အပိုင်း၈၉
Viewers 24k

Chapter 89

Chapter 89

အိမ်တွင် ကြက်နှင့် ဘဲများကို ရောင်းချခြင်း




ကျန်းကျန့် ကျန့်မိသားစု​အိမ်မှထွက်လာပြီးနောက် ဆိပ်ကမ်းသို့ပြန်သွားခဲ့သည်။ သင်္ဘောနှစ်စင်းပေါ်ရှိ ကုန်များသည့် လုံး၀နီးပါးချပြီးပြီဖြစ်၍ နောက်ပိုင်း ငွေပေးချေမှုအချို့ကို စုဆောင်းကာ နောက်ဆက်တွဲကိစ္စရပ်များကို ဂရုစိုက်ရန်သာကျန်တော့သည်။


အလုပ်ပြီးချိန်မှာ မှောင်နေပြီဖြစ်သဖြင့် ကျန်းကျန့် အိမ်ပြန်ရန် အလျင်စလိုမလုပ်ဘဲ သင်္ဘောပေါ်မှာ တစ်ညတာအိပ်လိုက်သည်။ယခုလိုလုပ်ရန် ရွေးချယ်ခဲ့သည် သူတစ်ယောက်တည်း မဟုတ်ပါချေ။အမှန်တွင် စီရင်စုမြို့မှာ အိမ်ရှိသည့် လူအနည်းငယ်ကလွဲ၍ ကျန်လူတိုင်းနီးပါးက နောက်မှာ ကျန်နေရစ်ကြသည်။ယခုခေတ် လူတွေက ညဘက် လမ်းလျှောက်ရသည်ကို မကြိုက်ပေ။


အပြင်ထွက်ပြီး စီးပွားရေးလုပ်ပြီးနောက် ကျန်းကျန့် စိတ်ကောင်းဝင်နေသဖြင့် ကြက်သားတချို့ဝယ်လာပြီး ချက်ပြုတ်ရန် ကမ်းစပ်မှာ သံအိုးကြီးတစ်လုံး ချထားလိုက်သည်။ ဝက်သားဝယ်ချင်ပေမဲ့ အတော်လေး နောက်ကျနေပြီးဖြစ်၍ ဝက်သားရောင်းသူ မရှိတော့ပေ။


ကြက်သားကို အတုံးသေးသေးလေးတွေတုံးပြီး သံအိုးတစ်လုံးထဲမှာ ထည့်ကာ စွတ်ပြုတ်အိုးကြီးတစ်လုံးတည်လိုက်သည်။ထိုစဥ် နောက်အိုးတစ်လုံးမှာ ခေါက်ဆွဲပြုတ်ထားလိုက်သည်။ ခေါက်ဆွဲများ အဆင်သင့်ဖြစ်သောအခါတွင် ကြက်စွပ်ပြုတ်နှစ်ဇွန်းကို လောင်းထည့်ပြီးနောက် ပူပူနွေးနွေး ကြက်သားခေါက်ဆွဲပြုတ် ရပြီဖြစ်သည်။


ကျန်းကျန့် နှစ်ပန်းကန်စားပြီးနောက် သူ့တူတွေကို ချလိုက်သည်။သူ့ရှေ့ကလူတွေက စကားပြောနေကြပြီဆိုသည်ကို သူတွေ့လိုက်ရ၏။


ဤလူတွေအားလုံးက ယောက်ျားတွေချည်းဖြစ်သည်။သူတို့အရင်က အပြင်မထွက်ဖူးကြပေမဲ့ ယခုအချိန် ကျန်းကျန့်နောက်ကိုလိုက်လာပြီးနောက်မှာ သူတို့အားလုံး ပြင်ပကမ္ဘာကို တောင့်တခဲ့ကြပြီး မတူညီတဲ့လူဖြစ်လာသည်ဟုပင် ခံစားခဲ့ရသည်။


သူတို့ပတ်ဝန်းကျင်ကလူတွေက ဟယ်ချောင်ခရိုင်က ဘယ်တုန်းကမှ မထွက်ခဲ့ကြပေ။ဒါပေမဲ့ သူတို့ကရော...သူတို့က ဖုချောင်ရောက်ဖူးတယ်... ကောင်းပြီ၊ အကယ်၍ နာမဝိသေသနတစ်ခုကိုသုံးသင့်သည်ဆိုလျှင် သူတို့က သစ္စာရှိလာခြင်းဖြစ်လောက်မည်။


