Chapter 77
မန်နေဂျာအသစ်
ယခုအချိန်၌ ယန်ကျင်းသည်လည်း ကျန်းကျန့်နှင့်ရောလိုက်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။သူက ကျန်းကျန့်က လုပ်နိုင်စွမ်းရှိသည့်လူတစ်ယောက်ဖြစ်ကြောင်း ပို၍ပို၍သိလာသည်။ဤကတ်များနှင့်စပ်လျဥ်း၍တောင်မှ သူက ဤအကြံမည်သို့ထွက်လာမှန်း မသိချေ။သူတို့နှင့်ကစားပြီးနောက် ယခင်က အံစာတုံးနှင့်ကစားခဲ့သည်က အလွန်ပျင်းစရာကောင်းကြောင်း ခံစားလိုက်ရသည်။
ကျန့်ရီအမြဲတမ်းတွေးမိသည်က ကျန်းကျန့်မှာ အချိန်အတော်ကြာတွေးနေပြီးမှ နောက်ဆုံးစိတ်ဝင်စားစရာကောင်းသည့်အရာများ ထွက်လာသည်ဟုပင်။ထို့ကြောင့် သူက သူတို့ကျန့်မိသားစုအား ရှာတွေ့သွားကာ ဤအရာအပေါ်အမှီပြုပြီးပိုက်ဆံရှာချင်ပါသော်လည်း မမျှော်လင့်ထားစွာဖြင့်...ဤလူက တကယ်ကြီး သူ၏ကြေးစားလူမိုက်များထဲမှတစ်ယောက်အား ရိုက်လိုက်ကာ ပြင်ဆင်ချက်ပင် လုပ်ချင်နေ၏။
“ဟိုင်လေးနဲ့က ရန်ပွဲအသေးစားလေးပါ ဘာမှမဟုတ်ပါဘူး..မင်းတစ်ခြားဘာလိုချင်တာလဲ"ကျန့်ရီက ထပ်မေးလိုက်သည်။
“သခင်ကြီးကျန့် ထူးခြားနေတာမျိုးတွေ မလိုချင်ပါဘူး.လောင်းကစားအိမ်မှာ နာမည်တစ်ခု ငါ့ကိုပေးလိုက်ရင်ရော...ပိုက်ဆံတွေ အလုပ်တွေပေးစရာမလိုဘူး..မင်းသာ လျူဟိုင်ထုန်ကို ကြည့်ထားနိုင်သရွေ့..."ကျန်းကျန့်က အပြုံးလေးနှင့်ဆိုလာ၏။.
ဤသည်အားကြားပြီးနောက် ကျန့်ရီက ကျယ်ကျယ်လောင်လောင်ရယ်လာ၏။
"မင်းက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်..ပြဿနာမရှိဘူး..မင်းက အနာဂတ်မှာ မန်နေဂျာကျန်းလိုမျိုး လောင်းကစားအိမ်ရဲ့မန်နေဂျာတစ်ယောက်ဖြစ်လာမယ်... ပြီးတော့ မင်းရဲ့လစာကလည်း မန်နေဂျာကျန်းနဲ့အတူတူပဲဖြစ်လိမ့်မယ်..မင်းသာ လောင်းကစားအိမ်က တာဝန်ရှိသူတစ်ယောက်မဖြစ်ချင်ရင် အခြားသူတွေအတွက် ချန်ထားလို့ရတယ်...မင်းသာကြိုက်ရင် ငါက ကတ်နဲ့ဆိုင်တဲ့အကြောင်းအရာတွေကိုဂရုစိုက်ဖို့ မင်းအတွက်ချန်ထားပေးမယ်"
လောင်းကစားဆိုင်က ကျန့်ရီ၏လုပ်ငန်းများထဲမှ တစ်ခုသာဖြစ်သည်။ ကျန်းကျန့်အား တာဝန်ပေးလိုက်သည်က သူ့အတွက် ဘာမှမဟုတ်ပေ။ယခုအတည်တကျဖြစ်သွားလေ၏။
