အပိုင်း၁၄
Viewers 28k

Chapter 14

Chapter 14





ဖန်ယွီ လက်ကောက်၀တ်နာကျင်‌သွားသည့်အတွက် ဒေါသထွက်သွားပြီး အောက်ငုံ့ကြည့်လိုက်လေသည်။


ထိုအခါ သူက မည်သည့်လှုပ်ရှားမှုမှ မလုပ်ထားသကဲ့သို့ ဖြစ်နေသည့် ကျိယွီရှောင်ကို တွေ့လိုက်ရလေသည်။


ကျိယွီရှောင်က တစ်ဖက်လူ၏လက်ကို လွှတ်လိုက်ပြီး စားသောက်ဆိုင်မန်နေဂျာထံမှ တစ်ရှူးလှမ်းတောင်းလိုက်ကာ ဖန်ယွီကို ကိုင်ထားခဲ့သည့် လက်အား သုတ်လိုက်သည်။


“မင်းနဲ့ မိတ်ဆက်ပေးမယ်...ဒါ ငါ့ရဲ့သတို့သားလောင်းပဲ...”


ဖန်ယွီ တစ်ခဏလောက် တုန်လှုပ်သွားပြီး မယုံကြည်နိုင်စွာဖြင့် လင်းလော့ချင်းကို ကြည့်လိုက်လေသည်။


"မင်းက သူ့ရဲ့သတို့သားလောင်း...”


လင်းလော့ချင်း တစ်ဖက်လူ၏အံ့ဩနေသည့်စကားလုံးများကို ကြားလိုက်ရ‌ပြီးနောက် အကြည့်များစွာက သူ့အပေါ် ကျရောက်လာသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအခါ သူ့နှုတ်ခမ်းထောင့်က မြှင့်တက်သွားပြီး ကြင်နာနွေးထွေးသည့်အပြုံးဖြင့် ပြောလိုက်သည်။


“ဟုတ်ပါတယ်..."


ဖန်ယွီ :"..."


သူ တစ်ခု‌ခုပြောရန် လုပ်လိုက်စဥ် မနီးမဝေးမှ အံ့ဩနေသည့် အသံတစ်သံကို ကြားလိုက်ရ၏။


“ယွီရှောင် မင်းက ဒီ‌‌ရောက်နေတယ်...”


လင်းလော့ချင်း အသံပိုင်ရှင်ကို လှမ်းကြည့်လိုက်သောအခါ တီရှပ်အဖြူရှောင် ၀တ်ထားသည့် လူငယ်တစ်ယောက်က သူတို့ဆီ လျှောက်လာသည်ကို တွေ့လိုက်ရသည်။ တစ်ဖက်လူက နှစ်လိုဖွယ်ကောင်းသော သန့်ပြန့်သည့် အသွင်အပြင်ရှိလေသည်။ ယင်းက လူများကိုကောင်းမွန်သည့်ခံစားချက်အား ပေးစွမ်းနိုင်၏။


လူငယ်က ကျိယွီရှောင်ဆီသို့ ခပ်သွက်သွက်လမ်းလျှောက်လာပြီး ပျော်ရွှင်‌နေသောအသံဖြင့်ပြောလိုက်သည်။


“မင်းအပြင်ထွက်ဖို့ ဆန္ဒရှိသွားပြီပေါ့...နောက်ဆုံးတော့ မင်းအပြင်ထွက်လာပြီပေါ့..."


ထိုအခါ ကျိယွီရှောင်က တည်ငြိမ်စွာ အဖြေပြန်ပေးလိုက်လေသည်။


“အင်း လော့ချင်းက စတိတ်စ်စားချင်နေတယ်လေ...ဒါကြောင့် ငါ သူနဲ့စားဖို့ အ‌ဖော်လိုက်လာပေးတာ..."


ကျိယွီရှောင်က ထိုသို့ပြန်ပြောလိုက်သောအခါ တီရှပ်အဖြူရောင်၀တ်ထားသော လူငယ်၏အပြုံးက ချက်ချင်းပျောက်ကွယ်သွားလေသည်။ ထိုအခါမှ သူက ကျိယွီရှောင်၏ဝှီးချဲလ်နောက်တွင် ရပ်နေတဲ့သူကို သတိပြုမိသွားပြီး လင်းလော့ချင်းကို ခေါင်းမော့ကြည့်လိုက်သည်။


ထိုအခါ ဖန်ယွီက စိတ်အားထက်သန်စွာ ၀င်ပြောလိုက်လေသည်။


“ ရှောင်၀မ် မင်းမသိ‌သေးဘူးမလား...ကျိယွီရှောင်က ပြောတယ်...သူက သူ့ရဲ့သတို့သားလောင်းတဲ့..."