“နောက် ဆယ်ရက်နေရင် မင်းတို့ကို မြို့တော်ကို လိုက်ပို့ပေးမယ်”


ကျန်းကျန့်က ရုတ်တရက် ပြောလိုက်သည်။


"မြို့တော်"


ဝမ်ဟိုင်ရှန်း အေးခဲသွားခဲ့ပြီး ၎င်းနောက် သူ ထခုန်လုနီးပါး ဖြစ်သွားသည်။ကျန်းကျန့်က ဘာပြောလိုက်တာလဲ...မြို့တော်ကို ခေါ်သွားမယ်ဟုတ်လား... အဲဒါက မြို့တော်လေ...သူတို့မြို့တော်ကို သွားနိုင်ပါ့မလား...


"ဘော့စ်"


တခြားသူတွေ လုံးဝ အံ့အားသင့်သွားကြ၏။ သူတို့နားကြား မှားသည်ဟု သံသယရှိနေကြသည်။မြို့တော်က ဧကရာဇ်မင်းမြတ်နေထိုင်ရာမြို့ဖြစ်ပြီး နန်းတော်ကို ရွှေဖြင့်ပြုလုပ်ထားကြောင်း ကြားသိရ၏။သူတို့ မြို့တော်ကို ဘယ်လိုသွားကြမှာလဲ...


“ဟုတ်တယ် မြို့တော်ပဲ...သခင်လေးကျန့်က သူ့ကို မြို့တော် လိုက်ပို့ဖို့ငါ့ကိုပြောထားတယ်... မင်းတို့ ကောင်းကောင်းပြုမူရင် မင်းတို့ထဲက တချို့က လိုက်သွားရမယ်...ကောင်းကောင်းမပြုမူရင် အဲဒါကို မေ့လိုက်”


ကျန်းကျန့်က ပြောလိုက်သည်။

"ဘော့စ် ...ငါတို့ ကောင်းကောင်းလုပ်ပါ့မယ်"


“ငါ ... ဘော့စ် ပြောသမျှကို ငါနားထောင်မယ်"


"ဘော့စ်...ငါက အမြဲနာခံခဲ့တာပါ"


. . .


ထိုလူများသည် ကျန်းကျန့်နားမှာ စိတ်လှုပ်ရှားစွာ ဝိုင်းဖွဲ့ကြပြီး လျူဟိုင်ထုန်ပင်လျှင် ကျန်းကျန့်​ကို တိတ်တဆိတ် ကြည့်လာသည်။ အခု အချိန်မှာ စပြီး နာခံဖို့ နောက်ကျနေပြီလား...


လျူဟိုင်ထုန်က သူ့ရွာတွင် အနိုင်ကျင့်သူဖြစ်ခဲ့ဖူးသောကြောင့် သူ့ကိုယ်သူ အလွန်အစွမ်းထက်နေပြီဟု သူထင်ခဲ့သော်လည်း ယခုအခါတွင်. . . သူက ထိုလူနှင့် နှိုင်းယှဥ်လျှင် ဘာမှမဟုတ်ကြောင်း ရုတ်တရက် သိလိုက်ရသည်။


"တိတ်တိတ်နေကြ...နောက်ထပ် ဆူဆူညံညံထပ်လုပ်ရင် မင်းတို့ကို သွားခွင့်မပေးဘူး"


ကျန်းကျန့်က ရယ်မောလိုက်ပြီး သူတို့ကို စကားအနည်းငယ်ထပ်ပြောလိုက်၏။


"ဒါ့အပြင် ဒီအကြောင်း မဟုတ်တရုတ်တွေ မပြောနဲ့...မဟုတ်ရင် ... ငါ မင်းတို့ကို အရေခွံခွာပစ်မယ်...သတိထား"


သူ့နားက လူတွေ ချက်ချင်း စကားစဲသွားကြပေမဲ့ သူတို့၏မျက်လုံးတွေက မီးအလင်းရောင်အောက်မှာ အထူးတလည် တောက်ပနေကြသည်ကို တွေ့ရ၏။