ထိုအခြေအနေမျိုးက ကျန်းကျန့်၏ကနဦးအစီအစဥ်ထက် ပိုသွားလေ၏။သေချာပေါက် ကျန်းကျန့်က ကမ်းလှမ်းချက်အား ငြင်းပယ်လိမ့်မည်မဟုတ်။သူက ပြုံးလျက်ကျေးဇူးတင်လိုက်သည်ဤသို့နှင့် ကျန်းကျန့်က လောင်းကစားအိမ်၏မန်နေဂျာများထဲမှတစ်ယောက်ဖြစ်လာသည်။
ထိုအချိိန်တွင် လျူဟိုင်ထုန်က လောင်းကစားအိမ်ရှိလူများအား ကျန်းကျန့်အကြောင်းပြောပြနေ၏။
လျူဟိုင်ထုန်က လောင်းကစားအိမ်တွင် ဆယ်နှစ်ကျော်ကျော် အလုပ်လုပ်ခဲရာ လူအများအပြားနှင့် သိလေ၏။ထိုလူများက လျူဟိုင်ထုန်အရိုက်ခံရသည်အားကြားသော် တစ်ယောက်ပြီးတစ်ယောက်နှစ်သိမ့်ပေးလာကြပြီး ကူပြီးလက်စားချေပေးမည်ဟုလည်း ပြောလာကြသည်။
လျူဟိုင်ထုန်က သူတို့အား ကျေးဇူးတင်လိုက်သည်။
“ခေါင်းဆောင်လျူ ခင်ဗျားကိုရိုက်ရဲတဲ့သူက ဘယ်သူလဲ..သူက ဘယ်လိုမျိုးလဲ"
လျူဟိုင်ထုန်၏လူတစ်ယောက်က မေးလာ၏။
“အဲ့ဒီလူနာမည်က ကျန်းကျန့်တဲ့..သူဘယ်ကလည်းတော့ ငါလည်းတိတိကျကျမသိဘူး"လျူဟိုင်ထုန်က ဆို၏။
သူက ကျန်းကျန့်တွင် နောက်ခံတစ်ခုရှိရမည်ဟု သင်္ကာမကင်းဖြစ်ခဲ့သော်လည်း သေချာစဥ်းစားကကည့်သောအခါ ကျန်းကျန့်တွင် မည်သည့်နောက်ခံမှမရှိနိုင်ဟု ကောက်ချက်ချမိလေ၏။သူက ဟယ်ရှီရွာတွင်မွေးပြီးကြီးပြင်းလာသည့် လယ်သမားတစ်ယောက်ဖြစ်၏။သူ့မှာ ဘယ်လိုနောက်ခံမျိုးရှိနိုင်မှာလဲ။
“မစိုးရိမ်ပါနဲ့ ခေါင်းဆောင်လျူ..ငါတို့အားလုံး မင်းဘက်ကပါ သူ့ကိုသက်ညှာပေးမှာမဟုတ်ဘူး"တစ်ယောက်ယောက်က လျူဟိုင်ထုန်အား ပြောလိုက်လေ၏။
“ဟုတ်တယ်..ငါတို့ သူ့ကိုသက်ညှာပေးမှာမဟုတ်ဘူး"ကျန်သူများကလည်း ထပ်ပြောလာ၏။
ယခုအချိန်လေးအတွင်းမှာပင် အပြင်ဘက်မှတစ်ယောက်ယောက်က ပြေးဝင်လာ၏။
"မန်နေဂျာကျန်းပြန်လာပြီ"
မန်နေဂျာကျန်းပြန်လာပြီဆိုသည်အား ကြားပြီးနောက် လျူဟိုင်ထုန်က သူ့အားနှုတ်ဆက်ရန် အမြန်ထလိုက်သည်။တစ်ချိန်တည်းမှာပင် သူက မန်နေဂျာကျန်းအား ကျန်းကျန့်အကြောင်း ကူညီစုံစမ်းပေးရန်မေးချင်ခဲ့၏။
သို့သော်ငြား တိုက်ဆိုင်စွာ လျူဟိုင်ထုန်က မန်နေဂျာကျန်းအားရှာရန် သွားလိုက်ပြီး သူက ထိုနေရာတွင်ပေါ်လာမည်ဟုမထင်ထားသည့် လူတစ်ယောက်အားမမျှော်လင့်ထားစွာ တွေ့လိုက်ရသည်။ .
