အပိုင်း၉၀
Viewers 21k

Chapter 90

Chapter 90

လူထပ်ခေါ်ခြင်း



ပင်လယ်ရေမှော်က မစားနိုင်လျှင် မစားဘဲနေ၍ရပေမဲ့ ကြက်ဥ၊ ဘဲဥတွေက မရှိမဖြစ်လိုအပ်လေသည်။


ကျန်းကျန့် နှင့် ကျောက်ကျင်းကောတို့ ပြန်ရောက်လာသောအခါ လူတစ်ယောက်က ကျောက်အိမ်သို့ ရောက်ရှိလာပြီး ဘဲဥဆားစိမ်လုပ်ရန် ရည်ရွယ်ချက်ဖြင့် ဘဲဥတစ်ခြင်းဝယ်သွားသည်ကိုတွေ့လိုက်ရ၏။ဆွေမျိုးများ သို့မဟုတ် သူငယ်ချင်းများဆီကို အလည်အပတ်သွားသည့်အခါ ဆားစိမ်ဘဲဥများကို လက်ဆောင်အဖြစ် ပေးကြသည်။


"အိမ်မှာ ဘဲတွေ ဥတွေဥနေပြီလား" ကျောက်ကျင်းကောက အံ့သြတကြီးမေးလိုက်သည်။


"ဟုတ်တယ်"


ကျောက်လျူက ပျော်ရွှင်စွာ ပြုံးလိုက်သည်။


“ဘဲမွေးရတာ တကယ်ကောင်းတယ်...သိပ်မကြာဘဲ ငွေရှာနိုင်နေပြီ... ဘဲတွေကို မရောင်းနိုင်ရင်တောင် ဘဲဥရောင်းရုံနဲ့ အရင်းအနှီးကို ဖြည်းဖြည်းချင်း ပြန်ရနိုင်တယ်”


ဘဲများကိုမွေးမြူရန် အမှန်တကယ်တွင် များစွားကြိုးစားအားထုတ်ခဲ့ရသော်လည်း ကျောက်လျူနှင့် ကျောက်ဖူကွေ့တို့နှစ်ဦးစလုံးက အနည်းငယ်အားစိုက်ထုတ်ရန်က ပြဿနာမဟုတ်ဟု ခံစားခဲ့ရသည်။


"ဘဲတွေကို ရောင်းရမယ်"

ကျန်းကျန့်က ပြောလိုက်သည်။


"မနက်ဖြန် စီရင်မြို့ကိုသွားပြီး ကြက်၊ ဘဲတွေကို ရောင်းပြီး နောက်ထပ် ကြက်ပေါက်တွေနဲ့ ဘဲပေါက်တွေ ပြန်ဝယ်ကြမယ်"


“ကြက်တွေနဲ့ ဘဲတွေ ထပ်ဝယ်စရာမလိုတော့ဘူ... ငါတို့ကိုယ်ဘာကိုယ် အကောင်ဖောက်လို့ရတယ်"


ကျောက်လျူက ကမန်းကတန်းပြောလိုက်၏။ အရင်က ဘယ်လို လုပ်ရမှန်း မသိပေမဲ့ သင်၍ရပေသည်။


“ဒါက အရမ်းဒုက္ခများတယ်...အဲဒါတွေကို တိုက်ရိုက်ဝယ်လို့ရတာပဲ”


ကျန်းကျန့်က ကျောက်လျု၏ အဆိုပြုချက်ကို ဗီတိုအာဏာသုံးပြီးငြင်းဆန်ခဲ့သည်။


ကြက် သားပေါက်ခြင်းသည် ရက်ပေါင်းများစွာကြာပြီး ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲလွန်းသောကြောင့် ၎င်းတို့ကို တိုက်ရိုက်ဝယ်ယူခြင်းသည် ပိုကောင်းသည်။ တကယ်တမ်းတွင် ကြက်ပေါက်နှင့်ဘဲပေါက်လေးများက အတော်ကို စျေးပေါ၏။မွေးမြူထားသော ဤကြက်နှင့် ဘဲအကောင်ကြီးများကိုမူ ယူသွား၍ ကျန့်မိသားစုထံ ရောင်းချနိုင်သည်။ကျန့်ရီက မြို့တော်ကို သွားမှာဖြစ်သဖြင့် ကြက်နှင့်ဘဲတချို့ကို ဝယ်ပြီး အရသာစိမ်ရန် သို့မဟုတ် သင်္ဘောသားများစားရအောင် အကောင်လိုက် သင်္ဘောပေါ်တင်သွားရန် သေချာပေါက် စိတ်ထဲရှိမည်မဟုတ်ပေ။


