတို့အား တစ်ချက်ကြည့်လိုက်ရင်း သူ့မျက်လုံးများက ကျောက်ကျင်းကောထံကျရောက်သွားလေ၏။သူက ကျောက်ကျင်းကော၏ မှန်းရခက်သည့်သွင်ပြင်အား မြင်သွားသော် ရုတ်တရက် အတော်လေးမလွယ်ကူမှန်းခံစားလိုက်ရသည်။


ဤကြွေထည်ပစ္စည်းသင်္ဘောပို့ကုန်များက စုစုပေါင်း ငွေစတစ်ရာထက်မနည်း ရောင်းရလေ၏။ကြွေထည်ပစ္စည်းဆိုင်မန်နေဂျာအား ခွဲဝေပေးရသည်နှင့် အိမ်တော်ထိန်းကျန့်အား အရိုအသေပေးရသည်မှလွဲ အဆုံးတွင် ကျန်းကျန့်က ငွေစတစ်ရာ့ငါးခု ရလေ၏။


ကျန်းကျန့်က ဟယ်ချွန်းရှန့်အားနှစ်ခု ၊ဝမ်ဟိုင်ရှန်းအား နှစ်ခုပေးကာ ကျန်သည်များအား ကျောက်ကျင်းကောထံသို့ပေးလိုက်လေ၏။


ငွေစတစ်ရာက ပေါ့ပါးခြင်းမရှိလှပဲ အမှန်ပင် အတော်လေးလေးလွန်းလှသည်။ကျောက်ကျင်းကောက ငွေစများအားကိုင်ထားရင်း အတော်လေး ရှုပ်ထွေးသွားသည့်နှယ်:


"ဒါ...ဒါက...."


“မင်း အဲ့တာကို သိမ်းထားလိုက်"ကျန်းကျန့်က ဆို၏။


ကျောက်ကျင်းကောက အပြင်ထွက်သွားလိုက်ပြီး ဝါးခြင်းတောင်းလေးအား ယူလာကာ ငွေစလေးများအား ဂရုတစိုက်အဝတ်ပတ်၍ ခြင်းတောင်းလေးထဲ ထည့်လိုက်လေ၏။သူက ခြင်းတောင်းအား နောက်ကျောတွင်သယ်မထားရဲသဖြင့် လက်ထဲတွင်သာပိုက်ထားရင်း ထပ်ပြီးစိတ်လှုပ်ရှားလာ၏။


ကျန်းကျန့်က သူ့အား မနှစ်သိမ့်လိုက်ပေ။ဤလူ၏စိတ်တုန်လှုပ်မှုက ဖြေးဖြေးချင်းပြန်ကောင်းလာလိမ့်မည်။


“ဘော့စ်..မြန်မြန်ပြန်ကြရအောင်"


ဟယ်ချွန်းရှန့်ကလည်း အလွန်စိတ်လှုပ်ရှားနေပြီဖြစ်သည်။သူက ကျောက်ကျင်းကောတွင် ငွေစတစ်ရာရှိသည်ဟု တွေးမိလိုက်သည်နှင့် အလွန်စိုးရိမ်လာပြီး ကြောက်မိသည်။သူက ဘေးနားကလူများ သူတို့အပေါ်မကောင်းတာများလုပ်လာကာ ဓါးပြတိုက်ရန်ကြိုးစားလာနိုင်သည်ဟု တွေးမိ၍ပင်။


သို့သော်လည်း ဝမ်ဟိုင်ရှန်းက သူတို့ထက် အေးအေးဆေးဆေးဖြစ်နေ၏..သူက ငွေစများစွာကိုတောင်မှ မြင်ဖူးထား၍ပင်။


“မဟုတ်ဘူး..ငါတို့မှာ တခြားလုပ်စရာရှိသေးတယ်"


ကျန်းကျန့်က ဆိုလိုက်သည်။သူက တစ်ခဏမျှစဥ်းစားလိုက်ပြီး ဝမ်ဟယ်ရှန်းနှင့်ဟယ်ညီအစ်ကိုအား နေခဲ့ပြီးလှေအားစောင့်ကြည့်လိုက်မလားဟု မေးလိုက်ပြီး သူက ကျောက်ကျင်းကောအား မင်ရည်၊စက္ကူနှင့်မင်ခဲများရောင်းသည့် ဆိုင်သို့ခေါ်သွားလိုက်သည်။


