Chapter 15
လင်းလော့ချင်း ကားပြတင်းပေါက်အပြင်မှ မိုးစက်များကို ကြည့်လိုက်ပြီး ညရောက်လျှင် မိုးရွာရပ်သွားရန် ဆုတောင်းလိုက်သည်။ နောက်ဆုံးတွင် သူတို့ မနက်ဖြန် အိမ်ပြောင်းရမှာဖြစ်ပြီး မည်သူမှ မိုးရွာကြီးထဲ မပြောင်းချင်ပေ။
ထိုသို့ကိုတွေးနေစဉ် ကူရာမဲ့စွာ ကျိယွီရှောင်ကိုပါ တွေးမိသွားလေသည်။
ထိုအခါ လင်းလော့ချင်း ဖုန်းကို ထုတ်လိုက်ပြီး ကျိယွီရှောင်ထံ WeChatမှတစ်ဆင့် စာပို့လိုက်သည်။
[မိုးရွာနေတယ်...တကယ်လို့ မိုးက မနက်ဖြန်ထိ ဆက်ရွာနေသေးရင် ငါ သန်ဘက်ခါမှ ပြောင်းလာခဲ့မယ်...]
ကျိယွီရှောင် wechat မှမက်ဆေ့ခ်ျကိုမြင်သောအခါ ပြတင်းပေါက်အပြင်မှတစ်ဆင့် မိုးရွာနေသည်ကို ကြည့်လိုက်ပြီး စာပြန်လိုက်သည်။
[ကောင်းပြီ...]
'မိုးရွာတဲ့နေ့မှာ အိမ်ပြောင်းရတာ အဆင်မပြေဘူး...'
လင်းလော့ချင်း မြန်မြန်စာထပ်ပို့လိုက်သည်။
[ကျေးဇူးနော် ကော... [မွ] [မွ] ]
ကျိယွီရှောင် ယင်းကိုမြင်သောအခါ ရယ်မောလိုက်ပြီး မေးလိုက်သည်။
[အခုဘာလုပ်နေလဲ...]
လင်းလော့ချင်း : [ငါအခု ဖေးဖေးကို ကျောင်းသွားကြိုနေတာ...ဖေးဖေးဆိုတာက ငါ့တူလေးလေ...သူ့နာမည်ရင်းကတော့ လင်းဖေး...]
ကျိယွီရှောင် : [အဲ့လိုလား...ငါ့တူလေးလည်း ကျောင်းဆင်းတော့မှာ...သူ့နာမည်က ကျိလဲ့ယွီလေ...မင်း သူ့ကို လဲ့လဲ့ ဒါမှမဟုတ် ရှောင်ယွီလို့ခေါ်လို့ရတယ်...]
‘ငါ သိပြီးသား...'
လင်းလော့ချင်း တွေးလိုက်သည်။
'သူက ကြီးလာရင် ရုပ်ချော၊ အကျင့်မကောင်း၊ပုံမှန်မဟုတ်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေနဲ့ ရက်စက်လာမှာကိုလည်း ကြိုသိပြီးသား...’
လင်းလော့ချင်း အတွေးနှင့်ထိတ်လန့်မိသွားပြီး အိမ်ပြောင်းပြီးရင် ကျိယွီရှောင်ကို ကျိလဲ့ယွီ အတွက် စည်းကမ်းထုတ်ခိုင်းမည်ဟု ဆုံးဖြတ်လိုက်သည်။
'အနည်းဆုံးတော့ ကျိလဲ့ယွီက လူနဲ့တိရိစ္ဆာန်ကြား ဆက်ဆံရေးက လုံး၀ခွင့်ပြုမထားဘူးဆိုတာသိသွားမှာပဲ...'
လင်းလော့ချင်း : [အိုကေ...ဒါဆို ငါတို့မနက်ဖြန် ဒါမှမဟုတ် သန်ဘက်ခါ တွေ့ကြမယ်...]
ကျိယွီရှောင် : [ ကောင်းပြီ...]
.....