ယခင်က ရေစီရင်စုဟု ယူဆရသည့် ဟယ်ချောင်စီရင်စုတစ်ဝိုက်သို့ ခရီးသွားရန် လှေနှစ်စင်းယူသွားခဲ့သည်။ထို့ကြောင့် မကြာခဏ ကမ်းပေါ်တက်စားစရာဝယ်နိုင်ခဲ့သည်။သို့သော်လည်း မြောက်ဘက်သို့သွားလျှင် ရက်ပေါင်းများစွာ ဆိပ်ကမ်းကပ်နိုင်မည်မဟုတ်ပေ။


နောက်နေ့မနက်စောစောမှာ ကျန်းကျန့်နှင့် ကျောက်ဖူကွေ့တို့ သူတို့ရောင်းချင်သည့် ကြက်နှင့် ဘဲတွေကို ချည်နှောင်ပြီး လှေပေါ်တင်လိုက်ကြသည်။ အမှန်တွင် သူတို့ရောင်းချင်သည့် ကြက်နှင့်ဘဲအရေအတွက်က မများဘဲ နှစ်ဆယ်သုံးဆယ်လောက်သာ ရှိပေမဲ့ ၎င်းတို့က အရှင်များဖြစ်သဖြင့် အခန်းထဲမှာ ပြည့်နှက်နေသလိုမျိုး အတော်လေး ဆူညံနေ၏။


"ကျန်းကျန့်...ဒါတကယ်ပဲ ချက်ချင်းရောင်းလို့ရရဲ့လား"


ကျောက်ဖူကွေ့က မေးသည်။


"ရတယ်...ကျွန်တော့်မှာ အဆက်အသွယ်ရှိတယ်"


ကျန်းကျန့်က ပြုံးပြီး ပြောလိုက်၏။ဤမျှလောက်လေးသာဆိုလျှင် သူ့လူတွေကို တစ်ယောက်တစ်ကောင်ဝေလိုက်လျှင်ပင် အားလုံး တန်းကုန်သွားလိမ့်မည်။သိုပေမဲ့ ဤသည်က ကျောက်လျူနှင့်ကျောက်ဖူကွေ့တို့ကို သူပေးခဲ့သည့် အလုပ်ဖြစ်သည်။သူတို့ မွေးထားသည့် ကြက်နှင့်ဘဲများကို သူ သူများပေးပစ်၍မရပေ။


သားသတ်သမားကျန်းနှင့် ကျန်းချောင်ဝမ်တို့က ငါးဆားနယ်နှင့် ပင်လယ်ရေမှော်များ သယ်ပြီး မြစ်ရေလမ်းကြောင်းတစ်လျှောက် လမ်းလျှောက်လာသည့်အခါ ကျန်းကျန့်နှင့် ကျောက်ဖူကွေ့ကိုတွေ့လိုက်ကြပြီး နှစ်ယောက်ကြား စကားစမြည်ပြောသံကိုလည်း ကြားလိုက်ရ၏။


သားသတ်သမားကျန်း သည်းမခံနိုင်သော အရာတစ်ခု သူ့နှလုံးသားထဲ ပြည့်နှက်နေသလို ခံစားလိုက်ရသည်။ သူ့သားဖြစ်သည်က အရှင်းသားပါပင်၊ သို့ပေမဲ့ သူက တခြားတစ်ယောက်ယောက်ကို “အဖေ”ဟု ချစ်ခင်စွာဖြင့် ခေါ်သွားခဲ့သည်။သားသတ်သမားကျန်း ခြေလှမ်းကို ရပ်လိုက်ပြီး သူ့ကို လျစ်လျူရှုကာ စီရင်စုမြို့ဆီသို့ လှေလှော်သွားသည့်ကျန်းကျန့်ကို ကြည့်လိုက်မိသည်။


ကြက်နှင့်ဘဲတွေရောင်းတာက ကိစ္စသေးသေးလေးဖြစ်သဖြင့် ကျန်းကျန့် သခင်လေးကျန့်ဆီကို မသွားဘဲ ဘဏ္ဍာစိုးကျန့်ကိုတွေ့ပြီး ကြက်နှင့်ဘဲတွေ ဝယ်မလားဆိုပြီး မေးလိုက်သည်။


