Chapter 16
လင်းဖေး စားနေသော်လည်း တစ်ဖက်ခြမ်းမှ အစပ်အိုးကို စပ်စုစွာကြည့်နေပြီး မဝံ့မရဲဖြင့် အစားအစာအချို့ကို ပန်းကန်လုံးထဲ ယူထည့်လိုက်သည်။
“ဂရုစိုက်...."
လင်းလော့ချင်း သူ့ကိုသတိပေးလိုက်သည်။
“ ကျွန်တော် မကြောက်ပါဘူး..."
လင်းဖေး ယင်းကို နှမ်းဆီထဲ တို့နေစဉ် သူ့နှုတ်ခမ်းထောင့်ကလည်း မြှင့်တက်လာလေသည်။
လင်းလော့ချင်းက လင်းဖေး အလွန်ချစ်စရာကောင်းနေသည့်အတွက် ၎င်းကို ခွင့်ပြုထားလိုက်သည်။
သူတို့ စားသောက်ပြီးသည်နှင့် ပစ္စည်းများကို ထုပ်ပိုးလိုက်လေသည်။
လင်းဖေး၏အထုပ်အပိုးက သိပ်မများပေ။ သူက သူ့အမေအိမ်မှ လင်းလော့ချင်းအိမ်သို့ ပြောင်းရွှေ့ခဲ့ပြီး ယခု တခြားလူအိမ်သို့ ထပ်ပြောင်းရွှေ့ရသည့်အခါ သူ့၏ခရီးဆောင်သေတ္တာငယ်နှင့် ကျောပိုးအိတ်သာ ထုပ်ပိုးလိုက်ရသည်။
လင်းလော့ချင်း၏အထုပ်အပိုးများကလည်း ထို့နည်းတူပင်ဖြစ်၏။ သူနှင့် မူလပိုင်ရှင်၏ပစ္စည်းများအပေါ်ထားသည့် စိတ်ခံစားချက်ကသဘာ၀အားဖြင့် မတူညီပေ။ သူက အ၀တ်အစားအချို့နှင့် အသစ်၀ယ်ခဲ့သည့် အသုံးအဆောင်များကိုသာ ထုပ်ပိုးခဲ့လေသည်။
သူ အထုပ်အပိုးထည့်နေစဉ် ပြတင်းပေါက်အပြင်ဘက်မှ မိုးခြိမ်းသံကို ကြားလိုက်ရသည်။ မိုးမတိတ်သေးပေ။ လင်းလော့ချင်း ပြတင်းပေါက်အပြင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
'မနက်ဖြန် မိုးတိတ်ပါမလား...'
.......
တစ်ဖက်တွင် ကျိယွီရှောင်က ကျိလဲ့ယွီ၏အိမ်စာများကို စစ်ဆေးပြီး၍ သူ့အိပ်ခန်းထဲပြန်စဉ် မိုးခြိမ်းသံကို ကြားလိုက်ရလေသည်။
ယင်းအသံက သူ့ကို ၀မ်းနည်းစေသည်။
သူ့ခေါင်းကနာကျင်လာပြီး စိတ်ကလည်း လှုပ်ရှားလာလေသည်။
ကျိယွီရှောင် ဤအချိန်က အိပ်ချိန်ဆိုသည်ကို သိသော်လည်း သူ နောက်ဆုံးအိပ်ခဲ့သည်က နာရီငါးဆယ်လောက် ကြာပြီဖြစ်သည်။ သူ့ခန္ဓာကိုယ်က အိပ်ရန်နှင့်အနားယူရန် အချက်ပေးနေသော်လည်း သူ မအိပ်နိုင်ချေ။
ကျိယွီရှောင် ဝှီးချဲလ်ကို အိပ်ခန်း၏လေသာခန်းဆီ တွန်းလိုက်ပြီး အပြင်ဘက်မှာ မိုးရေစက်များကို စူးစိုက်ကြည့်လိုက်ကာ စီးကရက်တစ်လိပ်ကို ဖြည်းညှင်းစွာ မီးညှိလိုက်သည်။