ထိုအခါ ချွီစီ၀မ်၏မျက်လုံးများက သူကြားခဲ့လိုက်ရသည့် စကားကို မယုံကြည်နိုင်သည့်အတွက် အံ့ဩမှုများနှင့် ပြည့်နှက်နေလေသည်။


သူက လင်းလော့ချင်း ထိုစကားအား ငြင်းပယ်ရန် မျှော်လင့်တကြီး ကြည့်လိုက်သော်လည်း တစ်ဖက်လူ၏အသံကို ကြားလိုက်ရလေသည်။


“ဟုတ်တယ်...ငါတို့က မကြာခင်လက်ထပ်ကြတော့မှာ...”


ချွီစီ၀မ် စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း ပြန်ပိတ်လိုက်လေသည်။


သူက လင်းလော့ချင်းကို စူးစိုက်ကြည့်နေပြီး သူ့လက်များကလည်း မထိန်းချုပ်နိုင်စွာ တုန်ရီနေ၏။


သူက ခေါင်းငုံ့လိုက်ပြီး ဝှီးချဲလ်ပေါ်မှ ကျိယွီရှောင်ကို ကြည့်ကာ မေးလိုက်လေသည်။


"သူက မင်းရဲ့သတို့သား‌‌လောင်းဆိုတာ ဟုတ်လား..."


ကျိယွီရှောင်၏အမူအရာက ဤသည်တို့ကိုအနှောင့်အယှက်ဖြစ်လာပုံ ပေါ်လာပြီး တစ်ဖက်လူ၏မေးခွန်းကို ပြန်မဖြေတော့ချေ။ လင်းလော့ချင်းကိုသာ လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။


“မင်းဗိုက်ဆာနေပြီမလား...သွားကြရအောင်...”


သူ့၏အသံက ညင်သာနူးညံ့နေကာ ချီစီ၀မ်ကိုအပ်တစ်ချောင်းနှင့် ထိုးဆွနေသကဲ့သို့ ခံစားရစေလေသည်။


“သူက တကယ် မင်းရဲ့သတို့သားလောင်းလား...”


“မဟုတ်ရင်...”


ကျိယွီရှောင်က တစ်ဖက်လူကို ပျင်းရိစွာ ကြည့်လိုက်‌လေသည်။


“အသုံးမ၀င်တဲ့စကား‌တွေ များလွန်းတယ်...”


ထိုအခါ ဖန်ယွီက ချက်ချင်းဆိုသလို ဒေါသထွက်သွားပြီး ပြောလိုက်သည်။


“မင်း ရှောင်၀မ်ကို ဘယ်လိုပြောလိုက်တာလဲ...သူက မင်းကိုဂရုစိုက်‌တဲ့ဟာကို...”


ကျိယွီရှောင်က သူတို့အပေါ် အာရုံမစိုက်ချေ။ လင်းလော့ချင်းကိုသာ ကြည့်ပြီး ပြောလိုက်လေသည်။


“မင်းဗိုက်ဆာ‌နေတာ မဟုတ်လား...”


လင်းလော့ချင်း ရှေ့မှ ပြဇာတ်ကို ကြည့်ပြီးစဉ်းစားနေစဉ် ကျိယွီရှောင်ပြောလာသည်ကိုကြားလိုက်ရ‌သောအခါ ဝှီးချဲလ်ကို တွန်းလိုက်လေသည်။


ချီစီ၀မ်က ကျိယွီရှောင်၏နောက်ကျောကို စိုက်ကြည့်နေပြီး အချိန်အတော်ကြာ မလှုပ်ရှားနိုင်ခဲ့ပေ။ ဖန်ယွီက ရှောင်၀မ်အတွက်စိတ်မကောင်းဖြစ်သွားပြီး သူ့ဘေးမှာ ရပ်နေကာ နှစ်သိမ့်ပေးနေလေသည်။


သို့သော်ငြားလည်း နှစ်သိမ့်စကားအချို့ပြောပြီးနောက် ချွီစီ၀မ်က လင်းလော့ချင်းနောက်သို့ ရုတ်တရက် လိုက်သွားပြီး သီးသန့်ခန်းထဲသို့ ၀င်သွားလေသည်။


“ငါလည်း မစားရ‌‌သေးဘူး...တူတူစားကြတာပေါ့..."


သူ ပြောလိုက်ပြီး ထိုင်ခုံကို ဆွဲထုတ်ကာထိုင်ရန်လုပ်လိုက်သည်။


ထိုအခါ ကျိယွီရှောင်ကတစ်ဖက်လူကို အေးစက်စွာ ကြည့်လိုက်ပြီး ပြောလိုက်သည်။


“ငါက ငါ့သတို့သားလောင်းနဲ့စားမလို့...မင်းက ဒီမှာ ဘာလာလုပ်တာလဲ..."