“ကျန်းကျန့်လား"
လျူဟိုင်ထုန်က မန်နေဂျာကျန်းနှင့်ဘေးချင်းယှဥ်လျှောက်လာသည့် လူတစ်ယောက်အား မြင်လိုက်ရ၍ တုန်လှုပ်သွားကာ မြင်လိုက်တာမှန်သလားလို့ပင် သံသယဖြစ်လာသည်။
သို့သော်လည်း သူမမှားပေ။ထိုလူက ကျန်းကျန့်ဖြစ်ကာ သူနှင့်အတူ ကျောက်ကျင်းကောတောင်မှ ရှိနေ၏။
“ဟိုင်လေး"
မန်နေဂျာကျန်းက လျူဟိုင်ထုန်အား မျက်မှောင်ကြုတ်ကြည့်လိုက်ကာ ဆိုလာ၏;
"လေးစားမှုရှိစမ်းပါ..ဒါက မန်နေဂျာသစ်ကျန်းပဲ အခုကစပြီး မင်းငါ့ကိုဆက်ဆံသလို သူ့ကိုဆက်ဆံရမယ်"
မန်နေဂျာကျန်းက တစ်ခြားသူများနှင့်အာဏာမခွဲချင်သော်ငြား သူက ကျန့်ရီ၏အမူအကျင့်ပေါ် ရှင်းလင်းလေ၏။
သခင်လေးက အလွန်စကားပေါသည့်ပုံပေါ်ကာ စကားပြောရလွယ်သည့်သူဖြစ်သော်ငြား တစ်ယောက်ယောက်သာ သူ့စကားနားထောင်နေခြင်းမရှိပါက .....သူမှတ်မိပါသေးသည် အာကျယ်အာကျယ်နိုင်သည့် နာခံမှုမရှိသည့် ဆိုင်ရှင်အချို့၏ကံကြမ္မာကို။အကျိုးဆက်အနေနှင့် မန်နေဂျာကျန်းက ကျန်းကျန့်အား ပို၍ကြင်နာလေ၏။မည်သို့ဆိုစေ သူသာ အလုပ်ကောင်းကောင်းလုပ်နေသရွေ့ သခင်လေးထံမှ ဆိုးဆိုးဝါးဝါးဆက်ဆံခံရမည်မဟုတ်။
“မန်နေဂျာကျန်း"
လျူဟိုင်ထုန်က ကြောင်အသွားရသည်။ကျန်းကျန့်ရဲ့နောက်ခံက ဘာလဲ။သူ...ရုတ်တရက်ကြီး သူတို့ကာစီနိုရဲ့ တာဝန်ပေးခံရသူ ဖြစ်သွားတာလား။
မူလက သူ့အားလက်စားကူချေပေးရန် လျူဟိုင်ထုန်နှင့်သဘောတူထားကြသည့်လူများက ယခုတိတ်ဆိတ်သွားလေ၏။အစောပိုင်းက လျူဟိုင်ထုန်က သူ့အားရိုက်ခဲ့သည့်သူမှာ ကျန်းကျန့်ဖြစ်သည်ဟု ပြောခဲ့၍ ဤမန်နေဂျာအသစ်က သူ့အားရိုက်ခဲ့သည့်သူလား။
သူတို့အားလုံးက လောင်းကစားအိမ်တွင်အလုပ်လုပ်ကြသည်ဖြစ်၍ လောင်ကစားအိမ်၏စီမံခန့်ခွဲမှုအား အမှားမပြုနိုင်ကြ...ယခုအချိန် လူအချို့က ကျန်းကျန့်နှင့် မျက်နှာလိုမျက်နှာရလုပ်ရန်ပင် စီစဥ်နေကြလေ၏။သူက အခု ပြောင်းလဲသွားလေပြီ။အကြောင်းပြချက်တစ်ခုတော့ ရှိရမည်ပင်။
ကျန်းကျန့်က ကျောက်ကျင်းကောနှင့် ထွက်မသွားမီ လောင်းကစားအိမ်တွင် မျက်နှာသာလျှင်ပြလေ၏။