သူ ပထမအကြိမ်အိပ်မပျော်ခဲ့စဥ်က ဘာလို့ဒီလိုဖြစ်ရတာလဲဟု တွေးရင်း စိတ်ရှုပ်ထွေးခဲ့ရလေသည်။
မနေ့တစ်နေ့ကမှ ထိုသို့ဖြစ်ရသည့်အကြောင်းရင်းက သူ အိပ်စက်ခြင်းကို ငြင်းပယ်နေခြင်းကြောင့်ဆိုသည်ကို သိခဲ့ရလေသည်။
ထိုအချိန်က သူဆေးရုံက ဆင်းခွင့်ရခဲ့သော်လည်း အချိန်တိုင်း သူ့မျက်လုံးပိတ်လိုက်တိုင်း ကားမတော်တဆဖြစ်ခဲ့သည့် မြင်ကွင်းကို ပြန်မြင်ယောင်လာလေသည်။ သူ့အစ်ကိုက ခရီးသည်ထိုင်ခုံမှ ဇနီးကို ကာကွယ်ပေးရန် သူ့ရင်ခွင်ထဲမှာ တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားခဲ့ပြီး သူ့မရီးကိုကာကွယ်ပေးနိုင်ရန် မျှော်လင့်ခဲ့သ်ောလည်း မရီးက သူ့အစ်ကို၏လက်မောင်းထဲ၌ လှဲလျောင်းနေခဲ့ပြီး မျက်လုံးများက ဘယ်တော့မှ ထပ်ပွင့်မလာတော့ချေ။
သူတို့ ကားမတော်တဆမှု၌ သေဆုံးသွားခဲ့ကြသည်။ သူ ကျိလဲ့ယွီကို သူ့လက်များဖြင့် ကာကွယ်ပေးနိုင်ခဲ့သော်လည်း သူ့အစ်ကိုနှင့်မရီးက သူ့ရှေ့မှာပင် သေဆုံးသွားခဲ့ကြလေသည်။
ကျိယွီရှောင် ထိုအိမ်မက်မှ ထပ်ခါထပ်ခါနိုးလာတိုင်း သူ့အ၀တ်အစားများက ချွေးများနှင့် စိုရွှဲနေခဲ့သည်။
ထို့ကြောင့် သူ အိပ်စက်ခြင်းကို စတင်ငြင်းပယ်ခဲ့လေသည်။ သူ ကားမတော်တဆမြင်ကွင်းကို ပြန်မြင်ယောင်ပြီး သူ့ကိုယ်သူ ထပ်ခါထပ်ခါ မနှိပ်စက်ချင်တော့ပေ။ ထို့ကြောင့်ပင် သူ့ခံစားချက်များကို နှစ်မြှုပ်ခဲ့လေသည်။
သူ အောင်မြင်ခဲ့သည်။ အောင်မြင်ခဲ့ပြီး ကားမတော်တဆမြင်ကွင်းကို အိပ်မက်ထပ်မမက်တော့ပေ။ အဘယ့်ကြောင့်ဆိုသော် သူ မအိပ်နိုင်တော့၍ဖြစ်သည်။
သူ မအိပ်နိုင်တော့ပေ။
ဆေးနှင့် အတင်းအကြပ် မအိပ်သရွေ့ သူ အိပ်မပျော်နိုင်တော့ပေ။
ကျိယွီရှောင် ဆေးများက အဆိပ်လည်းဖြစ်သည်ကို သိလေသည်။ အထူးသဖြင့် အိပ်ဆေးများက စွဲလန်းစေသည့်အတွက်သူ အများကြီးမသောက်နိုင်ချေ။ သူ ဂရုတစိုက်နှင့်ထိန်းချုပ်ခဲ့သော်လည်း သူ အိပ်မပျော်တိုင်း အိပ်ဆေးသောက်အိပ်ရသည်ကို မွေ့လျော်နေခဲ့သည်။