လင်းလော့ချင်း ဖုန်းကို ဘေးချလိုက်ပြီး လက်ဖြင့် ခေါင်းကို ထောက်ကာ ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်နေလိုက်သည်။
ကျောင်းဆင်းချိန်၌ လင်းဖေး ကျောပိုးအိတ်ကို သိမ်း၍ အပြင်ထွက်လာသောအခါ မိုးရွာနေသည်ကို တွေ့လိုက်ရလေသည်။
သူ့အတန်းဖော်များက သုံးယောက်တစ်အုပ်စု၊ ငါးယောက်တစ်အုပ်စု စသည်ဖြင့် ထီးကိုယ်စီနှင့် ကျောင်းဂိတ်၀သို့ သွားနေကြလေသည်။ သူတို့၏ သက်ဆိုင်ရာကားများထံ အမြန်သွားချင်နေကြခြင်းဖြစ်၏။
လင်းဖေးက အတန်းဖော်များနှင့် မေးထူးခေါ်ပြောဆက်ဆံရေးသာရှိသောကြောင့် အတူသွားရန် သူငယ်ချင်းမရှိပေ။ ထို့ကြောင့် ကျောပိုးအိတ်ထဲမှ ထီးကို ထုတ်ဖွင့်လိုက်ပြီးစာသင်ဆောင်ဆီမှ အမြန်ထွက်လာလိုက်သည်။
သူက ဂရုတစိုက်လမ်းလျှောက်လာပြီး ရေဗွက်ရှိသည့်နေရာများကို ရှောင်လာသောကြောင့် သူ့ဖိနပ်များက ညစ်ပစ်မသွားချေ။ သို့သော် သူ သူ့အဖြူရောင်ရှူးဖိနပ်ကို ကြည့်ပြီး စိတ်ညစ်နေဆဲ ဖြစ်လေသည်။
'မိုးရွာမှာကိုသာ ကြိုသိခဲ့ရင် ဒီဖိနပ် စီးလာမှာမဟုတ်ဘူး...'
ရှူးဖိနပ်ကို ယနေ့မနက်ကမှ လျှော်ခဲ့ခြင်းဖြစ်သောကြောင့် အလွန်သန့်ရှင်းနေလေသည်။
ထို့အပြင် ဘတ်စ်ကားက မိုးရွာသည့်နေ့များတွင် အလွန် လူကြပ်လေသည်။ သူ ဂရုမစိုက်လျှင်ညစ်ပတ်သွားနိုင်ချေရှိလေသည်။
'အိမ်ပြန်ရောက်ရင် ဖိနပ်ကို ပြန်လျှော်ရမယ်...'
လူထူထပ်နေသည့် ကျောင်းဂိတ်တံခါးကို ဖြတ်လျှောက်ပြီးနောက် လင်းဖေးကခြေထောက်အောက်မှ လမ်းကိုကြည့်ကာ ဂရုတစိုက်ဖြင့် ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။
သူ ကျောင်းဂိတ်တံခါးမှ ခြေလှမ်းအနည်းငယ်လျှောက်ပြီးသည်နှင့် တစ်ယောက်ယောက်က သူ့ကို "ဖေးဖေး"ဟု ခေါ်လိုက်သည့်အသံကို ကြားလိုက်ရလေသည်
အသံက ရှင်းလင်းပြီး တက်ကြွနေလေသည်။
လင်းဖေး အံ့ဩသွားပြီး လှမ်းကြည့်လိုက်သောအခါ လင်းလော့ချင်းဖြစ်နေလေသည်။
လင်းလော့ချင်းက သူနှင့် မလှမ်းမကမ်းတွင််ရပ်နေပြီး ထီးကိုကိုင်ကာ လက်ဝှေ့ယမ်း ပြနေသည်ကို မြင်လိုက်ရ၏။ သူက လမ်းတစ်ခုကို ခြားထားသည့် မိုးရေစက်များ ကျဆင်းနေသော တံမြတ်တစ်ခုအောက်မှာ ရပ်ကာသူ့ကို ပြုံးပြနေလေသည်။
လင်းဖေး မလှုပ်ရှားနိုင်ခဲ့ပေ။
လင်းလော့ချင်းက သူ့ဆီကို လျှောက်လာခဲ့လေသည်။
တစ်ဖက်လူက မြန်မြန် လျှောက်လာခြင်းဖြစ်ပြီးအောက်မှ လမ်းကို ကြည့်လျှောက်လာခြင်း မဟုတ်ခဲ့ချေ။
လင်းဖေး ထိုမြင်ကွင်းကို ကြည့်နေပြီး မျက်တောင်ခတ်လိုက်လေသည်။
သူ့ထီးပေါ်သို့ မိုးရေစက်များက ပြင်းထန်စွာကျလာပြီး မြေပြင်ပေါ်၌လည်း မိုးရေစက်များ စုဆောင်းမိလာလေသည်။
လင်းဖေးက သူ့ရှေ့မှ လှိုင်းထနေသော ရေဗွက်အိုင်ကို ကြည့်ပြီး ပဲစေ့လေးများ ကျဆင်းနေသည့်အသံနှင့်တူသော မိုးသံကို နားထောင်နေလိုက်သည်။
သူ ယင်းကိုနားမလည်ခဲ့ပေ။
'လင်းလော့ချင်းကို သူ မခေါ်ခဲ့ဘဲနဲ့ ဘာလို့ မိုးရွာတဲ့နေ့မှာ လာကြိုတာလဲ...'