မှောင်တော့မည်ဖြစ်၍ သူက အိမ်ပြန်ရန်အလောတကြီးဖြစ်နေသည် မဟုတ်ပါက သူ့မိသားစုက စိတ်ပူနေလိမ့်မည်။
သူက လောင်းကစားဆိုင်မှ လမ်းလျှောက်ထွက်လာသော် မှောင်နေပြီဖြစ်၏။ကျန်းကျန့်က တစ်ခဏမျှ လမ်းလျှောက်လိုက်သော်ငြား မကြာမီ ဝါးခြင်းတောင်းလေးကိုင်ထားသည့် ကျောက်ကျင်းကော၏အရိပ်ပျောက်သွားသည်အား သတိထားမိသွား၍ သူက ပြန်လှည့်ပြီးသူ့လက်အား ဆွဲယူလိုက်သည်။
ကျောက်ကျင်းကောက စတင်ပြီးသတိလက်လွတ်နှင့် လွတ်လွတ်လပ်လပ်မရှိတော့ပေ။ကျန်းကျန့်မပျော်မရွှင်ဖြစ်မည်စိုး၍ သူကပြောလိုက်သည်:
"ဒီမှာလူတွေ အများကြီးရှိတယ်..မကောင်းလောက်ဘူး..."
“အခု မှောင်တော့မှာလေ..ဘယ်သူမှမရှိဘူး"
ကျန်းကျန့်က ဆိုလိုက်ရင်း ကျောက်ကျင်းကော၏လက်ကလေးအား မြဲမြဲဆုပ်ကိုင်လိုက်ကာ ကျောက်ကျင်းကောကိုင်ထားသည့် ဝါးခြင်းတောင်းလေးအား ဆွဲယူလိုက်သည်။
"သွားကြစို့"
ကျောက်ကျင်းကောက လက်အကိုင်ခံထား၍ အနည်းငယ်ရှက်ရွံ့နေသော်ငြား သူအတော်လေးပျာ်နေသည်ကိုတော့ ငြင်း၍မရနိုင်ပေ။သူက ခေါင်းငုံ့ထားလျက် ကျန်းကျန့်နောက်လိုက်ရင်းကျန်းကျန့်ခြေလှမ်းနောက်အမှီလိုက်နေ၏။တစ်ချိန်တည်းမှာပင် သူ့နှလုံးသားလည်း တစ်ဖြေးဖြေး အနည်ကျသွားလေ၏။
ယခင်ကဖြစ်ခဲ့သည့်အရာအားလုံးက ကျောက်ကျင်းကောအား စိတ်လှုပ်ရှားစေရသော်လည်း ယခုကမူ သတိလစ်မတတ်ပင်။ကျန်းကျန့်က မျှော်လင့်မထားစွာ လောင်းကစားအိမ်၏မန်နေဂျာတစ်ယောက်ဖြစ်လာတယ်တဲ့.....။
“ကျင်းကော..မနက်ဖြန်ကျရင်လည်း ကိုယ်နဲ့ စီရင်စုမြို့ဆီလိုက်ခဲ့လေ"ကျန်းကျန့်က ဆိုလာ၏။
“တော်ပြီ..ကျွန်တော် မသွားတော့ဘူး"
ကျောက်ကျင်းကောက အမြန်ငြင်းဆန်လာ၏။သူက ယနေ့ အများကြီးမလုပ်ခဲ့ရပေ။နောက်ပိုင်း ကျန်းကျန့်က ကတ်ကစားနေစဥ် သူက ဝါးခြင်းတောင်းလေးကိုင်ကာ သူတို့အားကြည့်နေရုံသာတတ်နိုင်လေ၏။သူက အသုံးမဝင်ရုံသာမက ကျန်းကျန့်အား အရှက်ရအောင်ပင်လုပ်မိခဲ့၏။သူက စီရင်စုမြို့သို့သွားသည့်အခါ ကျန်းကျန့်နောက်မလိုက်ခဲ့သည်က ပိုကောင်းမည်ဟု တွေးမိသည်။
“ဘာလို့လဲ"ကျန်းကျန့်က မေးလိုက်သည်။