နောက်တစ်နေ့တွင် ကျန်းကျန့် ကျောက်ကျင်းကော၊ဝမ်ဟိုင်ရှန်းနှင့် အခြားသူများနှင့်အတူ ဟယ့်ရှီရွာသို့ လှေနှစ်စင်းဖြင့် အရင်ပြန်သွားခဲ့သည်။


ကျန်းကျန့်က သူပေးရမယ့်လုပ်ခကို ပေးပြီးသားဖြစ်ပြီး ဝမ်ဟိုင်ရှန်းနှင့် တခြားသူတွေက ငွေရသည့်အတွက် အတော်လေး ပျော်သွားကြ၏။သို့ပေမဲ့ ကျန်းကျန့်ကိုယ်တိုင်ကမူ ငွေဆယ်စကျော် ဆုံးရှုံးခဲ့၏။ မည်သို့ပင်ဆိုစေကာမူ သူ အလေးအနက်မထားခဲ့ပေ။ သို့သော် ကျောက်ကျင်းကောကမူ အနည်းငယ် စိတ်ပူပြီး စိတ်ညစ်သွားခဲ့သည်။


"ကျင်းကော သိပ်စိတ်မပူပါနဲ့... ငွေက ဆယ်စလောက်ပဲ ရှိတာပါ”


ကျန်းကျန့်က ပြောလိုက်သည်။


ကျောက်ကျင်းကောက ပါးစပ်ဖွင့်လိုက်သော်လည်း ဘာမှမပြော။ငွေ​ဆယ်စကျော်​ဖြစ်​သည်​။သူတို့တစ်အိမ်လုံးက ယခင်က ငွေတစ်ဒါဇင်ခန့်သာ တန်ဖိုးရှိခဲ့သည်။


"စီးပွားရေးလုပ်ငန်းမှာ အရှုံးနဲ့ အမြတ်တွေက အမြဲရှိနေမှာလေ...အမြဲအမြတ်ရပါ့မယ်လို့ ဘယ်သူမှ အာမမခံနိုင်ဘူး"


ကျန်းကျန့်က ပြောလိုက်၏။

“ပြီတော့...နောက်တစ်ခေါက်ကျ ကိုယ်ပိုက်ဆံရှာနိုင်မယ်ဆိုတာ သေချာပါတယ်...”


ကျောက်ကျင်းကော နောက်ဆုံးတွင် စိတ်ချသွားသည်။

"ကောင်းပြီ...ကျွန်တော် ခင်ဗျားကိုယုံတယ်"


ကျန်းကျန့်က အလွန်စွမ်းအားကြီးသည်။ အနာဂတ်မှာ သူ ပိုက်ဆံအများကြီးရမည်မှန်း သေချာ၏။


ကျန်းကျန့်က ထိုကဲ့သို့ပြောပြ မှတ်ချက်ချပြီးနောက် ကျောက်ကျင်းကောက ကျေနပ်သွားသော်လည်း အခြားတစ်ယောက်က ထိုသို့ပြောသောအခါတွင် သူ့မိသားစုမှ လူများက မယုံကြပေ။

. . .


“လုပ်ငန်းမှာ အရှုံးနဲ့ အမြတ်တွေက အမြဲရှိနေတာပဲ...ငါ ပိုက်ဆံမဆုံးရှုံးသေးဘူး...မင်းတို့ဘာလို့ အလျင်လိုနေတာလဲ... ငါငွေရှာနိုင်တာ ငါ့ကိုယ်ငါသေချာတယ်"


ကျန်းချောင်ဝမ်က သူ့မိသားစုကို ပြောလိုက်သည်။


"မင်း ပိုက်ဆံဘယ်လိုရှာမလဲ...ပင်လယ်စာတွေပြည့်နေတဲ့ အိမ်ထဲမှာလား... တတ်နိုင်ရင် မြန်မြန်သာရောင်းစမ်းပါ”