သူ ဂိမ်းမဆော့မနေဘူးလား...,
သူ တွေးနေစဉ်အတွင်းတွင် လင်းလော့ချင်းက သူ့ဆီ ရောက်လာကာ သူ့ကို ချီလိုက်လေသည်။
လင်းဖေး လန့်ဖျပ်သွားသောကြောင့် လက်ထဲမှ ထီးက စောင်းသွားကာ ထီးတစ်ချောင်းလုံး မိုးရေများ စိုစွတ်ကုန်လေသည်။
လင်းဖေးက စိတ်ရှုပ်ထွေးသွားပြီး ပြောလိုက်သည်။
"ကျွန်တော့်မှာ ထီးရှိပါတယ်..."
သို့သော် လင်းလော့ချင်းက ချီပြီး ဆက်လျှောက်လာကာ ပြောလိုက်သည်။
"ဟုတ်ပါတယ်...ဒါပေမဲ့ မိုးက အရမ်းသည်းနေတာ မင်းခြေလှမ်းတွေက နှေးတယ်...မင်းရဲ့ဖိနပ်ကိုသာ မစိုအောင်ဂရုစိုက်...မဟုတ်ရင် သက်တောင့်သက်သာမဖြစ်ဘဲ နေလိမ့်မယ်..."
လင်းဖေး ခြေထောက်ကို ငုံ့ကြည့်လိုက်သောအခါ ရှူးဖိနပ်က သန့်ရှင်းနေဆဲဖြစ်လေသည်။ ဖိနပ်က မိုးရေစိုနေသော်လည်း ဖိနပ်အပေါ်ပိုင်းက သန့်ရှင်းနေဆဲဖြစ်၏။
သူ လင်းလော့ချင်း၏ဖိနပ်ကို ငုံ့ကြည့်လိုက်သောအခါ ဖိနပ်က ညစ်ပတ်နေပြီဖြစ်လေသည်။
လင်းဖေး ဘာပြောရမလဲ မသိသောကြောင့် လင်းလော့ချင်း၏လက်မောင်းကိုသာ မှီနေလိုက်လေသည်။
လင်းလော့ချင်းက လင်းဖေးကိုချီပြီး တက္ကစီဆီ လျှောက်သွားလိုက်သည်။ ထို့နောက် လင်းဖေး၏ထီးကို ယူလိုက်ပြီး လင်းဖေးကို ကားပေါ်တင်လိုက်ကာ ထီးကို ပိတ်လိုက်သည်။
“သွားရအောင်...”
သူကားပေါ်ရောက်သည်နှင့် ဒရိုင်ဘာကို ပြောလိုက်လေသည်။
“ဘာလို့ ဒီရောက်နေတာလဲ..."
လင်းဖေး မေးလိုက်သည်။
“မိုးရွာနေတယ်လေ..."
လင်းလော့ချင်း သဘာ၀ကျစွာ ပြန်ဖြေလိုက်သည်။
“ဒါကြောင့် ဖေးဖေးကို လာကြိုတာ...”
“ဂိမ်းမဆော့ဘူးလား...”
လင်းဖေး မေးလိုက်၏။
လင်းလော့ချင်း အနည်းငယ် စိတ်ရှုပ်ထွေးသွားလေသည်။
“လာကြိုတာနဲ့ ငါ ဂိမ်းဆော့တာက ဘာဆိုင်လို့လဲ...”