လင်းလော့ချင်း တိတ်ဆိတ်စွာ ထိုင်နေပြီး စားပွဲပေါ်တွင် အသင့်ချထားသည့်အသီးပန်းကန်

ထဲမှ ဖရဲသီးကို စားလိုက်ကာ ဖရဲသီး(ဒီဖရဲသီးကပွဲကြည့်တာကိုပြောတာ)ထိုင်စားနေလိုက်လေသည်။


“ဟုတ်သားပဲ...”


ဖန်ယွီက ချွီစီဝမ်ကို ပြောလိုက်သည်။


"ရှောင်၀မ် သွားကြရအောင်...ဘာလို့ သူတို့နဲ့အတူစားမှာလဲ...မင်း စား၀င်နိုင်လို့လား..."


သို့သော် ချီစီ၀မ်က ထွက်မသွားပေ။ သူက ကျိယွီရှောင်ကို ကြည့်လိုက်ပြီး တည့်တည့်မေးလိုက်သည်။


“မင်း လုပ်ရဲလား..."


လင်းလော့ချင်း၏စိတ်ထဲတွင် အံ့အားသင့်သွားခဲ့‌သော်လည်း ဖရဲသီးသာ ဆက်စားနေလိုက်လေသည်။


သို့သော် သူ စားနေစဥ် ကျိယွီရှောင်က မီနူးစာအုပ်ကိုချလိုက်ပြီး သူ့ကို ပြုံးပြလာလေသည်။


လင်းလော့ချင်း : "!!!"


လင်းလော့ချင်း၏လက်က တုန်ရီလာပြီးစားနေသည့်ဖရဲသီးကိုပင် မကိုင်နိုင်တော့ချေ။


“ဖရဲသီးက ချိုလား..."


ကျိယွီရှောင် မေးလိုက်သည်။


“ချိုတယ်...”


လင်းလော့ချင်းက နာခံနေသကဲ့သို့ ဟန်ဆောင်ကာ မျက်တောင်ခတ်လိုက်လေသည်။


“မင်းအရသာရှိတာ စားနေတယ်ဆိုတော့ မင်းအနာဂတ်ခင်ပွန်းကို ဘာပြောရမလဲ...”


လင်းလော့ချင်း :"..."


လင်းလော့ချင်းက ဖရဲသီးတစ်စိတ်ကို ယူလိုက်ပြီး စားပွဲတစ်ဖက်ခြမ်းကို လျှောက်သွားကာ မေးလိုက်သည်။


“ ကော စားချင်လား..."


သူ ပြောပြီးသည်နှင့် ကျိယွီရှောင်ထံ ဖရဲသီးပေးလိုက်လေသည်။


ကျိယွီရှောင်က တစ်ကိုက်လှမ်းကိုက်လိုက်ကာ ပြောလိုက်သည်။


"ချိုတယ်..."


“ဟုတ်တယ်‌နော်..."


လင်းလော့ချင်း ပျော်ရွှင်စွာ ပြောလိုက်သည်။


“ငါလည်း ချိုတယ်လို့ထင်တယ်..."


“မင်း တခြားဘာစားချင်သေးလဲ..."


ကျိယွီရှောင်က မီနူးစာအုပ်ကို လင်းလော့ချင်းအား ပြလိုက်သည်။


လင်းလော့ချင်း မီနူးစာအုပ်ကို ကြည့်လိုက်သောအခါ သူ မစားရသေး‌သည့်အစားအစာများ အများကြီးရှိနေသည်ကို တွေ့လိုက်ရလေသည်။


“ ကောမှာလိုက်လေ...ကောက ဒီနေရာနဲ့ ပိုရင်းနှီးတယ်..."


“ အိုကေ...”


ကျိယွီရှောင်က မငြင်းဆန်ခဲ့ပေ။ သူက မန်နေဂျာကို စကားအနည်းငယ် ပြောလိုက်ပြီးနောက် ပြန်လွှတ်လိုက်သည်။


သူပြောပြီးသည်နှင့် လင်းလော့ချင်းဘက်လှည့်လိုက်သည်။ ထိုအခါ လင်းလော့ချင်းက လက်ထဲမှ ဖရဲသီးစိတ်ကို မြန်မြန်လှမ်း‌ပေးလာလေသည်။


"စားဦးမလား...”