ကျန်းချောင်ရှန့်က သူ့အစ်ကိုကို ငေါ့တော့တော့ ကြည့်နေသည်။


ကျန်းချောင်ဝမ် ပင်လယ်ထွက်ကုန်တွေအပြည့်ပါသည့် သင်္ဘောနှင့်ပထမဆုံးရောက်လာစဥ်က သူအတော်လေး ဂုဏ်ယူခဲ့သည်။သို့ပေမဲ့ သူ ကျန်းချောင်ရှန့်ကို ​နေရာတိုင်းမှာ နေရာတိုင်းမှာမြင်နေရခြင်းအား သည်းမခံနိုင်ဘဲ အိမ်အပြင်ကို တွန်းထုတ်ပစ်ချင်ခဲ့သည်။ သို့သော် ဆယ်ရက်ပြည့်အောင်ပင် သူ့ကိုယ်သူ ဂုဏ်မယူခဲ့ရပေ။


ပထမရက်အနည်းငယ်တွင် အဘွားကြီး ကျန်း၏ ကြော်ငြာချက်အောက်တွင် ဟယ့်ရှီမှလူများအပြင် အနီးနားကျေးရွာများမှ လူအချို့သည် ပင်လယ်စာများဝယ်ရန် ကျန့်မိသားစုအိမ်သို့ ရောက်ရှိလာကြသည်။အတော်လေးရောင်းရပြီး အချိန်အကြာကြီးမကြာလိုက်ဘဲ ငွေသုံးစကျော်ရရှိခဲ့သည်။သို့ပေမဲ့ ၎င်းနောက်မှာ ဘယ်သူမှ လာမဝယ်တော့ပေ။


ပင်လယ်ရေမှော် နှင့် ငါးဆားနယ်များက အချိန်အကြာကြီး သိမ်းဆည်းထားနိုင်သောကြောင့် ကျန်းမိသားစုနှင့် ရင်းနှီးသောသူများသည် သူတို့ စီးပွားရေးလုပ်နေကြောင်း မြင်ပြီး တချို့ကိုဝယ်ယူပြီးနော် လအတော်ကြာ ပင်လယ်ထွက်ကုန်များကို ထပ်မံဝယ်ယူရန် မလိုအပ်တော့ပေ။ ထို့ကြောင့် ကျန်းချောင်ဝမ်၏ ကုန်ပစ္စည်းများသည် သဘာဝအတိုင်း မရောင်းရပေ။သို့ပေမဲ့ ဤအတိုင်းမပြောင်းလဲပါက ပြဿနာဖြစ်လာလိမ့်မည်။သူတို့ ဤပစ္စည်းတွေကို မရောင်းဘဲ သိမ်းထား၍မှမရသည်မဟုတ်ပါလော။


ကျန်းမိသားစုသည် ရက်ပေါင်းများစွာ ဆက်တိုက် မည်သည့်ပင်လယ်ရေမှော်မှ မရောင်းနိုင်သည်ကို သိမြင်လာသောအခါတွင် စိုးရိမ်စိတ်များဖြစ်လာကြသည်။ထပ်ခါထပ်ခါ တွေးတောပြီးနောက် စီရင်စုမြို့တွင်းရှိ ကုန်သည်များ၏ ကျင့်စဉ်ကို လိုက်နာကာ ပင်လယ်ရေမှော်ကို စိမ်ထားပြီး တစ်ခွက်ကိုကြေးနီဘယ်နှစ်ပြားဆိုပြီး ရောင်းခဲ့သည်။သို့ပေမယ့်​ ထိုမျှ​လုပ်​ပြီးသည်ကိုပင်​ အများကြီးမ​ရောင်း​ရသေးပေ။သူတို့ရွာမှာ လူဘယ်နှစ်ယောက်ရှိမည်နည်း။တော်တော်များများက ပင်လယ်ရေမှော်ခြောက်ကို ဝယ်ပြီးပြီဖြစ်သည်ကိုကား ထည့်ပြောစရာပင်မလိုချေ။


ကျန်းချောင်ဝမ် စီရင်စုမြို့ကို သွားရောင်းရန်ကလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။သို့ပေမဲ့ အပြန်ပြန်အလှန်လှန် ခက်ခက်ခဲခဲ သွားပြီးနောက် အများကြီး မရောင်းရဘူးဆိုသည်က ပြောစရာမလိုသောကိစ္စဖြစ်သည်။စီရင်စုမြို့မှာ ပင်လယ်ထွက်ကုန်ပစ္စည်းရောင်းတဲ့လူတစ်ယောက်ရှိနေပြီသားလေ...