လင်းဖေး ဘာမှပြန်မပြောပေ။
သူလည်း ယင်းကို နားမလည်ခဲ့ပေ။
'ဒီအချိန်မှာ လင်းလော့ချင်းက အိမ်မှာဂိမ်းဆော့နေသင့်တဲ့ဟာကို...'
အဲ့ဒါမှ ပုံမှန်...
အဲ့ဒါမှ လင်းလော့ချင်းပဲ...
ဒါပေမဲ့ လင်းလော့ချင်းက အခု သူမခေါ်ဘဲရောက်လာတယ်...'
လင်းလော့ချင်းက လင်းဖေး တိတ်ဆိတ်နေသည်ကို မြင်သောအခါ ထပ်မမေးတော့ပေ။
"အေးနေလား..."ဟုသာ ပြောလိုက်သည်။
ထို့နောက် သူ အပြင်မထွက်မီ လင်းဖေးအတွက် ယူလာသည့် ကုတ်အင်္ကျီကို ထုတ်လိုက်ကာ အပေါ် ထပ်ခြုံပေးလိုက်သည်။
“အခုက ဆောင်းဉီးရာသီဖြစ်ပြီး မိုးလည်းရွာနေတယ်...ဒီလိုအချိန်က အေးတဲ့အချိန်ပဲ..."
လင်းဖေး တစ်ဖက်လူ၏လှုပ်ရှားမှုများကို ခံစားနေရပြီး သူ့ကိုယ်ပေါ်မှ ကုတ်အင်္ကျီကို မြင်သောအခါ ထူးဆန်းနေတယ်ဟု တွေးလိုက်၏။
သူ လင်းလော့ချင်းကို သံသယဖြစ်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
'ဒီ လင်းလော့ချင်းက သူရင်းနှီးတဲ့သူ မဟုတ်ဘူး....အခု လက်ရှိလင်းလော့ချင်းက ထူးဆန်းလွန်းတယ်...'
“မင်း ဘာလို့ ငါ့ကို ဒီလိုကြည့်နေတာလဲ...”
လင်းလော့ချင်း စိတ်ရှုပ်ထွေးသွားပြန်သည်။
လင်းဖေးက လက်ကို မြှောက်လိုက်ပြီး လင်းလော့ချင်း၏နဖူးကို ထိလိုက်ကာ သူ့နဖူးကိုလည်း ပြန်ထိလိုက်သည်။
'ဒီလူက နေကောင်းနေသားပဲ...'
လင်းလော့ချင်း :"..."
လင်းလော့ချင်း သူ့နဖူးထက်မှ ထိတွေ့မှုကို ခံစားလိုက်ရပြီး အကူအညီမဲ့စွာ ရယ်မောလိုက်သည်။
“မင်း ငါ ဖျားနေတယ်လို့ ထင်နေတာလား...မင်း အရင်က ငါသေတော့မလားမေးတယ်...အခု ငါ နေမကောင်းဖြစ်နေလား စစ်ဆေးတယ်...မင်း ငါ့ခန္ဓာကိုယ်က မကောင်းတော့ဘူးလို့ တွေးနေတာပေါ့ ဖေးဖေး..."
လင်းဖေး မျက်တောင်ခတ်လိုက်ပြီး ဘာမှ ပြန်မပြောပေ။
လင်းလော့ချင်း ကူရာမဲ့စွာ သက်ပြင်းချလိုက်ပြီး ကလေးကို သူ့လက်မောင်းထဲ ပွေ့ဖက်လိုက်သည်။
“ စိတ်ချနေ...ငါ ကျန်းမာပါတယ်...”
လင်းလော့ချင်း လင်းဖေး၏နဖူးကို ထိလိုက်ပြီး ပြောလိုက်သည်။
“အရမ်းကောင်းတယ်...ဖေးဖေးလည်း မဖျားဘူးပဲ..."
လင်းဖေး :"..."