ကျိယွီရှောင်က တစ်ဖက်လူ၏လိမ္မာပါးနပ်မှုကို သဘောကျသွားပြီး ခေါင်းငုံ့ကာပြုံးလိုက်သည်။ ထို့နောက် လက်မြှောက်လိုက်ကာ လင်းလော့ချင်း၏ခေါင်းကို ထိလိုက်ပြီး ပွတ်လိုက်လေသည်။


ချီစီ၀မ် ကျိယွီရှောင်၏မျက်နှာ‌ပေါ်မှအပြုံးနှင့် သူ မမြင်ဖူးသည့်အပြုအမူကို ကြည့်နေပြီး နောက်ဆုံးတွင် လှည့်ထွက်သွားလိုက်လေသည်။


‌ဖန်ယွီလည်း ချီစီ၀မ်နောက်သို့ မြန်မြန်လိုက်သွား‌‌လေသည်။


လင်းလော့ချင်း သူတို့ထွက်သွားသည်ကိုမြင်လိုက်‌သောအခါ ကြည့်စရာပြဇာတ်မရှိတေ့ာသည့်အတွက် လက်ထဲမှ ဖရဲသီးကိုစားလိုက်စဉ်နူးညံ့သောစကားသံကို ကြားလိုက်ရသည်။


“ငါ စားထားတဲ့ဖရဲသီးက အလောတကြီးစားလောက်အောင် အရသာရှိတယ်ပေါ့..."


လင်းလော့ချင်း၏လည်ချောင်းထဲမှဖရဲသီးကြောင့် နင်လုမတတ်ဖြစ်သွားပြီး အချိန်အ‌တော်ကြာချောင်းဆိုးလိုက်ကာ နီရဲနေသောမျက်နှာဖြင့် ကူရာမဲ့စွာ ရှင်းပြလိုက်သည်။


"ငါ အဲ့ဒါကို အာရုံမစိုက်ပါဘူး..."


“ဟုတ်တယ်...မင်းအာရုံမစိုက်ဘူး...မင်းရဲ့နတ်ဘုရားနဲ့သွယ်၀ိုက်အနမ်းကို အာရုံမစိုက်ဘူး..."


လင်းလော့ချင်း :"..."


လင်းလော့ချင်း၏မျက်နှာက ပိုနီရဲလာလေသည်။


ကျိယွီရှောင်က လင်းလော့ချင်း၏ထိုကဲ့သို့သော ပုံစံကို မြင်ရ‌သောအခါ ရယ်လိုက်ပြီး ဝှီးချဲလ်နောက်ကိုမှီကာ သူရှေ့မှလူကို ပြောလိုက်သည်။


"ပြန်ယူသွားပြီး စား...ဒါက မင်းရဲ့နတ်ဘုရားကမင်းကို ဆုချတာပဲ..."


လင်းလော့ချင်း :"..."


လင်းလော့ချင်း ဒေါသထွက်သွားပြီး သူ့ထိုင်ခုံဆီသို့ ပြန်လျှောက်သွားလိုက်ကာ ဒေါသတကြီးဖြင့် လက်ထဲမှဖရဲသီးကို ကုန်‌အောင်စားလိုက် လေသည်။


ထို့နောက် အလွန်ဗိုက်ဆာနေသည့်အတွက် စတိတ်စ်လာမချပေးမီ သူရှေ့မှအသီးများကို ထိုင်စားနေလိုက်သည်။


ကျိယွီရှောင် ယင်းကို မြင်‌သောအခါ ဘဲလ်တီးလိုက်ပြီး စားပွဲထိုးကို အဆာပြေကိတ်မုန့်အချို့မှာလိုက်သည်။


“မင်းဗိုက်ကိုအရင်ဖြည့်လိုက်...အသီး‌တွေ ထပ်မစားနဲ့တော့..."


လင်းလော့ချင်းက မငြင်းဆန်ခဲ့ပေ။ ကိတ်မုန့်များ လာချပေးသောအခါ ဇွန်းဖြင့် ခပ်စားလိုက်သည်။


ကျိယွီရှောင်က လင်းလော့ချင်းစားနေသည်ကိုတိတ်တဆိတ်ကြည့်နေလိုက်သည်။ သူက လင်းလော့ချင်း၏စိတ်နေသဘောထားကို အနည်းငယ် နားလည်သွားလေသည်။


“သူ ငါ့ကိုကြိုက်တာ...”


ကျိယွီရှောင်က တည်ငြိမ်စွာ ပြောလိုက်သည်။


လင်းလော့ချင်းက ချက်ချင်းခေါင်းမော့လိုက်ပြီး သိချင်စိတ်အပြည့်နှင့် ကြည့်နေလိုက်သည်။


“တီရှပ်အဖြူ‌ရောင်၀တ်ထားတဲ့ တစ်ယောက်က ချီစီ၀မ်လို့ခေါ်တယ်...သူက ငါ့ကိုကြိုက်တဲ့သူ...ဒါပေမဲ့ ငါက သူ့ကိုမကြိုက်ပါဘူး...ဒါကြောင့် ငါတို့ကြားမှာဘာမှမရှိဘူး...,မင်းစိတ်မပူနဲ့...”