ကျန်းချောင်ဝမ်က သူ၏မူလသဘာဝအရ အလွန်ပျင်းရိသူဖြစ်သည်။ အစပိုင်းတွင် သူသည် ငွေရှာရန်အတွက် ရက်အနည်းငယ်မျှ လုံ့လစိုက်ထုတ်ခဲ့သော်လည်း ရက်အနည်းငယ်ကြာပြီးနောက်တွင် သူ ပင်ပန်းလာပြီး မပျော်တော့ပေ။မည်သို့ပင်ဖြစ်စေ ဤပစ္စည်းတွေကို အိမ်မှာ သိမ်းဆည်းထားလျှင်လည်း ချက်ချင်းလက်ငင်း မကောင်းတော့မည်မှမဟုတ်သည်ပင်။ အခု မရောင်းရလျှင်ပင် ဖြည်းဖြည်းချင်းရောင်းသည်က ကြီးကြီးမားမား မဟုတ်ပေ။ထိုသို့တွေးပြီး ကျန်းချောင်ဝမ် ၎င်းတို့ကို စီရင်စုမြို့ကို သွားရောင်းရန် စိတ်မ၀င်စားတော့ပေ။


သို့ပေမဲ့ ဤပစ္စည်းတွေကို သိမ်းထားရသည်က အဆင်ပြေသည်ဟု ထင်သည်က သူတစ်ယောက်တည်းဖြစ်၏။ကျန်မိသားစုကခုလိုမျိုး ဆက်လုပ်၍မဖြစ်နိုင်ဘူးဆိုသည်ကို သိ၏။ငါးဆားနယ်နှင့် ပင်လယ်ရေမှော်များကို အချိန်အကြာကြီး သိမ်းဆည်းထား၍မရသလို ရောင်းမကုန်ဘဲ စုပုံထား၍လည်း မရပါချေ။


ထိုနေ့တွင် အိမ်ပြန်ရောက်လာသော ကျန်းချောင်ရှန့်က အိမ်ရှိငါးနံ့ကို မခံနိုင်ဘဲ ကျန်းချောင်ဝမ်နှင့် စကားပြောသည်။ ထို့ကြောင့် သူတို့နှစ်ဦး စကားများရန်ဖြစ်ခဲ့ကြသည်။


"ကောင်းပြီ...ရန်ဖြစ်နေတာကိုရပ်လိုက်စမ်း"

သားသတ်သမားကျန်းက အော်လိုက်၏။


"အဖေ...အဖေက ဒုတိယအစ်ကိုကို ဒီလိုပဲလွှတ်ထားမှာလား... မိသားစုထဲက ပိုက်ဆံတွေအကုန်လုံးကို ဖြန်းတီးပစ်မှာ မကြောက်ဘူးလား”


ကျန်းချောင်ရှန့် မေးလိုက်သည်။


"ပိုက်ဆံတွေ ဘယ်မှာ ဖြုန်းနေလို့လဲ... ငါက ငွေနှစ်ဆယ် ယူပြီး အနည်းဆုံး ပစ္စည်းတွေ ဒီမှာ ရှိနေပြီမလား...မင်းကရော...မင်းလည်း ငွေနှစ်ဆယ် ယူသွားတာပဲ...ဒါပေမဲ့ အခု ဘာမှမတွေ့ရဘူး"

ကျန်းချောင်ဝမ်က အေးစက်စွာ ရယ်မောလိုက်သည်။


ကျန်းချောင်ရှန့်က သူ့မိဘတွေကို ကြည့်ပြီးဆို၏။

"အမေနဲ့အဖေ စိတ်မပူပါနဲ့...ပိုက်ဆံရရင် တစ်ဝက်ကို မိသားစုဆီသေချာပေါက် လွှဲပေးမှာပါ”


"မင်းအရင်ပေးလိုက်စမ်းပါ"

ကျန်းချောင်ဝမ်က ကျန်းချောင်ရှန့်နှင့် ထပ်မံငြင်းခုံခဲ့သည်။


“ရပ်လိုက်”


သားသတ်သမားကျန်းက ပြောလိုက်သည်။

"ရန်ဖြစ်နေတာကို ရပ်လိုက်...ချောင်ဝမ် မနက်ဖြန် ငါတို့ ပစ္စည်းတွေ ယူပြီး တခြားရွာတွေကို အတူတူသွားရောင်းမယ်"


"ခြေလျင်လား..."