လင်းဖေး၏မျက်လုံးများက မနှစ်မြို့မှုသို့ ပြောင်းသွားလေသည်။
လင်းလော့ချင်းက ကူရာမဲ့စွာ ပြောလိုက်သည်။
“မင်း မင်းရဲ့ချစ်လှစွာသောရှူရှုအပေါ် တစ်နေ့ထက်တစ်နေ့ ပိုကောင်းပေးပါလား...မင်း ရှုရှုကို
မကြိုက်မှန်း သိပါတယ်...ကြည့်...ရှုရှုကို ပြုံးတောင် မပြုံးပြနိုင်ဘူး..."
လင်းဖေး :"..."
“မင်းပြုံးမှာလား၊ မပြုံးဘူးလား..."
လင်းလော့ချင်းက လင်းဖေး၏ခါးကို ကလိထိုးလိုက်လေသည်။
သို့သော် ကြီးလာသည့်အခါ အေးစက်သည့်မျက်နှာနှင့် ငရဲမင်းကြီးဖြစ်လာမည့်ကလေးက ခန္ဓာကိုယ်ပေါ်တွင် ယားတတ်သည့်နေရာ မရှိပေ။
လင်းဖေးက သူ့ကို ဖြူစင်စွာ ကြည့်နေသည်ကိုမြင်သောအခါ လင်းလော့ချင်း စိတ်ဓာတ်ကျသွားလေသည်။
“မင်းကို ဒီလိုလုပ်တာတောင် မရယ်ဘူးလား..."
လင်းဖေး အံ့ဩသွား၏။
“ဒါ ရှုရှု ကျွန်တော့်ကို ရယ်အောင်လုပ်နေတာလား..."
ထို့နောက် သူ သိချင်စိတ်ပြင်းပြစွာဖြင့်
လင်းလော့ချင်း၏ခါးကို ကလိထိုးလိုက်လေသည်။
လင်းလော့ချင်း ဤခန္ဓာကိုယ်က ယားလွယ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ လင်းဖေး နှစ်ချက်လောသာ ကုတ်ရသေးသော်လည်း မထိန်းနိုင်တော့ပေ။
“ဘယ်သူက မင်းကို ကလိထိုးဖို့ပြောတာလဲ...ငါ့ကိုကလိမထိုးနဲ့တော့...မင်းနဲ့ မတူတာတွေ ဘာလို့လုပ်နေတာလဲ...ဟားဟား...ဟားဟား..."
လင်းဖေးက လင်းလော့ချင်းရယ်မောနေသည်ကို မြင်သောအခါ ကူရာမဲ့စွာဖြင့် သူ့အားကို တိုးလိုက်ပြီး ကျန်လက်တစ်ဖက်ကလည်း ခါး တစ်ဖက်ခြမ်းကို တိုက်ခိုက်လိုက်သည်။
လင်းလော့ချင်း တစ်ဖက်လူကို မြန်မြန်တွန်းထုတ်ချင်သော်လည်း လင်းဖေးက ငယ်သေးသောကြောင့် အားအများကြီး မသုံးရဲပေ။ နောက်ဆုတ်ရုံနှင့် အော်နေရုံသာ တတ်နိုင်လေသည်။
"လုံလောက်ပြီလေ...လင်းဖေး ဟား...ဟား...ငါ့ကို ကလိမထိုးနဲ့တော့...ဟားဟား...မင်း ရပ်လိုက်ပါတော့..."
သူ ပြောပြီးသည်နှင့် ခေါင်းမော့ကြည့်လိုက်သောအခါ လင်းဖေးက သူ့ကို ပြုံးပြီးကြည့်နေသည်ကို မြင်လိုက်ရသည်။ ယင်းက ကလေးတစ်ယောက်တွင် ရှိသင့်သည့်အပြုံးဖြစ်ပြီး လင်းဖေးအတွက် ရှားပါးသည့်အပြုံးလည်းဖြစ်လေသည်။
လင်းလော့ချင်း ဤအခိုက်အတန့်တွင် ယင်းကိုမြင်ရမည်ဟု မမျှော်လင့်ထားခဲ့သောကြောင့် သူ့နှလုံးသားထဲတွင် ပန်းမျိုးစေ့လေး ရှိလာလေသည်။ ပန်းက မပွင့်သေးသော်လည်း မြေကြီးထဲမှ အညှောင့်ထွက်လာပြီဖြစ်သည်။
လင်းလော့ချင်း ရယ်မောလိုက်ပြီး လင်းဖေးကို ခဏလောက် ဆက်ကလိထိုးခိုင်းလိုက်သည်။ ထို့နောက် သူ လင်းဖေးကို လက်မောင်းထဲ ပွေ့ဖက်လိုက်ပြီး မျက်နှာကို နမ်းလိုက်၏။
“မင်း ဘာလို့ မင်းရှုရှုကို အနိုင်ကျင့်နေတာလဲ..."