“အိမ်မှာ လုပ်စရာတွေအများကြီး ရှိနေတုန်းလေ...ကျွန်တော်တို့ဝယ်ခဲ့တဲ့မြေကို အစီအစဥ်မချရသေးဘူးလေ....."ကျောက်ကျင်းကောက ဆိုလာ၏။
“ဟယ်ချွန်းရှန့်နဲ့ ဟယ်ရှားရှန့်တို့က မြေကွက်မှာအပင်စိုက်နိုင်ပြီးတော့ အိမ်မှာအလုပ်လုပ်လို့ရတယ်လေ"
ကျန်းကျန့်က ကျောက်ကျင်းကော၏လက်ကလေးအား ညစ်လိုက်ရင်း ဆိုလာ၏။
"ဒီစီရင်စုမြို့မှာ ဖြစ်ပျက်နေတဲ့အရာတွေက မျိုးစုံပဲ..အငယ်အနှောင်းတွေကိုလက်ထပ်မယ့်သူတွေလည်း အများကြီး..ငါ အရင်က ဆိုင်ရှင်နဲ့တွေ့ဖူးတယ် ..သူ့ဇနီးက တောက သူ့အမေနဲ့ကလေးတွေကိုကူပြီးစောင့်ရှောက်ပေးတယ် ဒါပေမယ့် သူ့ရဲ့ကိုယ်လုပ်တော်က စီရင်စုဆီ သူ့နောက်လိုက်ခဲ့တယ်..သူက တောကို တစ်နှစ်မှာတစ်ကြိမ် နှစ်ကြိမ်လောက်ပဲပြန်ပြီး သူ့ကိုယ်လုပ်တော်နဲ့ပဲအီနေတာ...ဒီစီရင်စုမြို့မှာ ကောင်းကောင်းမနေရတဲ့ အမျိုးသမီးတွေ ကောတွေကအများကြီးရှိတာမို့ ညမှာ သူတို့အလုပ်ကိစ္စလုပ်ဖို့ တံခါးဖွင့်ထားကြရတယ်..ဒီလုပ်ငန်းက ဘာလဲဆိုတာ မင်းသိလောက်ပါတယ်..ငါကြားတာ ယန်ကျင်းလည်း အဲ့ဒီဆီမကြာမကြာသွားတယ်ဆိုလား...."
ကျောက်ကျင်းကောက ရုတ်တရက် မျက်လုံးပြူးလာပြီး;"ကျွန်တော် ခင်ဗျားနဲ့မနက်ဖြန်လိုက်ခဲ့မယ်"
“အင်း...."ကျန်းကျန့်က တည်တည်ငြိမ်ငြိမ် ခေါင်းညိမ့်ပြလာ၏။
ကျောက်ကျင်းကောက ကျန်းကျန့်အား အခြားတစ်ယောက်မရှာစေချင်သော်ငြား သူက အသုံးမကျသလိုခံစားရကာ သူနှင့်ကျန်းကျန့်ကြားတွင်လည်း ကွာခြားမှုကြီးကြီးရှိပေ၏။
သူက ကျန်းကျန့်အား ရောထွေးနေသည့်မျက်နှာပုံစံနှင့်ကြည့်လိုက်ရင်း နောက်ဆုံးဆုံးဖြတ်ချက်ချလိုက်လေ၏။သူက ထိုသို့လုပ်ရန် တားမြစ်မလာပါကကျန်းကျန့်နောက် နီးနီးကပ်ကပ်ပင် လိုက်ခဲ့လိုက်အုံးမည်။
ကျန်းကျန့်က ကျောက်ကျင်းကော၏သဘောထားအား အလွန်စိတ်ကျေနပ်သွား၏။
လက်ရှိတွင် ဆင်းရဲသူများက သူတို့၏ကောကလေးငယ်များအား အမျိုးသမီးအဖြစ်ပျိုးထောင်ကြသော်လည်း သူက ကျောက်ကျင်းကောအား အမျိုးသားတစ်ဦးအဖြစ်သာ အမြဲတစေ သတ်မှတ်ထားသည်။သူ့ခံယူချက်အရ ကျောက်ကျင်းကောက အခြားသူတွေထက်မဆိုးလှချေ။
သူက ဝမ်ဟိုင်ရှန်းကိုလည်း ကောင်းကောင်းထိန်းကျောင်းနိုင်ခဲ့၍ ကျောက်ကျင်းကောကိုလည်း မသင်ပေးနိုင်စရာအကြောင်းမရှိပေ။