ကျန့်မိသားစုမှာ သူတို့အတွက် ကြက်နှင့်ဘဲ မွေးမြူပေးသည့်ရွာတစ်ရွာ ကျေးလက်မှာ ရှိပေမဲ့ ယခုလိုမျိုး မိသားစုကြီးအတွက် ကြက်နှင့် ဘဲတွေ ဘယ်တော့မှ များသည်ဟူ၍မရှိပါချေ။မှန်ပေသည်၊ လက်ရှိမှာ ကြက်နှင့် ဘဲတွေ အများကြီးရှိနေသည်။


ဤကြက်နှင့် ဘဲများသည် အလွန်ဝဖြိုးသောကြောင့် တစ်ပြိုင်နက် ရောင်းကုန်သွားကာ ဘဏ္ဍာစိုးကျန်းကို ကျေနပ်သွားစေသည်။ထို့ကြောင့် သူက နောက်တစ်ကြိမ် ကြက်နှင့် ဘဲများရောင်းရန်ရှိပါက သူတို့ထံ တိုက်ရိုက်ပို့ပေးနိုင်ကြောင်း ကျောက်ဖူကွေ့ကို တိုက်ရိုက်ပြောပြခဲ့သည်။ ထို့အပြင် ကျန့်မိသားစုမှ ဘဏ္ဍာစိုးသည် ဘဲဥများကို လိုချင်သည်။ကျန့်မိသားစုတွင် ကိုယ်ပိုင်သင်္ဘောယာဥ်တစ်စုရှိပြီး ဘဲဥဆားစိမ်များသည် သင်္ဘောသားများ၏ အကြိုက်ဆုံးအစားအစာများထဲမှ တစ်ခုဖြစ်သည်။


ကျောက်ဖူကွေ့အတွက် ဘဏ္ဍာစိုးကျန့်ကဲ့သို့ သိက္ခာရှိသော ယောက်ျားတစ်ယောက်နှင့် ဆက်ဆံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။လျှာခလုတ်တိုက်သည်အထိ အလွန်ကို စိတ်လှုပ်ရှားနေပေမဲ့ ဘဏ္ဍာစိုးကျန့်က ပေါင်းသင်းရလွယ်သည်ကို သူတွေ့လိုက်ရသောအခါ နောက်ဆုံးမှာ စိတ်တည်ငြိမ်သွား၏။


ဘဏ္ဍာစိုးကျန်းက အမှန်ပင် အလွန်ဖော်ရွေတတ်သူဖြစ်သည်။သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ကျောက်ဖူကွေ့နှင့် စကားပြောပြီးနောက် ကျန်းကျန့် နှင့် ကျောက်ဖူကွေ့ တို့ကို ယဉ်ကျေးစွာလိုက်ပို့ခဲ့သည်။ ထို့နောက် လှည့်ပြန်

ကာ ကျန့်ရီကို ထိုအကြောင်းကို ပြောပြသည်။


"အဒီကျန်းကျန့်က ​သူ့လက်ထဲမှာ ငွေပြတ်လပ်နေတာမျိုးမရှိလောက်ဘူး... သူ့လက်အောက်မှာလည်း လူအတော်များများ ရှိတယ်...ကျောက်မိသားစုက ကြက်နဲ့ ဘဲတွေအတွက် အပေခံဖို့တောင် ဆန္ဒရှိလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားဘူး”


ဘဏ္ဍာစိုးက ဆိုလိုက်သည်။


“ဟုတ်တယ်...သူက ကျေးဇူးသိတတ်တဲ့သူပဲ”


ကျန့်ရီက ပြုံးပြီး ကျန်းကျန့်ကို ပို၍ပင် ကျေနပ်သွားသည်။မိမိနှင့်အလုပ်တွဲလုပ်သည့်လူက ကြင်နာမှုကို မည်သို့ပြန်ဆပ်ရမည်မှန်း သိသည့်အခါ မိမိအနေဖြင့် စိတ်ချနိုင်ပေသည်။ကျန်းကျန့်က သူ့မိဘတွေအပေါ် သားသမီးဝတ္တရားမကျေသည့်အတွက်မူ၊ကောင်းပြီး. . . မည်သို့ပင်ဖြစ်စေ သူ့မိသားစုက အတော်လေး လွန်ခဲ့သည်ပင်။