လင်းဖေး တစ်ဖက်လူကို ကြည့်လိုက်ပြီး တွေးလိုက်သည်။
‘ရှုရှုပဲ အနိုင်ကျင့်မှာလား...ကျွန်တော်ရော အနိုင်ပြန်မကျင့်ရဘူးလား...’
ထို့နောက် လင်းလော့ချင်းက သူ့ကို ထပ်နမ်းလိုက်သည်ကို ခံစားလိုက်ရပြီး တည်ငြိမ်သည့်အသံကိုလည်း ကြားလိုက်ရသည်။
“ဒါပေမဲ့ ငါ ဖေးဖေးကို ကြိုက်နေတုန်းပဲ...ဖေးဖေး ပြုံးပြတာ အရမ်းကြည့်ကောင်းတယ်...”
လင်းဖေး :"..."
လင်းဖေး ခေါင်းလှည့်လိုက်သော်လည်း သူ့နားရွက်နီများကို မဖုံးကွယ်နိုင်ခဲ့ပေ။
“ ဖေးဖေး မင်းနားရွက်တွေ နီနေတယ်..."
လင်းလော့ချင်း လင်းဖေးနား နားကပ်ကာတိုးတိုးပြောလိုက်သည်။
လင်းဖေး ဒေါသတကြီး ခေါင်းပြန်လှည့်လိုက်ပြီး သူ့မျက်လုံးထဲ၌ ကလေးဆန်မှုများနှင့် ပြည့်နေလေသည်။
ထိုအခါ လင်းလော့ချင်း လင်းဖေး၏နားကို အုပ်ပေးလိုက်ပြီး သူ့ကို ပြန်ချော့လိုက်သည်။
“အဆင်ပြေပါတယ်...ရှုရှု မင်းနားရွက်တွေကို တခြားလူတွေ မမြင်အောင် ဖုံးထားပေးမယ်..."
လင်းဖေး :"..."
လင်းဖေး နားရွက်ပိုပူလာသလို ခံစားလိုက်ရလေသည်။
Chapter(14)
အိမ်ပြန်ရောက်သောအခါ လင်းလော့ချင်း ဟင်းချက်ရန် ပြင်ဆင်လိုက်သည်။ ယနေ့ မိုးရွာနေသည့်အတွက် ခန္ဓာကိုယ်နွေးထွေးလာစေရန် ဟော့ပေါ့ချက်ရန် ဆုံးဖြတ်ခဲ့၏။
“စာအုပ်သွားဖတ်နေ..."
လင်းလော့ချင်းက လင်းဖေးကို ပြောလိုက်သည်။
"ရှုရှု ပါ၀င်ပစ္စည်းတွေ ဆေးကြောပြီးရင် ငါတို့ဟော့ပေါ့စားလို့ရပြီ...”
လင်းဖေး ခေါင်းငြိမ့်လိုက်ပြီး သူ့အခန်းထဲ ၀င်နေလိုက်သည်။
လင်းလော့ချင်း ပါ၀င်ပစ္စည်းများကို ဆေးကြောနေစဥ် ဖုန်းမြည်သံကို ကြားလိုက်ရလေသည်။
ဖုန်းပေါ်တွင် 'ရှောင်မာ’ဟု ပေါ်နေပြီး မူလပိုင်ရှင်၏သူငယ်ချင်းများထဲမှ တစ်ယောက်ဖြစ်သည်ကို လင်းလော့ချင်း မှတ်မိ၏။
သူ ဖုန်းကိုင်လိုက်သောအခါ တစ်ဖက်မှရှောင်မာက အသံကျယ်ကျယ်ဖြင့် ပြောလာလေသည်။
"လော့ချင်း မြန်မြန်လာခဲ့...ထန်သခင်လေး ဒီရောက်နေတယ်..."
လင်းလော့ချင်း :"..."