ယခုတစ်ကြိမ်တွင် ကျန်းကျန့်နှင့်ကျောက်ကျင်းကောက အဝတ်အစားသစ်များဝတ်ထားကြလေ၏။သူတို့က ပညာသင်ကျောင်းသားများနှင့် မတူသေးသော်လည်း အခြားသူများမှ အထင်တသေးအကြည့်ခံရတော့မည်မဟုတ်။သူတို့က ဆိုင်ထဲသို့ဝင်လိုက်သည်နှင့် တစ်ယောက်ယောက်က ချက်ချင်းထွက်လာပြီးနှုတ်ဆက်လာ၏။


ယခုအခါ ဆန်စက္ကူများသာမက စက္ကူအမျိုးအစားများစွာရှိနေပြီဖြစ်၏။ကျန်းကျန့်က စက္ကူမာမာအချို့အား မေးလိုက်ပြီးသည်တွင် ဆိုင်ရှင်က ချက်ချင်းပင် ပုံဆွဲရန်စက္ကူမာမာများအား ထုတ်ပြပေးလာ၏။


ဤစက္ကူ၏စျေးနှုန်းက မချိုလှသော်ငြား ယခုအချိန်၌ သူ့လက်ထဲပိုက်ဆံအချို့ရှိနေပြီဖြစ်သည့်အတွက် ကျန်းကျန့်အား စိတ်မပူပန်စေမိ။


“ကျင်းကော..ပေးလိုက်"


ကျန်းကျန့်က စက္ကူဆိုးဆေးအချို့အား ရွေးနေရင်း ကျောက်ကျင်းကောအားပြောလိုက်ပြီး ပညာသင်စာအုပ်တစ်အုပ်ကိုပင် ကောက်ထုတ်လိုက်လေ၏။


ထိုအရာမျိုးက ငွေစသုံးခုကျတယ်လား....ကျောက်ကျင်းကောက ပိုက်ဆံထုတ်ရန် တွန့်ဆုတ်ဆုတ်ဖြစ်နေသော်ငြား ကျန်းကျန့်အား တစ်ချက်ကြည့်လိုက်ပြီးနောက် သူကဝါးခြင်းတောင်းလေးမှ ပိုက်ဆံထုတ်လိုက်ပြီး ကျန်းကျန့်ဝယ်လိုက်သည်များအား သစ်သားခြင်းလေးထဲသို့ သေသေချာချာထည့်လိုက်လေ၏။


ကျောက်ကျင်းကောသည် ယခင်အချိန်က စီရင်စုမြို့သို့ လာခဲသည် သူလာခဲ့ရင်တောင်မှ ဆိုင်များစွာထဲသို့ သွားရဲလိမ့်မည်မဟုတ်ပေ။ယခုအချိန်တွင် သူက ပညာသင်များသာ လည်ပတ်နိုင်သည့် ဆိုင်မျိုးအား ရုတ်တရက် လာခဲ့ရသလို တစ်ကြိမ်တည်းနှင့် ငွေစသုံးခုတန်သည့် ပစ္စည်းများကိုလည်း ဝယ်ခဲ့သည်။သူက ရုတ်တရက်ပင် လုံးဝကွဲပြားသွားသည့်လူတစ်ယောက်နှယ် ခံစားလိုက်ရသည်။


ကျန်းကျန့်က ကျောက်ကျင်းကောအား ကတ်လုပ်ရန်ခေါ်သွားခဲ့သည်။


တစ်ချိန်တည်းမှာပင် သူ့လူများအား သူ့မျက်နှာပေါ်ဆေးထည့်ခိုင်းနေသည့် လျူဟိုင်ထုန်က လည်း စီရင်စုမြို့သို့ သွားလေ၏။


သူက ထိုလောင်းကစားအိမ်ထဲရှိ ရာဇဝတ်သားများ၏ခေါင်းဆောင်ဖြစ်လာပြီးနောက် အမြဲလိုလို သူ့လက်အောက်ငယ်သားများကိုသာ ထိုနေရာရှိကစားပွဲအား စောင့်ကြည့်ခိုင်းထားရန်လိုအပ်ပေ၏။သို့သော်လည်း ယနေ့တွင်မူ သူက ထိုနေရာသို့ လူကိုယ်တိုင်သွားလိုက်ရန် ဆုံးဖြတ်ထားလေ၏။


ကျန်းကျန့်က ဤအကြောင်းအား မသိခဲ့ချေ...