ယင်းအားစဥ်းစားမိရင်း ကျောက်ကျင်းကောမှာ ဝမ်ဟိုင်ရှန်းထက် အစစအရာရာသာလွန်ပေလိမ့်မည်။ယနေ့ သူတို့ကတ်ကစားကြသောအခါ ကျောက်ကျင်းကောက မြန်မြန်သင်ယူနိုင်ပေ၏။ဝမ်ဟိုင်ရှန်းကရော..။သူတို့က ပင်လယ်မှော်များအား ဆယ်ရက်ကျော်ရောင်းချနေပြီးနောက်၌ပင် သူက သတိမထားသည့်အချိန်တွင် အမှားလုပ်နေဆဲပင်။
တစ်ခဏအကြာတွင် ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့က လှေရပ်သည့်နေရာသို့ရောက်လာကြသည်။ယခုအချိန်တွင် ဝန်ဟိုင်ရှန်းသည်လည်း စိုးရိမ်နေလေ၏။
“ဘာလို့ ကျန်းကျန့်နဲ့ကျောက်ကျင်းကောတို့က ရောက်မလာကြသေးတာလဲ"
“ငါ ခုနက လျူဟိုင်ထုန်စီရင်စုမြို့ကိုလာတာ တွေ့လိုက်တယ်...မင်းထင်လား လျူဟိုင်ထုန်က....".
“မဟုတ်ဘူး...ငါတို့ဘော့စ်က ဘယ်လောက်အားကြီးလည်း စဥ်းစားကြစမ်းပါ"
…
ရုတ်တရက်ဆိုသလို ဝမ်ဟိုင်ရှန်းက အော်လိုက်ရင်း;"ကြည့်စမ်း...ဘော့စ်ပြန်လာပြီ"
ဟယ်ချွန်းရှန့်နှင့် ဟယ်ရှားရှန့်တို့က မော့ကြည့်လိုက်သည်တွင် သူတို့က ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့ လက်တွဲရင်းပြန်လာသည်အား တွေ့လိုက်၍ အနည်းငယ် မသက်မသာဖြစ်သွားရသည်။
သူတို့တောရွာတွင် အားအနည်းဆုံးချွေးမကပင် သူမ၏ယောကျ်ားအား အပြင်ထွက်သည့်အခါ လက်မကိုင်ခိုင်းပေ။ကျောက်ကျင်းကောက သူတို့ထက်ပင် အရပ်ရှည်သေးသည်။သူက ဘယ်လိုလုပ်ပြီး ကျန်းကျန့်နား ကပ်နေနိုင်လွန်းတာလဲ။ကျန်းကျန့်က သူ့အားအလိုလိုက်ထား၍ သူက သိသိသာသာပင် ကျောက်ကျင်းကောအား အရမ်းသဘောကျသည်ပင်။
သူတို့ညီအစ်ကိုက သူတို့အား သွားမနှောင့်ယှက်မိသည်က ကောင်းမည်ပင်...မဟုတ်ပါက....။
ဟယ်ချွန်းရှန့်က တိတ်တိတ်လေး စိတ်သက်သာရာရဟန်သက်ပြင်းတစ်ချက်ချလိုက်သော်ငြား ဝမ်ဟိုင်ရှန်းက မေးလာ၏;
"ဘော့စ် ဘာလို့ အခုမှပြန်လာရတာလဲ"
“ငါ စီရင်စုမြို့မှာ အလုပ်တစ်ခုရခဲ့ပြီ"ကျန်းကျန့်က ဆိုလာ၏။
“ဘော့စ် စီရင်စုမြို့မှာ အလုပ်တစ်ခု ရှာတွေ့ခဲ့တာလား..ဘာများလဲ"ဝမ်ဟိုင်ရှန်းက ထပ်မေးလာ၏။.