ထန်သခင်လေးလား...
သူ မှတ်ဉာဏ်ထဲ ပြန်ရှာဖွေကြည့်လိုက်သောအခါ ထန်သခင်လေးက မူလပိုင်ရှင် တကယ်သဘောကျပြီး လိုက်ခဲ့သည့်လူဆိုသည်ကို သတိရသွာသည်။
သို့သော် ယခု သူက ထန်သခင်လေးအပေါ်စိတ်မ၀င်စားပေ။ ထို့ကြောင့် ငြင်းလိုက်လေသည်။
“မလာတော့ဘူး...ငါ အလုပ်များနေတယ်..."
“မင်း ဘာတွေအလုပ်များနေတာလဲ..."
ရှောင်မာ ရယ်မောလိုက်သည်။
"ထန်သခင်လေးထက် အရေးကြီးတာ ဘာရှိလို့လဲ..."
လင်းလော့ချင်း ထန်သခင်လေးထက်အရေးကြီးသည်များကို အများကြီးတွေးမိသွားပြီး ရယ်မောလိုက်သည်။
“ငါဖုန်းချလိုက်ပြီ...”
သူ ပြောပြီးသည်နှင့် ဖုန်းချလိုက်၏။
တစ်ဖက်မှ ရှောင်မာက လင်းလော့ချင်းက တကယ်ပဲ ထန်သခင်လေး၏ဆွဲဆောင်မှုကို ငြင်းဆန်နိုင်မည်ဟု မယုံကြည်နိုင်သည့်အတွက် ဖုန်းထပ်ခေါ်လိုက်သည်။
“မင်းဘာလုပ်နေတာလဲ...ထန်သခင်လေးက ဒီနေ့ ဒီလိုလာတာ အတော်ရှားတယ်...မင်း သူ့ကို မတွေ့ချင်ဖူးလား...ငါ မင်းကိုပြောပြမယ်...တစ်ခုခုက လွဲချော်သွားရင် ထပ်ဖြစ်လာဖို့ မမျှော်လင့်နဲ့တော့..."
“ငါ မတွေ့ချင်ဘူး...ငါ အခု ထန်သခင်လေးကို စိတ်မ၀င်စားတော့ဘူး..."
ရှောင်မာ လှောင်ရယ်လိုက်သည်။
“မင်း ထပ်ပြောပြန်ပြီ...သူ တခြားတစ်ယောက်ယောက်နဲ့ နီးစပ်သွားတိုင်း မင်း သူ့ကို မကြိုက်တော့ဘူးပြောတာ ဘယ်နှခါတောင် ရှိနေပြီလဲ..."
“ဒီတစ်ခါ အတည်ပဲ..."
လင်းလော့ချင်း ပြုံးကာ ပြောလိုက်သည်။
“ဒါ့ကြောင့် နောက်ကြရင် မင်း သူနဲ့ပတ်သတ်ပြီး ငါ့ကိုလာမပြောနဲ့တော့..., ”
ရှောင်မာက ယင်းကို မယုံကြည်ချေ။
“ဘာပဲဖြစ်ဖြစ် ထန်သခင်လေးက ဒီမှာ တစ်ညလုံး ရှိနေမှာ...ငါ မင်းကို ရှင်းရှင်းလင်းလင်း ပြောပြထားတယ်နော်...နောက်မှ ငါက ညီအစ်ကိုချင်း သစ္စာမရှိဘူး မပြောနဲ့...”
“အင်း...”
လင်းလော့ချင်း ဖုန်းချလိုက်၏။ ထို့နောက် အနာဂတ်ကို တွေးလိုက်သည်။
'သူက အနာဂတ်မှာ ဗီလိန်ကြီးကျိလဲ့ယွီရဲ့အဖေဖြစ်လာမှာပဲ...'
ထန်သခင်လေးထက် ပိုစိတ်၀င်စားဖို့မကောင်းဘူးလား...