‘ငါစိတ်မပူပါဘူး...’


လင်းလော့ချင်း တွေးလိုက်သည်။ သို့သော် လူတိုင်းက အတင်းအဖျင်းများကို နှစ်သက်သည့်အတွက် လင်းလော့ချင်းခေါင်းငြိမ့်လိုက်ပြီး သိချင်စိတ်ပြင်းပြသည့်မျက်လုံးများနှင့် ဆက်ကြည့်နေလိုက်သည်။


ကျိယွီရှောင် တစ်ဖက်လူ၏တောက်ပနေသော မျက်လုံးများကို မြင်သောအခါ ပြောလိုက်သည်။


"အရမ်းစိတ်၀င်စားနေတယ်ပေါ့..."


“‌သေချာတာပါ့...မင်းက ငါ့ရဲ့သတို့သားလောင်းလေ...သူက ငါ့ရဲ့လူကိုတပ်မက်နေတာမဟုတ်ဘူးလား...ဒါ့ကြောင့် မင်းပြောတာကို အရမ်းစိတ်၀င်စားတယ်...*


ကျိယွီရှောင်က ပေါ့ပေါ့ပါးပါးရယ်မောလိုက်ပြီး မေးလိုက်သည်။


“တခြား မင်းဘာသိချင်သေးလဲ..."


လင်းလော့ချင်း :“ငါ့ကို ရိုက်ဖို့လုပ်တဲ့သူက ဘယ်သူလဲ...ချီစီ၀မ်နဲ့ ဘယ်လိုပတ်သတ်လဲ..."


ကျိယွီရှောင် :“သူက ဖန်ယွီ...သူက ချီစီ၀မ်ကိုကြိုက်တဲ့လူ..."


“‌ဪ”


လင်းလော့ချင်း ခေါင်းငြိမ့်လိုက်သည်။


'သူက ချီစီ၀မ်ကို ကြိုက်ပြီး ချီစီ၀မ်ကတခြားလူကို ကြိုက်တယ်....သူတို့ ဆက်နွယ်မှုတွေက မချိုမြိန်ဘူး...'


“သူ မင်းကို ဒီလို‌ပြောတာ မအံ့ဩတော့ဘူး..."


လင်းလော့ချင်းကဘတိုးညှင်းစွာ ပြောလိုက်သည်။


ကျိယွီရှောင် ခေါင်းငြိမ့်လိုက်သည်။


“တကယ်လို့ မင်း‌ နောက်ပိုင်းသူနဲ့ ထပ်တွေ့ပြီးသူ ဒီလိုမျိုးထပ်လုပ်ရင် ချီစီ၀မ်ကို နှစ်ဆပြန်ပေးဆပ်ခိုင်းလိုက်မယ်..."


လင်းလော့ချင်း၏ဇွန်းကိုင်ထားသည့်လက်က ရပ်သွားပြီး အံ့အားသင့်စွာ တစ်ဖက်လူကို ကြည့်ပြီး မေးလိုက်သည်။


“တကယ်လား..."


“ သေချာတာပေါ့...ငါက မင်းရဲ့နတ်ဘုရားပဲလေ...."


လင်းလော့ချင်း :"..."


'အို‌ကေ...ကိုယ်ပြောခဲ့တာတွေကို ကိုယ်တာ၀န်ယူရမှာပေါ့...သူ လိမ်နေခဲ့တာလို့မှ မပြောနိုင်တာ...ဘယ်သူက ကျိယွီရှောင်ကို နတ်ဘုရားလို့ ပြောခဲ့တာလေ...အခုတော့ ကျိယွီရှောင်က အဲ့စကားလုံးကို စွဲလမ်းနေပြီ...သူ လက်ခံရုံပဲ ရှိတော့တယ်...'


“အာ ဒါက သိပ်မမှန်ဘူး...”


ကျိယွီရှောင်က ဆက်ပြောလိုက်သည်။


“ငါက မင်းရဲ့နတ်ဘုရားဖြစ်ရုံတင်မကဘူး...,မင်းရဲ့ခင်ပွန်းဆိုလည်း ဟုတ်တယ်...မင်းတကယ်ပျော်ရွှင်သင့်တယ်...မင်းရဲ့တိတ်တခိုးအချစ်တွေက တကယ်ဖြစ်လာပြီ...ငါမင်းကို အားကျသား...မင်းရဲ့ကျောင်းသားဘ၀က ဒီလိုပြီးပြည့်စုံတဲ့သူကိုကြိတ်ကြိုက်နေခဲ့ရတာ...တကယ့်ကိုမနာလိုစရာပဲ...”