ထို့ကြောင့် ဆေးသောက်အိပ်သည့်အချိန်တိုင်း အိပ်မက်ဆိုးများ ထပ်မက်နေသော်လည်း သူ မနိုးခဲ့ပေ။ သူ မျက်လုံးဖွင့်သည့်အခါ နောက်တစ်နေ့ရောက်နေပြီဖြစ်၏။ ထို့နောက် ဘေးထွက်ဆိုးကျိုးအနေနှင့် ခေါင်းကိုက်ပြီး တွေဝေမိန့်မောမှုများ ရှိလာခဲ့လေသည်။
သူ ထိုသို့ ဆက်မသွားသင့်ကြောင်း သိသည်။ဆက်လုပ်နေလျှင် သူ လုပ်စရာရှိသည်များ မလုပ်ရသေးမီ ခန္ဓာကိုယ်က ယိုယွင်းလာမည်ဖြစ်၏။
ထို့ကြောင့် သူ ကုသမှုများ၌ တက်ကြွစွာ ပူးပေါင်းခဲ့သော်လည်း အသုံးမ၀င်ခဲ့ပေ။ ဆရာ၀န်ပဲဖြစ်စေ၊ စိတ်ပညာရှင်ပဲဖြစ်စေ သူတို့က သူ့၏စိတ်မကျန်းမာမှုအတွက်မဖြေရှင်းပေးနိုင်ခဲ့ပေ။
ဤသို့ဖြင့် သူ့ကိုယ်သူ အရူံးပေးလုနီးပါးဖြစ်နေချိန်၌ သူ လင်းလော့ချင်းကို တွေ့ခဲ့ရသည်။
လင်းလော့ချင်းက သူ့ကို တကယ်အိပ်ပျော်စေသည်ကို ရှာတွေ့ခဲ့လေသည်။ သူက အလွန်ငြိမ်းချမ်း သည့်အိပ်စက်မှုမျိုးပါ ရရှိစေခဲ့သည်။
အိမ်မက်ဆိုးများ မရှိတော့သလို သူ့အိပ်ရာပေါ်သို့ ဖြတ်သန်းသွားနေသည့် ဝိညာဉ်များလည်း မရှိတော့ချေ။ သူက ကားမတော်တဆမဖြစ်မီကကဲ့သို့ လန်းဆန်းစွာ နိုးလာနိုင်လေသည်။
ယင်းက သတင်းကောင်းဖြစ်သည့်အတွက် လင်းလော့ချင်းကို သူ့ဘေး၌ မတုံ့မဆိုင်းချည်နှောင်ထားခဲ့သည်။
လင်းလော့ချင်းက သူ့၏အိပ်မပျော်သည့်ရောဂါအတွက်သာမက တခြားကိစ္စများအတွက်ပါ အချိန်မီရောက်လာခဲ့ခြင်းဖြစ်သည်။
လင်းလော့ချင်း ရှိနေလျှင် သူ့အစီအစဉ်များကို အတိမ်းအစောင်းမရှိ စီစဉ်နိုင်လေသည်။
လင်းလော့ချင်းက သူ့အတွက် ကောင်းကင်ဘုံမှ လက်ဆောင်ဖြစ်လေသည်။
ကျိယွီရှောင် ထိုသို့တွေးနေစဉ် စိတ်ငြိမ်သွားပြီး တစ်ဖက်လူကို တွေ့ချင်လာခဲ့သည်။
သူ ဖုန်းထုတ်လိုက်ပြီး လင်းလော့ချင်းထံ WeChat မတ်ဆေ့ခ်ျပို့လိုက်လေသည်။
[မင်းဘာလုပ်နေလဲ...]
လင်းလော့ချင်း၏WeChatမတ်ဆေ့ခ်ျက အမြန်ပြန်ရောက်လာလေသည်။
[အထုပ်အပိုးထုပ်နေတာ...]
[များလား...ငါ ရှောင်လီကို မင်းကိုကြိုခိုင်းလိုက်မယ်...]
[ရပါတယ်...မများဘူး...ကျေးဇူးပဲနော်...]
[ရပါတယ်...]