လျူဟိုင်ထုန်က လောင်းကစားအိမ်သို့ သွားရန်ရည်ရွယ်ထားပြီး သူ့အသိများအား လောင်းကစားအိမ်မန်နေဂျာသို့ လက်ဆောင်သွားပေးရန်နှင့် ကျန်းကျန့်အကြောင်းစုံစမ်းရန် ခိုင်းလိုက်လေ၏။


ကျန်းကျန့်တွင်သာ တကယ်ကြီးနောက်ခံတစ်ခုခုရှိပါက ဤအရာများကြောင့် သူ့အား သတိထားမိသွားနိုင်သော်လည်း ကျန်းကျန့်တွင် နောက်ခံက တစ်ခုမှမရှိ.....။


ဆေးဖက်ဝင်ဆေးဝါးများနှင့် ဖုံးထားရသည့်သူ့မျက်နှာအား ထိကြည့်လိုက်ရင်း လျူဟိုင်ထုန်၏မျက်နှာထက် ရက်စက်သည့်အရိပ်အရောင်တို့ ဖြတ်ပြေးသွားလေ၏။


ကတ်များလုပ်ရသည်က မခက်ချေ။


အက္ခရာများသုံးရမည့်အစား ကျန်းကျန့်က ကတ်များအပေါ်၌" တစ် ""နှစ် ""သုံး"" လေး"မှ "တစ်ဆယ့်သုံး"ထိရေးလိုက်ပြီး အမည်းအနီဆိုးဆေးများနှင့် အကွက်များဆွဲလိုက်သည်။နောက်ဆုံးတွင် သူက ဘုရင်နှင့်ဘုရင်မအား ကိုယ်စားပြုရန်ရည်ရွယ်ထားသည့် ကတ်ဗလာနှစ်ခုထုတ်လာ၏။


ခေတ်သစ်အချိန်တွင် ကျန်းကျန့်က သေချာပေါက် ဤကတ်နှစ်ခုပေါ်တွင် "ဧကရာဇ်"နှင့်"ဧကရီ"ဟုရေးမည်ဖြစ်သော်လည်း ထိုခေတ်တွင် ထိုသို့ရေးလိုက်ပါက သေစေနိုင်၍ ...ကျန်းကျန့်က ကတ်နှစ်ခုလုံးပေါ်တွင် အနီရောင်မင်နှင့်"ကျား"ဟုရေးလိုက်ပြီးအခြားတစ်ဖက်တွင် အမည်းရောင်မင်နှင့်"ကျား"ဟုရေးလိုက်သည်။ဘုရင်ကတ်က ကျားကတ်ဖြစ်လာသည်။


ထိုပြီးနောက် ကျန်းကျန့်က ကျောက်ကျင်းကောအား အပြင်သို့ပြန်ခေါ်သွားလေ၏။


သူက ယန်ကျင်းအား လောင်းကစားအိမ်မန်နေဂျာအား သောက်စရာအတွက် ရက်ချိန်းကြိုကူလုပ်ပေးရန် မှာထားပြီးဖြစ်၏။ယင်းက အချိန်မကျသေးသော်လည်း ထိုနေရာတွင်ကြိုပြီးသွားစောင့်နိုင်၏။


စီရင်စုမြို့တစ်ခုလုံးတွင် စားသောက်ဆိုင်တစ်ခုသာရှိပြီး ထိုနေရာက ကျန်းကျန့်တွေ့ဆုံရန်ရက်ချိန်းယူထားသည့်နေရာဖြစ်သည်။ကျောက်ကျင်းကောက ယခင်ကဆို ထိုနေရာမျိုးသို့သွားရန် ငြင်းဆန်မည်ဖြစ်သော်ငြား ယခုအချိန်၌ ကျန်းကျန့်က အလုပ်ကြိုးစားထား၍ သူ့အားတားရန်မကြိုးစားတော့ပေ။နောက်ဆုံး သူက ကျန်းကျန့်နောက် စားသောက်ဆိုင်ထဲသို့ မဝံ့မရဲလိုက်ပါလာကာ ဒုတိယထပ်သို့သွားလိုက်သည်။


စားသောက်ဆိုင်၏ဒုတိယထပ်တွင် သီးသန့်ခန်းများမရှိသော်လည်း ပတ်ဝန်းကျင်က အတော်အသင့်ပိုကောင်းလေ၏။ကျန်းကျန့်က အပေါ်ထပ်သို့တက်သွားလိုက်သည်နှင့် ကျန့်အိမ်တော်တွင် ယခင်ကမြင်လိုက်ရသည့် ကျန့်မိသားစုသခင်လေးက ကုလားထိုင်ပေါ်တွင် အကြာင်းမဲ့သက်သက်ထိုင်နေရင်း ခြေထောက်များအား စားပွဲပေါ်တင်ထားကာတစ်ယောက်တည်းအရက်သောက်နေသည်ကို တွေ့လိုက်ရ၏။