လင်းလော့ချင်း :"!!!"


ဘယ်လို... အဖေကျိ ဘယ်ရောက်နေလဲ...အဖေကျိရဲ့စိတ်ဓာတ်ကျပြီး လောကကြီးကိုအရှုံးပေးနေတဲ့သားကို လာကြည့်ပါဦး...


......


နေ့လည်စာ စားပြီးနောက် လင်းလော့ချင်းက အိမ်ပြန်ရန် ကျိယွီရှောင်၏ကားပေါ် ပြန်ထိုင်လိုက်သည်။


သူ ကားထဲရောက်‌ရောက်ချင်းပင် သူ့ဖုန်းကမြည်လာခဲ့လေသည်။ သူ ဖုန်းဖွင့်ကြည့်လိုက်သောအခါ ဘဏ်မှမက်ဆေ့ခ်ျပို့လာခြင်း ဖြစ်လေသည်။


'ချန်ဖုန်းက သူ့ဆီ ငွေလွှဲပြီးပြီပဲ...'


ထိုအခိုက်အတန့်မှာပင် ချန်ဖုန်းက သူ့ထံ ဖုန်းခေါ်လာလေသည်။


လင်းလော့ချင်း ဖုန်းကိုင်လိုက်သည်နှင့် တစ်ဖက်လူ‌၏အသံကို ကြားလိုက်ရသည်။


“မင်းဆီငွေလွှဲပေးပြီးပြီ...ကျိယွီရှောင်ကို မြန်မြန်သွားတွေ့လိုက်တော့...”


လင်းလော့ချင်းက သူ့ဘေးတွင် ရှိနေသည့် ကျိယွီရှောင်ကို ကြည့်လိုက်ပြီး တွေးလိုက်သည်။


'သွား‌တွေ့စရာ မလိုဘူး...ဘာလို့ဆို ကျိယွီရှောင်က သူ့ဘေးမှာ ထိုင်နေပြီလေ...'


“ ကျွန်တော်သိတယ်...”


သူ ပြန်ဖြေလိုက်ပြီး ချန်ဖုန်း၏ပြန်ပြောသည့်စကားများကို ဂရုမစိုက်ပဲ ဖုန်းချပစ်လိုက်သည်။


ကျိယွီရှောင် လင်းလော့ချင်းဖုန်းကိုင်ထားသည်ကို မြင်သောအခါ မေးလိုက်သည်။


“မင်းကို အိမ်ပြန်ပို့ပေးရမှာလား...”


လင်းလော့ချင်း လက်ပတ်နာရီကို ငုံ့ကြည့်လိုက်သောအခါ လင်းဖေး၏ကျောင်းဆင်းချိန် ရောက်လုနီးပါးဖြစ်နေလေသည်။ သူ လင်းဖေးကို သွားကြိုချင်သည့်အတွက် ပြောလိုက်၏။


“ငါ့ကို ကျန်းမင်မူလတန်း‌ကျောင်းကိုပဲ ပို့ပေး...ငါ့တူလေးက အဲ့မှာကျောင်းတက်နေတာလေ...ငါ သူ့ကို သွားကြိုရဦးမယ်..."


ကျိယွီရှောင် ထိုစကားကိုကြားသောအခါ လင်းလော့ချင်းတွင် ကလေးတစ်ယောက် ရှိသည်ကို ပြန်သတိရသွားလေသည်။ သူ တစ်ခဏလောက် တုံ့ဆိုင်းသွားပြီး ပြောလိုက်သည်။


"ငါရော သူ့ကို လိုက်တွေ့သင့်လား..."


“လိုက်မ‌တွေ့ရင် ကောင်းမယ်..."


လင်းလော့ချင်း ငြင်းပယ်လိုက်သည်။


"ငါ သူ့ကို မင်းလာတွေ့မယ်လို့ ကြိုမပြောထားဘူး...သူ မင်းကို ရုတ်တရက်တွေ့ရရင် အနေခက်သွားမှာကို ငါ စိတ်ပူမိတယ်..."


“မင်းလက်ထပ်တော့မှာကို သူ့ကို‌ မ‌ပြောထားဘူးလား...”