လင်းလော့ချင်း ဟင်းသီးဟင်းရွက်များကို မြန်မြန်ဆေးကြောလိုက်ပြီး အာလူးများ၊ ခရမ်းချဉ်သီးများကို အချပ်လိုက် လှီးလိုက်ကာ အမဲလွှာများကိုလည်း ထုတ်လိုက်သည်။
သူ ဟော့ပေါ့အိုးကို ထမင်းစားပွဲပေါ် တင်လိုက်ပြီး ရေထည့်လိုက်ကာ ပွက်အောင်တည်ပြီးမှ လင်းဖေးကို ခေါ်လိုက်သည်။
လင်းဖေး ရှေ့မှဟော့ပေါ့အိုးကို ကြည့်ပြီး ဗိုက်ဆာလာသလို ခံစားလိုက်ရသည်။
လင်းလော့ချင်းက ဆော့စ်နဲ့နှမ်းဆီကို ရောလိုက်ပြီး စားရန် ထိုင်ခုံပေါ်ထိုင်လိုက်ကြသည်။
“မင်းအိမ်စာပြီးသွားရင် မင်းပစ္စည်းတွေ ထုပ်ပိုးဖို့ မမေ့နဲ့ဦး...တကယ်လို့ မနက်ဖြန် မိုးမရွာရင် မင်း ကျောင်းဆင်းချိန် ငါ မင်းကိုလာကြိုပြီး အိမ်ပြောင်းမယ်..."
လင်းဖေး အံ့ဩသွားလေသည်။
“ရှုရှု မနက်ဖြန်ရော ကျွန်တော့်ကို လာကြိုမှာလား..."
“လာကြိုမယ်...ရှုရှု အခုတလော အလုပ်မများဘူး...တကယ်လို့ ငါ့မှာ အချိန်ထပ်ရှိခဲ့မယ်ဆိုရင် လာကြိုတဲ့အပြင် လိုက်ပါပို့ဦးမှာ..."
‘ရှုရှု အရင်က အချိန်ရှိခဲ့ပေမဲ့ ကျွန်တော့်ကို လာမကြိုခဲ့ဘူးလေ...’
လင်းဖေး တွေးလိုက်သည်။
သူက လင်းလော့ချင်းကို အကျွမ်း၀င်ပြီးသား ကိန်းဂဏန်းဇယားမျက်လုံးဖြင့် ကြည့်လိုက်သည်။
လင်းလော့ချင်း ယင်းမျက်လုံးကို အကျင့်ဖြစ်နေပြီးသားဖြစ်သည့်အတွက် အမဲလွှာများကိုယူကာ လင်းဖေးပန်းကန်လုံးထဲ ထည့်ပေးလိုက်သည်။
“အသားစား...
လင်းဖေး တစ်ကိုက်ကိုက်လိုက်ပြီး တရှူးရှူးမြည်လာလေသည်။
“စပ်တယ်...”
လင်းလော့ချင်း သူ့ကို ပြုံးကာ ကြည့်လိုက်သည်။
“မင်း ငါ့ကို မကြိုက်ပြန်မလား...”
သူ ထိုသို့ပြောလိုက်သော်လည်း ယင်းက လင်းဖေးကို နောက်ပြောင်ရန်သာ ဖြစ်လေသည်။ သူ လုံလောက်အောင် နောက်ပြောင်ပြီးနောက် သူ့ပန်းကန်လုံးကို ကမ်းပေးလိုက်သည်။
“အသားတွေကို ငါ့ထဲထည့်လိုက်...”
လင်းဖေး တစ်ဖက်လူကို ကြည့်လိုက်ပြီး ခေါင်းငုံ့လိုက်ကာ ပန်းကန်လုံးထဲမှ အသားလွှာများကိုကောက်ယူလိုက်သည်။
လင်းလော့ချင်းက လင်းဖေး သူ့ကို ထည့်ပေးတော့မည်ဟု တွေးလိုက်သော်လည်း လင်းဖေးက အသားများကို ပါးစပ်ထဲသို့ ပွတ်သိပ်ထည့်လိုက်လေသည်။
“ကျွန်တော် အစပ်စားနိုင်ပါတယ်...”
လင်းလော့ချင်း လင်းဖေး၏ကလေးဆန်သည့်အပြုအမူကို သဘောကျသွားပြီး လင်းဖေးအတွက် ဒိန်ချဉ်ဘူးကိုဖွင့်ကာ အချိုအိုးထဲမှ အမဲလွှာများကို လင်းဖေး၏ပန်းကန်လုံးထဲ ထည့်ပေးလိုက်သည်။