ကျန်းချောင်ဝမ်၏ မျက်ခုံးများ တွန့်သွားသည်။


"တခြား ဘယ်လိုသွားချင်လို့လဲမင်းက"


သားသတ်သမားကျန်း သူ၏ ဒုတိယသားကို ရိုက်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။


အရင်က သူတို့၏​မြေကို ဝယ်လိုသူဟာ ကျန်းကျန့်မှန်း ကျန်းဖျင်က သိပေမဲ့ သူတို့ကို မပြောခဲ့သည့်အချက်ကိုနင်းကာ သူတို့ အခွင့်ကောင်းယူခဲ့သည်။ထို့ကြောင့် သူတို့ ကျန်းဖျင်ဆီက လှေငှားပြီး ကျန်းချောင်ဝမ်ကို ပင်လယ်ထွက်ကုန်ပစ္စည်းတွေတစ်ပုံတစ်ပင်နှင့် ပြန်လာစေခဲ့ပေမဲ့ ကျန်းဖျင်၏လှေကို အမြဲတမ်း ငှား၍မဖြစ်ပေ။


ကျန်းချောင်ဝမ်က ယခုအချိန်အထိ ကုန်ပစ္စည်းများကို အဝေးကြီးထိ သယ်သွားရန် စိတ်ကူးကို တွန့်ဆုတ်နေသော်လည်း သားသတ်သမားကျန်းက ဒေါသဖြစ်နေပြီဖြစ်သောကြောင့် သူ့စကားနားမထောင်ဘဲမနေဝံ့ပေ။


သားသတ်သမားကျန်းလည်း သူ့စိတ်ထဲတွင် စိတ်ပူနေသည်။ သူ ကုန်ပစ္စည်းရောင်းရန်ထွက်သွားပါက လယ်ထဲမှာ မည်သို့လုပ်ကိုင်နိုင်မည်နည်း။သူတို့မိသားစုက ပိုးကောင်တွေကို မွေးမြူရသည်။


မူလက ချွေးမများက အမျိုးသမီးများဆိုပေမဲ့ အလုပ်လုပ်နိုင်သေးသည်။ ပိုးစာရွက်ခူးခြင်းနှင့် ပိုးမွေးမြူခြင်းစသည့် အလုပ်များကို အများအားဖြင့် အမျိုးသမီးများက လုပ်ဆောင်ခဲ့ကြသော်လည်း ရလဒ်အနေဖြင့် . . . ကျူးရှုဖန်က ပိုးစာရွက် အနည်းငယ်ကိုခူးရုံနှင့် သူမ တစ်ကိုယ်လုံး ယားယံစေသည့် ပိုးကောင်များ အကိုက်ခံရသောကြောင့် သူမ မလုပ်နိုင်ကြောင်း ပြောခဲ့သည်။ နောက်ပိုင်းမှာ ဟွမ်မင် လည်း ၎င်းကို ငြင်းဆိုခဲ့ပြီး ပိုဆိုးသည်က သူတို့ နှစ်ယောက်လုံး ကိုယ်ဝန်ရှိနေပြီဖြစ်ကြခြင်းပင်။


မူလက မိသားစုမှာ ကလေးရှိသည်က ကောင်းပေမဲ့ အခုချိန်မှာ နှစ်ယောက်လုံး တစ်ချိန်တည်းမှာ ကိုယ်ဝန်ရှိလာသဖြင့် ပြဿနာဖြစ်လာ၏။