ကျိယွီရှောင် မေးလိုက်သည်။


“ငါ သူ့ကိုပြောထားတယ်...ဒါပေမဲ့ လက်ထပ်တာနဲ့ တွေ့ရတာက ကိစ္စနှစ်ခုပဲ...သူက ငါ မင်းနဲ့

လက်ထပ်တော့မှာကိုသိတယ်...ဒါပေမဲ့ စိတ်ပြင်ဆင်မထားဘဲ မင်းကိုတွေ့ရတာက မတူတဲ့ကိစ္စပဲ...နောက်တစ်ခါကျရင် ငါသူ့ကို မင်း လာမယ်လို့ ကြိုပြောထားလိုက်မယ်...ပြီးရင် မင်းတွေ့လို့ရတယ်..."


“အဲ့လောက် လုပ်စရာမလိုပါဘူး...”


ကျိယွီရှောင် ပြောလိုက်သည်။


“ငါတို့က လက်ထပ်‌တော့မှာလေ...အခုငါ့မိသားစုနဲ့လည်း တွေ့ပြီးပြီဆို‌တော့ မင်း နှစ်ရက်အတွင်းပြောင်းလာပြီး ငါနဲ့လာနေရမှာ.."


လင်းလော့ချင်း :"!!!"


ဒါက အရမ်းမြန်လွန်းတယ်...


ကျိယွီရှောင် တစ်ဖက်လူ၏မျက်နှာပေါ်မှ တုန်လှုပ်နေမှုများကို မြင်သောအခါ ရယ်လိုက်သည်။


“ဘာလို့လဲ...မင်း ငါ့ကို အကြာကြီးကြိုက်လာခဲ့တာပဲလေ...မင်းရဲ့နတ်ဘုရားနဲ့ မြန်မြန် အတူမနေချင်ဘူးလား...”


လင်းလော့ချင်း :"..."


လင်းလော့ချင်း မပြုံးချင်သော်လည်း ဟန်ဆောင်‌ပြုံးရုံသာ တတ်နိုင်လေသည်။


"ပျော်ရွှင်မှုတွေက ရုတ်တရက်ရောက်လာလို့ ငါ အရမ်းစိတ်လှုပ်ရှားသွားလို့ပါ..."


ကျိယွီရှောင် ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။


“အရမ်း စိတ်လှုပ်မရှားနဲ့...‌မင်းရဲ့နတ်ဘုရားက အရမ်းတော်ပြီး အရမ်းကြင်နာတတ်ပါတယ်..."


လင်းလော့ချင်း :"..."


'ဒီလူက ကိုယ့်ကိုကိုယ် အရမ်းချစ်လွန်းတယ်...'


“‌ အိုကေ..."


သူ တိုးတိုးလေးပြောလိုက်၏။


ထို့နောက် သူ ကားထဲကထွက်လိုက်ပြီး လင်းဖေးကို သွားကြိုလိုက်ပြီး ညစာစားနေစဉ် လင်းဖေးအား အိမ်ပြောင်းရန်ကိစ္စကို ပြောပြလိုက်သည်။


လင်းဖေးက ညစာစားနေသည်ကို ခဏလောက်ရပ်လိုက်ပြီး သံသယရှိစွာ မေးလိုက်သည်။


“ကျွန်တော်တို့ ဘယ်ပြောင်းကြမှာလဲ..."


“ငါလက်ထပ်တော့မှာ‌လေ...အဲ့ဒီတော့ လက်ထပ်ပြီးတာနဲ့ ငါတို့ သူ့အိမ်ကို ပြောင်းရမှာ..."


လင်းလော့ချင်း တူကိုချလိုက်ပြီး လင်းဖေးကို ရှင်းပြလိုက်သည်။


“သူက ကားမတော်တဆဖြစ်ခဲ့ပြီး အခု ဒဏ်ရာတွေ ရနေတယ်...သူ့ခြေထောက်တွေက သိပ် အဆင် မပြေဘူး... ငါတို့အိမ်မှာနေခဲ့ရင် သေချာပေါက် အဆင်မပြေတာတွေဖြစ်လာမှာပပဲ....ဒါကြောင့် ငါတို့ သူ့အတွက် အဆင်ပြေဖို့ သူ့နေရာသွားနေမှရမယ်...အဆင်‌ပြေတယ်မလား..."


လင်းဖေးက မျက်တောင်ခတ်လိုက်ပြီး မေးလိုက်သည်။


“ရှုရှုပြောတဲ့ခြေထောက်တွေ အဆင်မပြေဘူးဆိုတာက ဘာအဓိပ္ပာယ်လဲ..."


လင်းလော့ချင်း : “သူက ဝှီးချဲလ်သုံးဖို့ လိုတာပဲ...ဝှီးချဲလ်ကဘာလဲဆိုတာ မင်းသိတယ်မလား...”