ကျန်းကျန့် နှင့် ကျောက်ဖူကွေ့တို့ ကြက်နှင့် ဘဲများကို ရောင်းချပြီးနောက်တွင် ကြက်ပေါက်နှင့် ဘဲပေါက်များကို ထပ်မံဝယ်ယူရန် သင်္ဘောကျင်းသို့သွားကာ ရောင်းချသူများနှင့်လည်း အကောင်ပိုဖောက်ထားရန်နှင့်ရက်အနည်းငယ်ကြာတွင် သူတို့အိမ်သို့ လာရောက်ရောင်းချရန် ဆွေးနွေးခဲ့၏။


ကျန်းကျန့် တွေးတောလိုက်သည်။ကျောက်ဖူကွေ့၊ကျောက်လျူနှင့်စန်းရှောင်ရှန်းတို့က ကြက်နှင့် ဘဲတစ်ရာကို မွေးမြူရန် ပြဿနာမရှိလောက်ပေ။


“အဖေ... အနာဂတ်မှာ ကြက်၊ ဘဲ မွေးမြူတဲ့အခါ တစ်ယောက်တည်း မလုပ်နဲ့...ခရုတွေ၊ ငါးလေးတွေအတွက် ကြက်ဥ၊ ဘဲဥတွေကို ရွာသားတွေနဲ့ အလဲအလှယ်လုပ်သင့်တယ်”


သူ ကျောက်ဖူကွေ့နှင့် စီးပွားရေးအကြောင်း ဆွေးနွေးခဲ့သည်။


ကျောက်ဖူကွေ့က အထပ်ထပ်အခါခါ ခေါင်းညိတ်လိုက်သည်။ကျန်းကျန့်၏ ဦးနှောက်က တကယ်ကောင်း၏။ စဉ်းစားကြည့်ပါက စပါးကိုလည်း ကြက်ဥနှင့် လဲလှယ်နိုင်သည်။


“ပြီးတော့ စားဖို့သောက်ဖို့လည်း ဝန်လေးမနေနဲ့...လူတစ်ယောက်က တစ်နေ့ (ကြက်)ဥနှစ်လုံး လိုအပ်တယ်”


ကျန်းကျန့်က ထပ်မံပြောသည်။


"တစ်နေ့ကို (ကြက်)ဥနှစ်လုံး... ဒီလိုမျိုး ငါတို့ဘယ်လိုလုပ်စားလို့ဖြစ်မှာလဲ"


ကျောက်ဖူကွေ့ ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်သော်လည်း သူ့စိတ်ထဲတွင် ပျော်လွန်း၍ သူပြန်လာသောအခါ ကျောက်လျူနှင့် မျှဝေရန် စီစဉ်နေပြီဖြစ်သည်။ ရွာသားတွေနှင့် အတင်းအဖျင်းပြောမည့်အစား သူက ကျောက်လျူနှင့်သာ စကားပြော၏။


ကျောက်ဖူကွေ့ အချိန်အတော်ကြာ စကားပြောပြီးနောက် ကျန်းကျန့် သူ့ကို တစ်နေ့ကို ကြက်ဥတစ်လုံး အနည်းဆုံးစားရန် စည်းရုံးနိုင်ခဲ့သည်။ သူနှင့် ကျောက်ကျင်းကော မရှိတော့ပါက ကျောက်ဖူကွေ့ နှင့် ကျောက်လျုတို့က အသားဝယ်စားရန် ဆန္ဒရှိမည်မဟုတ်ကြောင်း သူသိသောကြောင့် ကျောက်ဖူကွေ့ကို နေ့တိုင်းငါးဖမ်းခိုင်းလိုက်သည်။ အကောင်ကြီးတွေကို စားရန် အိမ်ပြန်ယူလာရမှာဖြစ်သလို ငါးရှဉ့်တွေရှိလျှင်လည်း ဘဲတွေကို ကျွေးမည့်အစား သူတို့ စားရပေမည်။