သားသတ်သမားကျန်းသည် ရွာသားများပြောကြသည့် ကျန်းကျန့်က အမှန်တကယ်တွင် ကောင်းချီးများသယ်ဆောင်ရန် မွေးဖွားလာသူဟူသောစကားက မှန်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ကျန်းကျန့်သာ ထွက်မသွားခဲ့ပါက သူတို့မိသားစုဘဝက မည်သို့ ယခုလိုဖြစ်လာမည်နည်း။အမှန်တွင် ကျန်းမိသားစု၏ဘဝက ရွာကလူအများစုထက် ပိုကောင်းနေဆဲဖြစ်ပေမဲ့ ဇိမ်ခံရာကနေ ချွေတာရာဆီ ပြောင်းရန်က ခက်၏။ အချိန်အတော်ကြာ သက်တောင့်သက်သာ နေထိုင်ပြီးနောက် ပင်ပန်းသည့် အလုပ်တွေကို သည်းခံမနိုင်တော့ပေ။


ကျန်းမိသားစု အုံ့မှိုင်း​နေချိန် ကျောက်မိသားစုက အလွန်ပျော်ရွှင်နေကြသည်။


ကျန်းကျန့် နှင့် အခြားသူများ ထွက်သွားပြီးနောက် ကျောက်ဖူကွေ့တို့လင်မယား၊စန်းရှောင်ရှန်းနှင့် သူ၏ ကလေးနှစ်ယောက်တို့သည် ၎င်းတို့၏မြေကို ပြုစုစောင့်ရှောက်ပြီး ကြက်နှင့် ဘဲများကို မွေးမြူရာတွင် အာရုံစိုက်ခဲ့ကြသည်။


ကျန်းကျန့် ဟယ်ချွန်းရှန့် နှင့် ဟယ်ရှောင်ရှန့်တို့ကို ယခင်က အဆိုပါ လယ်မူအနည်းငယ်ကိုကူစိုက်ခိုင်းခဲ့သဖြင့် ကျောက်ဖူကွေ့က နေ့တိုင်း ကြီးကြပ်ပြီး ပေါင်းပင်အချို့ကို ဆွဲထုတ်ရန်သာ လိုအပ်လေရာ အလွန်အမင်း ဒုက္ခမများပေ။သူတို့အနေဖြင့် ထိုကြက်နှင့်ဘဲများကိုပဲ တစ်ခုတည်းအာရုံစိုက်ပြီး မွေးမြူနိုင်ခဲ့သည်။


ကြက်ပေါက်များကို တောထဲမှာ ထားသည့်အခါ သူတို့ကိုယ်တိုင် အစာရှာနိူင်သဖြင့် ညတိုင်း ဆန်နည်းနည်းပဲ ကျွေးစရာလို၏။ဘဲများအတွက်မူ . . . ကျောက်မိသားစုတွင် ကြက်ထက် ဘဲက ပိုများသည်။ ဘဲအားလုံးကို ခရုများ၊ ငါးများဖြင့် ကျွေးမွေးခဲ့သည်။


ဤနေရာတွင် ခရုများသည် နွေရာသီတွင် ဆောင်းဂုံးများဖြစ်သည်ဟူသော ဆိုရိုးစကားတစ်ခုရှိသည်၊ ဆိုလိုသည်မှာ ဆောင်းရာသီတွင် ဂုံးများစားရန် အချိန်ကောင်းဖြစ်ပြီး နွေရာသီတွင် ခရုများသည် အဆူဖြိုးဆုံးဖြစ်သည်။


မကြာခင် နွေရာသီရောက်တော့မည်။မြစ်ခရုတွေမှာ အသားအများကြီးမပါပေ။အရသာရှိချင်ရင်ပါ ဆီထည့်ရပေမည်။အမှန်တွင် သာမန်လူတွေက ခရုကို မကြာခဏမစားကြသည့်အတွက် ရံဖန်ရံခါမှာ ကလေးတွေကပဲ သူတို့အပေါ် လိုချင်တပ်မက်မှုရှိကြသည်။ ဆီစက်အနည်းငယ်ဖြင့် သူတို့ ခရုတစ်ပန်းကန်ပြုတ်လိုက်ကြသည်။


ဤအကြောင်းများကြောင့် မြစ်ခရုများသည် ဖမ်းရလွယ်ကူသည်။ခရုအများအပြားကို မြစ်ကမ်းပါးရှိ ကျောက်တုံးများတွင်တွယ်လျက် မကြာခဏတွေ့ရတတ်သည်။လှေတစ်စင်းသာ မြစ်ထဲတွင် အချိန်ကြာမြင့်စွာ ဆိုက်ကပ်ထားပါက လှေ၏ အောက်ခြေက ခရုများဖြင့် လုံးဝ ဖုံးအုပ်သွားလိမ့်မည်ပင်။