“လောင်းကစားဆိုင်မန်နေဂျာ"ကျန်းကျန့်က ဆိုလိုက်သည်။
“မန်နေဂျာ...."ကျန်းကျန့်က ဘယ်လိုလုပ်ပြီး တစ်နေ့လည်လေးအပြင်ထွက်လိုက်တာနဲ့ မန်နေဂျာဖြစ်သွားရတာလဲ..။
“ကောင်းပြီ...တစ်လကို ငွေစတစ်ဆယ်"ကျန်းကျန့်က ထပ်ပြောလာ၏။
“တစ်လကို ငွေစတစ်ဆယ်"
ဝမ်ဟိုင်ရှန်းက ကျန်းကျန့်အား ကိုးကွယ်သလိုကြည့်လိုက်သည်။ဟယ်ချွန်းရှန့်နှင့်ဟယ်ရှားရှန့်တို့ကလည်း တုန်လှုပ်သွားကြလေ၏။
အစပိုင်းတွင် ကျန်းချောင်ရှန့်က စီရင်စုမြို့တွင် တစ်လငွေစနှစ်ခုရသည့် အလုပ်အား ရှာခဲ့သောအခါ သူက သူတို့ရွာတွင် အလားအလာကောင်းဆုံးလူတစ်ယောက်ဖြစ်လာသည်ပင်။ယခု....ကျန်းကျန့်က ဘယ်လိုလုပ်ပြီး တစ်လငွေစတစ်ဆယ် ရနိုင်သွားရတာလဲ....
ဤသည်က.....သူက တစ်နှစ်လောက်စုလိုက်သည်နှင့်ပင် မြေငါးမူလောက် ဝယ်နိုင်ပေ၏။
ကျန်းကျန့်နှင့်အခြားသူများ ရွာပြန်ရောက်သောအခါ ပိန်းပိတ်အောင်မှောင်နေပြီဖြစ်သော်ငြား ဝမ်ဟိုင်ရှန်းနှင့်အခြားသူများက ရှုပ်ထွေးနေဆဲပင်။
ကျန်းကျန့်....သူက တကယ်ကို အံ့သြစရာပဲ။
သင်္ဘောက ဟယ်ရှီရွာသို့ဖြေးဖြေးချင်းကပ်လိုက်ရင်း ယခင်က ကမ်းကပ်ခဲ့ဖူးသည့်နေရာတွင် ရပ်လိုက်ပြီးနောက် ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့က တဲအိမ်လေးမှအတူတူထွက်လာပေ၏။သူတို့က အပြင်သို့ထွက်လျှောက်သွားသည်နှင့် ကမ်းခြေတွင် လူများစွာရှိနေသည်အား တွေ့လိုက်ရသည်။
“အဖေ"ကျောက်ကျင်းကောက အော်ခေါ်လိုက်သည်။ယင်းက သူတို့အား ကမ်းခြေတွင်စောင့်နေသည့် ကျောက်ဖူကွေ့ဖြစ်သည်။
“အဖေ...ဒီမှာဘာလုပ်နေတာလဲ"
ကျန်းကျန့်ကလည်း မေးလိုက်ရင်း တစ်ချိန်တည်းမှာပင် နွေးထွေးသလိုခံစားရသည်။ခေတ်သစ်တွင် သူက မိဘမဲ့တစ်ယောက်မဟုတ်သော်လည်း သူ့မိဘများက သူငယ်ငယ်ကတည်းက ကွာရှင်းထား၍ အဖွားနှင့်အတူနေရလေ၏။
သူ့မိဘနှစ်ပါးလုံးက ေနာက်ထပ်လက်ထပ်လိုက်ကြကာ သူ့အား မကြိုဆိုခဲ့ပေ။သူ့အဖွားက သူ့မိထွေး၏သားသမီးများထက် ပိုချစ်ခဲ့ပေးခဲ့သည်...သို့သော် သူ့အဖွားသေသွားပြီးနောက်ပိုင်း၌ ထိုလူများက သူ့အားထောက်ပံ့ပေးရန် သို့မဟုတ် သူ၏အထက်တန်းကျူရှင်ခအား ပေးရန်ငြင်းဆန်ကြသဖြင့် သူတို့နှင့်လုံးဝအဆက်အသွယ်ဖြတ်လိုက်လေ၏။.