ကောင်းကင်တွင် လျှပ်စီးများလျှပ်လာပြီး သူ့ကို စိတ်အနှောင့်အယှက်ပေးနေလေသည်။ထို့ကြောင့် သူ လင်းလော့ချင်းကို ဗီဒီယိုကောလ်ခေါ်လိုက်သည်။
တစ်ဖက်မှ လင်းလော့ချင်း ဗီဒီယိုကောလ်ဖိတ်ခေါ်ချက်ကို ရသောအခါ အံ့အားသင့်သွားလေသည်။ ထို့နောက် သူ အိပ်ရာပေါ်ထိုင်လိုက် ပြီး ဖိတ်ခေါ်ချက်ကို လက်ခံလိုက်သည်။
ကျိယွီရှောင်က အနက်ရောင်ည၀တ်အင်္ကျီကို ၀တ်ဆင်ထားပြီး သူ့မျက်နှာက အနည်းငယ် ဖြူရော်နေလေသည်။ သူက ဝှီးချဲလ်ကို မှီထားပြီး သူ့အမူအရာက ပျင်းရိနေဟန်ရှိ၏။ သူက မှန်ထဲမှပန်း၊ ရေကန်ထက်မှ လရိပ်နှင့် တူကာ လှပပြီး ထင်ယောင်ထင်မှားပုံရိပ်ကဲ့သို့ ဖြစ်နေလေသည်။
လင်းလော့ချင်း ကျိယွီရှောင်၏ယခုလိုပုံစံကို မြင်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်လေသည်။ ယခင်က မခံစားဖူးသည့် ခံစားချက်ကိုခံစားလိုက်ရသည်။
သူ ယင်းသို့တွေးမိပြီး တုံ့ဆိုင်းစွာ ပြောလိုက်သည်။
“ကော မင်း ဗီဒီယိုကောလ်ကို beauty filter ကိုသုံးနေတာလား..."
နတ်ဘုရား၏လေထုက အလွန်ပြင်းထန်နေလေသည်။ အဖြူရောင်အလင်းတန်းများက အလွန်တောက်ပနေ၏။
“မင်းက ငါ့အတွက် အရမ်းချောနေပြီ...ကမ္ဘာပေါ်မှာ အချောဆုံးလူကမင်းပဲ...filterတွေ သုံးစရာမလိုပါဘူး... ”
သူ ကျိယွီရှောင်ကိုအကြံပေးလိုက်သည်။
ကျိယွီရှောင် သူတို့၏ဗီဒီယိုကောလ်အဖွင့်စကားက ထိုသို့ဖြစ်လိမ့်မည်ဟု ဘယ်တော့မှ မတွေးထားခဲ့သည့်အတွက် ရုတ်တရက် ရယ်မောလိုက်လေသည်။
လင်းလော့ချင်း စိတ်ရှုပ်သွားပြီး မေးလိုက်သည်။
“ဘာလို့ ရယ်တာလဲ....ငါ ပြောတာမှားလို့လား..."
“မမှားပါဘူး..."
ကျိယွီရှောင် ခေါင်းငြိမ့်လိုက်သည်။
“ဒါက မှန်ပါတယ်...ဒါပေမဲ့..."
သူ လင်းလော့ချင်းကိုကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ဘာလို့ မင်းရဲ့နတ်ဘုရားက မင်းနဲ့ဗီဒီယိုကောလ်ခေါ်တဲ့အခါ filterသုံးမယ်လို့ တွေးရတာလဲ...”
“မင်းရဲ့နတ်ဘုရားနဲ့တွေ့ရတဲ့အတွက် မင်းကိုယ်မင်း filterတွေသုံးပြီး ပြီးပြည့်စုံတဲ့ပုံရိပ်ကိုထိန်းသိမ်းထားချင်လို့လား..."
လင်းလော့ချင်း :"..."
'ဒီလူက အများကြီး တွေးနေတာပဲ...'