စန်းရှောင်ရှန်းက ဝမ်ဟိုင်ရှန်းနှင့် နှစ်ပေါင်းများစွာပေါင်းသင်းခဲ့သည်။ သူ့မှာ လှေလှော်ရန် လုံလောက်သော ခွန်အားမရှိသော်လည်း ငါးနှင့် ပုစွန်များကို ဖမ်းတတ်သူဖြစ်သည်။ကျောက်ဖူကွေ့ကလည်း ငယ်စဉ်ကပင် နေရာအနှံ့ အစာရှာခဲ့ဖူးသည်။


အစပိုင်းတွင် ခရုများနှင့် ငါးများကို ဘဲများကို အစာကျွေးနိုင်စေရန် အပိုင်းပိုင်းလှီးဖြတ်ထားရသော်လည်း နောက်ပိုင်းတွင် ဘဲများသည် ခရုများကို အကောင်လိုက်မျိုချနိုင်ခဲ့သည်။

အစာအလုံအလောက် ကျွေးသည်ကြောင့်လား မသေချာပေမဲ့ ဘဲတွေက ကြီးထွားနှုန်းမြန်ပြီး အရွယ်ရောက်ရန် အချိန်သိပ်မကြာခဲ့ပါချေ။ ယခုအခါ အချို့သော ဘဲများသည် ဥများပင် အများအပြားဥနေကြပြီဖြစ်သည်။


ကျောက်ဖူကွေနှင့်ကျောက်လျူက ဘဲဥတွေကို မစားချင်ကြသောကြောင့် ရွာသားတွေကို ပြောပြီး ဘဲဥလိုချင်သည့် ရွာသားတွေကို လာဝယ်ရန် ဖိတ်ခေါ်လိုက်၏။ရလဒ်အနေဖြင့် တော်တော်လေး ရောင်းရသည်။ပြီးလျှင် ၎င်းက အံ့သြစရာ မဟုတ်ပါချေ။


လူများစွာအတွက် ပင်လယ်ရေမှော်နှင့် ငါးဆားနယ်ကဲ့သို့သော အရာများသည် ၎င်းတို့၏ အစားအစာတွင် တချို့​ကိုသာ ထည့်ပေါင်း ပေးနိုင်သည် ဆန့်ကျင်ဘက်အနေဖြင့် သူတို့က ကြက်ဥနှင့် ဘဲဥများကိုပိုနှစ်သက်ကြသည်။


ယခုခေတ် အမျိုးသမီးတစ်ဦးသည် ကလေးတစ်ဦး ကိုယ်ဝန်ရှိလာသောအခါ ဖြည့်စွက်စာအတွက် ကြက်ဥနှင့် ဘဲဥများကို စားချင်လာသည်။ ကလေးမွေးပြီးနောက်လည်း ကြက်ဥစားချင်လာ၏။လပြည့်နေ့တွင် သူမက အနီရောင်ဥများ ကမ်းလိမ့်သည်။ ထို့အပြင် ကလေးမွေးနေ့မှာ သူတို့အိမ်လာလည်သည့် ဧည့်သည်တွေကို ကြက်ဥတွေ ပေးရသည်။ သကြားရေထဲတွင်ပြုတ်ထားသည့် ကြက်ဥပြုတ်သည် စိတ်အားအထက်သန်ဆုံး ဧည့်ခံမှုဖြစ်ပေသည်။

(T/N–ကြက်ဥသည် တရုတ်ရိုးရာမှာ မွေးဖွားခြင်း ၊အသစ်စတင်ခြင်းတို့၏သင်္ကေတဖြစ်သည်။အနီရောင်က ပျော်ရွှင်ခြင်းကံကောင်းခြင်းတို့၏ သင်္ကေဖြစ်သည်။ကြက်ဥကို ကျက်အောင်ပြုတ်ပြီး စိုနေသော လက်ရေးလှစာရွက်အနီဖြင့်ပတ်ကာ အနီရောင်ဥကိုပြုလုပ်ရသည်။)