ငါးနှင့်ဥတွေကို နေ့တိုင်းစားသည်က သက်ကြီးရွယ်အိုတွေအတွက် လုံလောက်နေပြီဖြစ်သည်။ကျန်းကျန့်သူ့စိတ်တွေလျော့လိုက်ပြီး ဤတစ်ခေါက် သူထွက်သွားလျှင် အိမ်မှာ ဟင်းခတ်အမွှေးအကြိုင်တွေ၊ ဆီနှင့် ဆားတွေ ပိုပြင်ဆင်ထားသည်က အကောင်းဆုံးဖြစ်မည်ဟု တွေးလိုက်မိသည်။ကျောက်ဖူကွေ့နှင့်ကျောက်လျူက ချက်ပြုတ်သည့်အခါ ဆီပင် နှမြောကြသည်။


ကျန်းကျန့် နွေရာသီတွင် အချိန်အကြာကြီး မသိုလှောင်နိုင်သော ဝက်ဆီတစ်ဘူးကို ကျိုပြီး ခရီးမထွက်မီ အိမ်တွင်ထားခဲ့ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။


ကျန်းကျန့် နှင့် ကျောက်ဖူကွေ့တို့ အပြင်တွင် အလုပ်များနေချိန်တွင် ကျောက်လျူက ကျောက်ကျင်းကော နှင့် အစားအသောက်ပြင်ဆင်နေသည်။သူတို့ ကြက်တစ်ကောင်ကိုသတ်လိုက်ပြီး ၎င်းနောက် ဖမ်းမိသည့်ငါးရှဉ့်ကို ထုတ်ယူပြီး တိုင်ကီထဲမှာ ထည့်ထားလိုက်သည်။ကျောက်လျူသည် ကျန်းကျန့်က ငါးရှဉ့်အစားခြင်းကို အထူးနှစ်သက်ပုံရကြောင်းကို တွေ့ရှိသည်မှာ ကြာပြီဖြစ်သောကြောင့် သူတို့ ၎င်းကို သူ့အတွက် အထူးသီးသန့်ချန်ထားခဲ့သည်။


"ကျင်းကော... မင်းနဲ့ကျန်းကျန့် အဆင်ပြေရဲ့လား... သူက မင်းအပေါ် ကောင်းရဲ့လား"

ကျောက်လျူက သူမသားကို မေးလိုက်သည်။


"အမေ...သူက ကျွန်တော့်အပေါ် အရမ်းကြင်နာတယ်"


ကျောက်ကျင်းကောက ဖြေလိုက်သည်။


ကျန်းကျန့်က သူ့အပေါ် တကယ်ကောင်းပြီး ယင်းက သူ့ကို တစ်နေ့မှာ ကျန်းကျန့်က သူ့ကို မကြိုက်တော့မှာကို အမြဲကြောက်မိနေစေသည်။နောက်တစ်နေ့တွင် ကျန်းကျန့်သည် တစ်နေကုန် ခေါင်းငုံ့ထားကာ စကားပြောရသည်ကို မကြိုက်သော အကြီးဆုံးကျန်း အဖြစ်သို့ ပြန်ပြောင်းသွားသည်ဟု သူအိပ်မက်မက်ခဲ့သည်။သူ သူ့ကိုကြိမ်ဖန်များစွာ ခေါ်ဆိုသော်လည်း လျစ်လျူရှုခံခဲ့ရသည်။


"ဒါဆို မင်းတို့နှစ်ယောက် ညဘက် ဘယ်လိုနေလဲ"

ကျောက်လျူက ထပ်မေး၏။


"အမေ..."

ကျောက်ကျင်းကောက ခေါင်းငုံ့ကာ ရှက်ရွံ့နေလေသည်။


“ညဘက် အဆင်ပြေတာ ကောင်းပါတယ်...ဒီနည်းနဲ့ဆို ကလေးစောစောယူနိုင်မှာ”


ကျောက်လျူက ဆိုလိုက်၏။

“အဲဒါနဲ့ပတ်သတ်ပြီး ပြောရရင် မင်းလက်ထပ်ပြီးတာ နှစ်လလောက်ရှိပြီ... မင်းဗိုက်ထဲမှာ ကလေးရှိနေပြီးလောက်တယ်...”