သို့သော် လင်းလော့ချင်း ကျိယွီရှောင်၏အပြုံးကို မြင်သောအခါ စိတ်သက်သာရာရသွားလေသည်။
ယခု ဗီဒီယိုကောလ်ခေါ်ချိန်၌ ကျိယွီရှောင်၏ပျင်းရိနေသည့်ပုံရိပ်အောက်မှာ မသေချာသည့် မကျန်းမာမှုများကို တွေ့နေရလေသည်။
သူ ကျိယွီရှောင်၏ထိုကဲ့သို့သောပုံစံကို ဘယ်သောအခါမှ မမြင်ဖူးပေ။ သူနှင့် တွေ့တိုင်း ကျိယွီရှောင်၏ကိုယ့်ကိုကိုယ်် ယုံကြည်မှုရှိပြီး ပျော်ရွှင်နေသည့် အသွင်အပြင်ကိုပဲ မြင်ရလေသည်။ ထို့ကြောင့် သူ သဘာ၀အားဖြင့် ကျိယွီရှောင် ပိုပျော်ရွှင်လာရန် မျှော်လင့်၏။
ယခု သူ့၏ပုံမှန်အသွင်အပြင် ပြန်ရောက်လာပြီဖြစ်သည်။
“ငါ filterတွေမသုံးဘူး...ငါက ကြည့်ကောင်းပြီးသားပဲ...ဘယ်filterကို လိုမှာလဲ...”
လင်းလော့ချင်း ဂုဏ်ယူစွာပြောလိုက်သည်။
"ဒါနဲ့ ဘာဖြစ်လို့ ရုတ်တရက်ကြီး ဗီဒီယိုကောလ်ခေါ်တာလဲ...”
“ဪ...”
ကျိယွီရှောင် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“မိုးခြိမ်းနေတယ်မလား...”
“မိုးခြိမ်းနေတာ ဘာဖြစ်လို့လဲ..."
လင်းလော့ချင်း သူ့ကို ပြုံးကာ စနောက်လိုက်သည်။
“ဉာဏ်ပညာရှိပြီး စွမ်းအားကြီးတဲ့လူတစ်ယောက်က မိုးခြိမ်းသံကိုမကြောက်ဘူးမလား..."
ကျိယွီရှောင် ထိုစကားကို ကြားသောအခါ ဖြည်းညှင်းစွာ ပြုံးပြလိုက်သည်။
“အဲ့လိုမဟုတ်ပါဘူး...ငါ ရုတ်တရက် စာကြောင်းတစ်ကြောင်းကို မှတ်မိသွားလို့လေ..."
“ဘာစာကြောင်းလဲ..."
ကျိယွီရှောင်၏မျက်နှာပေါ်မှ အပြုံးက တဖြည်းဖြည်း နက်ရှိုင်းလာလေသည်။
"ကောင်းကင်ထောက်တိုင်နဲ့တူတယ်...လှုပ်ရှားနေတာက နဂါးကြီး ချောက်ထဲသွားလာနေသလို...အားပြင်းတာက ကြီးမားတဲ့မိုးကြိုးတွေလို...လွင့်မျောနေတာက ငှက်မွှေးလေးလို...အပေါ်တက်သွားတာက အင်မော်တယ်တွေလိုပဲ...ဒါကို သေခြင်းရှင်ခြင်းအတွက် ဆန္ဒပြုတာလို့ ပြောလို့ရလား....ငါတို့ ကိုယ့်ကိုကိုယ်မရပ်တန့်နိုင်ပါဘူး...”
သူ လင်းလော့ချင်း ကြည့်လိုက်ပြီး သူ့အသံနှင့်မျက်လုံးများက ရိုးသားနေလေသည်။
“ငါ့ရဲ့တရုတ်စာအဆင့်က သိပ်မကောင်းဘူး...အဲ့ဒါက ဘာအဓိပ္ပာယ်လဲ...အဲ့ဒါက လျင်မြန်မှု၊ တိကျမှု၊ သန်မာမှုကို ဖော်ပြဖို့သုံးတာလား...လှုပ်ရှားမှုကို ပြောချင်တာလား...အသံကို ပြောချင်တာလား...ငါ နားမလည်ဘူး...မင်း ငါ့ကို ရှင်းပြပေးပါလား..."
လင်းလော့ချင်း :"..."
သူ ရှက်ရွံ့သွားပြီး ခေါင်းငုံ့လိုက်သည်။
သင့်ဇနီးက ယခု အော့လိုင်းဖြစ်သွားပါပြီ။