ထိုအခါ လင်းဖေး ထိုပုဂ္ဂိုလ်က မသန်စွမ်းဆိုသည်ကို နားလည်လိုက်သည်။


သူက ခေါင်းငုံ့လိုက်ပြီး ပန်းကန်လုံးထဲမှ ထမင်းစားဆက်စားလိုက်ကာ နူးညံ့သောအသံဖြင့်‌ မေးလိုက်သည်။


“ကျွန်‌တော်တို့ ဘယ်အချိန်‌ပြောင်းကြမှာလဲ...”


“သန်ဘက်ခါလောက်‌ဖြစ်မယ်...မင်း မင်းရဲ့ပစ္စည်း‌တွေကို ဒီနှစ်ရက်အတွင်း အကုန်ထုပ်ပိုးထားလိုက်...ပြီးရင် ငါတို့ပြောင်းကြမယ်...”


လင်းဖေး ခေါင်းငြိမ့်လိုက်သည်။ သူ စကားဆက်မပြောတော့ပေ။


လင်းလော့ချင်းက လင်းဖေးကို ကြည့်လိုက်ပြီး တွေးလိုက်သည်။


'ဖေးဖေးက သူ့အရွယ်ကလေးတွေနဲ့မတူဘဲ မငိုဘူး၊ အနှောင့်အယှက်မပေးဘူး၊ စကား အများကြီး မပြောဘူးပဲ...'


လင်းလော့ချင်း လက်‌မြှောက်လိုက်ပြီး မိုးခိုသားတစ်ဖတ်ကို လင်းဖေး၏ ပန်းကန်လုံးထဲ ထည့်‌ပေးလိုက်သည်။


“ချိုချဉ်ကြော်စား...မင်းကြိုက်တယ်မလား..."

လင်းဖေး ထိုစကားကိုကြားသောအခါ ယနေ့ချိုချဉ်ကြော်ကို လင်းလော့ချင်းချက်ထားကြောင်း သိလိုက်ရပြီး လင်းလော့ချင်းကို အံ့ဩမှုသုံးမှတ်၊ ဇဝေဇဝါဖြစ်မှု သုံးမှတ် ဘာမှန်းမသိသည့်စိတ်ခံစားမှု လေးမှတ်နှင့်ပြည့်နေသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။


“ ကျေးဇူးတင်ပါတယ်...”


သူ နူးညံ့စွာပြောလိုက်ပြီး နာခံစွာ ဆက်စားနေလိုက်သည်။


စားပြီးသောအခါ လင်းဖေး ပန်းကန်ဆေးချင်သော်လည်း လင်းလော့ချင်းက တားလိုက်လေသည်။


“သွား...စာသွားလုပ်....ရှုရှု ဒါကိုလုပ်လိုက်မယ်...”


လင်းဖေး တစ်ဖက်လူကို ရှုပ်ထွေးနေသည့်မျက်လုံးများဖြင့် ထပ်ကြည့်လိုက်ပြီး သူ့အခန်းထဲ ၀င်သွားသော်လည်း သူ့အတွေးများက ရှုပ်ထွေးနေဆဲဖြစ်လေသည်။


.......


နောက်တစ်နေ့ ...

လင်းလော့ချင်းက ပစ္စည်းများထုပ်ပိုးနေစဉ် မိုးရွာနေသည့်အသံကိုကြားလိုက်ရသည်။


သူ ထရပ်လိုက်ပြီး ပြတင်းပေါက်ဆီလျှောက်သွားလိုက်ကာ မိုးရွာနေသည်ကို ကြည့်လိုက်သည်။


မိုးသည်းနေပြီး ပြတင်းပေါက်အပြင်မှ သစ်ကိုင်းများက ကွေးညွတ်နေကာ သစ်ရွက်များကလည်း‌ မြေပြင်‌ပေါ် မြန်မြန်ကြွေကျနေလေသည်။


လင်းလော့ချင်း နာရီကိုကြည့်လိုက်ပြီး ထီးယူလိုက်ကာ အိမ်အပြင်ကိုထွက်လိုက်သည်။


သူ အငှားကားခေါ်လိုက်ပြီး လင်းဖေး၏မူလတန်းကျောင်းလိပ်စာကို ပေးလိုက်ကာ ဒရိုင်ဘာကို သွားနိုင်မလားဟု မေးလိုက်သည်။


‘လင်း‌ဖေး ထီးယူသွားလား...မယူသွားဘူးလား...အာ လင်းဖေး ထီးယူသွားသွား၊ မယူသွားသွား သူက ငယ်သေးတယ်...မိုးကလည်း ရွာနေတော့ မိဘတစ်ယောက်အနေနဲ့ သူ့ကို သွားကြိုသင့်တယ်...'