ကျောက်လျူက အစပိုင်းတွင် ရွှင်မြူးစွာပြောခဲ့သော်လည်း လျှင်မြန်စွာ မျက်မှောင်ကြုတ်သွားပြန်သည်။


“ဒီလိုဆိုရင် သူနဲ့ မြို့တော်ကို သွားရတာ မဆိုးဘူးမလား”


ကျန်းကျန့်က ကျောက်လျူကို သူတို့ မြို့တော်ကို သွားမယ့်အကြောင်း ပြောထားပြီးသားဖြစ်၏။ကျောက်လျူက ကျန်းကျန့်အတွက် မြို့တော်ကို သွားရသည်က ကောင်းသည့်ကိစ္စဟုခံစားရပေမဲ့ ကျောက်ကျင်းကောအတွက်မူ. . .


"အမေ... ဘာမှမဖြစ်ပါဘူးဟုတ်တယ်မလား... ရွာထဲက ဘယ်အမျိုးသမီးပဲဖြစ်ဖြစ် ကောပဲဖြစ်ဖြစ် ကလေးမမွေးမချင်း အလုပ်မလုပ်ရတာဘယ်သူရှိလို့လဲ"


ကျောက်ကျင်းကောက ပြောလိုက်သည်။


တစ်ချို့လူတွေက ကလေးကိုယ်ဝန်ဆောင်ထားသည့် သူတို့၏ဇနီးများကို သနားပြီး ဥတချို့ သို့မဟုတ် တစ်ခုခုပေးကြပေမဲ့ ထိုအမျိုးသမီးတွေက အလုပ်ဆက်လုပ်ရသေးသည်။ မိသားစုအများစုမှာ လူအင်အား နည်းပါးသောကြောင့် လူတိုင်းလယ်ကွင်းသို့ သွားရန်လိုအပ်သည်။


ယခင်က သူ စပါးပျိုးပင်များ စိုက်ရန် အလွန်အလုပ်များနေချိန်တွင် ကျောက်ကျင်းကော စပါးစိုက်နေသည့် ဗိုက်ကြီးသည် အမျိုးသမီးတစ်ဦးကို တွေ့ခဲ့ရသည်။ သူမ၏ခြေထောက်နှစ်ဖက်စလုံးသည် ရွှံ့ထဲတွင်နစ်နေသောကြောင့် သူမ၏ခါးသည် အလွန်အကျွံကွေးရန် မလိုအပ်ဘဲ လျင်မြန်စွာ ပျိုးစိုက်ခဲ့သည်။ နောက်ပိုင်းမှာ ဗိုက်နာသဖြင့် ရေချိုးပြီး အိမ်ပြန်သွားသည်။ သိပ်မကြာခင်မှာပဲ သမီးလေးတစ်ယောက်မွေးသည်ဆိုသည့် သတင်းထွက်လာ၏။


သူက အိမ်ထောင်ပြုပြီး ကလေးရှိရလောက်အောင် ကံကောင်းသည်ဆိုလျှင်ပင် မွေးပြီးသည်အထိ အလုပ်လုပ်ရလိမ့်မည်ဟု သူထင်ခဲ့ဖူးသည်။ ယခုမူ သူက အပြင်ထွက်ပြီး သင်္ဘောပေါ်လိုက်ကာ ရံဖန်ရံခါ ကုန်စည်များ ရွေ့ရုံလောက်လုပ်ရသည်။


ကျောက်လျူ ထိုအကြောင်းကို တွေးလိုက်သောအခါတွင် သူမလည်း အဆင်ပြေလိမ့်​မည်ဟု ခံစားရသည်။ သူတို့ရွာကလူတွေက မြို့ကလူတွေလောက် မနုနယ်ပေ။ပြီးလျှင် . . . သူမသားကို မြန်မြန်ကလေးရစေချင်ပေမဲ့ တကယ်တမ်းမှာ သူမက

နှုတ်နှင့် ဆောင်မပေးရုံသာဖြစ်ပြီး မျှော်လင့်ချက် သိပ်မရှိပါချေ။


ကျန်းကျန့်နှင့် ကျောက်ဖူကွေ့တို့ မနက်ခင်းအပြင်ထွက်သွားသည့်အခါ ကြက်နှင့်ဘဲတွေကို သူတို့နှင့်အတူ ယူသွားခဲ့ကြပေမဲ့ နေ့လယ် ပြန်လာသည့်အခါမှာတော့ နူးညံ့သော ကြက်ပေါက်ကလေးတွေနှင့် ဘဲပေါက်ကလေးတွေဖြင့် အစားထိုးခံလိုက်ရသည်။