သူ ယခင်က မိဘများထံမှ မေတ္တာမရခဲ့ဖူးသော်လည်း ယခု အရွယ်ရောက်ပြီးသည့်သူတစ်ယောက်ဖြစ်သည့်တိုင် ကျောက်ဖူကွေ့နှင့် ကျောက်လျူတို့ထံမှ ရရှိနေပေသည်။ . .
အတိတ်တွင် သူက ကျောင်းမှအခေါ်ခံရသည့် ထိုအတန်းဖော်များကိုပင် ထူးထူးဆန်းဆန်းအားကျခဲ့သော်လည်း ယခု သူက ယင်းအား တစ်ကြိမ်ကြုံဖူးခဲ့ပြီ။
“ငါက လှည့်ပတ်ကြည့်နေရုံလေး"ကျောက်ဖူကွေ့က ဆိုလိုက်သည်။"မင်းတို့ တစ်ခုခုယူချင်တာရှိလား...တစ်နေ့လုံးအလုပ်များထားကြတာ...ငါသယ်ပေးမယ်"
“မရှိပါဘူး..ကြွေထည်တွေက အကုန်ရောင်းကုန်သွားပြီ...ကျွန်တော်တို့ အခု ဘာမှသယ်စရာမရှိဘူး"
ကျန်းကျန့်က ဆိုလိုက်ရင်း အိမ်ပြန်လမ်းလျှောက်လာကြကာ ကျောက်ဖူကွေ့နောက်လိုက်ခဲ့လေ၏။
ယခင်က ဝမ်ဟိုင်ရှန်းရှေ့တွင် ကျန်းကျန့်က အနာည်းအကျင်းပြသော်ငြား ကျောက်ဖူကွေ့ရှေ့တွင်မူ တစ်ခုမှမပြောချေ။သူက ယင်းအား မပြောရသေးရင်တောင် ကျောက်ကျင်းကောက ပြောပေလိမ့်မည်။
မကြာမီ ကျောက်ကျင်းကောက ကျန်းကျန့်မှာ လောင်းကစားဆိုင်၏ မန်နေဂျာတစ်ယောက်ဖြစ်လာတော့မည်ဟု ပြောလိုက်လေ၏။
“လောင်းကစားအိမ်"
ကျောက်ဖူကွေ့က အနည်းငယ်မျက်မှောင်ကြုတ်လိုက်လေ၏။
တာဝန်အပေးခံရသည်က ကောင်းသော်လည်း လောင်းကစားအိမ်၏မန်နေဂျာတစ်ယောက်....သူက ကျန်းကျန့်မှာ လောင်းကစားဆိုင်ရှိလူများမှ အဖယ်ခံထားရမည်အား စိုးရိမ်မိသည်။သူက ထိုအကြောင်းအား ကျန်းကျန့်ရှေ့တွင် မပြောနိုင်၍ ကျန်းကျန်အား မျက်စိဒေါက်ထောက်ကြည့်စေပြီး လောင်းကစားမစွဲသွားစေရန် မနက်ဖြန်၌ ကျောက်ကျင်းကောအား ပြောရန်အခွင့်ရေးရှာဖို့ ကြံရွယ်ထားလိုက်သည်။
ကျောက်ဖူကွေ့က အများကြီးမပြောသော်ငြား ကျန်းကျန့်က သူ့အတွေးများအား ခန့်မှန်းထားပြီးလေ၏။
"အဖေ...စိတ်မပူပါနဲ့..လောင်းကစားဆိုတာ မကောင်းပါဘူး..ကျွန်တော် အဲ့လိုအရာတွေလုပ်မှာမဟုတ်ဘူး"
ကျောက်ဖူကွေ့လည်း ချက်ချင်းပင် စိတ်သက်သာရာရသွားလေ၏။"ကောင်းတယ်..ဟုတ်ပါပြီ"