ကျောက်လျူက ယခုအခါ ကြက်ပါက်များနှင့် ဘဲပေါက်များကို အလွန်နှစ်သက်နေပြီဖြစ်ပြီး သူမ ၎င်းတို့ကို တစ်ကောင်ချင်း လိုက်ထိခဲ့ကာ နေ့လည်စာစားပြီးနောက်တွင် ထိုအရာသေးသေးလေးများအတွက် အစားအစာများကို ထပ်မံ၍ ကျဲလိုက်သည်။


အခြားတစ်ဖက်တွင် ကျန်းကျန့်က ဝမ်ဟိုင်ရှန်း နှင့်ဟယ်ညီအစ်ကိုတို့ကို သူတို့၏ရွာမှခေါ်ခဲ့သည်။၎င်းနောက် ကျောက်ဖူကွေ့ကို ကြက်နှင့် ဘဲအညစ်အကြေးများကို သန့်ရှင်းရေးလုပ်ခြင်းကဲ့သို့သော သူ၏အလုပ်တွင်ကူညီပေးခဲ့သည်။ ယနေ့ခေတ်တွင် ဓာတုဓာတ်မြေဩဇာများ မရှိဘဲ ကြက်ချေးနှင့် ဘဲချေးမြေဩဇာသည် ကောင်းမွန်သော အရာဖြစ်သည်။ကျောက်လျူ နှင့် ကျောက်ဖူကွေ့တို့က အများစုကို ကိုယ်တိုင်အသုံးပြုရန်အတွက် သိမ်းဆည်းထားပြီး ကျန်တစ်ဝက်ကို အခြားသူများအား ပေးခဲ့သည်။မြေဩဇာများ ပေးသောအခါတွင် စကားအနည်းငယ်ပြောရမည်မှာ မလွဲဧကန်ပင်။


"ကျန်းကျန့်က အရမ်းကိုတော်ရှာတာ... ပြန်ရောက်တာနဲ့ အလုပ်ပြန်လုပ်ပြီး အနားတောင် မယူဘူး...ဖူကွေ့က သူ့ကိုကူညီချင်ပေမဲ့ သူလုပ်မယ်လို့ပြောပြီး တားလိုက်တယ်"


ကျောက်လျူ၏ မျက်နှာပေါ်ရှိ ဘဝင်ခိုက်နေသော အကြည့်သည် လူအများကို အားကျမနာလို ဖြစ်စေခဲ့သည်။


"ကျန်းကျန့်က အမြဲတမ်း အလုပ်ကြိုးစားတယ် ”


ကျောက်လျူနှင့်စကားပြောသည့်လူက တမ်းချင်းချလိုက်သည်။


“အရင်တုန်းက ကျန်းမိသားစုမှာ မြေအများကြီးရှိပြီး မြေသြဇာအလုံအလောက်မရှိဘူးလေ...အဲဒီတုန်းက သူက မြေသြဇာအဖြစ်သုံးဖို့ ရွှံ့ရေကန်တူးဖို့ မြစ်ကိုတောင်သွားခဲ့ပေမဲ့ အခုတော့ သူမပါတော့...ကျွတ်.ကျွတ်..အဲဒီကျန်းမိသားစုရဲ့ မြေက ရိတ်သိမ်းမှု အနည်းဆုံး ဆယ်ပုံတစ်ပုံလောက် အထိ လျော့သွားတယ်”


ရေကန်ထဲက ရွှံ့တွေကို ဓာတ်မြေသြဇာအနေနှင့်လည်း သုံး၍ရပေမဲ့ လုပ်ရန်က အလွန် ပင်ပန်းပြီး ခြောက်ရန် ရက်နှင့်ချီ လိုအပ်သောကြောင့် ပုံမှန်အားဖြင့် ဘယ်သူမှ မလုပ်တတ်ကြပါချေ။


“ဟုတ်တယ်...သူက အတော်လေးကို အလုပ်ကြိုးစားတာ...ငါတို့မိသားစုကျင်းကောက အလုပ်ကြိုးစားတယ်လို့ ငါထင်ခဲ့ပေမဲ့ အခုတော့ ...ဒီတစ်ခေါက် သူ အပြင်သွားတုန်းက ကျန်းကျန့်ကိုတောင် သူ့အတွက် ချက်ပြုတ်ပေးခိုင်းတယ်လို့ ကြားတယ်ဟယ်..."


ကျောက်လျူက ကျန်းကျန့်ကို ထပ်မံကြိမ်းမောင်းပြန်သည်။

(ဟုတ်တယ်၊ ဆူပူကြိမ်းမောင်းပြီး တစ်ချိန်တည်းမှာကြွားနေတာ XD)


သူတို့ပြောနေကြစဉ်တွင် လူများစွာက ၎င်းတို့ပြောသည်ကိုကြားခဲ့ပြီး မကြာမီတွင် တစ်စုံတစ်ဦးက ကျောက်လျူအား ပြုံးပြကာဆိုသည်။


"ကျောက်လျူ စကားရပ်လိုက်ပါ... အဘွားကြီးကျန်းက နင့်ကို ဒေါသထွက်နေတာ မမြင်ဘူးလား...ကျွတ်ကျွတ်... သူ့မှာ ခက်ခဲတဲ့အချိန်ရှိကိုရှိနေမှာ"


အစောပိုင်းက အဘွားကြီးကျန်းလည်း သူတို့နှင့်အတူ အလုပ်တွဲလုပ်ခဲ့သည်။


ကျောက်လျူက အပြင်ထွက်ပြီး အဘွားကြီးကျန်းကို ဒေါသထွက်အောင်လုပ်နေချိန် တစ်ဖက်မှာ ကျန်းကျန့် ၊ကျောက်ဖူကွေ့နှင့် တခြားသူတွေက ကြက်နှင့်ဘဲများ မွေးမြူထားသည့် နေရာကို သန့်ရှင်းရေးလုပ်ကြ၏။သူတို့က ဟင်းသီးဟင်းရွက်စိုက်ရန် မြေကို ထွန်ယက်ပြီး ခြံစည်းရိုးတစ်ခုနှင့် ခြားထားသည်။


အသီးအရွက်များ ကြီးထွားလာသောအခါတွင် ကြက်နှင့် ဘဲများက ၎င်းတို့ကို မထိခိုက်စေအောင်ထားရသည်။သို့ပေမဲ့ ကြီးပြင်းလာသောအခါတွင်မူ ကြက်ဘဲများကို လွှတ်ပေးကာ စားချင်သလောက်စားခိုင်းနိုင်၏။


"အဖေ...နောက်တစ်ခါ ကြက်ဥနဲ့ ဘဲဥတွေ ပို့ပေးဖို့ ကျန့်အိမ်ကို သွားတဲ့အခါ အသီးအရွက်တွေလည်း ခူးသွားလို့ ရတယ်"


ကျန်းကျန့် သူ၏ တစ်နေ့တာ အလုပ်များ ပြီးမြောက်ပြီးနောက် ပြောလိုက်ပြီး မြစ်ထဲတွင် သန့်ရှင်းရေး လုပ်ရန် သွားခဲ့သည်။


နွေရာသီတွင် သူတို့အားလုံး ရေချိုးရန် မြစ်ထဲသို့ သွားကြပြီး အမျိုးသမီးများနှင့်ကောများပင် ခြွင်းချက်မရှိသော်လည်း ချိုးရလျှင်ပင် မိန်းမပျိူများနှင့် ကောများက ပုန်းအောင်းပြီး အလှည့်ကျ ချိူးကြပြီး အများစုမှာ အဝတ်အစားများ ဝတ်ထားဆဲဖြစ်သည်။သို့သော်လည်း အသက်ကြီးသူများကမူ . . .


ကျန်းကျန့်၊ကျောက်ဖူကွေ့နှင့် အခြားသူများသည် မြစ်ထဲတွင် ရေချိုးနေကြသည်။ သိပ်မဝေးသည့်နေရာက လူလတ်ပိုင်းအမျိုးသမီးတချို့က သူတို့ကို ကြည့်ကာ ရယ်မောပြီး ပြုံးနေသည်ကို တွေ့လိုက်ရ၏။


"ကျန်းကျန့်ရဲ့ ခန္ဓာကိုယ်က တကယ်ကို သန်တဲ့ပုံပဲနော်"


"ဒီကျောက်ဖူကွေ့ အရမ်းအိုနေပြီဆိုပေမဲ့ စိတ်ဝင်စားဖို့ကောင်းတုန်းပဲ"


“ဟယ်မိသားစုထဲက ညီအစ်ကိုနှစ်ယောက်ကလည်း မဆိုးပါဘူး”